အခန်း ၁၇။ အတုအယောင် အလင်းပေါက်ခြင်း
ယိချင်း တစ်နာရီလောက်နီးပါးကို ဓားရေးပြနေခဲ့တာ။ သူ့ဓားကွက်တွေက အမြဲပြောင်းလဲနေပြီး အစွမ်းထက်တယ်။ သူ့ဓားချီထဲမှာ အတွင်းအားကို အတတ်နိုင်ဆုံး ချုပ်တည်းပြီး တိုက်ကွက်ထုတ်ခဲ့ပေမဲ့လည်း သူ့ချီကို နောက်ဆုံး ပြန်ရုပ်လိုက်တဲ့အချိန်မှာ ကျွန်းမြောက်ပိုင်းတစ်ပိုင်းလုံး ပိုင်းဖြတ်ခံလိုက်ရတယ်။
“ဆရာ၊ ဒါ ကျွန်တော် သုံးနေကျ ဓားသိုင်းကွက်တွေပါ” ယိချင်းက ရှန်းရင်ဘက်ကို ပြန်လှည့်လာပြီး တလေးတစားနဲ့ သူ့သူ့လက်သီးနဲ့ လက်ဝါးကို ထပ်ထားတယ်။ ရှန်းရင်ကို တလေးတစားနဲ့ ကြည့်လိုက်တယ်။
ရှန်းရင်ကတော့ ဘာမှ စဉ်းစားမနေဘဲ အမွှန်းတင်ပေးလိုက်တယ်။
“အာ၊ မဆိုးဘူးပဲ” သူမ တုံ့ပြန်ပုံက နည်းနည်းတော့ နှေးနေပေမဲ့ပေါ့။
“ကျေးဇူးပါ ဆရာ” ယိချင်းမှာ ပိုတောင် စိတ်လှုပ်ရှားလာလေတော့တယ်။ “ကျွန်ံတော့်ကို သင်ပြပေးပါအုံး”
“…” ရှန်းရင်တစ်ယောက် ဗျာများပြီး ချွေးထွက်လာတယ်။ သူ ဘာတွေများ သင်ပြပေးရမှာလဲ။ ဓားသိုင်းအကြောင်း ဘာမှမသိဘူးလေ။
သူမရဲ့ အခက်အခဲကို သတိထားမိတဲ့ ကူယွဲ့က မဲ့ရွဲ့ပြီး ပြောတော့တယ်။
“ဟုတ်တယ်၊ သူ့ကို သင်ပြပေးရမှာပေါ့၊ သင်ပြပေးလိုက်ပါအုံး”
“အာ၊ ဒါကလေ”
“ဆရာလက်ထဲမှာ လက်နက်မရှိလို့များလား” ယိချင်းက ချက်ချင်းပဲ သူ့ဝိညာဉ်နွယ်ဓားကို သူမလက်ထဲ ထည့်ပေးလိုက်တော့တယ်။
“ကျွန်တော် သတိမမူမိတာ ခွင့်လွှတ်ပါ ဆရာ၊ လောလောဆယ်တော့ ကျွန်တော့်ဓားကိုပဲ သုံးပေးပါ”
“. . .” ‘နင် အဲ့သလောက်ထိ စဉ်းစားပေးစရာ လိုနေလားဟာ’
“မြန်မြန်လုပ်၊ သင်ပေးလိုက်တော့ သင်ပေးလိုက်လေ” ကူယွဲ့ မျက်နှာပေါ်က အပြုံးလည်း ပိုဖြီးလို့လာတယ်။ သူက သူမကိုပါ တံတောင်နဲ့ တွတ်လို့ ဆိုတော့တယ်။
“ညီမလေး အမြန်လုပ်ဖို့ လိုတယ်နော်၊ နေတောင် ဝင်တော့မယ်”
“ဆရာ”
ရှန်းရင်က သူမလက်ထဲက ဓားကို ကြည့်နေလိုက်တယ်။
“တကယ်တော့လေ၊ ဒီအတိုင်းလည်း အဆင်ပြေတယ်လို့ ငါ ထင်တာပဲ” ‘သူ့ဓားသိုင်းမှာ ဘာမှ ပြင်စရာမလိုဘူးလို့ ထင်တယ်လို့’
“တော်လောက်ပြီ” ယိချင်း ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ကူယွဲ့ ပေါက်ကွဲလေရဲ့။
