အပိုင်း (၁၇၁)
အမတ်မင်းက အရမ်း လိုချင်တပ်မက်ဖို့ကောင်းတာပဲ
နန်းပေါင်ရီက အရှေ့ခြံ၏ ဘေးဘက်ခန်းကို ရောက်လာခဲ့သည်။
သူမက တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။ လျိုလန်အာက မီးတိုင်၏ အလင်းရောင် အောက်မှာ တုန်ရီနေသည်။ နွေးထွေးတဲ့ မီးအိုး၏အပူကတောင် သူမ၏ ကြောက်လန့်နေမှုကို ဖြေလျှော့မပေးနိုင် ပါချေ။
“အစ်မ လန်အာ”
နန်းပေါင်ရီက ကြင်နာစွာနဲ့ စက္ကူထီးနဲ့ အစားအစာဘူးကို ချလိုက်သည်။
“အစ်မရဲ့ ပစ္စည်းတွေ နှင်းထဲမှာကျနေလို့၊ ညီမက အထူးအနေနဲ့ ပြန်ယူလာပေးတာ၊ အေးနေတာလား ဘာလို့ ဒီလောက် တုန်နေတာလဲ”
လျိုလန်အာ၏ မျက်နှာက ဖြူဖျော့နေပြီး “ငါအဆင်ပြေတယ်… အဆင်ပြေပါတယ်…”
နန်းပေါင်ရီက ပန်းထိုးထိုင်ဖုံပေါ်မှာ ထိုင်ပြီး မီးအိုးဆီကို လက်လှမ်းလိုက်သည်။
“အပြင်ဘက်မှာ လေတွေ အရမ်းတိုက်ပြီး နှင်းတွေကျနေတယ်၊ အစ်မအတွက် ဒါလေးကို ပေးမယ်”
သူမ၏ လက်တွေက ဖြူဆွတ်နေပြီး သွယ်လျလျသည်။ ဆောင်းရာသီမှာတောင် ကြည်လဲ့နေပြီး အသားအရေက စိုပြေနေသည်။
လျိုလန်အာက သူမ၏လက်တွေကို မကြည့်မိဘဲ မနေနိုင်ပါချေ။
သူမ၏အမေက သူမ၏အစ်ကိုကိုပဲ မြှောက်ပင့်တတ်ပြီး သူမကတော့ အိမ်အလုပ်တွေ အားလုံးကို သိမ်းကျုံးလုပ်ရသည်။ ဆောင်းတွင်းမှာတောင် မြစ်ကမ်းဘေးမှာ အဝတ်တွေကို လျှော်ဖွတ်ရသည်။ သူမ၏ လက်တွေက နီရဲပြီး အရေပြားတွေကွာ၊ အသားမာတက်၍ ရုပ်ဆိုးလှသည်။
နန်းအိမ်တော်ကို ရောက်တော့မှ သူမက ပြန်ပြီး ဂရုစိုက်ထားတာတောင် ဘယ်လောက်ပဲ ဂရုတစိုက်နဲ့ ထိန်းသိမ်းထိန်းသိမ်း နန်းပေါင်ရီ၏ နူးညံ့ပြီး သွယ်လျတဲ့ လက်ကိုတော့ မမီနိုင်ပါချေ။
သိမ်ငယ်သွားတဲ့ စိတ်နဲ့ သူမက ဝတ်ရုံလက်တွေကို နောက်ကို ဆုတ်လိုက်သည်။ နန်းပေါင်ရီက သူမ၏ သေးငယ်လှတဲ့ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမက ပန်းထိုးအိတ်ထဲက သေးငယ်တဲ့ ကြွေအိုးလေးကို ထုတ်ယူလိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။
“ဒါက ပုလဲနဲ့ ခေါင်ရန်းပန်း အဆီပါ၊ လက်ဖမိုးကို လိမ်းပေးရင် အစိုဓါတ်ကို ထိန်းပေးတယ်၊ လက်ဆိုတာက မိန်းမပျိုတွေရဲ့ ဒုတိယမျက်နှာလို့ ပြောကြတယ်လေ၊ ပြီးရင် အစ်မလန်အာက ပိုပိုပြီး လှလာတော့မှာ၊ လက်လေးတွေကို ကြမ်းကြမ်းတမ်းတမ်း မထားပါနဲ့”
လျိုလန်အာက ကြွေအိုးလေးကို ယူလိုက်သည်။ ကြွေအိုး၏ အပေါ်ရံ ကြွေရည် သုတ်ထားတဲ့ အရောင်က အလွန်ကောင်းမွန်လှပြီး ရွှေရောင်နဲ့ ရေးခြယ်ထားသည်။ ဖွင့်လိုက်တဲ့အခါ ခေါင်ရန်းပန်းနံ့ သင်းသင်းလေးက သူမ၏မျက်နှာကို ရိုက်ခတ်လာသည်။ အဆီကလည်း အဖြူရောင် တောက်ပနေသည်။ တစ်ချက် ကြည့်လိုက်ရုံနဲ့တင် သူမ မတတ်နိုင်တဲ့ ပစ္စည်းကောင်း တစ်ခုမှန်း သူမသိလိုက်သည်။
သူမက အလွန် ကြိုက်နှစ်သက်သွားပြီး လေသံသဲ့သဲ့ဖြင့် ပြောလာသည်။
“ကျေးဇူးပါပဲ၊ နန်းသခင်မလေး ၅”
“အစ်မနဲ့ ညီမကြားမှာ ဘာလို့ အဲ့လောက် ယဉ်ကျေးနေတာလဲ”
နန်းပေါင်ရီက နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး “အစ်မ လန်အာ ညီမ တကယ်ပြောတာပါ၊ ညီမက အစ်မတို့ကို နန်းအိမ်တော်မှာ တစ်သက်လုံး နေရဖို့ မျှော်လင့်မိတယ်”
လျိုလန်အာက မျက်လုံးတွေကို နှိမ့်ချလိုက်ပြီး “သခင်မလေး ၅ က ရယ်စရာတွေ ပြောနေတာပဲ၊ ကျွန်မက ဧည့်သည် တစ်ယောက်သာပါ၊ ဘယ်လို အကြောင်းပြချက်မျိုးနဲ့ တခြားသူရဲ့ အိမ်တော်မှာ နေလို့ရပါ့မလဲ”
နန်းပေါင်ရီက သူမ၏မျက်နှာလေးကို ထိကိုင်လိုက်ပြီး မျက်လုံးရွဲကြီးတွေက အပြစ်ကင်းစင်ဟန်နဲ့ “ဒီအိမ်ကလူနဲ့ လက်ထပ်လိုက်ရင် ဒီမှာ တစ်သက်လုံး နေလို့ရပြီမလား အဲ့ဒီလို ပြောတော့မှပဲ ညီမရဲ့ အစ်ကိုတွေက တစ်ယောက်မှ လက်မထပ်ရသေးဘူး၊ အားလုံးထဲမှာ အနာဂတ်ကောင်း ရှိတာက အစ်ကို နန်းကျင်ပဲ၊ သူက ကျောင်းသားကောင်း တစ်ယောက်ဆိုတော့ ကျိန်းသေပေါက် အနာဂတ်မှာ စာပေ ပညာရှင်ဖြစ်လာမှာ၊ အစ်မနဲ့လည်း မောင်နှမ ဝမ်းကွဲတွေပဲလေ၊ ပြောရရင် ဒေါ်ဒေါ်လျိုနဲ့ နန်းယန်ကလည်း ဒီလက်ထပ်ပွဲကို ဦးစားပေး လက်ခံကြမှာ သေချာတယ်”
လျိုလန်အာက ခဏချင်း အကြိမ်ထောင်ပေါင်း များစွာ တွေးတောလိုက်သည်။
နန်းပေါင်ရီက သူမ၏ တုန်ရီနေသည့် မျက်တောင်ဖျားတွေကိုကြည့်ရင်း သူမ စိတ်လှုပ်ရှားနေပြီ ဆိုတာကို သိလိုက်သည်။
သူမက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
တံခါးတစ်ဖက်မှ ငိုသံက ပြန့်လွင့်လာသည်။ အစ်မလျိုက လျိုဒုန်ဖန်အတွက် ငိုကြွေးနေခြင်းပင်။
နန်းပေါင်ရီက စိတ်ပူသွားဟန်နဲ့ “အစ်မရဲ့အမေက အစ်မရဲ့အစ်ကိုကိုပဲ ဂရုစိုက်နေတာ တကယ် စိတ်မကောင်းစရာပဲ၊ အစ်မလန်အာ လက်ထပ်ဖို့ကို စဉ်းစားဖို့ အချိန်မရှိမှာ ညီမစိုးရိမ်မိတယ်၊ အိမ်မှာ အစ်မကို စောင့်ရှောက်ပေးမဲ့လူ မရှိတာက တကယ်ကို သနားစရာ ကောင်းလိုက်တာ”
သူမက ခေါင်းကရွှေဆံထိုးကို ဖြုတ်လိုက်ပြီး လျိုလန်အာကို သဘောထားကြီးစွာနဲ့ ကမ်းပေးလိုက်သည်။
“ဒီရွှေဆံထိုးက ဆောင်းတွင်းအတွက် ရွှေပန်းထိမ်က အထူးတလည် လုပ်ပေးထားတာ၊ ဒါမျိုး တစ်ထေရာတည်းတူတဲ့ နောက်တစ်ခုဆိုတာ ကမ္ဘာပေါ်မှာ မရှိတော့ဘူး၊ ဒါကို ထိုးပြီး အစ်မရဲ့ အစ်ကိုအတွက် ဝမ်းနည်း မနေပါနဲ့တော့… အစ်မအတွက်ပဲ ပိုပြီးစဉ်းစားပါ၊ အဲ့ဒါကမှ မှန်တာ”
ပြောပြီးနောက် သူမက ထပြီးပြန်သွားတော့သည်။
မီးအိမ်၏ အလင်းရောင်က အနီရောင် သန်းနေသည်။
လျိုလန်အာက သူမ၏လက်ထဲက ရွှေဆံထိုးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ပုလဲတွေနဲ့ စီခြယ်ထားတဲ့ ဇာမဏီပုံ ရွှေဆံထိုးက ထူထဲပြီး အလွန် လက်ရာမြောက်လှသည်။ နန်းယန်ပေးတဲ့ ဆံထိုးထက်ပိုပြီး ကောင်းမွန်သည်။
နန်းအိမ်တော်က တကယ်ကို ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေ ကြီးမြင့်လှသည်။ နန်းသခင်မလေးတွေ ပေးတဲ့ဆံထိုးတွေကလည်း အလွန် အဖိုးတန်သည်။
သူမ တကယ်ကို မနာလိုဖြစ်သွားရသည်။
သူမသာ လက်ထပ်ပြီး နန်းအိမ်တော်ကို ဝင်ရောက်နိုင်ခဲ့ရင်…
ဝမ်းကွဲအစ်ကို နန်းကျင်က သူမနဲ့ ရွယ်တူလောက်ပင်။ ပြီးတော့ ဝမ်းကွဲမောင်နှမ ဆိုတဲ့ ပတ်သက်မှုလည်း ရှိသည်။ သူမအဒေါ်၏ စကားတွေကို ကြားရသလောက်တော့ သူ၏စာပေ အဆင့်က ထိပ်တန်း ရောက်လုနီးနီးဟုပင်။ အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကျောင်းသားတွေ၏ စာပေအဆင့် သတ်မှတ်ချက်ပင်။
သူမသာ သူနဲ့လက်ထပ်နိုင်ခဲ့ရင်….
လျိုလန်အာက ရွှေဆံထိုးကို တင်းတင်းဆုပ်ရင်း တွေးနေမိသည်။ သူမက အမတ်မင်း၏ မောင်းမ မဖြစ်ချင်ပါချေ။ နန်းကျင်၏ ဇနီးသာဖြစ်လိုသည်။
တစ်ဖက်မှာတော့….
နန်းပေါင်ရီက လျိုလန်အာကို လွှမ်းမိုးချုပ်ကိုင်ပြီးသည့် အချိန်မှာပဲ ရှောင်းယီကလည်း ကျောက်ဝမ်ခြံကို ပြန်သွားတော့သည်။
ဖူရုံပွဲကြည့်စင်၏ ဝါးကန့်လန့်ကာက မြင့်မားပြီး ထိန်လင်းတောက်ပ နေသည်။
လက်ဝကျယ်တဲ့ အဖြူရောင် ဝတ်စုံနဲ့ လူငယ်တစ်ယောက်က ပွဲကြည့်စင်မှာ ရပ်နေပြီး နှင်းတွေ၏ အလှကို ပျော်ရွှင်စွာ ခံစားနေသည်။
ရှောင်းယီက ပွဲကြည့်စင်၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။
ရှန်းရိချောင်က လှည့်ကြည့်လိုက်ပြီး အေးစက်သည့် အသံဖြင့် “ချစ်မြတ်နိုးတဲ့ မိန်းကလေး အတွက်ဆိုရင် မိသားစုတွေ အားလုံးကို နွေဦးကျောက်စိမ်းစံအိမ်မှာ ပြဇာတ်ကြည့်ဖို့ ဖိတ်တယ်၊ ပြီးတော့ သူနဲ့ နှင်းတွေကြားမှာ ဆော့နေသေးတယ်…. အမတ်မင်းက အရမ်း လိုချင်တပ်မက်ဖို့ ကောင်းတာပဲ”
ရှောင်းယီက သူ့ကိုကြည့်လိုက်သည်။
ရှန်းရိချောင်က ခဏရပ်သွားပြီး ဆက်ပြောလာသည်။
“ငါ့အဒေါ်က တောင်ပိုင်းကို ပို့လိုက်တယ်ဆိုတာက မင်းကို တောင်ပိုင်းရဲ့ ဘုရင်ခံတစ်ယောက် ဖြစ်လာဖို့၊ ဒါပေမယ့် မင်း ဒီနှစ်တွေအတွင်း ဘာတွေလုပ်နေခဲ့လဲ ဒေါ်လေး ပို့လာတဲ့ မျက်စိလို နားလိုလူတွေကို ဖိအားပေးပြီး သတ်ပစ်တယ်၊ ရှုနိုင်ငံမှာ လျှို့ဝှက်စစ်သည် သုံးသောင်းကို ပျိုးထောင်ထားတယ်၊ အခုတော့ မင်းက တောင်ပိုင်းက မိန်းမတစ်ယောက်ကို လက်ထပ်ချင်နေသေးတယ်၊ ရှောင်းယီ မင်းက တရုံကို သစ္စာဖောက်ချင်တာလား”
သူက မျက်နှာကို ရှုံ့မဲ့ပြီး ဆူပူနေသည်။ သူ၏ ဝတ်ရုံလက် အကြီးကြီးက လေမတိုက်ဘဲ ကခုန်နေတော့ သည်။
ရှောင်းယီက ဟက်ခနဲ ရယ်လိုက်ပြီး “ငါဘုရင်ခံဖြစ်လာဖို့ ဆိုတာကလည်း သူ့အတွက်ပဲ၊ ရှုနိုင်ငံ၏ စည်းစမ်း ချမ်းသာတွေကို ပိုင်ဆိုင်ဖို့ ဆိုတာကလည်း သူ့အတွက်ပဲ၊ ဒါပေမယ့် သူကငါ့ကို တစ်ညလေးတောင်မှ မချီးမြှောက်ခဲ့ဖူးဘူး၊ ငါကဘာလို့ သူ့အတွက် လုပ်ပေးရမှာလဲ”
“သူရဲ့သွေးတွေက မင်းကိုယ်ထဲမှာ စီးဆင်းနေတာနော်”
“သူငါ့ကို မမွေးခဲ့ဖို့ ငါဆုတောင်းတယ်”
“သူက တရုံရဲ့ မိဖုရားပဲ၊ ပြီးတော့ မင်းအမေ၊ မင်းက သူ့ကို လေးစားသင့်တယ်၊ လူတွေ ဘယ်လောက်များများက သူ့အတွက် ပေးဆပ်ချင်ကြလဲ၊ မင်းကဘာလို့ ခြွင်းချက်တစ်ခု ဖြစ်ချင်နေတာလဲ”
ရှောင်းယီက လှောင်ရယ်လိုက်ပြီး “မင်းရဲ့ဘဝကိုပဲ ပေးလိုက်လေ၊ မင်းကသူ့ ဇာမဏီမွေ့ရာပေါ်ကို ကုပ်တက်ချင်နေတာ မလား”
“မင်း…”
ရှန်းရိချောင်က ယင်းလိပ်ကို ဒေါသတကြီးနဲ့ ဖယ်၍ ပွဲကြည့်စင်ကနေ ခုန်ထွက်လာပြီး သူ့ကို ပြင်းထန်တဲ့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ရှောင်းယီက ဘေးကိုတိမ်းပြီး ရှောင်လိုက်သည်။
ရှန်းရိချောင်က တကယ်တော့ တိုက်ခိုက်ရေးရာကို မတတ်မြောက်ပါချေ။ ဒါ့ကြောင့် သူက အားလွန်ပြီး ရှက်စရာကောင်းအောင် နှင်းတောထဲသို့ ကျသွားပြီး နှင်းတွေကို ပါးစပ်အပြည့် ဟပ်မိသွားသည်။
ရှောင်းယီက ဂရုမစိုက်ဟန်နဲ့ “ရှန်းရိချောင်၊ လက်တံရှည်တဲ့ အဒေါ်တွေ၊ လက်တံတိုတဲ့ အဒေါ်တွေဆိုတာမျိုး မရှိပါဘူး၊ ယောက်ျားကောင်း တစ်ယောက်ဆိုတာ ကိုယ်ကိုယ်တိုင် အောင်မြင်မှုကို အရယူနိုင်ရမယ်၊ သူက အစိုးရအဖွဲ့ အာဏာကို ထိန်းချုပ်ထားနိုင်ပြီး ဆွေမျိုးကောင်းစားရေးကို ရှေးရှုပြီး နိုင်ငံသားတွေိကိုတော့ ပစ်ပယ်ထားတယ်၊ အဲ့လိုလူစားမျိုးက သခင်အဖြစ်ခစားဖို့ မတန်ဘူး”
“သူက မင်းအမေဖြစ်ပြီး ငါ့ဒေါ်လေးလေ၊ မင်း ဘုရင်ခံ တံဆိပ်တော်ကို မရမချင်း သူက တရုံကို အရင်းပြုပြီး ကမ္ဘာကြီးကို အမိန့်ပေးနေရဦးမှာပဲ၊ ကူရှုရဲ့ နိုင်ငံတွေကို ပေါင်းစည်းဖို့က မင်း ဆန္ဒမဟုတ်ဘူးလား”
ရှန်းရိချောင်က သူ၏နောက်ကျောကို ကြည့်ပြီး အော်ဟစ်နေသည်။
ရှောင်းယီက ရပ်တန့်သွားသည်။
ရှည်လျားတဲ့ ညတာ၏ နှင်းစက်တွေက သူ၏ဘေးဘက် မျက်နှာပေါ်မှာ တောက်ပနေပြီး လူငယ်၏ အရိုးအဆစ်တွေက ပြီးပြည့်စုံစွာ ထုဆစ်ထားသလိုပင်။ သူ၏ နှုတ်ခမ်းတွေက ပါးလျလှသည်။
သူ့အသံက ပြတ်သားပြီး အေးစက်စက် အငွေ့အသက်တွေ ဖုံးလွှမ်းနေလေသည်။
“ငါက နိုင်ငံကို ပြန်လည် ထူထောင်ချင်တယ်၊ ပြီးတော့ လောကကြီးကို ငြိမ်းချမ်းသာယာ စေချင်တယ်၊ ဒါပေမယ့် သူကတော့ လောကကြီးရဲ့ အရှင်သခင်မ ဘယ်တော့မှ ဖြစ်မလာစေရဘူး၊ သူနဲ့ မထိုက်တန်ဘူး”
ရှန်းရိချောင်က ထွက်သွားတဲ့ ခြေလှမ်းတွေကို စောင့်ကြည့်နေပြီး နှင်းတွေကို လက်သီးနဲ့ ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။
ငါ့အဒေါ်က လောကကြီးရဲ့ ဥသျှောင် မဖြစ်ထိုက်ဘူးဆိုရင် သူကရော ထိုက်တန်လို့လား
မိဖုရားတစ်ပါးအနေနဲ့ သူ့အဒေါ်က ဧကရာဇ်နဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့အထိ အရည်အချင်းရှိပြီး အင်အားကြီးမားလှသည်။ တရုံကို မင်းပြောင်းမင်းလွဲ ဖြစ်ရုံတင်မကပဲ ဧကရာဇ်တစ်ပါးဖြစ်ဖို့ သူက ပံ့ပိုးပေးမှာဖြစ်သည်။
ကမ္ဘာပေါ်မှာ သူ့အဒေါ်ထက် ဘယ်သူကမှ ပိုမကောင်းပါချေ။
နှင်းပွင့်တွေက တိတ်ဆိတ်စွာ ကျဆင်းနေသည်။
ကျောက်ဝမ်ခြံ၏ အငြင်းပွားမှုက လေအေး တစ်ချက်အဝှေ့မှာ လွင့်ပြယ်သွားသည်။ နန်းအိမ်တော်ကတော့ နှစ်သစ်မှာ ငြိမ်းချမ်းတဲ့ နိမိတ်ကို ဆောင်နေသလိုပင်။
နောက်တစ်နေ့မှာတော့ နှင်းကျနေပေမယ့် နေလည်း သာနေသည်။
နန်းပေါင်ရီက အိပ်ခန်းထဲမှာ ထိုင်နေပြီး အပူပေးထားတဲ့ လိမ္မော်သီးတွေကို စားနေသည်။ ဟယ်ယဲ့က ကနုတ်တွေ ထိုးထားတဲ့ သေတ္တာလေး တစ်လုံးကို ပြုံးရင်းကိုင်ပြီး ဝင်လာသည်။
“နန်းယန်ရဲ့အစ်ကို နန်းကျင်က ဝမ့်ချွင်းကျောင်းကနေ ပြန်ရောက်လာလို့ လက်ဆောင်နည်းနည်း ဝယ်လာခဲ့တယ်၊ မမလေးအတွက်လည်း ပါတယ်”
နန်းပေါင်ရီက သေတ္တာကို ယူလိုက်သည်။
ဟယ်ယဲ့က အလွန် ပျော်ရွှင်နေဟန်နဲ့ “နန်းကျင်က ဆုန်းဟယ့်ခြံကိုသွားပြီး သခင်မကြီးကို ဂါရဝပြုတော့ ဒီအစေခံက အဝေးကနေ ကြည့်လိုက်တယ်၊ သူ့ပုံစံက တင့်တယ်ပြီး ချောမောနေတာ ပညာရှိတစ်ယောက် ပီသလိုက်တာ၊ နန်းယန်တို့ သားအမိနဲ့တော့ တခြားစီပဲ”
နန်းပေါင်ရီက လက်ဆောင်တွေကို ကြည့်ပြီး ပြုံးရင်းပြောလိုက်သည်။
“အသိုက်တစ်ခုတည်းကပေါက်တဲ့ဥချင်း ဘယ်လိုလုပ် ကွာခြားချက်ရှိပါ့မလဲ”
***