အခန်း ၂၅။ ယင်ခန္ဓာ
“သစ်တောအပြင်ဘက်က ကျင့်ကြံသူမြို့ကိုတွေ့လား၊ မြို့ထဲမှာ မဟူရာကောင်းကင်ဂိုဏ်းကိုသွားနိုင်တဲ့ ရွှေ့ပြောင်းအစီအရင်တစ်ခုရှိတယ်” ချီချန်းယွီက ရှေ့ကလမ်းကို လက်ညှိုးထိုးပြလိုက်တယ်။
သားရဲဆေးလုံးနဲ့ ပိဟောက်စီက သက်စောင့်ဆေးလုံးကို သောက်ပြီးတဲ့နောက်မှာ သူမရဲ့ဒဏ်ရာက အပြည့်အဝ ပြန်ကောင်းလုနီးပါးဖြစ်သွားတယ်။ ပြီးတော့ ချက်ချင်းပဲ အန္တရာယ်များတဲ့တောအုပ်ကနေ ထွက်သွားလိုက်တာပေါ့။ အစတုန်းက မင်ယင်တောင်တန်းကို ပြန်ဖို့ ရည်ရွယ်ထားပေမဲ့ ပိဟောက် သယ်လာတဲ့သတင်းက သူ့စိတ်ကို ပြောင်းသွားစေတယ်။ ရှန်းရင်ကိုခေါ်သွားတာကတော့ ဉာဏ်ရှိတဲ့လုပ်ရပ် မဟုတ်တာသိသာနေတယ်။ ဒါပေမဲ့ အရပ်မျက်နှာကို သေသေချာချာမသိတဲ့ သူ ရှန်းရင်ကို တစ်ယောက်တည်း ထားခဲ့ရလောက်အောင်လည်း သူမစိတ်ထဲမှာက အဆင်မပြေဘူးလေ။ ဒါကြောင့်မို့လို့ နောက်ဆုံးအချိန်မှာ သူ့ရဲ့လမ်းကြောင်းကို ပြောင်းပြီး ကျင့်ကြံသူမြို့ကို လာလိုက်တော့တာပဲ။
“ကောင်းပြီ နင်ဒီကနေ သွားလို့ရတယ်။ တည့်တည့်သွားရင်မြို့ထဲရောက်သွားလိမ့်မယ်။ ပြီးရင် လမ်းအဆုံးထိ ပင်မလမ်းကနေလျှောက်သွား အဓိကလမ်းမကြီးကနေ လျှောက်သွားလိုက် ပြီးရင် ညာဘက်ချိုး နေရာရွှေ့ပြောင်းအစီအရင်ကို နင်တွေ့လိမ့်မယ်”
“ကောင်းပြီလေ”
“နင် ဂရုစိုက်၊ ခဏနေအုံး… နင်ဘယ်သွားနေတာလဲ။ ငါတည့်တည့်သွားလို့ ပြောနေတာလေ… အဲဒါတည့်တည့်လား မဟုတ်ဘူးလေ ဘာကြောင့်ညာဘက်ကိုသွားနေတာလဲ။ ဂိတ်က အဲဒီမှာ ပြန်လာခဲ့ ”
သစ်ပင်တစ်ပင်ကို ကျော်ပြီးသွားတာနဲ့ ချက်ချင်းပဲ အရပ်မျက်နှာတွေ ရောသွားတဲ့ မိန်းကလေးကို ကြည့်ပြီးတော့ ချီချန်းယွီက ရွေးချယ်စရာမရှိဘဲ လိုက်တားရတော့တာပဲ။
“နင်ကန်းနေလား လမ်းကိုကြည့်လေဟေ့..ပြန်သွားချင်တာလား မသွားချင်ဘူးလား”
“ငါထင်တာ ဒီလိုပဲ”
ရှန်းရင်က ဦးခေါင်းကို ဘယ်ညာကြည့်ပြီး အေးရာအေးကြောင်း အမူအရာ ရှိနေတုန်းပဲ။
ချီချန်းယွီက ပြောစရာစကား ဆွံ့အသွားလေရဲ့။ ဒီလိုပဲ တွေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ မသေမျိုးကျင့်ကြံသူဂိုဏ်းတွေရဲ့ တပည့်တွေက သူတို့ဂိုဏ်းတွေကို မြင့်မြင့်မားမား တွေးထားကြတာ မဟုတ်ဘူးလား။
“သတိနဲ့နေ လမ်းကို ကြည့်သွား” ချီချန်းယွီက သူ့ကိုထပ်ပြီးသတိပေးလိုက်တယ်။ စဉ်းစားပြီးတဲ့နောက် ဝိညာဉ်ကျောက်တုံးအိတ်လေးတစ်အိတ် ထုတ်ပေးပြီး ရှန်းရင်ဆီ ပေးလိုက်တယ်။
“ဒါကိုယူသွား။ လမ်းကိုဂရုစိုက်သွား တခြားသူတွေ နင့်ကို မလိမ်စေနဲ့”
ရှန်းရင်က သူမအိတ်ထဲမှာရှိတဲ့ လေးလံတဲ့အိတ်ကို တစ်ချက်ကြည့်လိုက်တယ်။ ဒီပိုက်ဆံတွေကိုသုံးပြီး ဝယ်ရမှာလား။
“ငါဖြေရှင်းစရာကိစ္စတစ်ခုရှိသေးတယ် ဒီတော့ နင်ငါနဲ့ပါလာတာက ဝန်ထုတ်ဝန်ပိုးတစ်ခုပဲဖြစ်မှာ။ သွားတော့မယ်…. နင့်ကိုယ်နင်ဂရုစိုက်”
“ဟေ့” ‘ဒါကလမ်းခွဲစရိတ်လို့ သူမဘာကြောင့် ခံစားမိနေတာလဲ’
ရှန်းရင်က ခေါင်းကိုမော့ပြီးတော့ ရှေ့ကလူကိုလှမ်းကြည့်လိုက်တယ်။
“နင် အဲဒီကန့်လို့ခေါ်တဲ့လူကို သတ်မလို့လား”
“ဟုတ်တယ်ငါသွားသတ်…”
ချီချန်းယွီက ပြောရင်းနဲ့ အံ့ဩလို့ မျက်လုံး ပြူးကျယ်ကုန်ရောပဲ။ “နင် ဘယ်လိုလုပ်… သိတာလဲ”
“သိသာတာပဲကို”
အဲဒီတဏှာရူးက ချီချန်းယွီကို သတင်းပေးတဲ့အချိန်ကစပြီးတော့ သူ့စိတ်က ကြက်ကင်တဲ့တာဝန်ထဲမှာ မရှိတော့ဘူး။ ဒါကြောင့် မို့လို ချက်ပြုတ်တဲ့ စံသက်မှတ်ချက်မှာ လျော့ကျသွားတာပဲလေ။
“နင်ပြောတာမှန်တယ်။ ငါက ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ကို တကယ်သွားမလို့”
သူမရဲ့ မျက်ဝန်းတွေက နက်မှောင်သွားပြီး လက်သီးကျစ်ကျစ်ဆုပ်လိုက်မိတယ်။ ပေါက်ကွဲတော့မဲ့ အတွင်းထဲက ဒေါသထွက်နေတဲ့ စိတ်ခံစားချက်တွေကို ဖိနှိပ်ဖို့ တော်တော်လေးအားစိုက်ထုတ်လိုက်ရတာ ပြီးတော့ ရှန်းရင်ကို ပြုံးပြပြီးပြောလိုက်တယ်။
“နင် ဒါကိုခန့်မှန်းမိတယ်ဆိုမှတော့ ငါပြန်လာနိုင်လောက်မှာမဟုတ်ဘူးဆိုတာနင်သိသင့်တယ်။ ဒီတော့နင် နင့်ကိုယ်နင် စောင့်ရှောက်ရမယ်”
“အကူအညီလိုလား” ရှန်းရင်က ရုတ်တရက်မေးလိုက်တယ်။
ချီချန်းယွီက ရယ်မောလိုက်တာပေါ့ “ငါ့ကို ကူညီဖို့လား မဟူရာကောင်းကင်ဂိုဏ်းရဲ့တပည့်တစ်ယောက်က သမာသမတ်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ကို ဖြေရှင်းဖို့ မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို ကူညီချင်တယ်လို့ ပြောနေတာလား”
“ဟုတ်တယ်လေ” ပြောရရင်ငါက နင့်ပိုက်ဆံယူထားတာပဲကို။
အစက ချီချန်းယွီက သူနောက်နေတယ်လို့ထင်တာ ဒါပေမဲ့ ရှန်းရင် တကယ်ကြီးပြောနေတယ်ဆိုတာ နောက်မှ သဘောပေါက်သွားတယ်။ သူမရဲ့မျက်ဝန်းတွေလည်း ချက်ချင်းနက်မှောင်သွားတော့တာပဲ။
“ဘာကြောင့်လဲ… နင်ငါ့ကိုသိတာ ရက်နည်းနည်းလေးပဲရှိသေးတယ်။ အဲဒီလူနဲ့ ငါဘယ်လိုမကျေနပ်မှုမျိုး ရှိနေလဲဆိုတာလည်း နင်မသိဘူး။ နင်ငါ့ကို ဘာကြောင့်ကူညီပေးချင်တာလဲ”
‘အင်း ငါတို့တွေဒီလာက် ရက်တော်တော်ကြာ ကြက်ကင်တွေအတူတူစားလာခဲ့တာပဲ’
“နင့်မှာရှိတဲ့ မကျေမချမ်းမှုတွေကတော့ ငါခန့်မှန်းလို့ရတယ်ထင်တာပဲ”
သူမက ဘေးမှာရှိတဲ့သစ်ငုတ်တိုဘေးမှာ ရုတ်တရက် ထိုင်ချလိုက်တယ်။
“နင် မိစ္ဆာကျင့်ကြံသူတစ်ယောက်ဖြစ်လာရတာ သူနဲ့သက်ဆိုင်တယ်မို့လား”
သူမဦးနှောက်ကို သုံးရတာက တကယ်ငြီးငွေ့ဖို့ကောင်းတာပဲ။
ချီချန်းယွီရဲ့အမူအရာက ပိုသုန်မှုန်လာပြီးတော့ လက်သီးကိုကျစ်ကျစ်ဆုပ်နေရာက တစ်စုံတစ်ခုကို ဖိနှိပ်ဖို့အတွက် ကြိုးစားနေသလိုပဲ။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးတော့ သူက ရှန်းရင်ကို ကြည့်လိုက်တယ်။ ပြုံးဖို့ ခက်ခက်ခဲခဲ ကြိုးစားပေမဲ့လည်း တုန်ယင်နေတဲ့နှုတ်ခမ်းတွေက သူမရဲ့ခါးသက်မှုကို မဖုံးကွယ်နိုင်လေဘူး။
“ကြည့်ရတာ ဒီကုန်လွန်ခဲ့တဲ့နေ့ရက်တွေအတွင်းမှာ နင်က ကြက်ကင်စားတာချည်းပဲ အာရုံစိုက်နေတာ မဟုတ်ဘူးနဲ့တူတယ်။ ငါပြောတာကို နင်နားထောင်နေတာပဲ”
သူမက ရှန်းရင်ဘေးမှာ ထိုင်ချလိုက်ပြီးတော့ အတိတ်တုန်းကမှတ်ဉာဏ်တွေက သူမမျက်လုံးထဲမှာ ပေါ်လာတယ်။ အာရုံစူးစိုက်မှုမရှိဘဲနဲ့ မျက်ဝန်းတွေက ရှေ့ကိုကြည့်နေတာပေါ့။
“ဟုတ်တယ်။ ငါ့ရဲ့ ရွှေအမြုတေက အဲဒီနေ့က ဖျက်ဆီးခံလိုက်ရတယ်။ ပြီးတော့ ငါ လျှို့ဝှက်ခန်းတစ်ခုထဲမှာ အကျဉ်းချခံထားရပြီး ယွီတင်းက ငါ့ကို ကျင့်ကြံခြင်း လိင်ကျွန်အနေနဲ့ သုံးခဲ့တာ။ နောက်ပိုင်း ကစားစရာလိုမျိုး ငါ့ကို တခြားသူတွေဆီတောင် လက်ဆင့်ကမ်းခဲ့သေးတယ်၊ ဒါတွေအားလုံးက အဲဒီလူကြောင့်ပဲ၊ ရယ်စရာကောင်းတာကလေ… ”
သူမက ပြောနေရင်း ရပ်လိုက်တယ်။ ပြီးတော့ အံ့ကြိတ်ရင်း ပြောနေရင်းသလိုမျိုး အသံက နက်ရှိုင်းလာတယ်။
“သူက ငါ့ကို မသေမျိုး လမ်းကြောင်းဆီ ဦးဆောင်ပေးတဲ့သူ၊ ငါ့ကျင့်ကြံမှုကို လမ်းပြပေးခဲ့တဲ့သူ၊ သူက ငါ့ဆရာ၊ ငါ့ ကျေးဇူးရှင်”
သူမက တမင်တကာ နောက်ဆုံး စကားလုံးကို ဖိပြောလိုက်ပြီး သူ့မျက်လုံးတွေက ချက်ချင်း နီရဲလာတယ်။ ထေ့ရိတဲ့အပြုံးနဲ့ သူမက ပြောလိုက်တယ်။ “သန့်စင် ယင်ခန္ဓာ ငါ့မှာ သန့်စင်ယင်ခန္ဓာလို့ခေါ်တဲ့ဟာ ရှိနေတာကြောင့် ငါ့ကျေးဇူးရှင် ဆရာသမားက ငါ ရာစုနှစ်ကြာ ကျင့်ကြံမှုကို ဖျက်ဆီးပိုင်ခွင့် ရှိတယ်လို့ ခံစားမိတယ်လေ၊ ပြီးတော့ ငါ့ကို တစ်ယောက်ယောက်ရဲ့ အိပ်ရာပေါ် ပို့ပေးပြီး ဆယ်စုနှစ်ကြာ ငါ့အရှက်ခွဲစော်ကားခံရတာကို မျက်မြင် ကြည့်နေခဲ့တယ်” သူမသာ သူ့ကိုယ်သူ မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ဖိအား မပေးခဲ့ရင် အဲဒီငရဲမှာ နွမ်းနွမ်းလျလျနဲ့ နေရအုံးမှာ။
“ငါသူ့ကို နှစ်ပေါင်းရာချီ ရှာလာခဲ့တာ.. အဲဒီကျေးဇူးကြွေးကို ပြန်ဆပ်ဖို့ပေါ့”
သူမရဲ့အမူအရာက သုန်မှုန်သွားပြီး အတွေးထဲနစ်နေတဲ့ပုံပဲ။ မျက်လုံးတွေက ဖြည်းဖြည်းချင်း ခဲလာတော့တယ်။ “ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ ငါ့ကို ညှဉ်းပန်းခဲ့တဲ့သူတွေအားလုံးကို သတ်ခဲ့ပြီးပြီ… ဒါပေမဲ့ သူတစ်ယောက်ကိုပဲ ငါမရှာနိုင်တာ။ ငါ နှစ်တစ်ရာလုံးလုံး နေ့ရောညပါတွေးနေခဲ့တယ်။ တစ်နေ့ကြရင်… အဲဒီ တစ်နေ့ကြရင်..”
“သွားကြမယ်” ရှန်းရင်က ရုတ်တရက်ဖြတ်ပြောပြီး ချီချန်းယွီ စိတ်ရူးဖောက်နေတာကို ချက်ချင်း ဝင်နှောင့်ယှက်လိုက်တယ်။ ဘေးတိုက်ပုတ်လိုက်ပြီး မတ်တတ်ထရပ်ပြီးတော့ ပျင်းရိနေတဲ့လေသံနဲ့ ပြောလိုက်တာပေါ့။
“သူ့ကိုသတ်ဖို့ ငါကူညီပေးမယ်”
ရှန်းရင် ကူညီမယ်ဆိုတဲ့အချက်ကြောင့် အံ့သြသွားပြီး ချီချန်းယွီရဲ့အမူအရာက သိမ့်မွေ့သွားတယ်။ ပြီးတော့ သူမက ရယ်မောလိုက်တော့တာပေါ့။ “နင်လား မေ့လိုက်တော့။ နင်ကြက်ကင်လေးတွေ နည်းနည်းပိုစားဖို့ နင့်ရဲ့အသက်လေးကို ချွေတာထား” သူက ဘာများလုပ်နိုင်မှာလဲ။ သူကသေမျိုးတစ်ယောက်ပဲလေ။
“ဓားရိပ်ဖမ်းခြင်းတောင်ထွတ်က ဘယ်လိုနေရာလို့ နင်ထင်လဲ။ မဟာနတ္ထိဂိုဏ်းရဲ့သူတော်စင်မြေ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူတွေက ဉာဏ်အလင်းပွင့်ဖို့အတွက် နောက်ဆုတ်ပေးရတဲ့နေရာပဲ။ နင်သေမျိုးတစ်ယောက်ဖြစ်နေတဲ့ အချက်ကို ဘေးချိတ်ထားပြီး နင် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံခြင်းသူတစ်ယောက်ဖြစ်ရင်တောင် ဝင်ခွင့်ရဖို့အတွက် သူတို့လိုအပ်ချက်ကို ပြည့်မီမှာမဟုတ်ဘူး”
ဓားရိပ်ဖမ်းခြင်းတောင်ထွတ်က ထျန်းလန် လောကရဲ့ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတည်ဆောက်ခဲ့တာဆိုပြီး ကောလာဟလရှိတယ်။ ပြီးတော့ အလယ်ထျန်းလန်လောကကနေ အထက်ထျန်းလန်လောကကို ဝင်နိုင်တဲ့ တစ်ခုတည်းသော နေရာလည်းဟုတ်တယ်။
“ဒါကြောင့် ဂိုဏ်းသုံးဂိုဏ်း၊ ကျောင်းခြောက်ကျောင်းက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်တွေကပဲ ဖြတ်သန်းသွားလာခွင့် ကျောက်စိမ်းတံဆိပ်ပြားရှိတဲ့သူတွေ…… သူတို့ပဲ ဝင်ခွင့်ရနိုင်တယ်။”
သူက စိတ်အားထက်သန်စွာရှင်းပြလိုက်တယ်။ “လူတစ်ယောက်မှာ ဖြတ်သန်းသွားလာခွင့် ကျောက်စိမ်းတံဆိပ်ပြားမရှိရင်၊ မဟုတ်ရင်…”
“နင်ပြောတာ ဒါလား” ရှန်းရင်က ချီရှီးလို့ ရေးထားတဲ့ ဖြတ်သန်းသွားလာခွင့် အဖြူရောင်ကျောက်စိမ်းတံဆိပ်ပြားကို ရုတ်တရက်ထုတ်လိုက်တယ်။
“……”
ဟမျ ဟမျ ဟမျ
Σ(°△°|||)
“နင်… နင် ဒါကို ဘယ်လိုရလာတာလဲ” ချီချန်းယွီက အံ့သြမှုကြောင့် မျက်လုံးပြူးကျယ်သွားတော့တာပဲ။
“သြော်.. ဒါက ငါ့မွေးရပ်မြေက အသိတစ်ယောက် ပေးထားတာလေ” ယာယီစားဖိုမှူးက သူ့ကိုဒါ ပြပြီးတဲ့နောက် တကယ့်ကို ပြန်ယူဖို့မေ့သွားတာ။
မယုံနိုင်တဲ့အကြည့်နဲ့ ချီချန်းယွီက သူ့ဆီကတံဆိပ်ပြားကိုယူပြီး သေချာကြည့်လိုက်တယ်။ ဒါက ဖြတ်သန်းသွားလာခွင့် ကျောက်စိမ်းတံဆိပ်ပဲ။ တကယ်ကြီး ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ရဲ့ ဖြတ်သန်းသွားလာခွင့် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုပဲ။ ဝိညာဉ်ချီထည့်ပြီး စစ်ဆေးပြီးတော့ ကူယွဲ့လို့ရေးထားတဲ့ စကားလုံးကိုတွေ့နေရတယ်။
ဒါပေမဲ့ ….
“ဒီဖြတ်သန်းသွားလာခွင့် ကျောက်စိမ်းတံဆိပ်က သူ့ပိုင်ရှင်ကို အသိအမှတ်ပြုနိုင်တယ်။ တံဆိပ်ပြားကို ကိုင်တဲ့သူက သူတို့နဲ့အတူ ဝိညာဉ်အသုံးဆောင်ပစ္စည်းရှိမနေရင်… ဒါကို အသက်သွင်းနိုင်မှာမဟုတ်”
“နင်ပြောတာ ဒါလား” ရှန်းရင်က အဖြူရောင်ကျောက်စိမ်းပလွေကို ရုတ်တရက်ဆွဲထုတ်လိုက်တော့တာပဲ။
ချီချန်းယွီ””
“ဓားရိပ်ဖမ်းခြင်းတောင်ထွတ်မှာရှိတဲ့ စစ်မှန်မှုရှာဖွေခြင်းကျောက်တုံးက ဆရာသခင်ရဲ့ ပင်ကိုယ်ဓမ္မ အသုံးအဆောင်ကို အသိအမှတ်ပြုနိုင်တဲ့….”
“ဒါရောလား…” သူက ယပ်တောင်တစ်လက်ကို ဆွဲထုတ်လိုက်တယ်။
ချီချန်းယွီ””
အတော်ကြာသွားပြီးတော့….
ရိုက်မိတော့မယ် အဲဒီလူဆီကနေ နင်ပစ္စည်းတွေဘယ်လောက်များများယူလာတာလဲ…
“ငါ မေးခွန်းတစ်ခုလောက်မေးလို့ရမလား”
“ဘာလဲ…”
“ဒီ ကူယွဲ့ဆိုတဲ့လူနဲ့ နင် ဘာအငြိုးအတေးတွေများရှိလဲ”
အဲဒီလူရဲ့….ကိုယ်ပိုင်ဓမ္မအသုံးအဆောင်တွေက နင့်လက်ထဲ ဘယ်လိုလုပ်ရောက်လာရတာတုံး။
“…”
“နင် ဒီပစ္စည်းတွေအားလုံးရှိနေမယ်ဆိုမှတော့ ပိုင်ရှင်ကိုပဲ လာခိုင်းလိုက်တော့လေ… လာခိုင်းလိုက်လို့ ရတာပဲ”
“နင့် သဘောပဲလေ” ခေါင်းညိမ့်ပြီးတော့ ရှန်းရင်က သူ့နောက်ကို လှည့်ကြည့်လိုက်တယ်။
“နင် ဘာလုပ်နေတာလဲ….ခဏ” ခဏအကြာမှာရှန်းရင်က မြင်ကွင်းအရှေ့ကနေပျောက်ကွယ်သွားတယ်။ ရုတ်တရက်ကြီး သူက မကောင်းတာတစ်ခုခုကို ခံစားမိလာတော့တာပဲ။
သုံးမိနစ်လောက်ကြာပြီးတော့…..
“နင်လိုချင်နေတဲ့သူ”
ဝတ်ရုံစိမ်းနဲ့ လူတစ်ယောက်က သူမဆီကိုရောက်လာတော့တာပဲ….
ချီချန်းယွီ ”… “
ကူယွဲ့ “……”
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ……
…