အခန်း ၁၄
ကံကောင်းသည်မှာ ချန်ရွှယ်မင်သည် အန်းရှ၏ အနီးတွင် ရှိနေသောကြောင့် သူမကို သတိထားမိနေသည်။
ထို့ကြောင့် အန်းရှ မူးမေ့လဲသွားသောအခါ အလျင်အမြန် ထိန်းကိုင်ပေးလိုက်နိုင်သည်။
ချန်ရွှယ်မင်သည် အန်းရှကို ထိန်းကိုင်ပေးလိုက်သည့် တစ်ချိန်ထဲမှာပင် ရုံးခန်းအတွင်းမှ ပိတ်ထားသည့် ဧည့်ခန်းတံခါးသည်လည်း ပွင့်လာလေတော့သည်။
ချန်ရွှယ်မင် မော့ကြည့်လိုက်သောအခါ ခြေတံရှည်ကြီးများဖြင့် သူမထံသို့ ပြေးဝင်လာနေသော အေးစက်မာကြောလှသည့် မျက်နှာထားဖြင့် မော့ယွီစန်းကို တွေ့လိုက်ရလေသည်။
“သူ ဘာဖြစ်သွားတာလဲ”။
မော့ယွီစန်းသည် အေးတိအေးစက် နိုင်သော်လည်း သူ့အသံထဲတွင်တော့ စိုးရိမ်နေသော လေသံများပါဝင်နေသည်။
သူသည် ချန်ရွှယ်မင် ထိန်းကိုင်ပေးထားသော အန်းရှထံသို့ပင် မသိလိုက် မသိဘာသာဖြင့် လက်လှမ်းမိလိုက်သေးသည်။
“ရှင် ရှရှနဲ့ ဝေးဝေးမှာ နေစမ်းပါ။ ရှင်နဲ့ မတန်ဘူး”။
ချန်ရွှယ်မင်သည် မော့ယွီစန်းကို ခက်ထန်စွာ တစ်ချက်ကြည့်လိုက်ပြီး အန်းရှကို တံခါးဆီသို့ ကူညီ ခေါ်ဆောင်သွားတော့သည်။
“…”
ချန်ရွှယ်မင်၏ အကြည့်များသည် လွန်စွာ ခက်ထန်လှသဖြင့် မော့ယွီစန်းသည် အပြစ်မကင်းသကဲ့သို့ ခံစားရနိုင်ချေရှိသည်။ အဆုံးတွင်တော့ သူသည် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရင်း အတူထွက်ခွာသွားသော အန်းရှနှင့် ချန်ရွှယ်မင်ကိုသာ ကြည့်နေမိတော့သည်။
“ယွီစန်း…ထားလိုက်ပါတော့”။
ချီလိသည် မော့ယွီစန်း၏ ပုံစံကိုကြည့်လိုက်ရင်း သက်ပြင်း ချလိုက်မိတော့သည်။
ထိုစကားကို ကြားလိုက်သောအခါ မော့ယွီစန်းသည် သူ့ခေါင်းကို ငုံ့လိုက်ပြီး ခါးသက်သက် ခံစားချက်ကို ခံစားလိုက်ရတော့သည်။
ဟုတ်တယ်။ သူ လက်လွှတ်လိုက်ပြီ။
သူ အမြဲတမ်း ထင်ခဲ့မိသည်မှာ သူမသည် သူ့အကြောင်းကိုသာ စိတ်ဝင်စားခဲ့ပြီး သူ့အပေါ်တွင်တော့ ထိုမျှလောက် ချစ်နေခဲ့လိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ဖူးခဲ့ပါ။
“မင်းအခု နောင်တရနေပြီလား”။
ထိုသို့ တိတ်ဆိတ်ငြိမ်သက်နေသော မော့ယွီစန်းကို ကြည့်ပြီး ချီလိသည် ခေါင်းသာ ခါရမ်းလိုက်မိတော့သည်။
သူ၏ လက်ရှိအမှုသည် တစ်ဖြစ်လဲ သူ၏ သူငယ်ချင်း ဖြစ်သူသည် အမှန်တကယ်တွင် ထောင်ကျစ်ရှင်းကို ချစ်နေခြင်းကို သိထားလေသည်။
အန်းရှနှင့် အတူရှိနေရခြင်းမှာလည်း သူ တာဝန်ယူရမည့် ကိစ္စများ ရှိခြင်းကြောင့်ဟုသာ ထင်မိခဲ့သည်။ သို့သော် အနှေးနှင့် အမြန်ဆိုသလိုပင် သူတို့နှစ်ဦးသည် ကွာရှင်းကြမည်ဖြစ်ပြီး မော့ယွီစန်းနှင့် ထောင်ကျစ်ရှင်းသည် အတူတကွရှိကြတော့မည် ဖြစ်သည်။
သို့သော် ထိုကိစ္စသည် ယခုလောက် လျင်လျင်မြန်မြန် ဖြစ်သွားလိမ့်မည်ဟုတော့ ထင်မထားခဲ့မိပါ။
အန်းရှသည် သူထင်ထားသည်နှင့်တော့ ကွဲပြား ခြားနား နေလေသည်။
တကယ်တော့ အန်းရှသည် လူတိုင်း၏ ထင်မြင်ယူဆချက်နှင့် ကွဲပြားခြားနား နေသည်ဟု ဆိုရမည်သာဖြစ်သည်။
အကယ်၍ သူ့တွင်သာ ထိုကဲ့သို့ မိမိအပေါ် အလွန်ချစ်ခင် မြတ်နိုးသော အမျိုးသမီးသာ ရှိနေမည်ဆိုလျှင် သူ့အနေဖြင့် ကွာရှင်းမည် မဟုတ်ပါ။
ကိုယ့်အပေါ်တွင် ဖြူဖြူစင်စင် ချစ်မြတ်နိုးသူနှင့် ဆုံတွေ့ဖို့သည် ခဲယဉ်းလှပေသည်။
အထူးသဖြင့် မော့ယွီစန်းကဲ့သို့ ချမ်းသာ၍ အာဏာရှိသူ တစ်ဦးအတွက်ဆိုလျှင် ပို၍ပင် ခဲယဉ်းပေဦးမည် ဖြစ်လေသည်။
“မဟုတ်ပါဘူး။ ငါ နောင်တမရပါဘူး။ ငါတို့နှစ်ယောက် အတူရှိခဲ့တာကိုက မှားယွင်းတဲ့ ကိစ္စတစ်ခုပါ။ ဒီလို လမ်းခွဲလိုက်တာက သူ့အတွက်ရော ငါ့အတွက်ရော အဆင်ပြေသွားတာပေါ့”။
မော့ယွီစန်း၏ နှလုံးသားမှာတော့ အနည်းငယ် စူးအောင့်လျက် မသက်မသာ ခံစားလိုက်ရလေသည်။