အခန်း ၃၂။ လူအကြောင်းနောကျေနေသော ကြောင်ကတိုး
မှောင်မည်းပြီး လေပြင်းတဲ့ညလေးတစ်ည။ နတ်ဆိုးတစ်ကောင် ဖမ်းဖို့အတွက် ညတစ်ည။
ဖောက်သည်တွေအားလုံးကို စောစော ရှင်းထားတဲ့ တည်းခိုဆောင်တစ်ခုလုံးက ပကတိ တိတ်ဆိတ်မှုအပြည့်။ တည်းခိုဆောင်ရဲ့ အတွင်းခြံအလယ်ခေါင်က လှောင်အိမ်တစ်ခုထဲ ကြက်ဖလေး၊ ငါးကောင် ရှိနေတယ်။ သူတို့ရဲ့ တောင်ပံ တဖြတ်ဖြတ်ခတ်သံကို ရံဖန်ရံခါ ကြားနေရတာပေါ့။
မြင်ကွင်းထဲ ဘယ်သူမှမရှိ။ ညသန်းခေါင် တည်းခိုဆောင်ထဲ ပုံမှန် ကင်းလှည့်ပေးနေကျ စားပွဲထိုးလေးတောင် မရှိဘူး။ ဒါပေမဲ့ အနီးကပ် စစ်ဆေးကြည့်ရင် အမိုးပေါ် လှဲနေတဲ့ အရိပ်တွေ၊ တံစက်မြိတ်အောက်၊ တံခါးအောက်နဲ့ ဝန်းထဲက ခြုံပုတ်တွေထဲမှာပါ ရှိနေတဲ့ အရိပ်တွေကို မြင်ရလိမ့်မယ်။ တစ်ကောင်ချင်းစီက ခြံဝန်းထဲ ငိုက်မျဉ်းနေတဲ့ကြက်တွေကို အာရုံစိုက်နေကြလေရဲ့။
နှစ်နာရီကျော်သွားပြီ။
လှုပ်ရှားမရှိ။
လေးနာရီ ကျော်သွားပြီ။
တိတ်ဆိတ်မှုအတိ။
ခြောက်နာရီကျော်နေပြီ။
“ဟက်ချိုး” ကူယွဲ့ အလိုလိုနှာချေမိသွားတော့ အပြစ်တင်တဲ့ မျက်ဝန်းတွေရဲ့ ရင်ဆိုင်ရပါလေရော။ ညသန်းခေါင်ကြီး အိပ်ရာကို ထားခဲ့ပြီး ဒီငတုံးတစ်သိုက်နောက် လိုက်မိတာ ရူးနေလို့ပဲဖြစ်ရမယ်။ သူတို့ ဒီလောက်စောင့်နေတာတောင် နတ်ဆိုးရဲ့ ဆံခြည်တစ်မျှင်ကိုတောင် မမြင်ရသေးဘူး။
“တော်ပြီ၊ မင်းတို့အားလုံး ရပ်သင့်နေပြီ” သူ ဘေးက ရှန်းရင်ကို တံတောင်နဲ့ တွတ်လိုက်တယ်။ တကယ်ကို အမိုးပေါ်မှာ ဆက်မလှဲချင်တော့ပါဘူးဆို။ ဒီလိုမျိုး အူကြောင်ကြောင်နိုင်တဲ့ အကြံက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သူတို့ကိုပြောခဲ့သားပဲ။ အဲဒီ အုတ်မြစ်အခြေတည်တပည့်တွေက သူတို့ အငွေ့အသက်ကို ဘယ်လိုထိန်းရမယ်ဆိုတာ မသိကြသေးဘူး။ ကန်းနေတဲ့ နတ်ဆိုးပဲ ဝိညာဉ်ချီအပြည့်ရှိနေတဲ့ ကျင့်ကြံသူတွေကို အာရုံမခံနိုင်တာမျိုးဖြစ်လိမ့်မယ်။
“မင်းနဲ့ မင်းရဲ့မိုက်မဲတဲ့ အကြံကတော့လေ၊ နတ်ဆိုးတစ်ကောင် ရောက်လာရင် တကယ့်ကို အံ့ဖွယ်ဖြစ်လိမ့်မယ်”
“ရောက်လာပြီ” ကူယွဲ့ စကားပြောတာဆုံးရုံရှိသေး တပည့်တစ်ယောက်က အောက်ကနေ အလောတကြီး ခေါ်လာတော့တယ်။
အနက်ရောင်ချီတွေက ကောင်းကင်ဘုံကနေ ဆင်းသက်လာတယ်။
ကူယွဲ့ : “…”
(⊙_⊙)
ဟိုလီရှစ်! တကယ်ကြီး နတ်ဆိုးဟ!
