အပိုင်း (၆၂)
နန်းပေါင်ရီ ၏ အစွမ်း
နန်း မိသားစုတွင် တစ်ခုခုဖြစ်နေသည်ဟု ရှောင်းယီ တွေးမိရင်း စာအုပ်များကို ပိတ်လိုက်သည်။
ထိုလှည်းမှာ ပိုးစာပင်ဥယျာဉ်ကိုစစ်ဆေးရန် နန်း အိမ်တော်မှ လွှတ်လိုက်ခြင်းဖြစ်ဟန်တူသည်။
ရှောင်းယီ အလျင်လိုကာ နေ့လယ်စာကိုလည်း လှည်းထဲတွင်သာ စားသောက်ရမည်ဖြစ်သောကြောင့် စိတ်ထဲမထားခဲ့ပေ။
နေ့လယ်ခင်းအချိန်တွင် မိုးသည်းထန်စွာရွာခဲ့ပြီး လမ်းမှာလည်း ရွှံ့ထူထပ်နေသည်။ ချင်းချန် တောင်ခြေကိုရောက်သည့်အခါ မြင်းခြေထောက်များနှင့် လှည်းဘီးတို့မှာ ရွံ့များပေကျံနေတော့သည်။
ကံကောင်းစွာဖြင့် တောင်ခြေရောက်သည့်အချိန်မှာ ညနေစောင်းဖြစ်နေခဲ့ပြီး မိုးလည်းတိတ်သွားလေသည်။
နန်းပေါင်ရီ လိုက်ကာကို မတင်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လေသည်။ မိုးသည်းစွာရွာသွန်းခဲ့သဖြင့် အပင်များမှာ စိမ်းလန်းစိုပြည်လျက် သစ်ရွက်ထိပ်လေးများတွင်လည်း မိုးရေစက်များ တွဲခိုနေသေးသည်။
လေထုမှာလည်း စိုစွတ်နေပြီး မိုးလေပြည်လေးက ပန်းရနံ့လေးများကို သယ်ဆောင်လာသဖြင့် စိတ်ကိုလည်း အလွန်အေးချမ်းစေသည်။
ချင်းချန် တောင်မှာလည်း သိပ်မဝေးတော့ဘဲ တောင်ဘေးနှင့် တောင်ထိပ်တွင် ဆောက်တည်ထားသော ဘုရားကျောင်းပြဿဒ်တို့ကိုလည်း တွေ့မြင်နိုင်သည်။
“လှလိုက်တာ !”
နန်းပေါင်ရီ ချီးမွမ်းစကားဆိုလိုက်ပြီးနောက် မကြာခင်တွင် လှည်းတိမ်းစောင်းသွားပြီး အရှေ့တွင်ရှိသော ရွှံ့အိုင်ထဲသို့ ကျလေသည်။ လှည်းတစ်စီးလုံးမှာလည်း ရွှံ့များဖြင့် ညစ်ပေကုန်သည်။
နန်းပေါင်ရီ လှည်းထဲမှ ရှက်ကိုးရှက်ကန်းနှင့် တိုးထွက်လာပြီး ဟယ်ယဲ့ အကူအညီဖြင့် လမ်းမပေါ်သို့ တက်လာခဲ့သည်။
နန်းပေါင်ရီ မှာလည်း ရွှံ့များဖြင့် ပေကျံနေလေသည်။ သူမ၏ပေရေနေသော ဂါဝန်ကို အသာခါလိုက်ပြီး ငိုချင်လာသော်လည်း မျက်ရည်များမကျလာပေ။
“အိမ်တော်ထိန်း .. လှည်းကိုဘာလို့ရွှံ့ရေထဲ မောင်းရတာလဲ !”
အိမ်တော်ထိန်းလည်း ရှက်တက်တက်ဖြင့် ….
“သခင်မလေး .. ကျွန်တော်က လမ်းလယ်မှာ ရေအိုင်လေးတွေ့လိုက်တော့ နိမ့်နိမ့်လေးဖြစ်မယ်ထင်ခဲ့တာ ဒီလောက်နက်မယ်လို့ မတွေးခဲ့မိဘူး … ဥယျာဉ်ကအရှေ့နားဆိုရောက်ပါပြီ သခင်မလေးရဲ့အဝတ်တွေလဲဖို့ ကျွန်တော်ချီသွားပေးရမလား”
လှည်းတစ်စီးလုံး စိုရွှဲသွားသော်လည်း ငွေစက္ကူများမှာ အဆင်ပြေနေပြီး သူမသာလျှင် အဝတ်မြန်မြန်မလဲနိုင်မှာကိုသာ စိုးရိမ်နေသည်။
ပြန်လည်မွေးဖွားခဲ့ပြီးနောက် နန်းပေါင်ရီ သည် အရင်ဘဝကဲ့သို့ မနူးညံ့တော့ပေ။
သူမလ က်ခါပြပြီး မလိုကြောင်းငြင်းကာ ဂါဝန်ကို မလျက် ဥယျာဉ်ခြံသို့ လမ်းလျှောက်သွားလေသည်။
မလှမ်းမကမ်းတစ်နေရာတွင် ရှောင်းယီ ၏ လှည်းရပ်သွားပြီး ကန့်လန့်ကာကို မကာ လမ်းလျှောက်သွားသော ကလေးမလေးကို ရှောင်းယီ ကြည့်နေမိသည်။
နန်း မိသားစုကိုယ်စား နန်းပေါင်ရီ က ပိုးစာပင်ခြံကို လာရောက်စစ်ဆေးနေသည်။
ကြိုးနီလေးဖြင့် ချည်ထားသော အကြွေစေ့ကို ရှောင်းယီ အသာထိကိုင်လျက် မျက်ခုံးပင့်ကာ သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုနူးညံ့သောကလေးမလေးက ဘယ်အချိန်ကများစပြီး အလုပ်ကြိုးစားလာရတာလဲ။
တစ်ချိန်တည်းမှာပင် ရှောင်းယီ စိတ်ထဲ ထိုခြံထဲတွင် ၂ညကြာ နေချင်လာသဖြင့် ….
“သူ့နောက်လိုက်သွား”
အိမ်တော်မှ သတင်းရောက်လာသဖြင့် ဥယျာဉ်ခြံအတွင်းရှိ နားနေဆောင်ကို သန့်ရှင်းပေးထားပြီးဖြစ်သည်။
အဆောင်မှာတိတ်ဆိတ်ကာ အလွန်သန့်ရှင်းနေပြီး ပြတင်းပေါက်ဘောင်တွင်လည်း ကြွေပန်းအိုးတစ်လုံးတင်ထားကာ ပန်းအိုးထဲတွင်လည်း မကြာသေးခင်ကပွင့်လန်းခဲ့သော ကြာပန်းတစ်ပွင့်ကိုလည်း ထည့်ထားသဖြင့် ပို၍လှပေနေသည်။
နန်းပေါင်ရီ လည်း ဝတ်စုံကိုအမြန်လဲလိုက်ပြီး အခန်းသို့ပြန်ရောက်လာခဲ့သည်။
ဟယ်ယဲ့ က ရင်နာစွာဖြင့် …
“ဒီလိုချည်ဝတ်စုံက သခင်မလေးကို အနာတရာဖြစ်စေလိမ့်မယ် .. သခင်မလေး ဒီတစ်ရက်တော့ သည်းခံပေးပါနော် မနက်ဖြန်ဆို အဝတ်တွေခြောက်ပြီဆိုတော့ ပြန်လဲလို့ရပါပြီ”
ဟယ်ယဲ့ စကားကို နန်းပေါင်ရီ စိတ်ထဲမထားဘဲ …
“ချည်သားကလည်း ကောင်းပြီး ဝတ်လို့အဆင်ပြေပါတယ်”
အတိတ်ဘဝတွင် သူမ၏အဝတ်အထည်များမှာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး ကိုယ့်ကိုယ်ကို အနွေးဓါတ်ပေးရန်ပင် မလုံလောက်ခဲ့ပေ။
အခုတွင် သန့်ရှင်းသောချည်ဝတ်စုံကို ဝတ်ရသည့်အတွက်လည်း သူမစိတ်မကျေမနပ်ဖြစ်ခြင်း မရှိတော့ပေ။
သူမအခန်းပြင်ထွက်လိုက်သည့်အခါ ဘေးတစ်ဖက်ရှိ တံစက်မြတ်အောက်တွင်ရပ်နေသည့် အနက်ရောင်ဝတ်စုံနှင့် ခန့်ညားသောလူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူမှာ ရှောင်းယီ ပင်။
နန်းပေါင်ရီ မယုံကြည်နိုင်ဟန်ဖြင့် သူမမျက်လုံးကို ပွတ်သပ်ပြီးပြန်ကြည့်သည့်အခါလည်း ထိုနေရာတွင် ရှောင်းယီ ရပ်မြဲရပ်နေသည်။
သူမကိုထွက်သွားရန်ပြောခဲ့သည်ကို သတိရမိလိုက်သဖြင့် ဝမ်းနည်းစိတ်တို့ ပြန်လည်ပေါ်ပေါက်လာသော်လည်း အမတ်လောင်းဖြစ်မည့် အရှိန်အဝါကြောင့် အရိုအသေပြုကာ …
“အစ်ကို ၂ အေးချမ်းပျော်ရွှင်ပါစေ”
ရှောင်းယီ သူမကို မျက်နှာသေနှင့်သာ စိုက်ကြည့်နေသည်။
ကလေးမလေးမှာ နက်ပြာရောင်ချည်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏အင်္ကျီလက်ကိုလည်း အညိုရောင်ကြိုးဖြင့် ချည်နှောင်သိမ်းတင်ထားသည့်အပြင် ခြံထဲမှအလုပ်သမားတို့နှင့် စကားစမြည်ပြောဆိုနေသေးသည်။
ပေါ်လွင်နေစော လက်မောင်းလေးများလည်း ကြာမြစ်များကဲ့သို့ သေးသွယ်နေသည်။ သူမဦးခေါင်ထက်တွင်လည်း ပန်းပွင့်ပုံများပါသော ခေါင်းစည်ကြိုးရှည်လေးနှင့် ချည်နှောင်ထားပြီး သူမ၏ဝိုင်းစက်နေသည့် မျက်နှာလေးမှာလည်း အလွန်ချစ်စရာကောင်းနေလေသည်။
“ဒီကိုလာခဲ့”
ရှောင်းယီ ခေါ်လိုက်သဖြင့် နန်းပေါင်ရီ စူးစမ်းလိုစိတ်များနှင့် ရောက်လာခဲ့ပြီး …
“အစ်ကို ၂က တန်းလျားမှာ အပျော်မယ်တွေခေါ်ထားတယ်မဟုတ်ဘူးလား .. ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ”
ရှောင်းယီ မျက်နှာ ညို့မှိုင်းသွားလေသည်။
ဘယ်သူက အပျော်မယ်တွေခေါ်ထားလို့လဲ။
ရှောင်းယီ လှည့်ထွက်သွားချင်သော်လည်း သူမ၏လက်မောင်းများကို မဖော်ထားစေလိုသဖြင့် သူ၏အပေါ်ဝတ်ရုံကိုချွတ်ကာ သူမပေါ်သို့ လွှားခြုံပေးလိုက်သည်။
“အစ်ကို ၂ … အစ်ကိုရဲ့ဝတ်စုံက ညီမလေးအတွက် အရမ်းကြီးပြီး ဝတ်ရတာလည်း အဆင်မပြေဘူး … ညီမလေးက နန်း အိမ်တော်ကိုယ်စား ပိုးစာပင်တွေကို လာစစ်ဆေးနေတာ .. ညီမလေးအလုပ်လုပ်နေတာနဲ့တူအောင် ဝတ်ဆင်ရမှာပေါ့”
ရှောင်းယီ ၏ ဝတ်ရုံကိုပြန်ပေးလိုက်သည်။ နန်းပေါင်ရီ လက်ခါပြကာ ..
“နေဝင်ချိန်ရောက်ခါနီးပြီ … အပင်တွေကို သွားကြည့်လိုက်ဦးမယ်”
နန်းပေါင်ရီ ပြေးသွားသည်ကို ရှောင်းယီ မျက်တောင် မခတ်တမ်းကြည့်နေလိုက်သည်။ သူမ၏လေးလံသောခြေလှမ်းများမှာ အိမ်ပြန်လာခဲ့သော ခွေးပေါက်လေးနှင့် တူနေသည်။
ရှောင်းယီ ခေါင်းငုံ့လိုက်ပြီး သူ၏လက်ထဲရှိ ဝတ်ရုံလေးမှာ ကလေးမလေး၏ ကိုယ်သင်းနံ့ဖြစ်သော ခေါင်ရန်းပန်းနံ့လေး စွဲကျန်ရစ်ခဲ့သည်။ ထိုဝတ်စုံကို ရှောင်းယီ ပြန်လည်ဝတ်ဆင်လိုက်သည်။
နန်းပေါင်ရီ မှာ အလုပ်သမားများ ရိုကျိုးစွာစောင့်နေကြသည့်နေရာသို့ အမြန်ပြေးသွားလေသည်။
ထိုအလုပ်သမားများမှာ မျိုးရိုးစဉ်ဆက် သစ္စာရှိရှိနှင့် နန်း အိမ်တော်အတွက်သာ အမှုထမ်းခဲ့ကြသည်။ မလွန်ငယ်ရွယ်လှသော နန်းပေါင်ရီ ကြောင့်လည်း သူတို့စိတ်မကျသွားပေ။
“ရှ တိုင်းပြည်က အတော်ဆုံးကျွမ်းကျင်သူကလည်း လာကြည့်ပြီး သူဘာမှမလုပ်နိုင်ဘူးတဲ့”
အရှေ့ဆုံးတွင်ရပ်နေသော အဘိုးကြီးတစ်ယောက်က မျက်ရည်များကိုသုတ်လိုက်ပြီး သက်ပြင်းချကာ …
“သူပြောတာတော့ ဒီပိုးစာပင်တွေက ထူးဆန်းနေတယ် တစ်ယောက်ယောက်က အဆိပ်တွေရောသွားတာဖြစ်မယ်တဲ့”
နန်းပေါင်ရီ မျက်မှောင်ကြုတ်သွားပြီး ခြံထဲသို့ဝင်ကာ အပင်များကိုကြည့်လေသည်။
ပိုးစာပင်အရွက်များမှာ ရှင်သန်စိမ်းလန်းနေရမည်ဖြစ်သော်လည်း အခုတွင် အရွက်များမှာ ညိုးနွမ်းကာ မဲခြောက်နေသဖြင့် ပိုးကောင်များကို ကျွေးရန်မဖြစ်နိုင်တော့ပေ။
နန်းပေါင်ရီ မှာ တွေးနေရသဖြင့် ခေါင်းလည်း ကိုက်ခဲလာတော့သည်။ နောက်ကွယ်မှကြိုးကိုင်သူမှာ အလွန်ရက်စက်လှသည်။ နန်း အိမ်တော်ကို အခက်တွေ့စေရုံမက သောင်းနှင့်ချီသော အလုပ်သမားများကိုလည်း ဒုက္ခဖြစ်စေခဲ့သည်။
နန်းပေါင်ရီ စိတ်ကိုငြိမ်ငြိမ်ထားကာ …
“သိုလှောင်ရုံမှာရှိတဲ့ ပိုးစာရွက်တွေကို အရင်သုံးထားလိုက်ပါ .. သုံးရက်အတွင်း ဖြေရှင်းရမယ့်နည်းလမ်းကို ရှာပေးပါ့မယ်:
အခန်းထဲသို့ ပြန်ရောက်သောအခါ ဟယ်ယဲ့ က လက်ဖက်ရည်နွေးနွေးလေးကို ယူလာပေးလေသည်။ သူမကစိတ်ပူပန်စွာဖြင့် ….
“သခင်မလေး .. အကြီးတွေကတောင် ကြံရာမရဖြစ်နေတာ သခင်မလေးက ဘယ်လိုလုပ်ပြီး အဖြေရှာနိုင်မှာလဲ”
လက်ဖက်ရည်ခွက်ကို ကိုင်ရင်း နန်းပေါင်ရီ ပြတင်းပေါက်နားတွင် ထိုင်လိုက်သည်။
လက်ဖက်ရည်၏၏သင်းပျံ့သောရနံ့နှင့် မိုးရေစက်များအကြား မြင်နေရသော ချင်းချန် တောင်၏မြင်ကွင်းကြောင့် နန်းပေါင်ရီ ၏ စိတ်တို့ကြည်လင်သွားလေသည်။
အကယ်၍ ကျွမ်းကျင်သူကမလုပ်နိုင်လျှင် အတော်ဆုံးပညာရှင်တော့ ရှိနေနိုင်သည်မဟုတ်လား။
ဆေးအဆီအနှစ်များ ရောင်းပေးနေသည့် ရှု တိုင်းပြည်၏အတော်ဆုံးသောသမားတော် ကျန်းဆွေ့ဟန် က ချင်းချန် တောင်တွင် နေထိုင်သည်မဟုတ်ပါလား။
ထိုသူက အကျိုးအမြတ်ကိုသာကြည့်တတ်သဖြင့် သူ့အတွက် ဝင်ငွေရနေသမျှ မည်သို့သော ဖျားနာမှုမျိုးကိုမဆို သူကုသပေးမည်ဖြစ်သည်။
မနက်ဖြန်တွင် ကျန်းဆွေ့ဟန် နှင့် တွေ့ရန် သူမ ဆုံးဖြတ်ထားပြီးဖြစ်သည်။
ကံမကောင်းစွာပင် ကောင်းကင်ကြီးမှာ မနက်စောစောအချိန်ကပင် ကြည်လင်ခြင်းမရှိ အုံ့ဆိုင်းကာ ညှို့မှိုင်းနေလေသည်။
ဟယ်ယဲ့ က ပြတင်းတံခါးကိုဖွင့်ကာ မြူဆိုင်းနေသော မိုးရေစက်များကိုကြည့်ကာ စိုးရိမ်တကြီးနှင့် …
“သခင်မလေး … ရာသီဥတုက အရမ်းဆိုးနေတာ တောင်ပေါ်မတက်သင့်ဘူးလို့ထင်တယ်နော် .. လှေကားတွေက ရေညှိတက်နေတာ ချော်လဲပြီးတစ်ခုခုဖြစ်သွားရင် …”
“မဖြစ်ဘူး”
နန်းပေါင်ရီ အနည်းငယ်တိုသော အညိုရောင်ဝတ်စုံနှင့် သားရေဖိနပ်ကိုစီးကာ သေသပ်စွာ ဝတ်စားထားလေသည်။
“သားရေဖိနပ်တွေက မချော်စေဘူး နောက်ထပ်ဝါးတစ်ချောင်းထပ်ယူသွားမယ် ဘာမှမဖြစ်အောင် ဂရုစိုက်နော်”
နန်းပေါင်ရီ ဆံပင်ကိုသေချာစည်းနှောင်ကာ …
“တော်တယ် ဟယ်ယဲ့ .. ငါ့နောက်မလိုက်နဲ့တော့ မီးဖိုဆောင်ကိုသွားပြီး ကြက်သားစွပ်ပြုတ်လုပ်ထားပေး .. ချက်လို့ပြီးရင် ပြန်လာခဲ့မယ်”
ဟယ်ယဲ့ အတွက်လည်း မလွယ်ကူခဲ့ပေ။ တောင်ပေါ်မတက်ရန် သူမအမျိုးမျိုး နားချဖျောင်းဖျခဲ့သော်လည်း နန်းပေါင်ရီ က စိတ်မပူရန် အာမခံကာ ခဏခဏပြောသဖြင့် သူမစိတ်လျော့လိုက်ရသည်။
နံရံတွင်ချိတ်ဆွဲထားသော ကောက်ရိုးဦးထုပ်ကို မြဲမြံစွာချည်လျက် မိုးရေထဲသို့ ထွက်သွားတော့သည်။
တစ်ဖက်အခန်းတွင် ရှောင်းယီ က ပြတင်းပေါက်နားတွင်ထိုင်ရင်း အလုပ်သမားများပြောနေသည်ကို နားထောင်ကာ ငွေစာရင်းကို စစ်ဆေးနေသည်။
ရှောင်းယီ တစ်ခုခုကိုခံစားမိလိုက်သဖြင့် အပြင်ကိုလှည့်ကြည့်လေရာ မိုးရေထဲတွင် ရင်းနှီးနေသော သဏ္ဍာန်လေးတစ်ခုက ဝါးတုတ်ကိုကိုင်ရင်း သားရေဖိနပ်ကိုစီးကာ ဝါးခမောက်ဆောင်းလျက် ထွက်သွားသည်ကို တွေ့လိုက်ရသည်။
မိုးသည်းနေတာကို ဒီကလေးမလေးတစ်ယောက် ဘယ်တွေသွားမလို့လဲ။
****