“ဟန်ဆောင်မနေနဲ့တော့၊ မင်းသာ သုံးလေးကွက်ထုတ်ပြလို့ ငါ့ကို အထင်ကြီးသွားစေနိုင်ရင် မင်းကို ငါ ဆရာတင်မယ်”
“နင်ကလား” ရှန်းရင် သူ့ကို သေချာပြန်ကြည့်လိုက်တယ်။ “နင် ဟင်းချက်တတ်လို့လား”
“ငါ့တစ်သက်မှာ ဘယ်တုန်းကမှ ကိုယ်တိုင် ချက်ပြုတ်စရာ လိုမနေခဲ့ဘူး”
“သြော် ဒါဆို နင့်လို တပည့် ငါ မလိုဘူး”
“မင်း” ‘ဘယ်သူကရော မင်းတပည့် သိပ်ဖြစ်ချင်နေလို့လဲ’
(╯‵□′)╯(┻━┻
ရှန်းရင် သူ့ကို အဖက်မလုပ်တော့ဘူး။ သူမ ရှေ့နှစ်လှမ်း ထွက်ရပ်လိုက်တယ်။ ပြန့်ပြူးနေတဲ့ ကျွန်းမြေကို ကြည့်ရင်း လက်ထဲက ဓားကိုသာ ကျစ်ကျစ်ပါအောင် ကိုင်ထားလေတယ်။ ‘စားဖိုမှူးတပည့် ဓားကို ဘယ်လိုခုတ်သွားတာလဲ၊ ကြည့်ရတာ အရင်မြှောက်ကိုင်ထားရမှာ ထင်တယ်’
သူမ ဓားကို လက်တစ်ဖက်တည်းနဲ့ ခေါင်းအပေါ်ရောက်တဲ့အထိ မြှောက်ကိုင်ထားလိုက်တယ်။ အလေးတုံး မသလိုမျိုးကြီး။ သူမ လှုပ်ရှားမှုနောက်ကွယ်မှာ ဘာသိုင်းကွက်ရှိနေမှန်း မမြင်သာဘူး။ တိုက်ကွက်ဆို ပြောမနေနဲ့တော့။
အိုးဟိုးဟိုး၊ ကူယွဲ့ကတော့ ရှန်းရင် ဓား လွှဲခုတ်တော့မဲ့ဟန်ကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ဘူးလေ။ သူမ ကိုယ့်ဘာသာ အရူးလုပ်မဲ့ အချိန်ကို သူ စောင့်နေလိုက်တယ်။
ရုတ်တရက်ပါပဲ၊ အလိုလိုနေရင်း ဟာရီဟိန်းမုန်တိုင်းကြီးတစ်ခု ပေါ်လာသလိုမျိုး၊ ဓားကနေ နေ့အလင်းရောင်တမျှ အလင်းတန်းကြီးတစ်ခု ထွက်လာပြီး မိုးနဲ့မြေပြင်ကို ပိုင်းဖြတ်သွားခဲ့တယ်။ ရှန်းရင် ဓားကို လွှဲခုတ်လိုက်တာ။ ဝုန်းခနဲ မြည်သံကျယ်ကြီးနဲ့အတူ ကျွန်းလည်း နှစ်ပိုင်း ကွဲသွားတော့တယ်။ အလင်းတန်းက အထက်အရပ်ဆီထိ တက်သွားပြီး အနီးမှာရှိနေတဲ့ မဟူရာ ကောင်းကင်ဂိုဏ်း အစွန်းလေးကို ထိသွားသေးတယ်။ အဲ့ဒီလိုနဲ့ ဂိုဏ်းရဲ့ အနောက်ဘက်ဝဲဝဲက တောင်ထွတ်တစ်ခု ပြိုကွဲသွားရတာပေါ့။ ပြီးတော့ အဲ့ဒီအလင်းတန်းဟာ ပင်လယ်ထဲထိကို ခရီးရောက်ပြီးမှ မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းအစွန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားတာ။
ကောင်းကင်ယံမှ တိမ်ဖြူတွေမှာ တိတိပပပြတ်လို့ ပင်လယ်ရေမျက်နှာပြင်ကြီးလည်း နိမ့်ဆင်းသွားလေတယ်။ ပင်လယ်ရေတွေ ခွဲဖြာသွားပြီး အလယ်အက်ကြောင်းနေရာမှာ ပင်လယ်ကြမ်းပြင်ကြီး ပေါ်လို့။ အဲ့ဒီရေအောက်ကြမ်းပြင်မှာပါ အောက်ခြေအနက်မမြင်နိုင်တဲ့ အက်ကွဲကြောင်းကြီး ဖြစ်နေတော့တာပဲ။ အဖြစ်က သူမ ဓားချက်ကြောင့် မိုးရော မြေပါ အက်ကွဲသွားရသလိုမျိုး။ ပင်လယ်ကြမ်းပြင် အက်ကွဲကြောင်းကြီးထဲ ရေတွေ စီးဝင်နေသံကလွဲရင် အရာအားလုံး တိတ်ဆိတ်ကုန်တော့တယ်။
ယိချင်း၊ “…”
ကူယွဲ့၊ “…”
“အာ” ‘ငါ အားသုံးတာ များသွားလို့နေမယ်’ ရှန်းရင် ခေါင်းကုတ်နေမိပြီးနောက်တော့ ဓားကို စားဖိုမှူးဆီ ပြန်ပစ်ပေးလိုက်တော့တယ်။
“ဘာချင်းဆိုလား၊ ဟဲ့ ညစာ ဘာနဲ့ စားရမှာလဲ”
ယောက်ျားသားနှစ်ယောက်လုံး မှင်တက်သွားမိကြတာ။ နောက်ဆုံးတော့ အတွေ့အကြုံရှိဖူးသူ ယိချင်းပဲ အရင် သတိပြန်ဝင်လာတော့တယ်။ သူ အလိုအလျောက်လည်း ပြန်ဖြေမိလေတယ်။ “မာပို တိုဟူးဟင်း ထင်တာပဲ” ‘ဆရာက တကယ့်ဆရာကြီးပဲ’ (✪ω✪)
“အဲဒါဆို၊ ငါတို့ ဘယ်တော့ ပြန်ကြမှာလဲ”
“အခုပဲ ဆရာ၊ ဆရာ ဒီနေ့ ပင်ပန်းသွားရပြီဆိုတော့ ကျွန်တော် နောက်ဟင်းတစ်ပွဲ ထပ်ပြင်ဆင်လိုက်မယ်နော်”
“နင်ဟာ အတော်ကောင်းတဲ့ စားဖိုမှူး၊ တပည့်ပဲ”
ကူယွဲ့၊ ‘နင်ဟာ တကယ်ကြီးကို၊ ကြောက်စရာကောင်းတဲ့ မိန်းမပဲ၊ နေစမ်းပါဦး၊ သူ တကယ်ကြီး စားဖိုမှူးလို့ ခေါ်သွားတာလား၊ တကယ်ကြီး သူ အဲ့သလို ပြောလိုက်တယ်ပေါ့၊ တကယ်’
“ငါတို့ အခုပြန်ပြီး ညစာစားဖို့ ပြင်ရအောင်လေ”
“ဆရာ ခဏလေး” ယိချင်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အရင်ကတစ်ခါမှ မပြဖူးတဲ့၊ စိတ်အားထက်သန်နေတဲ့ မျက်နှာပေးနဲ့ ကြည့်လာတော့တယ်။
“တပည့်ရဲ့ နုံချာမှုကို ခွင့်လွှတ်ပေးပါ၊ ဆရာရဲ့ ခုနကသိုင်းကွက် ရည်ရွယ်ရင်းကို တပည့် နားမလည်သေးပါဘူး”
“…” ‘ငါ ဘာမှ မရည်ရွယ်ခဲ့တာလေနော်’
“တပည့် နားမလည်နိုင်ဘူး၊ ဆရာရဲ့ ရိုးရှင်းတဲ့ ဓားကွက်တစ်ကွက်က ဘာကြောင့် ဒီလောက်တောင် အစွမ်းထက်ရတာလဲ”
“အာ” ရှန်းရင် နှုတ်ခမ်းတွေ တွန့်သွားမိပြီး စဉ်းစားတော့တယ်။ ‘ငါ ဘယ်သိမလဲ’
“ဖြစ်နိုင်တာ၊ ငါ အားထည့်တာ များသွားလို့လား”
“အား”
ကူယွဲ့၊ ‘နင် နောက်နေတာလား၊ ဒီလိုဟာမျိုးက အားလေး ထည့်လိုက်ရုံနဲ့ ဖြစ်လာမဲ့ အရာလား’
(╬̄皿̄)
“နင်တို့ မကြားဖူးကြဘူးလား” ရှန်းရင် အတည်ပေါက်ကြီး ပြောလာတော့တယ်။ “အင်အားကြီးသူ တစ်ယောက်ဟာ ဆယ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုတာ”
ကူယွဲ့၊ ‘ဒီစကားက နာမည်ကြီး သိုင်းဝတ္ထုတွေမှာ ပါနေကျ မဟုတ်လား၊ အဲဒါတွေ ယူ ပြောနေလိုက်၊ ငပိန်းတွေပဲ နင့်ကို ယုံမယ်’
凸(艹皿艹)
“ဆိုတော့ကာ ဆရာပြောချင်တာက၊ မိမိမှာ အစွမ်းအစရှိနေသရွေ့ သိုင်းကွက်တွေ ကျင့်စဉ်တွေက သိပ်အရေးမပါတော့ဘူးဆိုတဲ့ သဘောလား”
ကူယွဲ့၊ ‘မင်းကလည်း ယုံတာပဲလား’ (°Д°)
“အင်အားကြီးသူတစ်ယောက်က၊ ဆယ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်၊ အင်အားကြီးသူ တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို အနိုင်ရနိုင်တယ်” ရုတ်တရက်ပါပဲ၊ သူ့ခန္ဓာအတွင်းက စိတ်ဝိညာဉ်ချီတွေနဲ့ ဓားအတွင်းအားချီတွေ စတင် လှိုင်းထန်လာတော့တယ်။ ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ စိတ်ဝိညာဉ်ချီတွေပါ လိုက်ပြီး လှုပ်ရှား တိုက်ခတ်လာတော့လေတယ်။
ကူယွဲ့၊ ‘ဘာလား၊ မင်း ဉာဏ်အလင်းပွင့်သွားတယ်လို့တော့ မပြောနဲ့၊ ဒါ သက်သက် မမျှတတာပဲ ဘဒို’
ヽ(Д)
“စားဖိုမှူး နင် ဘာဖြစ်သွားတာလဲ ဟင်” ယိချင်း ရုတ်တရက် ထိုင်ချလိုက်ပြီး ငြိမ်နေတာ တွေ့တော့ ရှန်းရင်လည်း မနေသာတော့ဘဲ လှမ်းပုတ်ကြည့်ဖို့ ကြိုးစားတော့တယ်။
“သူ့ကို မထိလိုက်နဲ့” ကူယွဲ့က သူမလက်ကို ခါထုတ်လိုက်တယ်။
“သူ အခု ဉာဏ်အလင်းပွင့်နေတာ၊ သွားနှောင့်ယှက်လိုက်ရင် သူ့အတွက် အန္တရာယ်များတယ်” ‘ဒါလေးတောင် မသိတာ၊ မင်းက ဘယ်လို ဆရာမျိုးလဲ၊ အခုနေ သူ့နေရာဖြစ်တည်မှုကိုတောင် ဂရုမစိုက်တော့ဘဲ စားဖိုမှူးလို့ပါ ပေါ်တင်ကြီး ခေါ်နေပြန်ပြီပေါ့’
ဗြစ်တောက် ဗြစ်တောက် ပြောချင်စိတ်ကို ချိုးနှိမ်ထားလိုက်ပြီး ကူယွဲ့ လက်သင်္ကေတတချို့ အမြန်ဖွဲ့ကာ စည်းတစ်ခုချထားလိုက်တယ်။ ယိချင်း ပတ်ပတ်လည်မှာ အကာအကွယ် အင်းကွက် စည်းချပေးလိုက်တာ။ ဉာဏ်အလင်းပွင့်တာဟာ အချိန်ကြာမြင့်ချင်လည်း ကြာနိုင်တယ်။ မြန်မြန်ပြီးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခု သူ့အတွင်းအားချီတွေ ပြင်းထန် သည်းထန်စွာ လှုပ်ရှားနေပုံထောက်ရင် အတော်ကြီးလေးတဲ့ အလင်းပွင့်ခြင်းဖြစ်လောက်တယ်။ ဒီလို အင်းကွက် ထောင်ပေးရတာလည်း မဖြစ်မနေ လိုအပ်တာကြောင့်ပဲ။ လုံခြုံစိတ်ချရဖို့က ပိုအရေးကြီးတယ်လေ။ သူ ဂိုဏ်းဆီကို ပြန်ပြီး ယိချင်းကို စောင့်ကြပ်ပေးမဲ့ လူလွှတ်ထားဖို့ ဂိုဏ်းချုပ်ကို ပြောထားမှပဲ။
ကူယွဲ့ ပြန်လှည့်လိုက်ပြီးတော့ မျက်နှာသေနဲ့ ငေါင်နေတဲ့ ရှန်းရင်ကို ကြည့်လိုက်လေတယ်။ ချက်ချင်းဆိုသလို သူ့နှုတ်ခမ်းထောင့်တွေက မဲ့ရွဲ့သွားမိတော့တာပဲ။ ဘာလို့မှန်းမသိ၊ ရုတ်တရက်ကြီး သူ တပည့် မလိုချင်တော့သလို ခံစားမိသွားတာပါလိမ့်။
ကူယွဲ့လည်း နှစ်ခြမ်းကွဲသွားတဲ့ ကျွန်းရယ်၊ ထက်ပိုင်းပြတ်သွားတဲ့ ပင်လယ်ကြမ်းပြင်ရယ်ကို လှည့် ကြည့်လိုက်မိတယ်။ နောက်တော့ မဟူရာကောင်းကင်ဂိုဏ်းထက်က အဖျားခတ်ထိလို့ ပြိုကျသွားတဲ့ တောင်ထွတ်တစ်ခုကိုရောပေါ့။
နစေမျးပါဦး။
အဲဒီတောင်ထွတ်ကို ရင်းနှီးနေတယ်လို့ သူ ဘာကြောင့် ခံစားမိတာပါလိမ့်။
“ဟာ မဖြစ်ဘူး၊ ငါ့ လင်းယွင်တောင်ထွတ်”
Σ(°△°|||)
————————
ငါးရက်ကြာသော်…
“ငါပြောတာ၊ ယာယီ-”
“ငါ့ကို ယာယီ စားဖိုမှူးလို့ ခေါ်ရဲခေါ်ကြည့်” မီးဖိုချောင်ထဲ ကြော်လှော်နေသော ပုဂ္ဂိုလ်မှာ ရှန်းရင် စကားဆုံးတဲ့အထိ မစောင့်ဘဲ ခက်ခက်ထန်ထန် ပြန်လှည့်ပြောတော့လေတယ်။ “မင်းကို အသေရိုက်မှာ၊ မယုံရင်စမ်းကြည့်”
“အာ” ရှန်းရင်လည်း ပြောလက်စရပ်သွားပြီး စကားလုံးတွေ ပြန်စီပြောတော့တယ်။
“နာမည်ဘာဆိုလား၊ ငါ့တပည့် နိုးလာပြီလား၊ ငါးရက်တောင်ရှိနေပြီကို”
“ဉာဏ်အလင်းပွင့်တယ်ဆိုတာကို ပေါ့သေးသေးမှတ်နေတာလား” ကူယွဲ့က စားပွဲပေါ် အရိုးမရှိသလို မှီလှဲနေသူကို မျက်စောင်းတွေ ခဲနေလိုက်တယ်။
“ပြီးတော့ ငါ့နာမည်က ကူယွဲ့၊ နာမည်ဘာဆိုလား မဟုတ်ဘူး၊ မင်း တပည့်နာမည်ကို မင်းဘာသာ မမှတ်မိတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်းနဲ့ငါက တစ်နေရာကတည်းက လာခဲ့သူချင်း အတူတူပဲ၊ ဒီတော့ မင်း ငါ့နာမည်တော့ မှတ်မိမှ ရမယ်”
“ဟင်း၊ ငါ အစားမစားရတာ ငါးရက်တောင် ရှိပြီ” ‘ငါ့မှာ အားမှ မရှိတာ ဘယ်လိုလုပ် နာမည်မှတ်နိုင်တော့မှာလဲ’
“ငါးရက်” ကူယွဲ့လည်း လက်ထဲက ယောက်မကို သူမဆီ ပစ်ပေါက်လိုက်မိတော့တယ်။
“ဒါဖြင့် ဒီရက်ပိုင်း မင်း မျိုနေတာတွေက ဘာတွေလဲ၊ ဝက်စာတွေလား”
သူမက ယောက်မကို အမိဖမ်းလိုက်နိုင်ပြီး ပြန်ရေရွတ်နေလိုက်တယ်။ “ဝက်စာထက် ဆိုးတယ်” ပြီးတော့ သူမ ယောက်မကို ပြန်ပစ်ပေးလိုက်လေတယ်။
“မြန်မြန် မွှေပေးနေလေ၊ ဟင်းတွေ ပြဲသွားဦးမယ်”
ကူယွဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာသလို သူ့ခေါင်းထဲမှာ ပေါက်ကွဲသွားမိပြီ။ သူ လက်ထဲက ယောက်မကို မြေကြီးပေါ် ပစ်ပေါက်ချမိတော့တာပဲ။
“မင်း ခုနက ဘာပြောလိုက်တယ်၊ ပြန်ပြောလိုက်စမ်း” သူ နှာမှုတ်သံ တရွှီးရွှီးမြည်လို့ ဟင်းချက်အင်္ကျီရှေ့အကာကို ဆွဲချွတ်လိုက်ကာ သူမဆီ လျှောက်လှမ်းလာတော့တယ်။
“ငါက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ပြီးတဲ့ ဆရာသခင်တစ်ပါးပဲ၊ အရင်ဘဝမှာရော အခုလက်ရှိ ဘဝမှာပါ ဘယ်သူ့အတွက်မှ မချက်ပြုတ်ပေးဖူးဘူး၊ ငါလည်း မင်းအတွက် အရမ်းချက်ပြုတ်ကျွေးမွေးချင်နေတယ် ထင်နေလား၊ ဒီအလုပ် ဘယ်သူ လုပ်ချင်ချင် လုပ်ပါစေကွာ၊ ငါ ထွက်တယ်”
“ဒါပေမဲ့ ငါ နင့်ကို လာလုပ်ခိုင်းတာမှ မဟုတ်တာ” သူမ ဘာအလိုရှိသလဲဆိုပြီး သူ့ဘာသာ မေးပြီး လာလုပ်ပေးနေတာ မဟုတ်ဘူးလား။
“ပြီးတော့၊ အဲဒီနေ့က ဓားရမ်းခိုင်းတာ နင်ပဲလေ”
သူမသာ ဓားခုတ်မပြခဲ့ရင် သူမရဲ့ စားဖိုမှူးလည်း ဉာဏ်အလင်းပွင့်သွားမှာ မဟုတ်ဘူး။ သူသာ ဉာဏ်အလင်းမပွင့်ရင် သူမအတွက် ဆက်ချက်ပြုတ်ပေးနိုင်မှာ။ သူမလည်း ကူယွဲ့ရဲ့ ဝက်စာတွေ စားနေစရာ မလိုတော့ဘူးပေါ့။
“မင်း” သူ့လင်းယွင်တောင်ထွတ်ကြီး သူမကြောင့် ပြိုကျသွားတာသာ မဟုတ်ရင် သူလည်း ဒီကို လာနေမှာ မဟုတ်ဘူး။ အင်း သူ့မွေးရပ်မြေက တစ်ဦးတည်းသောလူကို ရှာချင်တာကြောင့်ဆိုတာ သေချာပေါက် မဟုတ်ဘူးပေါ့။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။
‘ထားလိုက်ပါတော့၊ မိန်းမတစ်ယောက်နဲ့ ငါ ပြိုင်ငြင်းမနေတော့ဘူး’
ကူယွဲ့ ပြန်လှည့်ကြည့်လိုက်တော့ သူမ အသွင်က မသေမရှင် လည်လိန်နေတဲ့ ကြက်တစ်ကောင်လောက်ကို တက်ကြွနေတာ တွေ့ရတော့တယ်။ သူ့စိတ်ထဲစိုးမိုးနေခဲ့တဲ့ မေးခွန်းကို မေးထုတ်မိလိုက်တယ်။
“ဟိတ် ရှန်းရင်၊ မင်းရဲ့ ကြောက်ခမန်းလိလိအစွမ်းကြီးက၊ ဘယ်က ဘယ်လို ရလာတာလဲ” သူမရဲ့ အဲ့ဒီဓားတစ်ချက်က မိုးနဲ့ မြေကို ပိုင်းဖြတ်တော့မဲ့အတိုင်းပဲ။
“ငါ နင့်ကို မပြောထားဘူးလား” သူမ ပျင်းရိပျင်းတွဲ ပြန်ဖြေလေတယ်။ “ငါ မသိပါဘူးဆို”
“မင်း တကယ် မသိတာလား”
“အွန်း၊ ငါ ဒီလောကကို စရောက်ကတည်းက အဲ့လို ဖြစ်နေတာ”
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ သိသလောက်ဆို၊ ဘယ်သူမှ ဓားတစ်ချက်တည်းနဲ့ ပင်လယ်ရေ ကွဲသွားအောင် မစွမ်းဆောင်နိုင်ဘူး။ လောကမှာ အစွမ်းထက်ဆုံး နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ပညာရှင်တောင် မလုပ်နိုင်ဘူး။ သူမကတော့ ခန္ဓာကိုယ်မှာ ဘာနတ်ဝိညာဉ်ချီစွမ်းအင်မှ မရှိတဲ့ သာမန်သေမျိုးတစ်ယောက်လို ဖြစ်နေပြီး ကျင့်ကြံသူတွေရဲ့ အခြေခံတောင် မရှိဘူး။ ဒါပေမဲ့ သူမက ဒီလောက် အစွမ်းကြီးနေတယ်။ စိတ်တိုချင်စရာ အကောင်းဆုံးက သူမကိုယ်တိုင်တောင် အကြောင်းရင်းကို မသိဘူးတဲ့။
သူ အကြာကြီး စဉ်းစားနေပေမဲ့လည်း ဘယ်လိုဆက်စပ်လို့ မရခဲ့ဘူး။ နောက်ဆုံးတော့ သူ လက်လျှော့လိုက်တော့တယ်။ ပျော့ပျော့ပြဲပြဲ ဟင်းတစ်ခွက်ကို ရှန်းရင်ရှေ့ ချပေးလိုက်ပြီး ပြောသာ ပြောလိုက်တယ်။
“မြန်မြန် စား၊ စားပြီးတာနဲ့ မင်းတပည့် အခြေအနေ ဘယ်လိုရှိသလဲ သွားကြည့်ရဦးမယ်” ‘ဘာကိစ္စ ငါ မလိုအပ်တဲ့ ပြဿနာထုပ်တွေ ကောက်လာမိသလို ခံစားနေရတာလဲ၊ အတိအကျပြောရရင် ရင်မအေးရစေမဲ့ ပြဿနာအကြီးကြီး နှစ်ခု’
ရှန်းရင်ကတော့ သူမအရှေ့က ပျော့ပြဲပြဲ အပုံကလေးကို တို့ကြည့်နေလိုက်တယ်။ သူမ တူနဲ့ ညှပ်မယူကြည့်သေးဘူး။ သူမ ရွံလာမိပြီ။ သူမ မျက်နှာထားမှာလည်း ဒီ’ဝက်စာ’ အပေါ် ခံစားချက်ကို သိသာစွာ ဖော်ပြနေလေရဲ့။ သူမ ဆက်ပြီး တို့ကနန်း ဆိတ်ကနန်း လုပ်နေမလို့ပဲ။ ဒါပေမဲ့ ဟိုတစ်ယောက်က ဟန့်ကနဲ လုပ်ပြီး ထွက်သွားတော့မလို ဖြစ်နေတာနဲ့ပဲ၊ ပါးစပ်ထဲ ကောက်ထည့်ရလိုက်တော့တယ်။
‘ဒါတွေ တကယ် စားရခက်တယ်၊ ဒါပေမဲ့ ငါ့ဘာသာ ချက်တာထက်စာရင်တော့ တော်ပါသေးတယ်လေ’
…