ERSY အခန်း ၃

၃။ အိပ်မက်လှလှကို နှောင့်ယှက်လာ

ရှန်းရင် သူမရဲ့ သစ်အိမ်ကလေးဆီ ပြန်ရောက်တော့ ညနက်သန်းခေါင်တောင် ရောက်လုပြီ။ သူမ စောင်ကို ဆွဲခြုံလိုက်ပြီး ဂွမ်းကပ်ပုံထဲ လှိမ့်နေလိုက်တယ်။ သူမ အခုမှ အညောင်းညာပြေသွားတော့တယ်။ ပြီးတော့ တော်တော်ကြာတဲ့အထိ ဆိတ်ငြိမ်နေသေး။

သူမ ဒီသစ်တောအိမ်ကလေးကို ရောက်နေတာဆို လေးလနီးပါးလောက်ရှိနေပြီ။ ဒီနေရာက ဘယ်နေရာလဲဆိုတာတော့ သူမ မသိဘူး။ ပတ်ပတ်လည်မှာ ထူးဆန်းတဲ့သစ်ပင်တွေချည်းပဲ။ သူမ တောထဲမှာ လမ်းပျောက်နေတဲ့ အချိန်က ခပ်များများရယ်မို့၊ ရက်ပေါင်းများစွာလောက် လူတစ်ကောင်ကြောင်တစ်မြီးတောင် မတွေ့ခဲ့ရဘူး။ လူသူအချို့နဲ့ တွေ့တော့ အဲ့လူစုထဲက မုဆိုးတွေက သူမကို ကန်စွန်းဥနည်းနည်း ပေးခဲ့ကြတယ်။ ခေတ္တခဏလောက်တော့ သူမရဲ့ ဟာနေတဲ့ ဝမ်းက အာသာပြေခဲ့တာပေါ့။

သူတို့တွေက သူမကို သူတို့နဲ့ လိုက်ခဲ့ဖို့ ခေါ်သေးတယ်။ ဒါပေမဲ့ သူမက သူမရဲ့ မူလနေရာကို ပြန်နိုင်မယ်ထင်တာနဲ့ သူတို့နဲ့ လိုက်သွားဖို့ကို ငြင်းလိုက်တယ်။ ဒီသစ်အိမ်ကလေးက နည်းနည်း အိုဟောင်းနေပြီဆိုပေမဲ့ သူမကို လေဒဏ် မိုးဒဏ်ကနေတော့ ကာကွယ်ပေးနိုင်သေးတယ်။ ပြီးတော့ ဒီအိမ်ကလေးထဲမှာ ရက်ပိုင်းလောက် အနေကြာလာတဲ့အခါ သူမ နေသားကျ သွားပြီး ပြောင်းတာ ရွှေ့တာတွေ မလုပ်ချင်တော့တာ။

သူမ ဒီမှာ လေးလလောက် သောင်တင်နေမယ်လို့ ဘယ်သိမှာလဲ။ သူမ ပြန်မသွားနိုင်တဲ့အပြင် ရွာသားတွေ ပေးထားခဲ့တဲ့ ကန်စွန်းဥတွေလည်း ကုန်သွားခဲ့တယ်။ သူမမှာ စားစရာကို မရှိတော့တာ။

သစ်ပင်တွေတော့ အများကြီးပါပဲ။ ဒါပေမဲ့ ဘယ်အပင်က စားလို့ရတယ်၊ မရဘူးဆိုတာ သူမမှ မခွဲတတ်တာ။ အကောင်ငယ်လေးတွေလည်း အများကြီးရှိတယ်။ ပုံမှန်အရွယ်ထက် ပိုထွားနေတဲ့ သတ္တဝါတွေလည်း ရှိတယ်။ ပြီးတော့ ဒီအကောင်တွေက လူစကားပြောတတ်တာကို သူမ သိလိုက်ရသေးတယ်။

ဘာသာမဲ့တစ်ယောက်အနေနဲ့ သူမ ပထမတော့ အတော် အံ့သြသွားမိတယ်။ ဒါပေမဲ့ သူမကလည်း ဗိုက်ဆာနေတာရယ်ကြောင့် ဒီလို ဆန်းကြယ်နေတဲ့ ကိစ္စတွေ နတ်တွေ သရဲတွေ ဘာညာရယ်ကို အရေးတယူ မပြုအားတော့ဘူး။ တိရိစ္ဆာန်တွေလည်း မျိုးရိုးဗီဇမြင့်ပြီး စကားပြောပိုင်ခွင့် မရှိတာမှ မဟုတ်တာ။

တစ်နေ့မှာတော့ ယုန်နက်တစ်ကောင်က လူတစ်ယောက်ကို ကိုက်နေတာတွေ့လို့ သူမလည်း ကြုံကြိုက်သဟဟုတွေးကာ ယုန်ကို ရိုက်ပြီး ဝင်ဖမ်းလိုက်တယ်။ သူမ ယုန်ကို ဖမ်းလိုက်တော့ မတော်တဆ လူအများကို ကယ်တင်လိုက်သလို ဖြစ်သွားလေရဲ့။ သေချာကြည့်လိုက်တော့ အနှီလူစုမှာ သူမကို ကန်စွန်းဥတွေ ပေးခဲ့တဲ့ မုဆိုးတွေ ဖြစ်နေသတဲ့။ အဲဒီမှာ သူတို့ပြောလို့ သူမ သိလိုက်ရတာက အဲဒီသတ္တဝါလေးတွေဆိုတာ လူသားစားတဲ့ မကောင်းဆိုးဝါး မိစ္ဆာတွေ ဆိုတာပဲ။

မုဆိုးတစ်သိုက်က သူမကို နတ်ဒေဝါထင်မှတ်ပြီး ကျေးဇူးတွေ စွတ်တင်နေတော့တာပဲ။ ဒီတစ်ခါတော့ သူမကို တောင်ပေါ်က အဆင်း လိုက်ခဲ့ဖို့ မခေါ်ကြတော့ဘူး။ သူမ မိစ္ဆာတွေ သတ်တာကို ကောင်းချီးထောမနာပြုပြီး အားပေးအားမြောက် လုပ်သွားသေးတယ်။ ဘာတဲ့ လူသားတွေကို ကယ်တင်မစရာ ရောက်တယ်ဆိုလား။ မိစ္ဆာတွေ လူသားစားလို့ မရတော့အောင်ဆိုလား။ ပြီးတော့ သူမကို ကန်စွန်းဥတွေ ထပ်ပေးခဲ့သေးတယ်။

နဂိုက တောင်အောက်ကို သူတို့နဲ့ ဆင်းလိုက်သွားချင်နေတဲ့ ရှန်းရင်၊ “. . .”

-_-|||

သူမ လက်ထဲက ကန်စွန်းဥတွေကို ကြည့်ရင်း သူမ ဆက်မလုပ်ချင်တဲ့အကြောင်း မပြောရက်အောင်ကို ဖြစ်နေမိတယ်။ အဲအချိန်ကစပြီး သူမ မကောင်းဆိုးဝါး မိစ္ဆာနှိမ်နင်းရေးအလုပ်ကို စတင်တာဝန်ယူထားလိုက်တော့တယ်။ ထူးထူးခြားခြား စကားပြောတတ်တဲ့အကောင်ငယ်လေးတွေကို အဓိကပစ်မှတ်ထားပြီးတော့ပေါ့။ အနည်းဆုံးတော့ သူတို့အသားက ကန်စွန်းဥထက်ပို အရသာရှိတယ်လေ။

╮(╯▽╰)╭

ဒီအကောင်လေးတွေကို လိုက်ဖမ်းသတ်ဖြတ်နေတဲ့အခါမှာ သူမ စပြီး သတိပြုမိတာက သူမ ခန္ဓာကိုယ်က ထူးခြားနေတယ်ဆိုတာပဲ။ သူမ အရင်က အမဲလိုက်ဖူးတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာကောင်ပဲ တွေ့တွေ့၊ သူမ အလွယ်တကူ ဖမ်းလိုက်နိုင်တယ်။ သူမရဲ့ ခွန်အားက ကြီးမားလွန်းလို့ သူမကိုယ်ကိုတောင် သူမ မယုံကြည်နိုင်လောက်အောင်ပဲ။

တချို့အကောင်လေးတွေဆိုရင် သဘာဝလွန်အစွမ်းတွေတောင် ရှိနေသေးတယ်။ ဥပမာအားဖြင့် မီးမှုတ်တတ်တာတို့၊ မြေကြီးကို ကွဲအက်အောင်လုပ်နိုင်တာတို့ပေါ့။ ဒါပေမဲ့ ဒီအစွမ်းတွေက သူမအပေါ်ကိုတော့ ဘာသက်ရောက်မှုမှ မရှိသလိုပဲ။ မီးမှုတ်လို့ ထိခိုက်သွားတာဆိုလို့ သူမ အဝတ်အစားတွေ လောင်သွားရုံလောက်ပဲ။ မြေပြင်ကြီး ကွဲအက်သွားလို့ သူမ အက်ကြောင်းထဲ ပြုတ်ကျသွားရင်တောင် ပြန်တွယ်တက်လာနိုင်တယ်။ တစ်ခါတစ်လေ ဒီအကောင်လေးတွေ သူမကို ကိုက်တာကို တမင်တကာ အကိုက်ခံကြည့်သေးတယ်။ တိရိစ္ဆာန်လေးရဲ့ သွားတွေ အစွယ်တွေ ကျိုးကုန်တယ်လေ။

သူမ အသားအရေက အရင်တုန်းက အတိုင်းပါပဲ။ နူးညံ့နေတာပဲ။ အဲ့ဒါကို တစ်ဖက်သားက အသားပေါက်သွားအောင် မကိုက်နိုင်ဘူး။ အစကတော့ အဲဒီသတ္တဝါငယ်လေးတွေ အရမ်းအားပျော့နေလို့လို့ သူမ ထင်ခဲ့တယ်။ သူမ တဲအိမ်ကလေးနောက်က နှစ်ချို့နေတဲ့ ဧရာမသစ်ပင်ကြီးကို မကြည့်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ တကယ်ပါပဲ၊ အမြစ်ပေါင်းများစွာနဲ့ ခိုင်ခိုင်မာမာ ကုတ်တွယ်ထားတဲ့ အဲ့အပင်ကြီးကို သူမက ကြက်သွန်မြိတ်ကလေး ဆွဲနုတ်သလို အသာ မလိုက်နိုင်တယ်တဲ့လေ။ သူမ သစ်အိမ်ကလေးပတ်ပတ်လည်က အပင် ဒါဇင်ကျော်ကိုလည်း အသာ ဆွဲနုတ်လိုက်နိုင်တယ်။ . . . ခြံဝန်းကလေးဖြစ်သွားတာပေါ့။ အတော်ပဲ။

-_-|||

ဒီအခြေအနေကို ရောက်တော့ သူမ တစ်စုံတစ်ခုကို လက်သင့်ခံလိုက်ရတော့တယ်။ အဲဒါက ဒီလောကမှာ သူမကို ဘယ်သူမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်သည်ဟူသော အချက်။

မြေကမ္ဘာနဲ့ ဒီလောကကြားမှာ ဒီလိုကွာခြားချက်တွေ ရှိနေတာကို သူမကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို့ပဲ သဘောထားတယ်။ ကမ္ဘာနဲ့ လပေါ်က မြေဆွဲအားအသီးသီး ပမာဏချင်း မတူသလိုမျိုုးပေါ့။

အမှန်တိုင်း ပြောရရင်၊ သူမ ဒီပြဿနာကို သိလိုက်ရပြီးနောက် လူသူတွေ လိုက်ရှာပြီး ဒီလောကမှာ နတ်ဒေဝါတွေ တကယ်ရှိ မရှိ အတည်ပြုလိုက်ချင်တယ်။

ဒါပေမဲ့ သူမ စိတ်ပျက်မိတာ ရှိတယ်၊ တစ်လအတွင်းကို တွေ့မိ ဆုံမိတဲ့ လူဦးရေက လက်ချိုးရေရင် လက်တစ်ဖက်တောင် မပြည့်တတ်ဘူး။ သူမရဲ့ အကျင့်စရိုက်လေးက နဂိုကတည်းက ပျော်ပျော်နေ သေခဲဆိုပြီး လက်ကိုင်ထားတတ်သူ ဖြစ်လေတော့၊ ခပ်ယဉ်ယဉ်ပြောရရင် သူမက လက်ရှိအခြေအနေမှာပဲ ပျော်အောင် နေတတ်သူ၊ ရောင့်ရဲတတ်သူဖြစ်တယ်။ အားမနာတမ်း ခပ်ရိုင်းရိုင်းပြောရရင် သူမက တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားလိုစိတ်မရှိတတ်ဘဲ ပျင်းပျင်းရှိ အီလေးစွဲကာ နေသာသလို နေတတ်တယ်ပေါ့။ သူမဘဝမှာ ရည်ရွယ်ချက် ရည်မှန်းချက်ရယ်လို့ကို မရှိဘူး။

သူမရဲ့ ဟင်းချက်လက်ရာက ထူးကဲနေတာလည်း မဟုတ်။ ပြီးတော့ မကြာခဏဆိုသလို မကျက်တကျက်တွေ၊ အကျက်လွန်တွေ၊ အတူးအကပ်တွေ ဖြစ်သွားတတ်တယ်ဆိုပေမဲ့ ငတ်နေတာထက်စာရင်တော့ တော်သေးတယ်ပြောရမယ်ပေါ့။ စကားပြောတတ်တဲ့ သတ္တဝါတွေရဲ့ အသားကို စားရတာ နည်းနည်း ကသိကအောက်ဖြစ်ရပေမဲ့ နည်းနည်းကြာတော့ သူမ အကျင့်ရသွားတော့တယ်။

╮(╯_╰)╭

“အိပ်ငိုက်လိုက်တာ…” ရှန်းရင် ပျင်းကြောတစ်ချက်ဆွဲလိုက်ပြီး သူမရဲ့ အိုဟောင်းနွမ်းနေတဲ့ စောင်ပါးကလေးကို ဆွဲခြုံ ထားလိုက်တယ်။ ဒီည သူမအတော်ပင်ပန်းသွားပြီ၊ အခုတော့ နားအေးပါးအေး အိပ်ရတော့မယ်လေ။ ကံကောင်းထောက်မလို့ သူမ အိပ်မက်လှလှတွေကို နှောင့်ယှက်မဲ့အကြောင်းတွေ ရောက်မလာပါစေနဲ့လို့ မျှော်လင့်တယ်။

ဒီလိုတွေးလိုက်ပြီး မျက်လုံးမှတ်လိုက်တယ်ဆိုရင်ပဲ တုန်ခါမြည်ဟီးမှုကြီးတစ်ခုကြောင့် သူမ လန့်နိုးသွားရပြန်တယ်။

မိုးကြိုးသွားတစ်ချက် လင်းလာပြီး သစ်တဲအိမ်ကလေး ခေါင်မိုးမှာ အပေါက်ကြီး ဖြစ်သွားတော့တယ်။ ကောက်ရိုးအမိုးက အမျှင်မျှင်တွေ ပြန့်ကျဲကျလာတာနဲ့အတူ ဆူညံသံမျိုးစုံကလည်း လိုက်ပါလာတယ်။ မိုးကြိုးပစ်ခံလိုက်ရပြီးနောက်မှာ သစ်တဲ့အိမ်ကလေးရဲ့ အပိုင်းတော်တော်များများ ပျက်စီးသွားပြီ။ ရှန်းရင် အိပ်ရာအပေါ်က အမိုးလေးပဲ ကွက်ကျန်နေတော့တာ။

ရှန်းရင်၊ “…”

နောက်တော့ ပေါက်ကွဲသံ အကျယ်ကြီးနဲ့အတူ လူတစ်ယောက် အိမ်ဝန်းထဲ ပြုတ်ကျလာတယ်။ သူ့သွေးတွေရယ် တစ်အိမ်လုံးကို ပြန့်ကျဲပြီး စွန်းထင်းပေပွစေကုန်တာပဲ။ နဂိုက ဖြူလွှလွှ ဖြစ်ဟန်တူတဲ့ သူ့အင်္ကျီမှာ သွေးတွေ စွန်းနေပြီး သူ့တစ်ကိုယ်လုံး ဒဏ်ရာကြီးငယ်တွေနဲ့။

“ဟား ဟား ဟား ဟား…” မောက်မာခက်ထန်နေတဲ့ ရယ်သံတစ်သံ ထွက်ပေါ်လာပြီး အရိပ်မည်းတစ်ခု သူမရဲ့ တဲအိမ်ပျက်ကလေးထဲ ပျံဝဲကာ ခုန်ဆင်းလာတယ်။

“ကောင်ငယ်လေး ယိချင်း မင်းက မိစ္ဆာလမ်းစဉ်လိုက်သူတွေကို သုတ်သင်ပြီး တောက်တရားကို ကာကွယ်ထိန်းသိမ်းမလို့ဆို၊ မင်း ငါ့ကို သတ်မလို့ဆို၊ အခုတော့ ဘာလို့ မသတ်သေးတာတုန်း…”

“လွေ့မိ” အိမ်ထဲပြုတ်ကျလာတဲ့ လူက ထရပ်နိုင်ဖို့ ကြိုးစားရှာတယ်။ ဒါပေမဲ့ သူ့ဒဏ်ရာတွေက ပြင်းထန်တာမို့ ကိုယ်ကို မတ်မထားနိုင်လောက်အောင်ဖြစ်နေတယ်။

“မိစ္ဆာကောင်… သက်ရှိလူတွေရဲ့ ဝိညာဉ်ကို ဝိညာဉ်စုပ်တံခွန်အတွက် စတေးတာမျိုးက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေပဲ…”

“ဟန့်… သိပ်ခေါင်းမာနေတုန်းပဲပေါ့…” ဝတ်ရုံနက်က အေးစက်စက် လှောင်ရယ်လိုက်တယ်။

“ယိချင်း မင်းက ဓားသိုင်းကျင့်ကြံတယ်ဆိုတာနဲ့ပဲ ငါ့နောက်ကို သုံးရက် သုံးညတိုင်တိုင် လိုက်လံနှောင့်ယှက်နေခဲ့တာ၊ ငါ ခက်ခက်ခဲခဲ အသက်သွင်းထားရတဲ့ ဝိညာဉ်စုပ်တံခွန်ကိုတောင် ပျက်စီးစေတော့မလိုပဲ၊ အခုတော့ ငါ့အမုန်းတွေ ကျေသွားနိုင်အောင် မင်းကို ဝိညာဉ်စုပ်တံခွန်အတွက် စတေးပေးလိုက်မယ်…!”

ဒီစကားတွေ ပြောပြီးတာနဲ့ တံခွန်ကို သူက လေထဲမှာ ကိုင်မြောက်ထားလိုက်တော့တယ်။ အဲ့အချိန်မှာပဲ မိုးကြိုးပေါင်း ဒါဇင်များစွာက ရှန်းရင်ရဲ့ ခြံဝန်းထဲကို ဦးတည်ကျလာလေတယ်။ ဝတ်ရုံဖြူ နဲ့လူ ပျော့ခွေသွားတဲ့အထိ မိုးကြိုးအပစ်ခံရရုံတင်မကဘူး၊ ခြံဝန်းထဲမှာ အပေါက်တွေ အများကြီး ဖြစ်သွားခဲ့တယ်။

ရှန်းရင် မျက်မှောင်ကျုတ်သွားပါလေရော။ ‘. . . . ငါ့ခြံ’

“ဝူးထွားဟားဟား… မကောင်းဆိုးဝါး အငွေ့အသက်တွေ မင်းကိုယ်ထဲ ဝင်သွားတာ ဘယ်လို ခံစားရတုန်း…!” အနက်ရောင်နဲ့ လူက ရယ်တယ်။

“ဒီသုံးရက်အတွင်း မင်းကို မျှားခေါ်ဖို့ အပင်ပန်းခံဖန်တီးထားတဲ့ ဝိညာဉ်စုထောင်ချေက်က အလဟဿမဖြစ်ဘူးပဲ…!”

“.ရွံစရာကောင်းလိုက်တာ”

“ဘယ်သူက မင်းကို နေရာတကာ ဝင်ပါခိုင်းလို့လဲ…” ဝတ်ရုံနက်က မဲ့ပြတယ်။ “သေမျိုးတချို့ကို သတ်ရုံပဲ၊ မဟူရာကောင်းကင်ဂိုဏ်းကတောင် ဝင်စွက်ဖက်တာ မဟုတ်ဘူး၊ မင်းက ဘာကောင်မို့လို့ လာရှုပ်ရတာလဲ…”

“အဓိပ္ပာယ်မရှိတာတွေ…!” ယိချင်း သွေးတွေ အန်ထွက်လာတယ်။ သူ့မှာ စိတ်ဝိညာဥ်ချီတွေ သိပ်တောင် မကျန်တော့ သလောက်ပဲ။ ဒီမိစ္ဆာလမ်းစဉ် ကျင့်ကြံသူက မိစ္ဆာလောက အဝင်ဝမှာ ဝိညာဉ်စုထောင်ချောက်ဆင်ထားမယ်လို့သူ ထင်မထားခဲ့မိဘူး။ သူ့ပေါ့လျော့မှုကြောင့် မိစ္ဆာအငွေ့အသက်တွေ ခန္ဓာကိုယ်ထဲ စီးဝင်စေမိပြီး ချီစွမ်းအားတွေ ယုတ်လျော့သွားစေမိတယ်။ နောက်တော့ ဒီလူဆိုးရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရတာကြောင့် ဒဏ်ရာအပြင်းအထန်ရနေရပြီ။ သူက လေလွင့်သိုင်းသမားဆိုပေမဲ့ တရားသဖြင့်သော နည်းစဉ်ကိုသာ လိုက်ပြီး စစ်မှန်တဲ့ တောက်တရားကိုသာ ကျင့်ကြံသူ ဖြစ်တယ်။ မိစ္ဆာဒိဌိကျင့်ကြံသူက လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကို သူက မျက်နှာလွှဲ မမြင်ဟန်ဆောင်နိုင်ရက်ခဲ့ဘူး။ သေမျိုးတွေရဲ့ အသက်ကရော အသက်မဟုတ်ဘူးလား။

မဟူရာကောင်းကင်လို သမာသမတ်ကျ ကျော်ကြားထင်ရှားတဲ့ ထာဝရှင်သန်သူ ဂိုဏ်းကြီးက ဒီကိစ္စကို ဝင်မစွက်ဖက်တာတော့ မဖြစ်နိုင်။ သူတို့ မသိသေးတာပဲ ဖြစ်နိုင်တယ်။

“ထားလိုက်တော့… မင်းက သိပ်သေချင်နေတယ်ဆိုမှတော့လည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့…”

လွေ့မိက တံခွန်အလံကို ကိုင်မြောက်လိုက်ပြီးတိုက်ခိုက်ရန် အဆင့်သင့်။

“ဟိတ် ဟိုတစ်ယောက်…” နူးညံ့ပျော့ပျောင်းတဲ့ မိန်းကလေး အသံတစ်သံ ညာဘက်ကနေ ထွက်ပေါ်လာတယ်။

“ဘယ်သူလဲ…” လွေ့မိ အံ့သြသွားရတယ်။ သူ အသံလာရာဘက်ကို လှည့်ကြည့်လိုက်တော့ သူတွေ့ရတာဆိုလို့ ဖုန်တောထဲမှာ စောင်ခြုံထားတဲ့ လူတစ်ယောက်ပဲ ရှိတယ်။ သူမ ခန္ဓာကိုယ်က ပေရေနေပြီး ဆံပင်တွေလည်း ဖွာလန်ကြဲလို့ ကောက်ရိုးမျှင်တွေတောင် ကပ်ငြိနေသေးတယ်။ သူ စိတ်လေသွားမိတယ်။ ဒါဟာ မိန်းကလေးတစ်ယောက်ပါပဲ။ သူမ ဘယ်အချိန်ကတည်းက ဒီကို ရောက်နေခဲ့တာလဲ။ သူ့ကျင့်ကြံအဆင့်နဲ့တောင် သူ ဘာမှ သတိမပြုမိခဲ့ဘူး။

သူ သူမကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်တော့ သူမမှာ ကျင့်ကြံအတွင်းအား နည်းနည်းလေးမှ ရှိမနေတာကို တွေ့လိုက်ရတယ်။ သူမက သာမန်သေမျိုးတစ်ယောက်မှန်း သိတော့မှ သူ စိတ်အေးသွားရတော့တယ်။

“ဒီလို အန္တရာယ်များတဲ့ တောကြီးမျက်မည်းထဲမှာ သေမျိုးတစ်ယောက်နေနေမယ်လို့ ထင်တောင် မထင်ထားခဲ့ဘူး…” လွေ့မိနှုတ်ခမ်းများက ကောက်ကျစ်စဉ်းလဲစွာ ကော့တက်သွားတယ်။

“ငါ့တံခွန်အတွက် စတေးစရာ ကုန်ကြမ်းရတာပေါ့…”

“မင်း ဘာလုပ်မလို့လဲ…!” သူ့စကားကြားတော့ မြေပေါ်လဲကျနေသူလည်း စိတ်လှုပ်ရှားလာကာ အလူးအလဲထရန် ကြိုးစားတော့တယ်။ ရှိသမျှ အားအင်နဲ့ သူက ကြုံးအော်တယ်။

“မင်းက အပြစ်မဲ့တဲ့သူတွေကို ရန်ပြုချင်သေးတယ်လား…”

“သြော မင်းက အတော်စိတ်ကောင်းရှိပါကလား…” လွေ့မိမျက်နှာပေါ်မှာ မသတီဟန်က အထင်းသား။ သူ ရှန်းရင်ရှိနေတဲ့ဘက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

“မင်းတောင် ဒီလို အခြေအနေမျိုး ဖြစ်နေပြီကို သူများကို ကယ်ချင်သေးတယ် ဟတ်လား…!”

“ရပ်လိုက်စမ်း…! လွေ့မိ… သူက သာမန်သေမျိုးပဲကို…”

“အဟက်…” သူ့အပြုံးက ပိုပွင့်လင်းလာတယ်။ “ငါ့ဝိညာဉ်စုပ်တံခွန်က ဝိညာဉ်အမျိုးအစား မရွေးဘူးကွ…”

“မင်း… ကွာ… မိန်းကလေး ပြေးပေတော့ သူက လူကောင်း မဟုတ်ဘူး…”

မြေပေါ်လဲကျနေသူက မတ်တတ်ပြန်ရပ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေပေမဲ့လည်း လွေ့မိ ရှန်းရင်ဆီ ချဉ်းကပ်နေတဲ့ ခြေလှမ်းတွေကို တားဆီးနိုင်စွမ်း မရှိဘူး။ သူ့ခမျာ ရှန်းရင်ကို အော်ဟစ်သတိပေးဖို့သာ တတ်နိုင်တော့တယ်။

“ဟန့်… ငါ့လက်က ပြေးလွတ်မယ်တဲ့လား…”

“အဲဒီမှာ ရပ်လိုက်စမ်း လွေ့မိ…!”

“ငါ စဉ်းစားနေတာက…” ရှန်းရင် မျက်မှောင်ကျုတ်ထားရင်း သူမစောင်ကို ခွာဖယ်ချလိုက်တော့တယ်။

“နင်တို့တွေ တိတ်တိတ်ဆိတ်ဆိတ်လေး နေလို့ မရဘူးလား… ညကြီးမိုးချုပ်ဖြစ်နေပြီကို…”

လွေ့မိက ဒီအခါမှာ သူမ ခုတင်ဘေးနားတောင် ရောက်နှင့်နေပြီ။ သူမဆီက ဒီလိုမှတ်ချက်မျိုးကို ကြားလိုက်ရတော့ သူ ရယ်လိုက်ပြီး ဆိုတယ်။

“ဟဲဟဲ ကလေးမလေး… ငါ မင်းကို တိတ်ဆိတ်မှုတွေ ဖန်တီးပေးမယ်…! ထာဝရတာရှည်ခံမဲ့ တိတ်ဆိတ်မှုကြီးမျိုး…”

သူက လက်ထဲမှာရှိနေတဲ့ တံခွန်အလံကို မြောက်ကိုင်လိုက်တယ်ဆိုရင်ပဲ လျှပ်စီးတွေ လက်လက်ထကာ တောက်ပလာတော့တယ်. . .။

ရှန်းရင်ကလည်း မတ်တတ်ရပ်လိုက်တယ်။ သူမ သက်ပြင်းရှည်ကြီးဆွဲကာ ချမိပါတယ်။ နောက်တော့ သူမ လက်တစ်ဖက်ဆန့်ထုတ်လိုက်တယ်။ သူမရဲ့ ဆန့်တန်းလာတဲ့ လက်က မိုးကြိုးလျှပ်စီးအသွားတွေ ကြားက ကျော်လွန်ဖြတ်သွားပြီး လွေ့မိရဲ့ အင်္ကျီကော်လာကို ဆုပ်ကိုင်ထားလိုက်လေရဲ့။

အယ်…။

လွေ့မိလည်း အံ့သြနေမိတယ်။ ဒါပေမဲ့ သူ ဘယ်လိုမှ မတုံ့ပြန်နိုင်သေးခင် သူ့လောကကြီးတစ်ခုလုံး ဗြောင်းဆန်သွားသလို ချာချာလည်သွားတော့တယ်။

ရှန်းရင်က သူ့ကော်လာကို ဆွဲကိုင်ပြီး သူ့ကို ညာဘက်ဆီသို့ လွှဲကာ မြေမှာ ကိုင်ဆောင့်လိုက်လေခြင်း။ နောက်တော့ သူမ လက်ပြောင်းလိုက်ပြီး ဘယ်ဘက်ကိုလွှဲကာ ကိုင်ဆောင့်ပြန်တယ်။ မသိရင် သူဟာ အလျှော်အဖွတ်ခံနေရတဲ့ အဝတ်စုတ်လေးတစ်စလိုပါပဲကလား။ ဘယ်ဘက် အခါခံရလိုက်၊ ညာဘက်ကို အဆောင့်ခံရလိုက်နဲ့၊ သူ ထုထောင်းခံနေရတာနဲ့အတူ အနီးအနားတစ်ဝိုက်တောအုပ်အတွင်းမှာလည်း တဒုန်းဒုန်း အသံတွေ ပွက်ပွက်ညံကုန်တော့တယ်။ သူမက ဗြစ်တောက်ဗြစ်တောက်လည်း ပြောနေသေး။

“ငါ အိပ်ရေးမဝခင် အနှိုးခံရရင် စိတ်မကြည်ဘူးလို့ ပြောပြီးသား… ငါ အိပ်နေတာ နှောင့်ယှက်လို့ ရတယ်လို့ နင့် ဘယ်သူ ပြောတုံး၊ ဘယ်သူ ပြောလို့တုံး၊ ငါ့ကို လာနှောင့်ယှက်စရာလား…”

ယိချင်း၊ “…”

သူကပဲ… မြင်ယောင်နေမိတာတွေလား…။

ဒါပေမဲ့ သူ့မျက်စိရှေ့က မြင်ကွင်းကို သေချာ မသုံးသပ်နိုင်သေးခင်မှာပဲ အမှောင်ထုက သူ့အမြင်အာရုံကို လွှမ်းမိုးသွားကာ သူ မေ့မြောသွားတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset