ERSY အခန်း ၂၄

အခန်း ၂၄ ။ ကြောက်မက်စရာ သတ်ဖြတ်လိုသောအငွေ့အသက်

ချီချန်းယွီက ပြန်‌သက်‌သာအောင် သားရဲဆေးလုံးကို အသုံးချပြီး တစ်ညလုံးအနားယူလိုက်မှ သူမသွေးကြောတွေထဲက အစိတ်အပိုင်းလေးတစ်ခုစာ နောက်‌ဆုံးတော့ သက်သာလာခဲ့တယ်။ အရင်တုန်းက သူ မဟူရာကောင်းကင်ဂိုဏ်းရဲ့ ခြေရာခံတာကို မိသွားမှာစိုးရိမ်တာမို့ တမင်သက်သက် ချီရှားပါးတဲ့နေရာတွေဆီ သွားလာခဲ့ရတာ။ ဒါပေမဲ့ အဲဒါကပဲ သူမ ပြန်ကုစားတာကို နှောင့်နှေးစေခဲ့တယ်။ တစ်ခုတည်းသော ဝမ်းသာစရာက သူမဒဏ်ရာဟာ ပိုမဆိုးလာတာပဲ။ ကံကောင်းတာက သူမ မင်ယင်တောင်ဆီ ပြန်နိုင်တော့မှာ၊ ဒါပေမဲ့ စိုးရိမ်ရတဲ့ တစ်ခုတည်းသောအရာက…

ရှန်းရင် ဘာဖြစ်သွားမလဲ။

သူ အရပ်မျက်နှာတွေလည်း မသိပုံနဲ့ ငါသာ မင်ယင်တောင်ကို‌ပြန်သွားရင် သူတစ်ယောက်တည်း ငတ်သေမှာ မဟုတ်လား။

သူ ပြန်ပေးဆွဲမိတာ ဓားစာခံလား၊ ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုးလား။

“ရှန်းရင်…” ဒါပေမဲ့ သူမ စကားစပြောမဲ့ဆဲဆဲ လေပြင်းသံတွေကို ရုတ်တရက်ကြားလိုက်ရတယ်။ သတိဝင်ပြီး သူမဘေးကလူကို ဖမ်းဆုပ်ကာ ခြေလှမ်းတစ်ရာစာနောက်ဆုတ်လိုက်တယ်။ နောက်တစ်စက္ကန့်မှာပဲ ယင်ချီတွေ လွှင့်ထုတ်နေတဲ့ ဓားတစ်ချောင်းက သူတို့စောနကရပ်နေတဲ့နေရာကို စိုက်ဝင်သွားလေရဲ့။

“ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း” သူမ တောအုပ်ညာဘက်ကိုကြည့်လိုက်တယ်။

တစ်ခဏအကြာမှာတော့ အရိပ်နှစ်ခုက တောအုပ်ထဲကနေထွက်လာပြီး နှစ်ယောက်လုံး ခဲရောင်ဝတ်ရုံတွေ ဆင်မြန်းထားတယ်။ ရှေ့က လျှောက်လာတဲ့တစ်ယောက်က ပြုံးလိုက်တော့ အရိုးပေါ်နေတဲ့ပိန်ကပ်ကပ်မျက်နှာတစ်ခြမ်းပေါ်လာလေရော။

“ဟာ့၊ အဲတော့ ဒါ အနိစ္စမိစ္ဆာသခင်ကိုး၊ နှောင့်ယှက်မိတာတောင်းပန်ပါတယ်ဗျာ”

“ပိဟောက်လား၊ နင်က သွေးမိစ္ဆာယွိယန်ရဲ့ နောက်လိုက်အစောင့်အရှောက်ပဲ” ချီချန်းယွီက မကောင်းတဲ့အကြံအစည်နဲ့ ချဉ်းကပ်လာတဲ့ ဒီနှစ်ယောက်ကို ပိုသတိကြီးကြီးထားလိုက်တယ်။

“အဲတော့ မိစ္ဆာသခင်က ကျုပ်အကြောင်း ကြားဖူးတယ်ပေါ့” အဲလူက ရယ်လေရဲ့။

“မဆိုးပါဘူး၊ မိစ္ဆာသခင်ယွိယန်က ကျုပ်တို့ဆရာပဲ”

“ယွိယန်ရဲ့ လူယုံတော်တွေက ဘာလို့ ငါ့ကိုလိုက်ရှာနေတာလဲ”

“အနိစ္စမိစ္ဆာသခင်က သိပ်ကိုလှတဲ့အလှပိုင်ရှင်လို့ ကြားဖူးတယ်၊ မသေမျိုးလမ်းစဉ်ကျင့်ကြံမှု အစတည်းက ကျောင်းခြောက်ကျောင်း ဂိုဏ်းသုံးဂိုဏ်းမှာ နတ်သမီးယွီဆိုပြီး နာမည်ကြီးခဲ့တာလေ၊ ကျုပ်တို့နှစ်ယောက်လုံးက ခင်ဗျားရဲ့ သိမ်မွေ့မှုကို အမြဲ သဘောကျခဲ့တာပါ၊ ဒါကြောင့် ဒီနေ့ တကူးတက လာရောက်လည်ပတ်တာ”

“ဟမ့် ငါ့ကိုအရူးလုပ်ဖို့မစဉ်းစားနဲ့၊ ရည်ရွယ်ချက်အစစ်ကို ပြောစမ်း”

“မိစ္ဆာသခင်၊ ခင်ဗျား ကျုပ်ကိုအထင်လွဲနေပြီ…”

ပိဟောက်အပြုံးက ပိုပိုပြီး ကြက်သီးထစရာကောင်းလာလေရော။ ဒါပေမဲ့ သူရှင်းပြမဲ့ဆဲဆဲမှာတင် ဘေးကလူက ကြားဖြတ်ပြောလာတယ်ာ

“ဆရာတူအစ်ကို၊ သူနဲ့လျှောက်ပြောပြီး အချိန်ဖြုန်းမနေနဲ့တော့၊ သူ့အခြေအနေကို ကြည့်ဦး၊ ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာ အသိသာကြီး၊ ကျွန်တော်တို့ တစ်ခုခုလုပ်ရင် သူ ဘာတတ်နိုင်မှာမို့လဲ”

နောက်လူက ချီချန်းယွီကို ပေါ်တင် စူးစိုက်ကြည့်ပြီး သူတို့အကြည့်တွေက သူမကို စားတော့ဝါးတော့မဲ့ပုံစံနဲ့ မီးတောက်လာတယ်။

“သူ့မှာ သန့်စင်ယင်ခန္ဓာကိုယ်ရှိတယ်လို့ ကြားတယ်၊ အဲဒါနဲ့ကျင့်ကြံရင် ကျွန်တော်တို့ရဲ့ကျင့်ကြံမှုက တရှိန်ထိုး မြင့်တက်သွားမှာပဲ၊ သူက အရင်က နတ်ဝိညာဉ်တည်မိစ္ဆာသခင်ဆိုတော့ ငါတို့အရင်က မထိနိုင်ဘူး၊ ဒါပေမဲ့သူက အခု ဒဏ်ရာအသည်းအသန်ရနေတာ၊ ဘာတွေစောင့်နေတာလဲ၊ မြန်မြန် သူ့ကို ရိတ်သိမ်းကြမယ်”

“ဆရာတူညီရန်ယိ၊ ဒီလိုအလှလေးကို ဘယ်လိုလုပ် တန်ဖိုးမထားရတာလဲ၊ ပိုပြီးနူးနူးညံ့ညံ့ ဆက်‌ဆံပေးလေ”

“ဟမ့် လုပ်မှာလား မလုပ်ဘူးလား၊ မလုပ်ဘူးဆိုရင် ကျွန်တော်သူ့ကို အရင်သွားခူးဆွတ်တော့မယ်၊ သူ့ကို ခူးဆွတ်ပြီးရင် ကျွန့်တော့်ရဲ့ နတ်ဝိညာဉ်တည်ဖွဲ့စည်းမှုကို အပြီးသတ်နိုင်ပြီ”

သူက တံတွေးအပြည့်တောင် မျိုချလိုက်သေး။

“အရှက်မရှိလိုက်တာ” ချီချန်းယွီက အံတင်းတင်းကြိတ်ပြီး ဝိညာဉ်ချီသုံးပြီး လက်သိုင်းကွက်တစ်ခု ထုတ်ချင်ပေမဲ့ ချက်ချင်း နှလုံးသားကို ဓားသန်းချီ ထိုးစိုက်ခံလိုက်ရသမျိုး စူးခနဲ နာကျင်တော့တယ်။ သူမ လှုပ်မရတော့ဘူး။

“နှလုံးလောင်ကျွမ်း အစီအရင်ပဲ၊ နင်တို့…”

“ဟီးဟီး… မိစ္ဆာသခင်နဲ့ပျော်ပါးဖို့အတွက် ကျုပ်တို့က ဘာလို့ ပြင်ဆင်မှုလေးတွေ မလုပ်ထားရမှာလဲ‌ဗျာ” သူ့ကိုယ်သူ လူလုံးထွက်မပြခင်တည်းက အစီအရင်ကို ဖော်ခဲ့ပြီးသား။

ပိဟောက်က အမြန် လျှောက်လာခဲ့တယ်။ သူက သိုသိပ်မှုမရှိ၊ တဏှာရမ္မက်နဲ့ သူမကိုယ်ကို ခေါင်းစခြေဆုံးစစ်ဆေးနေလေတယ်။

“အနိစ္စမိစ္ဆာသခင်၊ မစိုးရိမ်ပါနဲ့၊ ပိဟောက်က တခြား မသေမျိုးကျင့်ကြံသူတွေလို ခူးဆွတ်တာ ပြီးအောင် မလုပ်ဘဲ တခြားသူတွေနဲ့ ပျော်ပါးခိုင်းတာမျိုး မလုပ်ပါဘူး၊ ဒီနေ့ကစပြီး ကျုပ်ညီနဲ့ ကျုပ်ကိုပဲ ခစားဖို့လိုတယ်” သူ့လက်က နောက်တော့ သူမရင်သားတွေဆီ ဆန့်တန်းလာပါလေရော။

ချီချန်းယွီမျက်ဝန်းတွေက ဒေါသကြောင့် မီးတောက်လာတယ်။ သူမအတိတ်က ရင်းနှီးနေခဲ့တဲ့ မြင်ကွင်းဟာ မျက်စိရှေ့ တစ်ပတ်ပြန်ရစ်လာတယ်။ သူမ လွတ်မြောက်နိုင်ပြီထင်ခဲ့တဲ့ အဲအိပ်မက်ဆိုးတွေရဲ့ မှတ်ဉာဏ်တွေက နိုးလာကြပြီး သူမမျက်စိရှေ့ ထပ်တလဲလဲ ပြန်ပြနေခဲ့တယ်။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူအဆင့်တွေထဲ ရောက်တာတောင် သူမ အဲ‌ဒါတွေအားလုံးကနေ မလွတ်မြောက်နိုင်ဘူးပေါ့။

သူမမျက်ဝန်းတွေက ပိဟောက်လက် အနားကပ်လာတာကိုကြည့်ရင်း မျှော်လင့်ချက်ပျက်သုဉ်းမှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် နောက်လက်တစ်ဖက်ရဲ့ အကြမ်းပတမ်း ဖမ်းဆုတ်တာခံလိုက်ရပြီး အတက်အကျ မရှိတဲ့ အသံတစ်သံ ထွက်လာ‌လေတယ်။

“ကိုယ်ထိလက်ရောက်စော်ကားသူတွေက လက်တွေခုတ်ပစ်ခံရမယ်”

“…” ပိဟောက် ကြောင်အသွားတော့တယ်။ မိစ္ဆာသခင်ဘေးမှာ တခြားတစ်ယောက်ရှိနေတာ မသိမိခဲ့ဘူး။ သေချာကြည့်လိုက်တော့ ဒီလူက ဝိညာဉ်ချီမရှိတဲ့ သေမျိုးတစ်ယောက်ပဲဆိုတာ မြင်လိုက်ရတော့ စိတ်သက်သာရပြီး သက်ပြင်းချလိုက်တယ်။

(⊙_⊙)

“နောက်ထပ်မိန်းကလေးတစ်ယောက် ရှိသေးတာပဲ” ရန်ယိရဲ့ ရမ္မက်တွေ လျှံထနေတဲ့မျက်လုံးက ရှန်းရင်ဆီ ရောက်သွားပြီး ရှေ့တစ်လှမ်းတိုးလာတယ်။

“ဟားဟားဟား… ကောင်းလိုက်တာ၊ ဆရာတူအစ်ကို ဒီတစ်ယောက်က ကျွန်တော့်အပိုင်နော်”

ရှန်းရင်

ချီချန်းယွီ သွေးပျက်ပြီး အော်လိုက်တယ်။

“သူ့ကို မထိကြနဲ့” သူမ ဒီတစ်ယောက် ရှိနေတာကို လုံးဝမေ့သွားခဲ့တာ ဒီမိန်းကလေးကို ကာကွယ်ပေးချင်ခဲ့ပေမဲ့ ဒီအရှုပ်အထွေးထဲ ဆွဲသွင်းမိမယ်လို့ မ‌မျှော်လင့်ခဲ့ဘူး။ သူမဆီ ဖြစ်လာသမျှကိစ္စတွေ လက်ခံနိုင်ပေမဲ့ ရှန်းရင်ကတော့… သူက ဖြူစင်တဲ့ မိန်းမပျိုလေး။ ဒီလိုရွံစရာကိစ္စတွေ ကြုံရမှာကို ခွင့်မပြုနိုင်ဘူး။

“သူက သေမျိုးပဲနော်၊ ငါနဲ့လည်း ဆက်စပ်မှုမရှိဘူး၊ နင်တို့ သူ့ကိုထိရဲထိကြည့် ငါသက်သာတဲ့နေ့က နင်တို့အရိုးတွေကို စားပစ်မဲ့နေ့ဖြစ်လိမ့်မယ်”

“ဟမ့် မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တာ၊ တခြားသူတွေကို ကာကွယ်ပေးချင်သေးတယ်ပေါ့”

ရန်ယိကတော့ သူမခြိမ်းခြောက်မှုကို စိတ်ထဲမထား။

“သေမျိုးတွေကို ခူးဆွတ်လို့မရပေမဲ့ ရုပ်သေးရုပ်အဖြစ်တော့ လုပ်လို့ရကောင်းပါတယ်”

သူက စကားအဆုံးမှာ လက်နက်ထုတ်၊ လက်စည်းတံဆိပ်တစ်ခု ဖန်တီးပြီး ဓမ္မမန္တန်ရွတ်တော့မဲ့ဆဲဆဲ ပိဟောက်က ရုတ်တရက် အကျယ်ကြီး ထအော်ပါလေရော။

“ရပ်လိုက်”

“ဆရာတူအစ်ကို” ရန်ယိက ကြောင်အမ်းသွားရှာတယ်။

“အနိစ္စမိစ္ဆာသခင်၊ ကျုပ်တို့ ဒီနေ့ဖြစ်ခဲ့သမျှ အားလုံးအတွက် အင်မတန် တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပေးဖို့နဲ့ ကျုပ်တို့လို မထင်မရှားလေးတွေကို အလွှတ်ပေးဖို့ မျှော်လင့်မိပါတယ်”

ရုတ်တရက်ကြီး ပိဟောက်က အင်မတိအင်မတန်လေးစားသမှုရှိနေတဲ့လေသံနဲ့ ပြောလာတယ်။ သူ့မျက်လုံးထဲက မာနတွေ၊ ဝမ်းမြောက်မှုတွေက ပျောက်ကွယ်သွားတာ ကြာလှပြီ၊ အဲအစား… အကြောက်တရားနဲ့ ပြည့်နေတာလား။

“ဆရာတူအစ်ကို” ရန်ယိက ဒီရုတ်တရက်အပြုအမူပြောင်းလဲသွားတာကိုမြင်တော့ ကြက်သေ သေသွားတယ်။

“ပါးစပ်ပေါက်ပိတ်ထား” ပိဟောက်က ပြန်လှည့်ပြီး ရန်ယိပါးစပ်ကနေ နောက်တစ်ခွန်းထပ်ထွက်မှာကို တားဆီးကာ ချီချန်းယွီကို လေးလေးစားစားဆက်ပြောလိုက်တယ်။

“ကျုပ် အနာဂတ်မှာ တရားဝင်တောင်းပန်ဖို့ မင်ယင်တောင်ဆီ သေချာပေါက်သွားပါ့မယ်”

ပြီးသွားတော့ သူချက်ချင်း မြေကြီးပေါ်က အစီအရင်ချိတ်တံဆိပ်ကို လက်တစ်ဖက်နဲ့ဖယ်ကာ သူမအတွက် သက်စောင့်ဆေးတစ်ပုလင်းထုတ်ပေးလိုက်တယ်။

“ဆရာသခင်ရဲ့ဒဏ်ရာက အတော်လေး ပြင်းနေတာ၊ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေအနေနဲ့ ကျုပ်တို့အချင်းချင်း ကူညီသင့်တာပဲလေ၊ တောင်းပန်တဲ့အနေနဲ့ အားသစ်လောင်းပေးတဲ့ သက်စောင့်ဆေးတစ်ပုလင်းပါ”

“ရူးနေပြီလား” ရန်ယိ လုံးဝကို ကြောင်အမ်းသွားပေမဲ့ ထပ်ပြီးတော့ အကြည့်တစ်ချက်နဲ့ ပါးစပ်ပေါက်ပိတ်ခံလိုက်ရပြန်တယ်။

“နင်တို့ အခု ဘာကြံနေပြန်ပြီလဲ” ချီချန်းယွီက လက်ထဲက သက်စောင့်ဆေးဘူးကို ကြည့်လိုက်တယ်။

“ကျုပ်တို့က မိတ်ဆွေဖွဲ့ပြီး ကြားထဲက ဆက်ဆံရေးကောင်းတည်ဆောက်ချင်ရုံပါ”

သူက ရယ်ရယ်မောမော ပြောတော့တယ်။ သံသယဝင်ခံရမှာကို စိုးရိမ်နေတဲ့ပုံနဲ့ ဆေးလုံးတစ်လုံးတောင် မျိုချလိုက်ပြသေး။

“ဆရာသခင်က မဟာနတ္ထိဂိုဏ်းက ကန်းဇီလွေ့ကို ရှာနေတယ်လို့ ကြားတယ်၊ မဟာနတ္ထိဂိုဏ်းရဲ့ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်မှာ လောလောဆယ်ပုန်းနေကြတဲ့သတင်းတွေနဲ့ ကြုံကြိုက်ခဲ့ပါတယ်”

“နင်အမှန်တိုင်းပြောနေတာလား” ချီချန်းယွီ ထိတ်လန့်သွားခဲ့တယ်။ သူမမျက်စိတွေက နီရဲပြီး သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ပေါ်ထွက်လာတော့တယ်။

“ဆရာသခင်‌ရှေ့ မဖုံးကွယ်ရဲသလို မလိမ်ရဲပါဘူး”

ချီချန်းယွီက အံတင်းတင်းကြိတ်ကာ မျက်လုံးတွေက တစ်စုံတစ်ရာကိုမှတ်မိသွားခဲ့သလိုမျိုး လောင်ကျွမ်းနေတဲ့ အမုန်းတရားတွေနဲ့ တလက်လက်တောက်ပနေတယ်။ သူမ ရှာနေခဲ့တာ သိပ်ကိုကြာပြီ။ ဒါဆို… ဒါဆို၊ သူ အဲမှာပုန်းနေခဲ့တာပေါ့။

“နှစ်ယောက်လုံး အဆင်ပြေပြီဆို…” ပိဟောက် ခေါင်းမော့ပြီး သတိတကြီးပြောလိုက်တယ်။

“ကျုပ်တို့အရင်သွားလို့ရပြီလားဗျ”

ချီချန်းယွီ စိတ်ထဲက ဆူပွက်လာမှုကို ထိန်းချုပ်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ သူမ သူ့ဆီကနေ သက်စောင့်ဆေးပုလင်းကိုယူပြီး ဟောက်လိုက်တယ်။

“သွားကြစမ်း”

သူမစကားအဆုံးမှာ ပိဟောက်လက်တွေ ပြေလျော့သွားပြီး ချက်ချင်းဝမ်းသာသွားတော့တယ်။

“ကျုပ် အခုသွားပါတော့မယ်” သူ အမြန် ညည်းညူပြီး မကျေမနပ်ဖြစ်နေတဲ့ ရန်ယိကိုပါ ဆွဲခေါ်ပြီး အနောက်ကနေ သရဲတစ္ဆေတွေလိုက်ခံနေရသလိုမျိုး ချက်ချင်းပျောက်သွားတော့တယ်။

“ဆရာတူအစ်ကို၊ အဲဒါဘာတွေလဲ” ကီလိုငါးဆယ်လောက် ပျံသန်းပြီးတဲ့နောက် ရန်ယိစိတ်ထဲ မထိန်းနိုင်တော့ဘဲ ဘေးကိုတွန်းလိုက်တယ်။

“ဒါအခွင့်အရေးကောင်းကို ဒီလိုမျိုး လွှတ်ပေးလိုက်တယ်ပေါ့၊ ကျွန်တော်တို့ အရည်အချင်းနဲ့ဆို ဒီအခွင့်အရေးကို လက်လွှတ်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းက ဘယ်တော့မှ ပြီးမြောက်နိုင်တော့မှာမဟုတ်ဘူး”

ပိဟောက်က ရပ်သွားပြီး ရုတ်တရက် သူ့ညာဘက်လက်ကို ပွေ့ထားရင်း ဆောင့်ကြောင့်ထိုင်ချတော့တယ်။ သူကြမ်းပြင်ပေါ် သွေးတွေအန်ထွက်ပြီး ညာဘက်လက်က မြေကြီးပေါ် ပုံပျက်စွာ တွဲကျ‌သွားလေတယ်။

“ဆရာတူအစ်ကို” ထိတ်လန့်သွားပြီး ရန်ယိ တခြားလက်ကနေ ပိဟောက်သွေးကြောကို အမြန်စမ်းကြည့်လိုက်တယ်။ သွေးကြောစမ်းပြီးတဲ့နောက် ရန်ယိမျက်ဝန်းတွေ ပြူးသွားပါလေရော။

“ဆရာတူအစ်ကို… ရွှေအမြုတေက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်တုန်းက ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားခဲ့တာလဲ”

“ငါတို့ ဆက်ပြီးသာကြာကြာနေရင် ရွှေအမြုတေတင် ကြေမွရုံတင်မကဘူး၊ နှစ်ယောက်လုံး သေနေလောက်ပြီ”

“အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာ…” ရန်ယိ ကြောက်လန့်နေရှာ‌တယ်။

“ချီချန်းယွီ… ဟန်ဆောင်နေတာ မဟုတ်သရွေ့ပေါ့၊ သူတကယ်ဒဏ်ရာမရသွားဘူးလား”

“သူ မဟုတ်ဘူး၊ နောက်တစ်ယောက်ဟ” ပိဟောက် တစ်စုံတစ်ရာကိုစဉ်းစားနေသလိုမျိုး တုန်ယင်သွားခဲ့တယ်။

“နောက်တစ်ယောက်လား၊ ဆိုလိုတာက…”

“အင်း”

သေရာပါ ဓာတ်ကြီးငါးပါး အမြစ်ကြောနဲ့လူမို့ သူ့ရွှေအမြုတေကို ဘေးကင်းကင်း ကာကွယ်ပြီး မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကြား နေရာတစ်နေရာရအောင် တိကျတဲ့ အာရုံနဲ့စွမ်းရည်ပေါ် အမြဲအားကိုးခဲ့တာ။ ဒါတောင် ချီချန်းယွီဘေးက ကောင်မလေးရဲ့ ဆုပ်ကိုင်လိုက်မှုနဲ့တင် ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ ကြောက်မက်စရာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ အာရုံရခဲ့တယ်။ လွှမ်းမိုးနိုင်ပြီး မလွတ်မြောက်နိုင်တာမျိုး။ အဲအချိန်တုန်းက သူလုံးဝခံစားခဲ့ရတာက – သေမင်းပဲ

သူ့ရွှေအမြုတေ ဘယ်ချိန်‌ ကြေမွသွားခဲ့လဲတောင် မသိဘူး။ အဲလူက… သိပ်ကြောက်ဖို့ကောင်းတယ်

“ဒါပေမဲ့… သူက သေမျိုး မဟုတ်လား”

ဝိညာဉ်ချီမရှိတာ အသိသာကြီးပဲကို။

“ငါလည်း မသေချာဘူး” ပိဟောက် တုန်တုန်ယင်ယင်နဲ့ လက်သီးဆုပ်လိုက်တယ်။

“ဒါပေမဲ့ အဲလူက သေချာပေါက် မရိုးဘူး၊ ငါတို့ အဲလူကိုနောက်တစ်ခေါက်ထပ်တွေ့ရင် သူနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေတာ အကောင်းဆုံးပဲ”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset