EYYJ အပိုင်း ၆၄

အပိုင်း (၆၄) ပြဿနာ

အမှန်ပင်။ စုမိသားစု၏ ထမင်းပန်းကန်ကို လွယ်လွယ်နှင့်ကိုင်လို့မရပေ။

ထိုတစ်နပ် စားပြီးနောက် ဟန်ညီအစ်ကိုတို့ကို တူးမြောင်းအလုပ်သမားများအဆောင်၏ ခြံဝင်းဂိတ် မြောက်ဘက်ခြမ်းတွင်ရှိိသည့် အခန်းငယ်လေးထဲတွင် ဦးလေးဝမ်နှင့်အတူ နေရန် စီစဥ်ပေးလိုက်လေသည်။ ခုတင်သည် တော်တော်ကြီးပြီး လူသုံးယောက်အိပ်ရန်အတွက် ကြပ်ညပ်မနေချေ။

ယိုကျင့်က တူးမြောင်းအလုပ်သမားများ၏အဆောင်ကို ဟန်ညီအစ်ကိုအား ခေါ်ပြလိုက်ပြီး

“ ငါတို့တွေက တစ်ခန်းချင်းစီရဲ့ သန့်ရှင်းရေးကို လုပ်ပေးစရာမလိုဘူး၊ အများသုံးနေရာတွေကိုပဲ သန့်ရှင်းရေး လုပ်ပေးဖို့လိုတယ်၊ နေ့တိုင်း ခြံအရှေ့၊ အနောက် တံမြက်လှည်းရမယ်၊ ရေအိမ်တွေကိုလည်း ပုံမှန် သန့်ရှင်းရေးလုပ်ရမယ်၊ ပြီးတော့ ဝင်းထဲမှာ ရေနွေးကျိုဖို့ မီးမွှေးလို့ရတယ်၊ ဒါကြောင့် မီးလောင်တာမျိုး မဖြစ်အောင် မီးကိစ္စကိုတော့ သေချာဂရုစိုက်ရမယ်၊ နင်နေ့တိုင်းလုပ်ရမဲ့ အလုပ်က ဒါပဲ မေးစရာရှိသေးလား”

ဟန်လီသည် တော်တော်စကားနည်းသူတစ်ယောက်ပင်။ ယိုကျင့် ပြောလိုက်သည့်စကားကို နားထောင်လိုက်ပြီး ခေါင်းညတ်ပြကာ ‘ဟုတ်’ တစ်လုံးသာပြောပြီး ဘာမှမမေးတော့ချေ။

သူ့တွင် မေးစရာမရှိတော့သည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က သူ့ကို ဦးလေးဝမ်ဆီ လွှဲပေးလိုက်တော့သည်။

“ ဦးလေးဝမ် သူတို့နှစ်ယောက်လုံးက ငယ်သေးတယ်၊ ဦးလေးကပဲ အစစအရာရာ ပိုပြီးဂရုစိုက်ပေးဖို့လိုတယ်”

ထို့နောက် သူမသည် ညီအစ်ကိုနှစ်ယောက်ဘက် လှည့်ကာ ပြောလိုက်လေသည်။

“ တစ်ရက် ထမင်း ၃နပ်၊ ထမင်းစားဖို့ ငါတို့အိမ်ကိုပဲ လာခဲ့၊ ထမင်းစားချိန်ရောက်ရင် ယိုရင် ဖြစ်ဖြစ် တခြားလူနဲ့ ဖြစ်ဖြစ် ခေါ်ခိုင်းလိုက်မယ်”

အနားက ဦးလေးဝမ်က ဝမ်းသာဟန်ဖြင့် ပြောလိုက်လေသည်။

“ယိုကျင့် နင် ထမင်းကိစ္စ တာဝန်ယူမယ်ဆိုရင် ငါ့ကိုလည်း ချန်မထားနဲ့နော်”

ယိုကျင့်က ပြုံးကာ ပြောလိုက်လေသည်။

“ ဒါပေါ့ ကျွန်မက လူကြီးကို နောက်မှာချန်ပါ့မလား”

လွန်ခဲ့သည့်နှစ်ရက်က ဦးလေးဝမ်သည် ယိုကျင့်နား ရောက်လာ၏။ သူက တစ်လလျှင် ဝမ်၅၀သာ ယူပြီး ကျန်တာကို စားသောက်စားရိတ် သုံးမည်ဟု ဆိုလေသည်။ သူက စုမိသားစုအား သူ့အတွက် စားသောက်ရေး ကူညီပေးစေချင်လေသည်။ ယိုကျင့်ကလည်း ဦးလေးဝမ်၏ အခြေအနေကို သိထားသည်။ အစောပိုင်းနှစ်များတုန်းက လော့ဟယ်စီရင်စုတွင် ပလိပ်ရောဂါတစ်ခု ဖြစ်သွားခဲ့ပြီး ဦးလေးဝမ်သည် မိသားစုတွင် တစ်ဦးတည်သော ကျန်ရစ်သူ ဖြစ်ခဲ့သည်။ အားထုတ်မှုအနည်းငယ်သာ လုပ်ရသည့်အတွက် သူမ သဘောတူလိုက်လေသည်။

ယိုကျင့်ကို လိုက်ပို့ပေးလိုက်ပြီးနောက် ဦးလေးဝမ်က ဟန်ညီအစ်ကိုကို သူအိပ်နေကျ အခန်းငယ်လေးဆီသို့ ခေါ်သွားလိုက်တော့သည်။

“ မင်းတို့နှစ်ယောက် ခုအချိန်ကစပြီး ဒီမှာ ငါနဲ့နေရမယ်၊ တစ်ယောက်ယောက်က မင်းတို့ကို အနိုင်ကျင့်ရင် ငါ့ကိုပြောနော်”

အရင်က ဦးလေးဝမ်တွင် ပလိပ်ရောဂါကြောင့် ဆုံးပါးသွားသည့် မြေးလေးနှစ်ယောက် ရှိလေသည်။ ထိုကလေးများသာ အသက်ရှင်နေလျှင် သူတို့သည် ဟန်လီနှင့် ရွယ်တူလောက် ရှိနေလောက်ပြီ။

ဟန်လီက ဦးလေးကို သတိဖြင့် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် မေးလိုက်တော့သည်။

“ ဦးလေးဝမ် အခု ကျွန်တော်ဘာလုပ်ရမလဲ”

သူက သတိအနေထားဖြင့် ရှိနေသည်ကို တွေ့လိုက်သော်လည်း ဦးလေးဝမ်က စိတ်ထဲမထားချေ။ သူက ခဏလောက် စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ဒါဆို အရင်ဆုံး ခြံဝင်းကို သန့်ရှင်းရေးသွားလုပ်လိုက်”

အလုပ်တစ်ခု ရှိလာပြီဖြစ်၍ ဟန်လီသည် သူ့တံမြက်စည်းဖြင့် ခြံအနောက်ဘက်သို့ သွားလိုက်တော့သည်။ ဟန်အာ့ဟွာက ခြေတံတိုလေးဖြင့် အစ်ကိုဖြစ်သူနောက်မှ ကပ်လိုက်သွားလေသည်။ တစ်ယောက်က တံမြက်စည်းလှဲ ပြီး တစ်ယောက်က ကစားနေ၏။ အတန်ငယ် အေးချမ်းမှုကို ခံစားလိုက်ရလေသည်။

စုမိသားစု၏တူး မြောင်းအလုပ်သမားအဆောင်တွင် လူများသည်ထက် များလာလေသည်။ အခုတော့ မျှအိပ်ရသည့်အခန်း ၆ခုလုံးက ပြည့်လုနီးပါးပင်။ ဉာဏ်ကောင်းကြသည့် ဝူလီချောင်ရွာသားများက သူတို့မိသားစု၏ အခန်းလွတ်များနှင့် အိမ်ဟောင်းများကို သန့်ရှင်းရေး လုပ်လိုက်ကြ၏။ စျေးနှုန်းမှာ တစ်ညလျှင် ၃ဝမ်ဖြစ်ပြီး စုမိသားစု၏တူးမြောင်းအလုပ်သမားအဆောင်နှင့် အတူတူဖြစ်သည်။ ထိုအရာက တူးမြောင်းအလုပ်သမားများကို ရွာထဲတွင် နေရန် ဆွဲဆောင်ထားတော့သည်။

မြစ်အနောက်ဘက်ကမ်းမှ အမျိုးသမီးကျောက်နှင့်အတူ လှည်းကိုတွန်းလာသည် ဟယ်ဟော်က မရင်းနှီးသည့် မျက်နှာနှင့် အရွယ်ရောက်ပြီးသား ယောက်ျား သုံးလေးယောက်က ရွာထဲမှ ထွက်လာသည်ကို ကြည့်ရင်း အနည်းငယ် စိုးရိမ်သွားတော့သည်။

“ အခုတော့ ရွာထဲမှာ လာနေတဲ့ သူစိမ်းတွေလည်း အများကြီးပဲ၊ ငါတို့တွေ စည်းကမ်း မတင်းကြပ်ထားရင် တစ်ခုခုဖြစ်မှာ စိုးမိတယ်”

အမျိုးသမီးကျောက်သည် ထိုစကားကို မည်သို့ ကြားချင်ပါမည်နည်း။ သူမက ပြောလိုက်လေသည်။

“ ရှင်ကိုက စိုးရိမ်လွန်ကဲနေတဲ့သူလေ၊ တစ်ယောက်ယောက်က လာနေတယ် အားလုံးက အတူတူ ငွေရှာနိုင်တာ ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား၊ တခြားဘာဖြစ်နိုင်အုံးမှာမလို့လဲ”

အခုတော့ ဟယ်မိသားစု၏ မနက်စားဆိုင်လေးသည် အခြေအနေ ကောင်းသည်ထက် ပိုကောင်းလာလေသည်။ နေ့တိုင်း ငွေဝင်နေသည်ကို ကြည့်ရင်း အမျိုးသမီးကျောက်က ရွာထဲတွင် လူများ ထပ်လာနေမည်ကို မစောင့်စားနိုင်ဖြစ်နေတော့သည်။

***

ဟယ်ဟောက်၏ စိုးရိမ်စိတ်ကလည်း ကျိုးကြောင်းမသင့်သည်တော့ မဟုတ်ပေ။ နှစ်ရက်အတွင်း ရွာထဲတွင် တစ်ခုခု ဖြစ်သွားတော့သည်။

ထိုနေ့ညက မီးများထွန်းစပင်ရှိသေး လူငယ်လေးတစ်ယောက်က မောဟိုက်လှသည့်အသံဖြင့် မိသားစုအိမ်ဝင်း အပြင်ဘက်မှ လှမ်းခေါ်လေသည်။

“ ဦးလေးသူကြီး ရွာထဲမှာ ပြဿနာဖြစ်နေပြီ”

ညစာစားပြီးနောက် ခြံထဲတွင် အေးအေးလူလူရှိနေသည့် ဟယ်ဟောက်သည် ပြဿနာတက်နေပြီဟု ကြားလိုက်ချိန်၌ ချက်ချင်းထထိုင်လိုက်တော့သည်။ သူသည် ခြံတံခါးကို မြန်မြန်သွားဖွင့်လိုက်ပြီး

“ဘာဖြစ်တာလဲ”

“ တတိယဦးလေးချန်ရဲ့အိမ်မှာ နေတဲ့ ..နေတဲ့ တူးမြောင်းအလုပ်သမားတွေက ပြောတယ် သူ့ငွေ ပျောက်သွားတယ်တဲ့၊ အခုသူ တတိယဦးလေးချန်နဲ့ စကားများနေကြတယ်”

လူငယ်လေးက ဆူညံသံ ကြားလိုက်ရပြီး စိတ်လှုပ်ရှားစရာအကြောင်း ကြည့်ရန် သွားလိုက်လေသည်။ သို့သော် နှစ်ဘက်လုံးက ရန်ဖြစ်တော့မည်ကို တွေ့လိုက်ရသဖြင့် ရွာထဲကလူကြီးများက အခြေအနေကို လာထိန်းပေးဖို့ သူ့အား သူကြီးကို အခေါ်လွှတ်လိုက်ခြင်းပင်။ ထို့ကြောင့် လူငယ်လေးက အမောတကောဖြင့် တစ်လမ်းလုံး ပြေးလာလိုက်တော့သည်။

“ချန်အိမ်ရဲ့တတိယသားဟုတ်လား”

ဟယ်ဟောက်သည် ထိုအကြောင်းကို ကြားလိုက်သည်နှင့် ပြဿနာ၏အတိမ်အနက်ကို သိသွားတော့သည်။ ဒီချန်မျိုးနွယ်က ဝူလီချောင်မှာ အယုတ်မာဆုံး လူလိမ်လူကောက်ပဲ။ သူသည် ခြံတံခါးကို မြန်မြန် ပိတ်လိုက်တော့သည်။

“မြန်မြန် တစ်ချက်လောက်သွားကြည့်ရအောင်”

ဟယ်ဟောက်သည် ချန်မျိုးနွယ်၏အိမ်တံခါးပင်မရောက်သေးချေ၊ အဝေးမှနေ၍ ချန်မျိုးနွယ်ခြံဝင်ထဲက ရန်ပွဲကို ကြားလိုက်ရလေသည်။ အမှောင်ထဲတွင် ခြံအပြင်မှဘက်နေ၍ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ရပ်ကြည့်နေသူများ ရှိနေသည်။ ဟယ်ဟောက်က မျက်မှောင်ကျုံ့လိုက်၏။ သူသည် လူကြားထဲ အလျင်အမြန် တိုးဝင်သွားပြီး ခြံထဲသို့ ဝင်သွားလိုက်သည်။ မြင်ကွင်းထဲ ဝင်လာသည်က ငွေပျောက်သွားသည့် တူးမြောင်းအလုပ်သမားခေါင်းဆောင်သည် အဖွဲ့နှစ်ခုနှင့် ချန်မျိုးနွယ်တို့ပင်။ အခြေအနေက တင်းမာနေပြီး နောက်တစ်စက္ကန့်နေလျှင် ရန်ပွဲတစ်ခု ထဖြစ်တော့မည့်နှယ်။

“ကျုပ်တို့ မရှိတုန်းက ကျုပ်တို့ငွေတွေကို ခိုးသွားတာခင်ဗျားလေ၊ မဟုတ်ရင် ဘယ်သူက ဝင်လာအုံးမှာလဲ”

ခေါင်းဆောင်က သူ့မျက်နှာပေါ်တွင် အကြောများ ထောင်တက်လာသည်အထိ အလွန် ဒေါသထွက်နေလေသည်။ သူသည် တခြားနေရာမှ တူးမြောင်းလိုက်တူးရန် အလုပ်သမားများနောက် လိုက်လာခြင်းဖြစ်သည်။ သူ့မိသားစုအတွက် ရှာထားသမျှငွေများ ဖြစ်ပြီး သူ့မျက်မမြင်မိခင်ကြီးအတွက် ကုသပေးနိုင်ရန်လည်း ဖြစ်လေသည်။ အခုတော့ ထိုငွေများ ပျောက်သွားပြီဖြစ်ရာ ဒေါသမထွက်ဘဲ ဘယ်ရှိမည်နည်း။

သို့သော် ချန်မျိုးနွယ်ကလည်း ဝူလီချောင်တစ်ရွာလုံးတွင် နာမည်ကြီးလူသွမ်းတစ်ယောက် ဖြစ်လေသည်။ ငယ်ငယ်ကတည်းက တခြားသူများအပေါ် အမြတ်ထုတ်ခဲ့သည်။ ထိုလူစကားကို ပြန်ဖြေရလျှင် သူသည် လူးဆိုးလူသွမ်းလုံးလုံး ဖြစ်တော့သည်။

“ အားလုံးက သက်သေအပေါ်ပဲ မူတည်တာ၊ မင်းက ငါ့ကို မင်းငွေတွေခိုးတယ်လို့ပြောတယ်၊ သက်သေတော့ ရှိရမယ်လေ ဟုတ်တယ်မလား”

သည်တစ်ကြိမ်တွင် စုစုပေါင်းလူငါးယောက်က ချန်မျိုးနွယ်အိမ်တွင် တည်းခိုကြပြီး အားလုံးမှာ တနယ်တကျေးက လူများ ဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် နာမည်ဆိုးနှင့် ကျော်ကြားသည့် ချန်မျိုးနွယ် အကြောင်းကို မသိခဲ့ကြချေ။ သူတို့ အခိုးခံရလျှင်တောင် ဘာမှလုပ်ရဲမည် မဟုတ်မှန်း ချန်မျိုးနွယ်ကလည်း သေချာသိသည်။ ထို့ကြောင့် သူသည် လူငါးယောက်၏ ငွေကို ခိုးရဲခြင်းပင်။

“ခင်ဗျား”

ခေါင်းဆောင်၏ ဦးဆောင်မှုနောက်က လူငယ်နှစ်ယောက်က ရှေ့သို့ အတင်းတက်လာသော်လည်း ခေါင်းဆောင်က တားလိုက်လေသည်။ ချန်မျိုးနွယ်အိမ်တွင် တည်းကြသည့် သည်တူးမြောင်းအလုပ်သမား ငါးယောက်သည် သူတို့ကိုယ်ပေါ်တွင် ရှိသည့် ငွေများကလွဲလျှင် ချန်အိမ်တွင် သိမ်းထားခဲ့သည် ငွေအားလုံးကို အခိုးခံလိုက်ရသည်။ ထိုငွေများသည် အိမ်သို့ ပြန်ပို့မည့်ငွေများ ဖြစ်သည်။ သူတို့သည် မည်သို့ မျိုသိပ်ထားနိုင်ပါမည်နည်း။

“ ကိုင်း ဘာဖြစ်ကြတာလဲ”

ဤုဒေါသနှင့်အော်လိုက်သည့် အသံကြောင့် အားလုံးက လှည့်ကြည့်လိုက်ကြလေသည်။ ဟယ်ဟောက် ရောက်လာခြင်းပင်။

ချန်မျိုးနွယ်သည် နှစ်ပေါင်းများစွာ လူဆိုးတစ်ယောက်ဖြစ်ခဲ့ပြီး လိမ်ညာလှည့်စားသည့်နေရာတွင်လည်း အဆိုးတကာ့ထိပ်ခေါင်ပင်။ သူသည် သူကြီးရောက်လာသည်ကို တွေ့လိုက်သောအခါ သူ့စိတ်ထဲတွင် လုပ်ကြံကာ လူဆိုးက အရင်ညည်းညူပြလိုက်လေသည်။

“ သူကြီး ခင်ဗျားလာတာ အတော်ပဲ၊ ဒီအပြင်လူတွေက ကျုပ်အိမ်မှာ နေလို့ဝသွားတော့ ငွေမပေးကြဘူး၊ အခုတော့ ကျုပ်ကပဲ သူတို့ငွေတွေကို ခိုးပါတယ်လို့ စွပ်စွဲနေကြတယ်၊ ရွာသူကြီးတစ်ယောက်အနေနဲ့ ခင်ဗျား ကျုပ်တို့အတွက် တရားမျှတအောင် လုပ်ပေးရမယ်နော်”

“ ငွေခိုးသွားတာ ဘယ်သူလဲဆိုတာ ရှင်းနေတာပဲ၊ ခင်ဗျားက ကျုပ်တို့ကို တည်းခိုခမပေးဘူးဆိုရင် ချောက်ချလိုက်သေးတယ်”

ငွေအခိုးခံလိုက်ရသည့် အပြင်လူများအားလုံးသည် အလွန်ဒေါသထွက်သွားပြီး ဒေါသထွက်ထွက်ဖြင့် ချန်မျိုးနွယ်အား လက်ညိုးထိုးကာ ပြောလိုက်လေသည်။

ချန်မျိုးနွယ်က သူ့ကို သူကြီးဟု ခေါ်လိုက်တာ တွေ့လိုက်ရသဖြင့် ရှေ့က မျက်နှာနီနီနှင့်လူကလည်း လှည့်လာပြီး ဟယ်ဟောက်ကို လက်ဖမိုးချင်းယှက်ကာ ပြောလိုက်တော့သည်။

“ ခင်ဗျားက ရွာသူကြီးပေါ့ ဟုတ်လား၊ ကျုပ်တို့တွေ ဒီအိမ်မှာ နေကြပါတယ်၊ မနေ့က လုပ်အားခ ထုတ်ခဲ့ပါတယ်၊ ဒီနေ့ အလုပ်ဆင်းတော့ ငွေတွေအားလုံး မရှိတော့တာ သိလိုက်ရတယ်၊ အခန်းကလည်း အခုထိ ရှုပ်ပွနေတုန်းပါပဲ၊ ကျုပ်တို့ပစ္စည်းကို သူ့အပြင် ဘယ်သူက ဝင်လာပြီး ရှာနိုင်မှာလဲ”

“ ခင်ဗျားကို ငွေဘယ်လောက်ပျောက်သွားတာလဲ”

ဟယ်ဟောက်သည် မျက်မှောင်ကျုံ့လိုက်ပြီး ရှုပ်ပွနေသည့် ခြံထဲသို့ ဝင်လိုက်လေသည်။ ဒီချန်မျိုးနွယ်က ပိုပိုပြီး အထိန်းအကွပ်မဲ့လာတာပဲ။

“ကျုပ်က ငွေ ၇ပြား” “ ကျုပ်က ငွေ ၆ပြား “ ကျုပ်က….”

တူးမြောင်းအလုပ်သမားတွေရဲ့ လုပ်အားခက တော်တော်များတာပဲ။ ဒါပေမဲ့ တခြားအလုပ်တွေထက် စာရင် တော်တော်ပင်ပင်ပန်းပန်းနဲ့ ကာယအားနဲ့လုပ်ရတဲ့အလုပ်။ သူတို့အားလုံးကလည်း ဆင်းရဲတဲ့မိသားစုကလာတာ။ သူတို့တွေ ဒေါသမထွက်ဘူးဆိုရင် ထူးဆန်းနေမှာပေါ့။

ဟယ်ဟောက်သည် သူ့အမြင်အာရုံက မှောင်မိုက်သွားသည်ကို ခံစားလိုက်ရလေသည်။ သူသည်လည်း လယ်သမားတစ်ယောက်ပင်။ ထို့ကြောင့် ငွေ ခြောက်ပြား ခုနှစ်ပြားသည် မိသားစုတစ်ခုအတွက် အရေးကြီးမှန်း သူသိနိုင်လေသည်။ ပင့်သက်ရှိုက်လိုက်ပြီး ချန်မျိုုးနွယ်ကို ကြည့်ကာမေးလိုက်၏။

“ လောင်စန်း မင်းအိမ်မှာ ဖြစ်သွားတာဆိုတော့ အိမ်ထောင်ဦးစီးတစ်ယောက်နေနဲ့ ဘယ်သူပဲ လုပ်လုပ် မင်းက ဖြေရှင်းချက် ပေးရမယ်”

ဒါသည် ယုတ္တိရှိလေသည်။ ဒါပေမဲ့ ချန်မျိုးနွယ်ရဲ့ အကျင့်က ဘယ်လိုမလို့လဲ။ သူက ဘာရှင်းပြနိုင်မှာလဲ။ ချန်မျိုးနွယ်သည် သူကြီးစကားကို ကြားလိုက်သည်နှင့်ချက်ချင်း သူ့လက်ကို ဆန့်ကာ အကူအညီမဲ့သလို ဟန်ဆောင်လိုက်တော့သည်။

“ ကျုပ်က ဘာလုပ်နိုင်မှာလဲ၊ ကျုပ်က သူခိုးကို ပေးဝင်ခဲ့တာလည်း မဟုတ်၊ ပြီးတော့ သူတို့တွေ တကယ်ပဲ ငွေပျောက်သွားတာလား လိမ်နေတာလားဆိုတာ ဘယ်သူကသိမှာလဲ၊ သူတို့က ငွေတွေ ပျောက်သွားတယ်လို့ ပြောတယ်၊ ကျုပ်လည်းပြောနိုင်တာပဲ သူတို့ပြောင်းလာပြီးမှ ကျုပ်မိသားစုမှာ ငွေဘယ်လောက် ၊ မဟုတ်ဘူး၊ ငွေစ ၁၂စမက ပျောက်ပါတယ်လို့ ပြောလို့ရတာပဲ”

သည်အခိုက်တွင် ငွေပျောက်သွားသည့် နစ်နာသူငါးယောက်က ဒေါသပြန်ထွက်လာရုံမက ဟယ်ဟောက်နှင့် အပြင်က ကြည့်နေကြသည့်ရွာသားများကကလည်း ချန်မျိုးနွယ်၏ ယုတ်မာမှုကို သိသွားသည့်စိတ်က တစ်ဖန်ပြန်ပေါ်လာတော့သည်။ ဒါက လူဆိုးကအရင်ငိုပြလိုက်တဲ့နည်းပဲ။

ချန်မျိုးနွယ်သည် ရွာထဲတွင် နှစ်ပေါင်းများစွာနေလာခဲ့သူ ဖြစ်သည်။ သူသည် ကလေးများထံမှပင် ကြက်ဥလိမ်စားတတ်သည့် လူယုတ်မာတစ်ယောက်ပင်။ ရွာထဲက လူတိုင်းက သူခိုးထားမှန်း သိလျှင်တောင် ချန်မျိုးနွယ်က သူတို့မှာ သက်သေမရှိသည့်အကြောင်းကိုသာ မရမက ပြောနေတော့သည်။ ဘယ်သူကမှ သူ့ကို ဘာမှမလုပ်နိုင်ချေ။

ချန်မျိုးနွယ်၏ အောင်နိုင်သူရုပ်ကို မြင်လိုက်ရတော့ လူငါးယောက်သည် အလွန်ဒေါသထွက်သွားပြီး သွေးများက ခေါင်းအထိပင် ထိုးတက်သွားတော့သည်။ သည်တစ်ကြိမ်တွင် လူငယ်နှစ်ယောက်နှင့် အားသန်သည့်လူများက အတင်းပြေးတက်သွားလေသည်။ သူတို့၏ အိုးတစ်လုံးလောက်ရှိသည့် လက်သီးများက ဝင့်ကြွားနေသည့် ချန်မျိုးနွယ်၏မျက်နှာဆီသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

တူးမြောင်းအလုပ်သမားအဖြစ် လုပ်နိုင်ကြသူများသည် အနည်းငယ်အားကောင်းကြလေသည်။ ချန်မျိုးနွယ်ကတစ်သက်လုံး လိမ်လည်ပြီး နေထိုင်လာသူဖြစ်လေသည်။ သူသည် အရပ်မပုသော်လည်း ပိန်ပါးသည်။ ထိုအားကုန် သုံးလိုက်သည့် လက်သီးချက်ကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

“ခွပ်”

ချန်မျိုးနွယ်သည် မြေပေါ်သို့ လဲကျသွားတော့သည်။ နှာခေါင်းထဲမှ သွေးများ ထွက်လာ၏။ သူသည် ဝက်လို ခွေးလို မိတ်ဆွေများကို အားပြုရင်း ဒယိမ်းဒယိုင်ဖြင့် ထရပ်လိုက်လေသည်။

“ အိုက်ယား မင်းတို့တွေ ငါ့ကို လဲသွားအောင် ရိုက်ရဲတယ်ပေါ့လေ ငါ့ညီအစ်ကိုတို့”

သည်နေ့ ချန်မျိုးနွယ်နားတွင် သဝေထိုးနေကြသည့်လူအားလုံးကလည်း ရှိနေသည်။ သူတို့သည် ချန်မျိုးနွယ်က နှာခေါင်းသွေးထွက်သည်အထိ ထိုးခံလိုက်ရသော်လည်း သူတို့၏သတ္တိများကို ရဲဆဲတင်ကာ ရှေ့တိုးလိုက်ကြလေသည်။ သူတို့သည် လက်တုံ့မပြန်နိုင်လျှင် လော့ဟယ်တွင် မည်သို့ လှည့်ပတ်သွားလာနိုင်ပါတော့မည်နည်း။

ငွေပျောက်သွားသည့်ကောင်လေးက ဒေါသထွက်သွားတော့သည်။ နှစ်ဘက်လုံးက စတင်ထိုးကျိတ်ကြလေသည်။ သူတို့သည် လူငါးယောက်သာရှိပြီး အားလုံးက ငယ်ရွယ်သန်မာကြသော်လည်း ချန်မျိုးနွယ်ဖက်တွင် လူ ၇ယောက် ၈ယောက် ရှိနေရာ အင်အားမမျှဖြစ်နေလေသည်။

အော်ဟစ်သံ၊ လက်သီးဖြင့် ထိုးကျိတ်သံ ၊ အသားချင်းတိုက်မိသည့် အသံများ….. အခင်းဖြစ်သည့်နေရာမှာ ချက်ချင်း ဖရိုဖရဲ ဖြစ်သွားတော့သည်။ ဟယ်ဟောက်သည် ထိုနေရာတွင် ရှိနေသော်လည်း သူက တစ်ယောက်တည်း ဖြစ်နေ၏။ သူသည် သူတို့ကို မတားနိုင်ပေ။ သူက အပြင်ဘက်တွင် စိတ်လှုပ်ရှားကာ ကြည့်နေကြသူများကို ဝင်လာရန် လက်ယှက်ခေါ်လိုက်ပြီး ရန်ပွဲကို ဖြန်ဖြေခိုင်းရတော့သည်။ ထိုးနက်ခြင်းကြောင့် မျက်လုံးများနီရဲနေသည့် လူနှစ်စုကို ခွဲဖို့ရာ အချိန်တော်တော်ယူလိုက်ရလေသည်။

နှစ်ဘက်လုံးက ဒဏ်ရာအချို့ ရသွားကြသော်လည်း တူးမြောင်းအလုပ်သမားများသည် မျက်နှာပေါ်တွင် အပေါ်ယံ ပွန်းပဲ့ရုံလောက်သာ ဖြစ်ကြပြီး အားလုံးက မတ်မတ်ရပ်နေကြလေသည်။ ချန်မျိုးနွယ်ဖက်တွင်တော့ အားလုံးက နှာခေါင်းနှင့်မျက်နှာများ ယောင်ကိုင်းကာ ပွန်းပဲ့ကုန်ကြသည်။ သူတို့သည် နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေကြတော့သည်။

ချန်မျိုးနွယ်၏ အလိမ်ခံခဲ့ရဖူးသည့် ရွာသားများအားလုံးက စိတ်ထဲတွင် ကျိတ်က အလွန်ပျော်နေကြလေသည်။ ဒီလိုလူမျိုးက တစ်ယောက်ယောက်ရဲ့ အရိုက်ခံရဖို့ ထိုက်တန်တယ်။ ချန်မျိုးနွယ်နှင့် ရန်ငြိုးရန်စဟောင်းရှိသည့် ရွာသားတချို့က ချန်မျိုးနွယ်ကို မျက်စိမှိတ်ပြကြလေသည်။ သူတို့၏ စိတ်ထဲတွင် တော်တော်ပျော်နေကြ၏။

ဒါပေမဲ့ ချန်မျိုးနွယ်ဆိုတာ ဘယ်သူမလို့လဲ။ သူ့အိမ်ရှေ့ကို ဖြတ်လျှောက်သွားတဲ့သူကိုတောင် သူ့နွားခိုးသွားပါတယ်လို့ စွပ်စွဲရဲတဲ့သူလေ။ သူက ဒီအတိုင်းလဲပြီး အရိုက်ခံနေပါ့မလား။ သူသည် မြေကြီးပေါ်သို့ လှဲချလိုက်ပြီး သူ့ကျိုးနေသည့်နှာခေါင်းကို အုပ်ကာ အော်ဟစ်သောင်းကျန်းတော့သည်။

“အမလေး လူသတ်ပါတယ်ခင်ဗျ ရုံးတော်ကို သတင်းပို့ပေးကြပါ”

ချန်မျိုးနွယ်၏မိန်းမကလည်း ဇပြင်းသည့်စရိုက်ရှိလေသည်။ ဘေးတွင် ရွံ့ရွံ့လေး ရပ်နေသည့် သမီးဖြစ်သူကို မျက်ရည်ထွက်သည်အထိ ဆွဲဆိတ်လိုက်လေသည်။ ထို့နောက် သူမက မြေကြီးပေါ် ဘုတ်ခနဲထိုင်ချကာ အော်ငိုတော့သည်။

“ မတရားလိုက်တာရှင် လူကောင်းတွေကို ဖိနှိပ်နေပါတယ်ရှင့်”

လူကြီးငိုသံနှင့် ကလေးများငိုသံတို့က ရောနှောသွားပြီး ချန်မိသားစုသည် ထိုခဏတွင် အမှန်ပင် အသက်ဝင်နေလေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset