အပိုင်း (၁) ချွေ့ဖုန်းရွာ
“ယိုကျင့် မင်းတောင်ပေါ် ထပ်တပ်ရပြန်ပြီလား။ ဒီလောက်လေးတဲ့ ဝါးခြင်းတောင်ကြီးနဲ့ အရိုးတွေကျိုးကြေကုန်မှာ မကြောက်ဘူးလား”
သူမသည် ၀က်စာများဖြည့်သိပ်ထားသော ဝါးခြင်းတောင်အား နောက်ကျောပေါ်၌ သယ်ကာသွားနေစဉ် သူမအား တစ်ယောက်ယောက်ခေါ်နေသံကို ကြားလိုက်ရသည်။ ခေါင်းငိုက်စိုက်ဖြင့် လျှောက်နေသော ယွဲ့ယိုကျင့်သည် ခေါင်းမော့ကာ လမ်း၏တဖက်ခြမ်းရှိ မိန်းမပျိုကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“၀ူရှန်းဇီ”
၀ူရှန်းဇီခေါ် သက်လက်ပိုင်းကျော် သုံးဆယ်နားကပ်နေသည့် အမျိုးသမီးတစ်ဦးသည် ယိုကျင့်၏ ပိန်ပါးပါး ကိုယ်ထည်ကို ကြည့်ကာ နှလုံးခိုက်မတတ် နာကျင်မိသည်။ သူမသည် စိတ်ပျက်စွာဖြင့်
“မင်းအဘွား ထပ်ပြီး မင်းကို အလုပ်ကြမ်းတွေခိုင်းပြန်ပြီလား”
ယွဲ့ယိုကျင့်သည် ရွာသားများ၏ ထိုသနားစရာအကြည့်များကို အသားကျနေပြီဖြစ်၍ ခေါင်းညိတ်ကာသာ ပြုံးလိုက်သည်။ “အဘွားက ၀က်တွေကျွေးဖို့ မရှိတော့ဘူးလို့ ပြောတယ်။ ဒီနှစ်ရဲ့မျှော်လင့်ချက်က အဲ့၀က်တွေပေါ်မှာပဲ မူတည်နေတော့ သူတို့တွေ ကောင်းကောင်းထွားမှ ဖြစ်မယ်။ အဲဒါမှ အမေက မောင်လေးသေးသေးလေးမွေးဖို့ ငွေနည်းနည်းရမှာ”
“ဟုတ်ပါတယ်။ မင်းအမေဗိုက်က အရင်ကနဲ့ နည်းနည်းကွဲတယ်။ တကယ်လို့သားလေးသာဆို မင်းတို့ညီအစ်မတွေ သက်သက်သာသာနေရမှာပါ…” ကမောက်ကမဖြစ်နေသော ယွဲ့မိသားစုကို စဉ်းစားရင်း ထိုအမျိုးသမီးက သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူတို့တွေက တော်တော်ကံဆိုးကြတာပဲ။
“အဲဒါဆို ကျွန်မ ဆက်မပြောတော့ဘူး။ အိမ်က ထွက်တုန်းက ၀က်တွေက ၀က်ခြံထဲ ခုန်ပေါက်နေကြတယ်လို့ အဘွားက ပြောလိုက်တယ်။ အဲဒါကြောင့် မြန်မြန်သွားမှဖြစ်မယ်”
စကားဆက်ပြောရန်ရှိသေးပုံ ပေါ်တာကြောင့် ယွဲ့ယိုကျင့်သည် သူမအား အတင်းတိုက်တွန်းလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမ၏လေးလံသော ဝါးခြင်းတောင်းကို သယ်ကာ အိမ်သို့သာ တည့်တည့်မတ်မတ် သွားလေသည်။
အဘွားအိုချန်ဟာ သူ့မြေးမတွေအပေါ် နှိပ်စက်တတ်တာကြောင့် သူမလည်း ဆွဲမထားတော့ချေ။ ဝါးခြင်းတောင်းအား ကျော၌လွယ်ကာ သွားနေသော ယိုင်ထိုးနေသည့် ပိန်ပါးပါးကိုယ်ထည်လေးကို ကြည့်ကာ သက်ပြင်းချမိတော့သည်။ ထိုမိန်းကလေးသည် တစ်ဆယ့်တစ်နှစ်အရွယ်ရှိပြီဖြစ်သော်ငြား ခြောက်နှစ် ခုနနှစ်အရွယ်သာရှိပုံပေါ်နေသည်။ ယွဲ့မိသားစုရဲ့နှလုံးသားက တယ်မာတာပဲ။
ရွာလမ်းမကြီး ဖြစ်တည်ရာ လမ်းဆုံ၌ ယွဲ့အိမ်တော် တည်ရှိလေသည်။ ယွဲ့အိမ်နှင့် အနည်းငယ်အကွာတွင် အိမ်ခြေအနည်းငယ်ရှိလေသည်။ ယွဲ့ယိုကျင့်သည် သူမ၏အိမ်တံခါးရှေ့၌ လူတစ်စုသည် စူးစမ်းဟန် အထဲသို့ ဝိုင်းအုံကြည့်နေသည်ကို မြင်လိုက်ရသည်။ ဆယ့်တစ်နှစ်ကြာ ကြားလာခဲ့သော ခပ်စူးစူးမိန်းမတစ်ယောက်၏အသံသည် ခြံ၀န်းထဲ၌ ပေါ်လာခဲ့သည်။ “တကယ့်ကို ဆန်ကုန်မြေလေးတွေ ဆရာ၀န်ခေါ်ချင်တာလား။ ဆေးဆန်ပြုတ်ပါ သောက်ချင်သေးတယ်ပေါ့”
ခပ်စူးစူးအသံနောက်မှ မိန်းမငယ်လေးတစ်ဦး၏ငိုသံသဲ့သဲ့ ထွက်လာလေသည်။ ထို့နောက် မိန်းမတစ်ဦး၏ အသံက ထပ်ထွက်လာသည်။ ဖျန်ဖြေနေပုံရသော်လည်း အမှန်မှာ မီးလောင်ရာလေပင့်ခြင်းသာ ဖြစ်သည်။ “ယောက်မ ကလေးတွေကို အငိုတိတ်အောင်လုပ်ဦးလေ။ အိမ်ရဲ့ကံကောင်းမှုတွေတော့ မျက်ရည်တွေနဲ့မျောပါတော့မယ်….”
သူမပြောသည်ကို ကြားသည်နှင့် ခပ်စူးစူးအသံပိုင်ရှင်မိန်းမမှာ ပို၍ပင် ဒေါသထွက်လာလေသည်။
“တစ်နေကုန် စားဖို့နဲ့ ငိုဖို့ပဲသိတယ်။ ထပ်ငိုရဲငိုကြည့် နင်တို့ဆန်ကုန်မြေလေးတွေကို ရိုက်သတ်ပစ်မယ်”
စကားသံဆုံးသည်နှင့် ကျယ်လောင်သည့် ကြာပွတ်သံတစ်ခု ဟိန်းထွက်လာလေသည်။
မိန်းမငယ်လေးများသည် ဆိုးရွားစွာပင် ရိုက်နှက်ခံနေရသော်လည်း သူမတို့၏နှုတ်ခမ်းပါးများကို ကိုက်ထားရုံမှအပ အသံပင်မထွက်ရဲကြပေ။
အဘွားချန်သည် ကျန်းမာကြံ့ခိုင်သူဖြစ်ကာ သူမ၏စိတ်မကြည်မှုများဖြင့် အဆက်မပြတ် ပြင်းထန်စွာ ရိုက်နှက်ရင်း စိန်းစိန်းဝါးဝါးကြည့်လို့နေသည်။ ရွာသားများသည်လည်း အထဲသို့ ကြည့်နေသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကာ တံခါးပိတ်ရန် အော်ပြောလေသည်။
အဘွားချန် သတိမထားမိခင် ယွဲ့ယိုကျင့်သည် ပြေး၀င်လာကာ အရိုက်ခံနေရသော မိန်းကလေးများရှေ့တွင် ရပ်လိုက်လေသည်။ သူမတို့ အားလုံး၏ အ၀တ်များဟည် ဟောင်းနွမ်းကာ စုတ်ပြဲနေကြသည်။ သူမသည် ထိုမိန်းကလေးများအာ ဆူပူနေဟန်ဆောင်လိုက်သည်။
“မင်းတို့တွေ ဒီအစ်မအပြင်သွားတုန်း အဘွားစိတ်ဆိုးအောင် လုပ်ကြပြန်ပြီလား။ အကုန်အခန်းပြန်ပြီ ဒူးထောက်ချည်” လူတွေအကုန်လုံးကို ကျောပေးထားကာ မည်သူမျှမမြင်ချိန် ဒုတိယညီမလေး ယွဲ့ယိုရင်အား မျက်စအနည်းငယ်ပစ်ပြလိုက်သည်။
သူမ၏အစ်မမျက်စပစ်သည်ကို မြင်သည်နှင့် ယွဲ့ယိုရင်သည် ညီမငယ်များကို အမြန်ဆွဲခေါ်ကာ အနောက်ခြံသို့ ခေါ်သွားတော့သည်။ ယွဲ့ယိုကျင့်ကို ထိုအဘွားချန်နှင့် ရင်ဆိုင်ရန် တစ်ဦးတည်း ချန်ထားခဲ့တော့သည်။
ဆန်ကုန်မြေလေး ညီအစ်မများ ပြေးသွားသည်ကို မြင်သည်နှင့် အဘွားချန်သည် သူမ၏ မကျေနပ်မှုများကို ယွဲ့ယိုကျင့်ဆီသို့ ပုံချလိုက်သည်။
“ဘာလို့အဲ့လောက်ကြာနေတာလဲ။ နင့်ကို ၀က်စာပဲ ဖြတ်ခိုင်းလိုက်တာ။ ဘယ်တွေ လျှောက်သွားနေတာလဲ” အဘွားချန်ကိုင်ထားသည့် ဝါးကြာပွတ်မှာ ယွဲ့ယိုကျင့် အမှားတစ်ခုလုပ်မိသည်နှင့် ရိုက်ရန် အသင့်ပြင်ထားလေသည်။
ယွဲ့ယိုကျင့်သည် အမြန်ပင် အဘွားချန်ဆီသို့ ပြေးသွားကာ သူမအား ဘေးမှ ဖေးကူရင်း အပြုံးလေးဖြင့် ပြောလေသည်။ “ဟိုတလောကပဲ တောင်ပေါ်က၀က်စာတွေ နည်းလာတာနဲ့ သမီး နည်းနည်းလောက် ဆက်သွားလိုက်ရတာ။ အဘွားလည်း ပင်ပန်းနေမှာပဲ။ နားတော့လေ။ သမီး၀က်စာကျွေးထားလိုက်မယ်”
ယိုကျင့်၏ ရွှံ့ပေနေသော အ၀တ်ဟောင်းကိုကြည့်ကာ သူမ၏ သန့်ရှင်းနေသော ဝါဂွမ်းထည်များကို ကြည့်ပြီးနောက် ယိုကျင့်ကို သူမဆီမှ တွန်းထုတ်လိုက်လေသည်။
“သွား သွား ငါ့မျက်စိရှေ့ပေါ်မလာနဲ့။ ၀က်စာသွားကျွေးချည်။ အဲ့၀က်တွေက ၀က်ခြံတံခါးကိုတောင် ချိုးတော့မယ်။ ၀က်တွေ လွတ်သွားလို့ကတော့ တွေ့မယ်” သူမသည် အထင်မြင်သေးစွာ ကြည့်လိုက်ပြီးနောက် ကြည့်နေသော ရွာသားများကို ပြန်လွှတ်ကာ ပင်မအခန်းသို့ ပြန်သွားလေသည်။
ယွဲ့ယိုကျင့်သည် အဘွားချန်နှင့် အခြားသူများ ထွက်သွားသည်ကို သေချာအောင် ကြည့်ပြီးမှ သက်ပြင်းချလိုက်လေတော့သည်။ ထို့နောက် သူမ၏ဝါးခြင်းတောင်းကို သယ်ကာ ၀က်စာကျွေးရန် ၀က်ခြံထဲသို့ သွားလေသည်။
ချွေ့ဖုန်းရွာ၏ လူအများစုမှာ ယွဲ့မျိုးနွယ်များဖြစ်သည်။ ရွာ၌ အိမ်ခြေ ခုနစ်ဆယ် ရှစ်ဆယ်ကျော်ရှိလေသည်။ ယွဲ့မိသားစုသည် ထိပ်တန်းလူချမ်းသာများကို မယှဉ်နိုင်သော်လည်း ဆင်းရဲသည်တော့မဟုတ်ချေ။ ယခင်က ယွဲ့မိသားစုခေါင်းဆောင် ယွဲ့တာ့ဖူသည် နှစ်ပေါင်းများစွာ ကုန်သွယ်နေခဲ့ကာ ဥစ္စာပစ္စည်းများ စုဆောင်းနိုင်ခဲ့သည်။ သူသည် ရွာကို ပြန်လာခဲ့ပြီးနောက် မြေဩဇာကောင်းမွန်သည့် မြေဧက၃၀ကျော်ကို လက်၀ယ်ပိုင်ထားနိုင်ခဲ့သည်။ ကြီးမားသည့် အုတ်ကြွပ်ပြားအိမ်ကိုလည်း ဆောင်လုပ်နိုင်ခဲ့ပြီး ချွေ့ဖုန်းရွာ၌ လေးစားခံရသည့် ပုဂ္ဂိုလ်ဟု ယူဆနိုင်သည်။
ယွဲ့တာ့ဖူသည် ချန်ကျားရွာသူကြီး၏ သမီးအငယ်ဆုံးဖြစ်သူ အဘွားချန်နှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက် သမီးတစ်ယောက် ရရှိခဲ့သည်။ သူ့ဘ၀သည် သာယာချောမွေ့သည်ဟုဆိုနိုင်သည်။ ယခုသူသည် အိုမင်းနေပြီဖြစ်ကာ ရွာ၏ တစ်ချိန်က ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။ သူ့ဘ၀တလျှောက်တွင် ဆုတောင်းခွင့်ရှိမည်ဆိုပါက ရိုးရှင်းသော ဆုနှစ်ခုသာရှိပေသည်။ ပထမတစ်ခုသည် သူ၏မြေးဖြစ်သူမှာ နိုင်ငံတော်ရာထမ်းစစ်စာမေးပွဲကို အောင်မြင်ရန်ပင်။ မိသားစုခေါင်းဆောင်အနေနှင့် အလုပ်ကြိုးပမ်းခဲ့ရ၍ လူပေါင်းများစွာ တွေ့ဖူးခဲ့လေသည်။ ထို့အတွက် ရုံးတော်အရာထမ်းရှိသော မိသားစုသည် မည်မျှ ကြီးပွားနိုင်ကြောင်း သူသိလေသည်။ သူ့မြေးသည် ငယ်ကတည်းက ထူးချွန်ပါက ယွဲ့ခေါင်းဆောင်သည် မျှော်လင့်ချက်များကို ထိုကလေးဆီသာ ပုံအပ်ထားမည်ဖြစ်သည်။
ဒုတိယတစ်ခုမှာ ဒုတိယသားမိသားစုမှ သားမွေးဖွားရန်ဖြစ်သည်။ ပထမသားကြီး၏ မိသားစုသည် သားလေးယောက်နှင့် သမီးတစ်ယောက်ရှိကာ အငယ်ဆုံးသားမိသားစုသည် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရှိလေသည်။ ဒုတိယသား၏ မိသားစုသည်ပင် သမီးခုနစ်ယောက် ဆက်တိုက် ဖွားမြင်လာခြင်းဖြစ်သည်။ ယခု စုအမျိုးသမီးသည် ထပ်မံကိုယ်၀န်လွယ်ထားရသည်ဖြစ်ကာ ယွဲ့ခေါင်းဆောင်သည် ထိုအရာကို အားကိုးတကြီး မျှော်လင့်နေမိသည်။
ဒုတိယမိသားစု ဖြစ်တည်လာသည်မှာ တစ်ဆယ့်ငါးနှစ်ကျော် ကြာသော်လည်း သမီးမိန်းကလေးခုနှစ်ယောက်သာ ရှိသည်။ ယွဲ့ချန်လုတို့ ဇနီးမောင်နှံ၏ အိမ်ရှိအနေအထားသည် သားမရှိသောကြောင့် နိမ့်ကျလျက်ရှိသည်။ ယွဲ့ချန်လုသည် သူ့ခေါင်းကိုပင် မဖော်နိုင်အောင် ဖြစ်ရသည်။ ထို့ကြောင့် စိတ်ထွက်ပေါက်အနေနှင့် သူ့ဇနီးနှင့် သမီးများကို ရံဖန်ရံခါ ရိုက်နှက်လေ့ရှိသည်။ အမျိုးသမီးစုသည် ကူကယ်ရာမဲ့နေသော်လည်း သူ့သမီများကို ကာကွယ်ချင့သည့် စိတ်ခံရှိနေသေးသည်။ သူမ၏ဆွေးမျိုးတော်စပ်သူ မရှိသောကြောင့် သူမမှာ ကိုယ့်ကိုယ်ကိုယ်ပင်လျှင် မကာကွယ်နိုင်ချေ။ သူမနှင့် သမီးခုနှစ်ယောက် သက်သက်သာသာနေနိုင်ရန် ဗိုက်ထဲရှိ ကလေးအား သားယောက်ျားလေးဖြစ်ရန် မျှော်လင့်မိသည်။
အကြီးဆုံးမိသားစုမှ ယိုထင်းသည် အကြီးဆုံးဖြစ်ကာ အငယ်ဆုံးမိသားစုမှ ယိုဟယ်သည် အလတ်ဖြစ်ပြီးနောက် ဒုတိယမိသားစုမှ ကျင့်၊ ယင်၊ ကျူး၊ ပေါင်၊ လင်၊ လော့၊ ချောင် စသဖြင့် အစဉ်လိုက်ဖြစ်လေသည်။ ယိုကျင့်သည် ဒုတိယမိသားစုမှ အကြီးဆုံးသမီးဖြစ်ကာ တတိယမြောက်ဖြစ်လေသည်။ (မြေးတွေကို ကြီးစဉ်ငယ်လိုက်စီရင် ယိုကျင့်က တတိယပါ)
ယိုကျင့်သည် ၀က်စာကျွေးပြီးသည်နှင့် အနောက်ခြံထဲသို့ ပြန်သွားလေသည်။ အမြွှာနှစ်ယောက်ဖြစ်သော သတ္တမမြောက်နှင့် အဋ္ဌမမြောက် ညီအစ်မ ယိုလင်နှင့် ယိုလော့တို့မှာ ငိုယိုရင်း အိပ်ပျော်သွားကြလေသည်။ စတုတ္ထမြောက်ညီမလေး ယိုရင်သည် န၀မမြောက် ညီမလေး ယိုချောင်ကို ပွေ့ချီရင် ချော့မြူနေသည်။ အဘွားချန် ရိုက်ထားခြင်းကြောင့် ချော့မြူရင်း သူမမျက်ရည်များကို သုတ်လိုက်သည်။
သူမ၏အစ်မကြီးပြန်လာသည်ကို မြင်သည်နှင့် ယိုရင်သည် ကလေးကို ပွေ့ထားရင်း အမြန်ထရပ်လိုက်လေသည်။
“အစ်မ အငယ်လေးက ဖျားနေတယ်။ အဘွားက ဆေးဆရာ မခေါ်ပေးဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ”
န၀မလေးအဖျားရှိသည်ကို ကြားသည်နှင့် ယိုကျင့်သည် န၀မလေးအား ယိုရင်၏လက်မှ အမြန်ယူကာ ကြည့်လိုက်လေသည်။ န၀မလေးမျက်နှာ နီရဲနေအောင်ထိ ဘယ်လိုဖျားသွားရတာလဲ။
“အစ်မ ဒီလိုသာ ကိုယ်ပူနေမယ်ဆို န၀မလေးက…” ယိုရင်သည် သူမ၏မျက်ရည်ဝိုင်းနေသော မျက်လုံးလေးဖြင့် အကြီးဆုံးအမဖြစ်သူကိုကြည့်ကာ သူမ၏မျှော်လင့်ချက်များကို စုပုံထားလိုက်တော့သည်။
“အဖေနဲ့အမေရော” ယိုကျင့်သည် န၀မလေး၏နဖူးကို စမ်းကြည့်လိုက်ရာ အလွန်အမင်းပူကျစ်နေသည့် အပူချိန်ကို ထုတ်လွှတ်နေလေသည်။ န၀မလေးသည် နှစ်နှစ်အရွယ်သာ ရှိသေးရာ ဒီအတိုင်းထားပါက မသေလျှင် ရူးသွားလိမ့်မည်။
“အဖေက အလုပ်ရှာမယ်ပြောပြီး မနက်ကတည်းက လျှိုထန်မြို့ကို ထွက်သွားပြီ။ အမေက အခန်းထဲမှာ ဗိုက်က ရုတ်တရက်နာလာလို့ ငါးနဲ့ခြောက်က ကြည့်ပေးနေတယ်” ယိုရင်သည် အလွန်ငိုကြွေးထားသည့်အတွက် အသံသည် ကြမ်းရှနေလေသည်။
ယိုင်နဲ့နဲ့ စက္ကူပြတင်းပေါက်ကို ဖြတ်ကြည့်သော် ခြံထဲ၌ မည်သူမျှ မရှိသည်ကို တွေ့လေသည်။ ယိုကျင့်သည် အံကြိတ်ကာ န၀မလေးကို ယိုရင်၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“ခဏစောင့်” ပြောပြီးသည်နှင့် သူမနှင့်ညီမအငယ်လေးအိပ်သည့် အိပ်ရာဆီသို့ သွားကာ ထောင့်တစ်နေရာကို ခဏကြာ တူးပြီးနောက် ဖုန်တက်နေသော ငွေဒင်္ဂါးအချို့ကို ဆွဲထုတ်လိုက်လေသည်။
ယိုကျင့်သည် ပိုက်ဆံများကို သူမ၏ရင်ဘတ်ထဲ၌ သေချာထည့်လိုက်သည်။ ထို့နောက် သူမပိုက်ဆံ ဆွဲထုတ်လိုက်သည်ကို မြင်၍ ကြောင်အနေသော ယိုရင်၏လက်ထဲမှ န၀မလေးကို ယူလိုက်လေသည်။
“ငါအငယ်လေးကို သမားတော်မာအိမ် ခေါ်သွားလိုက်မယ်။ အိမ်မှာနေပြီး အဘွားလာရှာရင် တားဖို့ အကြောင်းပြချက်ရှာထားလိုက်” ထိုသို့ပြောပြီးသာ်နှင့် ယိုရင်ပြန်ပြောသည်ကို မစောင့်ဘဲ ပြေးထွက်သွားလေတော့သည်။ သမားတော်မာသည် ရွာ၏အံ့ဖွယ်သမားတော်ဖြစ်ကာ ချွေ့ဖုန်းတောင်ခြေ၌ နေထိုင်လေသည်။ ရွာသားများသည် ခေါင်းကိုက်သည်ဖြစ်စေ ခေါင်းခဲသည်ဖြစ်စေ ကုသရန် သူ့ဆီသို့ သွားကြလေသည်။
ယွဲ့ယိုကျင့်သည် သူ့အစ်မ အိမ်ထဲမှ သူခိုးတစ်ယောက်လို ပြေးထွက်သွားသည်ကို မြင်သည်နှင့် သတိပြန်၀င်လာခဲ့သည်။ အစ်မ ဘယ်တုန်းက အဲ့ငွေတွေကို အုတ်ခုတင်အောက် မြှုပ်ထားတာလဲ။ သို့သော်လည်း သူမ အတွေးမလွန်ရဲပေ။ အိမ်နား၌ ငှက်တစ်ကောင်ပမာ ပတ်ပတ်လည် လှည့်နေကာ အဘွားချန်နှင့် အခြားလူများ ရောက်မည်ကို ကြောက်ရွံ့နေလေသည်။
ယွဲ့ယိုကျင့်သည် အိမ်ကထွက်သွားပြီးသည်နှင့် န၀မလေးကိုပိုက်ကာ သမားတော်မာ၏အိမ်ရှေ့သို့ ရောက်လာခဲ့သည်။ တံခါးလာဖွင့်သူမှာ သမားတော်မာ၏ အမျိုးသမီးလင်းဖြစ်သည်။ သူမသည် နီရဲနေသော န၀မလေးကို ပိုက်ထားသည့် ယိုကျင့်တစ်ယောက် အသက်လုရှူနေရသည်ကို မြင်သည်နှင့် ချက်ချင်ပင် ၀င်ခိုင်းလေသည်။ “လူအိုကြီး အမြန်လာဦး”
“အဘိုးမာ န၀မလေးကို ကယ်ပါဦး။ ဘာလို့လည်းမသိဘူး။ ကလေးက ရုတ်တရက် အပြင်းဖျားလာတာ”
ယိုကျင့်သည် နီမြန်းနေသော မျက်လုံးများဖြင့် န၀မလေးအား စိုးရိမ်တကြီး ပွေ့ထားရင်း သမားတော်မာရှေ့ ဒူးထောက်ချလိုက်လေသည်။
အမျိုးသမီးလင်းသည် သူမအပြုအမူကြောင့် လန့်သွားကာ အမြန်ပင် ထရန် ကူလိုက်လေသည်။
“ဒီကလေးမက ဘာတွေလုပ်နေတာတုံး”
ကလေးသည် အပြင်းဖျားနေသည်ဟု ကြားသည်နှင့် အဘိုးမာသည် ကလေးကို အသာအယာယူကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက် ယိုကျင့်အတွက် ဆေးပင်အနည်းငယ် ယူပေးလေသည်။
“မီးဖိုချောင်သွားပြီး ဒီဆေးပင်တွေ အမြန်သွားကြိုလိုက်။ သုံးခွက်တစ်ခွက်တင် ကြိုပြီး တိုက်ရင် သက်သာလာလိမ့်မယ်”
ယိုကျင့်သည် ကျေးဇူးတင်ကြောင်းပင် မပြောအားဘဲ အမျိုးသမီးလင်းနောက်ကို လိုက်ကာ မာမိသားစု၏ မီးဖိုချောင်တွင် ဆေးကြိုတော့သည်။
မာမိသားစု၌ ဆေးအိုးမျိုးစုံဖြင့် စုံလင်နေသည်။ ယိုကျင့်သည် ဆေးကို အမြန်ကြိုလိုက်ပြီး အနက်ရောင်ဆေးရည်များဖြင့် ပြည့်နေသော ပန်းကန်တစ်လုံးကို သယ်ကာ ပြန်လာလေသည်။
ယိုကျင့် ဆေးကြိုနေစဉ်အတွင်း သမားတော်မာသည် အက်စိုက်ကုထုံးဖြင့် ကလေးအား အဖျားမတက်စေရန် ကုသထားသဖြင့် ကလေးသည် အိပ်ပျော်နေလေသည်။
“ညီမလေးသက်သာသွားမှာနော်။ ဒါလေးသောက်လိုက်” ယိုကျင့်သည် န၀မလေးကို ချော့မြူကာ ပန်းကန်အပြည့် ဆေးကို သောက်ခိုင်းလိုက်လေသည်။ ကလေးသည် သူမတို့မိသားစု၏ အခြေအနေကြောင့် ငိုယိုခြင်း ပြဿနာရှာခြင်းမရှိခဲ့ပေ။ ဆေးသောက်အပြီး၌ သူမသည် ယိုကျင့်၏လက်မောင်းကြား မှေးနေရင်း အိပ်ပျော်သွားလေသည်။
ဆရာမာသည် နာရီ၀က်အကြာ၌ န၀မလေးအား စစ်ဆေးပြီးချိန်တွင် စိတ်သက်သာရာရသွားလေသည်။
“ဆေးနည်းနည်းလောက်ထပ်သောက်လိုက်ရင် ရက်ပိုင်းအတွင်း သက်သာသွားလိမ့်မယ်”
ယိုကျင့်သည် မာဇနီးမောင်နှံအား ကျေးဇူးတင်စွာကြည့်လိုက်ပြီး “အဘိုးမာ အဘွားမာ န၀မလေးရဲ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မမှာ ပိုက်ဆံတော့ သိပ်မရှိပေမဲ့….” သူမသည် သူမရင်ခွင်ထဲမှ ငွေဒင်္ဂါးတစ်ဆယ့်သုံးပြားကို ထုတ်လိုက်လေသည်။
“ဒါကိုလက်ခံပေးပါ။ အနာဂတ်မှာ ကျွန်မပိုက်ဆံရှိလာတဲ့အချိန် ကျန်တာကို သေချာပြန်ဆပ်ပါ့မယ်….”
ထိုသို့ပြောပြီးသည်နှင့် သူမ၏ပါးများ ပူပြင်းလာသည်ကို ခံစားလိုက်ရသည်။ ယခင်ဘ၀နှင့် ယခုဘ၀တွင် ပထမဆုံး ဆေးဖိုးအကြွေးတင်ဖူးခြင်း ဖြစ်သည်။
သမားတော်မာသည် ဖုန်ပေနေသည့် ဒင်္ဂါးတွေကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချရင်း ယိုကျင့်ဆီသို့ ပြန်ပေးလိုက်သည်။
“အဘိုး မင်းညီမလေးအတွက် ဆေးသုံးခွက်စာ ထုတ်ပေးမယ်။ ဒါကို ပြန်ယူလိုက်ပါ။ အဲ့ဆေးတွေကို သေချာကြိုတိုက်ပေး။ သေချာဂရုစိုက်ရင် သက်သာလာလိမ့်မယ်။ ဒီငွေတွေတော့ ပြန်ယူထားလိုက်ပါ။ နောက်ပိုက်ဆံရှိလာမှ ပြန်ပေးပေါ့”
ယိုကျင့်သည် သမားတော်မာ၏အပြုအမူကြောင့် အနည်းငယ်ရှက်ရွံ့သွားလေသည်။
“ဘယ်လိုပြန်ယူရမှာလဲ။ အဘိုးက ညီမလေးအသက်ကို ကယ်ပေးထားတာပါ။ ဒီငွေတွေက သိပ်မများပေမဲ့ ပေးသင့်တာတော့ ပေးရမှာပဲ”
ယိုကျင့်၏ တင်းခံနေမှုကြောင့် အဘိုးမာသည် ဆယ့်သုံးပြားထဲမှ ငွေဒင်္ဂါးငါးပြားကိုယူကာ ပြန်ပေးလိုက်သည်။ “မင်းတို့သားအမိအတွက် ဒီလောက်ငွေလေးစုဖို့ လွယ်တာမဟုတ်ဘူး။ အဘိုး ငွေငါးပြား ယူလိုက်ပြီ။ ကျန်တာဆပ်မဆပ်က မင်းအပေါ်ပဲမူတည်တယ်။ ကဲ မင်းညီမလေးကို ခေါ်ပြီးအိမ်အမြန်ပြန်တော့”
အပြင်ရှိ ကောင်းကင်သည် မှောင်မိုက်နေ၍ အတော်နောက်ကျနေပြီဖြစ်သည်။ ယခုဆို အဘွားချန်သည် သူမအား လိုက်ရှာနေလောက်ပြီဖြစ်သည်။ ယိုကျင့်သည် အဘိုးမာရှေ့ ဒူးထောက်ကာ ကျေးဇူးတင်ကြောင်းပြောပြီး န၀မလေးကိုပွေ့၍ အိမ်သို့ဦးတည်လိုက်တော့သည်။
ယိုကျင့်တို့ ညီအစ်မအား ပြန်ပို့ပြီးသည့်နောက်တွင် အမျိုးသမီးလင်းသည် အိမ်ထဲသို့ ၀င်ကာ သမားတော်မာကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
“အဲလောက်တောင် ကြင်နာတတ်ရင် ယိုကျင့်ရဲ့ ပိုက်ဆံကို ဘာလို့ယူသေးလဲ။ သူတို့သားအမိတွေ ဘယ်လိုဘ၀မျိုးနေနေရတယ်ဆိုတာ ရှင်မသိဘူးလား”
သမားတော်မာသည် သက်ပြင်းချကာ “ယိုကျင့် ဒီကလေးက စိတ်ဓာတ်မာတယ်။ ငါသာ လက်မခံရင် သူမစိတ်ထဲ ဘ၀င်မကျနေမှာ။ ငွေနည်းနည်းယူပြီး သူမစိတ်သက်သာအောင်လုပ်ပေးလိုက်တာပါ။ ကံမကောင်းလိုက်တဲ့ကလေးတွေ”
…