အပိုင်း (၅၉) ချက်ပြုတ်ရန်နည်းလမ်း
ယွင်ဝေ့ရွှမ်းသို့ ၀င်ရောက်ပြီးချိန်၌ မမြင်ရတာကြာပြီဖြစ်သော ဒုတိယသခင်ဟွမ်သည် လှေကား၌ ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ယိုကျင့်ရောက်လာသည်နှင့် လက်ဖျောက်တစ်ချက် တီးလိုက်ကာ ပြောလေသည်။ “စုမိန်းကလေး ဖြစ်နေတာပဲ”
သခင်ဟွမ်သည် အဓိကမိသားစုရှိ သခင်ဖြစ်သူမှ ဆွေးနွေးညှိနှိုင်းရန် အရေးကြီးဧည့်သည် လာမည်ဖြစ်ကြောင်း ပြောလေသည်။ သူသည် ထိုဧည့်သည်အား လျစ်လျူရှုမိမည်စိုးသောကြောင့် ကိုယ်တိုင်ကိုယ်ကျ လှေကား၌ ရပ်စောင့်နေခြင်းဖြစ်သည်။ ရှောင်မိသားစု၏ လက်ပါးစေများ ခေါ်ဆောင်လာသည့်သူမှာ စုမိသားစုမှ မိန်းကလေးဖြစ်မည်မှန်း မည်သူထင်မည်နည်း။
ယိုကျင့်သည် ဒုတိသခင်ဟွမ်အား နှုတ်ဆက်စကား ဆိုလိုက်သည်။ “ဒုတိယသခင်ဟွမ်က မတွေ့တဲ့ အတောအတွင်း ကျန်းမာ၀ဖြိုးလာလိုက်တာ”
“ကလေးမ မင်းဒီကို မလာတာတောင်ကြာပြီ။ မင်း ဈေး၀င်ပေါက်မှာ ဆီးချိုရည် ရောင်းရင်း နာမည်ကြီးနေတယ်လို့ ကြားတယ်။ ဘာကိစ္စ လာရင်းနဲ့ တစ်ခွက်တောင်မှ ယူမလာရတာလဲ”
ဒုတိယသခင်ဟွမ်သည် လော့ဟယ်မြို့၌ ကျင်လည်လာသည်မှာ ကြာမြင့်ပြီဖြစ်၍ အဆက်အသွယ်များ ရှိပေသည်။ သူသည် စုမိသားစု၏ စီးပွားရေးသေးသေးလေးပေါ်၌ မကျေမချမ်းဖြစ်မည့်သူမျိုး မဟုတ်ပေ။ အစားအသောက်နှင့် ပတ်သက်၍သာ အာရုံစိုက်မိခြင်းဖြစ်သည်။
နှစ်ဦးစလုံးသည် သွားရင်းဖြင့် စကားပြောနေခဲ့ကြပြီး သခင်ဟွမ်သည် သူမအား ဒုတိယထပ်မှ သီးသန့်ခန်းတံခါးရှေ့သို့ ရောက်လေသည်။ လမ်းတစ်လျှောက်၌ ယိုကျင့်သည် ပြုံးရုံသာပြုံးကာ စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။ သူမစိတ်ထဲ၌ ရှောင်မိသားစု၏ မူရင်းဇာစ်မြစ်ကိုသာ တွေးတောနေပေသည်။ ထိုသူများသည် သာမန်လူများ မဖြစ်နိုင်ချေ။
ဒုတိယထပ်ရှိ သီးသန့်ခန်းတံခါးရှေ့သို့ ရောက်သည်နှင့် ဒုတိယသသခင်ဟွမ်သည် အပြုံးလေးဖြင့် တံခါးကို ညင်သာစွာ သုံးချက်ခေါက်လိုက်သည်။ “သခင် စုမိန်းကလေး ရောက်လာပါပြီ”
“၀င်ခဲ့” သာယာတည်ငြိမ်သည့် အသံသည် အခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ဖြင့် သခင်ဟွမ်သည် ညာဘက်တံခါးကို ဆွဲဖွင့်ပေးလိုက်သည်။ “မိန်းကလေး ၀င်လို့ရပါပြီ”
ယိုကျင့်သည် ခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်သည်။ ထို့နောက် တံခါးရွက်ကို ကိုင်ကာ အထဲသို့၀င်သွားလေသည်။ သခင်ဟွမ်သည် အပြင်မှ တံခါးအား သေချာစွာပိတ်လိုက်သည်။
“မိန်းကလေးစု ကျေးဇူးပြုပြီး ထိုင်ပါ” တံခါးကိုဖြတ်ပြီးချိန်၌ ယနေ့သူမအား တွေ့ရန် ချိန်းဆိုသည့်သူအား သစ်သားကန့်လန့်ကာမှ ဖြတ်သန်းလာပြီးချိန်တွင် တွေ့မြင်လိုက်ရသည်။ ထိုလူသည် အသက်တစ်ဆယ့်ရှစ်နှစ် တစ်ဆယ့်ကိုးနှစ်မျှသာ ရှိပုံရပြီး သစ်လွင်သည့် ဝါးစိမ်းရောင် အထည်၌ တိမ်ပုံများကို လှပစွာ ချည်ထိုးထားသည့် အထည်အား ၀တ်ဆင်ထားသည်။ ထိုသူ၏ ကြယ်ရောင်မျက်လုံးလှလှလေးများ၌ သိမ်မွေ့နူးညံ့သော အပြုံးနှင့် နွေးထွေးမှုများ ပြည့်နှက်နေသည်။ ရှေးစာဆိုများ ပြောခဲ့သည်က မှန်ပေသည်။ ကြက်သွေးရောင်နှုတ်ခမ်းသားနဲ့ တည်ကြည်တဲ့ အမျိုးသားတွေဟာ မင်းကို ပျော်ရွှင်စေနိုင်တယ်။
ဤနေရာ၌ ထိုသို့ချောမောလှပသည့် အမျိုးသားတစ်ဦးကို မြင်ရသည်မှာ ယိုကျင့်အတွက် ပထမဦးဆုံး ဖြစ်ပေသည်။ ထို့အတွက် သူမသည် ဒုတိယတစ်ခါ မကြည့်ဘဲမနေနိုင်ချေ။ ထိုလူ၏ဘေးရှိ ဟိတ်ဟန်ကြီးသော ရှောင်လင်ဖုန်းသည် ထိုအတွက်ကြောင့် မပျော်မရွှင်ဖြစ်လာလေသည်။
“မိန်းကလေး ငါ့အစ်ကိုကိုပဲ ကြည့်မနေနဲ့လေ”
သူခိုးအား လူမိသွားသလို ဖြစ်သည့် ယိုကျင့်သည် နီမြန်းလာကာ ရှက်ရွံ့နေတော့သည်။ သူမသည် ရင်းနှီးဖူးသော မြင်းဖြူနှင့် ဟိတ်ဟန်ထုတ်တတ်သည့် ကောင်လေးအား မကြည့်ခင် ရှောင်လင်ယွိအား ရှက်ရွံ့စွာဖြင့် ပြုံးကာ တောင်းပန်ဟန်ပြုလိုက်သည်။ သူမသည် ရှောင်လင်ဖုန်းကို အခန်းထဲသို့ ၀င်လာသည့်အချိန်ကပင် မြင်လေသည်။ ရှောင်လင်ဖုန်းသည် ချောမောခံ့ညားသည် မဟုတ်သော်လည်း ထိုလူ၏ မျိုးစေ့ပါသည့် သွေးသားပင်မဟုတ်လား။
ရှောင်လင်ယွိသည် ထိုအခြေအနေကို သတိမထားမိသကဲ့သို့ နေကာ မျက်ခုံးပင့်ရင်း ယိုကျင့်အတွက် အပြုံးလေးဖြင့် ရေနွေးကြမ်း ငှဲ့ပေးလေသည်။ “မိန်းကလေးစု ထိုင်ပါဦး”
ယိုကျင့်သည် မျိုးရိုးကြီးသခင်မလေးများကဲ့သို့ သင့်လျော်သည့် နေထိုင်ပြုမူပုံကို မသင်ကြားခဲ့ရသည့်အတွက် အမျိုးသားများကဲ့သို့ပင် လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်သည်။
“ကျေးဇူးပါ လူကြီးမင်း”
ထို့နောက် ယိုကျင့်သည် ခုံ၌ ထိုင်လိုက်ကာ ယဉ်ကျေးစွာ ပြောလေသည်။ “ဒီကလူကြီးမင်းက ဘာကိစ္စနဲ့ ကျွန်မကို ချိန်းဆိုတာပါလဲ”
ကြောက်ရွံနေခြင်းနှင့် ဟိတ်ဟန်ထုတ်ခြင်းတို့ မရှိသော ထိုမိန်းကလေးကိုကြည့်ကာ ရှောင်လင်ယွိသည် သူမအပေါ်၌ အမှတ်တမဲ့ အသိအမှတ်ပြုမှုများ ထားရှိခဲ့သည်။ ညီဖြစ်သူအား ယခင်က ကယ်ခဲ့ဖူးသည့် အဖြစ်အပျက်ကြောင့် ပို၍ပင် သဘောတွေ့နေလေသည်။ “အရင်တခါ ကျွန်တော့်ညီ ပြဿနာတက်တုန်းက မိန်းကလေးကျေးဇူးနဲ့ သက်သာရာရခဲ့တာပါ။ မိန်းကလေးကို ကျေးဇူးတင်ပါတယ်”
“သူ့ကိုကယ်တာ ကျွန်တော်လေ။ ဒီလောက်သိသာနေတာကို” အခြားတစ်ဖက်ရှိ ရှောင်လင်ဖုန်းသည် အချက်အလက်များ လှည့်စားနေသည့် အစ်ကိုဖြစ်သူအား မကျေမနပ် ညည်းတွားတော့သည်။
ရှောင်လင်ယွိသည် ညီဖြစ်သူအား မျက်လုံးပင့်ကြည့်ရင်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ညီလေးက ဘယ်လိုရန်ဖြစ်ရမလဲတောင် မသိတာ လူကိုဘယ်လိုကယ်မလဲ”
ထို့နောက် ယိုကျင့်ဘက်သို့လှည့်ကာ တောင်းပန်လိုက်သည်။ “ကျွန်တော့်ညီက ငယ်ရွယ်ပြီး အလိုက်မသိလို့ တောင်းပန်ပါတယ်။ ခုနက ငြင်းခုံနေတာအတွက် ခွင့်လွှတ်ပေးပါ”
မိသားစုက အလိုက်မသိတတ်တဲ့ အငယ်ဆုံးတွေက ဒီလိုပုံစံမျိုးကို…. ထို့နောက် ယိုကျင့်သည် သူမ၏မိသားစုရှိ အလိုက်တသိ ယဉ်ကျေးလိမ္မာသော မိန်းကလေးများကို တွေးမိရင်း ကျေနပ်သွားမိသည်။ သို့သော်လည်း သူမသည် အခြားသူကို မျက်နှာသာပေးသင့်ပေသည်။
“အဆင်ပြေပါတယ်။ အဲ့နေ့က သူအရင် စပြီးကူညီပေးတာပါ”
သူမသည် ထိုပြဿနာရှာသူ သုံးယောက်အား သူမတစ်ကိုယ်တည်းဖြင့် ဖြေရှင်း၍ရပေသည်။ သို့သော် ထိုသို့ ပြောလိုက်ပါက ထိုကလေး၏ နှလုံးသား၌ ထိခိုက်နာကျင်သွားလိမ့်မည်။
ရှောင်လင်ယွိသည် ယိုကျင့်အား ကောင်းမွန်သော အကြောင်းအရာများကိုသာ အနည်းငယ်ပြောလိုက်ပြီးနောက် အဓိက ဆွေးနွေးချင်သည့်အရာအား ထုတ်ပြောလိုက်သည်။
“ဒီနေ့ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက မိန်းကလေးနဲ့ စီးပွားရေး ဆွေးနွေးစရာရှိလို့ပါ။ မိန်းကလေးတို့ရဲ့ ဆီးချိုရည် ပြုလုပ်တဲ့နည်းလမ်းကို ကျွန်တော့်ကို ပေးလို့ရလား”
လတ်စသတ်တော့ ဟင်းချက်နည်း ၀ယ်တဲ့သူကို…. ယိုကျင့်သည် သူမ၏မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ခဏအကြာမျှ စဉ်းစားပြီးနောက် အပြုံးလေးဖြင့် ဖြေလိုက်သည်။ “ရောင်းဖို့က ကိစ္စမရှိပါဘူး။ လူကြီးမင်ရှောင်က ဘယ်လောက်ထိ ရက်ရောပေးနိုင်လဲ”
ယိုကျင့်၏ ပိုက်ဆံမက်သည့် ပုံရိပ်လေးအား ကြည့်ကာ ရှောင်လင်ယွိ ပြုံးလိုက်မိသည်။ ဒီမိန်းကလေးက အခြားကျေးလက်မိန်းကလေးတွေနဲ့ ကွာတာပဲ။ သူမ၌ သင့်တော်သည့် ရဲရင့်မှုနှင့် လိုအင်ဆန္ဒများ ရှိပေသည်။ သူသည် ပြဿနာထုတ်အား ယိုကျင့်ဆီသို့ ပြန်ပို့လိုက်သည်။ “မိန်းကလေးရော ဘယ်လောက် ငွေပမာဏနဲ့သင့်တော်မယ်ထင်လဲ”
မြေခွေးအိုကြီးနှင့် မြေခွေးငယ်လေသည် ပင်ပေါင်ရိုက်နေရင်း အလျင်စလို မပြုမူဘဲ သတိထားနေကြသည်။ ဘေး၌ ထိုကိစ္စကို ကြည့်နေသော ရှောင်လင်ဖုန်းသည် မရိုးမရွဖြစ်လာခဲ့သည်။
“ကောင်မလေး ငါက မင်းကို ကယ်ခဲ့တာဆိုတော့ နည်းလမ်းကို ငါတို့ကို ရောင်းလိုက်။ အစ်ကိုကြီး မင်းလဲ ကိုယ့်ကိုယ်ကိုယ် အကျိုးမရှိအောင် လုပ်လို့မရဘူးလေ”
ထို့နောက် သူသည် ရှောင်လင်ယွိအား မျက်စပစ်ပြလိုက်သည်။ “မဟုတ်ဘူးလား အစ်ကိုကြီးရဲ့”
ရှောင်လင်ယွိသည် ရှက်ရွံ့မှုကြောင့် ချောင်းခြောက်နှစ်ချက်ဆိုးလိုက်သည်။ အလိုက်မသိသည့် ညီဆိုးလေးမှာ သူ့အား ကျဉ်းထဲကျပ်ထဲသို့ တွန်းပို့လေသည်။ မိသားစုအတွက် အသုံး၀င်မည့်အရာကို ၀ယ်ယူချိန်၌ ရောင်းသည့်သူအား ဈေးမြှင့်သွားအောင် ပြုလုပ်ခြင်းကို မည်သို့ လက်ခံရမည်နည်း။ သိမ်မွေ့သည့်အပြုံးသည် ထိုလူကြီးမင်း၏မျက်နှာ၌ ကျန်ရှိနေသေးပေသည်။ “မိန်းကလေးစု ဘာလို့ကိုယ်တိုင် ဈေးမသတ်မှတ်တာလဲ”
ယိုကျင့်သည် အနည်းငယ် တုံ့ဆိုင်းသွားကာ သူမ၏လက်ငါးချောင်းကို ဖြည်းညင်းစွာ ဖြန့်ချလိုက်သည်။
“လူကြီးမင်းရော ဘယ်လိုထင်လဲ”
ယိုကျင့်သည် ကျားဂူထဲသို့ အတင်းတိုး၀င်နေမှန်း သိပေသည်။ သို့သော် ၀ယ်ယူရန် စဉ်းစားထားပါက သူတို့၏စိတ်ထဲ၌ ထိုမျှ ပမာဏကို ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။
ထိုငွေပမာဏသည် ရှောင်လင်ယွိ၏ လက်ခံနိုင်သည့် ပမာဏအတွင်း၌ ရှိနေသည့်အပြင် ထိုပမာဏမျှ တောင်းယူမည်ကိုလည်း မျှော်လင့်ထားခဲ့သည်။ သူသည် ဤနေရာသို့ မလာခင်ကပင် တွက်ချက်ထားခဲ့သည်။ ပြုလုပ်ရန် နည်းလမ်းကိုသာ ရပါက နွေရာသီတွင် ကုန်သွားသည်ထက် နှစ်ဆသုံးဆမျှ ရှာနိုင်မည်ဟု ယုံကြည်ပေသည်။ ထို့ကြောင့် ခဏကြာစဉ်းစားပြီးချိန်၌ ရှောင်လင်ယွိသည် လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ “အဆင်ပြေတယ်”
ဈေးမဆစ်တော့ဘူးလား။ ယိုကျင့်သည် အနည်းငယ်မျှ အေးခဲသွားတော့သည်။ သာ့ဖန်မှာ အဲ့လောက်ချမ်းသာတဲ့သူရှိတာလား။ ထိုသို့ဖြစ်မည်မှန်းသိပါက ထိုထက်များသည့်ပမာဏကို ဈေးခေါ်ခဲ့သင့်ပေသည်။ အလျင်စလိုလုပ်ခြင်းက အခွင့်အရေးကောင်းကို လွဲချော်နိုင်သည်။ ယိုကျင့်သည် စိတ်ထဲ၌ အနည်းငယ် နှမြောမိသည်။ ထို့နောက် မိသားစုသည် ထိုစီးပွားရေးကိုသာ အမှီအခို ပြုနေရကြောင်း တွေးမိကာ အကြံတစ်ခုပေါ်လာပေသည်။
“ရှောင်လူကြီးမင်းကို တစ်ခုလောက် တောင်းဆိုပါရစေ”
“မိန်းကလေးစု စိတ်လွတ်လက်လွတ်ပြောလို့ရပါတယ်” ရှောင်လင်ယွိသည် သူ၏ခေါက်ထားသော ယပ်တောင်ကို ဖြန့်ကျက်လိုက်ရင်း အပြုံးဖျော့ဖျော့လေးဖြင့် စိုက်ကြည့်လေသည်။ ထိုသန့်ရှင်းစင်ကြယ်သည့် ပုံရိပ်ကိုကြည့်ကာ ယိုကျင့်သည် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် မိသားစုအတွက် သူမသည် အနည်းငယ် တကိုယ်ကောင်းဆန်ရမည်ပင်ဖြစ်သည်။
“နည်းလမ်းကို ပေးလို့ရတယ်။ ဒါပေမဲ့ ဒီနွေအကုန်ထိ အဲ့စီးပွားရေးကို ကျွန်မတို့လုပ်မယ်။ ဘယ်လိုလဲ”
ရှောင်လင်ယွိသည် ထိုသို့ အသေးစား တောင်းဆိုချက်များအား သဘာ၀ကျကျပင် လျစ်လျူရှုနိုင်သည်။ ထိုကလေးမ၏ ဆိုင်သေးလေး၌ ငွေမည်မျှရှာနိုင်မည်နည်း။ သူ၏ဆိုင်သည် လူချမ်းသာများနှင့် မျိုးရိုးမြင့်များအား ရည်ရွယ်ခြင်းဖြစ်သည်။ စုမိသားစု၏ဖောက်သည်အများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။
နှစ်ဖက်လုံးမှ ငြင်းဆိုခြင်း မရှိသည့်အတွက် ရှောင်လင်ယွိသည် စုတ်တံနှင့် စာရွက်ကိုယူကာ သဘောတူညီချက်များကို ချရေးလိုက်သည်။ သူ၏ဘေးရှိ တောက်ပသည့်မျက်၀န်းတစ်စုံကို သတိထားမိလိုက်ခြင်းကြောင့် ထိုမိန်းကလေးမှာ စာပေဖတ်ရှုနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူသည် သဘောတူညီမှုစာတမ်းအား ယိုကျင့်ဆီသို့ ကမ်းပေးလိုက်သည်။
“မိန်းကလေးစု တစ်ချက်လောက် ကြည့်ကြည့်ပါ။ တကယ်လို့ ပြဿနာမရှိရင် ဒီအတိုင်းပဲ စာချုပ်ချုပ်ဆိုပါ့မယ်”
ယိုကျင့်သည် စဉ်းစားမနေဘဲ ကြည့်ရှုရန် သဘောတူလိုက်သည်။ သူမသည် ရှေးရိုးရာ အက္ခရာအနည်းငယ်ကို မှတ်မိသည့်အတွက် ရောင်း၀ယ်ခြင်းဆိုင်ရာ စာချုပ်စာတမ်းများကို ဖတ်ရှုနိုင်ပေသည်။ စုတ်တံကိုဆွဲယူကာ စုယိုကျင့်ဟူသော စာလုံးကို ကတိုက်ကရိုက်ရေးပြီး လက်ဗွေနှိပ်လေသည်။
စာရွက်စာတမ်းပေါ်ရှိ သူ၏ သုံးနှစ်သားအရွယ်က ရေးခဲ့သည့် လက်ရေးနှင့်တူသော ပဲပင်ပေါက်လက်ရေးကို ကြည့်ကာ ရှောင်လင်ယွိသည် အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် တံခါးအပြင်၌ စောင့်နေသော သခင်ဟွမ်ကို ခေါ်ကာ မှာကြားလိုက်သည်။ “ဦးလေးဟွမ် ဘဏ္ဍာရေးဆီကနေ လျန်ငါးရာကို တွက်ချက်ပြီးယူခဲ့ပါ”
ဒုတိယသခင်ဟွမ်သည် သခင်ဖြစ်သူ၏စကားကို မေးခွန်းမထုတ်ရဲသည်မှာ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ “ဟုတ်ကဲ့”ဟုပြောကာ ထွက်သွားပြီး ခဏနှင့်ပြန်လာခဲ့သည်။ ထို့နောက် စားပွဲပေါ်၌ စာရွက်ငါးရွက်ကို တရိုတသေဖြင့် ချလိုက်သည်။ သခင်ဖြစ်သူမှ မည်သည့်စကားမျှမဆိုသည့်အတွက် မူလနေရာကိုသာ ပြန်သွားလိုက်သည်။
သဘောတူညီမှုစာရွက်၌ လက်မှတ်ရေးထိုးပြီး အချက်အလက်များမှန်ကန်သည်ကို ကြည့်ကာ ယိုကျင့်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ “ရှောင်လူကြီးမင်း ကျွန်မလက်ရေးက ညံ့တော့ ကျွန်မပြောပြီး ရှင်ရေးရင်ရော ဘယ်လိုလဲ”.
ထိုအချိန်၌ တဖက်ရှိ ရှောင်လင်ဖုန်းသည် အလျင်အမြန် စကားဆိုလိုက်သည်။ “ကျွန်တော်ရေးပေးမယ်”
သူ၏လက်ရေးသည် အလွန်တရာ ကောင်းမွန်ပေသည်။ ယခုကဲ့သို့ ထုတ်ဖော်ပြသရမည့် အခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်ချေ။
ရှောင်လင်ယွိသည် သဘာ၀ကျစွာပင် ထိုသို့ ကိစ္စအသေးများ၌ ညီဖြစ်သူနှင့် ပြိုင်ဆိုင်မနေတော့ချေ။ ထိုသို့ဖြင့် ကလေးနှစ်ယောက်၏ ပြောဆိုသံများသည် အခန်း၌ ပြည့်နှက်နေတော့သည်။ ခဏအတွင်း၌ပင် စုမိသားစု၏ ဆီးချိုရည် နည်းလမ်းသည် ရှောင်မိသားစုထံသို့ လက်ဆင့်ကမ်းလိုက်တော့သည်။ စုမိသားစုရှိ ညီအစ်မများသည် အမျိုးသမီးစုအား ဆီးချိုရည် ပြုလုပ်ရာ၌ ကူညီလုပ်ကိုင်ပေးကြပေသည်။ ယိုကျင့်၌ မှတ်ဉာဏ်ကောင်း ရှိပေသည်။ ထို့အပြင် အမျိုးသမီးစုသည် ထည့်သွင်းရမည့် ပစ္စည်းပမာဏအချိုးအစားများကို အကြိမ်ပေါင်းများစွာ သေချာရှင်းပြပေးထားသည့်အတွက် ယိုကျင့်မှတ်မိသည်မှာ မထူးဆန်းတော့ချေ။
တစ်ဖက်၌ ရှောင်လင်ယွိသည် ယိုကျင့်ပြောသည့် ပြုလုပ်ရမည့် အဆင့်များကို နားထောင်ရင်း ခေါင်းအသာအယာ ညိတ်မိလေသည်။ ထိုပစ္စည်းများကို ထည့်ရသေးသည်ပင်။ ထို့အတွက် ဆီးချိုရည်မှာ ချိုမြနေခြင်းဖြစ်သည်။ အချိုအချဉ်ဓာတ်သည် ပြီးပြည့်စုံစွာရောနှောနေပြီး မြို့တော်ရှိ အခြားသော ဆိုင်များထက် သုံးဆယ်ရာခိုင်နှုန်းမျှ ပို၍ အရသာရှိနေရခြင်းဖြစ်သည်။
ယိုကျင့်သည် စာချုပ်စာတမ်းအား ရင်ဘတ်ထဲသို့ အသေအချာထည့်လိုက်ပြီး ပြောလိုက်သည်။
“လူကြီးမင်းရှောင် ပြဿနာမရှိတော့ရင် ကျွန်မပြန်လိုက်ပါဦးမယ်။ အိမ်မှာ လုပ်စရာလေးတွေ ရှိသေးလို့ပါ”
ရှောင်လင်ယွိသည် ယိုကျင့် ပေးသည့်နည်းလမ်းမှာ မှားယွင်းနေမည်ကို ဂရုမစိုက်ဘဲ လက်ခံလေသည်။ သူမဆီမှ နည်းလမ်း၀ယ်ယူရန် ရှာနိုင်ခဲ့သည့်အတွက် သူမ၏အိမ်ကိုရှာရန် သူ့အတွက် မခက်ခဲပေ။ ကျေးလက်မိန်းကလေးတစ်ဦးသည် သူ့အား လိမ်လည်လှည့်ဖြားနိုင်စွမ်း မရှိပေ။
…… …
ယိုကျင့်သည် ယွင်ဝေ့ရွှမ်းမှ ထွက်ပြီးချိန်၌ လေတွင် မြောက်နေသလို ခံစားလိုက်ရသည်။ ကောင်းကင်၌ ချိတ်ဆွဲထားသော တောက်ပသည့် နေမင်းကြီးအား ကြည့်ကာ ဘ၀ကြီးမှာ လှပသာယာသည်ဟု မခံစားဘဲ မနေနိုင်အောင်ဖြစ်မိသည်။ သူမကဲ့သို့ ဆယ်ကျော်သက်လေးသည် နေ့ချင်းညချင်း ချမ်းသာလာကာ ငွေငါးရာရှိသည့် ငွေလက်မှတ်များကို ကိုင်ဆောင်ထားမည်ဟု မည်သူထင်မည်နည်း။
ယနေ့ ဆီးချိုရည်ရောင်းရသည့် ငွေပမာဏသည်လည်း သူမ၏ပိုင်ဆိုင်မှု ဖြစ်နေသေးသည်။ အိမ်ရှိ ဆန်အိုးအလွတ်ကို သတိရသွားကာ လက်ထဲရှိသည့်ငွေပမာကြောင့် နေမင်းကိုအံတုရင်း အနောက်ဈေးသို့ သွားလေသည်။ ထို့နောက် အရည်အသွေးမြင့် ၀က်သားငါးကျင်း၀ယ်လိုက်ကာ အိမ်သို့ အသားများပိုက်ကာ ပြန်လာခဲ့သည်။
စုမိသားစုရှိ ညီမများသည် အစ်မဖြစ်သူမှ ၀က်သားများ ပိုက်၍ ပြန်လာသောအခါ အလွန်အမင်း ပျော်ရွှင်သွားကြသည်။ အငယ်ဆုံး သတ္တမညီမလေးသည်ပင် အမျိုးသမီးစု၏ခြေထောက်ကို ဖက်တွယ်ကာ ချွဲနွဲ့ရင်းပြောလေသည်။ “မေမေ သမီး ဒီနေ့ ၀က်သားနှပ်စားချင်းတယ်”
“ဟုတ်ပါပြီ အဲဒါဆို ဒီနေ့ ၀က်သားနှပ်စားကြမယ်” အမျိုးသမီးစုသည် တက်ကြွနေသည့် ရှစ်ယောက်မြောက် ကလေးကို ချော့မြူရင်း သဘောတူလိုက်သည်။ ထို့နောက် ယိုကျင်ဘဘက်သို့ လှည့်လိုက်သည်။ “မနေ့က အသားတွေ ၀ယ်လာပြီးပြီ မဟုတ်ဘူးလား။ ဒီနေ့ဘာလို့ ထပ်၀ယ်လာတာလဲ”
ယိုကျင့်သည် ယိုရင်ဆီသို့ ၀က်သားများကို ပျော်ရွှင်စွာကမ်းပေးလိုက်သည်။ ထို့နောက် ယိုကျူး လောင်းထည့်ပေးသည့် ရေအေးများကို ခွက်အပြည့်သောက်လိုက်သည်။ “ဒီနေ့ ပိုက်ဆံစုမိလာလို့ အကုန်လုံးစားလို့ရအောင် ၀ယ်လာခဲ့တာ”
စောစီးစွာပြန်လာသည့် သမီးနှစ်ယောက်ထံမှ အကြီးဆုံးသမီးဖြစ်သူမှာ ချမ်းသာသည့် မိသားစုများနှင့် စီးပွားရေကိစ္စ ဆွေးနွေးရန် သွားရောက်ကြောင်း ကြားသိထားပေသည်။ သူမသည် ယခင်နေ့များကဲ့သို့ ဆီးချိုရည်အိုးများ မှာယူသည်ဟုသာ ထင်ကာ ပျော်ရွှင်သွားသည်။ သို့သော် တစ်ခုခုအား စိတ်အနှောင့်အယှက်ဖြစ်ဟန် ပြောလိုက်သည်။
“ဆီးချိုရည်အိုး တစ်အိုးမှ ငွေဘယ်လောက်မှ မရပါဘူးသမီးရယ်။ ဘယ်ကနေ ဘယ်လို ဒီလောက် အသားတွေအများကြီး၀ယ်ဖို့ ငွေရလာတာလဲ”
ယိုကျင့်သည် ပြန်မဖြေဘဲ ပြုံးလိုက်ကာ ဘာမှဆက်မပြောပေ။ ကလေးများ အိပ်မောကျသည့် အချိန်ရောက်မှသာ အမျိုးသမီးစုအား အမှန်အတိုင်း ပြောလိုက်သည်။
“အမေ သမီးဆီးချိုရည် လုပ်နည်းကို ရောင်းလိုက်တယ်။ ဒီနှစ်ပြီးရင် သမီးတို့နောက်နှစ်ကျ လုပ်ရောင်းလို့ မရတော့ဘူး”
သမီးဖြစ်သူမှ နည်းလမ်းကို ရောင်းလိုက်ကြောင်း ကြားသိအခါ အမျိုးသမီးစုသည် တိတ်ဆိတ်နေသော ညချမ်းအား ဖြိုခွင်းလိုက်မိသည်။
“ရောင်းလိုက်တယ်။ အဲဒါဆို အမေတို့မိသားစုက အနာဂတ်မှာ ဘာလုပ်စားကြမှာလဲ။ ဘယ်လိုပိုက်ဆံရှာကြမှာလဲ”
ယိုကျင့်အပေါ်၌ အပြစ်မတင်မိဘဲ မနေနိုင်ချေ။ “ဒီလောက် ကိစ္စအကြီးကြီးကို ဘာလို့မိသားစုနဲ့ မတိုင်ပင်ရတာလဲ။ ညည်းကလေ အသက်ကြီးလေ အကြံကြီးလေပဲ”
ယိုကျင့်သည် ဒေါသမထွက်ခဲ့ပေ။ သူမသည် အသံတိုးတိုးဖြင့် အလျင်အမြန်ပြောလိုက်သည်။ “အမေ သမီးက လျန်ငါးရာနဲ့ ရောင်းလိုက်တာနော်”
“လျန်ငါးရာ” ထိုအချိန်၌ အမျိုးသမီးစုသည် အံ့ဩမှုကြောင့် ယိုကျင့်အား အပြစ်တင်မိသည်ကိုပင် မေ့လျော့သွားခဲ့သည်။ “လျန်ငါးရာနဲ့ ဘယ်လိုရောင်းလိုက်တာလဲ”
“အမေ တအား စိတ်မပူနဲ့တော့နော်။ အခု သမီးတို့မိသားစုမှာ ငွေရှိနေပြီ။ မနက်ဖြန်ကျ ဆေးခန်းသွားပြီး သမားတော်နဲ့ သွားစစ်ရအောင်နော်။ မဟုတ်ရင် ဆောင်းတွင်းကျ အမေ ဖျားနာနေလိမ့်မယ်”
ယိုကျင့်သည် အမေဖြစ်သူအား အပြုံးလေးဖြင့် နှစ်သိမ့်နေခဲ့သည်။ သားအမိနှစ်ယောက်သည် အိပ်မပျော်ခင်အထိ အချိန်ကြာမြင့်စွာ စကားပြောနေခဲ့ကြသည်။
…