အခန်း ၁၂
အနည်းအကျဉ်းမျှ အလှဆင်ထားသော ရုံးခန်းထဲတွင် ချီလိသည် သူ၏ မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေသော နို့လက်ဖက်ရည်လေးသောက်ကာ စာချုပ်စာတမ်းများကို လက်မှတ်ထိုးနေသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည်
မထုံတတ်သေးဖြင့် ဉာဏ်နီဉာဏ်နက်များပြီး လှည့်စားတတ်သူဖြစ်သည်ဟု ဆိုကြသော်လည်း ထိုမိန်းကလေးသည် အသက် ၂၆ နှစ်ဟုဆိုသော်လည်း အသက် ၁၈ နှစ်အရွယ် မိန်းမငယ်တစ်ဦးကဲ့သို့သာ ပြုမူနေသည်မှာတော့ သိသာထင်ရှားလှသည်။
ကလေးမလေး တစ်ဦးကဲ့သို့ပင် သူမသည် မည်သည့်စကားမျှမပြောဘဲ နို့လက်ဖက်ရည်ကိုသာ ပိုက်တစ်ချောင်းဖြင့်သောက်နေလေသည်။ သူမ၏ မျက်ဝန်းနက်နက်ကလေးများသည် ကြည်လင်၍ အပြစ်ကင်းစင်နေလေသည်။
ရှေ့နေလောကတွင် စီနီယာတစ်ယောက်အနေဖြင့် ချီလိသည် အမှုသည်ပေါင်းများစွာဖြင့် တွေ့ကြုံဆက်ဆံနေရသူဖြစ်သည်။ ထို့ကြောင့် သူသည် လူကဲခက်သည့်နေရာတွင် ကျွမ်းကျင်ပါးနပ်လှသည်။
သူသည် အန်းရှကို မမြင်ဖူးသော်လည်း မော့ယွီစန်းနှင့် ဝမ်ခန်ဝမ့်ထံမှ တဆင့်ပြောစကားများအရတော့ သူမသည် ခင်ပွန်းနှင့်သားကို ဂရုမစိုက်ဘဲ ဇိမ်ခံပစ္စည်းများဝယ်ယူရန်သာ စိတ်ဝင်စားပြီး ငွေကြေးဖြုန်းတီးသူတစ်ဦး ဖြစ်သည် ဟူ၍ပင်။
ထိုကဲ့သို့သော အမျိုးသမီးမျိုးသည် လောဘကြီး၊ ဇီဇာကြောင်၍ စေ့စပ်သေချာမှုရှိသော ပုံစံမျိုးဖြစ်နေရမည် ဖြစ်သည်။ အနည်းဆုံးတော့ သူ၏ အရှေ့မှ မိန်းမငယ်လေး၏ ပုံစံမျိုးတော့ မဖြစ်နိုင်ပါ။ သို့သော် ထိုမိန်းကလေးသည် အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်အရွယ် မိန်းကလေးငယ်လေး တစ်ဦးကဲ့သို့ ဖြူစင်၍ ရိုးသားနေလေသည်။
“မင်း ဒီစာချုစ်စာတမ်းတွေကို တစ်ချက်တောင် မကြည့်ဘဲ လက်မှတ်ထိုးလိုက်တာလား”။ ချီလိသည် မနေနိုင်သည့်အဆုံးတွင် ထိုကဲ့သို့ မေးလိုက်မိတော့သည်။
အန်းရှသည် နို့လက်ဖက်ရည်ကို တစ်ခါမျှ မသောက်ဖူးသူဖြစ်သည့်အလျောက် ပျော်ပျော်ရွှင်ရွှင် သောက်သုံးနေလေသည်။
နို့လက်ဖက်၍ကိုသာ တိတ်တိတ်လေးသောက်နေသည်ဖြစ်သောကြောင့် ချီလိ၏ မေးခွန်းသံကို ရုတ်တရက်ကြားလိုက်သဖြင့် ပိုက်ကိုပင် ယောင်ရမ်းပြီး ကိုက်မိသွားလေသည်။
အိုး…နို့လက်ဖက်ရည်က သောက်လို့ကောင်းလိုက်တာ။ ငါ နေ့တိုင်းသောက်ရမယ်။
“ဘာဖြစ်လို့လဲဟင်။ ရှင်ကျွန်မကို လှည့်စားထားလို့လား”။ အန်းရှ၏ မျက်ဝန်းများသည် ပြူးကျယ် ဝိုင်းစက်လို့နေသည်။
ချီလိသည် အန်းရှ၏ ပုံစံကို ကြည့်လိုက်မိလျှင် သနားစရာ ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ ခံစားရလေသည်။
အန်းရှသည် ရင်ဘတ်ကို မတ်မတ်ထားလျက် ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။ “ကျွန်မဘက်မှာ မင်မင်ရှိတယ်။ မင်မင်က အရမ်းထက်မြတ်တယ်လေ”။ ချန်ရွှယ်မင်သည် တစ်ခါမျှ ယခုကဲ့သို့ ရင်းရင်းနှီးနှီး ချီးကျူးမခံရဘူးသူ ဖြစ်သည့်အလျောက် ပါးပြင်များပင် နီရဲသွားတော့သည်။
“ဟုတ်တယ်”။
ချီလိသည် အန်းရှနှင့် ချန်ရွှယ်မင်ကို ကြည့်၍ ရယ်ချင်စိတ်ပင်ဖြစ်သွားသည်။ အန်းရှသည် ထင်ထားသလောက် တုံးအနေသည်မဟုတ်ဘဲ ချစ်စရာကောင်းသူ တစ်ယောက်ဖြစ်သည်။
“ဟုတ်ပါပြီ။ မိန်းကလေးအန်း။ မကြာခင် ကျွန်တော် ခင်ဗျားဆီကို ကွာရှင်းစာချုပ် ပို့ပေးလိုက်ပါမယ်။ ဘယ်ကို ပို့ပေးလိုက်ရမလဲ”။
အန်းရှသည် စာချုပ်စာတမ်းများကို လက်မှတ်ထိုးလိုက်သည့်နောက်တွင် ချီလိသည် သူမကို ပြုံး၍သာ ကြည့်နေလေသည်။
“ဪ ရှင်ကျွန်မအိမ်ကိုပဲ ပို့လိုက်လို့ရပါတယ်။ မင်မင် ငါ ဘယ်မှာနေရမလဲ မသိသေးဘူး”။
အန်းရှသည် ထိုကဲ့သို့ တွေးကြည့်လိုက်ပြီးနောက် ထိုအိမ်ရာပိုင်ဆိုင်မှုများသည် မြို့၏ မည်သည့်နေရာတွင် တည်ရှိနေမှန်းမသိသဖြင့် ချန်ရွှယ်မင်ကိုသာ အကူအညီတောင်းရန် ကြည့်လိုက်လေသည်။
“ကောင်းပါပြီ။ ကျွန်မဆီကိုသာ ပို့ပေးလိုက်ပါ။ ကျွန်မ ရှရှကို ပြန်ပေးလိုက်မယ်”။
ချီလိသည် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုနောက် သူတို့နှစ်ဦးသည် ထွက်ခွာသွားတော့သည်။ ချီလိသည် သူ၏ စိတ်ထဲတွင် မချုပ်တည်းထားနိုင်လောက်အောင် သိချင်စိတ်ပျင်းပြနေသည့်အလျောက် မေးလိုက်မိတော့သည်။ “မိန်းကလေးအန်း။ မင်းဘာဖြစ်လို့ ရုတ်တရက်ကြီး ကွာရှင်းဖို့ကို သဘောတူလိုက်တာလဲ”။
မော့ယွီစန်းသည် သူမကို ပိုင်ဆိုင်မှုများကို မည်မျှပင် ခွဲဝေပေးစေကာမူ သူဋ္ဌေးကတော်မော့ဆိုသည့် နေရာနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။
အထူးသဖြင့် အန်းရှသည် မကွာရှင်းခင်ပင်တွင် သေဆုံးသွားမည်ဆိုတာကို သူသိထားလေသည်။
“ကျွန်မ အသည်းကွဲနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်”။
အန်းရှသည် သူ့ကိုယ်သူပင် ဘာဖြစ်သွားမှန်းမသိလိုက်ပါ။ ရုတ်တရက်ဆိုသလို သူမ၏ နှလုံးသားသည် မကြည်မသာဖြစ်လာပြီး သက်တောင့်သက်သာမရှိ ဖြစ်လာလေသည်။
သူမသည် ကွာရှင်းလိုက်သောကြောင့် ထိုအရာသည် သူမနှင့် ခန္ဓာတစ်ခုတည်းတွင် ရှိနေသေးသော မူလပိုင်ရှင်၏ စိတ်ခံစားချက်ကို မီးပွားစင်သွားသကဲ့သို့ ဖြစ်သွားဟန်တူသည်။
အန်းရှသည် ထိုဆက်ဆံရေးကို သိချင်စိတ်ပြင်းပျသွားသည်။ မူလပိုင်ရှင်နှင့် မော့ယွီစန်း၏ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။
“မော့ယွီစန်းက ကျွန်မရဲ့အချစ်ဦးအပြင် ပထမဆုံး ကျွန်မသဘောကျမိတဲ့ ယောက်ျားတစ်ယောက်ပါ။ ရှင်တို့က ကျွန်မကို ငွေမက်တဲ့မိန်းမလို့ ထင်ကောင်း ထင်နေနိုင်တယ်။ ကျွန်မ မော့ယွီစန်းကို မကွာပေးတာကလည်း သူ့ရဲ့ပိုက်ဆံတွေကို မက်နေလို့ လို့ ထင်နေကြလိမ့်မယ်။
ဒါပေမဲ့ ရှင်တို့မေ့နေကြတာက ပထမဆုံး တက္ကသိုလ်စတက်တုန်းက မော့ယွီစန်းကို ဆင်းရဲတဲ့ကောင်လေးလို့ပဲ အကုန်လုံးက သိထားကြတာ။ ဘယ်သူကမှ သူရဲ့ ပုံစံအစစ်အမှန်ကို မသိကြသလို သူက သူဋ္ဌေးသားဆိုတာကိုလဲ ဘယ်သူမှ မသိကြဘူး။ ပြီးတော့ အဲဒီ ဆင်းရဲ့တဲ့ကောင်လေးကိုပဲ ကျွန်မ လေးနှစ်ကြာအောင် သဘောကျလာခဲ့တာ။ ကျွန်မ သူနဲ့လက်ထပ်ပြီးသွားတော့လဲ သူ့ရဲ့ ပုံစံအစစ်အမှန်ကို မသိခဲ့ဘူးလေ”။
အန်းရှသည် သူမ၏ နှလုံးသားထဲမှလာသော ခံစားချက်များဖြင့် ဖုံးလွှမ်းနေသည်။ သူမသည် မျက်လုံးများ နီရဲလို့နေပြီး အသံမှာလည်း ကွဲကြေအက်ရှလို့နေသည်။
မူလပိုင်ရှင်သည် ငွေမက်ပြီး ပစ္စည်းဥစ္စာများကိုသာ မက်မောသူမဟုတ်ခဲ့ပါ။ သူမ၏ အမျိုးသားဇာတ်လိုက်အပေါ်တွင်ထားသော ချစ်ခြင်းမေတ္တာသည် ဖြူစင် သန့်ရှင်းလှသည်။
သူမအနေဖြင့် ခင်ပွန်းနှင့်ကလေးကို ဂရုမစိုက်ရသည်မှာလည်း ထိုယောက်ျား၏ ပြင်းထန်လှသော အေးစက် ဖော်ရွေမှုကင်းခြင်း ကြောင့်ပင်ဖြစ်သည်။
သူတို့၏ကလေးသည် သိတတ်သည့်အရွယ် ရောက်စကတည်းကပင် အထက်တန်းလွှာများသာ တတ်ရောက်လေ့ရှိသောကျောင်းသို့ အချိန်ပြည့်ပို့ထားခံရသဖြင့် သူ၏ ဦးဆောင်မှုနောက်ကိုသာ လိုက်ခဲ့ရပြီး သူမကို လျစ်လျူရှုထားလေတော့သည်။
ယောက်ျားဖြစ်သူကို ဂရုစိုက်ပေးရန်အတွက် ထိုသူရှိရာသို့ ရောက်ရှိနိုင်ရမည်ဖြစ်သည်။
အမျိုးသားဇာတ်ဆောင်သည် အမြဲတမ်းဆိုသလို အိမ်မှာမနေဘဲ အမျိုးသမီးဇာတ်ဆောင်ကိုလည်း သူ၏ သူငယ်ချင်းများနှင့် မိတ်ဆက်ပေးခြင်းမရှိပါ။
သူသည် သူမကိုလည်း တစ်ခါမျှ အပြင်ခေါ်ထုတ်ခြင်း မရှိခဲ့ပါ။ ထိုအစား သူမကို ပိုက်ဆံများနှင့် အကြွေးဝယ်ကဒ်များကိုသာ ပေးခဲ့လေသည်။
ထို့ကြောင့် သူမသည် တစ်ဦးတည်းနေရခြင်းကို ငြီးငွေ့လာသဖြင့် သူမ၏ အထီးကျန်ဝေဒနာကို ကုစားရန် ပစ္စည်းများကိုသာ ဝယ်ယူနေတော့သည်။
“ကျွန်မသာ သူ့ကို လက်ထပ်လိုက်ရင် အရူးအမူး ပျော်ရွှင်ရမယ်လို့ ထင်ခဲ့တာ။ သူလည်း ကျွန်မကို ချစ်တယ်လို့ပဲ ထင်ခဲ့မိတယ်။ မိသားစုလေး ရလာတဲ့အခါ ကျွန်မတို့ ပျော်ရွှင်ရမယ်ပေါ့။ ဒါပေမဲ့ အဲဒါတွေအားလုံးက အိပ်မက်ဆိုးတစ်ခုရဲ့ အစဖြစ်နေခဲ့တယ်”။
မျက်ရည်များ စီးကျကာ နာကြင်နေရသော အန်းရှကို ကြည့်၍ ချန်ရွှယ်မင်နှင့် ချီလိသည် တိတ်ဆိတ်နေတော့သည်။
အထူးသဖြင့် ချန်ရွှယ်မင်သည် သူမ၏မျက်ဝန်းများထဲတွင် စိတ်မချမ်းသာမှုများနှင့် ပြည့်နှက်နေတော့သည်။
သူမသည် အန်းရှအတွက် စိုးရိမ်ပူပန်မိနေသည်။ သို့သော်လည်း ထိုမျှလောက် စိတ်ဆင်းရဲမှုများနှင့် ပြည့်နက်နေသော အန်းရှကို မကူညီပေးနိုင်ခဲ့သဖြင့် ကိုယ်ကိုယ်ကို အပြစ်တင်နေမိတော့သည်။
သူမသည် အန်းရှအနေဖြင့် ငွေဖြုန်းရန်သာသိသည့် ဇနီးတစ်ယောက်ဖြစ်သွားသည်ဟုပင် အထင်လွဲလိုက်ခဲ့လိုက်သေးသည်။
“အစကတော့ သူ ကျွန်မအပေါ် အေးစက်သွားတာက ကျွန်မတို့ရဲ့ကလေးက ငယ်သေးတော့ စောင့်ရှောက်ပေးဖို့လို့ပဲထင်ခဲ့မိတာ။ နောက်ပိုင်းကျတော့ သူက ကျွန်မနဲ့ ကလေးကို ခွဲထုတ်သွားခဲ့တယ်”။
စကားလုံးများကို တရဆက် ပြောနေရင်းဖြင့် အန်းရှသည် မူလပိုင်ရှင်နှင့်ပတ်သက်သော မှတ်ဉာဏ်များမှာ တဖြည်းဖြည်းနှင့် ရှင်းလင်းပြတ်သားလာပြီး သူမ အမှန်တကယ် ကြုံတွေ့ခဲ့ရသလိုပင် ထင်ရှားလာခဲ့တော့သည်။
“အခု ၅ နှစ်တောင် ကြာသွားပြီလေ။ သူ ကျွန်မကို လုံးဝချစ်လာမှာ မဟုတ်တော့ ကျွန်မ အရှုံးပေးလိုက်ပါပြီ။ အစကနေ အဆုံးထိ ကျွန်မတစ်ယောက်ထဲကပဲ အရူးအမူးစွဲလမ်းခဲ့တာ ဖြစ်မယ်။ သူချစ်ရတဲ့သူက အမြဲတမ်းတစ်ယောက်ထဲပဲ…”။
ထိုသို့ ပြောလိုက်ချိန်တွင် အန်းရှသည် ဆို့နှင့်လာပြီး စကားပင် ဆက်မပြောနိုင်ခဲ့သလို မျက်ရည်များမှာလည်း ထိန်းမရနိုင်အောင် စီးကျလာခဲ့လေသည်။
သူမသည် ထိုခံစားချက်များမှာ မူလပိုင်ရှင်ကြောင့်ဟု သိနေပြီး မော့ယွီစန်းသည် ထောင်ကျစ်ရှင်းကို သဘောကျနေခြင်းဖြစ်ကြောင်းကိုတော့ သူမ ပြောမထွက်နိုင်ခဲ့ပါ။
အဘယ့်ကြောင့်ဆိုသော် သူမသည် ပြောထွက်ဖို့ ဆန္ဒမရှိသလို မော့ယွီစန်းကိုလည်း ချစ်နေသေးခြင်းကြောင့်ပင် ဖြစ်သည်။