EYYJ အပိုင်း ၆၁

အပိုင်း (၆၁) ရေလမ်း‌ကြောင်းတူးဖော်ခြင်း

ဒုတိယရက်မြောက်နေ့ ညနေခင်းတွင် စုမိသားစုများ ထမင်းစားပြီး မကြာမီအချိန်၌ အပြင်ဘက်တံခါးမကြီးမှ တံခါးခေါက်သံတစ်ခု ပဲ့တင်လာခဲ့သည်။ ယိုကျင့်သည် ပြန်လည်မဖြေကြားမီ လက်ကိုင်ပဝါတစ်ခုကို ယူကာ သူမ၏လက်ကို ခြောက်သွေ့စေရန် သုတ်လိုက်သည်။ “လာပြီ”

အချိန်ကိုတွေးကြည့်ကာ ပွဲစားချန် ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ အမှန်ပင် တံခါးအပြင်ဘက်၌ ရပ်နေသောသူမှာ ဟောင်ကျားဟွမ်မှ လာသည့် ပွဲစားချန်ပင်ဖြစ်သည်။ ပွဲစားချန်သည် ယိုကျင့်အားမည်သည်နှင့် လက်နှစ်ဘက်ယှက်ကာ အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။

“မိန်းကလေးစုကို နှောင့်ယှက်မိပါပြီ”

ဟောင်ကျားဟွမ်မှ မြေတစ်ဆယ့်ခြောက်ဧက ပိုင်ဆိုင်ထားသော ပိုင်ရှင်မှာ ယိုကျင့်၏ ငွေပေးချေမှုကို စောင့်ဆိုင်းနေပေသည်။ ယိုကျင့်သည် ဈေးနှိမ်လိုက်သေးသော်လည်း သူလက်ခံနိုင်သည့် ပမာဏ ဖြစ်နေသေးသောကြောင့် အမြန်ပင် လက်ခံသဘောတူခဲ့သည်။ “တစ်ခုပဲ မှာလိုက်ပါတယ်။ အခုစိုက်ပျိုးထားတာတွေက သူ့မိသားစုနဲ့ပဲ သက်ဆိုင်နေမှာပါတဲ့။ ပြီးတော့ မြေတွေကို ဆောင်းဦး ကောက်ရိတ်သိမ်းပွဲကျမှ မိန်းကလေးအပိုင်ဖြစ်မယ်တဲ့ ဘယ်လိုထင်လဲ”

ယိုကျင့်သည် ပဲစေ့တစ်စေ့ကစ လိုက်ကပ်တွယ်တတ်သည့်သူ မဟုတ်ပေ။ ထိုမိသားစုသည် ‌ကောက်မရိတ်သိမ်းခင်ပင် မြေယာများ ရောင်းချသည်ကို ကြည့်ခြင်းဖြင့် မိသားစု၌ အရေးပေါ် ငွေလို၍ ဖြစ်နိုင်သည်မလား။ သူမသည် သဘောတူဟန် ခေါင်းညိတ်ပြလိုက်သည်။

ရောင်းသူနှင့်၀ယ်သူတို့ သဘောတူညီသွားကြသည့်အတွက် ယိုကျင့်သည် အခန်းထဲသို့သွားကာ လျန်တစ်ရာတန် ငွေလက်မှတ်နှင့် ငွေသား ဆယ်လျန်အား ပွဲစားချန်ဆီသို့ ပေးလိုက်သည်။

“တံဆိပ်တုံးနှိပ်ဖို့ကိုလည်း ဦးလေးချန်ကိုပဲ ဒုက္ခပေးပါရစေ”

စုမိသားစုကဲ့သို့ စုတ်ချာသည့်နေရာမျိုး၌ ငွေလက်မှတ် ရှိမည်ကို မျှော်လင့်မထားခဲ့ပေ။ ထို့အတွက် ခဏတာမျှ ကြောင်အနေခဲ့သည်။ ယိုကျင့်ပြောသည်ကို ကြားမှသာ ငွေကို အမြန်လက်ခံလိုက်ရသည်။

“မိန်းကလေးစုက တအားပျူငှာတတ်တာပဲ။ ဒါက ဦးလေးတို့ပွဲစားတွေ လုပ်ပေးရမဲ့အလုပ်ပါ။ မလိုပါဘူး”

ပွဲစားချန်သည် ကိစ္စရပ်များ ကိုင်တွယ်ရာ၌ ကျွမ်းကျင်ပေသည်။ သူသည် ဒုတိယရက်မြောက် ညနေခင်း၌ တံဆိပ်တုံးနှိပ်ထားသည့် စာရွက်စာတမ်းများကို ပြန်လည်ပို့ဆောင်ပေးသည့်အပြင် ပြန်အမ်းငွေကိုပါ အတိအကျ ရှင်းလင်းပေးခဲ့သည်။

“မိန်းကလေးစု ပေးတာက လျန်တစ်ရာနဲ့လေးဆယ်ပါ။ အမည်ပိုင်ပြောင်းလဲခက တစ်လျန်နဲ့‌ ငွေခြောက်ပြားပါ။ ပွဲစားခအတွက် ငွေသုံးစနှုတ်ပါမယ်။ အဲ့တော့ စုစုပေါင်း တစ်ရာ့ငါးလျန်နဲ့ငွေကိုးပြားပါ”

သာ့ဖန်၏ဓလေ့အရ ရောင်းသူ၀ယ်သူ နှစ်ဦးစလုံးသည် ပွဲစားကို ပေးချေရပေသည်။ ထိုသို့ဖြင့် တစ်ဆယ့်ခြောက်ဧကရှိသည့် လယ်ယာအတွက် ပွဲစားချန်သည် လျန်တစ်၀က် ရလိုက်ပေသည်။

ယိုကျင့်သည် ‌ပြောင်းလဲထားသည့် ပိုင်ဆိုင်မှုစာချုပ်ကို အပြုံးလေးဖြင့် ပျော်ရွှင်စွာလိုက်ခဲ့သည်။ ကြီးမားကာ ဖြောင့်တန်းလှပသည့် စုယိုကျင့်ဟူသော စာလုံးသုံးလုံးကို ကြည့်ရင်း မျက်လုံးများ မှေးသွားသည်အထိ ပြုံးလိုက်မိသည်။ “ကျေးဇူးပါ ဦးလေးချန်”

ပွဲစားချန်သည် အပြုံးလေးဖြင့် စကားဆိုလိုက်သည်။ “တကယ်လို့ မိန်းကလေးစု အနာဂတ်မှာ တစ်ခုခု လိုအပ်လာခဲ့ရင် ကျွန်တော့်ကိုသာ ရှာလိုက်ပါ၊ မိန်းကလေးစုအတွက် သင့်တော်တဲ့ဈေးနဲ့ ကောင်းတဲ့မြေတွေ ရှာပေးပါ့မယ်”

ယိုကျင့်သည် ပြုံးလိုက်ကာ ပွဲစားချန်အား လိုက်ပို့လေသည်။

သူမသည် ပင်မအခန်းထဲရှိ စားပွဲ၌ ထိုစာချုပ်ကို တင်လိုက်သည့်အခါ အခန်းထဲရှိ လူတိုင်းသည် ထိုအရာအား ပန်းပွင့်လာသည့်အနှယ် မျက်လုံးပြူးလေးများဖြင့် ကြည့်နေကြသည်။

အမျိုးသမီးစုသည် တံတွေးမျိုချကာ မယုံကြည်နိုင်သဖွယ် မေးလိုက်သည်။ “သမီးက ဆယ့်ခြောက်ဧကလုံး ၀ယ်လိုက်တာလား” သမီးဖြစ်သူမှာ လယ်ဧကများ ၀ယ်ယူရန် စီစဉ်နေကြောင်း အကြမ်းဖျင်း သိထားပေသည်။ ထို့ကြောင့် သူမသည် အံ့ဩမှုကို ထုတ်မပြခဲ့ပေ။ သို့သော် တစ်ကြိမ်တည်းဖြင့် တစ်ဆယ့်ခြောက်ဧကလုံးကို ၀ယ်မည်ဟု မည်သူထင်မည်နည်း။

ယိုကျင့်သည် ထိုစာချုပ်အား မသိမ်းဆည်းမီ ပျော်ရွှင်စွာ ခေါင်းညိတ်သဘောတူခဲ့သည်။ “အနာဂတ်မှာ ငွေမရှိတော့ရင်တောင် သမီးတို့ဆီမှာ လယ်ဆယ်ဧကကျော်ရှိတော့ အစားအသောက် ပြတ်လတ်မှာ မပူရဘူးပေါ့ ဟုတ်တယ်မလား”

သူမ၏လက်ထဲရှိ ယခင်ကဲ့သို့ နီရဲကာ ခြောက်သွေ့နေသည့် ဆံသားများ မရှိတော့သော ရှောင်ချီအား ပွေ့ပိုက်ထားရင်း ပျော်ရွှင်စွာ ပြောကြားလိုက်သည်။ “ညီမလေးတွေအတွက် လက်ဖွဲ့တွေလည်း စီစဉ်ပြီးသွားပြီ”

ယိုကျင့်ပြောသည့် စကားကို ကြားသည်နှင့် ဖြစ်လေ့ဖြစ်ထရှိသည့် ပုံမှန်အရာများကို နားမလည်သေးသည့် ညီမများသည် သီးကုန်ကြလေသည်။ အမျိုးသမီးစုသည် အကြီးဆုံးသမီးဖြစ်သူမှ ကလေးများ၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောသည့်အခါ အံ့ဩသွားခဲ့ရသည်။ ထို့နောက် သူမ ယွဲ့မိသားစုအိမ်သို့ လက်ဖွဲ့မရှိဘဲ ၀င်ရောက်ခဲ့ပြီးနောက် ဖြတ်သန်းခဲ့ရသည့် ကျပ်တည်းလှသော ဆယ်နှစ်တာကာလကို ပြန်တွေးတောမိသည်။ သူမသည် သမီးဖြစ်သူ၏စကားကို စိတ်ရောကိုယ်ပါ သဘောတူမိသည်။

“အမေတို့လက်ထဲ ပိုက်ဆံရှိနေတော့ လယ်တွေပဲ ပို၀ယ်ထားသင့်လား”

သူမ၏တစ်ဘ၀လုံး ကျေးလက်၌သာ ကြီးပြင်းလာသည်ဖြစ်၍ လယ်မြေသည်သာ စိတ်ချရသည်ဟု ထင်မှတ်လေသည်။ သမီးဖြစ်သူ၏ပြောကြားချက်ကြောင့် လယ်ယာမြေများကိုသာ စုဆောင်းထားရန် တွေးတောလိုက်သည်။

“အမေ သမီးတို့ဆီမှာ မြေကောင်းတွေ တစ်ဆယ့်ခြောက်ဧကတောင် ရှိ‌တာနော်။ ပြီးတော့ ‌မြေဆိုးလေးဧကလည်းကျန်သေးတယ်” ယိုကျင့်သည် သိသင့်သည်များကို ထောက်ပြလိုက်သည်။

”ပြီးတော့ သမီးတို့လက်ထဲမှာ ရှိတဲ့ငွေကို ပိုပြီးပွားအောင် လုပ်သင့်တယ်။ လက်ဗလာနဲ့ တောတောင်မှာပဲ တစ်သက်လုံး နေသွားလို့မရဘူးလေ”

ယခု သူမတို့၌ လျန်ငါးရာပမာဏရှိပေသည်။ ထိုပမာဏသည် လော့ဟယ်စီရင်စု လမ်းမျက်နှာစာ၌ ဆိုင်တစ်ဆိုင် ၀ယ်ယူ၍ရပေသည်။ အိမ်၌ အားနည်း ပျော့ပျောင်းသည့် မိန်းမသားများသာ ရှိပေသည်။ သူမတို့သည် မုန့်များ ပြုလုပ်ရောင်းချရင်း ငွေရှာနိုင်သဖြင့် မြေကြီးကို တူးဆွနေခြင်းထက် သက်သာပေသည်။

သမီးဖြစ်သူ၏ ငြင်းပယ်မှုကြောင့် အမျိုးသမီးစုသည် မည်သည်ကိုမှ မကန့်ကွက်တော့ပေ။ စုထားမိသမျှ ငွေများသည် ယိုကျင့်၏အစွမ်းအစကြောင့် ဖြစ်သည်။ ထို့အတွက် သူမစိတ်တိုင်းကျ သုံးနိုင်ပေသည်။

………….

ရှောင်လင်ယွီဘက်၌ ယခုကိစ္စရပ်များ ဖြစ်ပွားလေသည်။ ရှောင်လင်ယွီသည် လော့ဟယ်စီရင်စုသို့ ပြန်လာရခြင်းမှာ ‌လာမည့်နှစ်၌ ဘိုးဘေးကန်တော့ပွဲများ ပြုလုပ်ရန် အုတ်ဂူများကို လာရောက်ပြုပြင်မွမ်းမံခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ လော့ဟယ်စီရင်စုရှိ ရေကြောင်းလမ်း ပြုပြင်မွမ်းမံမှုကြောင့် ဖြစ်သည်။ ရှောင်မိသားစုသည် ရေလမ်းကြောင်း ကုန်သွယ်ရေး၌ ထိထိမိမိ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသော်လည်း အဖေဖြစ်သူ၏ လက်ထက်ကတည်းကပင် ကုန်းတွင်းရေပိုင်နက် စီးပွားရေးတွင် ၀င်ရောက်ခဲ့မိသည်။ ယခုအချိန်တွင် ဦးလေးဖြစ်သူမှာ နန်းတွင်း၌ အခွန်ဘဏ္ဍာရေး၏ အတွင်းရေးအမတ် ဖြစ်သည့်အလျောက် ထိုဦးလေး၏ ကာကွယ်ခုခံပေးမှုအောက်၌ ရှောင်မိသားစု၏ ရေလမ်းခရီးကုန်သွယ်ရေးမှာ တဖြည်းဖြည်းကြီးမားလာခဲ့သည်။ ရှောင်လင်ယွီသည် တောင်ဘက်ပိုင်းမှ လော့ဟယ်စီရင်စုသို့ အမြန်ရောက်ရှိလာရခြင်းမှာ လော့ဟယ်စီရင်စု၌ ကုန်းတွင်း ရေလမ်းကြောင်း တူးဖော်မည်ဟု ဘုရင်မင်းမြတ်၏ညီလာခံမှ သတင်းထွက်ရှိခြင်းကြောင့်ဖြစ်သည်။ ထို့အတွက် ရှောင်လင်ယွီသည် လော့ဟယ်စီရင်စုသို့ ရှေးဦးစွာ လာရောက်ရခြင်းဖြစ်သည်။

လော့မြစ်သည် ရေစီးကြမ်းသော်လည်း လော့ဟယ်စီရင်စု ပတ်ပတ်လည်ရှိ အခြားသောမြို့များ ရွာများသည် လေးမီတာငါးမီတာမျှ ကျယ်ပြောသည့် ဝူလင်းချောင်ရွာကဲ့သို့ ရေစီးမသန်ကြပေ။ ကုန်းတွင်းရေလမ်းသွယ်မည်ဆိုပါက အခြားသော နေရာရှာဖွေခြင်း သို့မဟုတ် ရေလမ်းဖောက်ခြင်း ပြုလုပ်မှ ရပေလိမ့်မည်။ အရှင်မင်းကြီးသည် ရေလမ်းတူးဖော်ချင်ကြောင်း ဒုတိယဦးလေးမှ သူ့အား လော့ဟယ်စီရင်စုသို့ ခရီးမထွက်ခင် ပြောကြားခဲ့သည်။ သို့သော် ထိုသို့ ရေလမ်းတူးဖော်ခြင်းသည် ငွေကုန်ကြေးကျ များပေသည်။ အချိန်ကြာမြင့်သည်အထိ ဆုံးဖြတ်ချက် မချနိုင်ခဲ့သေးပေ။ ထို့ကြောင့် လွန်ခဲ့သည့်ဆယ်ရက်အတွင်း၌ ကုန်းတွင်းရေလမ်းအတွက်တူးဖော်ရန် အဆင်ပြေမည့် နေရာအား လော့ဟယ်စီရင်စုတွင် လှည့်ပတ်ကြည့်ရှုရန် စေခိုင်းမည့် အရေးကြီးစာတစ်စောင်ကို ‌ရှောင်လင်ယွီ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ရှောင်မိသားစု အိမ်တော်၌ ရှောင်လင်ယွီသည် မြို့တော်မှ ရောက်ရှိလာသော စာစောင်အား အမြန် ဖွင့်လိုက်ကာ ဖယောင်းတိုင်ပေါ်၌ အသာအယာ တင်လိုက်သည်။ အကြောင်းကြားစာများကို ဖတ်ရင်း သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်ပေါက်လာကာ ခန်းမအလယ်၌ ရပ်နေသည့် သတ်လတ်ပိုင်း အမျိုးသားတစ်ဦးကို ၀မ်သာအားရ ပြောလေသည်။

“မင်းကြီးက စိတ်ပိုင်းဖြတ်ပြီးသွားပြီတဲ့။ စာထဲမှာ ဦးလေးက ပြောထားတယ်။ မြစ်ကို လော့ဟယ်မြို့ တောင်ပိုင်းတစ်လျှောက် တူးဖော်သွားမယ်တဲ့။ အခုမြစ်ကြောင်းက မီတာအနည်းငယ် ကျယ်ပေမဲ့ ဆယ့်ငါးမီတာကနေ ဆယ့်ရှစ်မီတာလောက် ကျယ်အောင် တူးပြီး အနက် နှစ်ဆယ့်ငါးကီလိုမီတာ ရှိတဲ့လမ်းကြောင်းကို တူးမြောင်းနဲ့ ဆက်ပြီး မြို့တော်ကို လမ်းဖောက်မယ်။ အဲ့ကနေ လော့ဟယ်ကို ရောင်း၀ယ်ကုန်သွယ်မယ်တဲ့”

သတ်လတ်ပိုင်းလူကြီးမှာ ရှောင်မိသားစု၏ စီးပွားရေးဆိုင်ရာ ညာလက်ရုံးဖြစ်ကာ အမည်မှာ ရှောင်ဟန်ဖြစ်သည်။ သူသည် ရှောင်လင်ယွီ၏ အဖေလက်ထက်ကပင် ငယ်စဉ်ကတည်းက အလုပ်အကျွေး ပြုလာခဲ့သည်။ ယခုအခေါက် လော့ဟယ်စီရင်စုသို့ သွားသည့်အခါတွင် ရှောင်မိသားစုခေါင်းဆောင်မှ ရှောင်လင်ယွီအတွက် အကူအညီရစေရန် ထိုလူအား ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ အကြီးဆုံးသခင်လေး ပြောသည့်အကြောင်းအရာကို ကြားသည်နှင့် ရှောင်ဟန်သည် အ‌နည်းငယ်တွေးတောကာ တုံ့ပြန်လိုက်သည်။

“ဒုတိယသခင်က ဘဏ္ဍာငွေ ကျပ်တည်းနေတယ်လို့ မပြောခဲ့ဘူးလား။ ဘယ်ကနေလယ်လို မြောင်းတူးမှာလဲ”

“ဒုတိယဦးလေးပြောတာက အရှင်မင်းကြီးက ကုန်သည်တွေကို ခေါ်ပြီး သီးသန့် ဆွေးနွေး စုဆောင်းထားတယ်တဲ့။ တူးမြောင်းတူးရာမှာ ငွေကြေးထောက်ပံ့ပေးသူတွေအတွက် တူးမြောင်း ဆောက်လုပ်ပြီးစီးသည့်အခါ လျန်တစ်သိန်းခွဲပမာဏ ထည့်သွင်းတဲ့လူတိုင်း ကုန်းတွင်း ရေလမ်းခရီးသွားလာရေး ဆယ်နှစ်အခွန်ကင်းလွတ်ခွင့်နဲ့ ပြည်ပရေလမ်းကုန်သွယ်ရေး ငါးနှစ်ကင်းလွတ်ခွင့် ပေးမယ်ပြောတယ်” ရှောင်လင်ယွီသည် ရှောင်ဟန်အား စာထဲ၌ ဒုတိယသခင်ရှောင် ပြောထားသည်များကို တခွန်းမကျန် ပြောပြခဲ့သည်။

“ကုန်းတွင်းရေပိုင်နက်ခက အဲ့လောက်မများပေမဲ့ နယ်ခြားရေလမ်းအခွန်က ရှောင်မိသားစုတောင် လျန်သုံးသောင်း ဆောင်နေရတာ။ ဒီအလဲအလှယ်က အမြတ်တွေချည်းပဲ။ ရှုံးစရာမရှိဘူး”

ပြည်ပရေလမ်းကုန်သွယ်ရေး အခွန်ခသည် များပြားသော်လည်း အကျိုးအမြတ်လည်း များပေသည်။ ယခုနှစ်များအတွင်း ရှောင်မိသားစု၏ ၀င်ငွေအများစုသည် ပြည်ပကုန်သွယ်ရေးမှ ရရှိလာခြင်းဖြစ်သည်။ ပြည်ပရေလမ်းကုန်သွယ်ရေး အခွန်ခမှာ ငါးနှစ်သာလွတ်ကင်းခွင့်ရရှိပါက လက်ခံနိုင်ပေသည်။ ရှောင်ဟန်သည် လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်သည်။ “ရုံးတော်က လျန်တစ်သိန်းခွဲကို တစ်ခါတည်းလိုချင်တာဆိုတော့ ရေလမ်းကုန်သွယ်ရေး အသေးစားလေးတွေက တတ်နိုင်မှာမဟုတ်ဘူး၊ ကျွန်တော်တို့လို မျိုးနွယ်ကြီးတွေကပဲ ခွဲဝေယူကြလိမ့်မယ်”

ရှောင်လင်ယွီသည် ခေါင်းညိတ်သဘောတူလိုက်သည်။

“ဒီသတင်းသာ လော့ဟယ်စီရင်စုမှာ ပျံ့သွားတာနဲ့ တူးဖော်မဲ့လမ်းကြောင်းတစ်လျှောက်က မြေတွေ ဈေးမြင့်လာလိမ့်မယ်။ ဒီနှစ်ရက်အတွင်း ဦးလေးဟန်ကို ဒုက္ခပေးပါရစေ။ လော့ဟယ်စီရင်စုကနေ နှစ်ကီလိုမီတာ အတွင်းက လယ်မြေတွေကို အရင်စုထားပေးပါ”

ယခု လော့ဟယ်စီရင်စု အပြင်ဘက်ရှိ လယ်များမှာ ဈေးမကြီးသေးပေ။ လျန်အနည်းငယ်ဖြင့် စုဆောင်းထားရမည်ပင်။ သတင်းသာ ပျံ့သွားပါက လယ်ဧကဈေးများသည် ယခင်ကထက် ဆယ်ဆ တက်သွားပေလိမ့်မည်။

ရှောင်မိသားစု၏ လှုပ်ရှားမှုသည် မြန်ဆန်သကဲ့သို့ ရေကြောင်းလမ်းတူးဖော်ရေး၌ ပါ၀င်ကြသည့် အခြားမိသားစုများသည်လည်း လက်မနှေးကြပေ။ သုံးရက်မှ ငါးရက်အတွင်း လော့ဟယ်စီရင်စု အပြင်ဘက်ရှိ မြစ်ကမ်းဘေးနှစ်ဖက်မှ လယ်ဧကများ အားလုံးအား ထိုမိသားစုများမှ ပိုင်ဆိုင်သွားကြသည်။ ယခင်က ရှစ်လျန်သာ ရှိသော ‌မြေဧကကောင်းများမှာ လျန်နှစ်ဆယ်နှင့်ပင် ရောင်းထွက်ကြပြီး ယိုကျင့်တို့ ၀ယ်ယူထားသည် မြေဆိုးလေးဧကသည်ပင် ဆယ်လျန်အထိ ဈေးတက်သွားပေသည်။ လော့ဟယ်စီရင်စု၏ အတွင်းနှင့်အပြင်၌ ရေလမ်းကြောင်းဖူးဖော်မည့် သတင်းသည် ပျံ့နှံ့နေလျက်ရှိသည်။ လယ်ဧကများကို စောစီးစွာ ရောင်းထုတ်ခဲ့သည့် မိသားစုများမှာ ရင်ထုကာ ငိုကြွေးရင်း အကျပ်အတည်း ဖြစ်နေကြတော့သည်။ ခဏတာအတွင်း လော့ဟယ်စီရင်စုတစ်ခုလုံးသည် မြေဈေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာလေသည်။

…………

မြို့ထဲ၌ ဆီးချိုရည်ရောင်းချနေသေးသည့် စုမိသားစုသည် ထိုသို့ သတင်းမျိုးကို လွတ်မသွားနိုင်ချေ။ ယိုကျင့်သည် ယနေ့တွင် လော့ဟယ်စီရင်စု၌ ရေမြောင်းဖောက်မည်ဆိုသည့် သတင်းကို ကြားရသည်မှာ တစ်ဆယ့်ခုနှစ်ခေါက်မြောက် ရှိနေပြီပင်ဖြစ်သည်။ “စုမိန်းကလေး ဝူလီချောင်ကိုဖြတ်ပြီး ရေကြောင်းဖော်မှာတဲ့၊ မင်းတို့သာ ‌မြစ်ဘေးမှာ လယ်မြေ၀ယ်ထားတာရှိရင် ငွေအများကြီးစုမိမှာပဲ”

ယခု သတင်းပြော‌ပြနေသူမှာ ယိုကျင့်နှင့်ရင်းနှီးသည့် အမျိုးသမီးကြီးဖြစ်သည်။ ယိုကျင့်တို့မိသားစုမှာ ဝူလီချောင်၏တစ်ဖက်ခြမ်း၌ နေထိုင်ကြောင်း သူမသိပေသည်။

ယိုကျင့်သည် ထိုအရာကိုကြားသည်နှင့် သက်ပြင်းချကာ ပြုံးလိုက်သည်။ “အဒေါ်ပြောသလိုသာဆို ကျွန်မက ကျွန်မခြေကို ဆင်းပြီး ခစားမဲ့သူပဲ ထိုင်စောင့်နေမှာပေါ့။ ဘာလို့ ဒီနေပူကြီးထဲမှာ ဆီးချိုရည် ရောင်းနေရမှာလဲ မဟုတ်ဘူးလား”

သူမသည် ယိုကျင့်ပြောသည့်စကားကို ထောက်ခံပေသည်။ သူမသည် နှစ်သိမ့်‌ပေးလိုက်သည်။

“ဟုတ်ပါတယ်လေ။ လူတိုင်းက သူ့ကံနဲ့သူလာတာပဲ။ မြေဆိုးတွေတောင် တစ်ဧကကို ဆယ်လျန်ကျော်နဲ့ ရောင်းထွက်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အဲ့လိုမှန်းသိရင် အရင်ကတည်းက ငါတို့အိမ်အကြီးအကဲကို ဧကနှစ်ဆယ်ကျော်လောက် ၀ယ်ခိုင်းထားပါတယ်”

ထိုအမျိုးသမီးသည် ဆီးချိုရည်ကို သောက်ပြီးနောက် သက်ပြင်းချကာ ထွက်ခွာသွားတော့သည်။

လယ်မြေမရှိသည့် ယိုကျင့်သည် ဟောင်ကျားဟွမ်မှ မြေတစ်ဆယ့်ခြောက်ဧကကို ၀ယ်ယူမိသည့်အတွက် ၀မ်းသာနေပေသည်။ ထို့အပြင် သူမတို့မိသားစု၏ မြေဆိုးများ နေရာအဆုံးရှိ လယ်ခြောက်ဧကလည်း ရှိသေးသည်။ အစက သူမသည် လယ်ဆယ်ဧကမျှသာ စုရန် ရည်ရွယ်ထားခဲ့သည်။ ထိုအချိန်က လော့ဟယ်စီရင်စု၌ ရေ‌လမ်းကြောင်း တူးဖော်မည့် အကြောင်းမှာ မပျံ့နှံ့သေးပေ။ ထို့အတွက် သူမသည် တစ်ဧကကို နှစ်လျန်နှင့် ဈေးနှိမ်၀ယ်ခဲ့နိုင်သည်ဟု ဆိုရမည်။ သူမသည် ရည်ရွယ်ထားခြင်းမရှိဘဲ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

အိမ်မကြီးဆယ်ခု၏ ပါ၀င်လှုပ်ရှားမှုကြောင့် ရေလမ်းကြောင်းတူးဖော်ရန် မတည်ငွေ တစ်သိန်းခွဲမှာ လ၀က်အတွင်း စုစည်းနိုင်ကာ ရုံးတော်သို့ အပ်လိုက်ကြသည်။ ဘဏ္ဍာငွေ လုံလောက်သည့်အတွက် ဝူလီချောင် အပြင်ဘက်၌ လုပ်ငန်းခွင်မှာ အဓိကတည်နေရာ ဖြစ်လာခဲ့သည်။ နွေဦးကျော်လွန်ကာ ဆောင်းရာသီ ခြောက်သွေ့လာသည်နှင့် ‌တူးမြောင်းကို စတင်တူးဖော်နိုင်ပေသည်။

ကုန်သည်များအတွက် တူးမြောင်း တည်ဆောက်ရေးသည် စီးပွားရေးအတွက် အရေးပါ အရာရောက်သော်လည်း နန်းတွင်းနယ်ခြားစောင့်တပ်များအတွက် လော့ဟယ်စီရင်စုသည် သာ့ဖန်၏ မြောက်ဘက်ပိုင်း၌ရှိနေကာ ဝေးလံခေါင်ဖျားလှပေသည်။ စစ်ပွဲဖြစ်ပွားပါက ရေလမ်းကုန်သွယ်ရေးများမှာ ကုန်တွင်းပိုင်းထက် အချိန်တစ်၀က်မျှ ကြန့်ကြာနိုင်သည်။ အရှင်မင်းမြတ်သည် အိုမင်းနေပြီ ဖြစ်သော်ငြား စစ်မက်ရေးရာ၌ ဂုဏ်သတင်းကြီးမားပေသည်။ နောင်မျိုးဆက်များ၏ ကြီးပွားတိုးတက်ရေးအတွက် လော့ဟယ် တူးမြောင်းသည် အရေးကြီးလှပေသည်။

သို့သော်လည်း သာမန်လူတန်းစားများသည် ထိုအရာများကို နားမလည်ပါချေ။ ထိုသူတို့အတွက် ပိုက်ဆံမည်သို့ရှာဖွေရမည်ကို တွေးတောခြင်းနှင့် အစားအစာလောက်ငှရန် စီမံခြင်းတို့က ပို၍အရေးကြီးပေသည်။ ထိုသို့တိုင်းရေးပြည်ရေးပြဿနာများသည် သူတို့အပေါ်၌ သက်ရောက်မှု သေးငယ်ပေသည်။ ဥပမာ ယိုကျင့်ကဲ့သို့ လူမျိုးဖြစ်သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset