အပိုင်း (၂၃၂)
ငါတို့၏ယီအာက လူလားမြောက်လာပြီပဲ
ပွင့်လျက်သား စာမျက်နှာမှာတော့ အဝတ်အစား ဖရိုဖရဲနဲ့ လူနှစ်ယောက်က အချစ်တိုက်ပွဲ ဝင်နေကြသည်။
နန်းပေါင်ရီက ချက်ချင်း အဝေးသို့ အကြည့်ပို့လိုက်သည်။
အရင်ဘဝ သူမ လက်မထပ်ခင်က အဘွားနဲ့ ဒေါ်လေးက သူမကို ဒီလို စာအုပ်မျိုး ပေးဖူးသည်။ နှစ်မျက်နှာလောက် လှန်ပြီးတာနဲ့ ဆက်ဖတ်ဖို့ အရမ်း ရှက်လာတော့သည်။ နောက်တော့ သူမ ထိုစာအုပ်ကို ဆုတ်ဖြဲ ပစ်လိုက်တော့သည်။
မမျှော်လင့်ထားဘဲ ဒီဘဝမှာတော့……
အမတ်မင်းဆီနဲ့ တကယ်ကြီး တည့်တည့် တိုးတော့တာပဲ…
နွေဦး၏ နေရောင်ခြည်လေးက နွေးထွေးမှုကို ဆောင်ကျဉ်းပေးရင်း အခန်းတွင်းသို့ ဝင်ရောက်လာသည်။
လှပသော ပြတင်းတံခါးလေးက ပွင့်နေပြီး လေပြည်က ညင်းသွဲ့သွဲ့ ဆော်သွေးနေလေသည်။ မိုးပြာရောင် ကန့်လန့်ကာစလေးတွေက လွတ်လပ်စွာ တဖျတ်ဖျတ် လွင့်နေသည်။
ကောင်မလေးက သန့်ရှင်းသော အဖြူရောင် ညအိပ်ဝတ်စုံကို ဝတ်ထားပြီး ဖြူလွလွ ပါးပြင်မို့မို့လေးက တဖြည်းဖြည်းချင်း သွေးကြောလေးတွေ ယှက်ဖြာရင်း စွေးစွေးနီ လာတော့သည်။ အလင်းနဲ့ အရိပ်တွေ ကြားမှာ ရင့်မှည့်နေသော မက်မွန်သီးလေးလို သူမ၏ အသားရောင်ကို ဝိုးတဝါး မြင်နေရသည်။
သူမက လက်တွေနဲ့ အိပ်ရာခင်းကို တင်းတင်း ဆုပ်ကိုင်ထားပြီး တိတ်တိတ်လေး သူမကိုယ်သူမ အားပေးလိုက်သည်။
တကယ်တမ်းဆို သူမက တခြားသူတွေထက် ဆယ့်ခုနစ်နှစ် ပိုပြီးနေခဲ့သည်ပဲ။ ဒီလိုကိစ္စ အသေးအမွှားလေးကို ကြောက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
မိုးခေါင်ထိပ်ဖျားက မပျက်စီးသေးသလို အသွေးအရောင်တွေကလည်း မပြောင်းလဲဘူး၊ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပဲလေ…..
ထိုကဲ့သို့တွေးပြီးနောက် သူမက စာအုပ်ကို ကောက်ကိုင်လိုက်ရင်း ဆရာမကြီးလို လေသံနဲ့ “သွေးပူတတ်သော လူငယ်တွေက ဒီလိုစာတွေကို ဖတ်ရတာ ကြိုက်ကြတာပဲ၊ ညီမလေး နားလည်ပါတယ်”
သူမက ရှောင်းယီ၏ လက်မောင်းကြားထဲသို့ စာအုပ်ကို ညှပ်ပေးလိုက်သည်။ သူမအဘွား၏ ကြင်နာတတ်သော ဟန်ပန်ကို အတုယူရင်း သူမက သူ၏ခေါင်းလေးကို ဖွဖွထိတွေ့လိုက်သည်။
“ငါတို့ယီအာက လူလား မြောက်လာပြီပဲ၊ မိန်းကလေးတွေကို ကြိုက်ရကောင်းမှန်း သိလာပြီ၊ ငါအရမ်းကို စိတ်ချသွားပြီ”
ရှောင်းယီ “……”
မိုးသောက် မနက်ခင်းလေးမှာ သူတို့မိသားစု၏ ခေါင်ရန်းပန်းငယ်လေးက မြေခွေးမ၏ အခိုးခံလိုက်ရ တာလား။
သူ၏ စာအုပ်ကိုကိုင်ထားသော လက်ဖဝါးတွေက အနည်းငယ် ပူလာသလို ခံစားရသည်။
ဒါက အဝေးမှာ ထားသင့်တာ မဟုတ်ဘူး၊ အဝေးကို လွှင့်ပစ်သင့်တာ….
အချိန်အကြာကြီး နေတော့မှ သူက တည်ငြိမ်စွာနဲ့ “ဒါငါ့စာအုပ်မဟုတ်ဘူး”
ကောင်မလေးက မီးငှက်လို မျက်လုံးရွှဲကြီးတွေက ပွင့်အာလာပြီး ‘နားလည်ပါတယ်’ ဆိုသော မျက်နှာပေးနဲ့ ဖြစ်သည်။
သူက နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ရင်း နားရွက်ဖျားတွေက တဖြည်းဖြည်း နီရဲလာတော့သည်။
“အဲဒါ ကျန်းဆွေ့ဟန်ရဲ့ဟာ”
နန်းပေါင်ရီက ရုတ်ခြည်း ထိတ်လန့် သွားတော့သည်။
သူမက စာအုပ်ကို တစ်ချက် မျက်လုံး ဝေ့သွားရင်း အသံက သူခိုးလေးလို တိုးမျှင်းမျှင်းဖြင့် “သူက အဲ့လို လုပ်လို့ မရဘူးလေ၊ သူက ဒီလို စာအုပ်ဖတ်ဖို့ လိုလို့လား၊ အဲဒါ သူ့ကိုယ်သူ နှိပ်စက်ညှဉ်းပန်းသလို ဖြစ်မနေဘူးလား၊ တချို့ပြောတာ ညီမလေး ကြားဖူးတယ်၊ တချို့ယောက်ျားလေးတွေက မထောင်နိုင်ဘူး၊ အဲဒါကြောင့် သူတို့က တခြားဘက်ကို လမ်းလွဲ သွားတတ်ကြတယ်သော၊ အို…. အဲဒီ အကြောင်းက ပြောလို့မကောင်းဘူး”
ကောင်မလေးက တက်ကြွနေပြီး မျက်ဝန်း အိမ်ထဲမှာတော့ အတင်းအဖျင်း ပြောချင်စိတ် အပြည့်နဲ့ လက်ဖြာနေသည်။
ရှောင်းယီ၏ နှုတ်ခမ်းထောင့်ဖျားတွေက စတင်၍ ကွေးညွှတ် လာတော့သည်။
သူက ကောင်မလေး၏ ခေါင်းလေးကို ခေါက်လိုက်ပြီး ရယ်ချင်နေသော အသံနဲ့ “ဒီမိန်းကလေးကတော့ မနက်အစောကြီးမှာ ဒီကိစ္စကို ဆွေးနွေးနေတာ မရှက်ဘူးလား၊ အိပ်ရာထပြီး အဝတ်အစား လဲတော့၊ ငါမီးဖိုချောင်ကို ကြက်သွန်မြိတ် ခေါက်ဆွဲလုပ်ဖို့ ပြောထားတယ်၊ ပဲနီလေး အစာသွပ်မုန့်နဲ့ အချဉ်ရည်စမ်း အမဲသား အားလုံး မင်းအကြိုက်တွေချည်းပဲ”
သူက ထရပ်လိုက်ပြီး အပေါ်ဝတ်ရုံကို ကောက်ယူလိုက်သည်။
သူမက နန်းပေါင်ရီကို သူကိုယ်တိုင် ဝတ်ပေးချင်ပေမယ့် ရှုပ်ထွေးနေသော အခြေအနေ တစ်ခုကို တွေးပြီးသော အခါ သူက တိတ်တဆိတ်နဲ့ ဝတ်ရုံကို ပြန်ချလိုက်သည်။ ယွီဝေ့ကို ခေါ်ပြီး နန်းပေါင်ရီကို တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ဖို့ ကူခိုင်းလိုက်သည်။
အစေခံတွေက ရေအပြည့် ထည့်ထားသော ရေဇလုံနဲ့ တခြား ပစ္စည်းတွေကို ယူဆောင် လာကြသည်။
တံစက်မြိတ်အောက်မှာ ရပ်ရင်း ရှောင်းယီက သူ၏လက်မောင်းကြားက စာအုပ်သေးလေးကို ထုတ်ယူပြီး စာမျက်နှာတစ်ခုကို အမြန်လှန်လိုက်သည်။
နွေဦး၏ လေပြည်ညင်းက အတန်ငယ် အေးလှသည်။
သို့သော်လည်း ရှောင်းယီ၏ မျက်နှာကတော့ တဖြည်းဖြည်း နီလာပြီး သူ၏ အသက်ရှူသံတွေကတောင် ပြင်းလာတော့သည်။
“ဘာတွေကြည့်နေတာလဲ”
အေးစက်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
ရှောင်းယီက စာအုပ်ကို တည်ငြိမ်စွာနဲ့ ပိတ်လိုက်သည်။
ရှန်းယီချောင်က မျက်ခုံးပင့်ရင်း ကျယ်ပြန့်လှသော ဝတ်ရုံလက်ကို ဖြန့်ကာ ပြုံးနေလေသည်။
“အမတ်မင်း၏ နားရွက်တွေ နီနေတယ်၊ အသက်ရှူတွေလည်း ပြင်းနေတယ်၊ ဒါက ကောင်းသောစာအုပ် တစ်အုပ် မဖြစ်နိုင်ဘူး၊ ကျွန်တော် တကယ် မထင်ထားဘူး၊ ဒီလို အပြာစာအုပ်ကို မျက်နှာသေကြီးနဲ့ဖတ်ပြီး မိန်းမတွေနဲ့ မနီးကပ်ဘူးလို့ ထင်ထားတာ၊ ဒါက ယုန်ကိုဖမ်းဖို့ စောင့်နေတာပဲ”
ရှောင်းယီက ဘာအမူအယာမှ မပြဘဲ လှည့်ထွက်သွားတော့သည်။
ရှန်းယီချောင်က ဆက်ပြောလိုက်သည်။
“ချန်းမိသားစုက လှုပ်ရှားမှုတစ်ခု ထပ်လုပ်နေတယ် ဆိုသော သတင်းကို အခုလေးပဲရတယ်၊ အမတ်မင်းက နွေဦး ကျောက်စိမ်း စံအိမ်ကိုသွားပြီး ပွဲကြီးပွဲကောင်း မကြည့်ချင်ဘူးလား”
***
မနက်စာစားပြီးနောက် နန်းပေါင်ရီက စာကြည့်ခန်းကျယ်သို့ ထွက်လာပေမယ့် ရှောင်းယီကိုတော့ မတွေ့ရတော့ပါချေ။
သူမက သိချင်သွားပြီး စပ်စုလိုက်သည်။
“ယွီဝေ့၊ အစ်ကို ၂ ဘယ်သွားတာလဲသိလား”
“ဒီအစေခံက သခင်လေးနဲ့ ရှန်းသခင်လေးတို့ စကားပြောနေကြပြီး အပြင်ကို အတူတူ ထွက်သွားတယ်လို့ ကြားပါတယ်၊ ကြားမိတာတော့ သူတို့နွေဦးကျောက်စိမ်း စံအိမ်ကို သွားကြတာတဲ့”
ယွီဝေ့က ပြုံးရင်း ခေါက်ဆွဲတစ်ပန်းကန်ကို ယူလာခဲ့သည်။
“ထိုင်ပါမမလေး၊ သခင်လေးက မသွားခင် မှာသွားပါတယ်၊ သူပြန်မလာခင် ကဗျာဆယ်ပုဒ်ကို ပြီးအောင် ဖတ်ထားပါတဲ့”
“ငါ့ကိုကဗျာတွေ ကျက်မှတ်ခိုင်းခဲ့တယ်၊ ဒါပေမယ့် သူကတော့ ပြဇတ်ရုံကိုသွားပြီး သီချင်း နားထောင် နေတယ်….”
နန်းပေါင်ရီက ကိတ်မုန့်တစ်စကို ယူလိုက်ရင်း “ငါကအရူးမှ မဟုတ်တာ၊ သူ့ကိုထိုင်ပြီး စောင့်မနေနိုင်ဘူး..”
သူမပြောလို့ မဆုံးခင်မှာပဲ အမူအရာက တောင့်ခဲသွားတော့သည်။
ချန်းတယ်ကျင်က ယင်းမာ တံတားမှာ ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ချန်းမိသားစုက အရမ်းကြီးမားသော ဆုံးရှုံးမှုကြီးကို ခံစားလိုက်ရပေမယ့် နန်းမိသားစုကို ဘာလက်တုံ့ပြန်မှုမှ မလုပ်ရသေးပေ။
ထိုညတုန်းက သူမက နွေဦးကျောက်စိမ်းစံအိမ်၏ သခင်မ ယောင်ဆောင်ပြီး အစ်ကို ၂ နဲ့အတူ ညစာစားပွဲကို တက်ရောက်ခဲ့သည်။ ချန်းမိသားစုက အစ်ကို ၂ ၏ အရိုးမာမာကို မကိုက်နိုင်တော့ နွေဦးကျောက်စိမ်း စံအိမ်၏ခေါင်ကို ကိုင်ပြီး ဒေါသဖြေဖို့ စဉ်းစားနေပုံပင်။
ထို့ကြောင့် အစ်ကို ၂ က နွေဦးကျောက်စိမ်း စံအိမ်ကို ပြဇာတ် ကြည့်ဖို့သွားတာ မဟုတ်ဘဲ နွေဦးကျောက်စိမ်း စံအိမ်ကို ကယ်တင်ဖို့ သွားတာဖြစ်မှာ စိုးရသည်။
နန်းပေါင်ရီက ပါးစပ်ထဲက ခေါက်ဆွဲတွေကို ထွေးထုတ်လိုက်ပြီး အိမ်တော် အပြင်ဘက်သို့ ခြေလှမ်းသွား တော့သည်။
“ရထားလုံးပြင်ပေး၊ ငါအပြင်သွားဖို့ လိုတယ်”
အမွှေးတိုင် နှစ်တိုင်စာ အချိန်ကြာ ပြီးနောက် သူမ နွေဦးကျောက်စိမ်း စံအိမ်သို့ အမြန်ထွက်ခွာသွား တော့သည်။
လမ်းမရှည်က လူတွေနဲ့ ပြည့်သိပ်နေသည်။ သူမက ရထားလုံးပေါ်က ခုန်ဆင်းပြီး နွေဦးကျောက်စိမ်း စံအိမ်၏ မျှော်စင်ပေါ်သို့ ရင်းနှီးနေသော လမ်းကနေ ပြေးသွားတော့သည်။
“သူဌေးမဟန်”
သူမက ပုတီးစေ့ ကန့်လန့်ကာကို ဖွင့်လိုက်သောအခါ စိတ်ပျက် အံ့အားသင့် သွားတော့သည်။
ဟန်ယန့်လျန်က အိစက်နေသော မွေ့ရာပေါ်မှာ လှဲရင်း သစ်တော်သီးရောင် ဖျော့ဖျော့ ပိတ်ကျဲဝတ်စုံ အဆင်ဆန်းဆန်းကို ဝတ်ဆင်ထားသည်။ မျက်နှာကို တစ်ဝတ်ဖုံးအုပ် ထားရင်း ဝတ်စုံက ဒူးခေါင်းထိပ်ထိ မြောက်နေသည်။ ထိုပုံစံက တကယ်ကို ဆွဲဆောင်မှု ပြင်းလွန်းလှသည်။
ဖြူဖွေးပြီး နူးညံ့နေသော လက်ဖဝါးလေးက အာရုံမစိုက်ဘဲ ဆေးတံကို ကိုင်ထားသည်။
မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ပုံက ဆိုးသွမ်းနေသယောင်။
နန်းပေါင်ရီက တင်းမာသော အသံနဲ့ “နွေဦးရောက်နေပြီ၊ အရာရာအားလုံး ပွင့်လန်း ဖူးသစ်ရတော့မယ့် အချိန်ပဲ…..”
“ဝင်လာခဲ့”
ဟန်ယန့်လျန်က ပြုံးရင်း ပန်းပွင့်ချပ်လေးတွေကို ခေါင်းအုံးပေါ်သို့ ကျဲချနေသည်။
နန်းပေါင်ရီက အပြုံးတစ်ပွင့်နဲ့ လျှောက်လာသည်။
“သူဌေးမဟန်၏ ဝတ်စုံတွေက တကယ်ကို မျက်စိပသာဒ ရှိတယ်၊ ကျွန်မကို တစ်စုံလောက် ပေးဝတ်ပါလား”
ဟန်ယန့်လျန်က လက်ချောင်းတွေကို တစ်ချက် ငဲ့ကြည့်လိုက်ရင်း ပျော့ပျောင်းစွာနဲ့ “မင်းဝတ်လို့ မရဘူး”
နန်းပေါင်ရီ “….”
သူမ၏အေးစက်ပြီး ဆွဲဆောင်အား ပြင်းသော ပုံစံကို ခပ်ဖျော့ဖျော့ အကြည့် ပို့လိုက်ပြီး သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်။
အရမ်းစိတ်ဆိုးတာပဲ…
ဟန်ယန့်လျန်က ပျင်းရိစွာနဲ့ “မင်းဝတ်နိုင်ရင်တောင် မင်းရဲ့အမတ်မင်း တွေ့သွားရင် ငါ့အိမ်တော် တစ်ခုလုံးကို ဖျက်ဆီးပစ်မှာ ကြောက်ရတယ်”
“အစ်ကို ၂ က နွေဦးကျောက်စိမ်း စံအိမ်ကို မနက်စောစောထဲက လာတယ်ပြောတယ်၊ ရှင်တွေ့မိသေးလား”
“သူက ငါ့လူမှ မဟုတ်တာ၊ ဘာလို့ငါက သူ့ကိုဂရုစိုက်နေရမှာလဲ”
ဟန်ယန့်လျန်က မီးခိုးမှုတ်ထုတ်ရင်း “ပြောတော့မှ လွန်ခဲ့တဲ့ နှစ်ရက်က မင်းက ငါ့ဟန်ဆောင်ပြီး ညစာစားပွဲကို တက်ခဲ့တယ်၊ မင်းက ရွယ်မိသားစုနဲ့ ချန်းမိသားစုကို အပြစ်ပြုလိုက်ပေမယ့် ငါ့ကို ပြဿနာ ကြီးကြီးမားမား မတက်စေပါဘူး၊ နည်းနည်းလေးလောက်ပဲ ပြဿနာ ဖြစ်သွားတာ”
“သူတို့က ရှင့်ကို ကလဲ့စားချေဖို့ လာကြလား”
“မင်းဘာသာပဲ ပွဲကြီးပွဲကောင်းကို ကြည့်လိုက်တော့”
နန်းပေါင်ရီက လက်ရန်းကို ကိုင်ပြီး စိတ်ပါဝင်စားစွာနဲ့ လှမ်းကြည့်လိုက်သည်။ ထိုနေရာကနေ ဆိုရင် စင်ပေါ်၏ မြင်ကွင်းနဲ့ အောက်ထပ် ခန်းမထဲက ဧည့်ပရိသတ်တွေကို အပေါ်စီးက မြင်ရသည်။
ထိုစဉ် စင်ပေါ်မှာတော့ ဓါးရှည်တွေ တုတ်တွေကို ကိုင်ဆောင်ထားသော လူတစ်စုက ကြောက်မက်ဖွယ် ကောင်းသော မျက်နှာတွေနဲ့ အဖြူရောင် ပတ်တီးတွေနဲ့ ဖုံးအုပ်နေသော လူတစ်ယောက်ကို ဝန်းရံထားသည်။
နန်းပေါင်ရီက အံ့အားသင့် ထိတ်လန့် သွားသည်။
“ဒီလူက ဒီပုံစံက …. ချန်းတယ်ကျင် မဟုတ်ဘူးလား”
“အင်း၊ ငါမနက်စောစော နိုးလာပြီး အလှပြင်နေတုန်း ရှိသေးတယ် ဒီလိုပုံစံကို မြင်ရတော့တာပဲ၊ ငါက ဒီကိစ္စကို ကိုင်တွယ်ဖို့ ရှောင်းယီကို ခေါ်လိုက်တာ၊ ဒါပေမယ့် ချန်းမိသားစုတွေက ကျောက်စိမ်းစံအိမ်ကို သူ၏ကိုယ်ရံတော်တွေ မခေါ်လာခင်မှာ တားခံလိုက်ရတယ်”
နန်းပေါင်ရီက စဉ်းစားချင့်ချိန် နေသည်။
ချန်းတယ်ကျင်က ကျားတစ်ကောင်လိုပဲ၊ ဒါတောင် အလှအပတော့ ကြိုက်နေသေးတယ်….
နွေဦးကျောက်စိမ်း စံအိမ်၏ ပြဇာတ်ခုံ တည်ဆောက်ပုံက ရှုပ်ထွေးလှသည်။ ဘယ်နေရာမှာ ပစ်မှတ် ရှိနေလဲဆိုတာက သူမသိတာ ဖြစ်လိမ့်မည်။ ဒါကြောင့် သူက အဆောက်အဦထဲမှာ ကိုယ်ရံတော်တွေနဲ့ ပတ်ပြေးရင်း ဇာတ်စင်ပေါ်သို့ မှားပြီး ရောက်လာပုံပေါ်သည်။
စင်အောက်မှာ ထိုင်ကြည့်နေသော ပရိသတ်ကတော့ သူတို့၏ ပုံစံတွေကို မအံ့ဩကြပါချေ။ သူတို့ကို ကပြဖျော်ဖြေမဲ့ ပြဇာတ်အဖွဲ့သားတွေလို့ ထင်နေကြသည်။
နန်းပေါင်ရီက အနည်းငယ် စိတ်ပူသွားဟန်ဖြင့် “သူဌေးမဟန်၊ လူတွေခေါ်ပြီး ဘာလို့ ထွက်မပြေးတာလဲ ဓါးမှာ မျက်စိမပါဘူးလေ၊ ဧည့်သည်တွေကို ထိမိခိုက်မိရင် ငွေတွေအများကြီး အလျော်ပေး နေရမယ်”
“ဟင်၊ အဲဒါက ကျွန်မ သရုပ်ဆောင်နေတာမှ မဟုတ်တာ၊ ကျွန်မက ဘာလို့ ထိခိုက်ရမသောလဲ”
နန်းပေါင်ရီ၏ စိတ်ထဲမှာ မကောင်းသော ကိစ္စတွေ ဖြစ်လာတော့မယ်လို့ ကြိုတင် မှန်းမိနေသည်။
သူမက ဖြည်းဖြည်းချင်း ဇာတ်စင်၏ တစ်ဖက်ခြမ်းသို့ အကြည့် ပို့လိုက်သည်။
သူမတို့အိမ်တော်၏ ပုလဲရတနာလေးက ဇာမဏီသရဖူကို ဆောင်းထားပြီး သစ်ခွလို လှပသော လက်ချောင်းလေးတွေကို လိမ်ကျစ်ရင်း ချန်းတယ်ကျင်ကို မျက်နှာ မူထားသည်။ သူမ၏အသံက အကြိမ်ထောင်ပေါင်း များစွာ ပြန့်လွင့်လာသလိုပင်၊ ခန္ဓာကိုယ်ကို အကြိမ်ရာကျော်သည် အထိ ပတ်ချာလှည့် နေလေသည်။
“လန်~~~~~ ကျွင်း~~~~~ ဆာလောင်နေလား၊ ကြောက်လန့်နေလေမလား ~~~~”
***