ချီနက်ထုကြီးက လှောင်အိမ်ထဲက ကြက်တွေဆီ တန်းပျံသန်းသွားတယ်။ ခြံဝန်းလေးက ချက်ချင်း ကြက်တွန်သံတွေနဲ့ ပဲ့တင်ထပ်သွားတော့တာပေါ့။ တစ်ခဏအတွင်းပဲ ကြက်တွေ ပျောက်သွားခဲ့ပြီ။ လှောင်အိမ်ထဲက ကြက်မွေးတွေကြား ရွှေရောင်ပစ္စည်းတချို့ကို မြင်နေရတယ်။
“အေ့…” ချီနက်ထုကြီးက သိသိသာသာကို ကြီးလာပြီး လေတက်နေတဲ့ပုံပဲ။ ထွက်ပြေးတော့မဲ့ဟန်နဲ့ အပေါ်ကို ပျံတက်သွားပြန်တယ်။
“ဖမ်းကြ” ချန်အန်း အော်လိုက်တယ်။ ချက်ချင်း အစီအရင်ကွက်က အသက်ဝင်သွားပြီး ပုန်းအောင်းနေတဲ့ တပည့်တွေအားလုံး လက်နက်ကိုယ်စီနဲ့ ပြေးလာကြတော့တယ်။
ကြောင်သွားပုံပေါ်ပြီး ချီနက်က အမြန်ကို စက်ဝိုင်းပုံ လှည့်ပြီး တပည့်တွေတိုက်ခိုက်မှုကနေ ရှောင်ဖို့ အပေါ်အောက် ခုန်တော့တယ်။ ဒီအတွင်းခြံဝန်းက သိပ်ကိုသေးပြီး မဟူရာဂိုဏ်းသားတွေ များနေလို့လားတော့မသိ နတ်ဆိုးက တကယ်ကို အဖမ်းရှောင်နိုင်ချက်ပဲ။
“သွေးမပျက်ကြနဲ့၊ ဆရာတူ ညီ၊ နှမတို့ တာဝန်ကျရာ ပုံစံတွေကို ကာကွယ်ကြ” ချန်းအန်က ဂိုဏ်းခေါင်းဆောင်ရဲ့ တပည့်ကြီး။ နတ်ဆိုးကိုဖမ်းမိဖို့ အချိန်ယူရမယ်ဆိုတာမြင်တော့ နတ်ဆိုးကိုပိတ်လှောင်ဖို့အတွက် အစီအရင်ကွက်ကို အသုံးပြုဖို့ ညွှန်ကြားလိုက်တယ်။
လှုပ်လှုပ်ယှက်ယှက်ဖြစ်နေတဲ့ တပည့်အုပ်ကြီးလည်း သူ့အမိန့်အောက် စတင်ဆုတ်လာကြပေမဲ့ သူတို့ ပြန်ဆုတ်တဲ့အချိန်မှာပဲ ချီနက်က ရုတ်တရက် လူအုပ်ထဲကနေ တူးဖောက်ပြီး ကောင်းကင်ကို ဖောက်ထွက်ကာ ညာဘက်ရွှေ့သွားတော့တယ်။
“မဖြစ်ဘူး” စိတ်ပူပန်နေတဲ့ချန်အန်းလည်း မော့ကြည့်လိုက်တော့ ချီနက်က သူတို့အစီအရင်အင်းကွက်ကို ဖောက်ထွက်ပြီးနေပြီ။ ပြီးတော့ တန်းတန်းကြီး ပျံသန်းသွားတဲ့ညာဘက်မှာ ကာကွယ်နေသူတွေက…
ရှန်းရင်၊ ကူယွဲ့နှင့်ယိချင်း : “…”
ချန်အန်း တစ်ခဏရပ်သွားပြီး ဒါက သူတို့ရဲ့ အတွေ့အကြုံလေ့ကျင့်ရေးဆိုတာ အမှတ်ရသွားတယ်။ ဆတ်ခနဲ ဆုံးဖြတ်ချက်ချပြီး သူ ရှန်းရင်ဆီ ချက်ချင်း အသည်းအသန်ပြေးတော့တာပဲ။
“ဂိုဏ်းတူညီမရေ၊ အဲနတ်ဆိုးကိုတားထား”
ဟေ.. ဟမ်!
ရှန်းရင် မတုံ့ပြန်နိုင်ခင် ချီနက်အလုံးကြီးက သူမဆီ တန်းတန်း ပျံသန်းလာပြီ။ အတော်လေးကို ဖောင်းကားနေပြီး နောက်ဖက်မှာလည်း အနက်ရောင် အမြီးနှစ်ချောင်းပါသေး။ သူမ အလိုလို လက်လှမ်းမိပြီး တန်းလန်းဖြစ်နေတဲ့ အမြီးကို ဆုပ်ကိုင်ကာ ညင်ညင်သာသာလေး ဆွဲချပေးလိုက်ပါတယ်။
မြောင်…။
စူးခနဲ အော်သံကြီးပေါ်လာပြီး အလုံးကြီးက အမိုးပေါ် ဝုန်းခနဲ ပြုတ်ကျသွားတယ်။ ခန္ဓာကိုယ်ပတ်လည်က ချီတွေ လျော့ပါးသွားပြီး အနက်ရောင် နားနှစ်ဖက်နဲ့ အနောက်မှာ အမြီးတုတ်တုတ် နှစ်ချောင်းပါတဲ့ ဝတ်စုံအမည်းနဲ့ ကောင်လေးတစ်ယောက်ဖြစ်နေတယ်။
အာ… ကြောင်ပုံစံ ဝတ်စားတာလား။
“အမြီးနှစ်ချောင်း ကြောင်ကတိုးလား” အံ့ဩသွားတဲ့ ကူယွဲ့ ရှေ့တက်လာခဲ့တယ်။ ဒါ အဆင့်ခြောက် နတ်ဆိုးပဲ မဟုတ်လား။ ဒါပေမဲ့ သူတို့ပြောတာတော့ အဆင့်ရှစ်ဆို။
ကတိုးကြောင်ရဲ့ လူအသွင်ယူထားမှုက လူငယ်လေးလိုပဲ။ အမြင့်ကနေပြုတ်ကျထားတဲ့ နာကျင်မှုကြောင့်ထင်၊ သနားစရာပုံစံနဲ့ အမြီးတွေကို ပွေ့ပြီး မှုတ်နေရှာတယ်။ မျက်ဝန်းစိမ်းကြီးတွေက မျက်ရည်တွေနဲ့ ပြည့်နေပြီး အချိန်မရွေးထငိုတော့မဲ့ပုံနဲ့။
“မြောင်…” သူက သူ့ရှေ့ကလူသုံးယောက်ကို သနားစဖွယ် ကြည့်နေတယ်။ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီး သူ့အိတ်ထဲကနေ ရွှေရောင်တလက်လက်ပစ္စည်းတစ်ခုထုတ်ကာ သူတို့ဆီ တွန်းပေးလာတယ်။
သေချာကြည့်လိုက်တော့ ရွှေတစ်ပိုင်းဖြစ်နေတာ ကူယွဲ့မြင်လိုက်ရတယ်!
(⊙_⊙)
ဟေး၊ ဒါဘာသဘောလဲ။ လာဘ်ထိုးဖို့ကြိုးစားနေတာလား။
သူတို့ဆီက တုံ့ပြန်မှုမရတော့ ကတိုးကြောင်လေးက ခဏစဉ်းစားပြီး အိတ်ထဲကနေ နောက်ရွှေတစ်ပိုင်းထုတ်ကာ တခြားတစ်ခုဘေး ထားလိုက်တယ်။
သုံးယောက်သား : “…” ဒီကောင်က လူအကြောင်း နောကျေနေတာပဲ။
တုံ့ပြန်မှု မရှိသေးတာမြင်တော့ ကတိုးကြောင်နတ်ဆိုးက အံကိုကြိတ်ပြီး အိတ်ထဲက ရွှေအားလုံးကို သွန်ချလာရှာတယ်။ ရွှေ ခုနှစ်ပိုင်း၊ ရှစ်ပိုင်းက အမိုးပေါ်ကနေ လျှောကျသွားတယ်။ သူက သူတို့ကို အောက်ကျို့ခံပြီး ကြည့်ရှာတယ်။
“မ… မရှိတော့ပါဘူး မြောင်”
“…” ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားခဲ့တယ်။ ပမာဏကို စိတ်ထဲထားနေတာ မဟုတ်ဘူးဟ။ ဒီနတ်ဆိုးက သူ့အစားအသောက်အတွက် ပိုက်ဆံရှင်းပေးဖို့တောင် သတိရတယ်ပေါ့။ သူဘယ်ကနေ လာတာပါလိမ့်။
“ငါတို့ကိုပြော၊ ဘာလို့လူတွေကို သတ်နေရတာလဲ”
ရွှေပုံကြီးကို လျစ်လျူရှုဖို့ ကြိုးစားရင်း ကူယွဲ့ ရှေ့ကိုတက်ခဲ့ပြီး လက်ထဲက ကျောက်စိမ်းပုလွေနဲ့ ကတိုးကြောင်ကို စစ်မေးလိုက်တယ်။
“မြောင်” ကတိုးကြောင်လေးခမျာ ကြောက်လွန်းလို့ တုန်ယင်ယင်နဲ့။ မျက်ရည်တွေတောင် စီးကျနေရှာတယ်။ သူက ခေါင်းကို ထပ်တလဲလဲခါယမ်းတော့တာပဲ။
“အမတအရှင်သခင်၊ ကျွန်တော့်ကိုချမ်းသာပေးပါ၊ ကျွန်တော်လုပ်ခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော်က သက်သတ်လွတ်သမား မဟုတ်ပေမဲ့ သန့်စင်တဲ့ အိမ်မွေးကြောင်လေးပါ၊ ဘယ်သူ့ကိုမှ တစ်ခါမှ အန္တရာယ်မပြုခဲ့ပါဘူး”
“ငြင်းဖို့မကြိုးစားနဲ့စမ်း” ကူယွဲ့ အသံကို ဖိပြောလိုက်တယ်။
“ဒီမြို့က ရုန်းရင်းဆန်ခတ်ဖြစ်တာတွေက မင်းလုပ်ရပ်မဟုတ်ပါဘူးလို့ ပြောရဲသေးတယ်ပေါ့”
“ကျွန်တော်… ကျွန်တော် ကြက်လေးနည်းနည်းတော့ စားခဲ့မိပါတယ်! ဒါပေမဲ့ အဲဒါက ကျွန်တော် ဗိုက်ဆာနေလို့ပါဗျ၊ မြောင်” ကတိုးကြောင်လေးက ကျယ်သထက်ကျယ်ကျယ် ငိုတော့တယ်။ သူ့မျက်နှာပေါ် အတော်လေးနာကျင်နေတဲ့အမူအရာနဲ့။
“ဒါပေမဲ့… ဒါပေမဲ့ အားလုံးအတွက် ပိုက်ဆံပေးခဲ့တာပါ၊ တကယ် ဘယ်သူ့ကိုမှ အန္တရာယ်မပေးခဲ့ပါဘူး”
မြေကြီးပေါ်က ရွှေတွေကို လက်ညှိုးထိုးပြီး သူက လက်ချောင်းတွေသုံး ရေတွက်တော့တယ်။
“ကျွန်တော် ဦးလေးဝမ်ရဲ့ ခါးဒဏ်ရာရယ်၊ ဦးလေးလီရဲ့ နာနေတဲ့ခြေထောက်ရယ်၊ ဦးလေးကျောက်ရဲ့ ဒူလာရောဂါရော ကုသပေးခဲ့တယ်၊ ဒေါ်လေးစွင့်ရဲ့ ရာသီစက်ဝန်း ပုံမှန်မဟုတ်တာရော…”
“တော် တန် တိတ်တော့၊ မင်း ခေါင်းစဉ် အရမ်းလွဲနေပြီ၊ ကြောင်ကတိုးနတ်ဆိုးလေးတစ်ကောင်အနေနဲ့ သေချာပေါက် အများကြီးသိတယ်နော်၊ ဒီမြို့ထဲ သေသွားတဲ့ ဒါဇင်ချီလူတွေရော၊ ပြီးတော့ အစာအိမ်ကလီစာတွေထုတ်ခံထားရတဲ့ ရွှေအမြုတေကျင့်ကြံသူကျတော့ရော မင်း ဘယ်လိုရှင်းပြမလဲ”
“အဲ… အဲဒါက အဆင့်ရှစ် မြေခွေးနတ်ဆိုးရဲ့ လုပ်ရပ်ပါ”
ကတိုးကြောင်လေးက တစ်စုံတစ်ရာ တွေးမိသွားပုံပေါ်ပြီး တုန်ရီနေတော့တယ်။
“လွန်ခဲ့တဲ့ ဆယ်ရက်က ဒီနေရာကို ဖြတ်သွားချိန် သူ လူတွေကို ထိခိုက်အောင်လုပ်နေတာ မြင်ခဲ့ရတာပါ၊ ကျွန်တော့်ပစ္စည်းတွေကိုတောင် ယူချင်နေသေးတာလေ သူ့ပြိုင်ဘက် မဟုတ်တာမို့ ဒီမြို့ထဲ ပုန်းနေခဲ့ရတာ”
“ပုန်းနေခဲ့တာလား” ကူယွဲ့က လိုက်ပြောပြီး အတွေးနစ်မျောနေတယ်။ ဒီနောက်တော့ ရုတ်တရက် နားလည်သွားပြီး မျက်လုံးတွေပြူးကျယ်လာကုန်တော့တယ်။
“ဆိုလိုတာက မြို့ထဲက အဲအကာအကွယ်အစီအရင်အင်းကွက်က နေရာမှာပဲရှိနေသေးတာပေါ့”
သူ ချက်ချင်း လက်အစီအရင်တစ်ခု ဖန်တီးပြီး သူ့လက်ချောင်းထိပ်ဖျားကနေ အလင်းတန်းပေါ်လာကာ ကောင်းကင်ဆီ တက်သွားတော့တယ်။ ခဏလောက်ကြာတော့ တစ်မြို့လုံးကို ကာထားတဲ့ အကြည်ရောင် အရံအတားက မြင်ကွင်းထဲ ပေါ်လာလေတယ် – တကယ်ကိုရှိနေတာပဲ!
မြို့တိုင်းမှာ နတ်ဆိုးတွေ၊ သားရဲတွေနဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ ဝင်လာပြီး သေမျိုးတွေကို အန္တရာယ်ပေးမှာကို တားဆီးဖို့ အကာအကွယ်အစီအရင် အင်းကွက်ချထားတာက မဟူရာဂိုဏ်းရဲ့ ပုံမှန်လုပ်ငန်းစဉ်ပဲ။ ဒါကြောင့် ဒီအကာအရံကို မဖောက်ဘဲ မြို့ထဲဝင်ဖို့ နည်းလမ်းလုံးဝမရှိဘူး။ ကူယွဲ့ ဒီမြို့ဆီကနေ မြို့ထဲမှာ နတ်ဆိုးတစ်ကောင်သောင်းကျန်းနေတယ်ဆိုတဲ့ အကူအညီတောင်းခံစာ ရရှိတုန်းက အကာအကွယ်အင်းကွက် ကျိုးပေါက်သွားပြီလို့ ယူဆခဲ့တာမို့ ဘယ်သူမှ စစ်ကြည့်ဖို့ အတွေးမဝင်ခဲ့တာ။ ခုတော့ရှိနေတယ်တဲ့။
ကတိုးကြောင်က မြို့ထဲဝင်နိုင်တယ်ဆိုတော့ အမှန်ကို ပြောနေတာ ဖြစ်နိုင်တဲ့သဘောပဲ။ တစ်ယောက်ကိုမှ အန္တရာယ်မပြုခဲ့ဖူးလို့ သူ့ခန္ဓာကိုယ်ထဲမှာ အကာအကွယ်အစီအရင်ကို ပေါ်လာစေမဲ့ ဆိုးယုတ်တဲ့ချီ အကြွင်းအကျန် ရှိမနေခဲ့တာပေါ့။
…