အခန်း ၁၉ ။ ကျင့်ကြံခြင်းလောကအကြောင်း အထွေထွေဗဟုသုတ
ကူယွဲ့က ရှန်းရင်ကိုပါ ဆွဲခေါ်ပြီး အထီးကျန်ကျွန်းထဲကို ပျံလာခဲ့တယ်။ အနားနီးလာလေ ဓားချီစွမ်းအင်တွေက ပိုပြီးသိပ်သည်းလာလေပဲ။ ဓားချီတွေက ကျွန်းပတ်ပတ်လည် ၁.၅ ကီလိုမီတာလောက် လွှမ်းခြုံထားတာ။ သူ လေထဲမှာပဲခဏရပ်နေလိုက်ပြီး အားကောင်းလှတဲ့ ချီတွေလွင့်နေတဲ့ ကျွန်းဖက်ကို လှမ်းကြည့်နေရတယ်။ လေထဲက ဝိညာဉ်ချီစွမ်းအင်တွေ သိပ်သည်းလာပုံက တစ်စုံတစ်ရာကနေ ဆွဲငင်ယူနေသလိုပဲ။ သူတို့က ဓားချီတွေနဲ့ပေါင်းသွားပြီး ကျွန်းဖက်ကို ရွှေ့နေတယ်။ ကြည့်ရတာ အစိုင်အခဲတစ်ခုခုဖြစ်ဖို့ သိပ်သည်းနေသလိုပဲ။
“နင်ဘာလို့ဆက်မသွားတော့တာလဲ”
ရှန်းရင်က သူ့ရှေ့ကလူကို လက်နဲ့ပုတ်ပြီးမေးလိုက်တယ်။
“မင်း သေချင်လို့လား”
သူ အနောက်ကိုလှည့်ပြီး မျက်ဆန်လှန်လိုက်တော့တယ်။
“ကောင်းကင်မှာ ဓားချီတွေနဲ့ပြည့်နေတာ မမြင်ဘူးလား၊ အပိုင်းပိုင်းပြတ်မလာရင်တောင် အံ့ဖွယ်ဖြစ်နေပြီ”
“ဓားချီ ဟုတ်လား”
ရှန်းရင်က သူမခေါင်းလေးကို စောင်းလိုက်တယ်။
“အဲဒါ ဘာကြီးလဲ”
“ဓားသိုင်းကျင့်ကြံသူ ဉာဏ်အလင်းပွင့်နေတုန်းမှာ တောက်ပညာကိုနားလည်ဖို့အတွက် သူ့ကိုယ်ထဲက ဓားချီတွေ အကုန်ထုတ်ပစ်ရတယ်၊ ဒီအချိန်မှာ ဓားချီတွေက မူလ၀ိညာဉ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာမဟုတ်တော့ အနီးနားကလူတွေကို တိုက်ခိုက်နိုင်တယ်”
“အော်”
“မင်းက ဘာကြောင့် ခေါင်းယမ်းပြီး အော် လို့ပြောရတာလဲ၊ နားမလည်ရင် ပြောသာပြော”
“ငါ နားမလည်ဘူး”
” ဒီလိုသောက်ကျိုးနည်း”
သူ တွေးထားတဲ့အတိုင်းပဲ။ ကူယွဲ့ နှုတ်ခမ်းကိုမဲ့ပြီး ရှန်းရင်ကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
“မင်းပြောတော့ ဒီလောကကို ရောက်နေတာ လေးလရှိပြီဆို၊ ဒါတောင်မသိဘူးလား၊ လေးလလုံး မင်းဘယ်လိုနေခဲ့တာလဲ”
ရှန်းရင် သူလုပ်သမျှကို အစီအရီထုတ်ပြောမပြသေးခင် သေချာစဥ်းစားလိုက်သေးတယ်။
“ကန်စွန်းဥနဲ့ ယုန်သားစားတယ် ပြီးတော့… နင့်ရဲ့၀က်စာတွေ”
“ငါက မင်းဘာတွေနားလည်လဲလို့မေးနေတာ၊ မင်း စားစရာတွေအကြောင်းမဟုတ်ဘူး”
မင်း သေချာပေါက် ဒီလတွေကို စားသောက်ပြီး ဖြတ်သန်းခဲ့တာ သိတာပေါ့၊ ပြီးတော့ ဝက်စာတဲ့လား၊ ပေါက်ကွဲမိတော့မယ်နော်။
“ထားလိုက်တော့ မင်း ဒီအခြေအနေမှာ သိရမှာက တစ်ခုတည်းပဲ၊ ဓားချီတွေ ပြန်မဝင်သွားသေးသရွေ့ ငါတို့ဒီမှာပဲ ရပ်နေရမယ်”
“အော်”
အစောတည်းက ဒီလိုပြောလိုက်လို့ရရဲ့သားနဲ့။
“ဒါမျိုးက သိပ်အကြာကြီးမဟုတ်ပါဘူး။ အလွန်ဆုံးရှိလှ ၁၅မိနစ်ပေါ့”
သူ့စကားလည်းဆုံးရော ပတ်ဝန်းကျင်မှာ သိပ်သည်းနေတဲ့ ဝိညာဉ်ချီရော ဓားချီတွေအကုန်လျော့သွားပြီး ယိချင်းရဲ့ ကိုယ်ထဲကို ၀င်သွားကြတယ်။ သူ့မျက်ခုံးနှစ်ခုကြားမှာ ရွှေဓားပုံသဏ္ဍာန်အမာရွတ်လေး တဖြည်းဖြည်း ပေါ်လာလေတယ်။
“ဟုတ်ပြီ၊ သူ့ရဲ့ ဓားဆန္ဒက ပြည့်စုံသွားပြီ”
ကူယွဲ့ စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက်ချတယ်။ ဒါပေမဲ့ ယိချင်းဆီ ပျံသွားမယ်အလုပ်မှာပဲ မိုးခြိမ်းသံအကျယ်ကြီးကြားလိုက်ရပြီး အဖြူရောင်လျှပ်စီးတန်းတစ်ခုက မြေပေါ်ကို ကျလာကာ အောက်ကလူတွေကို ထိမှန်သွားတော့တယ်။
သာယာနေခဲ့တဲ့ကောင်းကင်က ချက်ချင်းပဲ မှုန်မှိုင်းသွားတယ်။ မုန်တိုင်းတစ်ခုအစအပျိုးနေသလိုမျိုး ကြောက်မက်ဖွယ် လျှပ်စီးတွေလက်နေတာကို တိမ်တွေကြားမှာ မြင်နေရတယ်။ တစ်ခုခုကို မွှေနှောက်နေသလိုပဲ။ သူတို့နောက်က မဟူရာကောင်းကင်ဂိုဏ်းရဲ့တောင်ထွတ်မှာတော့ လင်းသွားပြီး အစီအရင်တစ်ခုပေါ်လာတယ်။ အဲဒီအစီအရင်ကနေ ခဏနေတော့ ကြီးမားတဲ့ ကိုယ်ပျောက်အကာအရံတစ်ခုဖြစ်သွားပြီး တစ်ဂိုဏ်းလုံးကို လွှမ်းခြုံသွားတော့တယ်။
“တောင်ကာကွယ်အစီအရင်”
ကောင်းကင်က အတိမဲမှောင်သွားလို့ ကူယွဲ့လန့်သွားမိတယ်။
“ဒါ၊ ဒါ နတ်ဝိညာဥ် ဝဋ်ကြွေးချေလျှပ်စီးပဲ၊ သူက နတ်၀ိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုတောင် အောင်မြင်သွားပြီပေါ့!”
ဟိုလီ ရှစ်! မြန်ချက်ပဲ၊ ဉာဏ်အလင်းလေး တစ်ခါပွင့်လိုက်တာနဲ့ ရွှေအမြုတေအဆင့်ကနေ နတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့်ကို တန်းရောက်သွားတော့ပဲ။ ဝါးလုံးထောက်ခုန်ကစားနည်းနဲ့တောင် သဘောတရား သွားညီနေသေးတယ်။
“သူက တကယ့်ကို ဓား၀ိဇ္ဇာလောင်း ပီသပါပေတယ်။
“ဓားဝိဇ္ဇာလား”
ရှန်းရင် ကြောင်သွားတယ်။ ခုနကကျ ဓားချီ၊ ဟော နောက်တော့ ဓား၀ိဇ္ဇာ၊
တကယ်ပဲ ဒါတွေက ဘာတွေလဲ။
“သရုပ်ဆောင်တာတော်တော့”
ကူယွဲ့က သူ့ကိုလှမ်းကြည့်လိုက်တယ်။
“နင် သူ့ကို အဲဒါကြောင့် တပည့်အနေနဲ့ လက်ခံလိုက်တာမဟုတ်လား”
“မဟုတ်”
“ကျစ်… နင် မသေမျိုးကံကြမ္မာစာအုပ်ကို မဖတ်ရသေးဘူးလို့ ပြောရဲလား”
“တစ်ခါမှ မဖတ်ရသေးဘူး”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါဖတ်တဲ့စာအုပ်ကို မင်းမဖတ်ဘဲ ဒီထဲကို ဘယ်လိုလုပ် ၀ိညာဥ်ကူးလာမှာလဲ”
“ငါတစ်ညလုံး အွန်လိုင်းဂိမ်းဆော့နေတာ၊ ပြီးတော့ နိုးလဲလာရော ဒီကိုရောက်နေတာပဲ”
“…”
ခဏအကြာ၊။
“ဟိုလီရှစ်”
သူ့ခမျာ အနောက်တွေတောင်ဆုတ်သွားမိပြီး ဓားပျံပေါ်ကနေတောင် ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။ ပြီးမှ ဟန်ချက်ကိုထိန်းပြီး ရှန်းရင်ကို လက်ညှိုးတထိုးထိုးနဲ့ပြောတော့တယ်။
“မင်း၊ မင်း၊ မင်းတကယ်ကြီး စာအုပ်ကတစ်ဆင့် ၀ိညာဥ်ကူးလာတာမဟုတ်ဘူးပေ့ါ၊ ဒါဆိုဘာလို့ ယိချင်းကို မင်းတပည့်လုပ်ဖို့ ခေါ်သွားရတာလဲ”
“အော်၊ ကျင်းတူးရမှာ ပျင်းလို့လေ”
“…”
သောက်ကျိုးနည်းကြီး။
ရှန်းရင်ကတော့ တွေးနေဟန်နဲ့ ခေါင်းကိုငဲ့ထားရင်း ထပ်ပြောပြလိုက်တယ်။
“သူက ဟင်းလည်းချက်တတ်တယ်”
“…”
ဒီအကြောင်းပြချက်ကြီးက ဘာလို့အံ့သြစရာ မကောင်းတော့တာပါလိမ့်။
“မင်း တကယ်ပဲ ဒီလောကကို နားမလည်ဘူးပေါ့”
“ဘာလုပ်ဖို့ နားလည်ရမှာလဲ”
“…”
ဒီလို ပိန်းတိန်းနေတဲ့ပုံစံနဲ့ သူ အခုထိဘယ်လိုများ ရှင်သန်လာပါလိမ့်။
ကူယွဲ့ရဲ့ နှုတ်ခမ်းက တွန့်ချိုးသွားပြီး သူ့မျက်နှာက အရောင်တွေရောစပ်ထားတဲ့ ကားချပ်တစ်ခုလို အကြိမ်ရေတချို့ ပြောင်းသွားတယ်။ ခဏလောက်ကြာအောင် စိတ်ငြိမ်အောင်ထားပြီးမှ အသက်ပြင်းပြင်း ရှူပြီး ဓမ္မယပ်တောင်ကို ဆွဲထုတ်ရင်း ဧရာမယပ်တောင်ကြီးအဖြစ် ပြောင်းလိုက်ပြီး ရှန်းရင်ကို ထိုင်ခိုင်းလိုက်တယ်။
“ငါတို့အခု မဟူရာကောင်းကင်ဂိုဏ်းကို ပြန်သွားလို့မရသေးဘူး၊ ငါမင်းကို ဒီလောကမှာ သိသင့်သိထိုက်တာတွေကို သင်ပေးမယ်၊ မဟုတ်လို့ကတော့ မင်းဘယ်လိုသေသွားလဲတောင် သိမှာမဟုတ်ဘူး”
သူက ချောင်းတစ်ချက်ဟန့်ပြီး စပြောတယ်။
“လွယ်ပါတယ်၊ ငါတို့က အခုထျန်းလန်လောကသုံးခွင်ထဲမှာ ရှိနေတာ၊ ကမ္ဘာကြီးနဲ့ ကမ္ဘာသေးလေး သုံးခုပါဝင်တယ်၊ အထက်ဘုံ၊ အလယ်ဘုံ ၊ အောက်ဘုံ ဆိုပြီးတော့ပေါ့၊ အထက်ဘုံကတော့ ၀ိညာဉ်ချီ အသိပ်သည်းဆုံးပဲ၊ သူ့နောက်မှာက အလယ်၊ အောက်ဘုံမှာတော့ အနည်းဆုံးပေါ့၊ ဒါကြောင့် ထျန်းလန်အောက်ဘုံမှာ သေမျိုးတွေများပြီး ကျင့်ကြံသူနည်းတာပဲ၊ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်က နတ်၀ိညာဥ်တည်အဆင့်ပဲ၊ ကောလာဟလတွေအရတော့ ထျန်းလန်အောက်ဘုံမှာ နတ်၀ိညာဥ်တည်အဆင့်ကိုရောက်တာ ဆယ်ယောက်တောင်မပြည့်ဘူးတဲ့
ကူယွဲ့က လက်၁၀ချောင်းထောင်ပြပြီး ဆက်ပြောတယ်။
“ငါတို့ကအခု ထျန်းလန်အလယ်ဘုံမှာနေနေတာဆိုတော့ နတ်၀ိညာဥ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူက အယောက်၂၀လောက်ရှိမယ်၊ အလယ်ဘုံမှာ ကျောင်းခြောက်ကျောင်းနဲ့ ဂိုဏ်း၃ဂိုဏ်းရှိပြီးတော့ မဟူရာကောင်းကင်ဂိုဏ်းက ခေါင်းဆောင်ဂိုဏ်းပဲ၊ နတ်၀ိညာဥ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူ ၃ယောက်ရှိတယ်၊ သေချာပေါက် ငါက သူတို့ထဲက တစ်ယောက်ပေါ့၊ ကျန်တဲ့ကျောင်းခြောက်ကျောင်း ဂိုဏ်း၂ဂိုဏ်းမှာတော့ ၈ယောက်ထက်မနည်း ရှိမယ်”
“အော်… ဒါဆို နောက်ဆုံးတစ်ခုက ကျတော့ရော”
“နောက်ဆုံးတစ်ခုကတော့ ငါဘယ်တုန်းကမှ မရောက်ဖူးတဲ့ အထက်ဘုံပဲ၊ ကြားရတာတော့ အထက်ဘုံကကောင်တွေက ဖော်ဖော်ရွေရွေမရှိဘူးတဲ့”
ကူယွဲ့က မျက်မှောင်ကိုကျုံ့လိုက်တယ်။
“ငါတို့ အလယ်ဘုံနဲ့ယှဉ်ရင် အဲ့လောကမှာ မင်းမျိုးနွယ်ဝင် မိသားစုတွေက ထိပ်တန်းကျင့်ကြံသူတွေ များတယ်၊ ဂိုဏ်းတွေကမဟုတ်ဘူးတဲ့၊ ၀ိညာဥ်ချီကလည်း အဲ့မှာအားကောင်းတာဆိုတော့ နတ်၀ိညာဥ်တည်အဆင့်တွေမှ အများကြီးဆိုပဲ၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေရဲ့ဘ၀ကတော့ အဲ့ဘုံမှာ ခွေးထက်တောင် အဖြစ်ဆိုးတယ်လို့ ပြောကြတယ်”
“အို့”
ရှန်းရင်က ခေါင်းငြိမ့်လိုက်တယ်။
“၀ိညာဉ်ချီဆိုတာ ဘာကြီး”
“…”
ကူယွဲ့ရင်ဘတ်ထဲ တင်းကျပ်လာပြီး ပါးစပ်ထဲက သွေးတွေ ဝေါခနဲအန်ထွက်တော့မလိုပဲ။ အသက်ကို သေချာရှူပြီးမှ စိတ်တည်ငြိမ်အောင် ပြန်လုပ်လိုက်ရတယ်။
စိတ်ကိုထိန်းရမယ်။ သူက အခုမှ အသစ်လေး၊ ဒါပေမဲ့ မြင်ရတာရှားတဲ့ ပုံစံမျိုးဖြစ်နေတာပဲ။
“၀ိညာဥ်ချီဆိုတာ ကျင့်ကြံသူတွေအတွက်လိုအပ်တဲ့ အရာတစ်မျိုးပဲ၊ လူသားတွေ အသက်ရှင်ဖို့ အစာစားရသလိုပေါ့၊၊ ကျင့်ကြံသူတွေကလည်း သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဥ် တိုးတက်ဖို့ မြေကြီးနဲ့ ကောင်းကင်ရဲ့ ၀ိညာဥ်ချီကို ရှူရှိုက်ရတယ်၊ အစီအရင်သိုင်းကွက်တွေအားလုံးက ၀ိညာဥ်ချီကို ဘယ်လိုကိုင်တွယ်လဲပေါ်မူတည်နေတယ်”
“ဟုတ်ပြီ”
“ကျင့်ကြံတဲ့သူတွေမှာ ကျင့်ကြံနည်းအမျိုးမျိုးရှိကြတယ်၊ ဓမ္မကျင့်စဉ်ကျင့်ကြံသူ၊ ဓားသိုင်းကျင့်ကြံသူ၊ ခန္ဓာကျင့်စဥ်ကျင့်ကြံသူ ဆိုပြီး အစားစားရှိတယ်၊၊ သူတို့တွေအပြင် ရှင်သန်မှု စွမ်းဆောင်ရည်တွေအပေါ် အဓိကထားတဲ့ ကျင့်ကြံနည်းတွေလည်း ရှိကြတယ်၊ အမြုတေ ဖန်တီးဖို့အတွက် အမြုတေကျင့်ကြံစဥ်၊ သံထည်ပစ္စည်းတွေ ထုထွင်းဖို့အတွက် အဂ္ဂိရတ်ကျင့်စဉ်၊ လက်ဖွဲ့အဆောင်လုပ်ဖို့အတွက် လက်ဖွဲ့အဆောင်ကျင့်စဉ် စသဖြင့်ပေါ့၊ ယိချင်းနဲ့ငါက ဓားသိုင်းကျင့်တဲ့သူ၊ ကျင့်ကြံခြင်းတက်လမ်းမှာ အဆင့်ကြီးတချို့ပါတယ်၊ ကနဦးအဆင့်ကို ဝိညာဉ်လေ့ကျင့်ခြင်းအဆင့်လို့ခေါ်တယ်၊ အဲဒါကို ထပ်ခွဲလိုက်ရင်တော့ အုတ်မြစ်အခြေတည်၊ ရွှေအမြုတေ၊ နတ်၀ိညာဥ်အခြေတည်နဲ့ နတ်၀ိညာဥ်ဖြစ်ပေါ်ခြင်းဆိုပြီး ရှိတယ်၊ အဆင့်ကြီးတစ်ခုမှာ အဆင့်ခွဲလေးတွေ ဆယ်ဆင့်ရှိတယ်၊ ပထမကနေ တတိယအဆင့်ထိကို အစောပိုင်းအဆင့်၊ စတုတ္ထကနေ အဋ္ဌမအထိကို အလယ်ဆင့်၊ အဋ္ဌမနဲ့အထက်ကို နှောင်းပိုင်းအဆင့်နဲ့ ဒဿမအဆင့်ကိုတော့ လုံး၀ပြည့်စုံသွားတဲ့အဆင့်လို့ယူဆတယ်”
“နတ်၀ိညာဥ်ဖြစ်ပေါ်ခြင်းအဆင့်ရဲ့ အပေါ်မှာကျရော”
“အဲ့အဆင့်ရဲ့ အထက်မှာတော့ မသေမျိုးတက်လှမ်းခြင်းအဆင့်ရှိမယ်”
ကူယွဲ့က လက်ကိုဖြန့်လိုက်ပြီးဆက်ပြောလေတယ်။
“ငါကြားဖူးတာကတော့ ထျန်းလန်လောကသုံးသွယ်မှာ အထက်ဘုံကလူတွေပဲ မသေမျိုးကို တက်လှမ်းနိုင်တယ်တဲ့၊ ဒါပေမဲ့ ဘယ်လိုရောက်အောင်လုပ်ရလဲဆိုတာတော့ ငါလဲမသိဘူး၊ ငါက နတ်၀ိညာဥ်ဖြစ်ပေါ်ခြင်းအဆင့်ကို အပြီးသတ်သွားရင်တော့ အထက်ဘုံကို တစ်ခါလောက်တော့ သွားကြည့်နိုင်လောက်ပါရဲ့”
“အိုး”
ဆိုတော့ကား ဒီလောကမှာ မသေမျိုးတွေ တကယ်ရှိတာပေါ့။ မိုက်ချက်ပဲ။
“ဒါတွေကတော့ ဒီလောကနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေပေါ့၊ မင်း ဒါတွေကို မသိဘဲနဲ့ ဒီလောက်ကြာအောင် ဘယ်လိုရှင်သန်ခဲ့လဲ”
ကူယွဲ့က သူမရဲ့ မသိနားမလည်မှုကို မနှစ်မျို့မှု ပြလိုက်ပြန်တယ်။
“ဘာသိချင်သေးလဲ၊ ငါတို့၂ယောက်က မွေးရပ်မြေတူတာကိုထောက်ပြီး နည်းနည်းတော့ ကူညီပေးရမှာပေါ့”
“မေးစရာက တစ်ခုတည်း”
“ပြော”
“နင်ဖတ်ခဲ့တဲ့ ၀တ္ထုကလေ တကယ်ပဲ ဘာအကြောင်းကိုရေးထားတာလဲ”
“…“
…