EYYJ အပိုင်း ၆၃

အပိုင်း (၆၃) ဟန်လီ

“ယိုကျင့် ပြန်လာပြီလား။ သမီးအမေနဲ့ အဒေါ်က သမီးအကြောင်းပြောနေတာ”

ခုတင်ထောင့်စွန်း၌ထိုင်ရင်း ဒေါ်လေးကျိုးသည် ချစ်စရာကောင်းသည့် ရှောင်ပါးလေးကိုချီထားကာ စနောက်နေရင်း ပျော်ရွှင်စွာ မေးမြန်းလိုက်သည်။ “အိမ်ရဲ့ကိစ္စကြီးတွေက မင်းပဲ ကိုင်တွယ်ရတာဆို မလွယ်ဘူးမလား။ ဟုတ်တယ်မလား ရှောင်ပါး”

ရှောင်ပါးသည် အသက်ရှစ်လ ရှိပြီဖြစ်ကာ လူစိမ်းများကို မကြောက်ရွံ့တတ်ပေ။ အဒေါ်ကျိုးမှ သူမအား စနောက်နေကြောင်းသိသည့်အခါ “အား”ဟုသာ အော်ပြီး တုံ့ပြန်လေသည်။ သူမပြောသည့် အဓိပ္ပာယ်ကို မသိသော်ငြား ထိုအရာက လူတိုင်းကို ရယ်မောစေသည်။

အဒေါ်ကျိုးမှာ ယိုကျင့်အား ကိစ္စတစ်စုံတစ်ရာ ပြောကြားရန် လာရောက်ကြောင်း သူမ သိသည့်အတွက် အပြုံးလေးဖြင့်သာ ပြောလိုက်သည်။

“ယိုကျင့်လည်း ရောက်ပြီဆိုတော့ အဒေါ်ကျိုး ပြောချင်တာမှန်သမျှ ယိုကျင့်နဲ့ ပြောလိုက်ဦးနော်။ ကျွန်မက ခမ်းအာကို ခေါ်ပြီး အပြင်ဘက် ခဏ‌လမ်းလျှောက်ထွက်လိုက်ဦးမယ်” ထိုသို့ဖြင့် အမျိုးသမီးစုသည် ခမ်းအာကို ခေါ်ကာ ထွက်သွားပြီး နှစ်ဦးသားအတွက် တိတ်ဆိတ်သည့် အခန်းကျယ်တစ်ခုကို ချန်ထားပေးခဲ့သည်။

ယိုကျင့်သည် လက်ကိုဆန့်ထုတ်ကာ သူမအား ချီပွေ့ရန် လက်ဆန့်ထုတ်ပေးနေသော ရှောင်ချီကို ယူလိုက်သည်။ ထို့နောက် ခုတင်စွန်း၌ ထိုင်လိုက်ကာ အဒေါ်ကျိုးနှင့် သူမကြား၌ ခုတင်တစ်လုံးခြားထားပေသည်။ “အဒေါ်ကျိုးက ဒီကို စားသောက်ကုန်ရောင်းဖို့ကိစ္စအတွက် လာတာမလား”

အဒေါ်ကျိုးသည် ရှက်ပြုံးလေးဖြင့် ပြန်ဖြေခဲ့သည်။

“အဒေါ်တို့သားအကြီးဆုံးက မြို့မှာ စာသင်နေတာလေ။ အငယ်မလေးက အခုဆို တစ်ဆယ့်သုံးနှစ်ရှိပြီ။ နောက်နှစ်နှစ်လောက်ဆို အရွယ်ရောက်တော့မှာ။ သူ့အတွက် လက်ဖွဲ့ငွေ စုပေးရဦးမယ်လေ။ မင်းတို့ ဦးလေး လီကျန်း(ရွာသူကြီး)က ရှက်နေတာနဲ့ အဒေါ်ကပဲ ရှေ့မျက်နှာ နောက်ထားပြီး လာ အကူအညီတောင်းရတာပါ”

“သမီးတို့မိသားစု ဝူလီချောင်ကို လွန်ခဲ့တဲ့လအနည်းငယ်က ဝူလီချောင်ကို ရွှေ့လာတုန်းက အဒေါ်နဲ့ ဦးလေးတို့ကို ကျေးဇူးတင်စရာတွေရှိသေးတာပဲ။ တစ်ခုခုလိုရင် ကူညီဖို့အသင့်ပါပဲ။ ဒီလိုပါ ကျွန်မတို့ရဲ့ ရေမြောင်းတူးဖော်ရေးလုပ်သား အိပ်ဆောင်ဘေးမှာ အခန်းနှစ်ခန်းဆောက်ထားတယ်။ တစ်ခန်းကို စားပွဲခုနှစ်ခုံ ရှစ်ခုံတော့ ဆန့်ပါတယ်။ လေဒဏ်မိုးဒဏ်ကလည်း ကာနိုင်တယ်။ အဲ့အခန်းကို အဒေါ်နဲ့ ဦးလေးတို့ ယူသုံးထားလိုက်ပါ။ ကျန်တဲ့အခန်းကိုတော့ ကျွန်မတို့မိသားစု အချိန်ရရင် အစားအသောက်လေးလုပ်ဖို့ ထားမှာပါ။ အဲ့အခန်းအတွက် အခကြေးငွေမယူပါဘူး။ ဘယ်လိုထင်လဲ”

ထို့အပြင် ယိုကျင့်သည် အဒေါ်ကျိုးအား သူမ၏အကြံအစည် အနည်းငယ်ကို အကြမ်းဖျင်းပြောလိုက်သည်။ “လုပ်သားတွေဒီလောက်များတာ ရာဂဏန်းကျော်တယ်။ တစ်နေ့ လုပ်သားတစ်ရာကိုပဲ ရောင်းရတယ်ထား ပိုက်ဆံအများကြီး စုမိမှာနော်”

အဒေါ်ကျိုးသည် ထိုစကားကိုကြားသည့်အခါ ၀မ်းမြောက်သွားတော့သည်။ တစ်နေ့ ယွမ်တစ်ဆယ်နှစ်ဆယ် စုနိုင်ရင် တစ်လဆို ပိုက်ဆံတော်တော်စုမိပြီမလား။ ယိုကျင့်ဆီမှ အာမခံချက်ရသည်နှင့် အဒေါ်ကျိုးသည် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် အိမ်သို့ ပြန်သွားလေသည်။

ယိုကျင့်သည်လည်း အဒေါ်ကျိုးကို လိုက်လံပို့ဆောင်ခဲ့သည်။ အဒေါ်ကျိုးပြန်သွားသည်နှင့် ယိုကျူးနှင့် အခြားညီမများသည် အခန်းထဲသို့ ၀င်ရောက်ကာ မေးမြန်းတော့သည်။

“မမကြီး သမီးတို့ဘာသာချက်ပြီး ရောင်းလို့မရဘူးလား။ အခြားလူတွေကို ခွဲပေးဖို့လိုလို့လား။ အဲ့လိုဆို ပိုက်ဆံစုတာ နည်းမသွားဘူးလား”

ယိုကျင့်သည် ပြုံးလိုက်ကာ ခေါင်းရမ်းရင်း ညီမများကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။

“အစ်မတို့မိသားစုက စွန့်ပစ်မြေဆယ်ဧကကို တစ်ခါတည်း၀ယ်ပြီး လုပ်သားအိပ်ဆောင် ဆောက်ခဲ့တာလေ။ အစ်မတို့မိသားစု ကောင်းမွန်နေချိန်မှာ လူတွေစိတ်က ဘာတွေးနေလဲမသိနိုင်ဘူး။ မနက်ခင်းပိုင်းက မနက်စာစီးပွားရေးကို လီကျန်းတို့ကို ပေးတယ်ထားပါဦး၊ အစ်မတို့မိသားစုအတွက် အကူတစ်ခု မရဘူးလား။ အနာဂတ်မှာ အစ်မတို့ အနိုင်ကျင့်ခံရရင် ရွာသူကြီးတို့ မိသားစုက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမှာတဲ့လား” ယိုကျင့်၏အမြင်အရ ယခုကဲ့သို့ပြုလုပ်ခြင်းသည် ရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်သည်။

