အခန်း ၁၈ ။ သရဲဘုရင်ကို ဖယ်ရှားခြင်း
ထမင်းစားပြီးတာနဲ့ ဒီငပျင်းမကို ပင်လယ်ကျွန်းထဲဆွဲခေါ်သွားမယ်ကြံတုန်း တပည့်တစ်ယောက်က အလောတကြီးရောက်လာပြီး သူ့ကိုနှုတ်ဆက်တယ်။
“ဆရာသခင်ကို အရိုအသေပေးပါတယ်”
“မင်းက တောင်ထွတ်က တပည့်မလား”
ကူယွဲ့ မျက်မှောင်ကျုံ့လိုက်တယ်။
“ရှီးချိုးက ငါ့ကို ဘာကိစ္စရှာတာတဲ့လဲ”
“ဆရာသခင်… ဂိုဏ်းခေါင်းဆောင်က ၀ိညာဥ်စုပ်တံခွန်မှာ မူမမှန်တဲ့ပြောင်းလဲမှုတွေ တွေ့နေရလို့ ဆရာသခင် လာရောက်စစ်ဆေးပေးပါဦးလို့ ပြောခိုင်းလိုက်ပါတယ်”
“၀ိညာဥ်စုပ်တံခွန်ကို မဖယ်ရှားရသေးဘူးလာ”
ကူယွဲ့က လန့်ဖျပ်သွားတယ်။
လွန်ခဲ့တဲ့သုံးရက်လောက်က သူ ဖယ်ရှားအစီအရင်အကြီးကြီး ချခဲ့တာပဲ။ တကယ်တမ်းဆို ၀ိညာဥ်စုပ်တံခွန်ထဲက မကောင်းဆိုး၀ါး၀ိညာဉ်တွေက ဘယ်လောက်ပဲ အင်အားကြီးကြီး ပျောက်သွားသင့်နေပြီ။ မမြင်နိုင်တဲ့တစ်ခုခုများ ထပ်ဖြစ်လာပြန်တာလား။
“ကျင်ချင်းခန်းမကိုသွားမယ်”
သူ့တပည့်ကို ချက်ချင်း အချက်ပြလိုက်တယ်။ ဒါပေမဲ့ သူဓားပျံပေါ်တက်ခါနီးမှာပဲ တစ်ခုကို တွေးမိသွားတာနဲ့ ရှန်းရင်ကို ကုပ်ကနေသွားမလိုက်တယ်။
“အိပ်မနေနဲ့၊ ၀ိညာဥ်စုပ်တံခွန်ကို မင်းယူလာတာမလား၊ လာ ငါနဲ့လိုက်ခဲ့”
“…”
သောက်ပြဿနာတစ်သိန်းပဲကွား!
သူတို့နှစ်ယောက်လုံး ကျင်ချင်းခန်းမဆီကို ချောချောမွေ့မွေ့ပဲ ရောက်လာတယ်။ သူတို့ခန်းမထဲ ၀င်လာတဲ့အချိန်မှာတောင် ရှီးချိုးမျက်နှာက မသာမယာနဲ့။
“ဆရာသခင်ဦးလေး”
ရှီးချိုးက လက်သီးဆုပ်ပြီးအရိုအသေပေးတယ်။ ပြီးတာနဲ့ ခန်းမထဲကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ဒီကိုလာပြီး ၀ိညာဥ်စုပ်တံခွန်ကို ကြည့်ပါဦး”
လေပေါ်မှာ မျောနေတဲ့ ၀ိညာဥ်စုပ်တံခွန်ကို ကူယွဲ့ လှမ်းကြည့်လိုက်တယ်။ မှင်ရည်လိုမည်းနက်နေတာ လွန်ခဲ့တဲ့ သုံးရက်ကအတိုင်း နည်းနည်းလေးတောင် မပြောင်းလဲဘူး။ သူချထားခဲ့တဲ့ ဖယ်ရှားအစီအရင်ကွက်ကတော့ ခန်းဆောင်သခင် ဖယ်ရှားချီစွမ်းအင်တွေပို့ပေးနေတဲ့အချိန်မှာပဲ ၀ိညာဥ်စုပ်တံခွန်ရဲ့ အောက်ခြေနားမှာ အဖြူရောင်တွေ တောက်နေတယ်။
“ဘာလဲ ဒီတံခွန်ထဲကသရဲချီတွေက ငါ့ဖယ်ရှားအစီအရင်ရဲ့ အစွမ်းကို ခံနိုင်ရည်ရှိနေတာလား”
“ဒီလိုမဖြစ်နိုင်ဘူး”
ရှီးချိုးက ချက်ချင်းပဲ ၀င်ရှင်းပြတယ်။
“ဒါပေမဲ့ ဖယ်ရှားအစီအရင်ရဲ့ တိုက်စားမှုကို သရဲချီတွေခံနေရတာတောင် ဘာလို့ မကောင်းဆိုး၀ါး၀ိညာဥ်တွေ တံခွန်ထဲကထွက်မလာတာလဲဆိုတာ ကျွန်တော်တို့သေချာမသိသေးဘူး၊ အဲဒါကြောင့် သူတို့ကိုမဖယ်နိုင်တာ”
“ဘာ… ဖယ်ရှားအစီအရင်ကတောင် မကောင်းဆိုး၀ါး၀ိညာဥ်တွေကို မဖယ်နိုင်ဘူးပေါ့”
သူတို့က တံခွန်ထဲမှာနေပြီး သူတို့ရဲ့၀ိညာဉ်တွေကို နတ္ထိတစ်ခုအတွက် စတေးခံနေကြတာများလား။
“ဟုတ်တယ်”
ရှီးချိုးရဲ့ ပုံစံက ပိုပြီးရဲတင်းလာတယ်။
“မကောင်းဆိုး၀ါး ၀ိညာဥ်တွေက သန့်စင်၀ိညာဥ်ချီကိုအကြောက်ဆုံးပဲ၊ အခုတော့ သုံးရက်ကုန်သွားတာတောင် သူတို့ထွက်မလာသေးဘူး၊ ကြည့်ရတာ ၀ိညာဥ်စုပ်တံခွန်မှာ သရဲဘုရင် ရှိပြီးသားထင်တယ်”
“သရဲချီရဲ့ သရဲဘုရင်ဆိုတာ အတော်လေးဆိုးတာပဲ။ ဒါပေမဲ့ တံခွန်ကိုကြည့်ရတာ… အတော်လေး သန့်စင်နေသလိုပဲ”
တံခွန်မှာ သရဲချီတွေက အပြင်မထွက်ပဲ သန့်၀င်နေတာတော့ အမှန်ပဲ။
သူတို့အစတုန်းက ၀ိညာဥ်စုပ်တံခွန်အကြောင်းကို ယိချင်းဆီက သေချာမမေးမိတာလည်းပါမယ်။ စဥ်းစားကြည့်ရင်တော့ အရမ်းအာရုံစိုက်ရမဲ့ကိစ္စတော့လည်းမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ယိချင်းက ဉာဏ်အလင်းရသွားပြီလားလို့ မေးချင်နေမိတယ်။
“ကြည့်ရတာ အတော်ထူးခြားတဲ့ သရဲဘုရင်ပဲဖြစ်ရမယ်”
ရှီးချိုးကဆက်ပြောတယ်။
“ဒဏ္ဍာရီတွေအရတော့ သရဲဘုရင်ရဲ့ စွမ်းအားကြီးမားတဲ့ပုံက တခြား မကောင်းဆိုး၀ါးဝိညာဉ် တွေနဲ့ မတူဘူးတဲ့။ သူမွေးဖွားဘာတဲ့နေ့မှာဆို ကောင်းကင်နဲ့မြေကြီးမှာ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေ ဆောင်ယူလာတတ်တယ်။ လွန်ခဲ့တဲ့ ငါးရက်က မဟူရာပင်လယ်ကရေတွေ ထက်ခြမ်းကွဲသွားပြီး ပင်လယ်ထဲကကျွန်းနဲ့ ဆရာသခင်ဦးလေးရဲ့ လင်းယွင်တောင်ထွတ်လည်း ပျက်စီးသွားတယ်မလား။ ကြည့်ရတာ သရဲဘုရင်မွေးဖွားလာတဲ့ လက္ခဏာပဲထင်တယ်”
“…”
ဘာအကြောင်းကိုပြောနေလဲဆိုတာ ကူယွဲ့ရိပ်မိသွားတော့ သူ့နှုတ်ခမ်းတွေကော့တက်သွားတယ်။ ရှီးချိုးရဲ့ပခုံးကို ပုတ်ပြီး ပြောနေတဲ့အချိန်မှာတောင် နဖူးက အရေပြားတွေတွန့်လာပြီလို့တောင် ခံစားနေရသလိုပဲ။
“ရှီးချိုး အရမ်းကြီးမစဥ်းစားနဲ့”
လင်းယွင်တောင်ထွတ် ဘယ်လိုပျက်စီးသွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ပြီးတော့ သူတို့ကို ရှင်းပြဖို့လည်း မလိုဘူး။ ဒီလောက်ရှက်စရာကောင်းတဲ့ ကိစ္စကြီးကို။
(ー’ ́ー)
“ဒါပေမဲ့ သရဲဘုရင် မွေးဖွားတာအပြင် ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲမှုဖြစ်စေတာ ရှိသေးလို့လား”
ရှီးချိုး တွေးကြည့်လို့ကို မရဘူး။
“ဘာ… ဘာပဲဖြစ်ဖြစ် ဒါက သရဲဘုရင်နဲ့ လုံး၀မဆိုင်ဘူး၊ စိတ်အေးအေးသာ ထားပါ၊ ၀ိညာဥ်စုပ်တံခွန်ကိစ္စကို ငါပဲဖြေရှင်းလိုက်ပါ့မယ်”
သူ ရုတ်တရက်ကြီးပဲ ၀ိညာဥ်စုပ်တံခွန်ကိစ္စကိုစိတ်မပူတော့ပြန်ဘူး။ လေထဲမျောနေတဲ့ တံခွန်ကို မော့ကြည့်လိုက်တော့ စည်းနဲ့ပိတ်ပြီး သေချာချုပ်ထားတာကိုမြင်ရတယ်။ ပြီးတော့ အနီးကပ်ကြည့်ရင်တောင် သိပ်မရှင်းတဲ့ ကျိုးပဲ့အစီအရင်ပုံစံ ဖြစ်ပေါ်နေပုံကလွဲရင် ထူးဆန်းတာမှ မမြင်ရဘူး။
“ဟေး ရှန်းရင်”
သူ့ဘေးမှာ ထိုင်ငိုက်နေတဲ့ကလေးမကိုသူ လှည့်ကြည့်လိုက်တယ်။
“ဒီ၀ိညာဥ်စုပ်တံခွန်ကို မင်းစားဖိုမှူး… အဲ တပည့်လာပို့သွားမို့လား၊ ထိပ်နားလေးမှာဖြစ်နေတဲ့ အင်းအစီအရင်ပုံစံကဘာလဲ၊ မင်းသိတာတစ်ခုခုများ မရှိဘူးလား”
“ဟမ်”
ရှန်းရင်ကတော့ ကြောင်တိကြောင်တောင်ပဲ။
တံခွန်က သူမလက်ပေါ်ရောက်လာတဲ့အချိန်မှာပဲ မေးလိုက်တယ်။
“အင်းအစီအရင်ဆိုတာ ဘာကြီးလဲ”
“အင်းအစီအရင်ဆိုတာ နေအုံး… ခဏနေဦး”
ကူယွဲ့ သူမလက်ထဲက ဟာကိုကြည့်ရင်း ရုတ်တရက်မျက်လုံးပြူးသွားတယ်။
“ဒီတံခွန်က… ရွေ့လာတာလား”
အရင်ရက်တွေတုန်းက တုတ်တုတ်တောင်မလှုပ်ခဲ့တဲ့ တံခွန်က ရုတ်တရက်လှုပ်ရှားလာကြီး လေပြင်းပြင်းတိုက်လိုက်သလိုမျိုး ရှန်းရင်လက်ထဲ ၀ုန်းခနဲရောက်လာတာ။
“ရှန်းရင် နင်ဘာလုပ်လိုက်တာလဲ”
“ငါဘာမှ မလုပ်ဘူးလေ”
ရှန်းရင်က တံခွန်ကို စပ်စပ်စုစုနဲ့ ကိုင်ထားတယ်။
“ဟင် ဘာလို့ ရေတွေ ကျနေတာလဲ၊ ဒါက ရေစိုထားတာလား”
တံခွန်က ရုတ်တရက်ကြီး စိုစိစိဖြစ်လာတယ်။ ရေတွေက တစ်စက်ပြီးစက်စက် ကျနေလေရဲ့။
“မလှုပ်နဲ့”
ကူယွဲ့က သူမလက်ကို ချက်ချင်းပဲ လှမ်းကိုင်လိုက်တယ်။
“နားထောင်ကြည့် အသံကြားနေရတယ်”
လူတိုင်း ငြိမ်သက်သွားတယ်။ ခန်းမထဲမှာတော့ အသံသေးသေးလေးက မြည်ဟည်းလို့။ သေချာကို အသံကျယ်ကျယ် ထွက်မလာအောင်လုပ်နေပုံပဲ။ ပြီးတော့ အသံက ပြတ်တောင်း ပြတ်တောင်းနဲ့။
၀ါးးးးးဝါးးးးးးဝါးးးးးး
အင်း… အသံက တစ်ယောက်ယောက်ငိုနေတဲ့ အသံမျိုးကြီးလို့ ဘာလို့ခံစားနေရတာပါလိမ့်။
(ᄑ_ᄑ)
“မကောင်းတော့ဘူး… ဒါ သရဲဘုရင် အသံနဲ့တိုက်ခိုက်တာပဲ”
ရှီးချိုးက ချက်ချင်းပဲ အနောက်ကို ခုန်သွားပြီး အင်အားကြီးရန်သူကို တိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ နေလိုက်တယ်။ ပြီးတော့ သူ့တပည့်တွေကိုလည်း လှမ်းအော်လိုက်သေး။
“မြန်မြန် အကာအကွယ်တံတိုင်းဆောက်ကြ”
ခန်းဆောင်သခင်လေးယောက်လုံး အမူအရာတွေ ပြောင်းသွားပြီး အနောက်ကို ဆုတ်လိုက်ကြတယ်။ ပြီးတာနဲ့ တစ်ယောက်ပြီးတစ်ယောက် ရွှေရောင် အကာတံတိုင်းကို တည်ဆောက်လိုက်ကြတယ်။ အစီအရင်ကို ဖယ်နေရင်းပဲ ရှီးချိုးက ရှင်းပြတယ်။
“သရဲဘုရင်ရဲ့ အသံတိုက်ခိုက်မှုက မူလ၀ိညာဥ်တွေကို ရည်ရွယ်တာပဲ၊ သေးသွားမှာ မဟုတ်ဘူး”
ခန်းဆောင်သခင်တွေအကုန်လုံးလည်း ဒါကိုလက်ခံကြတယ်။
“ဒီ၀ိညာဥ်စုပ်တံခွန်မှာ သရဲဘုရင်ရှိမယ်လို့ တစ်ခါမှမတွေးမိဘူး။ ဆရာသခင်ဦးလေး ဂရုစိုက်ပါ”
“ဆရာသခင်ဦးလေး၊ တံခွန်ကို အစီအရင်ထဲပြန်ထည့်လိုက်ပါ။ သရဲဘုရင်ရဲ့ အသံတိုက်ခိုက်မှုကို ဒီအတိုင်းထားလို့မဖြစ်ဘူး”
“ဒါမှန်တယ် ဆရာသခင်ဦးလေး! နတ်၀ိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ရောက်နေတယ်ဆိုရင်တောင် သတိမမူလို့ မဖြစ်ဘူး။ အကာအကွယ်သုံးတာ အကောင်းဆုံးပဲ”
“အသံတိုက်ခိုက်မှုက ပိုပြီးအားကောင်းလာဖို့ပဲရှိမှာ။ ဆရာသခင်ဦးလေး အခုအဆင်ပြေနေပေမဲ့ နောက်ကျသွားရင် မကောင်းဘူး”
“ဆရာသခင်ဦးလေး”
“ဆရာသခင်ဦးလေး × အနန္တကိန်းစဉ်”
(ဆရာသခင်ဦးလေးဆိုတာကို မရေမတွက်နိုင်အော်ခေါ်နေတယ်လို့ပြောတာ :3)
၀ိညာဥ်စုပ်တံခွန်ထဲက အသံက ပိုပိုပြီးကျယ်လာတယ်။ ခုနက ကြားရတဲ့အသံထက်စာရင် ပေါ့။ အခုတော့ အသံက စူးရှနေပြီးစိတ်ရှုပ်စရာကောင်းနေပြီ။ ခန်းမဆောင်တစ်ခုလုံးလည်း တံခွန်ထဲက သရဲဘုရင်အသံချည်းပဲ။ အသံက စိတ်ထဲ၊ နှလုံးထဲ၊ အသည်းအူပွတ်ထဲက လှိုက်တက်ပြီး ၀မ်းနည်းလွန်းလို့ အော်ငိုနေတဲ့အသံမျိုး။
“အူးဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
ရှန်းရင်: “…”
ကူယွဲ့ : “…”
ဒီအသံကြီးက ငိုနေတာ ဟုတ်တယ်မလား။
သေချာပေါက် ဒါ ငိုနေတာ”
ခဏနပေါဦး။
ဒါဆို ခုနက တံခွန်ထဲက ရေတွေက မျက်ရည်တွေပေါ့၊ သရဲဘုရင်ရဲ့ မျက်ရည်တွေ!! (⊙_⊙)
ရုတ်တရက် သူတစ်ခုခုကိုသဘောပေါက်သွားပြီး မဟုတ်လောက်ပါဘူးလို့ ထင်မိတဲ့ အတွေးတစ်ခု စိတ်ထဲမှာ ဖျတ်ခနဲပေါ်လာတယ်။ အဲ့ဒါကြောင့် သူ့နောက်မှာရှိတဲ့လူဆီကို လှည့်ကြည့်လိုက်ပြီး
” နင် သရဲဘုရင်ကို ဘာသွားလုပ်လိုက်တာလဲ”
သူမေးတဲ့ မိန်းကလေးက သူမခေါင်းကို မော့ကြည့်ပြီးပြောလိုက်တယ်”
“သရဲဘုရင်က ဘယ်သူလဲ”
သူတို့အရင်က တွေ့ဖူးလို့လား ◖⚆ᴥ⚆◗
“…”
သူမဆီက အဲ့စကားတွေလည်းကြားရော တံခွန်ထဲက သရဲဘုရင်က ပိုပြီးအော်ငိုပါလေရော! မျက်ရည်တွေကဆို ၀ိညာဥ်စုပ်တံခွန်ရဲ့အောင်မှာ အိုင်တောင်နေပြီ။
အမည်းရောင်တံခွန်ကို ရှန်းရင် မကြည်ကြည့် ကြည့်လိုက်တယ်။ ဒါပေမဲ့ သူမကို တခြားသူပေးထားတဲ့ဟာဆိုတော့လည်း လွှတ်ပစ်လိုက်ရင် ရိုင်းရာကျတယ်မလား။
အဲ့ဒါကြောင့် မျက်မှောင်ကျုံ့ပြီးပဲပြောလိုက်တော့တယ်။
“ဆူညံနေတာပဲ နင်ငိုမယ်ဆိုလည်း အပြင်ထွက်ငိုဟာ”
ပြောရင်းဆိုရင်းပဲ တံခွန်ကို လှုပ်ပစ်လိုက်တယ်။
ရုတ်ချည်းပဲ အမည်းရောင်အခိုးအငွေ့တွေ တံခွန်ထဲက ထွက်လာတော့တယ်။
ထွက်… ထွက်လာပြီ!
(⊙_⊙)
ထပ်ပြောရမယ်ဆိုရင်တော့ လှိမ့်ပြီးထွက်လာတာမျိုးပဲ။
အမည်းရောင်အငွေ့တွေက ကြမ်းပြင်ပေါ်ရောက်လာပြီး ပုံသဏ္ဍာန်တစ်ခုပေါ်လာတယ်။ ပေတစ်ရာလောက် ရှည်လိမ့်မယ်။ မျက်နှာစိမ်းစိမ်းကြီးနဲ့ သွားတွေက စိထားသေး။ ကြောက်စရာမျက်နှာကြီးနဲ့ လျှာကြီးကလည်း သွေးချင်းချင်းနီလို့။ ပြူးပြဲနေတဲ့ မျက်ဆန်နီကြီး၂ခုက လူသားဝိညာဉ် တွေကိုစားရတာ နှစ်ခြိုက်တဲ့ပုံပဲ။ ပုံစံကြီးက တကယ့်ကို ကြောက်ဖို့ကောင်းတယ်။
ဒူးလေးထောက်ပြီး ကျုံ့ကျုံ့လေးထိုင်နေတာ မဟုတ်ခဲ့ရင်ပေါ့။
(꒪Д꒪)ノ
ဒူးလေးကိုထောက်၊ လက်သည်းချွန်တွေကို ပေါင်ပေါ်တင်ထားတဲ့ပုံက သရဲဘုရင် လုပ်နိုင်သမျှ အယဥ်ကျေးဆုံး အပြုအမူလေးပဲ။ဘာမှန်းမသိတဲ့အရည်တွေက မျက်လုံးနီကြီး၂ဖက်ကနေ တစ်စက်စက်စီးကျနေပေမဲ့ ငိုသံတော့ ပျောက်သွားပြီ။ ၀ိညာဉ်တွေကို ကောင်းကောင်း၀ါးနိုင်တဲ့ ချွန်မြနေတဲ့ သွားတွေက အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထားသေး။ ပြီးတော့ ငိုချင်ပေမဲ့ မငိုရဲတဲ့ သနားစရာမျက်နှာပေးလေးနဲ့။
ကူယွဲ့: “…”
ရှီးချိုး: “…”
ခန်းဆောင်သခင်တွေ: “…”
ဒါ သရဲမှ ဟုတ်ရဲ့လား။
ခန်းမတစ်ခုလုံး ငါးမိနစ်လောက်ငြိမ်သက်သွားကြတယ်။ နေရာတစ်ခုလုံးမှာကြားနေရတာက အဲ့ဒီသရဲရဲ့ မျက်ရည်ကျနေတဲ့ အသံပဲရှိတယ်။
“ပတောက်… ပတောက် ပတောက် ပတောက်”
“အံ့သြစရာမရှိဘူး… ဒါ ငါ့ရဲ့ဆရာသခင်ဦးလေးပဲ”
ထိတ်လန့်နေတဲ့နေရာကနေ ပထမဆုံးအသိပြန်၀င်လာတာက ရှီးချိုး။ သူဘာတွေစဥ်းစားနေလဲမသိပေမဲ့ ကူယွဲ့ကို လှမ်းကြည့်နေတဲ့ မျက်နှာပေးကြီးကတော့ ပြုံးဖြီးဖြီးနဲ့။
“သရဲဘုရင်ကို ဆရာသခင်ဦးလေး အနိုင်ယူလိုက်ပြီ”
“…”
ကူယွဲ့သွားဖြဲပြလိုက်တယ်။
ငါနဲ့ ဘာဆိုင်လို့လဲ၊ ရှန်းရင်လှုပ်လိုက်လို့ ထွက်လာတာ အသိသာကြီး မဟုတ်ဘူးလား။
“ဆရာသခင်ဦးလေး မှန်တယ်။ အရင်က ဒီသရဲဘုရင်ကို အရမ်းအင်အားကြီးမယ်လို့ ထင်ခဲ့တာ။ အခုတော့ ဆရာသခင်ဦးလေးရဲ့ စွမ်းအားအောက်မှာ မတ်တတ်တောင် မရပ်နိုင်တော့ဘူး”
“ငါလုပ်လိုက်တာ မဟုတ်ဘူး”
“ဆရာသခင်ဦးလေး ဒီလောက်နှိမ့်ချနေဖို့မလိုပါဘူး။ အားလုံးဆရာသခင်ဦးလေးရဲ့ကျေးဇူးတွေပါပဲ။ သရဲဘုရင် ခုနက ထွက်မလာဘူးဆိုတာကလည်း ဆရာသခင်ဦးလေးကို တအားကြောက်နေလို့နေမှာပါ”
“မင်းတို့အကုန်ကန်းနေလား”
သူရှင်းပြဖို့ ကြံနေတုန်းမှာပဲ မြေကြီးက ရုတ်တရက်လှုပ်လာပြီး ချီ ဓားစွမ်းအင်တွေက နေရာအနှံ့ကနေ ပေါ်လာပြီး သန့်စင်၀ိညာဉ်ချီတွေကလည်း တံခါးရဲ့အပြင်ဖက်တစ်နေရာကို စပြီးထွက်သွားကြတယ်။
“ဒီ၀ိညာဥ်ချီတွေက…”
ကူယွဲ့ သူ့ဘေးမှာရပ်နေတဲ့ လူကိုကြည့်လိုက်တယ်။
“ရှန်းရင် မင်းစားဖိုမှူး အဲလေ မင်းတပည့် ဉာဏ်အလင်းပွင့်သွားပြီ”
သူ ရှန်းရင်ကို ချက်ချင်းပဲ အပြင်ဆွဲခေါ်သွားလိုက်တယ်။
“မြန်မြန်လာကြည့်”
“ဆရာသခင်ဦးလေး… သရဲဘုရင်က…”
ရှီးချိုးက အလောသုံးဆယ်နဲ့ သူ့ကိုခေါ်လိုက်တယ်။
အဲ့ကောင်အပြင်ထွက်နေပြီဆိုတော့ အပြတ်ရှင်းဖို့ကိစ္စ မင်းတို့ကိုပဲ တာ၀န်ပေးခဲ့တော့မယ်။
ကူယွဲ့က ပြောရင်းပဲ တံခါးကနေ ချက်ချင်းပျောက်သွားတယ်။
ရှီးချိုးက သရဲဘုရင်ကိုတစ်ချက်ကြည့်လိုက်တယ်။ သူပဲအမြင်မှားတာလား။ ဆရာသခင်ဦးလေး ထွက်သွားတာနဲ့ သရဲဘုရင် ဘာလို့ စိတ်သက်သာရာရသွားတဲ့ပုံနဲ့ သက်ပြင်းတွေချနေတာလဲ။ ကျနေတဲ့ မျက်ရည်တွေတောင်ရပ်သွားတယ်။
ဆရာသခင်ဦးလေးကတော့ တကယ့်ကို စွမ်းအားကြီးမားတာပဲ။
“အော်… ဒါနဲ့ ဆရာသခင်ဦးလေးရဲ့ဘေးမှာ တစ်ယောက်ပါလာသလိုပဲ။ သူ ဘယ်သူလဲသိကြလား”
“ကျွန်တော်လည်းတစ်ခါမှ မမြင်ဖူးဘူး၊ ကြားတာတော့ ဆရာသခင်ဦးလေးက သူ့ကို ရှန်း… ရှန်းဘာဆိုလား ခေါ်လိုက်တာပဲ၊ သေချာမမြင်လိုက်ရလို့ ယောကျာ်းလား မိန်းမလားတောင် မသိလိုက်ရဘူး”
“ထားလိုက်တော့ အာ့ဆိုလည်း… အရေးမှမကြီးတာ။ အစီအရင်ပဲ လုပ်ကြရအောင်”
…