အခန်း ၄။ ဓားသမားလေးယိချင်း
ယိချင်းနိုးလာတဲ့အခါမှာတော့ သူ ခုနကရှိနေတဲ့ခြံဝန်းထဲက နေရာလေးမှာတင် လဲနေတုန်းဆိုတာ သိလိုက်ရတယ်။
ဒဏ်ရာပြင်းထန်မှုနဲ့ အမြင်ခပ်ဝါးဝါးဖြစ်နေမှုကြောင့် အရိပ်နှစ်ခုသဏ္ဍာန်ကိုပဲမြင်ရတယ်။ တစ်ယောက်က မီးခိုးရောင်၊ တစ်ယောက်ကအဖြူရောင် နှစ်ယောက်လုံးစကားပြောနေဟန်ပဲ။ အဖြူရောင်အရိပ်ခပ်ကြီးကြီးက မိစ္ဆာအငွေ့အသက်ခပ်ဖျော့ဖျော့ထုတ်လွှင့်နေတယ်။
မိစ္ဆာတွေ ဒီနေရာမှာရှိနေတာလား…။
သူ စိုးရိမ်သွားတယ်။ သူ့ကိုယ်သူအတွက်တော့မဟုတ်ပါဘူး။ သူ ခုနက တွေ့ခဲ့ရတဲ့ မိန်းကလေးအတွက်ပါ။ သူမအဆင်ရောပြေရဲ့လား။ ဒါပေမဲ့ သူအရမ်း အားကုန်ခမ်းနေတာကြောင့်မို့ သိပ်မကြာခင်ပဲ သတိပြန်မေ့သွားတော့တယ်။
ဒုတိယအကြိမ်သူပြန်နိုးလာချိန်မှာတော့… သူအဲဒီနေရာမှာ ရှိနေတုန်းပဲ။ အနေအထားလေးတောင် မပြောင်းဘူး။ ဒီတစ်ခေါက်တော့ နည်းနည်း ပိုသက်သာလာပြီ။ အသံတွေကိုလည်း ဝိုးတိုးဝါးတားကြားရလာတယ်။
“မြင့်မြတ်တဲ့နတ်ဒေဝါရှန်း ကျွန်တော်နောက်တစ်ခေါက် ပြန်ရောက်လာတာ၊ လာကြည့်ပါဦး၊ ဒါမိစ္ဆာနယ်ပယ်မှာအရသာရှိဆုံး အစားအသောက်ပဲ!”
“မုန်လာဥလား”
“ဟုတ်တယ်၊ အရည်ရွှမ်းပြီး အရသာလည်းရှိတယ်၊ အရောင်ကိုတင် ကြည့်ပါဦး၊ ရေဓာတ်လည်း အများကြီးပဲ၊ ကျွန်တော်တို့တွေစားရတာအကြိုက်ဆုံးပဲ”
“အာ…ငါထင်သလိုပါပဲလေ၊ နင်ကတကယ့်ယုန်ပဲ၊ တခြားတစ်ခုခုပြောင်းလို့မရဘူးလား”
“မြင့်မြတ်တဲ့နတ်ဒေဝါသဘောအတိုင်းပါ၊ ကိစ္စမရှိပါဘူး၊ မြင့်မြတ်တဲ့နတ်ဒေဝါ ဘာများအလိုရှိပါသလဲ”
“အင်း၊ တစ်ခုရှိတယ် နင်…”
အဲအရာကဘာလဲဆိုတာတော့ သူ မသိလိုက်ရဘူး။ သူနောက်တစ်ကြိမ်မေ့သွားပြန်တယ်။
တတိယအကြိမ်သူနိုးလာတဲ့အခါမှာတော့ သူ ထပ်ပြီး…ထပ်ပြီး…ထပ်ပြီး…ခြံဝန်းထဲလဲနေတုန်းပဲ အင်း အရင်တစ်ပုံစံတိုင်းပဲ။ -_-|||
ဒီတစ်ခါမှာတော့သူ အသိတွေပါ ပြန်ရလာပြီ။ နောက်ဆုံးတော့ သူခေါင်းလှည့်ပြီး မီးခိုးရောင်အရိပ်ဘယ်သူလဲအဖြေထုတ်နိုင်ခဲ့တယ်။ ဒါ အရင်ညက မိန်းကလေးပဲ။ သူမပုံက …မြေကြီးတူးနေတဲ့ပုံပဲ!
…
“အိုး ဒါဆိုနင်အသက်ရှိသေးတာပေါ့!”
သူမကသက်ပြင်းမောကြီးချလိုက်တယ်။
အဲတစ်ခဏလေးမှာ ယိချင်းသိလိုက်ရတာက သူမစိတ်ပျက်သွားတယ်ဆိုတာပဲ။ ဒါပေမဲ့ သူမ ဘာကို စိတ်ပျက်သွားတာလဲ။ သူအသက်ရှင်နေသေးတာကိုလား။
သူထပ်ပြီးဆက်မတွေးနိုင်ခင်မှာပဲ သူမက ခါးအနက်လောက် ရှိနေပြီဖြစ်တဲ့ ကျင်းကြီးထဲကနေ ထွက်လာတယ်။ သူမလက်ထဲမှာလည်း တစ်ခုခုရှိနေပြီး နောက်တော့ သူ့ပါးစပ်နားယူလာတယ်။ သူမက ပေါ့ပေါ့ပါးပါးလေသံနဲ့ မေးလေတယ်။
“နင်ဗိုက်ဆာနေတာလား၊ စားချင်လို့လား”
တစ်ချက်ကြည့်လိုက်တော့ ယိချင်းအံ့သြသွားတယ်။ အဲဒါက ရှားပါးနှစ်တစ်ထောင် ရေခဲဂျင်ဆင်းပဲ! ကျောင်းခြောက်ကျောင်းဂိုဏ်းသုံးဂိုဏ်းမှာတောင် ဒီဂျင်ဆင်းက ရှားတယ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ပြန်ကုသပေးနိုင်စွမ်းရှိတဲ့ ဒီလိုဂျင်ဆင်းကို သူမက တစ်ချက်လေးတောင်မတွေးဘဲ သူ့ဒဏ်ရာတွေကို ကုဖို့ပေးတယ်ပေါ့၊ ဒီမိန်းကလေးက တကယ်ကြင်နာတတ်တာပဲ။
သူဒီကြင်နာမှုကျေးဇူးကျွေးကို ပြန်မဆပ်နိုင်မှာဆိုးလို့ လက်ခံဖို့တော့တွန့်ဆုတ်နေမိသေးတယ်။ ဒါပေမဲ့ သူ့အခုလက်ရှိအခြေအနေနဲ့ဆိုရင်တော့ တကယ် လိုအပ်နေတာ။ သေချာတွေးပြီးနောက်တော့ သူခေါင်းညိတ်လိုက်တယ်။
“ကျေးဇူးတင်ပါတယ်”
ကျေးဇူးတင်စွာနဲ့ သူခေါင်းကိုငုံ့ပြီး သူမ လက်ထဲက နှစ်တစ်ထောင်ရေခဲဂျင်ဆင်းကို တစ်စက်မှ မကျန်တော့တဲ့အထိ ဝါးလိုက်တယ်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲကချီတွေပြန်ကောင်းလာပြီး ဒဏ်ရာရနေတဲ့ သွေးကြောတွေလည်း ပြန်အသစ်ဖြစ်တည်လာတော့တယ်။
ရှန်းရင်က တိတ်တဆိတ်ကြည့်နေမိတယ်။ ဒီလူက ရက်အတော်ကြာ ခြံဝန်းထဲမလှုပ်မယှက်လဲနေတာ။ အစကတော့ သူအသက်တောင်မရှူလို့ သေပြီထင်ခဲ့တာပေါ့။ ဒါပေမဲ့သူမ အရမ်းပျင်းလို့ရယ် သူ့ကို အပင်ပန်းခံမသယ်နိုင်တဲ့အတွက် အဲနေရာမှာပဲထားလိုက်တာ။ ဒီနေ့ သူ့အတွက်ကျင်းတူးပေးမယ်ဆိုပြီး စိတ်ဝင်လာခဲ့ပေမဲ့ အဆုံးတော့ပြန်အသက်ရှင်လာပြန်တယ်။
“ဗိုက်ဝသွားပြီလား၊ ထပ်ပြီးစားချင်သေးလား”
ရှန်းရင်က ယုန်ဘုရင် သူမကိုပေးထားတဲ့ မုန်လာဥနောက်တစ်ပိုင်းကိုထုတ်လိုက်တယ်။
ယိချင်းပြန်ဖြေချင်ပေမဲ့ သူ့ခန္ဓာကိုယ်က အရမ်းနာနေတယ်။ ခန္ဓာကိုယ်ထဲကသွေးကြောတွေ ပြန်တည်ဆောက်နေတဲ့နာကျင်မှုက သာမန်လူတစ်ယောက် ခံနိုင်တဲ့အရာ မဟုတ်ဘူး။ ပြီးတော့ မိစ္ဆာအငွေ့အသက်တွေရဲ့ ဖိနှိပ်ခြင်းခံထားရတဲ့အတွက် အာရုံငါးပါးကို ပိတ်ဆို့လို့မရဖြစ်နေတယ်။ ဒါကြောင့် သူ့ဝေဒနာကမတရားတိုးလာတယ်။ အသက်ဆယ်ကြိမ်လောက် ရှူပြီးနောက်တော့ မေ့မြောသွားတော့တယ်။
“ဟဲ့ အဆင်ပြေရဲ့လား” အဲလူ ရုတ်တရက်မလှုပ်ရှားတော့မှန်း သတိထားမိသွားတော့ သူမလက်ထဲက မုန်လာဥနဲ့ ထိုးကြည့်လိုက်တယ်။
“သူမုန်လာဥနဲ့မတည့်တာလို့တော့ မပြောလောက်ပါဘူးနော်”
(⊙ o ⊙)
ငါသူအသက်ရှူမရှူစစ်သင့်တယ်…အိုး သူနောက်ထပ်အသက်မရှူတော့ပြန်ဘူး။
ရှန်းရင်: “…”
အလဟဿဖြစ်သွားပြီ
○| ̄|_
ယိချင်း စတုတ္ထအကြိမ် နိုးလာပြန်တယ်။ ဟုတ်ပါတယ် သူမြေပြင်ပေါ် လဲနေတုန်းပါ။ ဒီတစ်ခါတော့သူ့တစ်ကိုယ်လုံးက သွေးကြောတွေပြန်ကောင်းသွားခဲ့ပြီ။ သူ့ခန္ဓာကိုယ်ထဲက မိစ္ဆာငွေ့တွေသာ အကုန်မရှင်းထုတ်ရသေးလို့ ဝိညာဉ်ချီကို အသက်မသွင်းနိုင်သေးတာ။ မီးခိုးရောင်မိန်းကလေးကတော့ သူမ … သူမ အဲမြေတွင်းကြီးကို ဆက်ပြီးတူးနေတုန်းပဲ။
-_-|||
သူမအရင်ကတူးနေခဲ့တဲ့တွင်းပဲ။ ဒါပေမဲ့အခုတော့ ခါးအနက်အစား လည်ပင်းအနက်ထိရောက်နေပြီ။
“မိန်းကလေး” သူထထိုင်လိုက်တယ်။ ဆက်ပြီးတိတ်တိတ်မနေနိုင်တော့ဘူး။
စိတ်အားထက်သန်စွာ မြေတူးနေတဲ့မိန်းကလေးက ရပ်သွားပြီးလှည့်ကြည့်လာတယ်။ ခဏတာ သူမကြောင်ပြီးတိတ်သွားတယ်။
“ဟင် နင် မသေသေးပြန်ဘူးပေါ့”
သူမမျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးတော့ ခြေလက်တွေ ကုပ်တွယ်ပြီး ကျင်းထဲကနေထွက်လာတယ်။ တွင်းထဲကထွက်လာတုန်းလည်း သူမက တညည်းညည်း တညူညူနဲ့ပဲ။
“နင်ငါ့ကိုကြိုပြောသင့်တယ်၊ ငါ့မှာအချိန်အကြာကြီးတူးနေခဲ့ရတာ”
ယိချင်းက ကျင်းထဲကနေထွက်ဖို့ ကူပေးလိုက်တယ်။ မြေတွင်းနက်ကြီးကိုလှည့်ကြည့်ရင်း သူ အလိုလိုမေးမိသွားတယ်။
“မိန်းကလေး မင်းဆိုလိုတာက…”
သူမ ဒီတစ်ခေါက် ပိုတောင်စိတ်ပျက်သွားတယ်ဆိုတဲ့ခံစားချက်ရလိုက်တယ်။
ရှန်းရင်မျက်နှာထားက နည်းနည်းရှုံ့မဲ့သွားတယ်။ သူမ ကချောင်းဟန့်လိုက်ပြီး တည်တည်ကြည်ကြည်မျက်နှာထားနဲ့ပြောတယ်။
“နင်ထင်သလို မဟုတ်ပါဘူး၊ ဟိုအမည်းရောင်ဝတ်ရုံနဲ့ကောင်က ခြံဝန်းထဲ ကျင်းတွေ အများကြီး ဖြစ်သွားအောင်လုပ်လိုက်တယ်လေ၊ အဲဒါနဲ့ သူတို့ကိုပြန်ဖို့,ဖို့လုပ်နေတာ”
“ဒါပေမဲ့ မင်းအခုတင် ကျင်းတစ်ကျင်းထပ်တူးနေတာလေ” ယိချင်းပိုပြီးတောင်တွေဝေသွားတယ်။
“ဟုတ်တယ်လေ!” သူမကဆက်ပြောတယ်။
“တကယ်လို့ မတူးရင် ဒီတွင်းတွေကိုပြန်ညှိဖို့ မြေကြီးကိုဘယ်ကရမှာလဲ”
“…”
ခဏတာ ယိရှင်း ဇဝေဇဝါဖြစ်သွားတယ်။ ဘာလို့ ဒီအတွေးကြီးက တစ်ခုခု မှားနေတယ်လို့ခံစားမိတာလဲ။ ဒါပေမဲ့ သူဆက်ပြီးမေးခွန်းမထုတ်တော့ဘူး။ အဲအစား သူမကို မျက်နှာချင်းဆိုင်လိုက်ကာ လေးလေးစားစား ဂါဝရပြုရင်း ပြောလိုက်တယ်။
“ကျွန်တော့်နာမည်က ယိချင်းပါ၊ အသက်ကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်”
ဘာလဲ…။
ရှန်းရင် ကြောင်သွားတယ်။ ဘယ်တုန်းကသူမကယ်မိလို့လဲ။
(⊙_⊙)
“ကျွန်တော့်ကျေးဇူးရှင်ရဲ့ နာမည်ကိုသိခွင့်ရှိမလား”
“ရှန်းရင်ပါ”
“မိန်းကလေးရှန်း၊ ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူး ဘယ်လိုပြန်ဆပ်ရမလဲတောင် မသိပါဘူး၊ အခုကစပြီး ခိုင်းစရာရှိရင် လူ့အခွင့်အရေးကို မချိုးဖောက်သရွေ့ထမ်းဆောင်ပေးပါ့မယ်”
“မလိုပါဘူး၊ ငါတကယ်ဘာမှလုပ်ပေးခဲ့တာမဟုတ်ပါဘူး”
“မဖြစ်ပါဘူး၊ ဒီအကြွေးကိုပြန်ဆပ်ရပါမယ်၊ မဟုတ်ရင် ကျွန်တော့်ရဲ့တောက်သတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်လိမ့်မယ်၊ ကျေးဇူးပြုပြီး အမိန့်ပေးပါ”
“အဲလိုလုပ်ရလောက်တဲ့အထိ ငါဘာမှမလုပ်ခဲ့ပါဘူး…”
သူမခဏတွေး ပြီးတော့ သံဂေါ်ပြားကိုသူ့လက်ထဲထည့်ပေးလိုက်တယ်။
“နင်ငါ့ကိုကျင်းဖြည့်ပေးဖို့တော့ကူလို့ရမယ်ထင်တယ်၊ ငါဆယ်ရက်တိတိ ဒီကျင်းကြီးကိုတူးခဲ့တာ
—တကယ်ကြီးငြီးငွေ့ဖို့ကောင်းတယ်”
“ဟုတ်ကဲ့!” ပျော်ရွှင်စွာနဲ့ ယိချင်းက သံဂေါ်ပြားကို လှမ်းယူလိုက်တယ်။
“ကျွန်တော် မင်းကို စိတ်မပျက်စေရပါဘူး”
“အာ…နင့်စိတ်တိုင်းကျပါ၊ ငါလက်ဆေးဖို့ ပြန်ဝင်လိုက်ဦးမယ်”
“ဂရုစိုက်ပါ ကျေးဇူးရှင်လေး” သူနောက်တစ်ကြိမ်ထပ်ဦးညွှတ်လိုက်တယ်။
အဲတော့မှပဲ ရှန်းရင်လည်း တဲအိမ်လေးထဲပြန်လာတော့တယ်။
ယိချင်းရဲ့ အင်မတန်ခွန်အားကြီးတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက တကယ့်ဓားသမားတစ်ယောက်လို့ဆို လို့ရတယ်။ မိစ္ဆာငွေ့တွေကို ခန္ဓာကိုယ်ထဲကနေ အပြီးမထုတ်ပစ်ရသေး မှော်အတတ်သုံးစွဲလို့ မရသေးပေမဲ့ ကျင်းဖြည့်တာလောက်တော့ သူလုပ်နိုင်သေးတယ်။
အချိန်တိုလေးအတွင်း တစ်ခြံလုံးထဲက ကျင်းတွေဖြည့်ပြီးပြီ။ ရှန်းရင်ကိုယ်တိုင် တူးထားတဲ့၂မီတာနီးပါးနက်တဲ့တွင်းကြီးအပါပေါ့။
သူ ပြန်ပြီးကျေးဇူးရှင်လေးကို တင်ပြမလို့ပဲရှိသေး ယင်ချီတွေ သူ့ကိုယ်ပေါ် အလျင်အမြန် လွှမ်းမိုးလာတာခံစားလိုက်ရတယ်။ ရေခဲတောင်တစ်ခုထဲ ပြုတ်ကျသွားသလိုပဲ။ သူ့ခန္ဓာကိုယ်က အလိုလို တိုက်ခိုက်ဖို့ အနေအထားပြင်မိသွားတယ်။
ဒါမိစ္ဆာအငွေ့အသက်တွေပဲ၊ အရမ်းအားပြင်းတဲ့အငွေ့အသက်ပဲ!
“ဘယ်သူလဲ” သူ့လက်နက်ကိုထုတ်ရင်း မိစ္ဆာအငွေ့အသက်တွေလာရာဘက်ကိုလှည့်လိုက်တယ်။
ကြီးမားပြီးဖြူစွတ်နေတဲ့သဏ္ဍာန်တစ်ခု…
နားရွက်ရှည်ရှည်တွေ နီစွတ်စွတ်နှုတ်ခမ်းနဲ့ယုန်ပါးစပ်တွေပါတဲ့ သဏ္ဍာန်တစ်ခုက တောထဲကနေ ခုန်စွခုန်စွထွက်လာတယ်။ ဒါယုန်မိစ္ဆာပဲ။ တစ်ကိုယ်လုံးက အလွယ်တကူမြင်သာနိုင်တဲ့ မိစ္ဆာငွေ့တွေ ထုတ်လွှင့်နေတယ် အနည်းဆုံးတော့ အဋ္ဌမအဆင့် … မဟုတ်ဘူး ပိုတောင်မြင့်နိုင်တယ်!
ယုံနိုင်စရာမရှိတဲ့အဆင့်ရောက်နေတဲ့အငွေ့အသက်တွေ…ဒါမိစ္ဆာဘုရင်ပဲ။
ယိချင်း ရုတ်တရက် ကူကယ်ရာမဲ့သလိုခံစားလိုက်ရတယ်။ မိစ္ဆာဘုရင်တစ်ကောင်နဲ့ ရင်ဆိုင်ရမယ်မထင်မိခဲ့ဘူး။
သူ့ရဲ့ ဝိညာဉ်စွမ်းအား ပြန်လည်မပြည့်ဝသေးတာကို ထည့်မတွက်ဘဲ သူအခု စွမ်းအားအမြင့်ဆုံး အခြေအနေ၊ ရွှေအမြုတေကျင့်ကြံဆင့်မှာ ဆိုရင်တောင် နတ်ဝိညာဉ်တည်အဆင့်လောက်နီးနီး အင်အားကြီးတဲ့ မိစ္ဆာနည်းလမ်းကျင့်ကြံသူကို သူ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။
ထွက်ရပ်ပေါက်လမ်းစဉ်ကျင့်ကြံသူ အများစုက ကောင်းကင်အလိုတော်ကို လွန်မြောက်မဲ့ ဖြစ်ရပ်မျိုးတွေကို စွမ်းဆောင်နိုင်တတ်တာ
များတယ်ဆိုပေမဲ့ သူ ဒီလမ်းကို စလျှောက်ကတည်းက တစ်ချိန်ချိန်မှာ အသက်စွန့်ဖို့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်တယ်။
ဒါပေမဲ့ အခုချိန်က သူစိတ်မချတာက အိမ်ထဲကသူကြောင့်မို့ပဲ။ သူသေသွားတာက အရေးမကြီးဘူး။ ဒါပေမဲ့ သူ့ကျေးဇူးရှင်ကျတော့ရော…။ သူ့အကြွေးကို ပြန်မဆပ်ပြီးမချင်း သူမအန္တရာယ်ကျရောက်လို့မဖြစ်ဘူး။
ဒီလိုအတွေးတွေနဲ့ သူလက်ထဲဓားကိုတင်းတင်းဆုပ်ရင်း ရှေ့ကို ချီတက်သွားတော့တယ်။ သူ့အသက်နဲ့ လဲရမယ်ဆိုရင်တောင် ကျေးဇူးရှင်ကို ကာကွယ်ရမယ်။ သူ့ကိုယ်ထဲကဝိညာဉ်ချီတွေကို အတင်းအကြပ် အသက်သွင်းဖို့လုပ်တော့ ခန္ဓာကိုယ်ထဲကမိစ္ဆာငွေ့တွေက ချက်ချင်းတုံ့ပြန်တော့တယ်။ သူ့ခန္ဓာကိုယ် နာကျင်လာပြီး ပါးစပ်ကလည်းသွေးအရသာတွေနဲ့ပြည့်နေတော့တယ်။
…