အပိုင်း (၂၃၁)
သူ့လက်ဖဝါးကို သူမ၏ပါးပြင်လေးနဲ့ ပွတ်သပ်နေတယ်။
နန်းပေါင်ရီက ရုတ်ခြည်း လန့်ထိတ်သွားလေသည်။
မီးအိမ်၏ အလင်းရောင်က ရှည်လျားသော ညတာကို အံတုနေသည်။ အမတ်မင်းကလည်း သူမကို စူးစူးနင့်နင့် ကြည့်နေတာကြောင့် သူမ၏နှလုံးခုန်နှုန်းက အတန်ငယ် မတည်ငြိမ် ဖြစ်နေရသည်။
သူမက သေးသွယ်သော ဖြူလွလွ လက်ချောင်းလေးတွေကို လိမ်ကျစ်နေပြီး ပါးစုန့်လေးတွေပေါ်မှာ နှင်းဆီတစ်ခင်း ပျိုးထားသလို တဖြည်းဖြည်း ရဲလာတော့သည်။
သူမက နူးညံ့လှသော လေသံတိုးတိုးလေးဖြင့် “ညီမလေးက မအိပ်ချင်သေးပါဘူး၊ အဲဒါကြောင့် အစ်ကို ၂ နဲ့အတူ ကျောက်ဝမ်ခြံကို သွားကြမယ်လေ၊ ကဗျာပေါင်းချုပ် ဒါမှမဟုတ် တခြားတစ်ခုခု ဖြစ်ဖြစ် ဖတ်ကြမယ်၊ အဲဒါကို ညီမလေး အကြိုက်ဆုံးပဲ”
ကျောက်ဝမ်ခြံက မီးအိမ်တွေနဲ့ ထိန်ထိန်ညီးနေသည်။
နန်းပေါင်ရီက ပိတ်ကျဲဝတ်စုံ တစ်ထည်ကို ပြောင်းလဲ ဝတ်ဆင်လိုက်ပြီး ကြေးမုံမှန်၏ရှေ့မှာ ထိုင်နေသည်။ ဆံထုံးလေးတွေိကို ဖြီးသင်ဖို့ ကြံရွယ်ပြီး မဟော်ဂနီဘီးလေးကို ယူလိုက်သည်။ သို့ပေမယ့် အကြောင်းတစ်ခုကြောင့် သစ်သားဘီးကို ပြန်ချလိုက်သည်။
သူမက ဆံနွယ်တွေကို ပွတ်သပ်လိုက်သည်။
သူမငယ်စဉ်ကတည်းက ဆံပင်ကို အနုစိတ် ဂရုစိုက်ခဲ့သည်။ သူမ၏ဆံပင်က ခါးနားကို ဖြန့်ချထားရင် ပုံကျပြီး ချောမွေ့ အိစက်နေသည်။ မီးအိမ်၏ အလင်းအောက်မှာ ပိုးသားလေးလို နူးညံ့ပျော့ပျောင်းပြီး နက်မှောင်နေသည်။ သူမ၏ မျက်နှာလေးကလည်း ဖွေးဖွေးဖြူပြီး သိမ်မွေ့လှပ လွန်းသည်။
သူမက ပန်းရောင်ဖျော့ဖျော့ သန်းနေသော နှုတ်ခမ်းသားလေးကို ဖိလိုက်ရင်း စာကြည့်ခန်းသို့ ထွက်ခွာ သွားတော့သည်။
အမတ်မင်းက ပြတင်းနားမှာထိုင်ရင်း စာရင်းတွေကို စစ်ဆေးနေလေသည်။
“အစ်ကို ၂”
ကောင်မလေး၏ အသံက ချိုမြိန်ပြီး အလွန် ယဉ်ကျေးလှသည်။ ရှောင်းယီက လှမ်းကြည့်လိုက်သည်။
မိန်းမငယ်လေးက ခါးနားမှာ တွဲလဲကျနေသော အပြာရောင် ပိုးသားအင်္ကျီကို ဝတ်ဆင်ထားပြီး အရမ်းလှသော ကြွေရုပ်လေး သကဲ့သို့။ သူမလေးက သူအမတ်မင်း အသက်ဆက် ရှင်ရခြင်း၏ အကြောင်းပြချက်လေးပင်။
သူ၏ ယောက်ယက်ခတ်နေသော စိတ်တွေကို ဖုံးကွယ်ဖို့ မျက်ဝန်းတွေကို မြန်မြန် မှိတ်ချလိုက်ပြီး ကဗျာ စာအုပ်တစ်အုပ်ကို ကောင်မလေးဆီသို့ တွန်းပို့ပေးလိုက်သည်။
“ဒီမှာ”
နန်းပေါင်ရီက ထိုင်ဖုံပေါ်မှာ ထိုင်လိုက်ပြီး စာအုပ်ကို လှန်လှော ကြည့်လိုက်သည်။
“အစ်ကို ၂၊ ညီမလေးကို ကျောက်ဝမ်ခြံ လာခိုင်းတာ တကယ်ပဲ ကဗျာပေါင်းချုပ် စာအုပ်ကို ဖတ်ခိုင်းချင်လို့လား…..”
ရှောင်းယီက မျက်ခုံးပင့်ပြီး “မဟုတ်ရင်၊ မင်းကဘာကြောင့်ခေါ်တယ်လို့ ထင်လို့လဲ”
နန်းပေါင်ရီ “….”
ဘာ လို့တော့ မပြောနိုင်ပေမယ့် ကဗျာဖတ်ဖို့ခေါ်တာ မဟုတ်တာတော့ ကျိန်းသေတယ်…
သူက သူမ၏ နှလုံးသားလေးထဲကို ပဲနီလေး တစ်အိုးကို ချက်ပြီးနေပြီလေ၊ ဒါပေမယ့် အခုကျတော့ အဲဒီ ချိုမြိန်လှသော အိုးလေးက ပူစီဖောင်းလေးတွေတောင် ထွက်ပြီး ပွက်ပွက်ဆူ နေပြီကို။ လျှို့ဝှက်လွန်းသော အရိပ်အငွေ့ တချို့ အလျင်အမြန် ပျောက်ဆုံးသွားတာက တကယ်ကို စိတ်ပျက် အားငယ်ဖွယ်ပင်။
သူမက စာရွက်တွေကို အနည်းငယ် လှန်လိုက်ရင်း ရှောင်းယီကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။
ရှောင်းယီက စာရင်းစစ်လို့ ပြီးသွားသောအခါ နောက်ထပ် တစ်အုပ်ဆီသို့ လက်လှမ်းရင်း ခေါင်းကို ပင့်မော့ မလာဘဲ မေးသည်။
“ငါ့ကို ကြည့်နေတာလား”
“မဟုတ်ပါဘူး၊ အစ်ကို ၂ က အမတ်မင်း တစ်ယောက်ပဲကို၊ ညီမလေးက ဘယ်လိုလုပ်ပြီး စိုက်ကြည့်ရဲ ပါ့မလဲလို့….”
နန်းပေါင်ရီ၏ အသံလေးက အပြစ်ကင်းစင်နေဟန် ရပေမယ့် မျက်နှာလေးကတော့ တွန့်လိမ်ရှုံ့တွ နေသည်။ စာအုပ်ကို ဆွဲဖြဲပစ်မှာတောင် ကြောက်ရသည်။
ရှောင်းယီ “ညဦးပိုင်းပဲ ရှိသေးတယ်၊ ကြိုးစားလိုက်ဦး၊ မအိပ်ခင် အဲဒီ ကဗျာ ဆယ်ပုဒ်ကို မှတ်မိအောင်ဖတ်၊ ဒီည မင်း ကျောက်ဝမ်ခြံမှာ အိပ်မယ်လို့ တစ်ယောက်ယောက် လွှတ်ပြီး အဒေါ်ကျိကို သွားပြောခိုင်း လိုက်မယ်၊ မနက်ဖြန် မနက်စောစောထပြီး ကဗျာဆယ်ပုဒ်ကို အလွတ်ရွတ်ပြရမယ်”
နန်းပေါင်ရီ “…..”
အား…. ဘဝကြီးက ခါးလိုက်တာ…….
အမတ်မင်းက သူမကို တကယ်ကြီး ကဗျာအလွတ် ဆိုခိုင်းမယ်မှန်းသာ သိခဲ့ရင် သူမ လာခဲ့မည်မဟုတ်။
အဲဒီ အစား အိပ်ရာပေါ်မှာ ထိုင်ပြီး အစေခံတွေ ပြောပြသော စိတ်ဝင်စားစရာ ကောင်းသော ပုံပြင်တွေကို နားထောင်နေမှာပေါ့လို့….
သူမ ဘာမှမတတ်နိုင်တော့ဘဲ ယမ်းဗုံး၏ စနက်တံကို ကိုက်ပြီး ကဗျာတ အလွတ်ကျက် နေရတော့သည်။
ညချမ်း၏ ကြည်လင်နေသော ကောင်းကင်ကို ဖွင့်ထားသော အနောက်ပြတင်းကနေ လှမ်းမြင်နေရသည်။
ဖြူဝင်းနေသော လမင်းက တဖြည်းဖြည်း ထွက်ပြူလာပြီး မီးအိမ်တင်ထားသော အစိမ်းရောင် စားပွဲလေးပေါ်ကို ဖြာကျနေသည်။
နန်းပေါင်ရီ ကဗျာတွေကို လေ့လာနေစဉ်မှာ ပိုးဖလံလေးက သူမ၏အာရုံကို တဖြည်းဖြည်းချင်း ဆွဲဆောင် သွားသည်။
သူမက မျက်နှာလေးကို လက်ဖြင့်ထောက်ရင်း အလျှော့မပေးဘဲ ပိုးဖလံလေးကို လေနဲ့မှုတ်ထုတ် နေသည်။
“မင်းပျင်းနေပြန်ပြီလား”
ရှောင်းယီက မျက်လွှာပင့်ကြည့်လာပြီး “ကဗျာတွေ ဖတ်ရတာကို သဘောအကျဆုံးလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား”
နန်းပေါင်ရီက ပါးလေးကို ဖောင်းလိုက်ပြီး စိတ်ကောက် သွားဟန်ဖြင့် စာရွက် နောက်တစ်မျက်နှာကို လှန်လိုက်သည်။
သူမက အသံတိုးတိုးလေးနဲ့ ကဗျာရွတ်နေပြီး ဖတ်နေရင်း မျက်တောင်တွေက တဖြည်းဖြည်း စင်းကျ လာတော့သည်။ သူမ၏ခေါင်းလေးက ကြက်ကလေး ဆန် အစာကောက်သလို စားပွဲပေါ်သို့ ငိုက်ကျနေ လေသည်။
ရှောင်းရီက သူမ၏ မေးဖျားလေးကို လှမ်းထိန်းကာ သူမကို တိတ်တဆိတ် ငေးမောရင်း ခေါင်းလေးကို ပင့်ပေးထားသည်။
“ကွေကျိုး၏ မိန်းကလေးအလုပ်တွေက…..”
“ခေါင်ရန်းပန်းလေးကို ခူးလိုက်၊ ခေါင်ရန်းရွက်တွေကိုတော့ ချန်ထားခဲ့…..”
ကောင်မလေး၏ အသံလေးက သိသိသာသာကို ငိုက်မြည်းနေပြီး နှစ်ဆယ့်ခုနစ်ကြိမ်လောက် ခေါင်းလေး စင်းကျလာပြီးမှ နောက်ဆုံးတော့ စားပွဲပေါ်သို့ အိပ်ချင်မူးတူးဖြင့် စိုက်ကျ သွားတော့သည်။
စားပွဲနဲ့ မတိုက်မိခင်မှာ ရှောင်းယီက လက်ကိုဆန့်၍ သူမ၏နဖူးကို အချိန်မီ ဖမ်းထိန်း ထားလိုက်သည်။
ကောင်မလေး၏ ခေါင်းလေးက လှည့်လာပြီး ယဉ်ပါးသော ကြောင်လေး တစ်ကောင်လို သူ၏လက်ဖဝါးကို သူမ၏ပါးပြင်လေးနဲ့ ပွတ်သပ်နေသည်။
စန္နကူးနံ့ သင်းနေသော ဆံနွယ်လေးတွေက ခါးနားတစ်ဝိုက်မှာ ဝဲဖြာနေပြီး သူမ၏ အသားအရေက ဖြူညက်၍ နူးညံ့နေသည်။ နှုတ်ခမ်းပါးလေးက ပန်းရောင်ပြေပြေ သန်း၍ တစ်နှစ်ပြီးတစ်နှစ် သူမလေးက ပိုပိုပြီး ဆွဲဆောင်မှု ရှိလာနေပြီလေ။
သူမက အိပ်မက်ယောင်ရင်း တတွတ်တွတ် ပြောနေသည်။
“ငါ ခင်ပွန်းသည်နဲ့ သားကိုမေးရမယ်၊ မောင်းမတစ်ယောက်လို ပုံစံဆိုတာ ဘယ်လိုလဲလို့…”
ရှောင်းယီက နဖူးပေါ်ကျနေသော ဆံပင်လေးတွေကို သပ်ပေးလိုက်ပြီး မျက်ဝန်းတွေကတော့ စူးရဲ၍ မည်းမှောင် နက်ရှိုင်းလာသည်။
သူမ၏မေးခွန်းကို သူ့တစ်ယောက်တည်း သူ့ကိုယ်သူ ပြန်ဖြေမိသည်။
သူက တိုးညင်းစွာနဲ့ “ကျောင်းကျောင်းက အရမ်းလှတယ်၊ ခေါင်ရန်းပန်းလေးတွေရဲ့ အလှတောင် မင်းကို မမီပါဘူး”
ညတာရှည်က တိတ်ဆိတ် ငြိမ်သက်နေသည်။
ရှောင်းယီက သူမကို မနှိုးပါချေ။
သူက နန်းပေါင်ရီကို လက်ဖဝါးပေါ်မှာ အနားယူခွင့် ပေးထားပြီး စာရင်းစာအုပ်ကို ဘယ်ဘက်လက်နဲ့ ပြောင်းပြီး ကိုင်ရင်း ဆက်လက် စစ်ဆေးနေသည်။
ကျန်းဆွေ့ဟန်က ယပ်တောင်ကို ကိုင်ရင်း ဝင်လာသောအခါ မျက်နှာမည်းမှောင် သွားတော့သည်။
ဟေး.. ညလယ်ခေါင်ကြီး စာအုပ်တွေ လာပို့တာကို ခွေးစာအကျွေးခံ လိုက်ရမယ်လို့ ထင်မထားဘူး….
အဖိုးတန် ရတနာလေးတွေကို လှူလိုက်ရသလို ဝတ်ရုံလက်အိတ်ထဲမှာ ဖွက်ထည့်ထားသော စာအုပ်ကို ရှောင်းယီကို ကမ်းပေးလိုက်ရင်း အသံတိုးတိုးဖြင့် “အစ်ကိုရှောင်းကတော့ တကယ် ကောင်းနေရောပဲ၊ ကျွန်တော်တောင် မနာလိုလာပြီ၊ ဒီက ကျွန်တော်မျိုးကြီးက အစ်ကို့ရဲ့ ကံကောင်းခြင်းတွေကို ယူဆောင် လာသောသူပေါ့၊ မှောင်ခိုဈေးကွက်ကနေ စာအုပ်တွေ အများကြီး ရလာတယ် အစ်ကို၊ ကောင်းသော ကိစ္စတွေကို မျှဝေခံစားရတယ်သော၊ ကျွန်တော့်ကို ဂရုမစိုက်ဘူးလို့ မပြောနဲ့နော်”
သူက မြောက်ကြွမြောက်ကြွနဲ့ ပြန်ထွက်သွားတော့သည်။
ရှောင်းယီက အချိန်အတော်ကြာသော အထိ စာအုပ်ကို စိုက်ကြည့်နေရင်း တုံ့ဆိုင်းဆိုင်းနဲ့ တစ်မျက်နှာကို လှန်လိုက်သည်။
နောက်တစ်ခဏမှာတော့ သူက ရုတ်တရက်ကြီး စာအုပ်ကို ပိတ်လိုက်လေတော့သည်။
ဒါ……
သူ၏နှုတ်ခမ်းပါးတွေက တင်းတင်းစေ့သွားပြီး တဖြည်းဖြည်းချင်း နားရွက်တွေက သွေးရောင်လို စွေးစွေးနီ လာတော့သည်။
နည်းနည်းလည်း ရယ်ရတယ်…. စိတ်ဆိုးဖို့လည်း ကောင်းတယ်….
ကျန်းဆွေ့ဟန်က တကယ်ပါကွာ….
ကွက်ကွက်ကွင်းကွင်းနဲ့ အရမ်း အသေးမစိတ်လွန်းဘူးလား…..
အိပ်ပျော်နေသော ကလေးမလေးကို တစ်ချက် ကြည့်လိုက်ရင်း ဒီစာအုပ်ကို ကောင်မလေး ရွံရှာသွားမှာ စိုးတာကြောင့် ဝတ်ရုံလက်ထဲ ထည့်၍ ဖွက်ထားလိုက်ပြီး စာရင်းတွေကို ဆက်စစ်ဆေး နေလိုက် တော့သည်။
ညတာက တကယ် ရှည်တာပဲ….
တစ်ဖက်မှာတော့ နန်းယန်က နန်းအိမ်တော်ကနေ ထွက်ပြေး သွားပြီးနောက် ချန်းအိမ်တော်၏ အနောက်တံခါးသို့ တစ်ယောက်တည်း ပြေးသွားတော့သည်။ နောက်ဆုံး သူမထိုနေရာသို့ ရောက်ဖို့ အမွှေးတိုင် လေးတိုင်စာ အချိန်ယူလိုက်ရသည်။
အစေခံက သူမကို ချန်းတယ်ယွီ၏ အိပ်ခန်းသို့ ပို့ဆောင်ပေးလိုက်သည်။
ချန်းတယ်ယွီက အလင်းရောင် အောက်မှာထိုင်ရင်း သမိုင်းစာအုပ်တွေကို လေ့လာ ဖတ်ရှုနေလေသည်။
ဒီနေ့ လတ်တလောလေးတင် အရိုက်ခံထားရတာကြောင့် သူ၏ ချောမောသော မျက်နှာက နီရဲပြီး ဖူးယောင် နေသည်။
နန်းယန် ဝင်လာသောခြေသံကို ကြားပေမယ့် သူက လှည့်မကြည့်ဘဲ အေးတိအေးစက် ပြောလိုက်သည်။
“မင်း ဒီကိုဘာလာလုပ်တာလဲ နေ့ခင်းတုန်းကမှ ငါတို့မိသားစုက မင်းနဲ့ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းပြီးပြီလေ”
နန်းယန်က သူ၏ရှေ့မှာ ဒူးထောက်လိုက်သည်။
မျက်ရည်ဥတွေ စီးကျလာပြီး “အစ်ကို ချန်း၊ ယန်အာက သွားစရာ မရှိတော့ပါဘူး၊ ကျေးဇူးပြုပြီး အစ်ကိုချန်း ခေါ်ထားပေးပါ”
ချန်းတယ်ယွီ၏ မျက်ခုံးတွေက ခက်ထန်စွာ စုကျုံ့သွားတော့သည်။
သူက တည်တင်းနေပြီး “သွားစရာနေရာ မရှိဘူး မင်းဘာကို ဆိုလိုတာလဲ”
“ညီမက အဲဒီ ညက အထင်လွဲကြပြီး နာမည်ဆိုး ထွက်သွားလို့ စေ့စပ်ကြောင်းလမ်းခြင်းတောင် ဖျက်သိမ်းခံရသော မိန်းကလေး တစ်ယောက်ပါ၊ လောကကြီးမှာ ဘယ်သူကများ ညီမကို လိုချင်ဦးမှာသောလဲ၊ နန်းအိမ်တော် ကလည်း ညီမကို မချစ်ကြဘူး၊ လှောင်ပြောင် စော်ကားကြတယ်၊ အဲဒါကြောင့် ညီမကို ယောကျ်ား တစ်ယောက်နဲ့ လက်ဆက်ခိုင်းတယ်၊ အိမ်တော်ကို များပြားသော အတွင်းပစ္စည်းတွေနဲ့ ဖြည့်တင်းဖို့ လုပ်နေတာ……”
“အစ်ကိုချန်း၊ ညီမ အရမ်းကြောက်တယ်၊ ညီမ အရမ်းကြောက်တာပဲ အဲဒါကြောင့် ထွက်ပြေးလာခဲ့တာ.. အစ်ကို့ဆီကို ပြေးလာရုံကလွဲလို့ ညီမမှာ သွားစရာမရှိဘူး၊ အစ်ကိုက လောကကြီးမှာ အကြင်နာတတ်ဆုံး အကောင်းဆုံးလူပါ၊ အားနည်းသောသူကို သေချာပေါက် ကူညီပေးမှာ၊ ဟုတ်တယ်မလားဟင်”
နန်းယန်၏ ရှိုက်ကြီးတငင် ငိုကြွေးပုံက မိုးမိထားသော သစ်တော်ပွင့်လေးလို အလွန်ကို သနားစရာ ကောင်းလှသည်။
အထူးသဖြင့် ချန်းတယ်ယွီကို ငေးမောကြည့်နေသော မျက်ဝန်းတွေက သူကသာ သူမ၏ကိုးကွယ်ရာလို….
အားကိုး မှီခိုခံရသော ခံစားချက်က တကယ်ကောင်းတာပဲ…
ချန်းတယ်ယွီက အမူအရာ ပျော့ပျောင်းသွားပြီး သူမကို ဆွဲထူလိုက်သည်။
“မင်းဒီလို လုပ်စရာ မလိုပါဘူး၊ ငါ့ကိုထိုင်ပြီး ပြောပြ၊ နန်းအိမ်တော်က မင်းကို တကယ်ပဲ သတို့သမီးအဖြစ် ရောင်းစားနေတာလား”
“ဟုတ်ပါတယ်”
နန်းယန်က ပါးစပ်လေးကို လက်ကိုင်ပဝါနဲ့ အုပ်ရင်း “ဒါပေယ့် အစ်ကိုချန်း၊ ညီမကလေ အဲဒီ လူ၏ ဇနီးဖြစ်ရမဲ့အစား အစ်ကို့ရဲ့ မယားငယ်ပဲ ဖြစ်ချင်တယ်”
ချန်းတယ်ယွီ၏ မျက်လုံးတွေက အရောင်လက်လာပြီး ကျေနပ်အားရသွားဟန်။
နေ့ခင်းပိုင်းမှာတုန်းက နန်းအိမ်တော်မှာ ခံစားခဲ့ရသော အရှက်တရားတွေဟာ ပြေလျော့ သွားတော့သည်။
သူက အစိုးရအရာရှိ အိမ်တော်က သားတစ်ယောက် ဖြစ်သည်။ ဘာလို့ အဲဒီ ကုန်သည်မိန်းမဆီက အငြင်းခံရမှာလဲ။
နန်းယန်၏ ဒီည အပြုအမူကသာ ဖြစ်သင့်တာဖြစ်သည်။
နန်းယန်၏ ဂုဏ်သတင်းက ပျက်စီးသွားပေမယ့် သူမက ငယ်သေးသည်။ သူ့နားမှာ နှစ်နှစ်လောက် ထားပြီး ပျိုးထောင်လိုက်လို့ ကျော်ကြားမှုတွေ ပြန့်သွားသောအခါ ထိုမကောင်း သတင်းတွေက ဘာမှဟုတ်တော့မှာ မဟုတ်ချေ။
ထပ်ဖြည့်ရရင် သူမက လှပပြီး အရည်အချင်းလည်း ရှိသည်။ သူ၏ မယားငယ် တစ်ယောက်အဖြစ်နဲ့ ကျော်ကြားတာက သူမနဲ့ အလွန် လိုက်ဖက်ညီလှသည်။
သူကခေါင်းညိတ်ပြီး မျက်နှာထား တင်းတင်းနဲ့ “နန်းအိမ်တော်က မကောင်းသော ကိစ္စတွေ အများကြီး လုပ်မိနေပြီ၊ အနှေးနဲ့အမြန် သုတ်သင်ခံရတော့မှာ၊ မင်းက ငါ့ရဲ့ဇနီးလောင်းပဲ၊ ငါ့မှာ မင်းအတွက် အချစ်တချို့ အမြဲရှိပါတယ်၊ ငါ့ရဲ့မယားငယ် လုပ်ဖို့ မင်းက အလေးအနက် တောင်းဆိုမှတော့ ငါက လက်ခံရတော့မှာပေါ့၊ မင်း မတ်မတ် ရပ်လိုက်တဲ့အခါ လုပ်စရာ ကိစ္စတွေ အများကြီး ဖြစ်နေလို့ အချိန်သိပ်မရ တာလေးတစ်ခုပဲ၊ စိတ်မပူနဲ့”
ပြောပြီးသောနောက် သူက ယဉ်ကျေးသော ယောကျ်ားကောင်း တစ်ယောက်လို စာလိပ်ကို တည်ကြည်သော ဟန်ပန်နဲ့ ယူလိုက်သည်။
နန်းယန်က ကျေးဇူးတင်စွာနဲ့ ဦးညွှတ်လိုက်ပေမယ့် စိတ်ထဲကတော့ တိတ်တိတ်လေး ကြုံးဝါးနေသည်။
ဒါက သူတော်ကောင်းယောင် ဆောင်ရုံပဲ၊ သူမက ဟန်ဆောင်ရတာကို ရှက်ရွံ့နေသည်။
သို့ပေတည့် အခုလို အပြစ်ကင်းစင်ဟန် မဆောင်ပဲနဲ့ သူမက ကောင်းမွန်သော အနာဂတ် တစ်ခုဖြစ်သော ပြီးပြည့်စုံသော ချန်းအိမ်တော်က မောင်းမတစ်ယောက် မဖြစ်လာနိုင်ပေ။ နောင်များမှာတော့ သူမအတွက် အခွင့်အရေးကို ဖန်တီးယူဖို့က မခက်ပါချေ။
နန်းပေါင်ရီနဲ့ နန်းအိမ်တော်ကို လုံးဝ အလွတ်မပေးနိုင်ဘူး……
သူမက ချန်းအိမ်တော်မှာ လုံလုံခြုံခြုံနဲ့ အခြေချနေနိုင်လိမ့်မည်။
နောက်တစ်နေ့တွင်တော့…..
နန်းပေါင်ရီက ခုတင်ပေါ်မှာ အိပ်ရာနိုးလာသောအခါ အမတ်မင်းက သူမ၏ဘေးမှာ အိပ်ပျော်နေတာကို တွေ့ရသည်။
သူက အိပ်ရာပေါ်မှာခေါင်းတင်ပြီး ထိုင်နေတာဖြစ်သည်။ တစ်ဝက်ဖွင့်ထားသော ရှုနိုင်ငံ၏ မြေမျက်နှာသွင်ပြင် အနေအထားပြ မြေပုံကို ကိုင်ထားရင်း အိပ်ပျော်နေသည်။
အိပ်ရာကန့်လန့်ကာ၏ အပြင်ဘက်မှာတော့ မနက်ခင်း၏ နေရောင်ခြည်က လွှမ်းခြုံထားသည်။
သူ၏မျက်ခုံးတွေက တောင်တန်းတွေလို မြင့်မားလှပြီး သူမနဲ့အတူ အိပ်စက်တာ ဆိုပေမယ့် ဘယ်တော့မှ သူမကို တစ်ခုခုမလုပ်ခဲ့ပေ။ သူက တကယ်ကို စိတ်ဓါတ် မြင့်မြတ်သော လူကြီးလူကောင်း တစ်ယောက်ပင်။
စာအုပ်တစ်အုပ်၏ အစွန်းလေးက သူ၏လက်မောင်းတွေကြားက တိုးထွက်နေသည်။
ဒါ အရေးကြီးသော လျှို့ဝှက်စစ်ဆင်ရေး တစ်ခုဖြစ်မယ်….
ထုတ်ယူဖို့ လွယ်တာကြောင့် သူ၏ခေါင်းအုံးအောက်မှာ ဖွက်ပေးဖို့ ရည်ရွယ်ရင်း နန်းပေါင်ရီက ညင်ညင်သာသာလေး ဆွဲယူလိုက်သည်။
ထိုအပြုအမူက အမတ်မင်းကို နိုးသွားစေသည်။
သူက ဆတ်ခနဲ ဆွဲယူလိုက်ရင်း “နန်းကျောင်းကျောင်း၊ စာအုပ်ကိုချလိုက်”
နန်းပေါင်ရီက လက်တုန်သွားပြီး စာအုပ်က အိပ်ရာပေါ်သို့ ကျသွားတော့သည်။
ပွင့်ရက်သားလေး…………
***