“မမကြီးပြောတာကို သမီးနားလည်တယ်။ သူကြီးမိသားစုသာ ဈေးရောင်းချင်ရင် မြစ်ကမ်းဘေးမှာလည်း ရောင်းလို့ရရက်နဲ့ ကျွန်တော်တို့ရဲ့အခန်းတစ်ခုကို သေချာငှားလိုက်တာ ဟုတ်တယ်မလားအစ်မ” ယိုပေါင်သည် ခေါင်းတညိတ်ညိတ်ဖြင့် ယိုကျင့်ပြောသမျှကို နက်နက်နဲနဲ တွေးခေါ်ပြောဆိုနေလေသည်။

“ယိုပေါင်ပြောတာမှန်တယ်။ အကြွေး ပေးလိုက်လို့ရပေမဲ့ အကြွေးပြန်ပေးဖို့ဆိုတာက ခက်ခဲတယ်”

ယိုကျင့်သည် ထိုသို့ပြောရင်း မျက်စပစ်လိုက်သည်။ သူမသည် ညီမများကို သင်ကြားပြသရန် မည်သည့်အခွင့်အရေးမဆို ရှာဖွေနေခဲ့သည်။ သူမ၌ အခြားဆုတောင်း မရှိပါချေ။ သူမဘေး၌ မရှိချိန် ကလေးများ ကိုယ့်အားကိုယ်ကိုးကာ ကာကွယ်နိုင်ရန်ဖြစ်ပေသည်။

………

အဒေါ်ကျိုး၏လှုပ်ရှားမှုသည် မြန်ဆန်ပေစည်။ နှစ်ရက်အတွင်း၌ပင် သူမတို့သည် ဘိန်းမုန့်အစာသွပ်ဆိုင်ကို ပြုလုပ်ရောင်းချရန် ပြင်ဆင်ပြီးပြီဖြစ်သည်။ ခုံတန်းလျားရှည်များနှင့် စားပွဲခုနှစ်ခုံရှစ်ခုံမျှသာ ရှိသော်လည်း ဆေးသုတ်ကာ ပြင်ဆင်ပြီးချိန်၌ ဆိုင်တစ်ခုအဖြစ် တည်ခင်းလို့ ရချေသည်။ ဇူလိုင်လ၏အေးမြမြ မနက်ခင်းတွင် အလင်းရောင်သည် မှိန်ပြပြဖြစ်နေခဲ့သည်။ တိတ်ဆိတ်နေသည့် တာတမံဘေးရှိ အိမ်လေးသည် သူကြီးနှင့် အဒေါ်ကျိုးတို့ ပြင်ဆင်‌ထားသည့်နေရာ ဖြစ်သည်။ အဒေါ်ကျိုးသည် ဂျုံများကို စနစ်တကျ ရောနယ်နေလေသည်။ အပြင်ဘက်၌ ရိုးရှင်းသည့် မီးသွေးဖိုနှစ်ခုကို ပြင်ဆင်ထားပြီး ထိုအပေါ်၌ သစ်သားပေါင်းကန်လေးများကို ခုနှစ်ဆင့်ရှစ်ဆင့်မျှ ထပ်တင်ထားလေသည်။ ပူလောင်သည့် မွေးပျံပျံ ‌ရနံ့လေးများသည် ဇူလိုင်လ၏ လေနှင့်အတူ မနက်ခင်းလုပ်သားများ၏ အာရုံကို ဆွဲဆောင်လျက်ရှိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ယိုကျင့်တို့၏လုပ်သားဆောင်၌ နေထိုင်သော ရေမြောင်း တူးဖော်လုပ်သားများကြောင့် လုပ်သားဆောင်၏ သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။ လူပေါင်းကိုးဆယ်ကျော်မျှ စုမိသားစု၏ အဆောင်၌ ငှားရမ်းနေထိုင်ကြသည်။ ဆယ်ခန်းရှိသည့် အခန်းသေးလေးများသည်ပင် ခုနှစ်ခန်းမျှ ရောင်းထွက်သွားသည့်အတွက် စီးပွားရေးမှာ ကောင်းမွန်ကြောင်း သိနိုင်သည်။ မနက်အစောပိုင်း လုပ်သားများသည် ဝူလီချောင်၌ ၀ယ်စားရမည့်နေရာကို ရှာရန်ခက်ခဲမည်ဟု တွေးထင်ထားခဲ့ကြသည်။ မြစ်ကမ်းဘေးရှိ အိမ်အသေးလေး၌ မနက်စာ ရောင်းရန် ပြင်ဆင်ထားသည်ကို တွေ့သောအခါ ည၌ အလွတ်ထားခဲ့သည့် အစာအိမ်သည် ‌ဆာလောင်လာခဲ့ပြီး သင်းပျံ့သည့် ရနံ့တို့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ လုပ်သားများသည် နှစ်ယောက်တစ်စု သုံးယောက်တစ်စုဖြင့် ဆိုင်ထဲသို့ ရောက်ရှိလာကြသည်။

အမျိုးသမီး‌ကျိုးသည် အလုပ်လုပ်ရာ၌ မြန်ဆန်သကဲ့သို့ ပြုလုပ်ထားသည့် ဘိန်းမုန့်နှင့် ပေါက်စီများသည်လည်း အရသာရှိလှသည်။ ရောင်းသည့်ဈေးနှုန်းမှာ မြို့ထဲရှိဆိုင်များနှင့် တူညီသော်လည်း အရွယ်အစားမှာ မြို့တော်ထဲရှိဆိုင်များထက် ထက်၀က်မျှ ပိုကြီးပေသည်။ အရွယ်ရောက်ပြီးသည့် လူကြီးတစ်ယောက်သည် ဘိန်းမုန့်တစ်ခုနှင့် ပြောင်းဆန်ပြုတ် တစ်ခွက်ခွဲမျှဖြင့် တစ်မနက်ခင်းလုံး တောင့်ခံနိုင်ကာ လေးယွမ်မျှသာ ကျသင့်ပေသည်။ ချွေတာချင်သည့် လူများအဖို့ သီးစုံပေါက်စီသုံးခုကို ရွေးချယ်နိုင်သည်။ ပေါက်စီတစ်ခုလျှင် ပြောင်းဆန်ပြုတ်တစ်ခွက်ရနိုင်ကာ နှစ်ယွမ်မျှကုန်ကျပေသည်။ ထိုဈေးနှုန်းမှာ စုမိသားစု ရောင်းစဉ်ကနှင့်အတူတူပင်ဖြစ်သည်။

ဟယ်မိသားစုဆိုင်ရှိ ဘိန်းမုန့်မှာ စုမိသားစုဆိုင်၏လက်ရာကဲ့သို့ မကောင်းသော်လည်း အရသာရှိပေသည်။ ထို့အတွက် စီးပွားရေးမှာ နေ့စဉ်အကျိုးဖြစ်ထွန်းလျက်ရှိသည်။ ဟယ်ဇနီးမောင်နှံသည် နေ့စဉ် မနက်အစော၌ထကာ ဆိုင်ဖွင့်ရန် ပြင်ဆင်ကြလေသည်။ ထိုသို့ မနက်အစော၌ နိုးထရခြင်းမှာ အိပ်ရေးပျက်သော်လည်း တစ်နေ့လျှင် ယွမ်တစ်ရာထက် ပို၍စုဆောင်းမိသည်ဆိုသော အတွေးက ထိုဇနီးမောင်နှံ၏ပင်ပန်းမှုများကို ပြေပျောက်စေသည်။

…………

စုမိသားစု၏လုပ်သားဆောင်၌ နေထိုင်သူဦးရေများပြားလာသည်နှင့်အမျှ ဦးလေးဝမ်သည်လည်း ကိစ္စများကို တစ်ဦးတည်း ကိုင်တွယ်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ယိုကျင့်သည် ဆီးချိုရည် ရောင်းစဉ်က သူမတို့နောက်သို့ လိုက်ခဲ့ဖူးသော သူဖုန်းစားနှစ်ဦးကို ပြန်ရှာဖွေခဲ့သည်။

“မင်းတို့ နေ့တိုင်း ဗိုက်ပြည့်ချင်လား”

ထိုနှစ်ဦးထဲမှ အငယ်လေးသည် နေ့စဉ်၀၀လင်လင် စားရမည်ဖြစ်ကြောင်း ကြားသည်နှင့် ခေါင်းကို အဆက်မပြတ် ညိတ်တော့သည်။ အကြီးဆုံးတစ်ယောက်မှာ ယိုကျင့်ကို လူကုန်ကူးသူများထံ မရောင်းစားမီချိုချဉ် ကျွေးတတ်သည့် လူယုတ်မာများကဲ့သို့ တွေးထင်ကာ သတိထား ကြည့်နေလေသည်။ “ဘာလိုချင်လို့လဲ”

ယိုကျင့်သည် ထိုကလေးနှစ်ဦးနှင့် မျက်နှာချင်းဆိုင်ရပ်ကာ ပြန်ဖြေလိုက်သည်။

“ငါမင်းတို့ကို နေဖို့နေရာပေးနိုင်တယ်။ နေ့တိုင်း၀၀လင်လင် ကျွေးမွေးနိုင်တယ်။ ဒါပေမဲ့ ငါတို့ဖို့ အလုပ်လုပ်ပေးရမယ်”

“ဘာလုပ်ရမှာလဲ” အသက်အနည်းငယ်ကြီးသည့် သူဖုန်းစားလေးမှာ ယိုကျင့်ထက် ခေါင်းတစ်လုံးစာမျှ အရပ်ရှည်သော်လည်း ယိုကျင့်နှင့် ခြေလှမ်းငါးလှမ်း ခြောက်လှမ်းမျှ ခွာနေလေ၏။ ယိုကျင့်ကို လူသားစားမိစ္ဆာကဲ့သို့ပင် သတိကြီးကြီးထားနေလေသည်။

ယိုကျင့်သည် ထိုကလေး၏ခုခံနေမှုကို အာရုံမထားဘဲ အကျဉ်းချုံးရှင်းပြလေသည်။ “ငါတို့မိသားစုက ဝူလီချောင်မှာ တူးမြောင်း လုပ်သားတွေဖို့ တည်းခိုဆောင် ဆောက်ထားတာ။ အဲ့မှာ တောက်တိုမယ်ရကူဖို့ နေရာနှစ်ခုလွတ်နေတယ်။ မင်းတို့သာ လုပ်ချင်ရင် အစား၀၀လင်လင်စားရမယ် ပိုက်ဆံတော့မရဘူး။ ဘယ်လိုလဲ”

အငယ်ဆုံးလေးသည် အစားစားရမည်ကိုကြားသည်နှင့် အကြီးဖြစ်သူအား တေုက်ပသော မျက်၀န်းများဖြင့် ချက်ချင်းကြည့်ကာ သူ့အစားသဘောတူပေးရန် စောင့်ဆိုင်းနေသည်။ အကြီးဖြစ်သူမှာ မည်သည်ကို တွေးတောနေမှန်း မသိနိုင်ချေ။ သူသည် ခေါင်းအနည်းငယ်မညိတ်ခင် အချိန်ကြာ တွေးတောနေခဲ့သည်။ “ဟုတ်ပြီလေ”

တစ်ဖက်ခြမ်း၌ ရပ်နေသည့် ယိုကျင့်သည် သူ၏သဘောတူညီမှုကို မြင်သည့်အခါ စိတ်သက်သာရာ ရသွားခဲ့သည်။ အစ်မဖြစ်သူအား ဤနေရာသို့ ခေါ်လာရန် နေ့တစ်၀က်မျှဖျောင်းဖျခဲ့ရပေသည်။ သူသာ ငြင်းပယ်ခဲ့ပါက အမှန်ပင်ကံဆိုးပေလိမ့်မည်။

ယနေ့ရောင်းရမည့် ဆီးချိုရည်များ ရောင်းကုန်သွားသည့်အခါ ယိုကျင့်တို့ ညီအစ်မနှစ်ဦးသည် ဝူလီချောင်ရှိအိမ်သို့ ညစ်ပတ်ပေတူးနေသည့် သူဖုန်းစားနှစ်ဦးဖြင့် ပြန်လာခဲ့ကြသည်။

အိမ်သို့ပြန်ရောက်သည်နှင့်ယိုကျင့်သည် ထိုနှစ်ဦးအား လက်ညှိုးထိုးကာ မြစ်ထဲ၌ သန့်ရှင်းရေးလုပ်ရန် ပြောလိုက်သည်။ “ရေချိုးပြီးတာနဲ့ အ၀တ်ဟောင်းတွေ အကုန်လွှင့်ပစ်ပြီး ဆံပင်တွေ သေချာရိတ်ခဲ့။ အိမ်ထဲကို ယင်ကောင်တွေ ပိုးဟပ်တွေ အ၀င်မခံနိုင်ဘူး”

ယိုကျင့်ပြောလိုက်သည်နှင့် အကြီးဖြစ်သူမှာ ညီဖြစ်သူအား အေးစက်သည့်ရေထဲသို့ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် အငယ်လေး၏ ငှက်သိုက်ဖြစ်နေသည့် ညှီစို့စို့ဆံပင်များကို ရိတ်ပေးလိုက်သည်။ ညီဖြစ်သူအား ရိတ်ပေးပြီးသည်နှင့် သူ၏ဆံပင်ကို စတင်ညှပ်တော့သည်။ ယိုကျင့်သည် ညီအစ်ကိုနှစ်ယောက်အတွက် ပဝါနှင့်အထည်များ ယူလာချိန်၌ နှစ်ယောက်လုံးမှာ ရေထဲ၌ ခေါင်းလေးများသာ ပေါ်နေပြီး အညစ်အကြေးများ ပြောင်အောင် တိုက်ချွတ်နေကြောင်း သိလိုက်ရသည်။ သူမသည် ထိုနှစ်ဦးအား အော်ပြောလိုက်သည်။ “နင်တို့ဖို့ အ၀တ်နဲ့ပဝါတွေ ထားခဲ့ပြီ။ ပြီးရင် ကိုယ့်ဘာသာ လာ၀တ်လှည့်”

မြစ်ကမ်းဘေးမှ အသံကိုကြားသည်နှင့် အကြီးဖြစ်သူမှာ ရှက်ရွံ့သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရေ၌ မျောနေသည့် ဗေဒါပင်ကဲ့သို့ သူ၏ခေါင်းလေးကိုသာ ဖော်ထားပြီး ဖြေလိုက်သည်။ “သိပြီ”

ထိုကောင်လေး၏ ရှက်ရွံ့တတ်မှုကို ယိုကျင့်သိသည့်အတွက် တခစ်ခစ် ရယ်ကာသာ ပြန်လာခဲ့သည်။ ထိုအ၀တ်များသည် အဒေါ်ကျိုး၏ သားအကြီးဆုံး ၀တ်ခဲ့သည်များဖြစ်ရာ သူမသည် ထိုအ၀တ်များကို အဒေါ်ကျိုးထံမှ တောင်းယူလာခြင်း ဖြစ်သည်။

သူဖုန်းစားနှစ်ဦးသည် ရေချိုးသန့်စင်ပြီးသည်နှင့် စုမိသားစုခြံ၀န်းသို့ ပြန်လာကာ အထဲသို့၀င်ရန် ခြံတံခါးဖွင့်လိုက်လေသည်။ ထိုအချိန်၌ အထဲမှ ခွေးဟောင်သံကို ကြားလိုက်ရပြီး ညီအစ်ကိုနှစ်ဦးအား မလှုပ်မယက်နိုင်အောင် ဖြစ်စေခဲ့သည်။ ခဏအကြာ၌ ကလေးမလေးတစ်ဦး၏ အသံမှာ ထွက်ပေါ်လာခဲ့သည်။ “၀မ်ချိုက် မဟောင်နဲ့”

ထို့နောက် သူမသည် အပြင်သို့ အမြန်ထွက်လာကာ ထိုညီအစ်ကိုနှစ်ဦးအား အထဲသို့ခေါ်လိုက်လေသည်။ ထိုသူမှာ ယိုရင်ဖြစ်ပြီး သူမသည် သူတို့ပြန်လာမည်ကို စောင့်ဆိုင်နေခဲ့ကာ ဆူညံသံ ကြားသည်နှင့် အမြန်ပြေးထွက်လာခြင်းဖြစ်သည်။

ထို့နောက် သူမသည် ညီအစ်ကိုနှစ်ဦးကို စုမိသားစု၀င်များနှင့် မိတ်ဆက်ပေးရန် ပင်မခန်းထဲသို့ ခေါ်သွားလေသည်။ ယိုကျင့်သည် ခုတင်ဘေးစွန်း၌ထိုင်ကာ အပြုံးလေးဖြင့် စကားစလေသည်။

“မင်းတို့ကို အရင်ကခဏခဏတွေ့ဖူးပေမဲ့ အခုမှပဲ မျက်နှာကိာ သေသေချာချာ မြင်ရတော့တယ်။ နာမည်ဘယ်လိုခေါ်လဲ”

အကြီးဖြစ်သူသည် တစ်ဆယ့်သုံးနှစ် တစ်ဆယ့်လေးနှစ်မျှ အရွယ်ဖြစ်ကာ ရိုးသားဖြူစင်ပေသည်။ သို့သေည်လည်း အမြဲ သတိအကြီးကြီး ထားတတ်ကာ အငယ်ဖြစ်သူထံမှ သူ့အား ဆွဲဖယ်ခံရမည်ကို ထိတ်လန့်နေတတ်ပြီး အငယ်ဖြစ်သူကို အမြဲကာကွယ်တတ်သည်။ ယိုကျင့်ထံမှ မေးခွန်းမေးသည်နှင့် သူသည် တီးတိုးစွာ ဖြေကြားလိုက်သည်။ “ကျွန်တော့်နာမည်က ဟန်လီ သူ့နာမည်က…. သူ့နာမည်က ဟန်အာ့ဟွာ”

အငယ်ဖြစ်သူမှာ လေးနှစ်ငါးနှစ်မျှသာ ရှိသေးသည်။ ထိုကလေးမှာ အသားမည်းကာ ပိန်ပါးနေသော်လည်း ချောမောသည့် အသွင်အပြင်ရှိပေသည်။ ထို့အပြင် သူသည် သူစိမ်းများကိုလည်း ကြောက်ရွံ့ခြင်းမရှိပေ။ ဟန်လီ၏နောက်၌ရပ်နေရင်း ယိုကျင့်ကို ခေါင်းမော့ကာ ကြည့်လိုက်လေသည်။

“မမကြီး မမမှာ တကယ်စားစရာရှိတာလား”

“ရှိတာပေါ့။ ဒါပေမဲ့ မမတို့ဆီမှာ အစား စားချင်ရင် အလကားတော့မရဘူး။ မမအတွက် အလုပ်လုပ်ပေးရမယ်” ယိုကျင့်သည် ပြုံးကာ အသံအေးအေးလေးဖြင့် ပြောလေသည်။ သူမသည် လှပသည့် အရုပ်မလေးတစ်ရုပ်နှင့် တူနေကာ စကားအများကြီး ပြောစရာမလိုဘဲ ဟန်အာ့ဟွာနှင့် ရင်းနှီးသွားတော့သည်။ ထိုနှစ်ဦးမှာ အမှန်ပင် ဆာလောင်နေသည်ဖြစ်၍ ယိုကျင့်မှ စတင်ပြောလိုက်သည်။

“အခုက အိမ်မှာ နေ့လယ်စာစားချိန်ပဲ။ အဲ့တော့ အရင်စားပြီး နောက်မှ စကားပြောကြတာပေါ့”

စုမိသားစု၏ နေ့စဉ်ဟင်းလျာများသည် အသားတစ်ခွက် အရွက်တစ်ခွက်နှင့် စွပ်ပြုတ်ပါရှိပေသည်။ ဖွယ်ဖွယ်ရာရာ မဖြစ်သော်လည်း အရသာ ကောင်းလှပေသည်။ ဟန်လီတို့ညီအစ်ကို နှစ်ဦးသည် ထမင်းစားပွဲ၌ ကတိုက်ကရိုက် ထိုင်လိုက်သော်လည်း စားသောက်သည့် အပြုအမူ အလေ့အကျင့်မှာ မဆိုးရွားပေ။ သူဖုန်းစားမဖြစ်ခင်က ထိုကလေးနှစ်ဦး၏ နောက်ခံမှာ ကောင်းမွန်သည့်နေရာမှ ဖြစ်နိုင်သည်လား။ ယိုကျင့်သည် အစာစားရင်းဖြင့် တွေးတောငေးငိုင်နေခဲ့သည်။

ကလေးနှစ်ဦးမှာ အစာစားရာ၌ တွန့်ဆုတ်နေ၍ အမျိုးသမီးစုသည် မသက်မသာ ခံစားလိုက်ရသည်။ ထို့ကြောင့် ကလေးနှစ်ဦးထံသို့ ဟင်းများ ထည့်ပေးနေခဲ့သည်။ “လိမ္မာလိုက်တဲ့ကလေးတွေ ဖြည်းဖြည်းစား။ မလောက်ရင် ထပ်ရှိသေးတယ်”

စုမိသားစု၏ဟင်းပွဲများမှာ ရိုးရှင်းသော်လည်း ပမာဏ များပြားပေသည်။ ကလေးများသည် စိတ်ကျေနပ်သည်အထိ လုံလောက်စွာ စားသုံးနိုင်ပေသည်။ ထိုအချက်သည် အိမ်ရှိ အစားအစာများနှင့် ပတ်သက်၍ ယိုကျင့်တောင်းဆိုဖူးသည့် အချက်ဖြစ်သည်။

ဟန်လီသည် အေးမြသည့်မျှစ်နှင့် ၀က်သားရောထားသော စွပ်ပြုတ်ကို ဖြည်းညင်းစွာ သောက်လိုက်လေသည်။ ထိုသို့ဖြင့် သူ၏လက်ထဲရှိ ထမင်းပန်းကန်ကို ကျေနပ်အားရစွာဖြင့် အောက်သို့ ပြန်ချလိုက်သည်။ စွပ်ပြုတ်သောက်နေဆဲဖြစ်သည့် ဟန်အာ့ဟွာကိုကြည့်ကာ သူ၏စိတ်၌ အနည်းငယ် နွေးထွေးလာရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့နှစ်ဦး၌ ထမင်းပွဲပူပူလေးကို စားခွင့်ရခဲ့ပြီဖြစ်သည်။ သူသည် စိတ်လှုပ်ရှားနေရင်းဖြင့် စုမိသားစုပေါ်၌ သူ၏သတိထားမှုသည်လည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset