အပိုင်း (၃) ကြက်သွန်မြိတ်ရိုင်းနှင့် ဥများ
လူအများစုက ယွဲ့မိသားစု၏ ပြဿနာများကို နောက်ကွယ်၌ ပြောဆိုကြလေသည်။ ပထမမိသားစုခွဲမှ အမျိုးသမီးချန်သည် အဘွားချန်နှင့် တူ၀ရီးတော်စပ်သည်ကို အမှီပြုလို့ရသည့်အပြင် သားနှစ်ယောက် ဖွားမြင်ထားခြင်းအချက်က မိသားစုခေါင်းဆောင်နှင့် အဘွားချန်ကို ကျေနပ်ပျော်ရွှင်စေသည်။ ထို့ကြောင့် သူမသည် မိသားစုအလုပ်များ၌ အနားယူလို့ရကာ သူမ လုပ်ချင်စိတ် မရှိလျှင် မလုပ်ဘဲ နေ၍ရပေသည်။
တတိယမိသားစုမှ အမျိုးသမီးဟန်သည် အဘွားချန်နှင့် အခြားသူများကို သဘောတွေ့ခြင်း မရှိချေ။ သူမနှင့် မသက်ဆိုင်သည့် ကိစ္စများတွင်လည်း ၀င်ရောက်စွက်ဖက်ခြင်း မရှိပေ။ ထို့အပြင် သူမသည် ချွေ့ဖုန်းရွာ၌ တစ်နှစ်ပတ်လုံးတွင်မှ ရက်အနည်းငယ် နေထိုင်လေသည်။ ထို့အတွက် ပထမမိသားစုမှ လက်ရှောင်လိုက်သော အလုပ်များအားလုံးသည် ယိုကျင့်နှင့် အခြားသူများ၏ ပခုံးပေါ်သို့ တာ၀န်ကျလေသည်။
အမျိုးသမီးချန်သည် ပင်မဆောင်၏တံခါးရှေ့၌ ရပ်ကာ ယိုကျင့်နှင့်ယိုရင်တို့ ၀က်စာတောင်းများကို ပင်ပန်းစွာ သယ်နေရသည်ကို ကြည့်ကာ ယုတ်မာစွာ ရယ်သွမ်းရင်း ရွှင်မြူးသော အသံဖြင့် ပြောလေသည်။
“ယိုကျင့်နဲ့ယိုရင်ရေ မင်းတို့သေချာဂရုစိုက်ဦးနော်။ အဲ့၀က်စာတွေက ၀က်တွေကို ကျွေးဖို့လေ။ လနည်းနည်းကြာပြီးရင် နှစ်ကူးတော့မှာဆိုတော့ ၀က်တွေက ၀ဖြိုးနေသင့်ပြီ။ ၀က်စာတွေများ မှောက်သွားလို့ကတော့…” အဆုံးမသတ်ရသေးသည့် စကားလုံးများသည် သိသာလွန်းလေပြီး ထိုနောက်မှ တဟီးဟီးရယ်သံက ထွက်ပေါ်လာလေသည်။
ယိုကျင့်သည် ထိုအမျိုးသမီး၏ နှောင့်ယှက်မှုကို လျစ်လျူရှုကာ ပြဿနာမတက်စေချင်သောကြောင့် အေးတိအေးစက်သာ ပြောလိုက်သည်။
“အဲဒါဆိုလဲ အဒေါ့်ဘာသာ ၀က်စာကျွေးလိုက်လေ။ ကျွန်တော်တို့ကိုလည်း စိတ်ပူဖို့မလိုတော့ဘူး။ အခုလိုလည်း ၀က်စာဖိတ်လို့ အဘွားကို ရှင်းပြစရာ မလိုတော့ဘူးလေ”
ယိုကျင့်၏ အသံဆုံးသည်နှင့် အဘွားချန်၏ အသံသည် တံခါးနောက်မှ ထွက်ပေါ်လာသည်။
“ဘာလဲ နင့်ကို အလုပ်နည်းနည်းလေး ပိုလုပ်ခိုင်းတာကို အခြားလူတွေ သိသွားမှာ ကြောက်ရမှာလား။ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့ပဲ သိတယ်။ နင်တို့ကိုကျွေးရတာထက် ၀က်တွေကျွေးရတာမှ တန်သေးတယ်။ ရှိတဲ့ပါးစပ်က အကြီးတွေကို ပြန်ပြောဖို့ပဲတတ်တယ်။ တကယ့် ဆန်ကုန်မြေလေးတွေ။ နင်သင်ပြထားတဲ့ သမီးတွေက ဆိုးသွမ်းလိုက်တာ” ကိုယ်၀န်မြဲရန် အိပ်ရာထက်၌ နားနေသော အမျိုးသမီးစုကိုပင် ပြဿနာထဲသို့ ဆွဲထည့်လာပြန်သည်။
“အမေရယ် ယောက်မလေးက ကိုယ်၀န်လွယ်ထားရလို့ အိပ်ရာထဲနားနေရတာကို ဘယ်လိုပြောလိုက်တာလဲ။ အမေပြောတာကို သူကြားသွားရင် တကယ်လို့ အမေ့မြေးလေးမွေးလာလို့ အမေ့ကို ကောင်းကောင်းမဆက်ဆံတော့ရင် ဘယ်လိုလုပ်မလဲ” မီးလောင်ရာလေပင့်ခြင်းသည် အမျိုးသမီးချန် လုပ်နေကြအရာဖြစ်ကာ ထိုမှ သူမအတွက် အကျိုးအမြတ်ရနိုင်ပေမည်။
ထိုကိစ္စကို ပြောသည်နှင့် အဘွားချန်သည် ပို၍ဒေါသထွက်လာကာ
“ပိုက်ဆံထိုင်ဖြုန်းဖို့ပဲတတ်တဲ့ဟာကများ သူက မိန်းမယုတ်တွေပဲ မွေးလာတာလေ။ ငါ့ဖို့ မြေးမွေးပေးနိုင်မယ် ထင်နေလား။ ဆန်ကုန်မြေကနေ နောက်ထပ် ဆန်ကုန်မြေ ခုနစ်ယောက် ထုတ်ပေးလိုက်တာပဲ” သူမတို့သည် အရင်ကိစ္စများကိုပါ ဆွဲထည့်ကာ ပြဿနာတက်အောင် စကားစလာကြသည်။
ယိုရင်သည် သူမအမေအား ထိုသို့ကျိန်ဆဲနေသည့်အတွက် မကျေမနပ်ဖြစ်လာသည်။ ပြန်ပြောရန် ပြင်ချိန်၌ ယိုကျင့်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ ယိုကျင့်သည် ညီမဖြစ်သူ၏ အင်္ကျီလက်စကို ဆွဲကာ ထိုအပေါက်ဆိုးသည့် နှစ်ယောက်နှင့် ရန်မဖြန်ရန် ယိုရင်အား အကြည့်တစ်ချက်ဖြင့် အချက်ပြလိုက်သည်။ ယိုရင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသံမထွက်သည့်အချိန်မှ လွှတ်ပေးလိုက်သည်။ ထို့နောက် ခြင်းတောင်းကို ခါကာ ကျန်နေသော ၀က်စာများကို ၀က်စာခွက်ထဲသို့ ထည့်ကာ ၀က်စာစုရန်အတွက် တောင်ပေါ်သို့ ထပ်တက်ရန် တောင်းကို သူမကျောပေါသို့ တင်လိုက်သည်။
“အဘွားနဲ့အဒေါ် သမီး ၀က်စာထပ်စုဖို့ သွားလိုက်ဦးမယ်”
“အိုက်ယား ယိုကျင့်ကို ဒုက္ခပေးမိပြီ။ အရင်နှစ်ရက်က အဒေါ်ဂရုမစိုက်မိလို့ လက်ဆစ်လွဲသွားလို့ပါ။ ပင်ပန်းနေတော့မှာပဲ” အမျိုးသမီးချန်သည် ညှောင်နာနာ အသံဖြင့် ပြောလေသည်။ သူမသည် လက်ဆစ်လွဲလိုက် အုန်းလွဲလိုက်နှင့် တစ်လှည့်စီ လွဲနေကြပင်ဖြစ်သည်။
“ငါ့ဟာတွေစား ငါ့ဟာတွေ သုံးနေတာပဲ။ ၀က်စာစုတာ ဘာများခက်လို့လဲ။ ဆန်ကုန်မြေလေးတွေ”
အဘွားချန်၏ အသံ ထပ်မံထွက်ပေါ်လာသည်နှင့် ယိုကျင့်သည် သူမ၏မျက်လွှာချကာ ခေါင်းအနည်းငယ် ငုံ့လိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူမ တွေးသည်များကို အခြားလူများ မသိနိုင်တော့ချေ။ ယိုရင်အား စကားအနည်းငယ် မှာပြီးသည့်နောက်တွင် သူမသည် တောင်ပေါ်သို့ တက်သွားတော့သည်။
ချွေ့ဖုန်းရွာသည် ချွေ့ဖုန်းတောင်နှင့် ကျောချင်းကပ် အနေအထားဖြင့် တည်ရှိသည်။ တောင်ပေါ်မှ စီးဆင်းလာသည့် ချွေ့ဖုန်းမြစ်သည် ရွာကို အလယ်မှ ပိုင်းဖြတ်သွားလေသည်။ ချွေ့ဖုန်းတောင်ကို အစွဲပြု၍ ချွေ့ဖုန်းရွာဟုသာ ခေါ်ဝေါ်ကြလေသည်။
ရွာသားအများစုသည် မြစ်၏ အရှေ့ပိုင်းတွင်သာ နေထိုင်ကြပြီး ယွဲ့မိသားစုသည်လည်း အရှေ့ပိုင်း၌ တည်ရှိလေသည်။ ယွဲ့ယိုကျင့်သည် ယွဲ့မိသားပိုင် မြေများကို ဖြတ်သွားကာ ရွာလမ်းကြီး၏ တစ်ဖက်တချက်ရှိ ညောင်ပင်အောက်၌ စကားဝိုင်းဖွဲ့နေသည့် အမျိုးသမီးစုကို တွေ့လိုက်ရ၍ နှုတ်ဆက်လိုက်လေသည်။
“ယိုကျင့် ဒီလောက်နေပူနေတာကို တောင်ပေါ်ထပ်တက်မလို့လား” ရွာရှိအမျိုးသမီးများသည် ညောင်ပင်အောက်၌ ထိုင်ကာ အချုပ်အလုပ်များ လုပ်ကိုင်ရင်း စကားပြောကြလေ့ရှိသည်။ ယိုကျင့်လည်း အပြုံးလေးဖြင့်သာ နှုတ်ဆက်လိုက်သည်။
“စန်းရှို့ပေါ် ကျွန်မက ၀က်စာပဲသွားစုမှာပါ။ မဟုတ်ရင် အိမ်က၀က်တွေ ညကျ ဆာနေလိမ့်မယ်”
ယိုကျင့်သည် ထိုအမျိုးသမီးကို အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
စန်းရှို့ပေါ်သည် နေလုံးကြီးအား ကြည့်ကာ သက်ပြင်းရှည်ချလိုက်သည်။ ယွဲ့မိသားစု၏ အခြေအနေကို သူတို့သိလေသည်။ ထိုကြမ်းတမ်းသည့် အဘွားအိုချန်ကိုသာ အပြစ်တင်ရမည်ပင်။ စန်းရှို့ပေါ်သည် စကားအများကြီး မပြောလိုက်ဘဲ သူမအား သတိပေးလိုက်သည်။
“နည်းနည်းလောက်နေရင် နေကပိုပူတော့မှာ ဂရုစိုက်ဦး”
“သိပါပြီ စန်းရှို့ပေါ် အဲဒါဆို သွားတော့မယ်နော်” ယိုကျင့်သည် နှုတ်ဆက်ပြီးသည်နှင့် တောင်ပေါ်သို့ ခြေဦးတည့်လိုက်တော့သည်။ ရှေးခေတ်ရှိ ရွာသားများသည် ရိုးသားကြင်နာသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့သည် အနေဆင်းရဲကာ အချို့မှာ အစားအသောက်ပြတ်လပ်မှုများပင် ကြုံတွေ့ရသည်။ ရွာရှိ အချို့မိသားစုများသည် သူမတို့ကဲ့သို့ပင် အမျိုးသမီး များကြသည်။ သို့သော် သူမသည် ထိုမိသားစု၌ မွေးဖွားခဲ့ခြင်းမဟုတ်၍ သူတို့မည်သို့ ကြုံတွေ့ရသည်ကို သူမမသိပေ။
နေ့လယ်ဖြစ်၍ လူအချို့သာ သစ်သီးရိုင်းနှင့် ၀က်စာများစုရန် လာကြလေသည်။ သို့သော် ယိုကျင့် တောင်ခြေသို့ ရောက်ချိန်တွင် မည်သူကိုမျှ မတွေ့တော့ချေ။
သူမသည် အရွက်ခြောက်ကိုင်း အချို့ကို ခူးကာ ဦးထုပ်ပုံစံ ရက်လုပ်ပြီး သူမခေါင်းပေါ်၌ တင်လိုက်သည်။ ထိုအရာက သူမအား နေ၏အပူရှိန်မှ အနည်းငယ် ကာကွယ်ပေးနိုင်သည်။ ထို့နောက် ရွာသားများ ပြုလုပ်ထားသော လျှောက်လမ်းအတိုင်း လျှောက်လာခဲ့သည်။ နာရီ၀က် ကြာပြီးနောက် ချွေ့ဖုန်းတောင်စွန်းသို့ ရောက်လာခဲ့သည်။
ချွေ့ဖုန်းတောင်ထိပ်သည် တစ်ထောင့်လေးရာ ကီလိုမီတာမျှ ရှိကာ တောင်စဉ်၏အရှည်သည် ကီလိုမီတာ အများအပြားရှိလောက်ပေဟည်။ ထိုတောင်၌ သားရဲနှင့် ငှက်များ စုံလင်ပေသည်။ ယိုကျင့်သည် အရင်ဘ၀၌ စစ်သားအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော်လည်း ယခု ငယ်ရွယ်၍ အာဟာရ ပြတ်နေသော ကိုယ်ထည်အပြင် လက်နက်မရှိသည့်အတွက် တောင်၏အတွင်းပိုင်းသို့ ၀င်ရောက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သေတွင်းသို့ အရောက်ပို့ရာသာ ရောက်ပေမည်။
သူမသည် ထိုမျှ မမိုက်မဲသော်လည်း သူမ၏ညီမများအတွက် ငှက်ဥများရှာရန် ရွားသားများ မလာရဲသည့် တောင်အတွင်းပိုင်း၏ အစွန်းနားသို့ အရဲစွန့်၍ သွားလိုက်သည်။
ယိုကျင့်သည် လက်နှစ်လုံးစာ သစ်ကိုင်းကို ခြေထောက်ဖြင့် ချိုးကာ အစွန်းနှစ်ဖက်ကို ချွန်ထက်အောင်လုပ်ပြီး လမ်းရှင်းရန် လက်နက်အဖြစ် ပြုလုပ်လိုက်သည်။
နို၀င်ဘာလဖြစ်သည့်အတွက် ဆောင်းဦးရာသီ၌ ရစ်ငှက်နှင့်ယုန်များ ပြည့်ဖြိုးနေသည့် ကာလဖြစ်သည်။ ယုန်ထောင်ခြင်းနှင့် ရစ်ငှက်ဖမ်းခြင်းတို့သည် တောတွင်း နေထိုင်ခြင်းအတွက် အခြေခံဖြစ်သည့် အရာများသည် ယိုကျင့် အကျွမ်းကျင်ဆုံး အရာဖြစ်ပေသည်။ အကယ်၍ သူမသာ အိမ်ကို ယူသွားခဲ့လျှင် ထိုအရာများကို အဘွားချန်နှင့် အခြားသူများ ရှာတွေ့လျှင် မဖြေရှင်းနိုင်ပေ။ ယိုကျင့်သည် သူမ၏ညီမများ စားရန်အတွက် တောကြက်ဥများနှင့် ငှက်ဥများကိုသာ အမြဲယူသွားရလေသည်။ အဘွားချန်နှင့် အခြသူများ ဈေးသွားသည့်အချိန်မှသာ ရစ်ငှက် သို့မဟုတ် ယုန်ကို တောင်ပေါ်၌ ကင်ပြီး အိမ်သို့ ပြန်ယူကာ သူမ၏ညီမငယ်များကို ခိုးကျွေးရသည်။
ယခု အဘွားချန်နှင့် အခြားသူများ ရှိနေသည့်အတွက် ရစ်ငှက်နှင့် ယုန်တို့ကို ယူသွား၍ မရချေ။ ထို့အတွက် သူမသည် ငှက်သိုက်များကိုသာ အဓိကထား ရှာဖွေရသည်။ ရွာသားများသည် အတွင်းပိုင်သို့ လာလေ့ မရှိသည့်အတွက် ယိုကျင့်သည် အားစိုက်ထုတ်စရာမလိုဘဲ ငှက်သိုက်နှစ်ခုနှင့် တောကြက်ဥများကို ရှာတွေ့လိုက်သည်။ စုစုပေါင်း ဆယ့်ခုနစ်ဥ ရှိကာ သူမယူလာသော မီးခတ်ကျောက်ဖြင့် မီးမွှေး၍ ဥများကို တင်ထားလိုက်သည်။ ဥများမကျက်ခင် အနီးအနားရှိ ၀က်စာများကို ရိတ်ကာ အချိန်ဖြုန်းလိုက်သည်။
မီးပုံ၏ဘေးမှာထိုင်ကာ နီရဲနေသော မီးသွေးများကို ကြည့်ရင်း သူမချိုးလာသော သစ်ကိုင်းဖြင့် ဘေးရှိ မြေကြီးများကို တူးဆွမိသည်။ ဘေးရှိ မြက်ပင်များကြား၌ ကြက်သွန်မြိတ်ပင်ကို တွေ့လိုက်ရသည်။
ထိုရင်းနှီးသည့် သဏ္ဌာန်ကြောင့် သူမသည် အနည်းငယ် စပ်စုကာ ဂရုတစိုက် တူးယူကြည့်လိုက်သည်။ ထိုအရာသည် အမှန်ပင် တောကြက်သွန်ပင်ဖြစ်ကာ သူမတို့ခေတ်က ပျိုးပင်များထက် ပို၍ သေးသွယ်ပေသည်။ ရှေးခေတ်၌ ထိုအပင်များသည် အသုံးမများကြဘဲ အနံ့ပြင်းသဖြင့် မြက်ပင်ကဲ့သို့သာ မှတ်ယူထားကြပြီး ထိုအပင်များသည် တောတောင်များ၌ သဘာ၀အလျောက် ပေါက်လေ့ရှိသည်။
“ကြက်သွန်မြိတ်က….” သူမ၏ အရင်ဘ၀မှ တစ်၀မ်းကွဲ ပြဖူးသော ကြက်သွန်မြိတ် မျိုးစိတ်များကို ပြန်တွေးမိလိုက်သည်။ ထိုအရာသည် ယခုကဲ့သို့ အနံ့မပြင်းသော်လည်း ဆားရည်စိမ်၍ စားကာ အစာစားချင်စိတ်တိုးအောင် ပြုလုပ်ပေးသည်။
“ငါ့မှာ ဗိုက်ပြည့်ဖို့တောင် မလောက်တာ။ ဆားရည်စိမ်စားဖို့ ဘယ်လိုတတ်နိုင်ဦးမလဲ” ထိုသို့ရေရွတ်ကာ လက်ထဲရှိ အပင်ကို အဝေးသို့ ပစ်လိုက်လေသည်။ သို့သော်လည်း နေရာကို အမှတ်အသား ပြုလုပ်ထားခဲ့သည်။ အခုအသုံးမ၀င်ရင် နောက်ကျအသုံး၀င်ချင် ၀င်မှာပေါ့….
ယိုကျင့်သည် အနီးနားရှိ သစ်ရွက် အကြီးများကို ခူးလိုက်ကာ ဥများကို ပတ်လိုက်ပြီး ခြင်းတောင်း၏ အောက်ခြေ၌ သေချာဖွက်ထားလိုက်သည်။ အကြိမ်ကြိမ် စစ်ဆေးကာ သေချာဖုံးထားနိုင်သည်ကို သေချာမှ ခြင်းတောင်းကို လွယ်ကာ အိမ်သို့ပြန်ခဲ့သည်။
သူမအိမ်သို့ ပြန်ရောက်ချိန်၌ ညနေစောင်းနေပြီ ဖြစ်သည်။ ကောက်ရိတ်သိမ်းရာသီ မဟုတ်သည့်အပြင် ရာသီဥတုလည်း ပူနေသည့်အတွက် ယွဲ့မိသားစုများသည် သူတို့၏ ကိုယ်ပိုင်အခန်းများ၌ တရေး အိပ်နေကြသည်။ ယိုကျင့်က ခြံတံခါးကို ဖွင့်သည့်အချိန်၌ တိတ်ဆိတ်နေသည့်အတွက် သက်ပြင်းချမိလိုက်သည်။ ခြံထဲသို့ ၀င်ပြီးနောက် အနောက်သို့လှည့်ကာ တံခါးပိတ်လိုက်သည်။ သူမ ပြန်လှည့်လိုက်သည့်အခါ အမျိုးသမီးချန်၏ တတိယသား ယွဲ့၀မ်ဝေ့သည် မကောင်းသည့်အကြံဖြင့် သူ၏မျက်လုံးများကို ကျဉ်းမြောင်းကာ သူမအား ကြည့်နေလေသည်။
ယိုကျင့်သည် လန့်သွားသော်လည်း တည်ငြိမ်အောင် ပြန်ထိန်းကာ မေးလိုက်သည်။ “ဘာကိစ္စ ငါ့ကို စိုက်ကြည့်နေတာလဲ”
ယွဲ့၀မ်ဝေ့သည် သူမအား မတူမတန်သလို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“နင် ဘာတွေဖွက်ထားတာလဲ” သူသည် ကြက်ဥနဲ့ကို အနံ့ခံမိကာ ထိုနိမ့်ကျတဲ့လူဟာ တစ်ခုခုကို ဖွက်ထားပြီး ဖုံးကွယ်ထားသည်ဟု သူ၏မသိစိတ်က ပြောနေလေသည်။
“လိမ်လိမ်မာမာနဲ့ ထုတ်ပေးလိုက် မဟုတ်ရင် အိမ်ထဲက ကြက်ဥတွေကို ခိုးစားတယ်ဆိုပြီး နင့်ကို အဖွားနဲ့တိုင်ပြောမှာ”
သူမ၏ညီမတွေကို အနိုင်ကျင့်ရန်နှင့် စားဖို့ရန်သာ သိသော ပထမမိသားစု၏ ၀က်ပုတ်လေးပြောသည်ကို ကြားသည်နှင့် ယိုကျင့်၏ မျက်၀န်းများသည် ပို၍ပင် အေးစက်သွားလေသည်။
“ငါခိုးထားတယ်ဆိုတာ သက်သေရှိလား” ထိုသို့ ပြောပြီးသည်နှင့် အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုကလေးအား ပိတ်ရိုက်ပစ်ချင်သည့် သူမ၏စိတ်ကို ထိန်းချုပ်လိုက်သည်။
ယိုကျင့်ပြောသည့်စကားများအား ကြားပြီး သူမသည် မလုံမလဲဖြစ်နေသည်ဟု ယွဲ့၀မ်ဝေ့ မည်သို့တွေးမိလိုက်သည်လဲ သူမမသိပေ။
“သုံးအထိ ရေမယ်။ မြန်မြန်ထုတ်ပေး မဟုတ်ရင် အဘွားကိုခေါ်လိုက်မှာနော်”
ယိုကျင့်သည် ဘာကိုမျှ မကြောက်ရွံ့ပေ။ ဟန်ဆောင်ကာ အစွယ်ထုတ်နေသည့် ကြောင်ပေါက်ကို သူစိတ်ကျေနပ်သည့်အတိုင်း လုပ်ခိုင်းလိုက်သည်။ ယွဲ့၀မ်ဝေသည် ယွဲ့ယိုကျင့်၏ သေမည့်၀က်သည် ရေနွေးပူကို မကြောက်သည့်ပုံစံနှင့် မထီမဲ့မြင်နေသည်ကို မြင်သည်နှင့် ပင်မဆောင်သို့သွားကာ အော်ပြောလိုက်သည်။
“အဘွား အဲ့မိန်းမယုတ် ယွဲ့ယိုကျင့်က အဘွားဥတွေ ခိုးနေတယ်”
ထို့နောက် ခြံ၀န်းအလယ်၌ ရပ်နေသည့် ယွဲ့ယိုကျင့်ကို မောက်မာသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ငြင်းရဲသေးလားဆိုတာ ကြည့်ကြတာပေ့ါ။
အဘွားချန်သည် ကပ်စေးကုပ်သည့်အတွက် သူမ၏မြေး ထိုသို့အော်ပြောသည်ကို ကြားသည်နှင့် ထိုအရာက သူမအား အိပ်ရာပေါ်မှ ငေါက်ကနဲထထိုင်စေရန် လုံလောက်ခဲ့သည်။
“မိန်းမယုတ် တစ်နေ့တစ်နေ့ အတင်းရဲလာလိုက်တာ။ ဒီအဘွားအိုရဲ့ ဥတွေတောင် ခိုးရဲပြီပေါ့။ ဒီနေ့ နင့်ကိုသေအောင် မရိုက်ရင် ငါ့မျိုးရိုးနာမည်က ချန်မဟုတ်တော့ဘူးဟေ့” ခဏအကြာ၌ အဘွားချန်သည် စင်ပေါ်ရှိ ဝါးကြာပွတ်ကိုကိုင်ကာ တံခါးဖွင့်၍ ထွက်လာလေသည်။
“ ဥတွေကို ခိုးပြီး ဘယ်မှာ ဝှက်ထားလဲ ပြောစမ်း… ဆန်ကုန်မြေလေးကတော့….ဖအေရှိပြီး မအေက မသင်တဲ့ဟာမ ဒီနေ့ နင့်ကို သေအောင်ရိုက်ပြမယ်”
“သမီး မခိုးဘူး”ယိုကျင့်သည် ခြံ၀န်းထဲ၌ မတ်မတ်ရပ်ကာ အဘွားချန်ကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။
“အဘွားရဲ့ ဥတွေဘယ်လောက်ရှိလဲ အဘွားသိသားပဲ။ သွားရေလိုက်လေ ပျောက်မပျောက်ဆိုတာ သိရအောင်လို့။ မကျေနပ်ရင် သမီးတို့နေရာပါ ရှာလို့ရတယ်”
“နင့်လို ဆန်ကုန်မြေကများ ပစ္စည်းခိုးပြီး ပြန်ပြောနေသေးတယ်။ ဒီနေ့မှ နင့်ကို မရိုက်ရင် ဒီအဘွားကြီး ဘယ်လောက် အာဏာရှိလဲ နင်သိမှာမဟုတ်ဘူး” ထိုသို့ပြောရင်း အဘွားချန်သည် သူမ၏ကြာပွတ်ကို ယိုကျင့်ဆီသို့ ဝှေ့ရမ်းလိုက်သည်။
ယိုကျင့်သည်လည်း တစ်နေရာတည်း၌ ရပ်ကာ အရိုက်ခံရမယ်ကို စောင့်မနေခဲ့ချေ။ ကြာပွတ်နှင့် ထိတော့မည့်အချိန်၌ အားကုန်သုံးကာ အဘွားချန်၏ ကြာပွတ်မှ ရှောင်လိုက်သည်။ အဘွားချန်သည် မည်သူ့ကိုမှ မရိုက်မိခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မိတော့မလို ဖြစ်သွားသည်။ ယခုသူမသည် ဒေါသမီးများ တဟုန်းဟုန်းတောက်နေပြီ ဖြစ်သည်။ “နင့်လိုဟာကများ ရှောင်ရဲသေးတယ်။ အဲ့လိုဆိုလည်း တစ်နေကုန် ရှောင်နေလိုက်” အဘွားချန်သည် ကြာပွတ်ကို ထပ်မံ ရမ်းလိုက်သည်။
ယိုကျင့်သည် ယခုအခေါ်လည်း မထင်မှတ်စွာပင် သေသပ်စွာ ရှောင်လိုက်နိုင်သည်။
“သမီးမခိုးပါဘူးဆို ဘာလို့ သမီးကို ရိုက်နေသေးတာလဲ”
ရွာသားများ နေ့ခင်းတဖြတ်နားချိန်ဖြစ်၍ ယွဲ့အိမ်၏ ဆူဆူညံညံအသံများက ရွာသားများနှင့် အိမ်နီးနားချင်းများကို ဆွဲဆောင်နိုင်လိုက်လေသည်။
အဘွားချန်သည် ဒေါသကြောင့် နှလုံးသည် ပေါက်ထွက်မတတ်ခုန်နေကာ ယိုကျင့်သည် သူမအား ရွာသားများရှေ့၌ ပြန်ခံပြောရဲသည့်အတွက် ပို၍ပင် မကျေမနပ်ဖြစ်သွားလေသည်။
“ဘာမှမခိုးဘူးဟုတ်လား။ ၀မ်ဝေ့က နင်ကြက်ဥတွေ ခိုးလိုက်တာကို မြင်တာတောင် ၀န်မခံသေးဘူးလား”
“သမီးမလုပ်တာကို ဘာလို့ ၀န်ခံရမှာလဲ” ယိုကျင့်သည် ရူးခါနေသည့် အဘွားချန်ကို အေးတိအေးစက်ကြည့်ကာ မေးလိုက်သည်။
“ဘာလဲ အဘွားက သမီး၀န်ခံလာအောင် ရိုက်နေတာမလား” ယိုကျင့်သည် နံရံကို မှီကာ ပွဲကြည့်နေသော ရွာသားများနှင့် သူမ၏ညီမများကို တားထားသည့် ယိုရင်ကို တွေ့လိုက်သည်။ သူမသည် ယခု အနည်းငယ် စိတ်သက်သာရာရပြီဖြစ်လေသည်။ သူမ၏ညီမများ အရိုက်မခံရသရွေ့ သူမအတွက် အဆင်ပြေသည်။
ထို့နောက် လူအုပ်ထဲမှ လူငယ်လေးက အရဲစွန့်ပြောလိုက်လေသည်။ “ဟုတ်သားပဲ။ အရီးကြီးကလည်း ယိုကျင့်ညီမလေးက ဒီလောက်မခိုးဘူး ပြောနေတာပဲ။ အရီးတို့မှားမြင်တာများလား”
ရှန်းဇီ- အဒေါ် (သို့) အဖေ့ညီ၏ မိန်းမ
ရှို့ပေါ် – ယောက္ခထီးနှင့်ညီတော်စပ်သူ၏ဇနီး
…