အပိုင်း (၅၀)
အရှိန်ပြင်းစွာ ရိုက်ခံရသည့် နန်းပေါင်ရီ
သခင်မ ချန် မှင်သက်သက်နှင့် ပုဝါကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဖြစ်သွားသည်။
အမှန်တကယ်မှာ ထိမ်းမြားပွဲကို သူမ မဖျက်သိမ်းလိုပေ။
နန်းပေါင်ရုံ ၏ ခန်းဝင်ပစ္စည်းမှာ သူတို့မိသားစု၏ ဆယ်နှစ်စာ ဝင်ငွေထက် ပို၍များပြားကြွယ်ဝသဖြင့် ထိုသို့ကြီးမားသောအခွင့်အရေးကို ဘာကြောင့်များ လက်လွှတ်ခံရမှာလဲ။
ကျန်း မိသားစုကို အရှက်ရစေသည်ဟု သူမခံစားရပြီး သည်းမခံနိုင်တော့သည့်အပြင် သူမ၏လုပ်ပိုင်ခွင့်နှင့် နန်းပေါင်ရုံ ကို ဖိနှိပ်လိုသောကြောင့် အာဏာပြလိုက်ခြင်းဖြစ်သည်။
သို့သော် ထိုကလေး၂ယောက်ရောက်လာကြသဖြင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားရလေသည်။
သူမ စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုင်ခုံပေါ်ထိုင်ကာ မဲ့ပြုံးပြုံးလိုက်ပြီး …
“ဒါဖြင့် ဘာအကြောင်းပြချက်နဲ့ ဖျက်သိမ်းချင်ရတာလဲ”
နန်းပေါင်ရီ က အသံကျယ်စွာဖြင့် …
“သခင်မကို မေးပါရစေ .. ကျောင်းသားတွေက တရားမျှတမှု၊ ရိုးသားဖြောင့်မတ်မှုနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားကြတယ်မလား”
“ဒါပေါ့”
သခင်မ ချန် က မာန်ဝင့်စွာပြန်ဖြေလိုက်သည်။
“ဒါဆို သခင်မကို ထပ်မေးပါရစေ .. ကျောင်းသားတစ်ယောက်နဲ့ အစေခံတို့ တောအုပ်ထဲမှာ ကိုယ်လက်နှီးနှောနေခဲ့ကြတယ်ဆိုရင် ဘယ်လိုဆက်ဖြစ်မှာလဲ”
သခင်မ ချန် က မေးကိုမော့ရင်း ဆူပူလိုက်သည်။
“ရှက်စရာကောင်းပြီး လူ့ကျင့်ဝတ်ချိုးဖောက်တာပဲ ! ရေကန်ထဲမှာ ရေနစ်သတ်သင့်တယ် !”
နန်းပေါင်ရီ အသာပြုံးလိုက်ပြီး သူမယူလာသော ခါးပတ်နဲ့ ဆံထိုးကို စားပွဲပေါ်တင်လိုက်သည်။
“ကျွန်မနဲ့ အစ်ကို ၂တို့ လမ်းလျှောက်နေကြရင်း သခင်လေး ကျန်း နဲ့ သူ့ရဲ့ အစေခံတို့ တောအုပ်ကြားမှာ ကိုယ်လက်နှီးနှောနေကြတာကို မြင်ခဲ့ရတယ် .. ကျွန်မတို့ကိုတွေ့တော့ အလန့်တကြားနဲ့ ထွက်ပြေးသွားကြတယ်လေ ဒါချုံတွေကြားမှာ ကျကျန်ခဲ့တဲ့ သက်သေတွေပဲ .. အားလုံးစစ်ဆေးကြည့်ကြပါဦး”
အမျိုးသမီးများက စူးစမ်းလိုစိတ်နှင့်ဝိုင်းကြည့်ကြသည့်အခါ ကျန်းယွမ့်ဝမ် နှင့် အစေခံ၏ ပစ္စည်းများဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် တစ်ယောက်နှင့်တစ်ယောက် ထင်ကြေးပေးကြတော့သည်။
“အစကတည်းက တစ်ခုခုမူမမှန်ဘူးလို့ ကျွန်မထင်နေတာ … ကျန်းယွမ့်ဝမ် က ယောကျ်ားတစ်ယောက်ဖြစ်လျက်နဲ့ ဘာကြောင့် ပွဲတော်ကို မိနိးကလေးအစေခံခေါ်လာရသလဲတွေးနေတာ … လက်စသတ်တော့ သူ့အစေခံနဲ့ရည်ငံနေကြတာက ိုး”
“ဒီပွဲတော်ကို နန်း မိသားစုက ဦးဆောင်တာ … သမက်လောင်းဖြစ်တဲ့ ကျန်းယွမ့်ဝမ် က မကြောက်တတ်တာလားပဲ .. သူ့သတို့သမီးလောင်းနဲ့ မိသားစုကိုရော တကယ်ဂရုစိုက်အလေးထားရဲ့လား”
“သူက ရှု တိုင်းပြည်ရဲ့ နံပါတ်တစ် ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဒီလိုလုပ်တာ အရှက်မရှိဘူးလား … ဒီလိုလူက ဘယ်လိုလုပ်ပြီး အရာရှိဖြစ်လာနိုင်မှာတဲ့လဲ”
သခင်မ ချန် အလွန်ရှက်လှသဖြင့် လည်ပင်းမှာလည်း နီရဲနေလေသည်။
ဒီညကိစ္စကို ကြီးမားသည် သေးငယ်သည်ကို စစ်ဆေးရတော့မည်။ အကယ်၍သေးငယ်သည်ဆိုလျှင် လူငယ်သဘာဝစိတ်ကစားသည့် အကြောင်းကိစ္စတစ်ခုသာဖြစ်သည်။ အကယ်၍ ကြီးမားသည်ဆိုလျှင် ယွမ့်ဝမ် ၏ အနာဂတ်နှင့် သက်ဆိုင်သွားနိုင်သည်။
မည်သို့ပင်ဖြစ်ပါစေ လူအများရှေ့တွင် သူမ ဖြေရှင်းချက်ပေးရတော့မည်။
သခင်မ ချန် သည် နန်းပေါင်ရီ ကို အရှင်လတ်လတ်
စုတ်ဖြဲပစ်လိုက်ချင်သော စိတ်ကိုမျိုသိပ်လိုက်ပြီး ခက်ထန်သည့်အသံဖြင့် …
“ယွမ့်ဝမ် နဲ့ စွန်းရှန်းရှန်း ကို ခေါ်လာခဲ့ကြ !”
ထိုသူတို့နှစ်ယောက် အခန်းထဲတွင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြစဉ် ရုတ်တရတ် ခေါ်ယူခံရပြီးနောက် အလွန်များပြားသောလူအုပ်ကို တွေ့လိုက်ရသဖြင့် သူတို့အံ့သြသွားကြလေသည်။
စားပွဲပေါ်တွင်တင်ထားသော ပစ္စည်းများကို ကြည့်ရင်း မျက်နှာတို့မှာ ဖြူဖျော့သွားကြပြီး အလျင်အမြန် ဒူးထောက်လိုက်ကြသည်။
သခင်မ ချန် က လက်ဖက်ရည်ခွက်ကိုကိုင်ကာ စွန်းရှန်းရှန်း ထံ ပစ်လိုက်သဖြင့် သူမခေါင်းကိုထိသွားလေသည်။
“အရှက်မရှိတဲ့မိန်းမ ! ငါ့သားကို နေ့တိုင်း မြူဆွယ်နေတာ .. အခုတော့ ရှု တိုင်းပြည်ရဲ့ လှောင်စရာဖြစ်သွားပြီ နင်ပျော်ရဲ့လား”
နန်းပေါင်ရီ မျက်ခုံးပင့်လိုက်သည်။
သခင်မ ချန်း ၏စကားလုံးမှာ အမှားအားလုံးကို စွန်းရှန်းရှန်း အပေါ်ပုံချချင်နေပြီး ကျန်းယွမ့်ဝမ် ၏ အပြစ်တို့ကို မသိချင်ယောင်ဆောင်ထားသည်။
ထိုသို့ဘက်လိုက်ခွင့်မပေးနိုင်ပေ။
နန်းပေါင်ရီ ကြားဖြတ်ဝင်ကာ …
“မိန်းကလေး စွန်း .. ရှင်နဲ့ သခင်လေး ကျန်း က လူ့ကျင့်ဝတ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တစ်ခု လုပ်ခဲ့တာ.. အခုတော့ ရှင်က သခင်လေး ကျန်း ကို မြူဆွယ်ခဲ့တဲ့သူဆိုပြီး အားလုံးကတွေးနေကြပြီ .. ရှင့်ရဲ့သခင်မကလည်း ရှင့်ကိုရေနစ်သတ်သင့်တယ်လို့တောင် ပြောတယ်”
ရေနစ်သေစေမယ် ?!
