EYYJ အပိုင်း ၂

အပိုင်း (၂) ဒုတိယမိသားစု

ယိုကျင့်သည် မိနစ်ငါးဆယ်အကြာတွင် ရှောင်ကျို့ကို ပွေ့ကာ အနောက်ခြံ၀န်းထဲသို့ ပြန်ရောက်ခဲ့သည်။ အဘွားချန်သည် လူတစ်ယောက်ကိုလွှတ်ကာ သူမအား အလုပ်လုပ်ရန် ခေါ်ခိုင်းလိုက်သည်။ ယွဲ့ယိုထင်းသည် တံခါးရှေ့တွင် ရပ်ကာ “ယွဲ့ယိုကျင့် အဘွားက နင့်ကိုခေါ်တယ်” ဟု အော်ပြောလိုက်လေသည်။ ထို့နောက် အထဲ၌ လူရှိမရှိကို ဂရုမစိုက်ဘဲ လှည့်ပြန်ခဲ့သည်။

ယိုကျင့်သည် သက်ပြင်းချလိုက်ကာ အမျိုးသမီးစုကို ထပ်မံနှစ်သိမ့်ပေးလိုက်သည်။

“အမေ ရှောင်ကျို့ရဲ့အဖျားက ပျောက်သွားပြီ။ အမေ့ဗိုက်ထဲက မောင်လေးကိုပဲ ဂရုစိုက်လိုက်နော်။ မငိုနဲ့တော့” ထိုသို့ ပြောပြီးသည်နှင့် ယွဲ့ယိုရင်နှင့်အတူ ပင်မဆောင်သို့ သွားလိုက်သည်။

အဘွားချန်သည် စိတ်ပျက်စရာကောင်းသော မြေးမနှစ်ယောက်‌အား အေးတိအေးစက်ကြည့်ရင်း ဆူပူလိုက်သည်။

“ဘာလို့ အူကြောင်ကြောင်နဲ့ရပ်နေတာလဲ။ သွားမချက်သေးဘူးလား။ တစ်မိသားစုလုံးကို အဆာခံပြီး သေစေချင်တာလား” ယွဲ့မိသားစုရှိ ချက်ပြုတ်ခြင်း၊ ၀က်စာကျွေးခြင်းစသည့်အလုပ်များသည် မိသားစုခွဲများကြား တလှည့်စီလုပ်ကြရသည်။ တတိယမိသားစုခွဲသည် မြို့တော်၌သာ တစ်နှစ်ပတ်လုံးနေရ၍ ကျန်မိသားစုနှစ်ခုသည် ဆယ့်ငါးရက်တစ်ခါ အလှည့်ကျ တာ၀န်ပြောင်းရသည်။ ယနေ့သည် ဒုတိယမိသားစု၏နောက်ဆုံးတာ၀န်ကျသည့်နေ့ဖြစ်သည်။

ယွဲ့ယိုကျင့်သည် မခံမရပ်နိုင်ဖြစ်မိသည်။ သူမသည် အဘွားချန်၏ ဆိုးယုတ်သော ဘက်လိုက်မှုများကို နှစ်စဉ်နှစ်တိုင်း သည်းခံခဲ့ရသည်။ ယခု သူမ၌ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိသည့်အတွက် သူမ၏ခံစားချက်များကိုသာ ထိန်းချုပ်ရင်း တိတ်ဆိတ်နေရသည်။ ထို့ကြောင့် ယိုရင်ကိုခေါ်ကာ မီးဖိုဆောင်သို့သာ ဦးတည်လိုက်သည်။

ယွဲ့မိသားစုသည် မိသားစုများ တသီးတခြား မပိုင်းခြားရသေးပေ။ မိသားစုသုံးခု၌ လူပေါင်းနှစ်ဆယ့်တစ်ယောက်ရှိလေသည်။ ထို့အပြင် ယွဲ့ဝမ်ထောင်နှင့် ယွဲ့ဝမ်လီ ညီအစ်ကို နှစ်ယောက်သည် မြို့တော်၌ စာသင်ကြားနေရ၍ တတိယမိသားစုတစ်ခုလုံးမှာ မြို့တော်၌ ပြောင်းရွှေ့နေရလေသည်။ မိသားစုတွင် လူဆယ့်ငါးယောက်ကျန်ခဲ့လေရာ ထိုလူများကို ကျွေးမွေးရန်မှာ မလွယ်ကူချေ။

ယွဲ့ယိုကျင့်သည် ဆယ့်တစ်နှစ်ဖြစ်ကာ ယွဲ့ယိုရင်သည် ကိုးနှစ်သာ ရှိသေးသော်လည်း ညီအစ်မနှစ်ယောက်သည် အသက်ငါးနှစ်ခြောက်နှစ် အရွယ်မှစ၍ အမျိုးသမီးစုနှင့်အတူ လုပ်ကိုင်ခဲ့ရသဖြင့် အလုပ်လုပ်ရာတွင် သေသပ်လျင်မြန်ပေသည်။ ယွဲ့ယိုရင်သည် မီးဖိုရှေ့၌ထိုင်ကာ မီးစတင်မွှေးလေသည်။ ယွဲ့ယိုကျင့်သည် ခရမ်းသီးကို လှီးဖြတ်ပြီး မီးဖို၌ အကြော်ဒယ်အိုးကြီးတင်ကာ ခရမ်းသီးနှင့် ၀က်သားကို ရောကြော်လိုက်သည်။ ထို့နောက် ဂေါ်ဖီထုပ်ကြော်ကာ ညစာအတွက် ချက်ပြုတ်မှုကို အပြီးသတ်လိုက်ကြသည်။

သူမသည် ဟင်းနှစ်ခွက်အတွက် ပန်းကန်ပြားနှစ်ချပ်စီ ခွဲထည့်ရသည်။ ဟင်းအပြည့်နှင့် ပန်းကန်ပြားများကို ယွဲ့မိသားစု၏ အမျိုးသားများ ထိုင်သည့်စားပွဲတွင် တည်ခင်းရပြီး ကျန်သုံးပုံတစ်ပုံစာရှိသည် ပန်းကန်ကို အဘွားချန် ဦးဆောင်သည့် စားပွဲတွင် တည်ခင်းရသည်။

ယွဲ့မိသားစု၏ အစားအသောက်ပမာဏသည် နေ့စဉ်အမျှ နည်းပါးလှသည်။ အဘွားချန်သည် မီးဖိုချောင်၌ ချက်ပြုတ်သည့်သူ မဟုတ်သော်ငြား ချက်ပြုတ်ရမည့် အစားအသောက်ပမာဏသည် သူမ၏ထိန်းချုပ်မှုအောက်၌ ရှိသေးသည်။ အဘွားချန်သည် သူမ၏ထမင်းပန်းကန်၌ ဟင်းအပြည့်ယူကာ ယွဲ့ယိုထင်းအား မျက်နှာသာပေးသည့်အနေနှင့် သူ့မြေးမ၏ ထမင်းပန်းကန်၌ ဟင်းများ ထည့်ပေးလေသည်။ ထို့နောက် အမျိုးသမီးချန်၏ အလှည့်သို့ ကျရောက်လေသည်။ ပြောင်းဆန်နှင့်ဆန်ညိုလုံးကိုသာ စားရသည့် သူမတို့ညီအစ်မခုနှစ်ယောက်အတွက် ဟင်းပန်းကန်သည် တ၀က်သာ ကျန်ပေတော့သည်။

ယွဲ့မိသားစုသည် ချွေ့ဖုန်းရွာ၌ ချမ်းသာသည်ဟု ယူဆ၍ရသော်လည်း နိုင်ငံအရာထမ်းစာမေးပွဲတွင် ဖြေဆိုရန် ကြိုးပမ်းနေသော မြေးနှစ်ယောက်အား ထောက်ပံ့နေရသည့်အတွက် အဘွားချန်သည် ခြိုးခြံကာ တွက်ချက်နေတတ်ပြီး အစားအသောက်များသည်လည်း ဆိုးရွားလှသည်။

ယိုရင်သည် တစ်နေကုန် ပင်ပန်းစွာ လုပ်ကိုင်ထားရ၍ သူမ၏ဗိုက်သည် အသံမြည်သည်အထိ ‌ဆာလောင်နေပေသည်။ သူမ၏တူဖြင့် ခရမ်းသီးကို ယူရန် ရွယ်လိုက်သည်။ သို့သော် တောက်‌လျှောက်စောင့်ကြည့်နေခဲ့သော အဘွားချန်၏တူတစ်စုံသည် ယိုရင်၏တူကို အခြားဟင်းခွက်ဆီသို့ တွန်းပို့လိုက်သည်။

“တစ်နေကုန် စားဖို့ပဲသိတယ်။ နည်းနည်းပဲစားလို့ အာဟာရပြတ်ပြီး သေသွားမှာကြနေတာပဲ။ တကယ့်ကို ပြိတ္တာတွေ လူ၀င်စားပြီး ဆန်ကုန်မြေလေးတွေ လာဖြစ်တာပဲ”

ယိုရင်သည် ဘာမှမလုပ်ခဲ့သော်လည်း သူ့အဘွား၏ ဆူဆဲခြင်းကို ခံလိုက်ရသည်။ သူမ၏မျက်၀န်းများသည် ရုတ်တရက် နီရဲလာသော်ငြား မငိုရဲခဲ့ပေ။ သူမ၏ခေါင်းကို ငုံ့လိုက်ပြီး တိုးတိုးလေးသာ ရှိုက်သံထွက်နိုင်သည်။ ဤမိသားစု၌ တစ်လလျှင် အသားနှစ်ကြိမ်သာ စားနိုင်သည်။ သူမတို့သည် ကလေးများသာဖြစ်၍ အစာစားချင်စိတ် ပြင်းပြပေသည်။ သို့သော် သူမသည် အသားဖတ်များပေါ်သို့ လက်မတင်ရဲချေ။ ခရမ်းသီးနှင့်ဖုံးနေသည့်အတွက် ထိုအသားဖတ်ကို မမြင်ခဲ့ရုံသာဖြစ်သည်။

ယိုကျင့်သည် အဘွားချန်ကို ရပ်ရန် ယိုရင် မှားထိမိသည့် အသားဖတ်အပိုင်းအစကို အဘွားချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ “အဘွားလည်း တစ်နေကုန် ပင်ပန်းနေမှာပဲ။ များများစားနော်”

အဘွားချန်သည် ယွဲ့ယိုကျင့်အား ဒေါသတကြီးဖြင့် ကြည့်ကာ “နင်တို့ဘာတွေးနေလဲ ငါမသိဘူးထင်နေလား။ အကုန်လုံးက မျက်ဖြူဝံပုလွေတွေနဲ့ ဆန်ကုန်မြေလေးတွေချည်းပဲ”

ယွဲ့ယိုကျင့်သည် ဆယ့်တစ်နှစ်ကြာမျှ ကြားလာပြီဖြစ်၍ အဘွားချန်၏ နှိပ်စက်မှုများနှင့် အသားကျနေပြီဖြစ်သည်။ သူမသည် ဘာမျှ မကြားသလို သဘောထားကာ ယိုရင်၏ ပန်းကန်ထဲသို့ အရွက်ဖက်လေး ထည့်ပေးလိုက်သည်။ သေချာပေါက် အသားတော့ မရှိပါချေ။

အဘွားချန်သည် ထ၍ရိုက်ရန် ရွယ်လိုက်သော်လည်း အခြားစားပွဲရှိ ယွဲ့တာ့ဖူ၏ ဟန့်တားခြင်းကို ခံလိုက်ရလေသည်။

“တစ်နေကုန် ဆူညံနေတာပဲ။ လူတွေကို အစားတောင် အေးဆေး ပေးမစားတော့ဘူးလား”

အဘွားချန်သည် ယွဲ့တာ့ဖူ ပြောသည်ကို ကြားသည်နှင့် ယွဲ့ယိုကျင့်နှင့် ယွဲ့ယိုရင်တို့ ညီအစ်မနှစ်ယောက်အား ဆောက်နှင့်ထွင်းချင်သလို ကြည့်ကာ ပြန်ထိုင်လိုက်သည်။ ယိုကျင့်သည် ထိုအရာကို မမြင်ချင်ယောင်ဆောင်ကာ ယိုကျူးနှင့်ယိုပေါင်ကိုပါ ခရမ်းသီးဖက်များ ပေါ်တင်ထည့်ပေးတော့သည်။ အသားဖက်မပါသော်ငြား အသားစလေးများ ကပ်နေသေးသည်။ ထိုညီမလေးများသည် သေးသွယ်လွန်းလှသည်။ သူတို့စားနိုင်သေးသ၍ များများစားထားရမည်ပင်။

ယိုကျင့်နှင့်ညီအစ်မများသည် ထမင်းစားပြီးသည်နှင့် ထမင်းပန်းကန်တစ်လုံးကို ဟင်းရွက်ကြော်အပြည့်ဖြင့်ထည့်ကာ အနားယူနေသည့် အမျိုးသမီးစုဆီသို့ ယူသွားပေးလေသည်။ သူမတို့၏အမေသည် ပါးစပ်အပြည့် ထမင်းများကို စားနေရင်း ရပ်နေကြသည့် ညီအစ်မခြောက်ယောက်နှင့် သူမဘေး၌ အိပ်ပျော်နေသော ရှောင်ကျို့အား ကြည့်ကာ မျက်လုံးများရဲတက်လာလေသည်။ “ သမီးတို့ညီအစ်မတွေ တော်တော်ပင်ပန်းနေကြမှာပဲ။ အကုန် အမေအသုံးမကျလို့ ဖြစ်ရတာပါ”

ယိုကျင့်သည် ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများကို မမြင်ခဲ့ရသော်လည်း ယိုရင်ဆီမှ အ‌ဖြစ်အပျက် အကျဉ်းချုပ်ကို ကြားခဲ့ပေသည်။ အမျိုးသမီးစု၏ ကိုယ်၀န်သည် ယခု မတည်မငြိမ်ဖြစ်နေသည်။ ယနေ့ ၀က်ပုတ်မ အမျိုးသမီးချန်၏ တွန်းထုတ်မှုကြောင့် ကိုယ်၀န်ပျက်နိုင်ချေ လက္ခဏာများ ပြသလာပေသည်။ သူမသည် အိပ်ရာပေါ်တွင် လှဲကာ အနားယူရန်သာ တတ်နိုင်သည်။ မည်သူမှ သူမအား ဆေးတိုက်ပြုစုခြင်း မပြုကြပေ။

သူမစိတ်ထဲ၌ အမျိုးသမီးစုသည် ကံမကောင်းအကြောင်းမလှသည့် လူသာဖြစ်ကြောင်း သိလေသည်။ ယိုကျင့်သည် သူမအား နှစ်သိမ့်ပေးလိုက်သည်။ “အမေ ဒီနေ့ကိစ္စအတွက်တော့ ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့တော့။ ရှောင်ကျို့ကလည်း ဆေးသေချာသောက်ရင် သက်သာလာမှာပါ။ အမေက ကိုယ်ကိုကိုယ်နဲ့ ဗိုက်ထဲက ကလေးကိုပဲ ဂရုစိုက်ပါ”

