အပိုင်း (၆၂) တူးမြောင်းအလုပ်သမားအဆောင်
လော့ဟယ်မြို့တွင် လူဦးရေ တိုးလာသည်ကို တွေ့ရသဖြင့် တူးမြောင်းဆောက်လုပ်ရေးသတင်းမှာ မှန်နေလောက်မည် ဖြစ်ကြောင်း ယိုကျင့် သိလိုက်လေသည်။ တူးမြောင်းဖောက်ရင် လူအင်အားတွေ အများကြီး သုံးရလိမ့်မယ်။ ပြီးနော့ တူးမြောင်းဖောက်မဲ့လူတွေကလည်း လော့ဟယ်မြို့သားတွေချည်းပဲ မဖြစ်နိုင်ဘူး။။ သဘောက သူတို့ထဲက တချို့အတွက် နေထိုင်ရေး အခြေခံလိုအပ်ချက်က ပြဿနာဖြစ်လာလိမ့်မယ်။ ဒါက စီးပွားရေးအခွင့်အလမ်းတစ်ခု ဖြစ်လာလိမ့်မယ်။
“ နင်က အိမ်ဆောက်ဖို့ လူရှာနေတယ်ဟုတ်လား”
ဟယ်ဟောက်သည် စုမိသားစုတွင် အမြင်ရှိတာလား ကံကောင်းတာလားပင် မသိတော့ချေ။ အသက်ကြီးကြီးအားနည်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတွေပဲ ရှိတဲ့ စုမိသားစုက မြေရိုင်းတွေ အများကြီးဝယ်ဖို့ ငွေတွေအများကြီးသုံးလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ အစတုန်းကတော့ သူတို့တွေ နုံနုံအအလေးတွေပဲလို့ ထင်ထားခဲ့တာ။ မျက်နှာပေါ် ပါးချခံလိုက်ရတာ မျက်စိတစ်မှိတ်စာအတွင်းလေးပဲ။ နုံအတဲ့သူက သူဖြစ်နေတာလေ။
“လက်ရှိအိမ်က နင်တို့မိသားစုအတွက် မလောက်လို့လား”
ယိုကျင့်က ရှင်းပြလိုက်လေသည်။
“လူတွေ လော့ဟယ်မှာ သွားလာနေကြတာကို ကျွန်မ သတိထားမလို့လေ၊ ကြည့်ရတာ တူးမြောင်းဆောက်လုပ်ရေးက သေချာသွားပြီထင်တယ်၊ မြေရိုင်းတချို့ပေါ်မှာ သက်ကယ်နဲ့ ရွှံအုတ်အိမ်လေးတချို့ ဆောက်ပြီး ငွေရှာနိုင်မယ်လို့ စဥ်းစားမိလို့ပါ”
စုမိသားစုသည် ဝူလီချောင်မြစ်မှ ခဲတစ်ပစ်စာခန့်တွင် မြေဆယ်ဧက ပိုင်ထားလေသည်။ လေးဧကကိုသာ စိုက်ပျိုးထားပြီး ကျန်သည့် ခြောက်ဧကကို အလွတ် ထားထားလေသည်။ အိမ်တချို့ကို ဆောက်လုပ်ခဲ့လျှင် နောက်ပိုင်း တူးမြောင်းအလုပ်သမားများကို ငှားရမ်းနိုင်လိမ့်မည်။ ဒါသည် ငွေရှာနိုင်မည့် နည်းလမ်းတစ်ခုပင်။ အမျိုးသမီးစုနှင့် တိုင်ပင်ပြီးနောက် ယိုကျင့်သည် ကူညီနိုင်မည့်လူတစ်ယောက် ရှာပေးရန် သူကြီးအား သွားပြောတော့သည်။
“ကျွန်မတို့မိသားစုက ဝူလီချောင်မှာ အသိ သိပ်မရှိတော့ ဦးလေးသူကြီးကိုပဲ လက်သမားအဖွဲ့တစ်ဖွဲ့လောက် ရှာပေးဖို့ အကူအညီတောင်းချင်လို့ပါ”
ဟယ်ဟောက်သည် သူ့စိတ်ထဲတွင် ခံစားချက်များ ပြည့်သွားတော့သည်။
စုမိသားစု ဘဝတွေ ကောင်းစားလာတာလည်း မဆန်းတော့ပါဘူး။ စုမိသားစုရဲ့ အကြီးဆုံးကလေးမက တကယ်ပဲ တွေးရဲလုပ်ရဲတာကိုး။ ဟယ်ဟောက်သည် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
“ ရတာပေါ့၊ ငါ ဒီကိစ္စ ကြည့်လုပ်ပေးလိုက်မယ်”
လက်ရှိတွင် ဝူလီချောင်တစ်ရွာလုံး၌ စုမိသားစုတစ်ခုသာ မြစ်အနောက်ဘက်ကမ်းတွင် မြေလွတ်ဆယ်ဧက ပိုင်ထားလေသည်။ သူသာ ငွေရှာဖို့ တူးမြောင်းအကြောင်း စောစောသိခဲ့ပြီး အသုံးချချင်ခဲ့ရင် စုမိသားစုနဲ့ အဆင်ပြေနေမှ ဖြစ်မှာပဲ။
“ ဒါဆို ဦးလေးသူကြီးကို ကျေးဇူးအများကြီး တင်ပါတယ်၊ အိမ်ဆောက်ပြီးသွားရင် အဒေါ်ကျောက်က မုန့်ပေါင်းတို့ မန်ထိုတို့ လုပ်ပြီး အဲဒီမှာ ရောင်းပေါ့ တစ်အိမ်လုံးရဲ့အိမ်စားရိတ် ကာမိအောင် ငွေရှာလို့ရတာပေါ့”
ယိုကျင့်သည အပေးအယူ သဘောတရားကို နားလည်လေသည်။ နောက်ပိုင်း သူမမိသားစုတစ်ခုထဲ ငွေတွေအများကြီး ရှာနိုင်လာရင် တခြားလူတွေက မနာလိုတွေ ဖြစ်လာကြတော့မယ်လေ ဟုတ်တယ်မလား။
ထိုစကားကို ကြားလိုက်ပြီးနောက် ကျောက်ချွန်းဟွား၏မျက်လုံးများ လင်းလက်သွားတော့သည်။ သူတို့မိသားစု၏ အကြီးဆုံးသားသည် လော့ဟယ်မြို့တွင် ကျောင်းတက်နေသည်ဖြစ်ရာ နှစ်တိုင်း အကုန်အကျများလေသည်။ သူတို့သာ ငွေပိုရှာနိုင်လျှင် အဆင်ပြေလိမ့်မည်။
“ ရတယ်လေ၊ အချိန်ကျလာရင်သာ ငါတို့တွေက ယိုကျင့်ရဲ့အကူအညီကို အားကိုးရလိမ့်မယ်”
ကျောက်ချွန်းဟွားသည် စုမိသားစု၏အကြီးဆုံးကလေးမကို ပို၍ သဘောကျလာတော့သည်။ သူမက ပါးစပ်ချိုချိုလေးနဲ့ ဘယ်လိုပြုမူရမလဲဆိုတာလည်း သိတယ်။ သူမက အရမ်းငယ်နေလို့ပေါ့ဟယ်။ မဟုတ်လို့ရှိရင် သူမကို ချွေးမတော်ရလည်း မဆိုးတဲ့စိတ်ကူးတစ်ခုပဲ။
သူကြီးနှင့် တိုင်ပင်ပြီး နှစ်ရက်အကြာတွင် လူဆယ်ရှစ်ယောက်ပါသည့် ဆောက်လုပ်ရေးအဖွ့သည် မြစ်အနောက်ဘက်ကမ်းပေါ်က မြေလွှတ်ဆီသို့ ရောက်လာကြလေသည်။ သူတို့သည် အုတ်မြစ်စချပြီး ယိုကျင့်၏စိတ်ကူးအတိုင်း အိမ်ကို ဆောက်ပေးတော့သည်။ ယိုကျင့်၏စိတ်ကူးကလည်း အလွန်ရိုးရှင်းသည်။ အဆောင်ကို အဓိကအားဖြင့် နှစ်မျိုးခွဲထားလိုက်သည်။ တစ်ခု မျှအိပ်ရသော အဆောင်ဖြစ်ပြီး တစ်ခန်းကို လူ၂၀လောက် နေထိုင်နိုင်သည်။ နောက်တစ်ခုမှ ခုတင်သေးတစ်လုံးနှင့် ရိုးရိုးစားပွဲထိုင်ခုံးတစ်စုံပါသည့် တစ်ယောက်ခန်းအခန်းငယ်လေးများဖြစ်သည်။ သည်အမျိုးအစားကိုတော့ တူးမြောင်းဆောက်လုပ်ရေး ခေါင်းဆောင်များအတွက် ဖြစ်လေသည်။
မြစ်အနောက်ဘက်ကမ်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းသည် ဝူလီချောင်ရွာသားများကို သတိပေးသလို ဖြစ်သွားတော့သည်။ ရွာသားများသည် မြစ်အနောက်ဘက်ကမ်းသို့ လာကြပြီး ဝမ်းသာအားရဖြင့် ကြည့်ရှုနေကြတော့သည်။ တချို့လူများက စုမိသားစု၏ချမ်းသာမှုကို အားကျနေကြ၏။ တချို့ကတော့ သဘာဝအလျောက် မနာလိုဖြစ်ကြလေသည်။ ယိုကျင့်သည် ဘာကိုမှ ဂရုမစိုက်ချေ။ အခုတော့ မိသားစုက ခွေးလေးများကလည်း အိမ်စောင့်နိုင်သည့် အရွယ်ရောက်လာကြပြီး သူမသည် လူတချို့၏မကောင်းသည့် ရည်ရွယ်ချက်များကို မောင်းထုတ်ရန် တဟွမ်နှင့် ရှောင်ဟေးတို့ကို ခေါ်ကာ ရွာကို မကြာခဏ ပတ်သွားတတ်လေသည်။ စုမိသားစုကောင်မလေးနောက်က လိုက်လာသည့် ခွေးများသည် အေးစက်စက် သွားရည်တမြားမြားဖြင့် မကောင်းကြံနေကြသည်လူများကို အစွယ်တငွားငွားဖြင့် ခြောက်လန့်ကြလေသည်။
အခုတော့ စုမိသားစုမှ လူတိုင်း၏ဘဝသည် အေးအေးချမ်းချမ်း ဖြတ်သန်းလျက် ရှိတော့သည်။ နေ့တိုင်း ဆီးဖျော်ရည်များကို ရောင်းကြသည်။ ထို့နောက်တွင် သူမက ဦးဆောင်ပြီး ညီမငယ်လေးများကို လေးကျင့်ခန်းလုပ်ခိုင်းပြီး ခွေးများကို လေ့ကျင့်ပေးသည်။ ထို့အပြင် တောင်ပေါ်တက်ကာ ရှီးပတီးများ တူးလိုက်သေးသည်။ ယိုကျင့်၏ဘဝသည် တော်တော်ပြည့်စုံလာသည်ဟု ဆိုနိုင်လေသည်။ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားလေသည်။ မျက်စိတမှိတ်အတွင်း ပူပြင်းလွန်သည့်ရာသီ ဇူလိုင်လ ရောက်လာတော့သည်။ မြစ်၏စုမိသားစုအခြမ်းက အိမ်ကိုလည်း ဆောက်လုပ်ပြီးစီးသွားလေသည်။ ယိုကျင့်က သာမန်အိမ်များနှင့် ဆင်သည့် အခန်းဖွဲ့စည်းပုံတစ်ခု ချလိုက်၏။ ဝင်ပေါက်တစ်ခု တည်းသာရှိပြီး ထိုဝင်ပေါက်က ပင်မဆောင်၊ အရှေ့ဆောင်နှင့် အနောက်ဆောင်တို့ကို ပိုင်းခြားထားသည်။ သို့သော် အားလုံးကို မျှအိပ်ရသည့်အဆောင်များအဖြစ် ဖွဲ့စည်းထားပြီး မီးဖိုဆောင် မရှိချေ။ ရေချိုးခန်း အိမ်သာများကိုလည်း တိုးဆောက်ထားလိုက်သည်။ မျှနေရသည့်အဆောင် ဖြစ်သဖြင့် အနောက်ဘက်တွင် သိုလှောင်ခန်းလည်း မထားချေ။ ပင်မဆောင်၊ အရှေ့ဆောင် အနောက်ဆောင် အားလုံးပေါင်း မျှအိပ်ရသည့်အခန်း ၆ခန်းရှိပြီး လူအယောက် ၁၂၀ ခန့် နေထိုင်နိုင်လေသည်။
မျှအိပ်ရသည့်အဆောင်ဘေးက တစ်ယောက်ခန်းကိုတော့ အနည်းငယ် ပိုကောင်းအောင် ဆောက်ထားလိုက်သည်။ တစ်ယောက်အိပ်ခန်းများကို အတန်းလိုက် စီကာ ဆောက်ထားသည်။ တစ်ခန်းစီကို လွတ်လွတ်လပ်လပ် ဖြစ်အောင် လုပ်ထားပေး၏။ ရေချိုးခန်းနှင့် အိမ်သာကိုသာ မျှသုံးရသည်။ ခြံတံတိုင်း၊ ခြံတံခါးများ မရှိချေ။ ယိုကျင့်က ရေရှည်အတွက် တူးမြောင်းတူးဖော်ရေးလူကြီးများကို ငှားရန် စီစဥ်ထားခြင်းဖြစ်သည်။ ထို့နောက် အိမ်သာကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးရန် လူတစ်ယောက် ရှာပေးရန်သာ လိုတော့သည်။
စုမိသားစုအိမ်ကို ဆောက်ပြီး လဝက်ခန့်အကြာတွင် လော့ဟယ်မြို့၌ တူးမြောင်းဆောက်လုပ်ရေးကို စတင်တော့သည်။ ယိုကျင့်သည် ယိုရင်နှင့် ယိုကျူးတို့ကို ခေါ်ပြီး မြစ်ဘေးသို့သွားကာ နေရာထိုင်ခင်း လိုအပ်သည့် ဧည့်သည်များကို ဖိတ်လေသည်။
“ မျှအိပ်ရတဲ့အခန်းကတော့ တစ်ည ၃ဝမ်ပါ၊ တစ်ည ၃ဝမ်ပါ”
ယိုကျင့်၏စျေးက မမြင့်ချေ။ တစ်လလျှင် ငှားရမ်းခ ဝမ်၉၀သာ ကျလေသည်။ ဒါသည် လော့ဟယ်တွင် တစ်ည ၆ဝမ် ပေးပြီး တည်းခိုရသည်နှင့် ယှဥ်လျှင် တစ်ဝက်သက်သာလေသည်။
သေချာပါသည်။ ယိုကျင့်က ၃ ၄ခေါက်ခန့် အော်လိုက်ပြီးနောက်တွင် တစ်ယောက်က ချက်ချင်းလာမေးတော့သည်။
“ ကလေးမ တကယ်ပဲ တစ်ည ၃ဝမ်လား”
သည်တစ်ကြိမ်တွင် တခြားနေရာက တူးမြောင်းအလုပ်သမားများလည်း လာကြလေသည်။ တူးမြောင်းတူးသည့် အလုပ်က အနည်းငယ်ပင်ပန်းသော်လည်း တစ်နေ့လျှင် တစ်ယောက်ကို ဝမ် ၃၀ သာရကြသည်။ သို့သော် ထိုအထဲတွင် အစားအသောက်နှင့် နေထိုင်စားရိတ် မပါချေ။ လော့ဟယ်မြို့၏စျေးနှုန်းက ကြီးသည်။ အပေါဆုံးမျှအိပ်ရသည့်အခန်းပင် တစ်ည ၆ဝမ် ပေးရလေသည်။ ထို့အပြင် နေ့စဥ်စားစရိတ်နှင့်ဆိုလျှင် အနည်းဆုံး ၁၀ဝမ် ကျလိမ့်မည်။ အမှန်တကယ် ကျန်သည်က ဝမ် ၁၀ပြားသာ။ တူးမြောင်းအလုပ်သမားအများစုက ငွေပိုရှာချင်ကြသည်။ ထို့ကြောင့် သူတို့သည် တတ်နိုင်သမျှ ချွေတာကြသည်မှာလည်း သဘာဝပင်။
တစ်ယောက်က လာမေးသဖြင့် ယိုကျင့်က အဝေးက အနက်ရောင်အစက်လေးကို မြန်မြန်ညွှန်ပြလိုက်ပြီး ပြောလိုက်လေသည်။
“ အဲဒါက ကျွန်မတို့အိမ်ပဲ၊ မျှသုံးရတဲ့အခန်းတစ်ခုကို လူအယောက် ၂၀လောက် နေလို့ရတယ်၊ တစ်ညကို ၃ဝမ်ပဲ ကျမှာ၊ တစ်ချက်လောက် လိုက်ကြည့်ချင်လား”
ယိုကျင့်၏စျေးခေါ်သံကို နားထောင်ရင်း လာမေးကြသည့်လူသုံးယောက်က သူမ ညွှန်ပြလိုက်သည့်ဘက်ကို ကြည့်လိုက်ကြလေသည်။ ခြေကျင်လျှောက်လျှင် တစ်ကီလိုမီတာလောက်သာ ခန့်မှန်းချေရှိသည်။ သိပ်မဝေးလှချေ။ ထို့ကြောင့် သူတို့သည် သည်နေ့ည တည်းခိုရန် ယိုကျင့်ပြောတာကို လက်ခံလိုက်သည်။
ယိုကျင့်တို့ညီအစ်မများသည် နာရီဝက်လောက် မြစ်ကမ်းပေါ်တွင် နေလိုက်ကြပြီး လာရောက်စုံစမ်းသူ အနည်းဆုံးအယောက် ၃၀ ခန့် ရှိသွားတော့သည်။ တနယ်သားလေသံဖြင့် သက်လတ်ပိုင်း ယောက်ျားတစ်ဦးက ရောက်လာပြီး မေးလေသည်။
“ ကောင်မလေး မင်းတို့ဆီမှာ တစ်ယောက်ခန်းတွေရော ရှိလား”
“ ဟုတ်ကဲ့ ရှိပါတယ်၊ တစ်ယောက်ခန်းတွေကိုတော့ လစဥ်ကြေးနဲ့ ယူပါတယ်၊ တစ်လကို ၄၁၅ဝမ်ပါ”
ဒါသည် တစ်ယောက်ခန်းကို လာမေးသည့် ပထမဆုံးဦးစီးမှူး ဖြစ်လေသည်။ ယိုကျင့်က သူတို့မိသားစု၏ တစ်ယောက်ခန်း အနေအထားကို မြန်မြန်ရှင်းပြလိုက်လေသည်။
“ ကျွန်မတို့ရဲ့တစ်ယောက်ခန်းမှာ ခုတင်တစ်လုံး၊ စားပွဲ ကုလားထိုင်နဲ့ ခုံရှည်တွေ ပါပါတယ်၊ မြစ်ကမ်းနားလေးမှာပဲ၊ အရမ်းအဆင်ပြေပါတယ်”
“ ဟုတ်ပြီလေ ကျုပ် အလုပ်ဆင်းရင် တစ်ချက်လောက် လာကြည့်မယ်”
တစ်လ ၄၁၅ဝမ်သည် မြို့ပေါ်က တစ်နေ့ဝမ်၂၀စျေးနှင့် ယှဥ်လျှင် သင့်တော်သည့် စျေးနှုန်း ဖြစ်နေသေးသည်။ ဦးစီးက ခေါင်းညိတ်ပြလိုက်ပြီး လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
မြစ်ဘက်မှ ပြန်လာပြီးနောက် ယိုကျင့်သည် တစ်ယောက်ခန်းအတွက် ဂွမ်းစောင်များ ချုပ်နေသည့် အမျိုးသမီးစုအား ကူညီလိုက်လေသည်။ အခုမှ ဇူလိုင်လသာ ရှိသေးသည်။ ဝါဂွမ်းဝယ်ရသည်က စျေးမကြီးသေးပေ။ စုမိသားစုသည် ဂွမ်းစောင် ဆယ့်နှစ်ထည်စာ ဝါဂွမ်းများကို ဝယ်ခဲ့လိုက်သည်။ တစ်ချက်မှာ အဆောင်က လိုအပ်ပြီး နောက်တစ်ချက်မှာ သူ့မိသားစုလည်း ခြုံစောင် လိုအပ်နေသောကြောင့်ပင်။ အလုပ်အဆင်ပြေစေရန် ယိုကျင့်က ဝူလီချောင်ရွာက အသက် ၅၀နားနီးသည့် မုဆိုးဖိုတစ်ယောက်ဖြစ်သည့် ဦးလေးဝမ်ကို ငှားလိုက်လေသည်။ တစ်လကို ငွေတစ်စဖြင့် သူသည် တူးမြောင်းအလုပ်သမားများ၏ အဆောင်တံခါးကို စောင့်ပေးရသည်။ ဦးလေးဝမ်သည် စိုက်ပျိုးရေး လုပ်စားရန် အလွန်အိုမင်းနေပြီးဖြစ်သဖြင့် သည်အလုပ်ရတော့ ဝမ်းသာသွားတော့သည်။
ထိုနေ့ညက စုမိသားစု၏ တူးမြောင်းအလုပ်သမားဆောင်တွင် တူးမြောင်းအလုပ်သမား အယောက် ၃၀နီးပါး လာနေကြပြီး တစ်ယောက်ခန်း နှစ်ခန်းလည်း ငှားခဲ့ရသည်။ အားလုံးကို ငွေကြိုရှင်းပြီးမှ နေရခြင်း ဖြစ်သည်။ တစ်ချီတည်းနှင့် ငွေတစ်စ ဝင်လာလေသည်။ စုမိသားစုဝင်အားလုံးသည် အလွန်ပျော်သွားကြတော့သည်။
ငွေသိမ်းပြီးနောက်တွင် ယိုကျင့်က မနက်ဖြန်မနက်စာအတွက် အမှာစာ ယူမလားဟု တန်းမေးလိုက်တော့သည်။
“ မန်ထိုတစ်လုံး၊ ဆန်လုံးညိုဆန်ပြုတ် တစ်ပန်းကန် ကို ၂ဝမ်ပါ”
ထိုစကားကို ကြားလိုက်ပြီးနောက် အားလုံးက စျေးသင့်သည်ဟု တွေးလိုက်ပြီး မှာလိုက်ကြတော့သည်။ နေရာထိုင်ခင်း စီစဥ်ပေးလိုက်ပြီးနောက် သူမသည် ဦးလေးဝမ်ကို မှာစရာရှိတာ မှာလိုက်ပြီး ဂိတ်စောင့်ရန် ရှောင်ဟေးကို ထားခဲ့လိုက်လေသည်။ ထို့နောက်မှ ယိုကျင့်က တဟွမ်ကို ခေါ်ကာ လက်ထဲတွင် မီးအိမ်တစ်လုံးကိုင်ပြီး သိပ်မဝေးလှသည့် အိမ်သို့ ပြန်လာခဲ့လေသည်။
အိမ်ပြန်ရောက်သည်နှင့် စုမိသားစုအားလုံးသည် မနက်ဖြန်မနက်အတွက် အမှာစာများကို ပြင်ဆင်ရင်း အလုပ်များနေကြတော့သည်။ ကလးနှစ်ယောက်ကို သိပ်ပြီးသွားသည့် အမျိုးသမီးစုက မန်ထိုလုပ်နည်း တတ်သွားသည့် ယိုကျူးနှင့်အတူ ဂျုံများနှယ်လိုက်သည်။ ယိုကျင့်က ဂိုဒေါင်မှ ဆန်လုံးညိုများကို ထုတ်ကာ ရေစိမ်လိုက်ပြီး ထင်းထည့် မီးမွှေးလိုက်သည်။ သူမက ဆန်လုံးညိုဆန်ပြုတ်ကို ချက်လိုက်၏။ ထို့နောက်မှ အားလုံးသည် ခြေလက်သန့်စင်ပြီး အိပ်ရာဝင်လိုက်ကြတော့သည်။
နောက်တစ်နေ့ မနက်စောစော အာရုံမတက်ခင် ယိုကျင့်က မီးအိမ်တစ်ခုနှင့် အရှေ့ဆောင်မှထွက်လာပြီး မီးဖိုဆောင်သို့ သွားလိုက်ကာ အမျိုးသမီးစုနှင့် ယိုကျူးတို့ နယ်ထားသည့် ဂျုံကို အရွယ်အစားတူ ဖြတ်လိုက်ပြီး ပေါင်းအိုးထဲ ထည့်လိုက်လေသည်။ ပေါင်းအိုးကို ဆန်လုံးညိုဆန်ပြုတ်ချက်ထားသည့် အိုးအပေါ်ဆုံးတွင် တင်လိုက်လေသည်။ အခြောက်လှန်းထားသည့် ဝါးများက တစတောက်တောက်နှင့် လောင်ကျွမ်းနေလေသည်။ ၁၅မိနစ်အတွင်း အားလုံးအဆင်သင့်ဖြစ်သွားတော့သည်။
မုန့်ပေါင်းများအားလုံးကို ခြင်းထဲထည့်ကာ အဖြူရောင်အစဖြင့် အုပ်လိုက်ပြီး ဆန်လုံးညိုဆန်ပြုတ်များကို သစ်သားပုံးထဲ လောင်းထည့်လိုက်ချိန်၌ ပင်မဆောင်မှ အမျိုးသမီးစုနှင့် အနောက်ဆောင်မှ ယိုရင်တို့ ထလာကြသည်။ ယိုကျင့်နှင့် အမျိုးသမီးစုတို့သည် ဆန်ပြုတ်ထည့်ထားသည့် ပုံးကြီးကို သယ်လိုက်ပြီး ယိုရင်က ကြွေပန်းကန်လုံးအကြမ်းများကို သယ်လိုက်သည်။ သားအမိများသည် အမှောင်ထဲတွင် တူးမြောင်းအလုပ်သမားများ၏ အဆောင်သို့ သွားလိုက်ကြတော့သည်။
မနက်စောစော ထကြသည့် တူးမြောင်းအလုပ်သမားများက အခန်းထဲက ထွက်လာသည်နှင့် စုမိသားစုက သားအမိများက အားလုံးကို ပြင်ဆင်ပေးထားသည်ကို တွေ့လိုက်ရလေသည်။ လက်သီးအရွယ်မန်ထို၏ အနံ့က အခုမှနိုးလာသည့် အရသာဖုကို ဆွဲဆောင်နေတော့သည်။ အားလုံးက ဝမ် ၂ပြားကို မြန်မြန်ထုတ်လိုက်ပြီး ယိုကျင့်လက်ထဲ ထည့်ပေးလိုက်လေသည်။ သူတို့သည် ဆန်ပြုတ်တစ်ပန်းကန်နှင့် ရိုးရိုးမန်ထိုတစ်လုံး မှာလိုက်ပြီး သူတို့၏မနက်စာကို အပြီးသတ်လိုက်ကြတော့သည်။ ထို့နောက် သူတို့သည် စုမိသားစုမှ သားအမိများကို လက်ပြ နှုတ်ဆက်လိုက်ကြတော့သည်။ တူးမြောင်းအလုပ်သမားသည် တစ်ချိန်တည်း အလုပ်သွားကြလေသည်။ စုမိသားစုက ယူလာသည့် မနက်စာသည် ဆယ့်ငါးမိနစ်အတွင်း ကုန်သွားတော့သည်။ သားအမိများသည် သူတို့ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်သို့ ပြန်လာကြတော့သည်။
သူကြီးဟယ်ဟောက်အိမ်တွင်တော့ အမျိုးသမီးကျောက်သည် စုမိသားစု၏ တူးမြောင်းအလုပ်သမားအဆောင်တွင် လူ ဒါဇင်ထက်မနည်း နေကြသည့်သတင်း ကြားခဲ့သည်။ သူမသည် အနည်းငယ် ပူပန်သွားတော့သည်။
“ အိမ်ဦးနတ်ကြီး ကျွန်မတို့တွေ မြစ်တဖက်ကမ်းမှာ ဆိုင်လေးတစ်ခု မြန်မြန်တည်သင့်ပြီ မထင်ဘူးလား၊ ဒီတူးမြောင်းအလုပ်သမားတွေက ငွေအများကြီး ရှာနိုင်တယ်ရှင့်”
ဟယ်ဟောက်သည် ကျွမ်းကျင်သည့် လယ်သမားတစ်ယောက်သာ ဖြစ်လေသည်။ သူသည် ဘာစီးပွားရေးသေးသေးလေးကိုမှ မလုပ်ခဲ့ဖူးသဖြင့် အနည်းငယ် စိုးရိမ်နေတော့သည်။ သို့သော် အရွယ်မရောက်သေးသည့် စုမိသားစုက ကလေးများ၏ လုပ်ရဲသည့်သတ္တိကို တွေးမိရင်း သူတို့လည်း လုပ်နိုင်သည်ဟု တွေးလိုက်လေသည်။
“ ခဏနေ စုအိမ်ကိုသွားပြီး ကလေးမယိုကျင့်နဲ့ တိုင်ပင်ကြည့်လိုက်လေ သူတို့မိသားစုက အခု အိမ်တွေအများကြီး ဆောက်ထားပြီးပြီ၊ ငါတို့တွေ အစားအသောက်ရောင်းဖို့ တစ်ခန်းလောက် ငှားလို့ရတာပဲ”
အိမ်ဦးနတ်ကြီး၏စကားကို ကြားလိုက်ပြီးနောက် ပျော်ရွှင်မှုက ငယ်ထိတ်တက်သွားပြီး သူမသည် အသိအမှတ်ပြုလိုက်တော့သည်။ ထို့နောက် သူမသည် မြစ်အနောက်ဘက်ခြမ်းကို မြန်မြန် ထွက်လာခဲ့တော့သည်။ လမ်းတွင် မြစ်အောက်ခြေ၌ မန်ထိုလုပ်ရောင်းနေသည့် ရွာသားနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူတို့အားလုံးသည် ပြုံးဖြီးကာ ပြန်လာကြလေသည်။ သူ့တို့ကျောပေါ်က ခြင်းတောင်းအလွတ်များကို မြင်လိုက်တော့ သူမသည် လုပ်ငန်း အဆင်ပြေမှန်း သိလိုက်တော့သည်။ သည်တွင် အမျိုးသမီးကျောက်သည် ပို၍စိုးရိမ်သွားတော့သည်။ သူမသည် ငွေရှာနိုင်မည့် သည်အခွင့်အရေးကို လက်မလွှတ်နိုင်ပါချေ။
အခုတော့ တူးမြောင်းအလုပ်သမားများ၏ နေ့လယ် အနားယူချိန်ဖြစ်သည်။ ယိုကျင့်က နောက်ထပ် အလုပ်သမား ၁၉ဦးအတွက် တည်းခိုဖို့ စာရင်းသွင်းလိုက်လေသည်။ အခုတော့ ငှားရမ်ခကို ဆယ်ရက်တစ်ခါ ရှင်းရမည့် ပုံစံသို့ ပြောင်းလိုက်တော့သည်။ တူးမြောင်းအလုပ်သမားများက အနည်းငယ် အင်တင်တင်ဖြစ်နေသော်လည် မြို့မှာထက် သက်သာသည်။ စုမိသားစု အဆောင်ထက် ပိုသက်သာအောင် မည်သူက လုပ်ပေးနိုင်ပါမည်နည်း။ ထို့ကြောင့် သူတို့သည် လက်ခံလိုက်တော့သည်။ အဆောင်မှ ပြန်လာသည့် ယိုကျင့်သည် အမျိုးသမီးကျောက် ရောက်နေသည်ဟု ကြားလိုက်လေသည်။ သူမက အမျိုးသမီးကျောက်နှင့် အမျိုးသမီးစုတို့ ရယ်ရယ်မောမော စကားပြောနေကြသည့် ပင်မဆောင်သို့ မြန်မြန်ဝင်လာလိုက်လေတော့သည်။
…