အပိုင်း (၁၇၂)
ပူးပေါင်းကြံစည်မှုကို ဖျက်ဆီးခြင်း
“မမလေး အဲ့ဒါဘာအဓိပ္ပါယ်လဲ”
ဟယ်ယဲ့က နားမလည်နိုင်စွာနဲ့ မေးလာသည်။ နန်းပေါင်ရီက ကနုတ်တွေ ထွင်းထားတဲ့ သေတ္တာကို ကြည့်ဖို့ လက်ဟန်ပြလိုက်သည်။
သေတ္တာက ထူထဲတဲ့ ပိုးထည်စနဲ့ ဖုံးအုပ်ထားပြီး ဖြူဖွေးနေသည့် ကြွေထည် နှစ်သစ်အရုပ်လေးကို သေတ္တာထဲမှာ ထည့်ထားသည်။ အလွန်ချစ်စရာ ကောင်းပြီး အနုစိတ်လှသည်။
သို့သော်လည်း ဆန်းကြယ်လှစွာ အရုပ်၏ မျက်လုံးတွေကတော့ အနီရောင် ဖြစ်နေလေသည်။
ဟယ်ယဲ့က နားမလည်သေးဘဲ “ထူးဆန်းတဲ့ မျက်လုံးတွေကလွဲလို့ တခြားကတော့ လှနေတာပဲ…”
နန်းပေါင်ရီက ကစားဖို့ အရုပ်ကို ထုတ်ယူလိုက်သည်။ အချိန်ခဏအကြာ အနီရောင် သွေးစီးကြောင်း နှစ်ကြောင်းက အရုပ်လေး၏ မျက်လုံးတွေထဲကနေ စီးဆင်းလာသည်။ အရုပ်၏ အပြစ်ကင်းစင်တဲ့ မျက်နှာ လေးပေါ်က သွေးစီးကြောင်းကြီးက ကြည့်လေကြည့်လေ ပိုပြီးကြောက်ဖို့ ကောင်းလာလေ ဖြစ်သည်။
ဟယ်ယဲ့က ပါးစပ်ကိုအုပ်လိုက်ပြီး မယုံနိုင်ဟန်နဲ့ “ဒီအရုပ်က ….. နိမိတ်မကောင်းတဲ့ အရုပ်ဖြစ်နေမလား မမလေး ဘုရားကျောင်းကိုသွားပြီး လက္ခဏာ မေးကြည့်ကြရင် ကောင်းမလား ဟင်”
“ဒါက နိမိတ်မကောင်းတဲ့ အရုပ်မဟုတ်ဘူး ဒါပေမယ့် ဒါကလူတွေရဲ့ အတွင်းစိတ်ပဲ”
နန်းပေါင်ရီက မျက်နှာတစ်ချက် မပျက်ဘဲ အရုပ်ကို ပစ်ခွဲလိုက်သည်။ အဖြူရောင် ကြွေစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားတော့သည်။
သူမက အပိုင်းအစတစ်ခုကို ကောက်ယူလိုက်ပြီး အနံ့ခံကြည့်လိုက်သည်။
သူမက တိုးတိမ်သည့် အသံဖြင့် “ဒါက ပျားဖယောင်းဆီပဲ၊ သွေးတွေနဲ့ မျက်ရည်တွေ အခုမှ စီးကျလာတယ် ဆိုတာက ခဲနေတဲ့ အနီရောင် ပျားဖယောင်းဆီက မီးအိုးရဲ့ အပူချိန်နဲ့တွေ့ပြီး အရည်ပျော်သွားပြီး သွေးတွေနဲ့ မျက်ရည်တွေလို့ မှားယွင်းပြီး ထင်မှတ်အောင် လုပ်ထားတာ”
အရင်ဘဝ နန်းတော်ထဲမှာတုန်းက သူမမှာ အတွေ့အကြုံတွေ အများကြီးရှိခဲ့သည်။
ဇာမဏီငှက်၏ ငိုကြွေးဟန်ကို ဟန်ဆောင်ဖို့ မောင်းမတွေက အချင်းချင်း အနီရောင် ပျားဖယောင်းဆီကို အသုံးပြုကြသည်။ ရိုးစင်းတဲ့ ကိစ္စလေးက မရေမတွက်နိုင်တဲ့ ပြဿနာကြီးတွေကို ဖြစ်စေခဲ့သည်။
နန်းကျင်က ဒီလို ငိုကြွေးနေသည့် အရုပ်ကို လုပ်ခဲ့တာက သူမကို သတိမမူတတ်တဲ့ နန်းသခင်မလေးလို့ ထင်နေပြီး သူမကို ခြောက်လှန့်၍ သူ၏အမေ လျိုရှောင်မုံ့၏ ဒေါသတွေကို ဖြေလျှော့ပေးခြင်း ဖြစ်သည်။
ကံမကောင်းစွာနဲ့ပဲ နန်းပေါင်ရီက အရင်ဘဝကလို ငတုံးမလေး မဟုတ်တော့ပါချေ။
ဟယ်ယဲ့က စိတ်ဆိုးနေပြီး “သူတို့က အိမ်က ကျွေးတာကိုစား ဆင်တာကိုဝတ်ပြီး မမလေးကို ဒီလို စိတ်မချမ်းမသာ ဖြစ်အောင်လုပ်ကြတယ်၊ ကျွန်မ သခင်မကြီးကို သွားတိုင်မယ်”
“သူက ဝန်ခံမှာ မဟုတ်ဘူး”
နန်းပေါင်ရီက လိမ္မော်သီးကို ဖြည်းဖြည်းချင်း အခွံခွာနေပြီး “လက်ဆောင်တစ်ခုက လူဘယ်လောက်များများ လက်ထဲကို ဖြတ်လာရလဲ၊ အဘွားက မေးရင်တောင် သူက ဝန်ခံမှာ မဟုတ်ဘူး၊ ဒါပေမယ့် လက်ဆောင်ကို ထိတွေ့လိုက်တဲ့ မိန်းကလေးကတော့ ထိတ်လန့်သွားမှာပေါ့”
“ဒါပေမယ့် သူက မမလေးကို လန့်အောင် လုပ်တယ်လေ၊ ကျွန်မတို့က ဒီအတိုင်း ထားလိုက်ရမှာလား”
နန်းပေါင်ရီက လိမ္မောသီးတွေကို ခွာပြီး ခွဲခြမ်း၍ ဟယ်ယဲ့ကို ပေးလိုက်သည်။
သူမ၏မျက်ခုံးတွေက တွန့်ချိုးနေပြီး “ငါ့အစေခံမလေးက အရမ်းကို ဖြူစင်တာပဲ၊ ငါက မကျေနပ်ချက်တွေကို မျှမျှတတ လက်တုံ့ပြန်ရတာကို ကြိုက်တယ်၊ ငါက ကောင်းကောင်း အားနေတော့ နန်းကျင်အတွက် အနီရောင် စာအိတ်တစ်လုံးကို မနေ့ညက ပေးခဲ့လိုက်ပြီ၊ ဘဝရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းတွေကို သူသိပ်မကြာခင်မှာ ကြုံတွေ့ရတော့မှာပါ၊ ပျော်စရာကောင်းတဲ့ အခိုက်အတန့်လေး တွေပေါ့”
ဟယ်ယဲ့က ပိုပိုပြီး စိတ်ဆိုး သွားတော့သည်။
“ဒီအစေခံက ပိုပြီး နားရှုပ်သွားပြီ၊ သူက မမလေးကို ထိခိုက်အောင် လုပ်ထားတာလေ၊ ဘာလို့မမလေးက သူ့ဘဝကို ကောင်းမွန်အောင် ကူညီပေးရတာလဲ”
နန်းပေါင်ရီက ပြုံးနေပြီး ဘာမှပြန်ဖြေမလာပါချေ။
သူမက လိမ္မော်သီး အမွှာတွေကို စားနေပြီး မျက်နှာက အရမ်းကို ချိုမြိန်နေဟန်နဲ့ စိတ်ခံစားမှုက ကောင်းမွန်နေပုံပင်။
ထိုအချိန် အရှေ့ခြံက ဘေးဘက်အခန်းတွင်….
လျိုရောင်မုံ့က ကိုယ်ဝန် ပျက်ကျထားတာကြောင့် အိပ်ရာထဲလဲ၍ နေမကောင်း ဖြစ်နေဆဲဖြစ်သည်။
သူမ၏မျက်နှာမှာ မျက်တွင်းတွေက ကျနေပြီး အရင်က အချိန် အကြာကြီးပေးပြီး အသေးစိတ် ဂရုစိုက် ထားတဲ့ အလှအပတွေက ပျောက်ကွယ်နေခဲ့ပြီ။ မျက်ခုံးတွေကလည်း ဖျော့တော့နေပြီး ခါးသည်းလှတဲ့ ရန်ငြှိုးတွေကသာ ထင်ကျန်နေခဲ့သည်။
သူမက နန်းကျင်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သူ့ကိုကြည့်၍ မျက်ရည်တွေ ကျဆင်းလာသည်။
“အမေ၊ ဝမ်းမနည်းပါနဲ့၊ ကလေးက ပြန်ရမှာပါ၊ အမေ့ကို နာကျင်ထိခိုက်အောင် လုပ်တဲ့ နတ်ဆိုးတွေ အားလုံးကို အဆုံးသတ် မလှအောင် လက်တုံ့ပြန်ပေးပါ့မယ်”
လူငယ်က အတွေးထဲမှာ လုံးဝ နစ်မြုပ်နေသည်။ သူ့မျက်နှာ အနေအထားက နန်းကွမ်နဲ့ သုံးပုံလောက် တူညီသည်။ သို့ပေမယ့် စာပေ အငွေ့အသက်တွေနဲ့ ယဉ်ကျေးသိမ်မွေ့မှု အနည်းငယ်တော့ ရောစွက်နေလေသည်။ သူ၏ပုံသဏ္ဌာန်က တည်ကြည်ပြီး ကြော့ရှင်းနေသည်။
ရွှေသရဖူတစ်ခုကို ဆောင်းထားပြီး ကျောက်စိမ်းခါးပတ်ကို ခါးမှာပတ်ထားသည်။ အဖိုးထိုက်တန်တဲ့ သားမွေးအပေါ်ထပ် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးကို အသေးစိတ် ဂရုစိုက် ပြင်ဆင် ထားသည်။ သူ့ကိုကြည့်ရတာ လူချမ်းသာ တစ်ယောက်၏ သွင်ပြင်အပြည့် ထင်ဟပ်နေလေသည်။
လျိုရောင်မုံ့က မျက်ရည်တွေပဲ စီးကျနေသည်။ နောက်ဆုံး သူမငိုလို့ ဝသွားတော့မှ အသံဖွဖွဖြင့် ပြောလာသည်။
“သနားစရာ ကောင်းလိုက်တဲ့ ငါ့ကလေးလေး၊ သူက ခြောက်လပဲ ရှိသေးတာ၊ ပြီးတော့ ယောက်ျားလေးဖြစ်မှာ…. မင်းရဲ့အဒေါ်က တွန်းချလိုက်လို့ ဖြစ်တာဆိုပေမယ့် အရင်းမြစ်က နန်းပေါင်ရီနဲ့ ချန်ယဲ့ရူတို့ကြောင့်ပဲ၊ ကျင်းအာ မင်းက သူတို့ကို ကလဲ့စား ပြန်ချေပေးပါ့မယ်လို့ အမေ့ကို ကတိပေးရမယ်နော်”
နန်းကျင်က သူမလဲလျောင်းဖို့ ကြင်နာစွာ ကူညီပေးလိုက်ပြီး “အမေ၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မိသားစုက နန်းအိမ်တော်ကို ရောက်နေပြီပဲ၊ ပြီးတော့ ညီမလေးကလည်း နန်းပေါင်ရီရဲ့ မင်္ဂလာပွဲကို ဖျက်ဆီး ပစ်လိုက်နိုင်တယ်၊ အဲ့ဒါက ကောင်းတဲ့ အတိတ်နိမိတ်ပဲ၊ နောက်နှစ်ကျရင် ပိုပိုပြီး ကောင်းတဲ့ ကိစ္စတွေကို ကြုံတွေ့ရမှာပါ”
သူက လျိုရှောင်မုံ့ကို မွေ့ရာထဲ လှဲပေးလိုက်ပြီး အိပ်ခန်းထဲကနေ ထထွက်သွားတော့သည်။
နန်းယန်က အပြင်ဘက် စင်္ကြံမှာ သူ့ကိုစောင့်နေပြီး သူ့ကိုစိုက်ကြည့်၍ ယပ်တောင်နဲ့အုပ်ပြီး မေးလာသည်။
“အစ်ကို၊ အဘွားကို သွားဂါရဝပြုပြီးပြီလား အစ်ကို့ကိုသူက မြေးအဖြစ် အသိအမှတ် ပြုလိုက်လား”
နန်းကျင်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
နန်းယန်က သရော်ပြုံး ပြုံးလိုက်ရင်း “အဘွားကြီးက တကယ် ခေါင်းမာတာပဲ၊ တခြားအိမ်က အဘွားတွေဆို မြေးယောက်ျားလေးဆို ချစ်ခင်ဖို့တောင် မစောင့်နိုင်ကြဘူး၊ သူကတော့ ကောင်းနေရော၊ အမြဲတမ်း သူ့မြေးမလေးကိုပဲ ချစ်ခင်ယုယနေတာ၊ နန်းပေါင်ရီက သူအဲ့လို မြတ်နိုးနေရအောင် ဘာမို့လို့လဲ”
နန်းကျင်က တည်ငြိမ်သည့် လေသံဖြင့် “ယန်အာ၊ မင်းက နန်းပေါင်ရီထက် အများကြီး ဉာဏ်ပိုကောင်း ပါတယ်၊ ဘာလို့ အမေ့ကို ဒီလိုအခြေအနေမျိုး ရောက်စေရတာလဲ ဘာလို့ အဖေ တခြားမိန်းမနဲ့ ခြေရှုပ်မှာကို စောင့်ကြည့်မနေတာလဲ”
“အစ်ကိုက ညီမလေးကို အပြစ်တင်နေတာလား”
“အပြစ်တင်နေတာ မဟုတ်ဘူး၊ မင်းက နန်းပေါင်ရီလောက်တောင် အဖြစ်မရှိဘူးလေ၊ ဒါပေမယ့် ထားလိုက်ပါ၊ သူရှောင်းယီကို တွယ်ကပ်နေပါစေ၊ အဲ့ဒါက တကယ် အသုံးမဝင်ဘူး”
နန်းယန်၏ မျက်နှာက နီရဲသွားပြီး ပန်းထိုးပဝါကို ကိုင်၍ အချိန်အတန်ကြာမှ “အနည်းဆုံးတော့ ညီမလေးက အစ်ကိုချန်းနဲ့ လက်ထပ်ပွဲကို ကျင်းပနိုင်ပါသေးတယ်၊ အဲ့ဒါနဲ့ အစ်ကိုလည်း လက်ထပ်ဖို့ အရွယ်ရောက်နေပြီလေ၊ သဘောကျတဲ့ မိန်းကလေးတွေ ဘာတွေများ ရှိပြီလား”
နန်းကျင်က အလိုမကျစွာနဲ့ “ဒါပေါ့၊ ငါ့လက်ထပ်ပွဲက သေးသေးနုပ်နုပ်တော့ ဖြစ်လို့ဘယ်ရပါ့မလဲ”
“ဒါက… အစ်ကိုက ပညာရှိဖြစ်ဖို့ ကျောင်းဝင်ခွင့်ကိုစောင့်ရဦးမယ်လေ၊ ပြီးရင်တော့ ရှန်ကျင်းက အရာရှိတွေရဲ့ မိန်းကလေးတွေကို ရွေးယူလို့ရပြီ၊ ညီမလေး ထင်တာတော့ အမတ်ချုပ် သမီးကို ရှောရှောရှူရှူနဲ့ ကောက်ယူနိုင်ရင် ကောင်းမယ်ထင်တယ်”
သူတို့၏ မင်္ဂလာကိစ္စတွေကို ဆွေးနွေးနေကြသည့် အချိန်မှာ လေထုက နည်းနည်းပိုပြီး သဟဇာတ ဖြစ်သွား သည်။
နန်းကျင်က သူ၏လေသံကို လျှော့ချလိုက်ပြီး တည်တံ့သော မျက်နှာဖြင့် “နန်းပေါင်ရီကို ဒီတိုင်းမထားနိုင်ဘူး၊ မင်းရယ်၊ အမေရယ်က တကယ်ကို ကြင်နာကြတာပဲ၊ ဘာလို့ သူ့ကိုဒီနေ့အထိ သည်းခံနေကြတာလဲ၊ ကျားတစ်ကောင်ကို မွေးထားသလို ဖြစ်နေတယ် ဆိုတာကို မသိကြဘူးလား”
“အစ်ကိုဘာကို ဆိုလိုတာလဲ”
နန်းကျင်က ပြန်မဖြေလာပါချေ။ သို့ပေမယ့် သူ၏မျက်လုံးတွေကတော့ မည်းမှောင်နေသည်။
နန်းယန်က လေသံသဲ့သဲ့ဖြင့် “နန်းမိသားစုက သူ့ကို ရတနာတစ်ပါးလို စောင့်ရှောက်ထားကြတာ၊ အမတ်မင်းရဲ့ အစေခံကတောင် သူ့ကို အစားအစာတွေ ပြင်ဆင်ပေးရတယ်၊ လူသတ်ပြီး ထောင်ထဲဝင်တာ ကလွဲလို့ ညီမလေးတို့မှာ ရွေးချယ်စရာမရှိဘူး”
“ယန်အာ၊ တစ်နှစ်လေးပဲ မင်းနဲ့မတွေ့ရတာနဲ့ ဘာလို့အဲ့လောက် တုံးသွားရတာလဲ”
နန်းကျင်က စိတ်ပျက်နေပြီး “ဒါက ငါတို့စပြီး လုပ်ဖို့မလိုဘူး၊ လူသတ်သမားတစ်ယောက် ငှားဖို့ ငါတို့မှာ ငွေမရှိလို့လား”
“လူသတ်သမားငှားမယ်”
နန်းယန်က တစ်ခစ်ခစ် ရယ်လိုက်သည်။
“ငါ ကျောင်းမှာ ပညာသင်နေတုန်းမှာ အဆင့်အတန်း ကိုးခုက သင်ကြားနည်း သုံးမျိုးနဲ့ လူတွေ အများကြီးကို မိတ်ဖွဲ့ခဲ့တယ်၊ ရှုနိုင်ငံမှာ ပြဇာတ်ရုံတစ်ခုက တိတ်တဆိတ် လူသတ်သမား ငှားပေးတယ် ဆိုတာကို ငါသိတယ်၊ အဲ့ဒါကြောင့် ငါစုံစမ်းကြည့်လိုက်တယ်”
အစ်ကိုနဲ့ ညီမက ဆွေးနွေးပြီးသည့် အချိန်မှာ အိပ်ခန်းကိုယ်စီသို့ ပြန်သွားကြတော့သည်။
ထောင့်နားမှာတော့ လျိုလန်အာက မည်းမှောင်နေသည့် မျက်နှာနဲ့ ဘဲသားစွပ်ပြုတ် တစ်ခွက်ကိုကိုင်ပြီး ရပ်နေလေသည်။
နန်းကျင် ပြန်လာပြီဆိုတာကို သူမကြားတော့ ဖြီးလိမ်းပြင်ဆင်ပြီး လျိုရှောင်မုံ့ကို ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဟာရဖြစ်စေမဲ့ ဘဲသားစွပ်ပြုတ်ကို လာပို့ပေးပြီး နန်းကျင်ကို တွေ့ဖို့ ကြံစည်ထားတာ ဖြစ်သည်။
မမျှော်လင့်ဘဲ မောင်နှမ နှစ်ယောက်ကြားက လျှို့ဝှက်ချက် တစ်စွန်းတစ်စကို သူမ ကြားသိလိုက်ရသည်။ သူမက ပြုံးလိုက်ပြီး တိတ်ဆိတ်စွာနဲ့ စွပ်ပြုတ်ခွက်ကို ကိုင်ရင်း ပြန်ထွက်သွားတော့သည်။
ထိုနေ့ညမှာတော့ ….
နန်းကျင်က အိပ်ခန်း၏ ကန့်လန်ကာထဲက ထွက်လာလာချင်းမှာ အခန်းထဲ ရောက်နေသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။
လျိုလန်အာက ပြောင်ရှင်းနေသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကို ညင်ညင်သာသာနဲ့ စွပ်ပြုတ်တစ်ခွက် ကမ်းပေးလိုက်သည်။
“တစ်ဝမ်းကွဲအစ်ကို ပြန်ရောက်နေတယ်ဆိုလို့ လန်အာက ဘဲသားစွပ်ပြုတ် တစ်အိုးကို အထူးတလယ် ချက်လာတာပါ”
နန်းကျင်က သူ့ဦးလေး၏ မိသားစုအပေါ်မှာ အထင်အမြင်သေးသည်။ သူက စားပွဲဝိုင်းမှာ ထိုင်လိုက်ပြီး အသံပြင်းပြင်းနဲ့ ပြောလိုက်သည်။
“မိန်းမနဲ့ယောက်ျားကြားမှာ ကွာဟချက်တွေရှိတယ်၊ အခုကစပြီး ငါ့ဆီကို ညလယ်ခေါင်ကြီး မလာနဲ့၊ တခြားသူတွေမြင်ရင် ငါ့ဂုဏ်သိက္ခာ ထိခိုက်တယ်”
“ဝမ်းကွဲအစ်ကိုက ကျင့်ဝတ်ထုံးတမ်းတွေနဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက်တယ်လား”
ပြောပြီးသူမက စွပ်ပြုတ်ခွက်ကို ကမ်းပေးလိုက်သည်။ နန်းကျင်က ဘာမှပြန်မဖြေပါချေ။ သူက အလျင်စလိုနဲ့ စွပ်ပြုတ်ကို တစ်ချက်ကြည့်လိုက်သည်။
“မင်းက တောရွာက လာတာပဲ၊ ဒီလို ရေလုံပြုတ်ထားတဲ့ အစားအစာက ဘာမှဖြစ်မလာနိုင်ဘူး၊ စားဖိုဆောင်က စားတော်ကဲတွေချက်တဲ့ ဘဲသားစွပ်ပြုတ်ကိုပဲ ငါကသောက်တယ်၊ ဒါတွေကို ပြန်ယူသွား”
ပြောပြီးနောက်သူက စာအုပ်တစ်အုပ်ကို ယူပြီး ဖတ်လိုက်သည်။
လျိုလန်အာက ပြုံးရင်း “ဝမ်းကွဲအစ်ကိုက လူသတ်သမား ငှားရမ်းဖို့ ငွေတွေအများကြီး သုံးလိုက်တော့ အပြင်ထွက်ပြီး စားဖို့ငွေကြေး လုံလုံလောက်လောက် ရှိရဲ့လား နန်းအိမ်တော်ရဲ့ သခင်လေးဆိုတဲ့ အတိုင်းပဲ ဝမ်းကွဲအစ်ကိုက တကယ် သဘောထားကြီးတာပဲ”
***