NBY အပိုင်း ၂၆၀

အပိုင်း (၂၆၀)

ညီမလေး၏ခြေထောက်က ကုလို့မရတော့ဘူး၊ ရပါ့မလား

နန်းပေါင်ရီက ရှောင်းယီ၏ ရင်ခွင်ထဲမှာ မှီနေသည်။

သူမနဲ့ ရင်းနှီးကျွမ်းဝင်နေသော သူ၏ ဖျော့တော့သော တောင်တန်းတွေနဲ့ မြစ်ချောင်းတွေ၏ ရနံ့ကို ရှူရှိုက်နေသည်။

“အစ်ကို ၂ …..”

သူမက လေသံလေးနဲ့ ခေါ်ရင်း သူ၏လည်တိုင်ကို တင်းတင်းကြပ်ကြပ် တွဲခိုလိုက်သည်။

မရှိတာကို အရှိလို့ အထင်မှားမိမှာ ကြောက်လှသည်။

“အစ်ကိုပါ….”

ရှောင်းယီ၏ နီစွေးနေသော မျက်လုံးတွေက ငုံ့ကိုင်းလာပြီး ကြင်နာစွာ သူမ၏ ပါးပြင်လေးကို နမ်းရှိုက်လိုက်သည်။

သူ၏အသံက ကြင်နာမှုအပြည့် ဖုံးလွှမ်းနေပြီး သက်သောင့်သက်သာဖြင့် “အစ်ကိုပါ….”

“ညီမလေး အရမ်းကြောက်နေတာ၊ အခေါင်းထဲမှာ မွန်းကျပ်သေသွားပြီး ဘယ်တော့မှ အဘွားနဲ့ အစ်ကို့ကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ”

နန်းပေါင်ရီက ရှိုက်လိုက်ပြီး “အစ်ကို ၂၊ ညီမလေးက တကယ်ကို အစ်ကိုလာကယ်ဖို့ မျှော်လင့်နေတာ”

ရှောင်းယီက ဝတ်ရုံလက်ကို ပင့်မြှောက်၍ သူမမျက်နှာပေါ်က မျက်ရည်စတွေကို သုတ်ဖယ် ပေးလိုက်သည်။

သူ့ကိုယ်သူ အပြစ်တင်မိသည်။

သူသာ စောစောရောက်လာခဲ့ရင်…..

သူသာ သူမကို ကောင်းကောင်း စောင့်ရှောက်ခဲ့ရင်…..

ဒီလိုကိစ္စတွေ တစ်ခုမှ ဖြစ်မလာလောက်….

သူက ငုံ့၍ ကောင်မလေး၏ ညာခြေထောက်ကို ကြည့်လိုက်သည်။ သူ့ကို ပိုပြီး နှလုံးသား ကွဲကြေစေသော မြင်ကွင်းက စောင့်ကြိုနေသည်ပင်။

သူက ဒူးတစ်ဖက်ထောက် ထိုင်ကန့်လန့်ကာ ဝတ်ရုံစကို ဆုပ်ဖြဲလိုက်ပြီး ဂရုတစိုက်နဲ့ သူမ၏ ခြေထောက်လေးကို ပတ်တီးလို စည်းပေးလိုက်သည်။

နန်းပေါင်ရီက နာကျင်မှုကြောင့် အသက်ကို ပြင်းပြင်းရှူနေပြီး မညည်းညူမိအောင် ခေါင်းတလား၏ အစွန်းကို လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ထားသည်။

သူမက ညာခြေထောက်ကို ငုံ့ကြည့်လိုက်ပြီး တိုးဖွဖွလေး မေးလာသည်။

“အစ်ကို ၂၊ ညီမလေးရဲ့ ခြေထောက်က ကုမရလောက်တော့ဘူးလားဟင်၊ မရလောက်တော့ဘူးလား။ နောက်ဆို ညီမလေးက ဒုက္ခိတ တစ်ယောက် ဖြစ်သွားတော့မှာ၊ အဲဒီ အချိန်ကျရင် ဘယ်လောက်လှသော အဝတ်အစားပဲဖြစ်ဖြစ် လှလှပပလေး မဖြစ်နိုင်တော့ဘူး၊ အာ… ညီမလေး ရွယ်လောင် ဘုရားကျောင်းကို မသွားခင် အဝတ်အစား လှလှလေးတွေ အများကြီး ဝယ်ထားသေးတယ်”

ရှောင်းယီ၏ မျက်လုံးတွေက ထုံထိုင်း သွားတော့သည်။

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ သူက ကောင်မလေး၏ ဒူးခေါင်းကို လှပစွာ စည်းနှောင်ပေး လိုက်သည်။

သူမက မိန်းကလေး၏ ခြေသလုံးလေးကို အနမ်းတစ်ပွင့် တင်လိုက်သည်။

သူ၏အသံက တိုးညင်းပြီး အက်ရှနေသည်။

“ကျောင်းကျောင်း မေ့သွားပြီလား ငါတို့မိသားစုမှာ အတော်ဆုံး သမားတော် တစ်ယောက် ရှိတယ် ဆိုတာကို၊ သူက မင်းကို ညီမလေး တစ်ယောက်လို သဘောထားပြီး ချစ်ခင်တာ၊ အဲဒါကြောင့် ကျိန်းသေပေါက် သူက မင်းကို ဒုက္ခိတ အဖြစ်ခံမှာ မဟုတ်ဘူး၊ သူက မင်းရဲ့ခြေထောက်ကို ကုပေးမှာ”

နန်းပေါင်ရီ၏ နှုတ်ခမ်းတွေက ဖြူဖပ်နေပြီး မျက်နှာကလည်း ဖျော့တော့နေသည်။ သူမက ရှောင်းယီကို ငေးကြည့်လာသည်။

အမတ်မင်းက ရယ်မောဖို့ ကြိုးစားနေပြီး မျက်နှာက တည်ကြည် ခံ့ညားလှသည်။ သူက အရမ်း အရေးကြီးသော ကိစ္စတစ်ခုကို အာမခံနေသေးသည်။

သူမ၏ခြေထောက်က ပြန်ကောင်းနိုင်ချေ သိပ်မရှိဘူး ဆိုတာကို သူမ သိပေမယ့် ရုတ်ခြည်း သူမက မျက်ခုံးတွေကိုပင့်ပြီး ညင်သာသော အသံနဲ့ သံယောင်လိုက် လိုက်သည်။

“ညီမလေးလည်း အဲ့လိုထင်ပါတယ်”

ရှောင်းယီက သူမ၏ဒူးဆစ်ကို စူးစူးနင့်နင့် ကြည့်လာသည်။

သွေးတွေ တော်တော်များများ ဆုံးရှုံးထားပြီး အရိုးတွေက မွမွကြေနေသည်။ ထက်မြသော အရိုးတွေက အသား၏ အပြင်ဘက်ကို ငေါထွက်နေသေးသည်။

နန်းကျောင်းကျောင်းက သတ္တိသိပ်မကောင်းသော မိန်းမငယ်လေး တစ်ယောက်မို့ အရမ်း နာကျင်နေမှာ…

သူက ငေးနေရင်း မျက်လုံးတွေက ထပ်တစ်ဖန် နီရဲလာပြန်လေသည်။

နန်းပေါင်ရီက နှုတ်ခမ်းတွေကို တင်းတင်း စေ့လိုက်သည်။

သူမက မှီလိုက်ပြီး သူ၏ အမူအရာကို လိုက်၍ နှစ်သိမ့်ချော့မြူနေသလို သူ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး “အစ်ကို ၂ ၊ အခုလေးတင် ညီမလေးကို အစ်ကိုက နမ်းလိုက်တာ ညီမလေးရဲ့ ခြေထောက်က နာတာကို မခံစားရတော့ဘူး၊ ညီမလေးတို့ အိမ်ပြန်ကြတော့မလား ကူညီထောက်ပံ့ရေး ငွေတွေကို ဘယ်မှာဖွက် ထားတယ်ဆိုတာ ညီမလေးသိတယ်၊ အစ်ကို့ကို ခေါ်သွားပေးမယ်”

ရှောင်းယီ၏ မျက်လုံးတွေက မော့တက်လာသည်။

ကောင်မလေးက အပြစ်ကင်းစင်သော မျက်ခုံးလေးနဲ့ မျက်နှာလေးက နာကျင်လွန်းလို့ ဖြူဖျော့နေပေမယ့် သူ့ကို သက်သောင့်သက်သာ ဖြစ်စေဖို့ ကြိုးစားနေသေးသည်။

ကူညီထောက်ပံ့ရေး ငွေအကြောင်းကို စဉ်းစားနိုင်သော အထိတောင်….

သူမက သူ့ကိုဂရုစိုက်လှသည်။

ပြီးတော့ သူက သူမကို စိတ်ပျက်မသွားစေချင်ပါပေ။

သူက ပြုံးရင်း လက်ကိုမြှောက်၍ ကောင်မလေး၏ ပါးပြင်လေးကို ထိလိုက်ပြီး ကောင်းပြီလို့ ပြန်ဖြေလိုက်သည်။

သူက နန်းပေါင်ရီကို ပွေ့ချီပြီး ဂူအပြင်ဘက်ကို ထွက်ဖို့လာစဉ်မှာ ရုတ်တရက် ကမ်းပါးရံ တစ်ခုလုံးက အဘက်ဘက်မှ တုန်ခါလာတော့သည်။

နားအူ သွားလောက်အောင် ပေါက်ကွဲမှုကြီးက မရေမတွက်နိုင်သော ကျောက်တုံး ကျောက်ခဲတွေ၊ ရွံ့တွေကို ခေါင်းပေါ် ကျလာစေသည်။

ချက်ချင်းပင် ဂူတစ်ခုလုံး ပြိုကျသွားတော့သည်။

မင်ကျန်းမြစ်၏ ကမ်းပါးရံတွင်……

အနက်ရောင်ဝတ် ဝံပုလွေ သက်တော်စောင့်တွေက ဂူပြိုကျမှုကို မျက်မြင် တွေ့လိုက်ကြပြီး ရဲရဲကြီး လှည့်ပြန်သွားကြတော့သည်။ ဘုရင်ခံရွယ်ကို အဖြစ်မှန်တွေ သံတော်ဦးတင်ဖို့ ဖြစ်သည်။

ညတာက ရှည်လျားလှသည်။

မြစ်ပြင်ကျယ်မှာတော့ ငါးဖမ်းနေသူ တချို့ရှိပြီး မီးတုတ်တချို့က လင်းနေလေသည်။

ဘုရင်ခံရွယ်က ကွမ်ရှန့်မြို့နားမှာ သူ၏စစ်တပ် နဲ့အတူ အခြေချနေသည်။ သူက အရာရှိထိုင်ခုံပေါ်မှာ ထိုင်နေပြီး ဆေးတံကိုကိုင်၍ ပန်းထိုး ကန့်လန့်ကာနောက်က အိပ်ပျော်နေသော မိန်းမလှလေးကို စိုက်ကြည့် နေသည်။

ရှောင်းယီနဲ့ နန်းပေါင်ရီတို့ ဂူသင်္ချိုင်းကြီးထဲမှာ ပိတ်မိသွားပြီ ဆိုတာကို ကြားသောအခါ ဖြည်းညင်းစွာ ဆေးတံကို တစ်ရှိုက် ဖွာလိုက်သည်။

“ရှောင်းယီက ငယ်ငယ်လေးနဲ့ အမတ်မင်း ရာထူးကို ရထားတာ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူက စစ်စခန်းမှာ လူတွေ အယောက်ပေါင်း များစွာကို သတ်ထားပြီး စစ်သည်တစ်သိန်းကို သူ၏လက်အောက် ဆွဲသွင်းလိုက်တယ်၊ သူရဲ့ အောင်မြင်မှုက ငါ့ထက်သာတယ်၊ မမျှော်မှန်းထားတာက ဝင့်ဝါပြီး စိတ်ကြီးဝင်နေတဲ့ လူငယ်ရဲ့အရိုးက သူ၏ ဝင့်ဝါခြင်းဆိုသော စကားလုံးမှာ ချည်မိသွားတာပဲ၊ သူ၏ခေါင်းကိုသာ နည်းနည်း ညွတ်ပြီး ငါ့ကို ဂါရဝတရား ထားရင် သူ့ကိုငါက ဘယ်လိုလုပ်ပြီး သတ်ဖို့ ဆန္ဒရှိပါ့မလဲ”

ဘုရင်ခံချန်းကလည်း သူနဲ့အတူ ထိုင်နေပြီး ပြုံးရယ်ရင်း ရိုသေစွာနဲ့ “ဘုရင်ခံရွယ်က အရည်အချင်းကို ချစ်မြတ်နိုးတယ်၊ ဒါပေမယ့် နှမြောစရာက ရှောင်းယီက တုံးအလွန်းတယ်၊ စကားမစပ် သူက ဘုရင်ခံရွယ်ရဲ့ ပြုစုပျိုးထောင်ခြင်းနဲ့ မတန်ပါဘူး၊ သူက သေသွားပြီလေ”

တဲအတွင်းမှာ ငြိမ်သက်မှုက ကြီးစိုးသွားသည်။

ဘုရင်ခံရွယ်က ပန်းထိုးကန့်လန့်ကာ နောက်က မိန်းမလှလေးကို စိုက်ကြည့် နေဆဲဖြစ်ပြီး ဆေးတံကို ဖွာရှိုက်နေသည်။

အချိန်ဘယ်လောက် ကြာသွားမှန်း မသိလိုက် သူက လက်ကို ဝှေ့ယမ်းရင်း “ကွမ်ရှန့်တိုင်းပြည်ကို သွားကြမယ်”

အနောက် ကောင်းကင်မှာတော့ ကြယ်တွေကြွေလေပြီ….

မြစ်ကမ်းဘေးက တံငါသည်များ၏ မီးရောင်တွေက နေ့ခင်း အလင်းရောင်လို တိတ်ဆိတ်နေသော ညခင်း၏ အမှောင်ထုကို ဝါးမျိုထားသည်။ ရွှေရောင်နှင်းဆီလို ကောင်းကင်ယံက တောက်ပလင်းလက် နေလေသည်။

မင်ကျန်းမြစ်ကမ်းမှာတော့ လှိုင်းလုံးတွေက ကမ်းပါးရံကို တိုးတိုက်နေကြသည်။

အရာရှိထိုင်ခုံမှာ ထိုင်နေသော ဘုရင်ခံရွယ်၏ ရှေ့ခပ်လှမ်းလှမ်းမှာ ရှီးယန် ရှိနေသည်။

သူတို့နှစ်ယောက်၏ နောက်မှာတော့ တစ်ဖက်စီက ခေါ်ဆောင်လာသော စစ်သည်ထောင်ပေါင်း များစွာ ရှိနေလေသည်။

သူက မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း တည်ငြိမ်စွာနဲ့ “ဘုရင်ခံချန်းက ကူညီထောက်ပံ့ရေး ငွေတွေကို ရှာဖို့အချိန် သုံးရက်ပေးလိုက်တယ်၊ အခု တတိယရက် ရောက်လာပြီ၊ မင်းတို့ရဲ့ သခင်ကိုတောင် မတွေ့ရဘူး၊ သူ မနေ့က ကျန်းတုဝေရဲ့ အိမ်တော်တစ်ခုလုံးကို သုတ်သင် ပစ်လိုက်တယ်၊ အောက်ရုံး တရားသူကြီးရဲ့ မိသားစုတွေကိုတောင် သတ်ပစ်တယ်၊ ဒါ ဘယ်လို ပြစ်မှုမျိုးလဲ”

ရှီးယန်၏ မျက်လုံးတွေက နီရဲနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“သခင်လေးက တစ်ယောက်ယောက်ကို သွားရှာနေတာပါ”

သူက ကျယ်လောင်စွာ တုံ့ပြန်လိုက်သည်။

“ဘုရင်ခံရွယ်က ပြစ်မှုအကြောင်း ပြောချင်တယ်ဆိုရင် အချိန်မကျသေးမှာ စိုးမိပါတယ်”

ဘုရင်ခံရွယ်က မုတ်ဆိတ်မွေေးကို ပွတ်သပ်နေရင်း ကြောက်စရာ ကောင်းလှသော အပြုံးနဲ့ “တစ်ယောက်ယောက်ကို သွားရှာတယ် ငါကြားမိတာတော့ အမတ်မင်းက နန်းမိန်းကလေးကို ကမ်းပါးရံက ရှေးဟောင်း ဂူသင်္ချိုင်းမှာ ညက ရှာတွေ့တယ်တဲ့၊ သနားစရာကောင်းတာက ဂူက နှစ်တွေ အကြာကြီး မပြုပြင်ထားတော့ ကံမကောင်းစွာနဲ့ ပြိုကျသွားတယ်၊ သူတို့လည်း အတူတူ မြေအောက်ကို အမြှုပ်ခံလိုက်ရရောပေါ့၊ မင်းရဲ့သခင်က ပြန်မလာနိုင်တော့မှာ ငါစိုးမိပါရဲ့”

ရှီးယန်၏ နှလုံးသားက တုန်လှုပ် သွားရတော့သည်။

မနေ့ညနေကနေ အခုထိ သခင်လေးဆီကနေ ဘာသတင်းအစအနမှ မရသေးပါချေ။ သို့သော်လည်း အခုတော့ သူ၏သခင်လေးက မိန်းကလေး ပေါင်ရီနဲ့အတူ တစ်နေရာတည်းမှာ သေပြီတဲ့လား။

ဘုရင်ခံရွယ်က လက်ကို မြှောက်လိုက်သည်။ မရေမတွက်နိုင်သော စစ်သည်တွေက အလောင်းတွေကို သယ်ရင်း ထွက်လာကြသည်။ အလောင်းတွေ အားလုံးက ကျန်းတုဝေ၏ အိမ်တော်ကပင်။

တချို့က လူနာတင်သော ထမ်းစင်နှစ်ခုကို သယ်လာသည်။ ထမ်းစင်ပေါ်မှာတော့ သခင်မချန်နဲ့ ကျန်းယွမ့်ဝမ်ဖြစ်သည်။

သူတို့၏ အရိုးတွေ အားလုံးက အပိုင်းပိုင်း ချိုးခံထားရပေမယ့် မသေကြသေးပေ။ သူတို့က မူမမှန်သော ပုံစံနဲ့ ကွေးကောက်နေပြီး သူတို့၏ ပါးစပ်တွေက ဆွဲဆွဲငင်ငင် အသံပြု၍ ကျိုးပဲ့နေသည်။

စစ်တိုက်ခြင်းနဲ့ အကျွမ်းတဝင်ရှိသော စစ်သည်တွေတောင် မကြောက်လန့်ဘဲ မနေနိုင်ကြချေ။

ဘေးမှာ ဝိုင်းကြည့်နေသော ကွမ်ရှန်းမြို့က လူတွေက လက်ညှိုး တထိုးထိုးနဲ့ ဖြစ်နေကြတော့သည်။

သို့သော်လည်း ရှောင်းယီကိုတော့ ဘယ်သူကမှ အပြစ်မတင်ကြပါချေ။ သူတို့အားလုံးက ကြည့်ရုံသာ ကြည့်နေကြခြင်းပင်။

ကွမ်ရှန်းကို ကျန်းမိသားစု ရောက်လာ ကတည်းက လူတွေကို ဖိနှိပ်ပြီး လုယက်မှုတွေ လုပ်ကြသည်။ သူတို့က ဘေးအန္တရာယ် ဘယ်လောက်တောင်များ လူတွေကို ပေးခဲ့သလဲ မသိတော့ပေ။

အခု သူတို့မိသားစု ပျက်စီးသွားပြီ ဆိုတော့ အရမ်းကို သက်သောင့်သက်သာ ရှိသွားလောက်ပြီ။

ကျန်းတုဝေက ရှေ့သို့ထွက်လာသည်။

သူက တစ်ညအတွင်း ဆယ်နှစ်လောက် အိုစာသွားသလို ထင်ရသည်။ သူက ဘုရင်ခံရွယ်ကို ပြောလာသည်။

“ကျွန်တော့် မိသားစုဝင် ကိုးဆယ့်သုံးယောက် ရှောင်းယီရဲ့ အသတ်ခံလိုက်ရတယ်၊ ကျွန်တော့် မိန်းမနဲ့ သားကိုလည်း ဒီလိုပုံစံဖြစ်အောင် နှိပ်စက်ညှဉ်းပန်းတယ်၊ ဘုရင်ခံရွယ်ကို တောင်းဆိုပါတယ်၊ လူ့အသက်ပေါင်း များစွာကို သတ်ဖြတ်ထားသော ရှောင်းယီရဲ့ အလောင်းကို ကျွန်တော် သွားရှာပြီး အပိုင်းသုံးရာ ပိုင်းပါရစေ၊ နန်းအိမ်တော် တစ်ခုလုံးကို သတ်ပြီး လက်စားချေပါရစေ”

သူက အံကို တင်းတင်းကြိတ်ရင်း မျက်နှာက အမုန်းတရားတွေနဲ့ ကြမ်းတမ်း ခက်ထန်နေသည်။

ဘုရင်ခံရွယ်က ဆေးတံကို စိမ်ပြေနပြေ သောက်နေသည်။ ခန့်ညားသော မျက်နှာက မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းနေပြီး ဝံပုလွေဘုရင်လို ဆွဲဆောင်မှု ရှိလှသည်။

သူက နောက်ဆုံးတော့ ဆေးတံကို လက်စသတ်လိုက်ပြီး ကျယ်လောင်စွာနဲ့ “ဘုရင်ခံ နန်းတော်က ဧကရာဇ်၏ အမိန့်အရ ရှုနိုင်ငံကို ထိန်းသိမ်းရမယ်၊ ဒါပေမယ့် အရာရှိတွေကတော့ ရာထူးပယ်ရှားခံရတယ်၊ ပြစ်မှုရှိသော အရာရှိတွေကတော့ ကွပ်မျက်ခံရမယ်”

“ရှောင်းယီက ပြစ်မှုသုံးခု ကျူးလွန်ထားတယ်၊ တစ်ခုက တရားသူကြီးရဲ့ ကိုးဆယ့်သုံးယောက်သော ဆွေမျိုးတွေကို သုတ်သင်ပစ်သောပြစ်မှု၊ နောက်တစ်ခုက ကူညီထောက်ပံ့ရေး ငွေတွေကို လူတွေ၏ အသက်တွေကို ပဓါနမထားဘဲ အစောင့်အကြပ်တွေဆီက ခိုးသောပြစ်မှု၊ နောက်ဆုံး တစ်ခုက စစ်စခန်းမှာ စစ်သည်တွေကို သတ်သောပြစ်မှု၊ သူက တော်လှန်ပုန်ကန်ဖို့ ကြိုးစားနေတာ”

“ပြစ်မှုအားလုံးက သေတာတောင် သနားဖို့ မထိုက်တန်ဘူး၊ ရှုနိုင်ငံက လူတရဲ့ ငြိမ်းချမ်းသာယာရေးကို ထောက်ရှုသော အားဖြင့် ဘုရင်ခံက ရှောင်းယီ၏ အလောင်းကို ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ အဆင့်ကိုး အကျဉ်းထောင်မှာ အကျဉ်းချထားပြီး နန်းအိမ်တော်က စည်းစိမ်တွေ အားလုံးကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူမယ်၊ ဘုရင်ခံချန်း ဒီကိစ္စကိုတော့ မင်းကိုင်တွယ်လိုက်”
***

NBY
Author: NBY
အာဃာတပြန်တမ်း

အာဃာတပြန်တမ်း

重生后我成了权臣的掌中娇
Score 7.6
Status: Ongoing Type: Author: Artist: ,
ဇာတ်လမ်းအကျဉ်းနန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေး မှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရ သည်။ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယောက်ကိုသာ တိတ်တ ဆိတ်ဦးတည်ထားခဲ့သည်။ထိုချောမောလှပသော လူငယ်မှာ ကောင်းမွန်သော အနာဂတ်နှင့် အာဏာရှိသူတစ်ယောက်ဖြစ်လာမည့် အကြောင်း သူမတစ်ယောက်တည်းသာသိသည်။သူမ၏ အလိုလိုက်ခံရပြီး တစ်ပါးသူကိုအထင်သေး တတ်သည့်အကျင့်ကိုပြောင်းလဲကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး အမတ်လောင်းကို စိတ်ကျေနပ်စေရန် သူမ အမျိုးမျိုး ကြိုးစားခဲ့သည်။ သို့သော် အမတ်လောင်း က သူမကို အမြဲလျစ်လျူရှုခဲ့သည်။ရက်စက်ပြီးထက်မြက်သောအမတ်က သူမ၏လက်ထပ်ပွဲကို ပယ်ဖျက်ကြောင်း အမြန် ကြေညာပြီးနောက် သူမစိတ်အားငယ်သွားပြီး အခြားသောသူတစ်ယောက်အပေါ်မှီခိုရန် စီစဉ်ခဲ့ သည်။ အမတ်က ညောင်စောင်းပေါ်တွင်ထိုင်ပြီး ခြေ ကိုပျင်းရိစွာဆန့်ကာ …"ကျောင်းကျောင်း ဒီကိုလာပါဦး .. ညီမလေးကို အစ်ကို ၂ဖက်ပါရစေ ………. ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset