အခန်း ၃၄ ။ မြေခွေးနတ်ဆိုးနောက်လိုက်ခြင်း
ယိချင်းနဲ့ကူယွဲ့တို့ မြေခွေးနတ်ဆိုးနောက် လိုက်ရတာက သူတို့ကို ခြေရာအဝေးကြီးချန်ခဲ့တဲ့ ရှန်းရင်နောက် လိုက်ရတာလောက် သိပ်အဝေးကြီး မလိုက်လိုက်ရပါဘူး။ သူတို့ ဂူတစ်ဂူရဲ့ အဝရှေ့ထိ လိုက်လာခဲ့ပြီး ရပ်လိုက်တယ်။
ရှန်းရင် ဂူအဝရှေ့ မတ်မတ်ရပ်နေတဲ့ပုံက… တစ်ခုခု အချိန်ယူစဉ်းစားနေတဲ့ပုံပဲနော်။
“မြေခွေးနတ်ဆိုးက ဂူထဲပုန်းနေတာလား” ကူယွဲ့ အောက်ဘက်ဆီ ဆင်းလာပြီး မေးလိုက်တယ်။
“ဘာကြောင့် မလိုက်တော့တာလဲ”
ရှန်းရင် သူ့ကို မထုံတတ်တေးလှမ်းကြည့်လိုက်တယ်။ သူမမျက်နှာမှာ ကူယွဲ့အပေါ် ဘာအမူအရာမှ မပြပေမဲ့ နောက်ကွယ်မှာတော့ အထင်သေးမှု အရိပ်အယောင်နဲ့။
“နင် ဒီဂူပေါ် ရေးထားတဲ့ စာလုံးတွေ မမြင်ဘူးလား”
“စာလုံးလား၊ ဘာစာလုံးလဲ” ကူယွဲ့ အူကြောင်ကြောင် ဖြစ်သွားရှာတယ်။
သူမ လက်ဆန့်တန်းပြီး ဂူဝကို လက်ညှိုးထိုးလိုက်တယ်။
“အထဲတွင် ထောင်ချောက်ရှိသည်၊ ကျေးဇူးပြုပြီး မြန်မြန်ဝင်လာခဲ့ပါတဲ့”
“အာ…”
ဟုတ်သား မြေခွေးနတ်ဆိုးက သူအလိုက်ခံနေရမှန်း သိပြီးသား။ နေရာတွေအားလုံးထဲမှာမှ ဘာလို့ တစ်ဖက်ပိတ်ဂူကို ရွေးခဲ့ရတာလဲ။ သေချာပေါက်ကို ဒီမှာ ထောင်ချောက်တစ်ခု ကြိုစီစဉ်ထားလို့ပေါ့။
“ဒါဆို ငါတို့ဘာလုပ်ကြမလဲ၊ အထဲဝင်ဖို့ တခြားနည်းမရှိဘူး” မျက်မှောင်ကြုတ်ပြီး ကူယွဲ့ တုံ့ပြန်လိုက်တယ်။
“မြေခွေးနတ်ဆိုးကို ရှင်းရှန်းအာအစီအရင်ဆေးလုံး ဖော်ခွင့်ပေးလို့မဖြစ်ဘူး၊ မဟုတ်ရင် အဲဒါကို သောက်ပြီးတာနဲ့ နတ်ဆိုးအရှင်ဖြစ်လာလိမ့်မယ်၊ အဲကျ ပိုပြီးတော့ရင်ဆိုင်ရခက်သွားပြီ”
“ဆရာ” ယိချင်းက ကမ်းလှမ်းမှုတစ်ခုနဲ့အတူ ရှေ့တက်လာတယ်။
“ဒီဂူက သိပ်နက်ပုံမပေါ်ဘူး၊ ဓားအစီအရင်ကိုသုံးပြီး အဲကောင်အပြင်ထွက်လာအောင် အတင်းဖိအားသုံးခွင့် ပေးလို့ရပါသလားဆရာ”
ဟမ်။ ဓားအစီအရင်ကိုသုံးလို့ရလား။ အဲလို ဓားအစီအရင်ရှိတာလား။
ရှန်းရင်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ ယိချင်းက ချက်ချင်း လက်အစီအရင်တစ်ခု ဖွဲ့စည်းပြီး သူ့လက်ထဲက ဓားဟာ ထောင်ချီဓားတွေအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ အားလုံးက သူထုတ်လွှင့်ထားတဲ့ ချီတွေနောက် လိုက်သွားပြီး ကောင်းကင်ဆီ ပျံတက်သွားခဲ့တယ်။ ချက်ချင်းပဲ ကောင်းကင်တစ်ခုလုံးဟာ ဓားမိုးတွေပြည့်သွားခဲ့တယ်။ ယိချင်း နောက်ထပ် လက်အစီအရင်ဖော်လိုက်တော့ ဓားမိုးက စုစည်းသွားပြီး လေထဲသိပ်သည်းလာခဲ့တယ်။ အချိန်အနည်းငယ်အတွင်းမှာပဲ သူတို့က ကြီးမားတဲ့ရွှေရောင်ဓားအဖြစ် ပြောင်းလဲပြီး ကောင်းကင်ဆီ ပျံတက်သွားခဲ့တယ်။ ယိချင်း လေထဲ ခုန်သွားတဲ့ပုံက သူ့တစ်ကိုယ်လုံး ရွှေရောင်ဓားနဲ့ ပေါင်းစပ်သွားတဲ့ပုံပဲ။ ကောင်းကင်တစ်ခုလုံးဟာ ဝိညာဉ်ချီ တိမ်တိုက်ထုကြီးနဲ့ ဖုံးလွှမ်းနေတော့တယ်။
ကူယွဲ့ မှင်တက်သွားတယ်။ ဒီလို အုံကြွလာတဲ့ဓားချီက သူတောင် အရင်ကဆို မဆင့်ခေါ်နိုင်လောက်တဲ့အရာ။ ရက်နည်းနည်းလေးထဲနဲ့ ယိချင်းက တတ်မြောက်ပြီး သူ့ဓားဆန္ဒနဲ့ တစ်သားတည်းဖြစ်နေပြီပေါ့။
ကူယွဲ့ စိတ်လှုပ်ရှားမှုကြောင့် ရင်တုန်နေတော့တယ်။ ယိချင်း ဓားသိုင်းကွက်ကို ပြောင်းနေတာ မြင်လိုက်ရတယ်။ ညာဘက်လက်ကိုမပြီး တည်ကြည်နေတဲ့ မျက်နှာထားနဲ့ ယိချင်းက ရှိန်လောက်စရာ အော်ဟစ်တော့တာပဲ။
“ဖျက်ဆီး” ဓားကြီးက ချက်ချင်း ဂူပေါ် ဝုန်းခနဲ ကျသွားခဲ့တယ်။ ပဲ့တင်သံတွေပေါ်လာပြီး သူတို့ရှေ့က ဂူလေးဟာ နှစ်ပိုင်းဖြစ်သွားခဲ့ရှာတယ်။ ဓားကြီးက အဲနေရာမှာတင် ရပ်မနေဘူး။ အဲအစား ဦးတည်ဖက်မျိုးစုံမှာ တိုက်ခိုက်တော့တယ်။ ဘေးတိုက်ခုတ်တယ်၊ ဒေါင်လိုက်ခုတ်တယ်၊ တစ်စောင်းခုတ်တယ်။ ဟင်းသီးဟင်းရွက်တွေ ခုတ်နေသလိုပဲနော်။ ဒီမှာတစ်ချက်… ဟိုနေရာမှာ နောက်တစ်ချက်… ပြီးတော့ နောက်တစ်ချက်…။
ယိချင်းထံမှ အံအားမှင်တက်စရာ သိုင်းကွက်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသော ကူယွဲ့ : “…”
(╯‵□′)╯(┻━┻
ငါ မှောက်ပစ်ချမိတော့မယ်! ဒါက ဘလိုင်းကြီး ခုတ်နေရုံဟ၊ မင်း ဒါကို အပြင်ထွက်လာအောင် အတင်းဖိအားသုံးတယ်လို့ ခေါ်တာလား။ ဒါက ဖျက်ဆီးရေး လုပ်ငန်းစဉ်ဆိုတာ အသိသာကြီး! မြေတူးသမားကို မြင်ရင် ငါမသိနိုင်ဘူးမထင်နဲ့ သေချင်းဆိုးလေးရဲ့။
ခဏနပေါဦး။
သူ ဘာလို့ ဒီအကွက်ကို နည်းနည်းရင်းနှီးနေတယ်လို့ ခံစားရတာပါလိမ့်။
အကျိုးနည်းဟ ဒါ ရှန်းရင် ပင်လယ်ကိုခွဲတုန်းက သုံးခဲ့တဲ့ ဓားသိုင်းကွက်မလား။ သင်ထားတာကို တကယ်ကြီး လက်တွေ့အသုံးချနေပုံပဲ။
“ဆရာ…” ဂူက ကျောက်စရစ်ပုံကြီးအဖြစ် ပြောင်းသွားတာမြင်တော့ ယိချင်းက ပြန်ပျံသန်းလာခဲ့တယ်။ “ဟုတ်ပြီ” ထောင်ချောက်တွေ မရှိတော့ဘူး။
“တော်တယ်”
ငါ့ခြေထောက်ကိုတော်။ ဘယ်မှာလဲ မြေခွေးနတ်ဆိုး။ ပြောတော့ ထွက်လာအောင် လုပ်မယ်ဆို။ ဘိုးအေလို ထွက်မှမလာသေးတာ!
ကတိုးကြောင် : “…” ဒီလူတွေက တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ ကြောင်လေး အိမ်ပြန်ချင်ပြီ။
အသက်ပြင်းပြင်းရှူပြီးမှပဲ… ကူယွဲ့တစ်ယောက် စိတ်ထဲက ဆဲရေးတာတွေကို မျိုသိပ်နိုင်တော့တယ်။ သူ့ မနောဉာဏ်ကို အသက်သွင်းပြီး ရှေ့က ကျောက်စရစ်ပုံထဲကနေ မြေခွေးနတ်ဆိုးကို စတင် စစ်ဆေးရှာဖွေတော့တယ်။ ထူးဆန်းတာက စောနကထိ နတ်ဆိုးအရှိန်အဝါ တော်တော်လေးကို ထွက်နေတာက ရုတ်တရက်ကြီး အကြွင်းအကျန်မရှိ ပျောက်ကွယ်သွားတာပဲ။
“ဟေး” ဇဝေဇဝါဖြစ်ပြီး ကူယွဲ့ အရှေ့တက်ကာ ကြေငြာလိုက်တယ်။
“မြေခွေးနတ်ဆိုး ထွက်သွားပြီ”
ယိချင်းလည်း ကြောင်နေပြီး မနောဉာဏ်ကို သုံးကာ ဟိုဟိုဒီဒီ ရှာဖွေကြည့်ပေမဲ့ ဘာအကြွင်းအကျန် သဲလွန်စမှ ရှာမတွေ့ခဲ့ဘူး။
“ခုလေးတင် ပတ်ဝန်းကျင်ကို စစ်ဆေးနေတာ၊ ထွက်ပြေးသွားတာ မမြင်တော့ ဒီနေရာမှာပဲ ရှိနေဦးမယ်”
တကယ်ကို မြေခွေးနတ်ဆိုးက သူတို့မျက်စိရှေ့မှာတင် လစ်ထွက်သွားနိုင်တယ်ဆိုရင် ထွက်ပြေးဖို့ အမြီးနှစ်ချောင်းကို စတေးဖို့လိုမှာမဟုတ်ဘူး။ သွေးမြေခွေးတစ်ကောင်ရဲ့ ကျင့်ကြံမှုက အမြီးထဲမှရှိတာ။ ဒါကြောင့် တစ်ခါတည်းနဲ့ အမြီးနှစ်ချောင်းဆုံးရှုံးလိုက်ရတာက ကျင့်ကြံဆင့်ကို အင်မတန် ထိခိုက်စေတယ်။
“အဲဒါဘာလဲ” နှစ်ယောက်သား ထပ်ရှာဖို့ ပြင်နေတုန်း ရှန်းရင်က ရုတ်တရင် မေးလာပြီး တစ်နေရာကို လက်ညှိုးထိုးပြနေတယ်။
သူမ ထိုးပြနေတဲ့ နေရာကိုကြည့်လိုက်တော့ ပုံစံအတူတူပဲ ဖြစ်တဲ့ ကျောက်စရစ်တစ်ပုံကိုပဲ ကူယွဲ့မြင်လိုက်ရတယ်။ သူ ဘာမှထူးခြားတာမတွေ့မိပါဘူး။ ဒါပေမဲ့ ရှန်းရင်ကို မယုံကြည်စွာနဲ့ပဲ သူ ခပ်သွက်သွက်လျှောက်သွားပြီး ကျောက်စရစ်ပုံကို လှမ်းကြည့်လိုက်တယ်။
“ဟမ်”
“ဒီကျောက်တုံးတွေက မျောလွင့်နေတယ်” ညဘက် အမြင်အာရုံအကောင်းဆုံး ကတိုးကြောင်က ခြားနားချက်ကို ရှာတွေ့သွားတယ်။
ဒါပေမဲ့ ကျောက်တုံးတွေက သိပ်ပြီး မျောလွင့်နေတာမဟုတ်လို့ သူတို့ ခုထိ သတိမထားမိခဲ့တာပဲ။ သတိတကြီးနဲ့ ကူယွဲ့ချက်ချင်းဆိုသလို လက်အစီအရင်တစ်ခုဖော်ပြီး ဘေးပတ်လည်က ကျောက်စရစ်တွေကို ဖယ်လိုက်တယ်။ လုံးဝကို အကောင်းပတိ ကျောက်ပြားတစ်ချပ်ကို အောက်ခြေမှာ မြင်လိုက်ရတယ်။ ယိချင်းရဲ့ တဖုန်းဖုန်း ထုထောင်းမှုနဲ့တောင် အက်ကွဲရာ နည်းနည်းလေးမှမရှိဘူး။ ပြီးတော့ ဒီကျောက်ပြားက…
“ဒါအစီအရင်အင်းကွက်ပဲ” ကူယွဲ့ အကျယ်ကြီး အော်ပြောလိုက်တယ်။ ကျောက်ပြားပေါ်က မျဥ်းတွေက အစီအရင်အင်းကွက်တစ်ခုကနေ ကျန်ခဲ့တဲ့ အရာတွေဆိုတာ အသိသာကြီး။ စောနက ဝိညာဉ်ချီ မထုတ်ထားမိလို့ သူမချိတ်ဆက်မိခဲ့တာ။
“ဒီအစီအရင်အင်းကွက်က ဘာသုံးဖို့အတွက်လဲ” ယိချင်းက မေးလိုက်တယ်။ သူနဲ့ ရှန်းရင်က အစီအရင်အင်းကွက်တွေနဲ့ပတ်သက်ရင် မသိရေးချမသိ ငပိန်းတွေ။
ကူယွဲ့ အင်းကွက် အစီအရင်ကို ဂရုတစိုက် ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
“အထီးကျန်အစီအရင်အင်းကွက်နဲ့တူတယ်၊ ဒါပေမဲ့ ဒီပေါ်က ဓမ္မအဆောင်က ပုံမှန်ဟာတွေနဲ့ ကွဲနေတယ်၊ ဒါ ရှေးခေတ်ပုံစံပဲ” မျက်မှောင်ကြုတ်ပြီး သူကထပ်ပြောလိုက်တယ်။
“ဒါပေမဲ့ မြေခွေးနတ်ဆိုးက သေချာပေါက် အောက်မှာ ပုန်းနေတာပဲ”
သူ ဝိညာဉ်ချီကို အသက်သွင်းပြီးတဲ့နောက် ကူယွဲ့ ကျောက်ပြားပေါ် လက်တန်းဖိလိုက်တယ်။ မီးထွန်းလိုက်သလိုမျိုး ကျောက်ပြားပေါ်က အမှတ်အသားတွေက တောက်ပလာပြီး အလင်းရောင်တွေ ပျံ့သထက် ပျံ့လာတာက ကျောက်စရစ်တစ်ပုံလုံးကို ကာသွားတဲ့အထိပဲ။ ကျောက်စရစ်ပုံ အကြီးတွေရော အသေးလေးတွေပါ မျောတက်လာတယ်။ ကူယွဲ့ခြေဖဝါးအောက်က ကျောက်ပြားက တုန်ခါသွားပြီး နောက်တော့ဖြည်းဖြည်းချင်း ဟလာတော့တယ်။
“ပွင့်နေပြီ” ကူယွဲ့က လူတိုင်းကို နောက်ပြန်ဆုတ်နေဖို့ သတိပေးလိုက်တယ်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ မြေကြီးမှာ တွင်းကြီးတစ်ခု ပေါ်လာတော့တယ်။ တွင်းက နက်လွန်းလို့ အောက်ခြေကို မမြင်နိုင်တော့တဲ့အထိပဲ။ အထဲကနေ ညှီစို့စို့နံ့လည်း ထွက်နေတယ်။
“နတ်ဆိုးအငွေ့အသက်” ယိချင်း တခြားနှစ်ယောက်ကို ကြည့်လိုက်တယ်။
“မြေခွေးနတ်ဆိုးဟာပဲ”
“တကယ်ကို အောက်မှာပုန်းနေတာ၊ လိုက်ကြ”
ကူယွဲ့ အော်ပြီး ခုန်ချလိုက်တယ်။ ဒီမြေခွေးနတ်ဆိုးက သိပ်ကို လည်တာပဲ။ ဂူထဲပုန်းဖို့ ဆုံးဖြတ်တာလဲ အံ့ဩစရာ မရှိတော့ဘူး။ ဂူထဲက အမှောင်ထုက သူတို့ အင်းကွက်အစီအရင်ကို အာရုံခံမိဖို့နည်းမရှိဘူးလို့ဆိုလိုတာပဲ။ ဒါကြောင့် ပုံမှန်အရဆို သူတို့ နေရာကို ရှာနိုင်မှာမဟုတ်ဘူး။ ဖြစ်ချင်တော့ မြေခွေးနတ်ဆိုးက သူတို့ ဂူကို နုပ်နုပ်စဉ်းပစ်မယ်လို့ ထည့်မတွက်မိခဲ့တာပါပဲ။
တွင်းကနက်လွန်းလို့ မြေကြီးဆီမရောက်ခင်ထိ နှစ်မိနစ်လောက် ပျံလိုက်ရသေးတယ်။ ပိန်းပိတ်အောင် မှောင်မည်းနေတာပဲ။ ကူယွဲ့ လက်မြှောက်ပြီး မီးတောက်တစ်ခု ဆင့်ခေါ်လိုက်တယ်။ အခုတော့ ပတ်ပတ်လည်မှာ ဘာမှမရှိတာမြင်လိုက်ရပြီ။ တစ်နေရာလုံး တိတ်ဆိတ်နေတာပဲ။ နတ်ဆိုးအရှိန်အဝါက ထင်ရှားနေသေးပေမဲ့လည်း မြေခွေးနတ်ဆိုးအရိပ်အယောင်တော့ ရှိမနေဘူး။
“ဒီမှာပုပ်စော်နံလိုက်တာ” ကတိုးကြောင်က မြေကြီးပေါ်ရောက်ရောက်ချင်း နှာခေါင်းပိတ်ပြီး ရှန်းရင်နောက် အလိုလိုပုန်းလိုက်မိတယ်။
ဟိုဟိုဒီဒီကြည့်ပြီး ရှန်းရင် တောင်နံရံကို လှမ်းထိကြည့်လိုက်တယ်။ သူမလက်မှာ အနီရောင်ကပ်စေးစေးတွေ ကပ်ပြီးပြန်ပါလာတယ်။
“ဟမ် ဒီတောင်က သွေးထွက်နေတာလား”
သွေးလား။ အကြံအိုက်ပြီး ကူယွဲ့ ချက်ချင်း လှမ်းလာကာ တစိမ့်စိမ့်ယိုနေတဲ့ တောင်နံရံကို ကြည့်လိုက်တယ်။ သူ ဒီနေရာက မြေကြီးက နီကျင်ကျင်ဖြစ်နေတာလို့ မှတ်ယူထားပေမဲ့ သေချာစစ်ဆေးကြည့်တော့ နံရံကိုဖုံးထားတာတွေက လုံးဝကို မြေနီဟုတ်မနေခဲ့မှန်း နားလည်သွားခဲ့တယ် — ဒါသွေးပဲ။
ဖြစ်နိုင်တာက…။
“တောင်နံရံရဲ့ ဒီဘက်ခြမ်းမှာပဲ သွေးအစွန်းကွက်တွေရှိနေတာပါ” ယိချင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝဲကြည့်ပြီးတဲ့နောက် သူတို့ကို အသိပေးလိုက်တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဆိုးဆိုးရွားရွား ခန့်မှန်းချက်တစ်ခု သူ့အတွေးထဲ ပေါ်လာပြီ။ ရှန်းရင်ကို ဘေးဘက်ဆွဲခေါ်ပြီး ပြောလိုက်တယ်။
“နောက်ဆုတ်နေ၊ ဒီတောင်နံရံနောက်မှာ တစ်ခုခုရှိလောက်တယ်”
ကူယွဲ့ လက်အစီအရင်ကွက်တစ်ခု ဖန်တီးပြီး လက်ထဲက ကျောက်စိမ်းပုလွေဟာ ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားတယ်။ ဓားချီတန်း အများကြီး ကျောက်နံရံကို သွားထိမှန်တော့တာပဲ။ ဘန်းခနဲအသံကြီး ပေါ်လာပြီးနောက်မှာတော့ အရှေ့ကတောင်နံရံဟာ ချက်ချင်း ပြိုလဲသွားခဲ့ကာ ပိုပြီးကျယ်တဲ့နေရာတစ်ခုပေါ်လာတယ်။
သူတို့ ရုတ်တရက် သွေးညှီနံ့ ရန်ပြုတာခံလိုက်ရတယ်။ သွေးတွေက နေရာတိုင်းမှာ။ နံရံတွေနဲ့ မြေကြီးအကုန်လုံးကို သွေးတွေ စင်ထားတယ်။ မြေကြီးပေါ်ဆို ပုပ်သိုးနေတဲ့ ခြေလက်တစ်ချို့ပါရှိနေတာ။ အလယ်တည့်တည့်မှာတော့ လေးထောက်စင်မြင့်တစ်ခု ရှိနေတယ်။ အစီအရင်အင်းကွက်တစ်ခုကနေ အလင်းတန်းနီကြီးက စင်မြင့်ကိုတောက်ပစွာ အလင်းပေးနေပြီး နေရာတစ်ခုလုံးကို ပိုပြီးတောင် နီရဲသွားစေတယ်။
ကူယွဲ့ ထုတ်ပြောလိုက်မိတယ်။
“သွေးစတေးခံအစီအရင်ပဲ”
သူ ခန့်မှန်းထားသလိုဖြစ်နေခဲ့တာကိုး။
…