နှစ်ဆယ့်တစ်ရာစုမှ လူတစ်ဦးအနေနှင့် သူမအတွက် ယောက်ျားလေးနှင့် မိန်းကလေးသည် ကွာခြားချက်မရှိပေ။ အကုန်လုံးသည် စွမ်းဆောင်နိုင်စွမ်း တူညီသည်ဟုသာ မှတ်ယူထားသည်။ သူမယခု ကမ္ဘာ၌ ဆယ့်တစ်နှစ်ကျော်ကြာ ရှင်သန်ပြီးနောက် အတွေးခေါင်သည့် ဤရှေးခေတ်၌ သားတစ်ယောက်သည် သမီးတစ်ယောက်ထက် မည်မျှ အရေးကြီးမှန်း သိလိုက်သည်။

အလိုက်သိတတ်သော သမီးအကြီးကို ကြည့်ရင်း အမျိုးသမီးစုသည် စိတ်သက်သာရာရသွားလေသည်။

“သမီးတို့တွေက လိမ္မာပြီး စကားနားထောင်ကြမှန်း အမေသိပါတယ်။ အဘွားကိုလည်း အပြစ်မမြင်ကြပါနဲ့ကွယ်။ သူက အပြောဆိုးရုံတင်…”

ဘာကို အပြောဆိုးတာလဲ။ သူမငယ်ကတည်းကပင် ထိုစိတ်ပုတ် အဘွားအို လုပ်ခဲ့သည့် မကောင်းမှုများကို ကြုံဖူးပေသည်။ အမြွှာညီအစ်မကို အမျိုးသမီးစု မွေးသည့်နှစ်က သူမသည် သူတို့အပေါ် သံသယများထားခဲ့သည်။ သူမသာ အဘွားချန်၏နောက်ကို လိုက်ပြီး ရေအပြည့်ဖြည့်ထားသည့် ပုံးထဲမှ အမြွှာနှစ်ယောက်ကို သယ်ထုတ်မလာခဲ့လျှင် အမြွှာနှစ်ယောက်သည် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ယိုကျင့်သည် နှာခေါင်းကို အနည်းငယ်ရှုံ့လိုက်ပြီး မည်သည့် ဆန့်ကျင်စကားကိုမျှ မဆိုခဲ့ချေ။ “သမီးသိပါပြီ အ‌မေရယ်။ ထမင်းကို သေချာစားနော်”

သားအမိနှစ်ယောက်သည် အနောက်ခြံထဲ၌ စကားပြောနေကြသည်။ အမျိုးသမီးစုသည် တစ်ခုခုပြောရန် ကြံရွယ်သော်လည်း ကြမ်းတမ်းကျယ်လောင်သည့် အသံတစ်ခုကြောင့် နှောင့်ယှက်ခြင်းခံလိုက်ရသည်။

“ခွေးမတွေ ဘယ်ရောက်ကုန်တာလဲ။ လောင်ဇီက အပြင်မှာ အလုပ်ကြိုးစားပြီး ပင်ပင်ပန်းပန်း ပိုက်ဆံရှာနေတုန်း နင်တို့ ဆန်ကုန်မြေတွေက တစ်နေကုန် ပါးစပ်ဖွင့်ပြီး စားသောက်ဖို့ပဲတတ်တယ်။ လောင်ဇီ ပြန်လာတာကို မမြင်ကြဘူးလား” ထိုစကားများသည် ယွဲ့မိသားစု၏ ဒုတိယသား ဖြစ်သည့်အပြင် ညီအစ်မခုနစ်ယောက်၏ အဖေဖြစ်သည့် ယွဲ့ချန်လုဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

