အပိုင်း (၂၃၃)
ငါကတော့ နင့်ကို အရူးအမူးချစ်လိုက်ရတာ၊ နင်ကတော့ ငါ့ကိုခွေးစာကျွေးတယ်ပေါ့
နန်းပေါင်ရီက မျက်နှာလေးကို တိတ်တိတ် အုပ်ကွယ်လိုက်သည်။
သူမနဲ့ အရှေ့တစ်ခေါက် ပြဇာတ်ကပြီး ကတည်းက ကျူးကျူးက နွေဦးကျောက်စိမ်း စံအိမ်မှာ ပြဇာတ်က ရတာကို အရူးအမူး နှစ်ခြိုက်သွားပြီး သရုပ်ဆောင် ပညာကို တကယ် နှစ်သက် သွားတော့သည်။
ထိုပြဇာတ်၏ ဇာတ်ကွက်မှာတော့ ထုရှီနိုင်က စိတ်ဆိုးပြီး ကြီးမား ကျယ်ပြန့်သော ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပုံရသည်။
တကယ်တော့ ကျူးကျူးက ချန်းတယ်ကျင်ကို သူမ၏တွဲဖက် ရှင်းရီ နေရာမှာ သရုပ်ဆောင်နေတယ်လို့ ထင်သွားတာ ဖြစ်သည်။
“ငါသူ့ကို သွားတားရမယ်”
နန်းပေါင်ရီက နန်းပေါင်ကျူး တစ်ခုခုဖြစ်မှာ စိုးရိမ်ပြီး စင်နောက်ဘက်သို့ အမြန်ပြေး သွားတော့သည်။
ဇာတ်ခုံပေါ်မှာတော့….
ချန်းတယ်ကျင်ဆီက ဘာတုံ့ပြန်မှုမှ မလာသောအခါ နန်းပေါင်ကျူးက အလွန်ဒေါသ ထွက်လာတော့သည်။
ဒီရှင်းရီ နေရာက သရုပ်ဆောင်က တကယ်ကို အရှက်မရှိလိုက်တာ၊ ငါဇာတ်စင်ပေါ် ရောက်သော အချိန်မှာ သူက ချက်ချင်းပဲ ပြဇာတ် အဝတ်အစားကိုလည်း လဲပစ်လိုက်သေးတယ်၊ ဘာလို့ သူမ သီချင်းဆိုပြီး တာတောင် ဘာမှ မတုံ့ပြန်တာလဲ။
သူမက ဝတ်ရုံလက်ကို ခါလိုက်ပြီး ဆက်ဆိုသည်။
“လန်ကျွင်း ကြောက်စိတ် မွှန်နေတာလား ရှီနိုင်က မင်းအတွက် စွပ်ပြုတ်လေး ချက်ပေးမှာပေါ့”
ချန်းတယ်ကျင်က တဆတ်ဆတ် တုန်လာတော့သည်။
ယင်းမာ တံတားပေါ်မှာတုန်းက ရှောင်းယီနဲ့ ဟန်ယန့်လျန်၏ မြားကြောင့် သူပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရခဲ့သည်။ သူ၏ ချောမောသော မျက်နှာက ဆိုးဆိုးဝါးဝါး မီးလောင်သွားခဲ့သည်။ သူက အသက်ကြီး လာရင်တောင် သုံးစားလို့မရတော့။
ရှောင်းယီကို သတ်လို့ မရနိုင်ရင်တောင် အနည်းဆုံးတော့ ဟန်ယန့်လျန်ကို သတ်မှ သူ၏အမုန်းတွေ ပြေလျှော့နိုင်မှာ ဖြစ်သည်။
သူလှည့်ရှာကြည့်ပေမယ့် ဇာတ်စင်ပေါ်ကို မှားရောက်လာပြီး လူအများကြီး၏ အကြည့်ကို ခံနေရသည်။
ကွဲအက်နေသော လည်ချောင်းသံနဲ့ သူက ရိုင်းစိုင်းစွာ မေးလိုက်သည်။
“ဟန်ယန့်လျန် ဘယ်မှာလဲ”
ဟန်ယန့်လျန် ဘယ်မှာလဲ
နန်းပေါင်ကျူးက ပဟေဠိဖ ြစ်သွားရသည်။ ဒီလိုစာသားမျိုး ဇာတ်ညွှန်းထဲမှာ မပါပါဘူး။
ကံကောင်းစွာနဲ့ သူမမှာ ပြောင်းလဲမှုတွေကို တုံ့ပြန်ဖို့ အရည်အချင်း ကောင်းတွေ ရှိသည်။ ထို့ကြောင့် သူမက ဇာတ်ကွက်ကို အထိုက်အလျောက် ကယ်တင် လိုက်နိုင်သည်။
သူမက ဝတ်ရုံလက်ကို ဆတ်ခနဲ ခါလိုက်ပြီး ချန်းတယ်ကျင်၏ နှာခေါင်းသို့ လက်ညှိုး ညွှန်လိုက်ရင်း နာကြည်းစွာနဲ့ “နင်က ငါ့နောက်ကွယ်မှာ အသစ်တွေ့နေတယ်ပေါ့၊ သနားစရာ ကောင်းလိုက်တာ၊ ငါကတော့ နင့်ကို အရူးအမူး ချစ်လိုက်ရတာ၊ နင်ကတော့ ငါ့ကိုခွေးစာ ကျွေးတယ်ပေါ့”
ချန်းတယ်ကျင် “…..”
သူ၏နဖူးပေါ်က အပြာရောင် သွေးကြောတွေက အထက်နဲ့အောက် အစုန်အဆန် ရွေ့လျားနေကြပြီး “ဟန်ယန့်လျန်ကို လက်လွှဲပေး၊ မဟုတ်ရင် မင်းသေရမယ်”
နန်းပေါင်ကျူးက ပိုပြီး စိတ်ရှုပ်သွားတော့သည်။
ဒီအစ်ကိုကြီးက ပြဇာတ်ကနေတာရော ဟုတ်ရဲ့လား။
သူမက ထိမ ိပြောင်မြောက်လှသော ကံဆိုးမိုးမှောင်ကျခြင်း ဇာတ်ရုပ်ကို ပြောင်းလိုက်သည်။ အစ်ကိုကြီးက ဒီလို တိုက်ခိုက်တာ၊ သေတာစသော ဇာတ်ကွက်မျိုးတွေ ပါသော ဝမ်းနည်းဖွယ်ရာ ပြဇာတ်မျိုး လိုချင်တာလား။
ဒါပေမယ့် ကိစ္စမရှိပါဘူးလေ၊ သူမက ဟင်းရွက်တွေပဲ စားပြီး ကြီးလာတာမှ မဟုတ်တာ။ နန်းပေါင်ကျူး ဆိုသော သူမက ဘယ်လို ဇာတ်ကွက်မျိုးကို မဆို ပိုင်နိုင်ပါတယ်….
သူမက သရဖူက ရွှေရောင် ဇာမဏီငှက်တောင် နှစ်စကို ခါယမ်းလိုက်ရင်း တင်းမာ ခက်ထန်စွာနဲ့ “တကယ်တော့…. ငါက ဟန်ယန့်လျန်ပဲ”
“ဟေ့…. ငါဒေါသ ထွက်နေတယ်နော်”
ချန်းတယ်ကျင်က လုံးဝဉဿုံ ဒေါသထွက်နေပြီး “ငါက ဟန်ယန့်လျန်ကို မမြင်ဖူးဘူးများ မင်းထင်နေလား သူက အရမ်းပိန်လွန်းတယ်၊ မင်းလိုမဝဘူး”
နန်းပေါင်ကျူးက “တကယ်တော့ နင့်ကိုပြောပြမလို့ပဲ၊ ဟန်ယန့်လျန်ဆိုတဲ့ နာမည်အပြင် ငါ့မှာ တခြား နာမည်တွေလည်း ရှိသေးတယ်…. မြစ်ချောင်း အင်းအိုင်ကလူတွေ၊ ချင်းမန်လန်ကျွင်း၊ ငါက မျက်နှာ ထောင်ပေါင်းများစွာ ရှိတဲ့ လူတစ်ယောက်ပဲ၊ ငါ့ရှေ့မှာရှိတဲ့ သူကလည်း ငါပဲ၊ ပြီးတော့ ငါ့ရဲ့ချစ်ရသူကလည်း ငါပဲ၊ အရာရာ အားလုံးက ငါပါပဲ”
ချန်းတယ်ကျင်က ရူးချင်သွားတော့သည်။
သူက နန်းပေါင်ကျူးကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်ပြီး “မင်းကတကယ်ပဲ ဟန်ယန့်လျန်လား ဟန်ယန့်လျန်မှာ ကြေးစား လူသတ်သမားတွေ အများကြီး ရှိတယ်ဆိုတာ ငါစုံစမ်း လာခဲ့ပြီးပြီ၊ မင်းက ဓါးရေး ကျွမ်းကျင်လို့လား”
“အာ…”
နန်းပေါင်ကျူးက အမှုမထားဟန်ဖြင့် နှုတ်ခမ်းမှာ အပြုံးစစ တွဲလဲခိုရင်း “နင်က ငါ့ရဲ့ အရည်အချင်းကို မြင်ချင်တာထင်ရဲ့”
နောက်ဆုံးတော့ ပြဇာတ်ခုံ နောက်ကျောသို့ နန်းပေါင်ရီ ရောက်လာခဲ့လေပြီ။
ကားလိပ်စကို ကိုင်ရင်း သူမက စိတ်လောနေပြီး “ကျူးကျူး”
နန်းပေါင်ကျူးက နောက်လှည့်ကြည့် လိုက်ပြီး ‘ငါကိုင်တွယ်နိုင်ပါတယ်’ ဆိုသောဟန်ပန်နဲ့ ပြုံးပြလာသည်။
နန်းပေါင်ရီ စိတ်ဓါတ် ကျသွားရတော့သည်။
ကျူးကျူးက သူနဲ့ သရုပ်ဆောင်နေတဲ့ သူဟာ ရှင်းရီနေရာမှာ သရုပ်ဆောင်ရမဲ့သူ မဟုတ်မှန်း မသိပါချေ၊ ထိုသူက ချန်းတယ်ကျင် ဖြစ်သည်။ ကြောက်စရာ ကောင်းသော စိတ္တဇလူသတ်သမား ချန်းတယ်ကျင်သာ။
ဇာတ်စင်ပေါ်မှာသာ သွေးစွန်းသွားခဲ့ရင် အရမ်းကို သွေးပျက်စရာ မြင်ကွင်းတစ်ခု ဖြစ်သွားလိမ့်မည်။
နန်းပေါင်ရီက နိုင်ဝမ်ကျိုးလည်း ထိုနေရာမှာ ရှိနေတာကို တွေ့လိုက်ပြီး အလောတကြီး ပြောလိုက်သည်။
“အဘိုးလေး၊ ကျူးကျူးကို စင်နောက် မြန်မြန် ပြန်ခေါ်ရမှာလေ၊ ဘာလုပ်နေတာလဲ”
နိုင်ဝမ်ကျိုးက အောက်ကြမ်းပြင်ပေါ်မှာ ခိုးချောင်ခိုးဝှက်နေနေပြီး မီးမွှေးနေသည်။
သူက ယပ်တောင်ကို ကိုင်ရင်း ထွက်လာသော မီးခိုးငွေ့တွေကို စင်ပေါ်သို့ ယပ်ခပ်လိုက်သည်။ သူ၏ ဘေးဘက် မျက်နှာက အလွန် ပြောရခက်သော မျက်နှာပေးပင်။
“ငါက သခင့်အတွက် လေထု အခြေအနေကို ဖန်တီးပေးနေတာ၊ လူထုပရိသတ်ထဲမှာဆို ဇာတ်စင်ပေါ်မှာ ပေါ်လာသော သူတွေတိုင်းက မြူခိုးတွေနဲ့ ဖြစ်နေရမှာ သာမန်လူတွေလို မဟုတ်ဘူး”
နန်းပေါင်ရီ “…..”
ဒီသခင်နဲ့ အစေခံ နှစ်ယောက်က တကယ်ကို နတ်ဖက်သောစုံတွဲပဲ…
သူတို့ကို နတ်ပြည်သာ ပို့လိုက်ပါတော့လား…
နန်းပေါင်ကျူးမှာ အထက်တန်းဆန်သော ကိုယ်နေဟန်ထား ရှိသည်။ အဖြူရောင် မီးခိုးငွေ့တွေက စင်ပေါ်သို့ တက်လာသောအခါ အနည်းငယ် မွန်းကျပ်လာပြီး သူမ၏ ခံစားချက်ကို ပိုပြီး ကောင်းသွားစေသည်။
ဘာသခင်လဲ သူမက သိသိသာသာကို နတ်သမီးလေးပဲလေ….
သူမက ချန်းတယ်ကျင်ကို မျက်စောင်း ထိုးလိုက်ပြီး “အတွင်းအား ဆိုတာကို ကြားဖူးတယ်မလား”
ချန်းတယ်ကျင်နဲ့ သူ၏ကိုယ်ရံတော်တပ်ဖွဲ့က ခေါင်းတွေကို ခါယမ်းလိုက်ကြသည်။
သူတို့အားလုံးက ရဲမက်တွေဖြစ်ကြသည်။ သူတို့က ဓါးရေး၊ မြားပစ်တို့ကိုသာ သင်ကြားကြရသည်လေ။ အတွင်းအား ဆိုတာမျိုးကို သူတို့တစ်ခါမှ မကြားဖူးကြပါချေ။
နန်းပေါင်ကျူးက အပြုံးရေးရေးဖြင့် “ငါအဓိက အာရုံစိုက်ပြီး လေ့ကျင့်ထားတာက အတွင်းအားပဲ၊ အဲဒါကြောင့် လေထဲက ပစ်မှတ်ကိုတောင် ထိအောင်ပစ်နိုင်တယ်”
ချန်းတယ်ကျင်က သူမကို ကြည့်နေသည်။ ဒီမိန်းကလေးက တိမ်ထုထဲမှာ ပျံဝဲနေသလိုမျိုး ပြောမပြတတ်သော ခံစားချက်က သူ့ကိုအရမ်း မနာလိုဖြစ်စေပြီး သူက တစ်ခဏမျှ ပတ်ဝန်းကျင်ကို ဝင်မရှုပ်ရဲတော့ပါချေ။
ထို့ကြောင့် သူကမေးလိုက်သည်။
“လေထဲကပစ်မှတ်ကို ဘယ်လိုပစ်မှာလဲ”
“ပြရသေးတာပေါ့”
နန်းပေါင်ကျူးက စင်ရှေ့ပိုင်းသို့ နှစ်လှမ်း တိုးလိုက်ပြီး လက်လေးနှစ်ဖက်ကို တောင်ပံတွေလို ဖြန့်၍ “ကြိုးကြာဖြူ တောင်ပံဖြန့်သိုင်းကွက်”
နန်းပေါင်ရီ “…..”
ဘယ်မှာလဲ ကြိုးကြာဖြူ၏ ဖြန့်ထားသော တောင်ပံတွေ၊ အဲဒါက သိသိသာသာကြီးကို ကြက်တောင်ပံ ဖြန့်နေတာပဲ….
နန်းပေါင်ကျူး “အစိမ်းရောင်နဂါးမြီး ဝှေ့ယမ်းသိုင်းကွက်”
နန်းပေါင်ရီ “…..”
အစိမ်းရောင်နဂါး၏ အမြှီးရိုက်နေတာက ဘယ်မှာလဲ၊ ခွေးလေးက အမြှီးကို သာသာလေး ပုတ်နေတာကြီးကို…..
“အဓိက သိုင်းကွက်လာပြီ”
နန်းပေါင်ကျူးက ရုတ်ခြည်း ကြမ်းပြင်ကို လက်ဝါးနဲ့ ရိုက်လိုက်ပြီး “လေထဲက နွားထီးကိုပစ် သိုင်းကွက် …ယား…..”
ပရိသတ်တွေကတော့ သူမ၏ သရုပ်ဆောင်ကွက်ကို အလွန့်အလွန် ကြိုက်နှစ်သက် နေကြသည်။ မူရင်း ထုရှီနိုင်ထက်ပိုပြီး ခွန်အားပြင်း လှသည်လေ။
ထို့ကြောင့် သူတို့က ထိုင်ခုံတွေကနေ ရှေ့ကိုစောင်း၍ စင်ပေါ်သို့ ကြည့်လိုက်ကြပြီး အော်ဟစ်အားပေး ကြတော့သည်။ သူတို့က နန်းပေါင်ကျူး၏ ပြကွက်မှာ တကယ်ကို မြောပါနေကြလေပြီ။
ချန်းတယ်ကျင်က မူးမေ့မတတ် ဖြစ်သွားရသည်။
မမျှော်လင့်ဘဲ ဒီနွေဦးကျောက်စိမ်း စံအိမ်သခင်မက ပုန်းကွယ်နေသော ဆရာတစ်ပါးပဲ….
သူသာသူ့ကို လက်ဝါးနဲ့ ရိုက်လိုက်ရင် သေသွားမလားပဲ။
သူက ကြောက်လန့်တကြားနဲ့ တံတွေးမျိုချမိသွားသည်။
“သူဌေးမဟန်က ဆရာကြီးမှန်း မသိလိုက်ဘူး၊ ဒီနေ့တော့ ကျွန်တော်ချန်းက အများကြီး အပြစ်ပြုမိ ပါတယ်၊ အဲဒါကြောင့် သူဌေးမ ဗွေမယူပါနဲ့”
နန်းပေါင်ကျူးက တက်ကြွ လန်းဆန်းသော အပြုံးလေး တစ်ပွင့်ကျဲချရင်း “ရပါတယ်၊ ငါက နင့်ကို လေထဲက နွားသိုးကို ဘယ်လို တိုက်ခိုက်ရမယ် ဆိုတာကိုလည်း ထပ်ပြီး သင်ပေးနိုင်သေးတယ်၊ လာ ငါနဲ့လာသင်”
အတွင်းအား ပညာရှင်ကြီးက သူ့ကို ကွန်ဖူးသင်ပေးချင်ပေမယ့် ချန်းတယ်ကျင်၏ အပျော်ကတော့ အနုတ်ပြနေလေသည်။
သူက အမြန် ကိုယ်ရံတော်တပ်ဖွဲ့ကို ဦးဆောင်ပြီး ဇာတ်ခုံပေါ်မှာ ကပြနေရတော့လေသည်။
“ကြိုးကြာဖြူ တောင်ပံဖြန့်သိုင်းကွက်”
ကြက်တောင်ပံ ဖြန့်ခြင်း…..
“အစိမ်းရောင်နဂါးမြီး ဝှေ့ယမ်းသိုင်းကွက်”
ခွေးလေးက အမြှီးကို သာသာလေး ပုတ်ခြင်း…..
“လေထဲကနွားထီးကိုပစ် သိုင်းကွက် …ယား…..”
ချန်းတယ်ကျင်က လက်ဝါးနဲ့ ကြမ်းပြင်ကို ရိုက်ချလိုက်ပြီး ခေါင်းကို မော့လိုက်သောအခါ ပရိသတ်တွေက စွမ်းအားကြီးမား အောင်မြင်သော ပြဇာတ်ကို ရှေ့သို့ကိုင်း၍ ငေးမောနေကြတာကို တွေ့လိုက်ရသည်။
သူက ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ အံ့အားသင့် သွားတော့သည်။
“ငါရပြီ၊ ငါရပြီ”
နန်းပေါင်ကျူးက သူ၏ပခုံးကို ကျေနပ်အားရစွာနဲ့ ပုတ်လိုက်ပြီး “ဂုဏ်ယူပါတယ်၊ အောင်မြင်မှုကြီးပဲ”
ချန်းတယ်ကျင်က တည်ကြည် လေးနက်စွာနဲ့ “သူဌေးမဟန်က အသင်အပြ ကောင်းလို့ပါ၊ စိတ်မပူပါနဲ့၊ သူဌေးမဟန်၊ အဲဒီ ညက မကျေနပ်ချက်တွေကို သင်ပုန်းချေလိုက်ပါပြီ၊ အခုကစပြီး ကျွန်တော်ချန်းက နွေဦးကျောက်စိမ်း စံအိမ်တစ်ဝိုက်ကို ခြေမရှုပ်တော့ပါဘူး”
ပြောပြီး သူက ကိုယ်ရံတော်တပ်ဖွဲ့ကို ဦးဆောင်၍ ထွက်သွားတော့သည်။
ပရိသတ်၏ နှစ်ထောင်း အားရသော လက်ခုပ်ဩဘာသံတွေက ဘဝဂ်သို့ ညံသွားလေတော့သည်။
ဧည့်ပရိသတ်တွေက ဒီတက်ကြွနေသော ပြဇာတ် တင်ဆက်သော အဖွဲ့ကို ကြိုက်နှစ်သက်ကြမှန်း အသိသာ ကြီးပင်။
နန်းပေါင်ရီက သတိလစ်မတတ် အံ့ဩသွားတော့သည်။
ချန်းတယ်ကျင်က နွေဦးကျောက်စိမ်း စံအိမ်ကိုဖျက်ဆီးဖို့လာတာ မဟုတ်ဘူးလား။
သူက ဘာမှလည်း မလုပ်ရသေးဘူးလေ….
ဒါကိုဘယ်လိုခေါ်ရပါ့။
သူမက အထပ်မြင့် ထိုင်ခုံသို့ ပြန်သွားပေမယ့် အံ့အားသင့်မှုက ပျယ်ပြောက် မသွားသေးချေ။
ပုတီးစေ့ ကန့်လန့်ကာကို လှပ်လိုက်သောအခါ ဟန်ယန့်လျန်က ပန်းပွင့်ပြတင်းကို မှီပြီး တစ်ဖက် စားသောက်ဆိုင်သို့ ပြုံးရင်းကြည့်နေလေသည်။
“ဘာတွေကြည့်နေတာလဲ”
နန်းပေါင်ရီက သိချင်စိတ် ပြင်းပြစွာနဲ့ မေးလိုက်သည်။
ဟန်ယန့်လျန်က ‘အာ’လို့ ပျော့ပျောင်းစွာနဲ့ အသံပြုလာပြီး သူမ၏အသံက ကြင်နာဟန်ဖြင့် ဆွဲဆောင်အား ပြင်းလှသည်။
“တစ်ဖက်ခြမ်းမှာ လူငယ်တစ်ယောက် ရှိနေတယ်၊ အရမ်းချောတာပဲ….”
နန်းပေါင်ရီက သူ့အကြည့်လားရာသို့ လိုက်ကြည့်လိုက်သည်။
ထို ‘ချောမောသော ယောကျ်ားက’ ကျိန်းသေပေါက် ရှန်းရိချောင်ပင် ဖြစ်တော့သည်။
ဖြစ်တန်ရာသည်မှာ အစ်ကို ၂ လည်းရှိနေလေမလား…..
***