စွန်းရှန်းရှန်း က ရူတ်တရက် သူမ၏ လှပသောမျက်လုံးများကို ဖွင့်ကာ မော့ကြည့်လိုက်သည်။
စည်းမျဥ်းများအရ သခင်လေး၏အပြစ်များကိုခံယူပြီး သခင်လေးနှင့် သခင်မကြီးတို့ကို ကျေနပ်စေရန် လုပ်ဆောင်ရမည်မှာ သူမ၏တာဝန်ဖြစ်သည်။ သူမကို အကျဉ်းချခဲ့လျှင်တောင် တော်သေးသည်။ အခုတော့ သူမကို ရေနစ်သေစေချင်နေသည်လား။
စည်းစိမ်နဲ့ ဂုဏ်အာဏာကို သူမ မရသေးသဖြင့် သေလိုသည့်ဆန္ဒမရှိပေ။
သူမ၏ခေါင်းပေါ်မှာ သွေးများစီးကျနေသည်ကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ …
“သခင်မကြီး ကျွန်မနဲ့ သခင်လေးက တစ်ယောက်ကိုတစ်ယောက် အမှန်တကယ် ချစ်မြတ်နိုးကြတာပါ .. သခင်မကြီး ခွင့်ပြုပေးပါနော်”
သခင်မ ချန်း ဒေါသစိတ်တို့ကြောင့် တစ်ကိုယ်လုံးတုန်ယင်လာပြီး နန်းပေါင်ရီ ကို စူးရဲစွာကြည့်လိုက်သည်။
ရှောင်းယီ မှာ နန်းပေါင်ရီ ၏ လက်လေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူမခန္ဓာကိုယ်လေးကို သူ့အနောက်တွင် ကွယ်ပေးထားလိုက်သည်။
နန်းပေါင်ရီ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
သခင်မ ချန် က သူမကို ဆက်မကြည့်ချင်တော့ဘဲ အုံ့မှိုင်းနေသောမျက်နှာနှင့် စွန်းရှန်းရှန်း ကိုကြည့်ကာ …
“ကိုယ့်သခင်ကို မြူဆွယ်ထားပြီးမှ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တယ်လို့ ပြောရဲသေးတယ် … လာကြစမ်း ငါ့ရှေ့ကနေ ဒီအရှက်မရှိတဲ့ အစေခံကိုဆွဲထုတ်ပြီး သေအောင်ရိုက်သတ်လိုက်ကြစမ်း !”
“သခင်လေး !”
စွန်းရှန်းရှန်း က စိုးရိမ်တကြီးဖြင့် စိုးရိမ်တကြီးဖြင့် ကျန်းယွမ့်ဝမ် ၏အင်္ကျီလက်ကို အမြန်ဆွဲကိုင်ကာ …
“သခင်လေးနဲ့ ကျွန်မက တစ်ယောက်ကိုတစ်ယောက် ချစ်ကျွမ်းဝင်နေခဲ့ကြတာပဲလေ … ဘာကြောင့် မြူဆွယ်ရမှာလဲ .. ကျွန်မကို ကယ်ပါဦး !”
ကျန်းယွမ့်ဝမ် ကိုယ်လွတ်ရုန်းရန်သာ တွေးနေရသဖြင့် သူမကိုပင် ဂရုမစိုက်နိုင်ဖြစ်နေသည်။
သူမလက်ကို ဖြုတ်ချလိုက်ပြီး သူ့ဘက်က အမှားကင်းဟန်နှင့်
“ရှန်းရှန်း … မိန်းမစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့က အရေးကြီးဆုံးပဲ .. ငါ့ကို နည်းအမျိုးမျိုးနဲ့ မြူဆွယ်နေခဲ့တာ မင်းရှက်ရကောင်းမှန်းမသိဘူးလား”
စွန်းရှန်းရှန်း အလွန်အံ့ဩသွားပြီး စကားများပင် ပျောက်ဆုံးသွားလေသည်။
လွန်ခဲ့သော နာရီဝက်ခန့်ကပင် ထိုသူက မကုန်ဆုံးနိုင်သည့်အချစ်များနှင့် ကတိစကားများကို သူမအနားကပ်ပြောနေခဲ့ပြီး ခဏလေးအတွင်းမှာပင် ဘယ်လိုကြောင့်များခံစားချက်မဲ့ကာ ရက်စက်နိုင်သွားရတာလဲ။
လွန်ခဲ့သော ၂နှစ်ကတည်းက ဖြစ်တည်ခဲ့သော အချစ်တို့မှာ အတုအယောင်တွေလား။
တစ်ဘဝလုံးအတူတူ အသက်ကြီးသွားမည်ဟုပြောခဲ့သော်လည်း သူ၏အနာဂတ်အတွက် သူမကို စတေးလိုက်သည်လား။
သူ့စိတ်ထဲတွင် အနာဂတ်က ပိုအရေးပါနေသည်ဆိုလျှင် သူမ၏အကြင်နာမဲ့ခြင်းအတွက် အပြစ်မဆိုသင့်တော့ပေ။
သူမမျက်နှာတွင် မျက်ရည်စများ စိုရွှဲသွားပြီး သူမ၏ယောက္ခမကို တွန်းထုတ်ကာ …
“ကျွန်မမှာ သူ့သားနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ ဘယ်သူထိရဲသေးလဲ ! ကျွန်မကို ဘယ်သူထိရဲလဲ !”
လေသာဆောင်မှာ တိတ်ဆိတ်သွားပြီး သခင်မ ချန် ကလည်း မတ်တပ်ရပ်နေရင်း အသားများတဆတ်ဆတ် တုန်ယင်လာသည်။
သူမသည် ချမ်းသာသော အရာရှိအသိုင်းအဝိုင်းတွင်
နေထိုင်ခဲ့ရသဖြင့် မိသားစုတစ်ခု၏ ယောကျ်ားသ္းတစ်ယောက် ထိမ်းမြားမင်္ဂလာမပြုရသေးခင်မှာပင် မောင်းမတစ်ယောက်က ကိုယ်ဝန်ရခဲ့သည်ဆိုပါက ထိုယောကျ်ားနှင့် သူ၏မိသားစုအတွက် ဂုဏ်သိက္ခာကျဆင်းသည့်အပြင် ဆုံးရှုံးမှုမည်မျှကြီးသည်ကို သူမသဘောပေါက်နားလည်ထားသည်။
မိသားစုတွင်းရှိ ညံ့ဖျင်းလွန်းသည့်တစ်စုံတစ်ယောက်ကြောင့် မိသားစုအချို့တွင် ထိုကိစ္စများ ဖြစ်လာရသည်။
သခင် ချန် သည် စွန်းရှန်းရှန်း ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး ထိုအစေခံ၏ ပါးစပ်ကို ဆွဲဖြဲချင်စိတ်ပါ ပေါက်နေသည်။
နန်းပေါင်ရီ အံ့အားသင့်ပြီး ရှောင်းယီ နောက်မှ ခေါင်းကိုအသာထုတ်ချောင်းကြည့်လိုက်သည်။
အခုကတည်းကပင် စွန်းရှန်းရှန်း မှာ ကိုယ်ဝန်ရှိနေပြီလား။
မမျှော်လင့်ထားသည့် စိတ်ပျော်ရွှင်ဖွယ်ရာပင်။
နန်းပေါင်ရီ အသံစူးစူးလေးနှင့် …
“သခင်မက မြေးတောင်ရတော့မှာဆိုတော့ ဝမ်းသာစရာပါပဲ ..ကျွန်မ အစ်မကတော့ လက်မထပ်ရသေးပေမယ့် သခင်လေး ကျန်း ကတော့ သူ့အစေခံနဲ့ ကလေးတစ်ယောက်တောင်ရသွားပြီဆိုတော့ နည်းနည်းစိုးရိမ်မိပါတယ် … တည့်ပြောမိလို့ ခွင့်လွှတ်ပေးပါ ဒီထိမ်းမြားပွဲကိုတော့ သေချာပေါက် ပယ်ဖျက်ပါတယ်”
သခင်မ ချန် ၏ နှုတ်ခမ်းများ တုန်ရီနေပြီး အချိန်အတော်ကြာအောင် ဘာမှပြန်မပြောနိုင်ပေ။
အခြေအနေများက ထိုကဲ့သို့ ဖြစ်သွားသောကြောင့် နန်း မိသားစုနှင့် ကျန်း မိသားစုတို့၏ ကြားကိစ္စဟု လူအများသဘောပေါက်နားလည်သွားပြီး မည်သူမှဝင်ပါကြတော့မည်မဟုတ်ပေ။
သို့သော် ကြည့်ရကျိုးနပ်သည့် အခြေအနေဖြစ်နေသောကြောင့် လူအများကြည့်ရှုကြပြီးနောက် စိတ်ကျေနပ်စွာ ထွက်သွားကြလေသည်။
“ဒုတိယအဒေါ် ကျန်း က သခင်မကြီးကို အိပ်စက်ရန် ကူပေးပြီးနောက်တွင် အစေခံတစ်ယောက်ဆီမှ အဖြစ်အပျက်ကို ကြားပြီးနောက် လေသာဆောင်သ်ု့ အမြန်သွားကာ ညီမနှစ်ယောက်ကို အရင်ခေါ်ထုတ်သွားရန် ရှောင်းယီ ကို ပြောလိုက်သည်။
ဝရန်တာသည် ခြံဝင်းကို မျက်နှာမူထားလျက် ကြယ်များကလည်း တလက်လက်တောက်ပနေပြီး မက်မွန်ပွင့်ဖတ်များမှာလည်း မြေပြင်အနှံ့ ပျံ့ကျဲနေသည်။
ညီအစ်မနှစ်ယောက်ကြား သီးသန့်ပြောစရာများရှိနေသည်ကို သိသဖြင့် ရှောင်ူယီ သူ၏အခန်းငို အရင်ပြန်လိုက်သည်။
နန်းပေါင်ရီ သည် နန်းပေါင်ရုံ ၏လက်ကိုဆွဲယူလိုက်ပြီး မက်မွန်ပင်အောက်မှဖြတ်ကာ …
“မမ … ကျန်းယွမ့်ဝမ် က ဘယ်လိုလူလဲဆိုတာတွေ့ပြီမလား … ဒီလိုလူက အစ်မရဲ့အချစ်နဲ့ဘယ်လိုလုပ်ပြီး တန်မှာလဲ”
ထိုတိတ်လန့်ဖွယ်သတင်းကြားရပြီးနောက် နန်းပေါင်ရုံ မျက်နှာမှာ အလွန်ဖျော့တော့သွားလေသည်။
စကားပြန်မပြောနိုင်ဘဲ ပွင့်ဖတ်များပြည့်နေသော ခြံဝင်းကိုသာ စူးစိုက်ကြည့်နေသည်။
“ပေါင်ရုံ !”
အနောက်မှ နူးညံ့စွာခေါ်သံကို ရုတ်တရက်ကြားလိုက်ရဖြင့် ခေါ်လိုက်သံ နန်းပေါင်ရီ နှင့် နန်းပေါင်ရုံ တို့ လှည့်လိုက်သည့်အခါ ကျန်းယွမ့်ဝမ် ကို တွေ့လိုက်ရသည်။
သူနာကျင်နေပုံရပြီး နန်းပေါင်ရုံ ကို သနားစဖွယ် ပြောလေသည်။
“ဒီညကိစ္စက အကုန်ငါ့အပြစ်တွေပါ .. ဒါပေမယ့် ငါလည်း လူသားတစ်ယောက်ပဲလေ တစ်ခါတလေ မထိန်းချုပ်နိုင်တာတွေလည်း ရှိတတ်တာပဲ … ပေါင်ရုံ ငါတို့တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာတာကြာနေပြီလေ .. ငါ့ကိုအပြင်မမြင်ပါနဲ့နော်”
နန်းပေါင်ရုံ အရှေ့မှ နန်းပေါင်ရီ ပိတ်ကာရပ်ရင်း လှောင်ပြုံးပြုံးကာ ..
“သခင်လေး ကျန်း မထိန်းချုပ်နိုင်ဘူးပြောပြီး ဒီညမှာပဤ အစေခံနှင့် တောထဲမှာ ကိုယ်လက်နှီးနှောခဲ့တယ် .. နောင်အနာဂတ်မှာလည်း ထိန်းချုပ်နိုင်မရဘူးလို့ အကြောင်းပြပြီး လူသတ် မီးရှို့တာတွေ လုပ်ဦးမှာမလား”
ကျန်းယွမ့်ဝမ် က သူမကို စိုက်ကြည့်ရင်း မျက်နှာတဖြည်းဖြည်းနှင့် တင်းမာလာသည်။
ဘယ်သူမှတုံ့ပြန်ဖို့ အချိန်မရလိုက်ခင်မှာပင် ကျန်းယွမ့်ဝမ် က နန်းပါင်ရီ မျက်နှာကို အားပြင်းစွာရိုက်လိုက်သည်။
“မိန်းမယုတ် ဒီလိုဖြစ်ရတာ အကုန် မင်းကြောင့်ပဲ !”
ကျန်းယွမ့်ဝမ် အလွန်ဒေါကန်သွားသည်။
*****