EYYJ အပိုင်း ၆၀

အပိုင်း (၆၀) ဆေးဝါးများနှင့် မြေယာဝယ်ယူခြင်း

နောက်တစ်နေ့မနက်စောစောတွင် ယိုကျင့်တို့ညီအစ်မသည် သူတို့းဆီးဖျော်ရည်များကို ရောင်းရန် မြို့သို့ တက်သွားကြတော့သည်။ ယိုရင်က ဆီးဖျော်ရည်ကို ဒုတိယအကြိမ်ပြန်ယူရင်း သူမသည် အမျိုးသမီးစုနှင့် အမြွှာလေးနှစ်ယောက်ကို တစ်ခါတည်းခေါ်ခဲ့ကာ ယိုပေါင်ကိုတော့ ညီမငယ်တချို့နှင့် အိမ်စောင့်ထားခဲ့လေသည်။

အမျိုးသမီးစုသည် ဝူလီချောင်သို့ ပြောင်းလာကတည်းက ပထမဆုံးအကြိမ် မြို့တက်ခြင်းပင်။ နွားလည်းထဲတွင် ထိုင်‌ရင်း လမ်းတစ်လျှောက် ရှုခင်းများကိုကြည့်လာရာ လောကသစ်တစ်ခုလို ခံစားလိုက်ရလေသည်။

ဦးလေးနျိုသည် စုမိသားစုနှင့် ရင်းနှီးပြီးသားဖြစ်လေသည်။ ထို့ကြောင့် သူက သူတို့ကို ယိုကျင့်ဆိုင်နေရာသို့ တန်းခေါ်လာလိုက်ရာ ကလေးတချို့ကို ချီပိုးရသည့် ဒုက္ခလွတ်သွားတော့သည်။ အမျိုးသမီးစုက လာနေသည်ကိုမြင်လိုက်သဖြင့် ယိုကျင့်က သူမကို အပြေးသွားကြိုလိုက်တော့သည်။ သူမက ယိုရင်လက်ထဲက ကလေးကို လှမ်းချီလိုက်ပြီး အမျိုးသမီးစုကို အနားက အေးသည့်နေရာလေးတစ်ခုသို့ ခေါ်သွားကာ ထိုင်ခိုင်းလိုက်လေသည်။

“အမေ ခဏလောက်နားလိုက်အုံးနော်၊ သမီးတို့ ကုန်အောင်ရောင်းပြီးတဲ့အထိ စောင့်ပြီးရင် ဆေးခန်းသွားကြမယ်”

အမျိုးသမီးစုက အသာအယာခေါင်းညိတ်လိုက်ပြီး

“ရပါတယ်ကွယ် သမီးတို့အရင် အလုပ်သွားလုပ်ကြ၊ အမေ့ကို စိတ်မပူနဲ့၊ ဧည့်သည်တွေကို မြန်မြန်သွားဧည့်ခံလိုက်အုံး”

ဆီးဖျော်ရည် လာဝယ်သူနောက်တစ်ယောက် ဖြစ်နေ၏။ လျင်မြန်သွက်လက်ပြီး ပေါ့ပါးသည့် ခြေထောက်များနှင့် အပြောအဆိုညက်ညောသည့် ကလေးများကို မြင်လိုက်ရသောအခါ အကြီးဆုံးသမီးလေးက ကလေးများကို ပျိုးထောင်ရာတွင် သူတို့၏မိခင် သူမထက် အမှန်ပင် သာသည်ဟု ခံစားမိလိုက်လေသည်။ သူမ၏ သင်ကြားပြသပေးမှုအောက်တွင် သမီးများသည် အရင်ကထက် ပိုသိတတ်နားလည်ကာ ရွယ်တူ သာမန်ကလေးများထက်လည်း ပို၍ထက်မြက်လေသည်။

စုမိသားစု၏ ဆီးဖျော်ရည်သည် အခုဆိုလျှင် လော့ဟယ်မြို့၌ နာမည်ကြီးလာ၏။ ထို့အပြင် ဈေးကလည်း မများချေ။ သာမန်လူများပင် တတ်နိုင်လေသည်။ လူအများစုက ကိုယ်တိုင်လည်း သောက်ကြပြီး ဝါးဘူးလေးနှင့်လည်း ပါဆယ်ယူသွားကြသည်။ ထို့ကြောင့် ယိုကျင့်တို့ညီအစ်မက တောင်ပေါ်က ဝါးဆစ်လေးများကိုသုံးကာ အကြမ်းထည်ဝါးဘူးလေးများ လုပ်လိုက်ကြသည်။ ပါဆယ်ထုတ်သွားခြင်းအတွက် ပိုပေးရသည်လည်း မရှိပေ။ ထို့ကြောင့် လူများက ပိုဝယ်လာကြ၏။ ဆီးဖျော်ရည်နှစ်စည်သည် နာရီဝက်မပြည့်ခင်မှာပင် ကုန်သွားတော့သည်။

ယိုကျင့်တို့ညီအစ်မငှားထားသည့် လှည်းကလေးကို ကုန်စုံဆိုင်တစ်ခု၏အပြင်ဘက်တွင် တည်ထားသည်။ ကုန်စုံဆိုင်ပိုင်ရှင်၏နာမည်မှာ လီအားရွှမ်း ဖြစ်၏။ သူသည် မကြာခဏဆိုသလို ဆီးဖျော်ရည် ဝယ်သောက်တတ်သော်လည်း ယိုကျင့်ကတော့ ငွေမယူပေ။ သူတို့နှစ်ယောက်သည် အဆင်ပြေသည့်ဆက်ဆံရေးတစ်ခု ရှိလာကြလေသည်။

သူမက ဆီးဖျော်ရည်တစ်ပန်းကန်နှင့် လာနေသည်ကို မြင်လိုက်သဖြင့် လီအားရွှမ်းက ဝမ်းသာအားရ ပြောလေသည်။

” စုမိသားစုကလေးမ နင်ကလည်း အားနာလွန်းနေပါပြီ”

သူသည် လက်ထဲက ဆီးဖျော်ရည်ကိုတော့ မငြင်းလိုက်ချေ။

“ဆိုင်ရှင်လီရယ် ဦးလေးရဲ့ကျေးဇူးကြောင့်သာ ကျွန်မတို့တွေ ဦးလေးရဲ့ဆိုင်ရှေ့မှာ ဆိုင်လေးတစ်ခု ဖွင့်နိုင်ခဲ့တာလေ၊ ဒီလိုပဲ ဖြစ်သင့်ပါတယ်”

ယိုကျင့်သည် ဆီးဖျော်ရည်ကို စားပွဲပေါ်တင်လိုက်၏။ ထို့နောက် သူမ၏ဆိုင်ထဲက ရိုးရိုးသစ်သားစားပွဲကို အထဲသွင်းလိုက်ပြီး ထောင့်တွင်ထားလိုက်လေသည်။ သူမက ပြုံးကာ သူ့အား နှုတ်ဆက်လိုက်၏။

” ဆိုင်ရှင်လီ ဒါဆို ကျွန်မတို့အရင် သွားနှင့်မယ်နော်၊ မနက်ဖြန်မှ တွေ့မယ်”

“အေး အေး”

လီအားရွှမ်းသည် ပြုံးလိုက်ပြီး ဆီးဖျော်ရည်ပန်းကန်လုံးအပြည့်ကို တစ်ငုံမော့သောက်လိုက်ဘေသည်။ ထို့နောက် ကျေနပ်သွားပြီး သက်ပြင်းချလိုက်၏။ ဒီဆိုးလိုက်တဲ့ရာသီဥတုကလည်း တဖြည်းဖြည်း ပိုပူလာပါရော။

***

ဆီးဖျော်ရည် ရောင်းပြီးနောက် စည်ပိုင်းအလွတ်ကို ဦးလေးနျိုထံတွင် ထားခဲ့လိုက်၏။ ယိုကျင့်က ခဏနေမှ မြို့အနောက်ဘက်ဂိတ်တွင် လာကြိုပေးဖို့ ဦးလေးနျိုကို မှာလိုက်လေသည်။ နွားလည်းမရှိလျှင် သူတို့ပြန်လို့မရပေ။

ဆေးခန်းတွင် မှုတ်ဆိတ်ဖြူနှင့် သမားတော်ကြီးတစ်ယောက်က အမျိုးသမီစု၏ သွေးခုန်နှုန်းကို စမ်းသပ်ပေးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

” ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့အာဟာရချို့တဲ့တာတွေ ဖြစ်နေတယ်၊ အခုတော့ ပြင်းပြင်းထန်ထန် ဖျားနာတာမျိုး မရှိတော့ပေမဲ့ ဒါကို ချက်ချင်းမကုရင် နောက်နှစ်တွေနည်းနည်းကြာလာရင် ထပ်ဖြစ်လိမ့်မယ်၊ သက်ရှည်ကျန်းမာရေးကိုပါ ထိခိုက်လာလိမ့်မယ်”

အမျိုးသမီးစုသည် ထိုစကားကြားလိုက်ရတော့ ထိတ်လန့်သွားလေသည်။ သူမသာ သေသွားရင် သူမရဲ့ ကလေးကိုးယောက် ဘယ်လိုဖြစ်သွားမှာလဲ။

ခန်းအာကိုချီကာ ဘေးတွင် ရပ်နေသည့် ယိုကျင့်သည် မျက်မှောင်ကျုံ့သွား၏။ သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

” သမားတော် သူ ဘာတွေစားဖို့လိုလဲ၊ ကျွန်မကို ပြောပါ၊ ကျွန်မအမေကို ကျန်းမာအောင် အာဟာရ ဖြစ်နိုင်မယ်ဆိုရင် များချင်များပါစေ ကျွန်မတို့ သုံးနိုင်ပါတယ်”

တစ်မိသားစုလုံးက ဖြူဆွတ်နေအောင်လျှော်ထားသည့် ဖျင်ကြမ်းအင်္ကျီများကို ဝတ်ထားသည်ကို ကြည့်ရင်း သမားတော်ကြီးက သက်ပြင်းချလိုက်သည်။ အမျိုးသမီးရဲ့ဖျားနာမှုက လူချမ်းသာမိသားစုထဲမှာ ဖြစ်ရင်တော့ ပြင်းထန်တဲ့ဖျားနာမှုလိုါ သတ်မှတ်လို့မရဘူးပေါ့။ ဒါပေမဲ့ သူ့ရှေ့ကမိသားစုက တောက ဆင်းရဲတဲ့ မိသားစုမှန်း သိသာနေတာပဲ။ သူတို့က ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။

“ဆေးတစ်ဖုံကို ငွေတစ်စ ကျတယ်၊ အရင်ဆုံး ဆေးညွှန်းနည်းနည်း ပေးလိုက်မယ်၊ ပြန်သွားပြီး ကြည့်ကြည့်လိုက်”

“ဈေးကြီးလိုက်တာ”

အမျိုးသမီးစုက ထပြောတော့သည်။

အခုက မိသားစုမှ ငွေနည်းနည်းရှိတယ်ဆိုပေမဲ့ ဒါက အရမ်းဈေးကြီးတယ်လေ မဟုတ်ဘူးလား။

တစ်ဖက်တွင်တော့ ယိုကျင့် မသိမသာခေါင်းခါပြလိုက်ပြီး

” သမားတော် ကျေးဇူးပြုပြီး တစ်လစာ ဆေးညွှန်းရေးပေးလိုက်ပါရှင် ကျွန်မတို့မှာ ငွေရှိပါတယ်”

ထိုသို့ ပြောလိုက်ပြီးနောက် သူမ၏အိတ်ကပ်ထဲက ငွေစအနည်းကိုထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်လေသည်။

သမားတော်နှင့် အမျိုးသမီးစုသည် ယိုကျင့်က ငွေအများကြီးကို တစ်ခါထဲ ထုတ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမ ချမ်းသာသည်ကို မြင်လိုက်တော့ သမားတော်က ခေါင်းညိတ်လိုက်ပြီး ဆေးညွှန်းကို ချရေးလိုက်ကာ သူ့ဘေးက ဆေးစပ်သည့်ကောင်ဘေးကို လှမ်းပေးလိုက်ပြီး

” တစ်နေ့တစ်ဖုံ ၊ တစ်လစာ ဆေးသွားယူလာခဲ့ချည်”

ထို့နောက် သူ့ခေါင်းကို လှည့်ကာ ယိုကျင့်အား ပြောလိုက်၏။

” နင့်အမေရဲ့ခန္ဓာကိုယ်က နှစ်တွေအကြာကြီး ပင်ပန်းနေတာ ဒီတော့ အာဟာရပြည့်တဲ့ဆေးဝါးတေဠကို သောက်ဖို့လိုတယ်၊ ဂျင်ဆင်းရိုင်းနဲ့ ရှီးပတီးနှစ်ခုလုံးသုံးလို့ရတယ်၊ ဒါပေမဲ့ ဒီနှစ်ခု ပိုဈေးကြီးတယ်၊ အထူးသဖြင့် ရှီးပတီးပဲ၊ ဒါက နင့်အမေရဲ့ခန္ဓာကိုယ်အတွက် အသုံးဝင်တယခ၊ ဒါပေမဲ့ အခုလောလောဆယ် ငါတို့ဆေးခန်းမှာ ရှီးပတီးက မရှိဘူး”

ယိုကျင့်သည် ထိုစကားကို ကြားလိုက်သည်နှင့် မေးလိုက်လေသည်။

” သမားတော် ဒီရှီးပတီးက ဘာနဲ့တူလဲ”

မရဘူးဆိုရင်လည်း သူမ တောင်ပေါ်တက်ပြီး သွားခူးလို့ရတယ်လေ ဟုတ်တယ်မလား။

သမားတော်ကြီးက ပုံစံကို ပြောပြလိုက်၏။

“ရှီးပတီးက ဝါးတောထဲမှာ ပေါက်တယ်၊ နင် စိတ်ဝင်စားရင်း ဒီနားကဝါးတောထဲမှာ သွားရှာကြည့်လို့ရတယ်”

နှစ်ယောက်သားသည် အမျိုးသမီး အခြေအနေကို အတန်အောင်ဆွေးနွေး လိုက်ကြ၏။ အမျိုးသမီးစုကို စမ်းသပ်ပေးပြီးနောက် လသားအရွယ်အမြွှာ အလှည့်ဖြစ်သည်။ ထို့နောက်တွင် စုမိသားစုသည် ဆေးအထုပ်၃၀နှင့် ဆေးခန်းထဲမှ ထွက်လာခဲ့တော့သည်။

ဆေးခန်းမှ ထွက်လာပြီးနောက် နေတော်တော် မြင့်နေပြီ ဖြစ်၏။ သားအမိများသည် ဆန်ဆိုင်သို့ မြန်မြန်သွားကာ ဆန်ချော ငါးပြည်နှင့် ဆန်းကြမ်း ငါးပြည်ဝယ်ပြီးနောက် အိမ်သို့ အပြေးပြန်လာကြတော့သည်။

အမျိုးသမီးစုလည်း သည်နေ့အပြင်ထွက်ရသဖြင့် အိမ်တွင် ချက်ပြုတ်မည့်သူမရှိပေ။ ယိုကျင့်က လူကြားထဲ တိုးဝေ့ကာ အနောက်ဘက်စျေးက မုန့်ပေါင်းဆိုင်လေးဆီသို့ ဦးဆောင်သွားလိုက်ပြီး အသားထည့်ထားသည့် ပေါင်မုန့်တစ်ယောက်တစ်လုံးစီနှင့် အသီးအရွက်ထည့်ထားသည့် ပေါင်မုန့် ဆယ့်နှစ်လုံးကို ဝယ်လို့လေသည်။

ယိုကျင့်နောက်က လိုက်လာသည့် ယိုရင်က ညစ်ပတ်ပေရေနေသည့် သူတောင်းစားလေးနှစ်ယောက်ကို ထပ်တွေ့ပြန်သည်။ သူမသည် မကြီး၏အင်္ကျီလက်ကို သတိထားမိအောင်လှမ်းဆွဲလိုက်ပြီး

“ မကြီး….”

ယိုကျင့်က သက်ပြင်းချလိုက်၏။

“ သူဌေး ကျွန်မကို အသားပေါင်မုန့်နှစ်လုံး ထပ်ပေးပါ”

သူမသည် သစ်ရွက်ကြီးတစ်ခုနှင့် ထုပ်ထားသည့် အသားပေါင်မုန့်နှစ်လုံးကို ယိုရင်လက်ထဲ ထည့်ပေးလိုက်လေသည်။

“ သွား”

ယိုရင်က ပေါင်မုန့်များကို ဝမ်းသာအားရယူလိုက်ပြီး သူတောင်းစားလေးနှစ်ယောက်ဆီ မြန်မြန် လျှောက်သွားလိုက်လေသည်။ သူမက ပေါင်မုန့်မျာကို သူတောင်းစားအကြီးတစ်ယောက်ထံ သွပ်ထည့်ပေးလိုက်ပြီး

“စားလိုက်”

ထို့နောက် သူမသည် ယိုကျင့်နှင့်ကျန်လူများ ရှိရာသို့ မြန်မြန်ပြန်လာပြီး တောင်ဘက်ဂိတ်သို့ ဦးတည်သွားလိုက်ကြလေသည်။ ယိုရင်က နောက်သို့ ခိုးကြည့်လိုက်ပြီး ငေးငိုင်နေကြသည့် သူတောင်းစားလေး နှစ်ယောက်အား လက်ပြနှုတ်ဆက်လိုက်တော့သည်။

သူတောင်းစားအငယ်လေးက အစ်ကိုဖြစ်သူလက်ထဲက အသားပေါင်မုန့်ပူပူလေး၏ အနံ့ကို ရလိုက်ပြီး သွားရည်ကျသွားတော့သည်။ သူသည် အဝေးသို့ ကြည့်နေသည့် သူ့အစ်ကို စိတ်လှုပ်ရှား ဆွဲလိုက်ပြီး

“ ကိုကြီး ကျွန်တော် အသားပေါင်မုန့်စားချင်တယ်….”

စုမိသားစု ပျောက်ကွယ်သွားသည့်အချိန်မှ သူတောင်းစားအကြီးတစ်ယောက်က သတိပြန်ဝင်လာပြီး အသားပေါင်မုန့်ပူပူလေးကို ညီဖြစ်သူနှင့် မျှစားလိုက်တော့သ်ည။ သူ၏ မဲနက်ကာ ပေကျံနေသည့်လက်ချောင်းများက ပေါင်မုန့်သားပေါ်တွင် အရာထင်နေလေသည်။ တခြားလူများအတွက် စားချင်စရာ မဖြစ်သော်ငြား သူတောင်းစားလေးနှစ်ယောက်အတွက်တော့ မြိန်မြိန်ယှက်ယှက်နှင့်ပင်။ လူကြီးလက်သီးတစ်လုံးစာအရွယ် ပေါင်မုန့်လေးတစ်လုံးကို နှစ်ယောက်သားသည် ချက်ချင်းကုန်သွားတော့သည်။ အငယ်လေးက တသသပြန်တွေးရင်း ပါးစပ်ကို စုပ်သပ်လိုက်လေသည်။

***

အမျိုးသမီးစု၏ဆေးဖိုးက အများကြီး မကုန်ကျပေ။ ယခုတွင် မိသားစု၌ စုစုပေါင်း ငွေစ ၆၀၀ကျော် ရှိလေသည်။ ယိုကျင့်က နောက်လုပ်ရမည့်အရာကို စဥ်းစားသင့်မှန်း သိထား၏။ ၆၀၀ သည် မနည်းလှသည့်ပမာဏ ဖြစ်သော်လည်း ကြီးလာမည့် ညီမငယ် ၇ယောက်ရှိပြီး တစ်ယောက်ပြီး တစ်ယောက် လက်ထပ်ကြအုံးမည်။ လက်ဖွဲ့ငွေနှင့်တင် မိသားစု၏စုဆောင်းငွေ ကုန်သွားနိုင်သည်။

မြစ်ဘေးက စိမ့်မြေကိုလည်း မြေးဆွေးဖြစ်အောင် ဆက်တိုက်လုပ်ထားသည်။ မြေရိုင်းပေါ်တွင် စိုက်ထားသည့်နေကြာများကလည်း အများကြီးထွားလာသည်။ အရင်ကစိုက်ထားသည့် မက်ခါပင်ကလည်း သုံးလက်မလောက် အညောင့်ထွက်နေပြီ။ ယိုကျင့်သည် အနောက်ဘက်ဒေသက ကုန်သည်ဆီမှ ဝယ်ထားသည့် အနောက်တိုင်းဒေသမျိုး စပျစ်မျိုးစေ့ကိုလည်း စိုက်ထားသေးသည်။အခုတော့ မြစ်ဘေးတွင် လမ်းလျှောက်လျှင် အရင်က ကျက်တီးမြေက စည်းကားသည့်မြေတစ်ခုဖြစ်နေပြီကိုတွေ့လိုက်လေသည်။

မြစ်တစ်ဖက်ကမ်းက စိမ်းလန်းစိုပြေနေသည့် မြေညီကို ကြည့်ရင်း သည်ခေတ်၏ မြေတန်ဖိုးကို စဥ်းစားမိလိုက်လေသည်။ သူမသည် မြေထပ်ဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ လက်ထဲတွင် ငွေကိုင်ထားသည်ထက်စာလျှင် ပိုကောင်းလေသည်။ အနည်းဆုံးတော့ အပင်များ စိုက်နိုင်လေသည်။

ယိုကျင့်သည် အလွန်တော်သူတစ်ယောက်ပင်။ နောက်တစ်နေ့မနက် ဆီးဖျော်ရည်များကို ရောင်းချလိုက်ပြီးနောက် သူမကို အိမ်ဝယ်ရန် ကူညီပေးခဲ့သည့် ချန်မျိုးနွယ် ပွဲစားကို သွားရှာလိုက်လေသည်။ ပွဲစားချန်ကလည်း ဝူလီချောင်က သရဲခြောက်သည့်အိမ်ကို ဝယ်သွားသည့် မိန်းကလေးကို မှတ်မိနေ၏။ သူသည် သူမကို မြင်လိုက်သောအခါ အိမ်ကို ပြန်လာရောင်းမည့်အကြောင်း ပြောမည်လားဟု စိုးရိမ်သွားတော့သည်။ သို့သော် သူမက မြေထပ်ဝယ်မည်ဟု ကြားလိုက်ရသောအခါ သူ့မှာ စိတ်အေးသွားတော့သည်။

“ ကောင်မလေး မင်းက မြေဘယ်နှစ်ကွက် လိုချင်တာလဲ”

“ အခု အရည်အသွေးကောင်းစိုက်ပျိုးမြေတစ်ဧက ဘယ်လောက်ရှိလဲ”

ယိုကျင့်သည် သူမရှေ့က လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး ဘယ်နှစ်ကွက်ဝယ်မည်ဟု မဆုံးဖြတ်ခင် စျေးအရင်မေးလိုက်တော့သည်။

ပွဲစားချန်က ဝမ်းသာအားရ ပြန်ဖြေ၏။

“ ဒီနေ့အထိတော့ ထိပ်တန်းအရည်အသွေးစိုက်ပျိုးမြေကို တစ်ဧက ငွေ ၈စနဲ့ ရောင်းနိုင်တယ်’

ယိုကျင့်မျက်လုံးပြူးသွားသည်ကို ကြည့်ရင်း ပွဲစားချန်က ရှင်းပြလိုက်လေသည်။

“ မိန်းကလေး ဒီလိုပါ စျေးက ဝူလီချောင်နားက မြေစျေးပါ၊ အရမ်းစျေးကြီးတယ်ဆိုရင်တော့ နည်းနည်းဝေးတဲ့နေရာကို ရွေးလိုက်ပေါ့၊ ဝူလီချောင်နဲ့ ၃ကီလိုမီတာ လောက်ဝေးတဲ့နေရာမှာတော့ တစ်ဧကကို ငွေ ၇စရှိတယ်”

စျေးက တကယ်နည်းနည်းများနေတာပဲ။ ချွေ့ဖုန်းရွာမှာဆိုရင် ထိပ်တန်းအရည်အသွေးက တစ်ဧက ငွေ ၅စ အများဆုံးပဲ။ ဝူလီချောင်က အများကြီး စျေးပိုကြီးတယ်။ ယိုကျင့်သည် ခဏလောက် စဥ်းစားလိုက်ပြီးနောက် ဆုံးဖြတ်လိုက်တော့သည်။

“ ဦးလေးချန် ကျွန်မတို့ အရင်ဆုံး မြေသွားကြည့်ကြမယ်လေ”

ယှဥ်ကြည့်ပြီးရင်တော့ သူမ ဆုံးဖြတ်ချက်တစ်ခု ချနိုင်မှာပါ။

ယိုကျင့်သည် ယွဲ့အိမ်တွင် ဆယ်တစ်နှစ်လောက် နေလာခဲ့သည်။ ထို့ကြောင့် မြေတစ်ကွက်ကာ အရည်အသွေးမြင့်သလား နိမ့်သလားဆိုတာကို အလိုလို သိလာလေသည်။ ဝူလီချောင်၏တောင်ဖက် ၃ကီလိုမီတာခွဲတွင် ဟိုကျားဝမ်ဟု ခေါ်သည့် ရွာတစ်ရွာရှိ၏။ ပွဲစားချန် ပြောသည့် ၁၆ဧကရှိသည့် စိုက်ပျိုးမြေသည် မြစ်ကမ်းနှင့် မဝေးပေ။

ယိုကျင့်သည် ပွဲစားချန် ပြောစကားကိုနားထောင်ရင်း မြေကို ပတ်ကာ သေသေချာချာ စစ်ဆေးလိုက်လေသည်။ ထို့နောက် သူမသည် တူးမြောင်းကို ကြည့်လိုက်ပြီး မြေသားကို လက်ဖြင့် ကိုယ်တိုင် စစ်ဆေးလိုက်၏။ သူမသည် တော်တော်ကျေနပ်သွားတော့သည်။

ပွဲစားချန်သည် ကလေးမလေးက ဒီလိုအရာမျိုးကို ကြည့်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။ သူသည် သူမကို လျှော့တွက်ခဲ့မိဟန် တူသည်။ အခုတော့ သူက ဘာမှ ထပ်မပြောရဲတော့ချေ။ နေရောင်အောက်တွင် သူမသည် ရွှင်ရွှင်လန်းလန်း ပြောလိုက်လေသည်။

“ စုမိသားစုမိန်းကလေး ဒီနေရာက တကယ်ကောင်းတာနော်၊ ၁၆ဧက တစ်ဆက်တည်း ရှိတာက ရှားတယ်၊ ရေသွင်းဖို့လည်း အရမ်းအဆင်ပြေတယ်၊ ပြီးတော့ လမ်းမကြီးနဲ့လည်း ဘေးကပ်လျက်ပဲ၊ လော့ဟယ်နဲ့ ဝေးတာကလွဲရင် ကျန်တာက အကောင်းစားချည်းပဲ၊ မဟုတ်ရင် ငါတို့က တစ်ဧက ငွေ၇စ ဘယ်တောင်းရဲပါ့မလား ဟုတ်တယ်မလား”

ယိုကျင့်သည် ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းဝယ်မည်ဟု မပြောလိုက်ချေ။ သူမက သည်အတိုင်းပြောလိုက်လေသည်။

“ဦးလေးချန် ပြန်သွားပြီး ဝူလီချောင်ဘက်ကို သွားကြည့်ရအောင်”

ပွဲစားချန်က နားလည်သည်။ နောက်ဆုံး ခြံတစ်ကွက်ဝယ်သည်က အသေးအဖွဲကိစ္စ မဟုတ်ပေ။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သားသည် မြည်းလှည်းပေါ်တက်ကာ ဝူလီချောင်သို့ ပြန်လာကြတော့သည်။ ဝူလီချောင်တွင် စိုက်ပျိုးမြေ ၈ဧကသာရှိ၏။ မြစ်အရှေ့ဘက်ကမ်းခြေရှိ အိမ်များ၏ နောက်ကပ်လျက်တွင် ဖြစ်သည်။ ဝူလီချောင်မြစ်နှင့် အနည်းငယ်ဝေးသည်။ ရေသွင်းဖို့က ဟိုကျားဝမ်လောက် အဆင်မပြေချေ။

ဝူလီချောင်ကို ကြည့်လိုက်ပြီးနောက် ယိုကျင့်က ဆုံးဖြတ်လိုက်တော့သည်။ သူမတို့မိသားစု ဝူလီချောင်ကို ပြောင်းလာတာ လနည်းနည်းပဲ ရှိသေးတယ်။ ဒီလောက်မြေအများကြီး ဝယ်ရင် အာရုံစိုက်စရာ ဖြစ်တော့မယ်။ မကောင်းတဲ့ စိတ်ထားရှိတဲ့လူတွေကို ဆွဲဆောင်မိရင် ပြဿနာက တက်အုံးမယ်။ ယှဥ်ကြည့်လိုက်တော့ ဟိုကျားဝမ်က နိုင်ပြီးသားပဲ။

ယိုကျင့်နှင့်ပွဲစားချန်တို့သည် စုအိမ်သို့ သွားရာ မြစ်ရိုးအတိုင်း ရှေ့ဆင့်နောက်ဆင့် လျှောက်လာကြ၏။

“ ဦးလေးချိန် ဟိုကျားဝမ်က မြေကို နည်းနည်းလျှော့ပေးပါအုံးလား”

“ နင် ၁၆ဧကလုံး ယူမယ်ဆိုရင်တော့ တစ်ဧက ငွေ၆စနဲ့ ၇ပြား ဆိုဘယ်လိုလဲ”

ပွဲစားချန်သည် ခဏလောက် စဥ်းစားလိုက်ပြီး သင့်တော်သည့်စျေးတစ်ခုကို ပေးလိုက်လေသည်။

“ မိန်းကလေးစု အဲဒီမြေက တကယ်ကောင်းတာ၊ မြေလည်းပြန့်တယ်၊ ရေသွင်းဖို့လည်း အဆင်ပြေတယ်၊ ရှားတာကတော့ တစ်ဆက်တည်းဖြစ်နေတာပဲ”

ယိုကျင့်က ခြံတံခါးကို တွန်းဖွင့်လိုက်၏။ ခြံထဲတွင် ထိုင်နေ လဲနေကြသည့် ခွေးလေးကောင်က ချက်ချင်း သတိအနေအထား ဖြစ်သွားတော့သည်။ သူတို့သခင်ဖြစ်နေမှန်း တွေ့လိုက်သဖြင့် အားလုံးက အမြီးများနှံ့ကာ လာကြတော့သည်။ ယိုကျင့်က ပြုံးကာ လက်ရမ်းပြလိုက်ပြီး သူတို့ကို အဝေးသို့သွားဖို့ အချက်ပြလိုက်တော့သည်။ ထို့နောက် သူမက ပွဲစားချန်ကို အထဲသို့ ဖိတ်လိုက်၏။

“ဦီးလေးချန်ရဲ့ ကျေးဇူးကြောင့် ကျွန်မတို့မိသားစု လော့ဟယ်မှာ အခြေချနိုင်ခဲ့တာ၊ ဦးလေးလည်း အိမ်ကို ရောက်နေမှတော့ အထဲဝင်နားပြီး ရေလေးဘာလေးသောက်ပါအုံး”

ပွဲစားချန် သည်အိမ်သို့လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ အရင်က သူ ဒီနေရာသို့လာတိုင်း ခြောက်သလိုလို ပတ်ဝန်းကျင်တစ်ခုကို ခံစားခဲ့ရသည်။ သို့သော် သည်နေ့တော့ ခြံ၏ မီးသက်တမ်းက တောက်တောက်ပပ လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရလေသည်။ ထိုအထီးကျန် သရဲခြောက်သည့်အိမ်က နွေးထွေးပြီး သန့်ရပ်သည့် ခြံလေးတစ်ခု ဖြစ်လာလေသည်။ ပွဲစားချန်က ယိုကျင့်ယူလာပေးသည့် ခွေးခြေခုံလေးတွင် ထိုင်လိုက်၏။ စုမိသားစု၏ လျှို့ဝှက်နည်းဖြင့်လုပ်ထာသည့် ဆီးဖျော်ရည်ကို တစ်ငုံလောက်သောက်လိုက်ပြီး သူက စိတ်အေးကာ သက်ပြင်းချလိုက်လေသည်။

“ မင်းတို့တွေ ဒီမှာ အဆင်ပြေပြေနေနေကြတာပဲ၊ မင်းတို့က ချင်မိသားစုက အဲဒီမိန်းကလေးနဲ့ ရေစက်ကောင်းရှိရမယ်”

ယိုကျင့်က ပြုံးပြလိုက်ပြီး ဘာမှ မပြောလိုက်ချေ။ သူမက ဟိုကျားဝမ်က မြေအကြောင်း ပြန်ပြောလိုက်တော့သည်။

“ ဦးလေးချန် တစ်ဧကကို ငွေ၆စနဲ့ ၇ပြားက နည်းနည်းစျေးကြီးသေးတယ်၊ ပိုင်ရှင်က ငွေ ၆စနဲ့ ၅ပြား နဲ့ရောင်းမယ်ဆိုရင်တော့ ကျွန်မ အားလုံးကို ဝယ်မယ်”

ငွေစ ၆စ နဲ့ ၅ပြားသည် ပွဲစားချန်ဆုံးဖြတ်နိုင်သည့် ပမာဏ မဟုတ်တော့ချေ။ သူသည် စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ ကောင်းပြီလေ၊ ငါ မနက်ဖြန် ဟိုကျားဝမ်ကို သွားလိုက်မယ်၊ ပိုင်ရှင်က သဘောတူရင်တော့ မင်းဆီ စာ သေချာပေါက် ယူလာပေးမယ်”

နှစ်ယောက်သား စကားပြောပြီးနောက် ပွဲစားချန်လည်း အနားယူပြီးဖြစ်သွားတော့သည်။ သူသည် ပြုံးကာ ယိုကျင့်ကို နှုတ်ဆက်လိုက်ပြီး မနက်ဖြန်နေ့လယ် ပြန်လာခဲ့မည်ဟု ကတိပေးသွားလေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset