အခန်း ၁၃
“ရှရှ၊ ဆက်မပြောနဲ့တော့။ ဆက်မပြောနဲ့တော့”
အန်းရှသည် ငိုကြွေးနေပြီး လဲကျသွားသောကြောင့် ချန်ရွှယ်မင်သည် သူမကို ထိန်းကိုင်ထားရသည်။
“ဟင့်အင်း။ ငါ့ကို ဆုံးအောင် ပြောခွင့်ပြုပါ။ ပြီးတော့ ငါ လက်လွှတ်ပေးလိုက်ဖို့လိုပြီ။ ငါနဲ့ မော့ယွီ ဒီကိစ္စကို အဆုံးသတ်လိုက်ပြီ”
သူမသည် နေ့လယ်စာလည်း စားထားပြီး မူလပိုင်ရှင်၏ ခံစားချက်များကို အဆက်မပြတ် ပြောလိုက်သောကြောင့် မူလပိုင်ရှင်၏ နောက်ဆုံးလက်ကျန် ခံစားချက်များသည် လုံးဝကို ပျောက်ကွယ်သွားတော့သည်။
အန်းရှသည် ချန်ရွှယ်မင် ကမ်းပေးလိုက်သော တစ်ရှူးကို ယူလိုက်၍ သူမမျက်နှာကို သုတ်လိုက်ပြီးနောက် ဆက်ပြောလေသည်။ “ရှင်တို့ နားလည်ကြမှာ မဟုတ်ဘူး။ တကယ်တော့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မက မော့ ယွီစန်းကို အခုလို အင်အားကြီးတဲ့ သူမျိုး မဖြစ်စေချင်ဘူး။ သူ့ကို သာမာန်လူ တစ်ယောက်ပဲ ဖြစ်စေချင်တာ။ အဲဒါဆိုရင် သူ့ကို အများကြီး စိတ်ပူစရာ မလိုတော့သလို သူ့အတွက်ကြောင့်နဲ့ ကျွန်မ မိသားစုကိုလည်း စွန့်လွှတ်စရာ မလိုတော့ဘူး”
ဟုတ်တာပေါ့။ မူလပိုင်ရှင်ရဲ့ မိသားစုလေ။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များ စီးဝင်လာမှုကြောင့် သူမသည် ဝတ္ထုထဲမှ အမြောက်စာတဖြစ်လဲ မူလပိုင်ရှင်သည်လည်း အသွေးအသားနှင့်သာ တည်ဆောက်ထားသူ တစ်ဦးပင် ဖြစ်သည်ဟု နားလည်သွားခဲ့ရသည်။
ယောက်ျားတစ်ယောက်အတွက် ဘာတစ်ခွန်းမျှ မဆိုဘဲ ပေးဆပ်ထားသော သူမကို အန်းရှ ကြင်နာ သနားမိလေသည်။
“ရှရှ၊ နင်…”
ချန်ရွှယ်မင်သည် အကြောင်းပြချက် တစ်စုံတစ်ရာကို ရှာဖွေမတွေ့မိသော်လည်း သူမကို အံ့သြထိတ်လန့်စွာ ကြည့်လိုက်မိသည်။
“နင် အဲဒီလောက် မတုံးအသင့်ဘူးလေ”
“ဟုတ်တယ်။ အန်းရှက အရမ်းကိုတုံးအတယ်။ သူက မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မကျင်းပချင်ဘူး။ ပြီးတော့ ငါ့မိသားစုကိုလည်း မမြင်ချင်လို့ ငါ သဘောတူခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့ဆွေမျိုးတွေကြောင့် သူငါ့ကို မုန်းသွားမှာကို ကြောက်တယ်။ ငါသူ့ကို လက်ထပ်လိုက်တော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာရှိတဲ့ အကြောင်းတွေကို ငါ့မိဘတွေကို မပြောရဲခဲ့ဘူး။ လတိုင်း ငါ့မိဘတွေကို ပိုက်ဆံပို့ခဲ့လို့ မလုံမလဲဖြစ်ခဲ့ရတယ်”
ချန်ရွှယ်မင်သည် အန်းရှပြောသည်များကို နားထောင်ပြီးနောက် တစ်ခဏမျှ စကားလုံးများ ပျောက်ရှသွားခဲ့တော့သည်။
သူမသည် အန်းရှ၏ မိသားစုမှာ သူမကဲ့သို့ပင်ဖြစ်ပြီး ယောက်ျားသားများသာ ကြီးစိုးသော ကျေးလက်မိသားစု ဖြစ်သည်ဟုသာ သူမထင်ခဲ့သည်။
ထို့ကြောင့် သူမသည် လက်ထပ်ပြီးနောက်တွင် မိသားစုနှင့် အဆက်အသွယ် ဖြတ်ခဲ့သည် ဟူ၍ပင်။
သို့သော် အန်းရှသည် မော့ယွီစန်းကို အလွန်ချစ်သောကြောင့် မိသားစုကို စွန့်ပယ်လိုက်သည်ကိုတော့ သူမ လုံးဝ မတွေးမိခဲ့ပါ။
သူမသည် အန်းရှကို သားသမီးဝတ္တရား မကျေပွန်သူဟုပင် ပြောရမည်လား သူ့လုပ်ရပ်သည် မထိုက်တန်ဘူးဟူ၍ပင် ပြောရမည်လားကို သူမ မသိတော့ပါ။
“ရှရှ၊ နင်က တကယ်ကို မိုက်မဲတာပဲ။ တကယ်ကို မိုက်မဲတယ်”
အန်းရှသည် နှာခေါင်းတစ်ချက် ရှုတ်လိုက်၍ ရယ်သွမ်းသွေးကာ ဆက်ပြောလေသည်။ “ငါ အစကတော့ ငါတို့ရဲ့ ခံစားချက်တွေကို ထိန်းသိမ်းထားမလို့ပဲ။ သူ့ကို ကြည့်စမ်းပါဦး။ သူ့ ကြည့်ရတာ ကျစ်ရှင်းရဲ့ သမီးကို သဘောကျနေပုံပဲ။ ငါတွေးမိပါတယ်။ သူက မိန်းကလေးတွေကို ပိုသဘောကျပြီးတော့ နောက်ထပ် သမီးတစ်ယောက် လိုချင်ခဲ့တာ”
အန်းရှသည် ထိုကဲ့သို့ ပြောနေရင်း အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။ သူမ၏ အသံသည် စကားလုံးလှလှလေးများဖြင့် မွှမ်းခြယ်ထားသလိုပင်။
“အခု…ငါ ပင်ပန်းနေပြီ။ ငါ လက်လွှတ်လိုက်ချင်ပြီ။ သူ့ကိုရော ငါ့ကိုယ်ငါရော လက်လျှော့လိုက်ချင်ပြီ။ ဒါကငါသူ့ကို ပေးနိုင်တဲ့ နောက်ဆုံးလက်ဆောင်ပဲ။ သူ အနာဂတ်မှာ ပျော်ရွှင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။
ချီလိသည် သူ့အရှေ့တွင် ရှိနေသော မိန်းကလေးသည် မော့ယွီစန်းကို ချစ်နေဆဲဖြစ်သည်ကို နားလည် သဘောပေါက်သွားသည်။
သူသည် မသိလိုက် မသိဘာသာဖြင့် သူ၏ရုံးခန်းမှ ပိတ်ထားသော ဧည့်ခန်းကိုသာ ခပ်ယဲ့ယဲ့ တစ်ချက်ကြည့်လိုက်တော့သည်။
ကြည့်ရတာ အန်းရှနှင့် ပတ်သက်၍ သူတို့သည် နက်နက်ရှိုင်းရှိုင်းကို အထင်လွဲနေခဲ့ဟန် တူသည်။
“ရှေ့နေချီ၊ ကျွန်မ ရှင့်ကို အကူအညီ တစ်ခုလောက် တောင်းချင်တယ်”
ယုန်ဖြူငယ်လေး တစ်ကောင်ကဲ့သို့ မျက်ဝန်းများကို ပိုင်ဆိုင်ထားသော အန်းရှကို ကြည့်ရင်း သူသည် လေးလေးနက်နက်ဖြင့် ခေါင်းငြိမ့်လိုက်လေသည်။ “ဟုတ်ပါပြီ။ ကျွန်တော် တတ်နိုင်သလောက် ခင်ဗျားကို ကူညီပါ့မယ်”
ထိုကဲ့သို့ ကြင်နာတတ်သော အမျိုးသမီးနှင့် ကြုံတွေ့လိုက်ရသောအခါ သူ၏ နှလုံးသားသည် ကြင်နာ သနားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
“ကျွန်မ ရှင့်ကို ကူညီစေချင်တာက ကျားရှုကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ မော့ယွီစန်းကို ပြောပေးပါ။ အနာဂတ်မှာ သူဘယ်သူနဲ့ပဲ လက်ထပ်ဖြစ်ပါစေ ကျားရှုကို ချစ်မြတ်နိုးပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်”
ချီလိသည် အန်းရှအနေဖြင့် ဤကဲ့သို့ အကူအညီမျိုးကို တောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်တော့သည်။ “စိတ်ချပါ။ ကျွန်တော် သူ့ကို ပြောလိုက်ပါ့မယ်”
အန်းရှသည် စိတ်သက်သာရာ ရသွားပြီး သူမမျက်နှာပေါ်တွင် အပြုံးပန်းများဖြင့် ဝေဆာသွားတော့သည်။
ထိုအပြုံးလေးသည် မိုးရွာသွန်းပြီးနောက် ထွက်ပေါ်လာသော နေရောင်ခြည်လေးကဲ့သို့ပင် တောက်ပလို့နေပြီး မြင်သူတကာကို စွဲမက်လောက်စေသည်။
“ကျွန်မ လက်လွှတ်လိုက်တော့မယ်”
အန်းရှသည် ခွန်အားများ ကုန်ခမ်းသွားပုံရပြီး သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် မေ့လဲကျသွားလေတော့သည်။
“ရှရှ!”
“မိန်းကလေး အန်း”