အပိုင်း ၂၃ ။ အင်မတိအင်မတန်တုံးအခြင်းမှ ကာကွယ်ခြင်း
ချီချန်းယွီခမျာ အားမရှိတော့သလိုခံစားရတယ်။ သူမ ရှေ့က လူကို ခေါင်းစခြေဆုံးကြည့်လိုက်မိရဲ့…။
“နင်ခုထိဘယ်လိုအသက်ရှင်လာသေးတာလဲ”
ဒီလို ခပ်အအ လူတစ်ယောက်ကို မဟူရာကောင်းကင်ဂိုဏ်းကလက်ခံမယ်မယုံနိုင်ဘူး။ ဂိုဏ်းက ကန်းနေတာများလား..။
“ဟင်…” သူမက ရှန်းရင် ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝိညာဉ်ချီတွေ ရှိမရှိထပ်စစ်ဆေးကြည့်လိုက်တယ်။
“နင်က တကယ့်ကိုသေမျိုးပဲ”
အစတုန်းကတော့ သူမ ဒဏ်ရာတွေကြောင့်မို့ ရှန်းရင်ရဲ့ကျင့်ကြံဆင့်ကို စမ်းမရဘူးထင်ခဲ့တာ အခုတော့ ရှန်းရင်က ဝိညာဉ်ချီတစ်စက်လေးတောင် မရှိတဲ့သေမျိုးတစ်ယောက်ဖြစ်မယ်လို့ ချီချန်းယွီမထင်ခဲ့ဘူး။ မဟူရာကောင်းကင်ဂိုဏ်းက အစေခံတွေတောင် ကျင့်ကြံကြတယ်။ ဒါပေမဲ့ သူမကတော့ ချီအရိပ်အငွေ့အသက်လေးတောင် မရှိဘူး။ အကျော်အမော်ဂိုဏ်း မဟူရာကောင်းကင်ဂိုဏ်းမှာ ရောက်နေပေမဲ့ လေ့ကျင့်လို့ မရရှာဘူး။ အော် သူလည်းသနားဖို့ကောင်းတဲ့လူပဲ…။
ဒီအတွေးကြောင့် ချီချန်းယွီ ဒေါသတော်တော်လေး ပြေသွားတယ်။ ဒါပေမဲ့ တစ်ဖက်လူကတော့ ရစ်ငှက်အမွေးတွေကို နှုတ်ရင်း အလုပ်ရှုပ်နေရှာတယ်။ မကြာခင်ပဲ လရောင်ထွက်လာတာနဲ့အတူ အရောင်စုံငှက်မွေးတွေကအရောင်ပြန်ပြီး သက်တန့်ပုံစံ အလင်းပြန်လာတယ်။
တစ်ခုခုတော့မှားနေပြီ- အမွေးတွေက တကယ်အလင်းတွေထွက်နေတာဟ။
Σ(っ°Д°;)っ
“ခဏ”
ချီချန်းယွီက အမွေးနုတ်နေတဲ့ တစ်ဖက်လူရဲ့လက်ကို အမြန်ဆွဲလိုက်ပြီး ငှက်နှစ်ကောင်ကို အနီးကပ် ကြည့်လိုက်တယ်။ သူမ မျက်ဝန်းတွေက အံ့သြမှုကြောင့် ပြူးကျယ်သွားတယ်။
“ဒါ…ဒါတွေက အဆင့်ငါး ဝိညာဉ်သားရဲတွေ- မင်လျဲ့တျဲ့ယွဲ့လျန်… နင်သူတို့ကိုဘယ်မှာရှာတွေ့တာလဲ”
“မြစ်ဘေးကလေ” ရှန်းရင်က ဘယ်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ ခဏတွေးတောပြီး အကြာမှာတော့ ညာဘက်ကို ထပ်ညွှန်ပြပြန်တယ်။
ချီချန်းယွီမျက်နှာပေါ်က မယုံကြည်နိုင်တဲ့အကြည့်က ပိုပြီးထင်ရှားလာတယ်။ ရှန်းရင်ပုံစံက အဆင့်ငါးဝိညာဉ်သားရဲကို သတ်ဖြတ်နိုင်မဲ့ပုံလည်း မပေါ်ပါဘူး။ မုဆိုးတချို့ကများ သားရဲတွေကို ဖမ်းပြီး မြစ်ဘေးလွှတ်ပစ်ခဲ့တာများလား။ သူက တကယ်ကိုကံကောင်းတာပဲ။
“ဝိညာဉ်သားရဲဆိုတာဘာလဲ၊ ဒါက ကြက်မိစ္ဆာမဟုတ်ဘူးလား” ရှန်းရင်က သူမလက်ထဲကငှက်ကို ဝှေ့ယမ်းရင်း မေးတယ်။
“နင်ဒါကိုတောင် ဘာလို့မသိရတာလဲ” ချီချန်းယွီက တအံ့တသြကြည့်ရင်းရှင်းပြတယ်။
“မိစ္ဆာတွေက မိစ္ဆာတွေပဲ၊ သားရဲတွေက သားရဲတွေပဲ၊ မိစ္ဆာတွေဆိုတာ အာရုံခံစားနိုင်ခြင်းတွေရလို့ တိရစ္ဆာန်ကနေ အသွင်ပြောင်းလာတဲ့ သူတွေပဲ၊ သူတို့က နတ်ဘုရားအစွမ်းတွေကိုအသုံးချပြီး ကျင့်ကြံရင် ကိုယ်သဏ္ဌာန်ကို ရနိုင်တယ်၊ သားရဲတွေကျ မွေးတည်းက ထူးခြားသာလွန်တဲ့ သတ္တဝါတွေ၊ ဒါပေမဲ့ အာရုံခံစားနိုင်မှုမရှိဘူး၊ သူတို့တွေက ကျင့်ကြံခြင်းအဆင့်တော်တော်ရောက်မှပဲ ကိုယ်သဏ္ဌာန်နဲ့ အာရုံခံစားနိုင်မှုကို ရမယ်”
“အော်….” သူမက ခေါင်းတညိတ်ညိတ်။ ဒီတိရစ္ဆာန်သေးသေးလေးက လူစကားမပြောတာ အံ့သြစရာတော့ မရှိဘူး။
“စားလို့ရောရလား”
ချီချန်းယွီ နှုတ်ခမ်းဖျားတွေ တွန့်ချိုးသွားတယ် ။ ဒါအဓိကအချက်လား။ ဒါပေမဲ့ သေချာတွေးကြည့်တော့ ရှန်းရင်က သေမျိုးတစ်ယောက်ဆိုတော့ စားဖို့တကယ် လိုအပ်တာ သတိရမိသွားတယ်။ ဒါကြောင့် ချီချန်းယွီက မြေကြီးပေါ် အစီအရင်တစ်ခုဆွဲပြီး မီးလုံးတစ်လုံး ညှိလိုက်တယ်။
“ဝိညာဉ်သားရဲတစ်ကောင်ရဲ့အသားက ပုပ်သိုးနေတာ၊ ဒါကြောင့် မီးဝိညာဉ်နဲ့ သန့်စင်ပြီးမှစားလို့ရမှာ”
ပြောရင်း သူမက ရှန်းရင်ကိုင်ထားတဲ့ အမွေးမရှိဝိညာဉ်သားရဲလေးကို လှမ်းယူကာ မီးထဲထည့်လိုက်တယ်။
ရှန်းရင် : အစားအသောက်အတွက် လိမ်လိမ်မာမာစောင့်နေခြင်း
(•̀ω•́)✧
ချီချန်းယွီက သားရဲရဲ့ခေါင်းကိုအရင်ဆေးကြောရင်း ဝိညာဉ်သန့်စင်ဓားနဲ့ ပိုင်းချလိုက်တယ်။ အထဲမှာ အပြာရောင်တောက်တောက် အစေ့လေး ပေါ်လာတယ်။ဒါက အဆင့်ငါး သားရဲ ဆေးလုံး ပြီးတော့ ရေဓာတ်အစွမ်းပဲ။ သူမ ဒီသေမျိုးလေးရဲ့ ကံကောင်းမှုကို ထပ်မအံ့သြဘဲ မနေနိုင်တော့ဘူး- ဟိုဟိုဒီဒီ သွားရင်းနဲ့တောင် မုဆိုးတစ်ယောက်ထားခဲ့တဲ့ အဆင့်ငါး ဝိညာဉ်သားရဲအလောင်းတွေကို ကောက်လာနိုင်တယ်။
သူမက သားရဲဆေးလုံးကို နှိုက်ယူလိုက်တယ်။ဒီလို ပြီးပြည့်စုံတဲ့ အတွင်းဆေးလုံးက အင်မတန် ရှားပါးလွန်းရဲ့။ ရှန်းရင်ဆီ ပစ်ပေးရင်း သူမက ညွှန်ကြားလိုက်တယ်။
“ယူထားလိုက် ဂရုတစိုက်သိမ်းထား”
ရှန်းရင်က အဲဒါကိုတစ်ချက်ပဲကြည့်ပြီးပြန်ပစ်ပေးတယ်။
“ဟင့်အင်း နင်ယူထားလိုက်ပါ”
“နင်…နင်ငါ့ကိုတကယ်ပေးချင်လား” ချီချန်းယွီကမယုံကြည်နိုင်စွာစိုက်ကြည့်နေတယ်။ သူမမျက်နှာမှာ
‘နင်ဂေါက်နေတာလား’ ဆိုတဲ့ စကားလုံးတွေရေးထားသလိုပဲ။
“စိတ်ချပါ ငါနင့်ကိုလွှတ်ပေးမယ်၊ ကတိပေးထားတဲ့အတွက်စကား ပြန်မရုပ်သိမ်းဘူး၊ ဒါအဆင့်ငါး ရေအစွမ်းဝိညာဉ်သားရဲဆေးလုံးနော်၊ ဆေးကုသတဲ့မှော်အစွမ်းနဲ့ ဆေးလုံးတစ်လုံးပဲ၊ ဒီသားရဲကို နင်ကိုယ်တိုင် တွေ့တာဆိုတော့ နင့်ဟာဖြစ်ဖို့ ကံပါလာတာလေ၊ ငါကသူများ ကံကောင်းမှုကို လုယူတဲ့သူမဟုတ်ဘူး”
“မလိုပါဘူး” သူမမှာ အဲလိုအစေ့တွေ အများကြီးရှိပြီးသားပဲ။
သူမက ဒီဆေးလုံးရဲ့အကျိုးကျေးဇူးတွေကို နားမလည်ဘူးထင်သွားပြီး ချီချန်းယွီက ထပ်ရှင်းပြရှာပါတယ်။
“နင်က သေမျိုးဆိုပေမဲ့ ဒီအဆင့်ငါးသားရဲဆေးလုံးက ရှားပါးတယ်၊ နင်ဒီကနေ အကျိုးအမြတ် အများကြီး ရနိုင်တယ်”
“အိုး ဒါဆိုလည်း နင်ယူလိုက်ပါ” ကြက်ကင်ပေးတဲ့ အဖိုးအခအနေနဲ့ ယူလိုက်ပါ။
“ကြက်သားက ကျက်ပြီလားဟင်”
“နင်…” လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ထားရင်း ချီချန်းယွီက ရှန်းရင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိတယ်။
သူက ငါ့ဒဏ်ရာတွေကို ကုဖို့များ သားရဲဝိညာဉ်ဆေးလုံးကို ပေးတာလား။ ဘာလို့လဲ။ ငါက သူ့ကို ဓားစာခံခေါ်လာတဲ့သူလေ ဒါတောင်ရန်သူကိုကူညီချင်သေးတယ်ပေါ့…။
“ငါ…ငါက မိစ္ဆာကျင့်ကြံသူနော်” သူမက ရှန်းရင်ကို သတိမပေးဘဲမနေနိုင်တော့ဘူး။
“အမ်” ရှန်းရင်က သူမဘက်လှည့်ကြည့်လာရင်း မရေရာစွာ မျက်မှောင်ကြုတ်လာလေရဲ့။ ချီချန်းယွီစိတ်က အနည်းငယ်တော့ ကျဆင်းသွားတယ်။ ဒါပေမဲ့ နောက်တော့ ရှန်းရင်က အတည်ပေါက်ကြီး မေးချလာတာကို နားထောင်လိုက်ရတော့တယ်။
“မိစ္ဆာကျင့်ကြံသူတွေက…ကြက်သား မကင်နိုင်ဘူးလား”
ဘာ…။
ဦးနှောက်ခြောက်သွားရင်း ချီချန်ယုက အလိုလိုတုံ့ပြန်ပြီးခေါင်းညိတ်ပြလိုက်မိတယ်။
“….ကင်တတ်တယ်”
“အိုး အဲဆိုအဲဒါကိုကျေးဇူးပြုပြီးဆက်လုပ်ပေးပါ”
ဆက်လုပ်ရမယ်လား။ ဘာကိုဆက်လုပ်ရမှာလဲ။
“နင်သေချာလား ဒီလိုမျိုး…” သူမကိုပေးလိုက်တာလား ။ ဘာတောင်းဆိုချက်မှ မရှိဘဲနဲ့လေ။
“ဒါဘာဆက်လုပ်လို့ရသေးလဲ အာ ဒါနဲ့ နင့်မှာ ဇီရာစေ့ရှိလား”
နင်က ဒီလိုမျိုး အသေးစိတ်ကျလွန်းတဲ့ စားဖိုမှူးဆိုတာ မသိခဲ့တာပဲ…ညီမရယ်။
“…ဟင့်အင်း”
“အော် အဲဆိုလည်း မူရင်းအရသာကိုပဲ စားပါမယ်လေ”
စိတ်ပျက်မှု…။
“…”
ချီချန်းယွီ တံတွေးသီးတော့မလိုခံစားလာရတယ်။ သူတို့ပြောတဲ့အကြောင်းအရာက တူရောတူရဲ့လား။
(ー’ ́ー)
ဒီမသေမျိုးကတော့ လူတွေကို လမ်းလွဲသွားစေနိုင်တဲ့ အစွမ်းတကယ်ရှိတယ်။ ဒါပေမဲ့…သူမဒေါသမထွက်မိဘူး၊ အဲအစား ဝိညာဉ်သန့်စင်မီးကိုပဲ အရှိန်ပြင်းလိုက်တယ်။ သူမရင်ထဲကနေ ထူးခြားတဲ့ခံစားချက်တွေ ပေါ်လာတာကို ခံစားမိတယ်။ ခါးသက်သက် ခံစားချက်နဲ့ ချိုမြမှုတွေ ရောနေသလိုမျိုးပေါ့…။
တကယ်…ငါက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဆိုတာတောင် ငါ သူ့ကိုဓားစာခံလုပ်ခဲ့တာတောင် သားရဲဝိညာဉ်ဆေးလုံးကို ငါ့ကိုတကယ်ပေးချင်တယ်ပေါ့။ ငါ အပြင်းအထန် ဒဏ်ရာရနေတာ မြင်လို့များလား…။ ဒီလောကကြီးမှာ ဒီလောက်တုံးတဲ့လူ ဘယ်လိုလုပ်ရှိနေတာလဲ တုံးလွန်းတယ်။ တုံးလွန်းလို့ ငါကာကွယ်ပေးချင်စိတ်တောင်ဖြစ်လာတယ်
လက်သီးဆုပ်ထားရင်း ချီချန်းယွီ တစ်ခုခု ပြောလိုက်ချင်ပေမဲ့ ဘာပြောရမှန်းမသိတော့။ နောက်ဆုံးတော့ သူက အေးစက်စက်နှာမှုတ်ပြီးပြောလိုက်တယ်။
“နင့်လိုပုံစံမျိုးနဲ့ဆို သိပ်မကြာဘူး၊ အလိမ်ခံရမှာပဲ”
ပြောရင်း သူမက ကျက်သွားပြီဖြစ်တဲ့ ငှက်ကို ရှန်းရင်လက်မောင်းထဲထိုးထည့်ပေးလိုက်တယ်။
“ရော့ မြန်မြန်စား မြန်မြန်စား ဒါနဲ့ နင့်နာမည်ကဘာလဲ”
“ရှန်းရင်” ရှန်းရင်က စားရင်းပြန်ဖြေပြီး တခြားငှက်တစ်ကောင်ကိုလည်း တစ်ဖက်သူ လက်မောင်းထဲ ထည့်လိုက်တယ်။
“ဒီတစ်ကောင်ကိုလည်း ကင်ပေးပါဦး”
“နင်က အနားက လူတွေကို အမိန့်ပေးတဲ့နေရာမှာ တော်တော် အတွေ့အကြုံရနေတဲ့ပုံပဲ၊ ကြက်တစ်ကောင်က မလောက်သေးဘူးလား၊ နင်အစားလွန်ပြီး မသေဖို့ပဲ ဆုတောင်းတယ်”
သူမက ဆူပူကြိမ်းမောင်းနေပေမဲ့ ငှက်ကိုတော့ချက်ပေးရှာတယ်။ သူမ တခြားလူတစ်ယောက်နဲ့ ဒီလို အေးအေးချမ်းချမ်း စကားပြောခဲ့ဖူးတာ ဘယ်လောက်တောင်…ဘယ်လောက်တောင်ကြာသွားပြီလဲ။ တစ်ဖက်လူမျက်ဝန်းမှာ အမုန်းတရားမရှိ ကြောက်ရွံ့မှုမရှိ ရွံစရာလောဘမရှိ…။
“ငါ့နာမည်က ချီချန်းယွီ၊ မိစ္ဆာသခင်မတစ်ယောက်ပဲ၊ နင်က ငါနဲ့ ဆက်ဆံလို့ရတဲ့လူလို့ ထင်တာပဲ အနာဂတ်မှာ နင့်ကို မဟူရာကောင်းကင်ဂိုဏ်းမှာ မနေနိုင်တော့ရင် ငါ့ကို မင်ယင်တောင်မှာ လာရှာချေ၊ အဲဆို နင်နည်းနည်း အသက်ပိုရှည်နိုင်မယ်ထင်တာပဲ”
ဒီလိုငတုံးမျိုးက ဒီကမ္ဘာမှာ အကာအကွယ်မရှိရင် သေချာပေါက်သေမှာပဲ။
“အာ- ဟူး ဟူး” ရှန်းရင် က ကြက်သားကို ကြိုးစားပမ်းစား စားသောက်နေတယ်။
“ငါအဲကြောင်သူတော်ယွီတင်းကို သတ်ထားတာ၊ နင် မနက်ဖြန် ဒဏ်ရာမရှိဘဲ ပြန်သွားရင် မဟူရာကောင်းကင်ဂိုဏ်းက နင့်ကိုသံသယဝင်မှာပဲ” သူမက ရှန်းရင်ကို တစ်ချက်ကြည့်ရင်း မျက်ဝန်းထဲ စိုးရိမ်စိတ်တချို့ဖြတ်ပြေးသွားတယ်။
“မပြန်ခင် ရက်နည်းနည်းလေး စောင့်တာကောင်းမယ်၊ သူတို့မေးရင် အဲ သူခိုးအိုကြီးယွီတင်းကို သတ်တာ ချီချန်းယွီဆိုတဲ့ငါပဲလို့ အမှန်သာပြောပြလိုက်”
“…” တစ်ယောက်သောသူကတော့ ကြက်သားကို အဆက်မပြတ်စားနေလေရဲ့။
“ဒါပေမဲ့ ငါ့ကို သားရဲဆေးလုံးပေးထားတာ နင် မပြောပြလိုက်နဲ့”
သူမ လက်ထဲက အပြာရောင်အစေ့လေးကို ဖြန့်ကြည့်လိုက်တယ်။
“ဒီ အခြေတည်နေတဲ့ဂိုဏ်းတွေရဲ့ ဖြောင့်မှန်တဲ့လူတွေလို့ ဆိုတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေပေမဲ့ တကယ်တော့ နောက်ကွယ်မှာ အညစ်ပတ်ဆုံးတွေလုပ်တာ၊ သည်းခံမနေနဲ့ နင်စကားမှားမှာ ကြောက်ရင် အဲဆေးလုံးကို ငါယူသွားတယ်လို့ပဲပြောလိုက်”
ဘယ်လိုပဲဖြစ်ဖြစ် သတ်ဖြတ်မှုနဲ့ ခိုးယူမှု နောက်တစ်ခုက သူမ ပြစ်မှုစာရင်းထဲ ထပ်ပေါင်းလာ၊ မလာ ဂရုမစိုက်တော့ဘူး။
“…” အရမ်း အရမ်း အရမ်း အရသာရှိတာပဲ။
“တကယ်လို့ တစ်ခုခုဖြစ်ရင်…ဂိုဏ်းကိုပစ်ခဲ့ပြီး ထွက်ပြေးလာ၊ လူတွေကြား နာမည်ရထားပြီး မသေမျိုးဂိုဏ်းဆိုတဲ့ အဲနေရာက နင်ထင်သလို မြင့်မြတ်တဲ့နေရာ မဟုတ်ဘူး၊ သူတို့က အဲသူခိုးအိုကြီးအတွက် လက်စားချေချင်တယ်ဆို ငါ့ကို မင်ယင်တောင်မှာ လာရှာပြီး တိုက်ခိုက်ခိုင်းလိုက်”
သူမက အေးစက်စက်ရယ်ရင်း တစ်ခုခုကိုတွေးမိသွားတဲ့ပုံပဲ မျက်ဝန်းတွေကတဖြည်းဖြည်း ရဲရဲနီလာပြီး လက်တွေက အင်္ကျီကို အလိုလိုဆုပ်ကိုင်မိသွားတယ်။
“ငါဒီနာမည်ကြီးဂုဏ်သရေရှိဂိုဏ်းတွေကိုမေးချင်တာရှိတယ်၊ လွန်ခဲ့တဲ့နှစ်ငါးရာတုန်းက ယွီတင်းက ငါ့ရဲ့ ဝိညာဉ်အခြေတည်ခန္ဓာကိုယ်ကို ညစ်ညမ်းစေပြီး နှစ်ရာချီကျင့်ကြံခဲ့ရတာတွေကို ဖျက်ဆီးပစ်ခဲ့တယ်၊ ပြီးတော့ မြေအောက်အကျဉ်းထောင်တွေထဲ အကျဉ်းချပြီး ကျင့်ကြံခြင်းလိင်ကျွန်အဖြစ် အသုံးချခဲ့တယ်လေ၊ ငါကဘာလို့လက်စားမချေရမှာလဲ”
ရှန်းရင်က နောက်ဆုံးတော့ တကျွတ်ကျွတ် ဝါးနေတာကို နှေးပြီး ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာတယ်။
“နင် ငါ့ကိုဘာလို့အဲလိုကြည့်နေတာလဲ၊ ဘာလဲ ဂိုဏ်းတစ်ခုရဲ့ ခန်းဆောင်သခင်က အဲလိုလုပ်မယ်လို့ မယုံတာလား”
“မဟုတ်ဘူး…ငါမေးချင်တာက နောက်ထပ်ကြက်တစ်ကောင်က ကျက်သွားပြီလားလို့”
“…………”
“…………”
သူမအခုတော့နောင်တရပြီ။ ဒီအစားသရဲကို စောစောလေးတည်းက သတ်ပစ်လိုက်သင့်တာ။
o(▼皿▼メ;)o
…