အခန်းအပြင်ရှိ ယွဲ့ချန်လု၏ ဆူဆဲ၍ အော်ခေါ်နေသံများကြောင့် အမျိုးသမီးစုသည် အိပ်ရာမှထကာ ထိုလူ့အား ပြုစုရန် ကြိုးပမ်းနေတော့သည်။ သို့သော်လည်း ယိုကျင့်သည် သူမအားတားကာ “အမေ ထမင်းအမြန်စားလိုက်ပါ။ သမီးအဖေ့ကို သွားကြိုလိုက်မယ်”

ထို့နောက် သူမသည် အမျိုးသမီးစုအား တားရန် ယိုရင်အားခေါ်ပြီးနောက် ပါးလွှာသော လိုက်ကာစကို ပင့်ကာ ယွဲ့မိသားစု၏ နောက်ထပ် စိတ်ရှုပ်စရာလူတစ်ယောက်ကို ရင်ဆိုင်ရန် ထွက်သွားလိုက်သည်။

ယိုကျင့်သည် မျက်နှာသေနှင့် ထွက်လာသည်ကို မြင်သော် ယွဲ့ချန်လုသည် သူစီးထားသည့် အပေါက်အဖာများနှင့် ဖိနပ်ကို ကောက်ကာ ပစ်ရန် ရွယ်လိုက်သည်။ “ဆန်ကုန်မြေလေး ငါခေါ်နေတာ နေ့တစ်၀က်လောက်ရှိပြီကို ထွက်မလာကြဘူး။ နားကန်းနေကြလား”

ယိုကျင့်၏မျက်၀န်း၌ အရိုင်းဆန်မှုများ ပေါ်ထွက်လာသော်လည်း ခဏအတွင်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ သူမသည် ဆယ့်တစ်နှစ်သာရှိသေး၍ ထိုသတ္တဝါဆိုးကြီးများ၏ ပြိုင်ဘက် မဟုတ်သေးပေ။ ထို့အတွက် သူမသည် သည်းခံရုံသာ တတ်နိုင်ပြီး ယွဲ့ချန်လု ပစ်လိုက်သော ဖိနပ်များကို ကောက်ကာ အခြားဖိနပ်များ၏ ဘေး၌ ထားလိုက်လေသည်။ “အဖေ ခြေဆေးဖို့ ရေသွားယူလိုက်ဦးမယ်”

ယွဲ့ချန်လု၏ ဆူဆဲသည်းတွားမှုများကို လျစ်လျူရှုကာ အနောက်ခြံမှ ထွက်ပြီး မီးဖိုချောင်၌ ရေနွေးတည်ရန် မီးဖိုရှေ့၌ ထိုင်ချလိုက်သည်။

ယွဲ့ချန်လုအား ပြုစုပြီးချိန်၌ ထိုပိုက်ဆံရှာနေသည်ဆိုသော လူကြီးဆီမှ အရည်အသွေးနိမ့်သည့် အမျိုးသမီးပေါင်ဒါရနံ့ကို ရလိုက်လေသည်။ ယိုကျင့်၏ မျက်၀န်းသည် ပို၍ပင်အေးစက်လာသည်။ သူမသည် ယွဲ့ချန်လု၏ ကိစ္စများကို အနံ့ခံမိသော်လည်း အမျိုးသမီးစုသည် ကိုယ်၀န် လွယ်ထားရသည့်အတွက် ထုတ်မပြောခြင်းသာ ဖြစ်သည်။ အမျိုးသမီးစု၏ အကျင့်အရ သူမသည် သုံးနှစ်အရွယ် ကလေးတစ်ယောက်သည် သူမအား အနိုင်ကျင့် နှိပ်စက်နေလျှင်ပင် ပြန်မလုပ်သည့်သူမျိုး ဖြစ်သည်။ ထို့အတွက် ယွဲ့ချန်လုသည် အပြင်၌ ပွေရှုပ်နေသည်ကို သူမ သိလျှင်ပင် အသုံးမ၀င်ချေ။

ယွဲ့ချန်လုအသုံးပြုပြီးသော ရေများကို သွန်ပြီးနောက် သူမနှင့် သူမ၏ညီအစ်မခြောက်ယောက်အတွက် ရေနွေးတစ်ဇလုံ ခပ်လာခဲ့သည်။ သူမတို့သည် ခန္ဓာကိုယ်နှင့် ခြေထောက်များကို ထိုရေများနှင့် သန့်စင်လိုက်သည်။ ထို့နောက် ခုတင်အစွန်းမှစ၍ ညီအစ်မများသည် တစ်ယောက်ပြီး တစ်ယောက် ဘေးချင်းကပ် အိပ်ကြလေသည်။ ယိုကျင့်သည် ကြမ်းတမ်းသည့် အမဲရောင်စောင်ကို ခြုံလိုက်ပြီး ကိုယ်တစ်၀က်ကိုသာ လှဲကာ ရှောင်လျှို့ကို ကြည့်ရင်း စဉ်းစားနေလေသည်။ ငါဘာလုပ်သင့်လဲ…

ထိုညီမများကို လောဘကြီးသည့် ယွဲ့မိသားစုထဲမှ မည်သို့ ခေါ်ထုတ်ရမည်နည်း။ သူမတစ်ယောက်တည်း လွတ်မြောက်ရန် လွယ်ကူပေသည်။ သို့သော် သူမထွက်သွားလျှင် ထိုညီမများ မည်သို့ဖြစ်ကျန်ခဲ့မည်နည်း။ ယခင်ဘ၀၌ သူမသည် အဖေအမေမရှိသည့် မိဘမဲ့အဖြစ် ကြီးပြင်းလာရလေသည်။ ယခု သူမသည် ညီမငယ်များ ရလာသည့်အတွက် ထိုကလေးများ ငယ်ရာမှ ကောင်းမွန်စွာ ကြီးပြင်းလာသည်ကို ကြည့်ရှုချင်မိသည်။ ထိုအတွေးက မတူညီသည့် ဤကမ္ဘာရှိ မိသားစုနှင့် ခွဲခွာရန် တွန့်ဆုတ်စေသည်။

ယွဲ့ချန်လု၏ ပေါင်ဒါနံ့ထူထူကို တွေးမိပြီးနောက် ယွဲ့မိသားစုရှိ သူမတို့ညီအစ်မများ၏ ဘ၀အတွက် သူမ သေချာ စဉ်းစားတော့သည်။ သူမ၌ အကြံကောင်းတစ်ခု ရှိမှရပေမည်။

ယိုကျင့်သည် နေ့စဉ် လူများ အာရုံမရသည့်အချိန်၌ သူမတို့အခန်းတွင် မြေအိုးပဲ့လေးနှင့် ဆေးကျိုကာ ရှောင်ကျို့ကို တိုက်ရလေသည်။ ငါးရက်ခြောက်ရက်မျှ ကြာပြီးနောက် ရှောင်ကျို့၏အဖျားမှာ ကင်းစင်သွားလေသည်။ ပိန်ပါးကား အဝါရောင်သန်းနေသည့် မျက်နှာလေးကို မြင်ရသောအခါ ယိုကျင့်တစ်ယောက် သက်ပြင်းချလိုက်မိသည်။

“မနက်ဖြန် အစ်မ ၀က်စာသွားခုတ်ရင်း တောင်ပေါ်မှာ ငှက်သိုက်တို့ဘာတို့ရှိလား ကြည့်ခဲ့မယ်။ မင်းတို့စားဖို့ ငှက်ဥနည်းနည်းလောက် ရှာတွေ့ခဲ့ရင် ကောင်းတာပေါ့” ယိုကျင့်သည် အရင်နှစ်မှစကာ တောင်ပေါ်သို့ ၀က်စာသွားခုတ်သည့် နေ့များတွင် တစ်ခါတစ်ရံ ငှက်သိုက်များရှာတွေ့၍ ငှက်ဥများ ရခဲ့လေသည်။ သူမသည် ရစ်ငှက်ကို ဖမ်း၍လည်း သူမညီမများစားရန် ယူလာခဲ့သည်။ အဘွားချန် ကျွေးသည်နှင့်သာ ကျေနပ်ခဲ့လျှင် သူမတို့သည် အာဟာရပြတ်၍ သေကုန်ကြမည်ပင်။ အဲ့လိုသာဆို အခုလို ကောင်းကောင်းနေနိုင်ပါ့လား….

ရှောင်ကျို့သည် သူ့အစ်မ ခေါင်းကိုက်နေသည်ကို ခံစားမိ၍ ခါးသက်သည့် ဆေးများကို တကျိုက်တည်းမော့ကာ အချဉ်ရွက်များကို လိမ်လိမ်မာမာ ဝါးနေလိုက်သည်။ ထို့နောက် သူမ၏ ကလေးသံလေးနှင့် ပြောလေသည်။ “ရှောင်ကျို့က ငှက်ဥမစားချင်ပါဘူး”

သူမသည် မစားချင်ဘူးဟု ပြောနေသောလည်း သူမ၏မျက်၀န်းများသည် ခန္ဓာကိုယ် ပိန်ပါးနေ၍ ပြူးကျယ်နေကာ အာဟာရပြတ်သည့် လက္ခဏာများ ပြနေလေသည်။

ရှောင်ကျို့၏ အလိုက်သိမှုကြောင့် ယိုကျင့်သည် ရှောင်ကျို့အား အပြုံးလေးဖြင့် သူမရင်ခွင်ထဲ၌ ဖက်ကာ မွဲခြောက်၍ မြက်ပင်လို ကြမ်းနေသည့် ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။

“အဲဒါဆို ရှောင်ကျို့က ဘာစားချင်တာလဲ။ ရှောင်ကျို့ စားချင်တာကို မမကြီးက လုပ်ပေးမယ်လေ။ ဟုတ်ပြီလား”

ရှောင်ကျို့သည် အရင်တစ်ခါက လီချန်တို့‌၏ အိမ်ရှေ့၌ ဖြတ်သွားရင်း ရခဲ့သော အနံ့နှင့် သူမ၏အစ်မကြီး ယူလာခဲ့သော ရစ်ငှက်ခြေထောက်ကင်လေးများကို တွေးရင်း တံတွေးမျိုချလိုက်သည်။ “ရှောင်ကျို့ စားချင်တာက…”

ရှောင်ကျို့၏ အသံသည် ဖြည်းဖြည်းချင်း တိုးသွားကာ ယိုကျင့်၏အပြုံးများသည် ယခင်အတိုင်း ရှိနေဆဲပင်ဖြစ်သည်။ ရှောင်ကျို့၏ဘေး၌ တန်းစီထိုင်နေသည့် ညီမများကို ကြည့်ကာ ကတိပေးလိုက်သည်။

“အနာဂတ်မှာ မင်းတို့လေးတွေ အကုန် အသားစားရမယ်လို့ အစ်မကြီးက အာမခံတယ်။ မမကိုပဲ ယုံလိုက်”

ညီအစ်မခြောက်ယောက်သည် ယိုကျင့်အား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ခေါင်းများကို အသေအလဲ ငြိမ့်ကြလေသည်။

“သမီးတို့ မမကြီးကိုယုံတယ်”

ယိုကျင့်သည် ရှောင်လျှို့ယောက်၏ ကြည်လင်သည့် မျက်၀န်းများကြောင့် သူမ၏ယုံကြည်ချက်သည်လည်း ခိုင်မာလာခဲ့သည်။ အစ်မက မင်းတို့ကို ကာကွယ်ပေးပြီး ဒီထက်ပို ချမ်းသာတဲ့ ဘ၀ကို ပေးမယ်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset