အပိုင်း (၂၃၄)
အမတ်မင်းက ….. သူမကိုထပ်နမ်းပြန်ပြီ
ထိုအချိန်မှာ ရှန်းရိချောင်ကတော့ သူ့ကို လူနှစ်ယောက်က ချောင်းနေမှန်း မသိပါချေ။
သူက ခြေချိတ်ထိုင်၍ လက်တွေကို ဝတ်ရုံလက်ထဲ ထည့်ရင်း အောက်ဘက်က လမ်းမရှည်ကို စောင့်ကြည့်နေသည်။
“ချန်းတယ်ကျင်က အခုလေးတင် နွေဦးကျောက်စိမ်း စံအိမ်က ပြန်ထွက်လာတယ်၊ ဒီလူရဲ့ စိတ်ဓါတ်က ရိုးစင်းပေမယ့် အရမ်းကို သတ်ဖြတ်ချင်စိတ် များတယ်၊ ဘုရင်ခံရွယ်ရဲ့ အမိန့်ကြောင့် သူက လက်တုံ့မပြန်ဘဲ မနေဘူး၊ သူရဲ့ အမုန်းကို ခံရမဲ့အစား နောက်ပိုင်း ဖြစ်လာမဲ့ ပြဿနာတွေကို ရှင်းဖို့ သတ်လိုက်တာက ပိုကောင်းတယ်၊ ကျွန်တော့် ဘဝမှာ ကျားကို တောင်ပေါ် ပြန်လွှတ်တာမျိုးနဲ့ အမြစ်မဖြတ်ဘဲ မြက်ရိတ်တာကို အမုန်းဆုံးပဲ”
တစ်ဖက်မှာတော့ ရှောင်းယီက အရိပ်ထဲမှာ ထိုင်ရင်း ကြောင်မျက်ရှင် လက်စွပ်ကို ကစားနေသည်။
သူက ချန်းတယ်ကျင်ကို တစ်ချက် အကြည့်ပို့လိုက်ပြီး တိုးဖွဖွရယ်ရင်း “အဲဒါဆိုသတ်လိုက်လေ”
ပုရွက်ဆိတ်လေးတွေပဲကို….
ရှန်းရိချောင်က အချင်းအရာကို စကားတွေ တလှေကြီး ပင်ပင်ပန်းပန်း ပြောရပေမယ့် တိုးသက်သော စကားလေး တစ်ခွန်းပဲ ပြန်ရလေသည်။
ရှီးခူက အလောသုံးဆယ် ပြေးလာပြီး ဝတ်ရုံလက်ကိုလှည့်၍ ကြော့ရှင်း သေသပ်သော ဟန်ပန်နဲ့ သေရည်ငှဲ့ ပေးလိုက်သည်။
“သတ်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ လွတ်လမ်း မရှိစေရဘူး”
ထိုအချိန် ချန်းတယ်ကျင်ကတော့ ကိုယ်ရံတော် တစ်စုကို ဦးဆောင်ရင်း လမ်းမရှည်သို့ ရောက်လာလေပြီ။
လမ်းမတန်း တစ်လျှောက်က ရှုပ်ယှက်ခတ်နေပြီး လူတွေက ပခုံးအချင်းချင်းတောင် တိုက်မိနေသည်။
လမ်းတစ်ဖက်ခြမ်းက ရထားလုံးဆီကို သူလျှောက် သွားသောအခါ ရုတ်တရက် သိပ်မဝေးလှသော လူအုပ်ကြီး ဆီက ရုတ်ရုတ်သဲသဲ အသံတွေကို ကြားလိုက်ရသည်။
သူ ကြည့်လိုက်သောအခါ မူမမှန်သော ရထားလုံးတစ်စီးက ဒုန်းစိုင်းပြီး ပြေးလာသည်။
မြင်းက ရူးသွပ်နေပုံရပြီး မြင်းဖြတ်သွားသော လမ်းတစ်လျှောက်က လူတွေ တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်း ပြေးကြရသည်။
ကိုယ်ရံတော်တွေက စိုးရိမ်သွားကြပြီး တစ်ယောက်က ပြောလာသည်။
“သခင်လေး၊ သွားကြရအောင်”
ချန်းတယ်ကျင်က လှောင်ပြုံး ပြုံးလိုက်သည်။
သူက ကိုယ်ရံတော်တွေကို လက်ဝှေ့ယမ်းပြလိုက်ပြီး တည်ကြည်သော မျက်နှာထားနဲ့ “အခုလေးတင် လေထဲက ပစ်မှတ်ကို ဘယ်လို ပစ်ရမလဲလို့ သင်လာခဲ့တာပဲ၊ အဲဒါကြောင့် ဒီရထားလုံးနဲ့ စမ်းသပ်ကြည့်တာပေါ့၊ ဒီဂုဏ်သတင်းသာ ပျံ့နှံ့သွားရင် ရှောင်းယီကိုတောင် မနာလိုအောင် လုပ်လို့ရပြီ”
ကိုယ်ရံတော်တွေက ခပ်ဝေးဝေးသို့ ခြေလှမ်း ဆုတ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ချန်းတယ်ကျင် တစ်ယောက်တည်း လမ်းမရှည်၏ အလယ်ဗဟိုမှာ ထီးထီး ကျန်နေခဲ့သည်။
ရထားလုံးက လိမ့်လာချေပြီ။
ချန်းတယ်ကျင်က အသက်ကို ပြင်းပြင်းရှူပြီး လက်နှစ်ဖက်ကို ယမ်းရင်း “ကြိုးကြာဖြူ တောင်ပံဖြန့် သိုင်းကွက်”
“အစိမ်းရောင်နဂါးမြီး ဝှေ့ယမ်းသိုင်းကွက်”
လမ်းမပေါ်ကလူတွေက အံ့အားသင့်လွန်း၍ ကြက်သေ သေသွားကြသည်။
ရထားလုံးက သူ့ဆီလာနေပြီ၊ ဒီပြီးပြည့်စုံသော ချန်းအိမ်တော်က အကြီးဆုံးသားက ရူးများနေတာလားဟ။
ရထားလုံးက ဆိုက်ရောက် လာချေပြီ။
ချန်းတယ်ကျင်က သူ၏လက်ဖဝါးကို မြေပြင်ပေါ်သို့ ရုတ်ခြည်း ရိုက်ချလိုက်ရင်း “လေထဲကနွားထီးကိုပစ် သိုင်းကွက်…ယား…..”
“အား…. အား…. အား…. အား….”
သူ၏အသံက ပဲ့တင် ထပ်သွားသည်။
ပန်းပွင့်ပြတင်းကို မျက်နှာမူရင်း နန်းပေါင်ရီက လမ်းမပေါ်ကို ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်က ရှေ့သို့ ထက်ဝက်လောက် ငိုက်ကျနေလေပြီ။ စူးစူးစိုက်စိုက် ကြည့်ရင်း အံ့အားသင့်လွန်း သွားရတော့သည်။
ချန်းတယ်ကျင်က ရထားလုံးနဲ့ ချိတ်မိပြီး ကသိကအောက်ဖြစ်စွာ တရွတ်တိုက် ဆွဲခံရတာကို မြင်လိုက်ရသည်။
လမ်းမပေါ်မှာ ခင်းထားသော အပြာရောင် ကျောက်တုံးတွေက အလွန် ချောမွေ့နေပေမယ့် လမ်းမတစ်လျှောက် ပွတ်ဆွဲ သွားခံရရင်တော့ ထိခိုက်ဒဏ်ရာ ရမှာပင်။ ပေါက်ကွဲမှု ဒဏ်ကြောင့် ထိခိုက်ထားသော အရေပြားတွေ ကလည်း ပြန်ပြီး အက်ကွဲသွားပြီး သွေးစီးကြောင်းကြီးက ပတ်တီးတွေကြားမှ တိုးထွက်လာကာ လမ်းမတစ်လျှောက်ကို ခြင်းခြင်းနီ သွားစေတော့သည်။
မယုံကြည်နိုင်သော အော်ဟစ်သံတွေက ပိုပိုပြီး တုန်လှုပ် ချောက်ချားစွာ ထွက်ပေါ် လာတော့သည်။
ဟန်ယန့်လျန်က မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ရင်း “တကယ်ပဲ၊ ကြောက်ဖို့ ကောင်းလိုက်တာ….”
နန်းပေါင်ရီက နှုတ်ခမ်းတွေကို ဖိကိုက် လိုက်မိသည်။
အဲဒါ အရမ်းနာတယ်ဆိုတာ သူမသိသည်။
ရှေ့ဘဝတုန်းက နန်းတော်ထဲမှာ သူမက မင်းသမီးချုရှင်း၏ ကျီစားမှုကိုခံရပြီး သူမကို မြင်းမြှီးမှာ ချည်၍ ထိုမြင်းကို နန်းတော်တစ်ပတ် ပတ်ပြေးခိုင်းတာ ခံခဲ့ရဖူးသည်။
သို့သော် ပေသုံးဆယ်လောက် ပြေးပြီးသောနောက် သူမ၏ အရေပြား အားလုံးက ပွန်းရှသွားသည့် တိုင်အောင် ဆေးထည့်မပေးဘဲ ထိုနာကျင်မှုကြောင့် နှစ်ရက်နှစ်ညတိုင် သူမငိုကြွေးခဲ့ရသည်။
သို့သော်လည်း ချူရှင်း၏ ဇာတ်သိမ်းကတော့ မလှခဲ့ပါချေ။
သူမက အမတ်မင်းကို ချစ်ခင်နှစ်သက်နေပြီး ဧကရာဇ်ဆရာထံသို့ ဖိတ်စာတစ်စောင်ကို အပြေးအလွား ပေးပို့လိုက်ပြီး သူမကိုယ်သူမ အမတ်မင်း၏ ခေါင်းအုံးပေါ်မှာ စံပျော်ရမယ်လို့ ထင်နေခဲ့ပြီး သေရည်ထဲ ဆေးခတ်၍ လုပ်ကြံခဲ့သည်။
ရလဒ်ကတော့ နောက်တစ်နေ့မှာ အမတ်မင်းနဲ့ သူမ တစ်ညလုံး အတူတူ ရှိနေတယ်ဆိုသော သတင်းတစ်ခုမှ မကြားရရုံမက ဧကရာဇ်ဆရာ၏ အိမ်တော်က နန်းတော်သို့ သေရည်တစ်အိုး ဆက်သ လိုက်လေသည်။
ထိုအိုးသည်ကား လှပသော အရိုးတွေနဲ့ လုပ်ထားတာ ဖြစ်တော့သည်။
ဘယ်သူ၏ အရိုးဖြစ်လိမ့်မလဲဆိုတာကို ပြောဖို့မလိုပါချေ။
အတိတ်ဘဝက အဖြစ်အပျက်တွေက နန်းပေါင်ရီ၏ အာရုံမှာ ထင်ဟပ်လာသည်။
တစ်ဖက် စားသောက်ဆိုင်က ရှောင်းယီကတော့ သူမရောက်နေမှန်း သိနေသည်။
ကောင်မလေးက ဖြူဖျော့ပြီး ကြောက်နေဟန် ရသည်။ သူက ကြောင်မျက်ရှင် လက်စွပ်ကို ပြန်စွပ် ထားလိုက်ပြီး ထရပ်၍ စားပွဲကို ကျောခိုင်းရင်း ရှီးခူကို လေးနက်စွာနဲ့ အမိန့်ပေးလိုက်သည်။
“နွေဦးကျောက်စိမ်း စံအိမ်ကို သွားပြီး နန်းပေါင်ရီကို ခေါ်လိုက်၊ ပြီးရင် အိမ်ပြန်ကြမယ်”
ရှန်းရိချောင်က တစ်ဖက်သို့ လှမ်းကြည့် လိုက်သည်။ သူက နန်းပေါင်ရီကို တစ်ချက်သာကြည့်၍ ဟန်ယန့်လျန်၏ မျက်နှာအရောက်မှာ အကြည့်တို့ ခိုနားသွားသည်။
သူက နွေဦးကျောက်စိမ်း စံအိမ်၏ သခင်မအစစ်များလား။
မိန်းကလေးက ဆံထုံးကို ခပ်မြင့်မြင့် ထုံးထားပြီး ရွှေဆံတိုး သုံးချောင်းကို ခပ်စွေစွေလေး ထိုးစိုက်၍ တန်ဆာဆင်ထားသည်။
ဂိမန်နွေဦး နံနက်မိုးသောက်ချိန်၏ တဖြူးဖြူး တိုက်ခတ်နေသော လေအေးတွေကြားမှာ သူမကတော့ ဝတ်ထားရဲ့လား ထင်ရအောင် အတော်အတန် ပါးလွှာသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။
လက်ချောင်းလေးတွေက သေးသွယ်၍ ဖြူနုနေသည်။ လက်ချောင်းထိပ်လေးတွေက ပန်းပွင့်ချပ်လေးတွေလို ပန်းရောင် စိုအိနေပြီး ရှည်လျားသော အနီရောင် ဟင်္သာပြဒါးရိုင်း ဆေးတံကို ကိုင်ထားသည်။ တိမ်လွှာပေါ်မှာ မြောလွင့်နေသလို သူ့ကိုလည်း ညှို့ချက်ပြင်းစွာ မျက်ဝန်းတစ်ဖက် မှိတ်ပြဖို့ မမေ့ပါချေ။
ပထမဆုံးအကြိမ် အကြည့်တစ်ချက်နဲ့တင် သူမက မိန်းမကောင်း မဟုတ်တာကို သိနိုင်သည်။
နှုတ်ခမ်းဖျားက မီးခိုးငွေ့တွေကို ရှူထုတ်လိုက်ပြီး နှုတ်ခမ်းက ခပ်ဟဟပွင့်လျက် “သခင်လေး၊ လာပါ ပျော်ပါးရအောင်…..”
သူမက တကယ်ကို မိန်းမကောင်း မဟုတ်ပါချေ။
ရှန်းရိချောင်က အေးစက်စက်နဲ့ နောက်ဘက်သို့ အကြည့်ပို့လိုက်သည်။
သူ့စိတ်က တဖြည်းဖြည်းချင်း မွန်းကျပ်လာသည်။
သူက ဝမ်းဗိုက်အောက်ပိုင်း သုံးလက်မ နေရာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှလုံးခုန်နှုန်းကို လုံးဝ ထိန်းချုပ်လိုက်နိုင်အောင် အမွေးတိုင် တစ်တိုင်စာ အချိန်ကြာအောင် ထိုင်နေလိုက်ရသည်။
သူက ဝတ်ရုံလက်ထဲကို လက်တွေ ထည့်ရင်း ထရပ်၍ စားပွဲကို နောက်ချန်ခဲ့တော့သည်။
နွေဦးကျောက်စိမ်း စံအိမ်မှာရှိနေသော နန်းပေါင်ရီက ရှီးယန်၏ ဖိတ်ခေါ်မှုကြောင့် ရောက်လာခဲ့သည်။
သူမ၏ မျက်လုံးလေးတွေက ပြူးဝိုင်းသွားပြီး လမ်း၏တစ်ဖက်ခြမ်းမှာ ရပ်နေသော အမတ်မင်းကို တွေ့လိုက်ရသည်။
“နန်းကျောင်းကျောင်း၊ အိမ်ပြန်ပြီး ညစာစားမယ်”
ရှောင်းယီက မြင်းတစ်ကောင်ကို ကိုင်ထားပြီး ဖြည်းနှေးသော အသံနဲ့ ပြောလာသည်။
သူမ၏ နှလုံးသားလေးက ခုန်ပေါက်သွားရသည်။ အမေ့ဆီက အိမ်ပြန်ပြီး ညစာစားဖို့ ခေါ်တာကို လူတိုင်းလက်ခံ ရလေ့ရှိကြပေမယ့် သူမကတော့ သူမအစ်ကို၏ အိမ်ပြန်ပြီး ညစာစားမယ်လို့ အခေါ်ခံရလေပြီ။
သူမက လမ်းမလယ်က သွေးစီးကြောင်းကြီးကို ကျော်ပြီး သွားချင်သည်။
သွေးပွက်အိုင်က သူမ၏ ပန်းထိုးဖိနပ်လေးကို စွန်းပေသွားသည်။
ရှောင်းယီက တစ်ချက် ငဲ့ကြည့်လိုက်ရုံနဲ့တင် ကောင်မလေး၏ စိတ်ကို ထွင်းဖောက်မြင်နေပြီး “ရွံလို့လား”
သူက မြင်းကို သူမဆီသို့ ပို့ရင်း “မြင်းပေါ်တက်”
မမကြီး၏ မင်္ဂလာပွဲ ညတုန်းကလည်း နန်းပေါင်ရီက ရှောင်းယီနဲ့အတူ မြင်းတစ်ကောင်တည်းကို စီးဖူးသည်။ သူက မြင်းစီးကျွမ်းကျင်မှန်း သူမသိတာကြောင့် ငြင်းမနေပါချေ။
သူမ အလာတုန်းက စီးခဲ့သော ရထားလုံးကို တစ်ချက် ကြည့်လိုက်သည်။
အမတ်မင်းက သူမမှာ ရထားလုံး ရှိတာကို သိပါရက်နဲ့ မြင်းစီးဖို့ပဲ ခေါ်နေတယ်….
ကောင်မလေး၏ ပါးပြင်လေးက ရဲသွေးကြွလာပြီး သူမ၏ နှလုံးသားလေးထဲက ပဲနီလေးအိုးလေးက ချိုမြိန်စွာ ထပ်တစ်ဖန် ဆူပွက်လာပြန်သည်။
သူမက ကျယ်ပြန့်သော ဝတ်စုံကို သေသပ်ကျနစွာ စုစည်းလိုက်ပြီး အသံချိုချိုလေးနဲ့ “အစ်ကို ၂၊ ညီမလေးကို တက်ဖို့ကူပါဦး”
ရှောင်းယီက လှောင်သလိုဟန်ဖြင့် “မင်းရဲ့အသံက ဘာဖြစ်ရတာလဲ လူတွေကို ရူးသွပ်ပြီးတိုက်မိ စေချင်နေတာလား”
ထပ်ဖြည့်ရရင် ကောင်မလေးက အမြဲ အလွန်သန်မာပြီး ကြမ်းတမ်းလှသည်။ မြင်းတစ်ကောင် ပေါ်တက်ဖို့များ ဘယ်မှလာပြီး အကူအညီလိုပါ့မလဲ။
နန်းပေါင်ရီ “….”
သူမ အော်ဟစ်ပစ်လိုက်ချင်သည်။
မိန်းကလေး တစ်ယောက်၏ ဟန်ပန်ကို မြင်ရောမြင်ရဲ့ လားလို့။
ရှောင်းယီက မျက်နှာလေး မည်းမှောင်နေသော နန်းပေါင်ရီကို မြင်းပေါ် တင်ပေးလိုက်ပြီး သူမ၏နောက်မှာ သေသပ်ကျနစွာ နေရာယူ ထိုင်လိုက်သည်။ ကောင်မလေး၏ လက်တွေကို အုပ်ကိုင်လိုက်ပြီး မြင်းဇက်ကြိုးကို ဖမ်းဆွဲကန့်လန့်ကာ နန်းအိမ်တော်သို့ ဦးတည် သွားတော့သည်။
နွေဦးလေပြည်က တသုန်သုန် တိုက်ခတ်နေသည်။
လမ်းမရှည်၏ တစ်ဖက်တစ်ချက်မှာတော့ စည်ကား လှုပ်ရှားနေကြပြီး အမတ်မင်းနဲ့အတူ မြင်းပေါ်မှာ ထိုင်ရင်း ရှေ့ဘဝက နာကျင်မှုတွေကို သူမ ပြန်ပြောင်း အောက်မေ့လာမိသည်။
နန်းပေါင်ရီက မျက်ခုံးတွေကို တွန့်ချိုးရင်း “ချန်းတယ်ကျင်က ရထားလုံး၏ အဆွဲခံလိုက်ရတယ်၊ အဲဒါ အစ်ကို ၂ လုပ်တာလားဟင်”
အမတ်မင်းက မြက်ကို ရိတ်ရုံမဟုတ်ဘဲ အမြစ်ကို ဆွဲနုတ်ပြီး ရေလည်း လုံးဝ လောင်းမပေးတတ်တာကို သူမသိသည်။
ရှောင်းယီက မပီမသ ‘အင်း..’လို့ ရေရွတ်ရင်း လက်ကိုမြှောက်၍ သူမလေး၏ ဘေးဆံထုံးလေးနဲ့ မျက်နှာလေးကို ထိကန့်လန့်ကာ “မင်းကြောက်လို့လား”
ခုနလေးတင် မျက်နှာချင်းဆိုင် စားသောက်ဆိုင်ပေါ်မှာတုန်းက ကောင်မလေး၏ ဖြူဖျော့နေသော မျက်နှာလေးကို သူတွေ့လိုက်သေးသည်။
သူ၏လက်ဖဝါးက ခြောက်သွေ့ပြီး နွေးထွေးလှသည်။ နန်းပေါင်ရီက ပြောမပြတတ်သော ခံစားချက်နဲ့ သူ၏ရင်ခွင် အငွေ့အသက်တွေ ထဲကနေ လွတ်ထွက် မသွားချင်ပါပေ။
သူမက လေသံလေးနဲ့ “လမ်းမပေါ်မှာ သွေးစီးကြောင်းကြီး တရွတ်တိုက် ဆွဲသွားတာကို တွေ့တော့ ညီမလေး တကယ် ကြောက်တယ်၊ အခု အစ်ကိုရဲ့ လက်မောင်းတွေ ကြားထဲမှာ ထိုင်နေရတော့ မကြောက်တော့ပါဘူး”
“ကောင်းတယ်”
ရှောင်းယီ၏အသံက လေးပင်၍ ကြင်နာလှပြီး ခေါင်းကိုငုံ့၍ ကောင်မလေး၏ နားသယ်စပ်လေးသို့ အနမ်းတစ်ပွင့် ခြွေချလိုက်သည်။
နန်းပေါင်ရီက တောင့်တင်း သွားရလေသည်။
အမတ်မင်းက…..
သူမကို ထပ်နမ်းပြန်ပြီ…..
ဒီပြစ်မှုက တဖြည်းဖြည်းနဲ့ သူမဆီသို့ အနမ်းတွေ ကျဲချလာပြီး မျက်လွှာတွေကို ချလိုက်သည်။ နှလုံးသားလေးထဲက ပဲနီလေးအိုးလေးကတော့ ပေါက်ကွဲ ထွက်လာလေပြီ၊ သူမ တစ်ကိုယ်လုံး ပူလောင် လာရသည်။
သူမက စိတ်လှုပ်ရှားလွန်းလို့ တွန့်လိမ် နေတော့သည်။
ထူးဆန်းသည်။ တခြားဝမ်းကွဲတွေက နမ်းသောအခါ ဒီလို ခံစားချက်မျိုး တစ်ခါမှ မခံစားဖူးပါချေ။
အမတ်မင်း၏ ဝင်သက်ထွက်သက်က သူမ၏ နားရွက်ဖျားလေးနဲ့ အလွန်နီးကပ်နေပြီး သူ၏နွေးထွေးသော နှုတ်ခမ်းပါးလေးနဲ့တောင် ထိသွားမလား ထင်မှတ်ရသည်။
သူက တစ်ခုခု ပြောလိုက်သည်။ သူမ မကြားပါချေ။
သူမ စိတ်ကို တည်ငြိမ်အောင် ပြန်ကြိုးစားပြီးတော့မှ သူ၏ အသံတိုးဖွဖွနဲ့ အမေးစကားကို ကြားလိုက်ရ သည်။
“ကျောင်းကျောင်း သဘောကျလား”
ကြိုက်လား မကြိုက်ဘူးလား။
နန်းပေါင်ရီက အလွန် ရှက်သွေးဖြာနေပြီး တွင်းတစ်တွင်း ရှာ၍ ပုန်းနေလိုက်ချင်သည်။
အစ်ကို ၂ ကတကယ်ပဲ…..
သူမက ပိုပိုပြီး တွန့်လိမ် လာတော့သည်။
ရှောင်းယီက မျက်ခုံးပင့်သွားပြီး “နန်းကျောင်းကျောင်း၊ မင်းဖင်မှာ အနာများ ပေါက်နေတာလား ဒီလိုမျိုး တွန့်လိမ်ပြီး ထိုင်နေလို့ မရဘူးလေ၊ ငါမေးနေတာ သကြားတုတ်ထိုး ကြိုက်လားလို့၊ မင်းကဘာလို့ တွန့်လိမ်နေတာလဲ”
***