ERSY အခန်း ၃၃

အခန်း ၃၃။ အဋ္ဌမအဆင့်နတ်ဆိုး

“ဒီမှာနောက်ထပ်နတ်ဆိုးတစ်ကောင်ရှိတယ်ဆိုတာသေချာလား။ အဋ္ဌမအဆင့် မြေခွေးနတ်ဆိုးတဲ့ လား”

“မြှောင် မြှောင် မြှောင်” ကြောင်ကတိုးက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်တယ်။

“ဒီတော့ မင်းက လူတွေကို ခြောက်လှန့်ဖို့ ညအချိန်ကြီးပေါ်လာတာက သူတို့တွေ မြို့ထဲကထွက်ရင် မြေခွေးနတ်ဆိုးနဲ့တွေ့မှာကို ကာကွယ်ပေးဖို့ ကြိုးစားနေတာပေါ့”

“မြှောင် မြှောင် မြှောင်” သူကခေါင်းထပ်ညိတ်လိုက်တယ်။

“သူတို့ မြို့ပြင်ထွက်ပြီဆိုတာနဲ့ မြေခွေးနတ်ဆိုးဖမ်းတာ ခံရမှာပဲ။ ဒါကြောင့် လူတိုင်းမြို့ထဲက မထွက်အောင်လို့ ခက်ခက်ခဲခဲ ထိန်းထားဖို့ကြိုးစားနေတာ”

ဟိုလီရှစ် နတ်ဆိုးကိုတွေ့လိုက်တဲ့သူတွေက ကုန်သည်တွေနဲ့ မုဆိုးတွေပဲဖြစ်နေတာ အံ့ဩစရာမရှိဘူး။

“ကြောင်ကတိုးတစ်ကောင်အနေနဲ့ မင်း ငါးပဲ စားသင့်တာလေ။ ဘာကြောင့် တခြားသူတွေရဲ့ ကြက်သားတွေကို စားရတာလဲ” ကူယွဲ့က နတ်ဆိုးကို တစ်ချက်ကြည့်လိုက်တယ်။ သေသွားတဲ့လူတွေရဲ့ ကိုယ်ပေါ်မှာ နက်ရှိုင်းတဲ့လက်သည်းရာတွေ ရှိနေတယ်လို့ ရှီချိုးက သူ့ကို ပြောခဲ့တာ။ ပြတ်ရာတွေက ရှည်ပြီး ကျဉ်းလွန်းပြီး မြို့ထဲက ပျောက်နေတဲ့ တိရစ္ဆာန်အများစုက ကြက်တွေပဲ။ ဒီတော့ အဲဒါက မြေခွေးနတ်ဆိုးရဲ့ လုပ်ရပ် ဖြစ်ရမယ်ဆိုတာ သူခန့်မှန်းမိတယ်။ နတ်ဆိုးနှစ်ကောင် ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားမိရုံပဲလေ။

“ဒါ ဒါပေမဲ့ ကြက်သားက အရသာရှိတယ်” ကြောင်ကတိုးက ရှက်ရှက်ရွံ့ရွံ့နဲ့ ပြန်ပြောလိုက်တယ်။

“ဟုတ်တယ်” ရှန်းရင်က ထောက်ခံပြီး ခေါင်းညိတ်လိုက်တယ်။ “ငါလည်း ကြက်သားစားရတာ ကြိုက်တယ်”

“မင်း မကြိုက်တဲ့စားစရာကော ရှိသေးလား” ကူယွဲ့က လှည့်ကြည့်ပြီး ရှန်းရင်ကိုတစ်ချက် ကြည့်လိုက်တယ်။

“မင်းက ဘယ်သူ့ဖက်က။ နေပါဦး မင်းဘာတွေလုပ်နေတာလဲ”

ရွှေစတွေကို ကောက်ယူနေတဲ့ ရှန်းရင်ရဲ့လက်က ခဏတာတောင့်ခဲသွားတော့တာပဲ။

“အမ်း အကျင့်အရကျနေတဲ့ ပစ္စည်းလေးတွေကောက်မလို့လေ” ပစ္စည်းတွေကို မကောက်ပဲနဲ့ အောင်ပွဲက ဘယ်လိုလုပ်ရမှာလဲ။ [ဂိမ်းထဲမှာလေ အကောင်တွေ သတ်ပြီး ကျလာတဲ့ loot တွေ ကောက်တာမျိုး]

“…” ငါ့ခြေထောက်ကိုပဲကောက်နေလိုက်။ မင်းကိုယ်မင်း အွန်လိုင်းဂိမ်း ဆော့နေတယ်များ ထင်နေလား။ မင်း လာဘ်ထိုးငွေလိုချင်တယ်လို့ပဲထင်တာပဲ။ အဲဒါတွေကို မင်းအိတ်ထဲ ထည့်လိုက်တာ ငါမြင်လိုက်တယ်နော်။

“အဲ့ဒီရွှေစတွေကို ချထား”

“ကျွတ် ဝက်လိုအသင်းသား”

“မင်းဘာစကားပြောလိုက်တာလဲ။ ထပ်ပြောစမ်း”

“ဆရာ” ယိချင်းက သတိပေးတဲ့အနေနဲ့ ရှေ့ကို တိတ်တဆိတ်တစ်လှမ်းတိုးလာတယ်။

“ကျင့်ကြံသူတွေက ရွှေကိုင်တာ ဘာအဓိပ္ပာယ်မှမရှိဘူး”

ကူယွဲ့က သက်ပြင်းချလိုက်တယ်။ ကံကောင်းတာ အမတဓားအရှင်က သူ့ရဲ့ဉာဏ်ရည်ထက်မြက်မှုကို ထိန်းသိမ်းထားနိုင်သေးတယ်။

“ကျင့်ကြံသူတွေက အရောင်းအဝယ်အတွက် ဝိညာဉ်ကျောက်တုံးပဲအမြဲတမ်းသုံးကြတာ။ ဒီတော့ ကျွန်တော်တို့တွေ” ယိချင်းက စိတ်အားထက်သန်စွာ အကြံပေးလိုက်တယ်။ “ဒီရွှေတွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ကြောင်ကတိုးကို လဲခိုင်းရင်ကော”

“အကြံကောင်းပဲ”

ကူယွဲ့ “…”

တော်လောက်ပြီ။ မင်းတို့နှစ်ယောက်က နတ်ဆိုးဖမ်းဖို့ ရောက်လာတာလား။ ခြိမ်းခြောက်ငွေညှစ်ဖို့ ရောက်လာတာလား။

လေ့ကျင့်ရေးခရီးစဉ်ရဲ့ အစပိုင်းရက်မှာ နတ်ဆိုးကို ဖမ်းမိသွားတယ်ဆိုပေမဲ့ ကိစ္စတွေက မဖြေရှင်းရသေးဘူး။

ကူယွဲ့အဖို့တော့ ဒီအရေးကိစ္စက အတော်ခေါင်းခဲစရာ ဖြစ်လာတယ်။ အဋ္ဌမအဆင့် မြေခွေးနတ်ဆိုးက နှောင်းအဆင့် ရွှေအမြုတေကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတယ်။ သူ့ရဲ့တပည့်တစ်စုက ဒါကို မဖြေရှင်းနိုင်မှာ သိသာနေတယ်။ သူနဲ့ယိချင်းပဲဖြေရှင်းနိုင်မှာ။ ဒါပေမဲ့ အပြင်ဘက်ဧရိယာက ကျယ်လွန်းတော့ နတ်ဆိုးကို ဘယ်နေရာက စရှာရမလဲဆိုတာ မသိဘူး။

“မြေခွေးနတ်ဆိုးက နင့်ဆီက ဘာလုချင်နေတာလဲ”

ကူယွဲ့ဘေးကနေ အေးအေးလူလူကြည့်နေတဲ့ ရှန်းရင်က သူ့ဘေးက ကြောင်ကတိုးကို ရုတ်တရက် ပုတ်ပြီးမေးလိုက်တယ်။

ဖြည့်ဆည်းပေးတတ်ပြီး လိမ္မာတဲ့အိမ်မွေးကြောင်လိုမျိုး ပြုမူဖို့ကြိုးစားနေတဲ့ ကြောင်ကတိုးက ရုတ်တရက်ကြီး တောင့်တင်းသွားတော့တယ်။ သူ့တစ်ကိုယ်လုံးက မတ်သွားပြီး ဘေးတစ်ဖက်ကို ယိုင်သွားပြီး အမူအရာက ပျာယာခတ်ပုံပေါ်လာတယ်။ သူ့ရဲ့မျက်လုံးဝိုင်းကြီးတွေက ဘယ်ကြည့်ညာကြည့်နဲ့ ပြောရမှာကို ကြောက်နေတဲ့ပုံပဲ။

ကူယွဲ့ကလည်း အဲ့ဒီကိစ္စကိုကြားပြီး သူ့အမူအရာက ပြောင်းလဲသွားတယ်။ ဟုတ်တယ် သူ့ဆီကနေ မြေခွေးလုယက်မှာကို ကာကွယ်ဖို့ ကြောင်ကတိုးမြို့ထဲဝင်လာတာလို့ပြောခဲ့တာ။ အဲဒီပစ္စည်းက ဘာများထူးခြားနေလို့ အဋ္ဌမအဆင့်မြေခွေးနတ်ဆိုးကတောင် လိုချင်ရတာလဲ။

“အမှန်အတိုင်းပြော မင်းနဲ့အတူ ဘာသယ်လာလဲ”

“ကျ ကျွန်တော်” ကူယွဲ့ရဲ့ မျက်ဝန်းထဲကအကြည့်က ကြောက်စရာကောင်းလွန်းတော့ ကြောင်ကတိုးကလည်း ကြောက်လန့်ပြီးတုန်ယင်နေတယ်။ သူကတွေဝေနေပြီး အံကြိတ်ပြီးတော့ပြောလိုက်တယ်။

“ကျွန် ကျွန်တော်က တကယ်တော့ ကြောင်ကတိုးမျိုးနွယ်စု ခေါင်းဆောင်အတွက် တာဝန်တစ်ခုဆောင်ရွက်ပေးတာပါ။ အသင်္ချေနတ်ဆိုး ဧကရာဇ်အဆင့်တက်လှမ်းသွားတာကို ဂုဏ်ပြုပေးဖို့ပါပဲ။ မြေခွေးနတ်ဆိုး လို လိုချင်တာကတော့ ကျွန်တော်ပို့ပေးမယ့် လက်ဆောင်လင်ဇီးပါ”

“လင်ဇီးလား” ကူယွဲ့က ကြက်သေသေသွားတယ်။ ဒါက နှစ်တစ်သောင်းမှာ တစ်ခါပဲ ပေါ်ထွက်လာတဲ့ အထွတ်အထိပ်အဆင့် ဝိညာဉ်ဆေးပင်တစ်ပင်ပဲ။ ကုသခြင်းနတ်ဆေးတင်မကဘူး။ ဖွဲ့တည်စဆေးလုံးအဖြစ်လည်းသန့်စင်နိုင်ပြီး ကျင့်ကြံသူတစ်ယောက်ရဲ့ အခြေခံ ဖွဲ့တည်ခါစကို ငါးဆယ်ရာခိုင်နှုန်းတိုးမြှင့်အောင် ကူညီပေးနိုင်တယ်။ မဟူရာကောင်းကင်ဂိုဏ်းကတောင် ဒီလိုဆေးပင် တစ်ပင်နှစ်ပင်ပဲထုတ်ပေးနိုင်တာ။

မြေခွေးနတ်ဆိုးက ဖွဲ့တည်ကာစဆေးလုံးတစ်ခုသန့်စင်ဖို့ ရည်ရွယ်နေတဲ့ပုံပဲ။ ဒါမှ သူက ဒဿမအဆင့် နတ်ဆိုးဧကရာဇ်အဆင့်ကို သူ့ကျင့်ကြံဆင့်မြှင့်တင်နိုင်မှာလေ။ ဒါကြောင့် ဒါကိုရဖို့ အပတ်တကုတ်ကြိုးစားနေတာပဲ။ ဒါပေမဲ့ ဘာကြောင့်များလူတွေကိုသတ်ပြီး သူတို့နှလုံးကိုထုတ်ရတာလဲ။

ပြီးတော့ နတ်ဆိုးက အသင်္ချေနတ်ဆိုးဧကရာဇ်ဆီ ဘယ်လိုဖြစ်လို့ သွားမေးရတာတုံး။ သာမန်နတ်ဆိုးဧကရာဇ်ရဲ့ကျင့်ကြံဆင့်က ဒဿမအဆင့်မှာရှိပြီး နတ်ဝိညာဉ်တည်အဆင့်နဲ့ ညီမျှတယ်။ ဒါပေမဲ့ အသင်္ချေနတ်ဆိုးဧကရာဇ်ရဲ့ ကျင့်ကြံဆင့်က ဆယ့်နှစ်ဆင့်မြောက်ဖြစ်ပြီး နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်နဲ့ ညီမျှတာလေ။

“အမတအရှင်တို့ ကျွန်တော်က တကယ်လိမ္မာတဲ့ကြောင်ပေါက်လေးပါ။ လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

ကြောင်ကတိုးက သူတို့ဖက်လှည့်ပြီး ထပ်ခါထပ်ခါ အရိုအသေပေးနေတယ်။

“အသင်္ချေနတ်ဆိုးဧကရာဇ်အဆင့်တက်လှမ်းမှုကို ဂုဏ်ပြုဖို့ပွဲကျင်းပမှာက ခုနစ်ရက်အတွင်းပဲ၊ ကျွန်တော် နောက်ကျသွားခဲ့ရင် မျိုးနွယ်စုခေါင်းဆောင်က ကျွန်တော့်ကို အရေခွံဆုတ်လိမ့်မယ်”

“ကောင်းပြီ ကောင်းပြီ။ မင်းတို့ကြောင်ကိစ္စတွေကို ငါတို့စိတ်မဝင်စားဘူး” ကြောင်ကတိုးပေါက်လေးကို ထပ်ပြီးအခက်တွေ့အောင်လုပ်ဖို့ ဆန္ဒမရှိတော့ဘဲ ကူယွဲ့က လက်ကို ဝှေ့ယမ်းပြီးပြောလိုက်တယ်။

“မင်းက ဘယ်သူ့ကိုမှ အမှန်တကယ်ထိခိုက်ဒဏ်ရာ မလုပ်ခဲ့တာကို ထောက်ထားပြီး မင်းကို သွားခွင့်ပေးမယ်။ ဒါပေမဲ့ အခုကစပြီးလူတွေကို ခြောက်လှန့်ဖို့ ညအချိန်ထွက်ခွင့်မပေးတော့ဘူး။ မြေခွေးနတ်ဆိုးကတော့ ငါတို့ဖြေရှင်းလိုက်မယ်။ မင်း မြို့ထဲကထွက်မသွားခင် ရက်နည်းနည်းလောက်စောင့်။ ဒါမှ လုယက်ခံရတာကို ရှောင်ကြဉ်နိုင်မှာ”

“ကျေးဇူးပါ မဟာအမတအရှင်တို့”

ကြောင်ကတိုးက သိတတ်တဲ့ပုံနဲ့ခေါင်းညိတ်လိုက်တယ်။

“ဒါကို ကျွန်တော်ဝှက်ထားတယ်ဆိုတော့ စိတ်ချလို့ရတယ်။ မြေခွေးနတ်ဆိုးက မြို့ထဲဝင်လာခဲ့ရင်တောင် သူရှာမတွေ့…”

ဒါပေမဲ့ ပြောတာမပြီးသေးခင် ကောင်းကင်က အသံကျယ်ကြီးတစ်သံပေါ်ထွက်လာတယ်။ မြို့တစ်မြို့လုံးရဲ့အထက်ပိုင်းလေထုက ပရမ်းပတာဖြစ်လာပြီး အက်ကွဲသံကြီးတစ်သံ ပေါ်ထွက်လာတော့ တာပေါ့။ ကောင်းကင်ထက်က အရံအတားတစ်ခုဖွဲ့တည်ထားတဲ့အကြည်ရောင် အစီအရင်က အပိုင်းတစ်ထောင်အဖြစ် ရုတ်တရက်ကွဲသွားပြီး အလင်းစလေးတွေက ကောင်းကင်ကနေ ပြုတ်ကျ လာတယ်။

“အစီအရင်ကို ကာကွယ်ကြ” ကူယွဲ့က ထိတ်လန့်သွားတယ်။ လူတိုင်းက သူတို့ အစီအရင်ကာကွယ်မှုထဲ ဝင်ရောက်ကြတယ်။

“နတ်ဆိုးအရှိန်အဝါ” ယိချင်းက သတိအနေအထားနဲ့အော်လိုက်တယ်။ မျက်မှောင်ကျုံ့ပြီး ယိချင်းက ဓားကို ဆွဲထုတ်ပြီး မြို့ရဲ့အရှေ့အရပ်ဆီ စပြီးပျံသန်းသွားတော့တာပဲ”

“ဒါမြေခွေးနတ်ဆိုး ဖြစ်လောက်လား။ ရှန်းရင်မင်းကူညီ။ ဟမ် သူဘယ်ရောက်သွားတာလဲ”

ကူယွဲ့က တခြားတပည့်တွေကို ကြည့်ပေးဖို့သူ့ကို ညွှန်ကြားချင်ခဲ့တာ။ ဒါပေမဲ့ ခုနကအထိ သူ့ဘေးမှာငိုက်နေတဲ့ ရှန်းရင်ကပျောက်သွားမှန်းသိလိုက်ရတယ်။ ပြီးတော့ သူက ကြောင်ကတိုးကိုလည်း ခေါ်သွားတယ်။

ဘလတ်ဒီဟဲ …ဘယ်ထွက်သွားတာလဲ။

နတ်ဆိုးအရှိန်အဝါပေါ်ထွက်လာတဲ့ ဘယ်ဖက်ခြမ်းကိုကြည့်ပြီး ကူယွဲ့ကရွေးချယ်စရာမရှိတော့ဘဲ တည်းခိုဆောင်ကိုကာကွယ်ဖို့အစီအရင်တွေ အထပ်ထပ်ချလိုက်တယ်။ ဒီလိုလုပ်ပြီးတော့ တပည့်တွေဖက်လှည့်ပြီးပြောလိုက်တယ်။ “မင်းတို့အားလုံး ဒီမှာစောင့်နေ။ အစီအရင်အပြင်ဖက်ကိုမထွက်နဲ့။ ငါခဏနေရင်ပြန်လာခဲ့မယ်”

အဲ့ဒီလိုပြောပြီးနောက် ယိချင်းနောက်ကိုလိုက်သွားတော့တယ်။ သူတို့က သိပ်မဝေးဘူး။ မြို့ရဲ့အရှေ့ဖက်ခြမ်းဆီ သွားနေတာ။ အလယ်မှာ ခန်းခြောက်နေတဲ့ရေတွင်းကလွဲရင် မြက်ရှည်ကြီးတွေ လွှမ်းနေတဲ့ ရှင်းလင်းနေတဲ့နေရာတစ်ခုပဲ။

အဲ့ဒီအချိန်မှာ ခန်းခြောက်နေတဲ့ရေတွင်းထဲကနေ အနီရောင်အရိပ်တစ်ခုက ခုန်ထွက်လာတယ်။ အလွန်မြင့်မားပြီး အမွှေးတွေကရဲနေတော့ သွေးချင်းချင်းထနေတဲ့ပုံပဲ။ ဒါပေမဲ့လေထဲမှာ မီးလျှံအမြီးကိုးခုက ဝှေ့ယမ်းနေတယ်။

တကယ်ပဲ အမြီးကိုးချောင်းသွေးမြေခွေးပဲ။

ယိချင်းက သူ့ဓားကိုဆွဲယူပြီး မြေခွေးနတ်ဆိုးမထွက်ပြေးနိုင်အောင်ကာကွယ်လိုက်တယ်။

“ငါ့လက်ဆောင်” သူ့နောက်က အသံတစ်သံ ပေါ်ထွက်လာတယ်။ ယိချင်းက လှည့်ကြည့်လိုက်တော့ ရှန်းရင်က ကြောင်ကတိုးကိုပါ သယ်လာတာကိုတွေ့လိုက်ရတယ်။ အနီးကပ်ကြည့်မိတော့ မြေခွေးနတ်ဆိုးရဲ့ အမြီးတစ်ချောင်းမှာ လေးထောင့်သေတ္တာလေးတစ်လုံးကိုတွေ့ရတယ်။

ဒီမြေခွေးနတ်ဆိုးက တမင်တကာလုပ်လိုက်တာပဲ။ သူတို့မြို့ထဲဝင်တာ သတိပြုမိပြီး ကြောင်ကတိုး သူ့ရတနာကို ဝှက်ထားတဲ့နေရာကိုလည်းသိတယ်။ ဒါကြောင့် အခြေအနေကို အသာစီးရအောင်လို့ ကြောင်ကတိုးကို သူတို့ရဲ့အာရုံစိုက်မှုယူခွင့်ပေးထားပြီး ဒီအခွင့်အရေးကိုယူ လက်ဆောင်ကို ခိုးဖို့အတွက် ခုခံခြင်းအစီအရင်ကို ဖောက်ဝင်လာတာပဲ။

နတ်ဆိုးက နတ်ဝိညာဉ်တည်နဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းကျင့်ကြံသူတစ်ယောက်ရောက်လာမယ်လို့ မထင်ထားရုံပဲ။ ဒါကြောင့် သူတို့ခြေရာလက်ရာကို မကောက်နိုင်ခဲ့တာ။

ဝေါင်း…

ရုတ်တရက် ဟိန်းသံတစ်သံ ပေါ်ထွက်လာပြီး ကြီးမားတဲ့သွေးမြေခွေးက ယိချင်းသုံးတဲ့ဓားအစီအရင်ကို လျစ်လျူရှုပြီး သူ့ရဲ့အမြီးနှစ်ချောင်းကို ဓားထိပ်ဖျားဆီ တိုက်ရိုက်ဝှေ့ယမ်းလိုက်တယ်။ အမြီးနှစ်ချောင်းက ချက်ချင်းအဖြတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သွေးတွေ ပန်းထွက်လာရမဲ့အစားသူက အစီအရင်ကို အားသုံးဖြတ်ကျော်ပြီး သူကထွက်သွားတယ်။

ယိချင်းက ကြောင်အနေတယ်။ လိုက်မှီလာတဲ့ကူယွဲ့ ကလည်းကြက်သေ သေသွားတယ်။ နှစ်ယောက်လုံးက မြေခွေးနတ်ဆိုးပြေးထွက်သွားမယ်လို့မထင်ထားဘူး။

“လိုက်ကြ” ရှန်းရင်ကအော်လိုက်တယ်။ သူက မြေခွေးနတ်ဆိုးပြေးတဲ့ဖက်ဆီကို အရင်ပြေးတဲ့သူပဲ။ ဖျတ်ခနဲလှုပ်ရှားသွားပြီးတော့ သူတို့မတုံ့ပြန်ရသေးခင်မှာပဲ ဖုန်အရိပ်အယောင်ပဲကျန်တော့တာ။

ဒီတော့မှ ကျန်တဲ့သူနှစ်ယောက်ကလည်းဓားထုတ်ပြီး သူ့နောက်ကိုလိုက်ကြတော့တယ်။ သူတို့က အဲ့ဒီပုံရိပ်ကိုမှီရုံလေးပဲ။ သူလှုပ်ရှားတာမြန်လွန်းတော့ ပို့ဆောင်ရေးသုံးနေသလိုပဲ။

ကူယွဲ့ “…” သူတကယ်ပြေးနေတာလား။ ပြေးတာ မြန်တယ်ဆိုမှတော့ ဘာကြောင့် အမြဲတမ်း သူများရဲ့ ဓားပေါ် လိုက်စီးနေတာလဲ။

ယိချင်း “…” ဆရာကတော့ တကယ်ဆရာပါပဲ။

ကြောင်ကတိုး “…” လိုက်ချင်ရင်လိုက်။ ဒါပေမဲ့ ငါ့ကို ဘာကြောင့် ခေါ်သွားရတာလဲ။ အား မကောင်းတော့ဘူး။ ငါ အန်တော့မယ်။ အော့…။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset