EYYJ အပိုင်း ၅၃

အပိုင်း (၅၃) ဘိုးဘေးများ

ယိုကျင့်သည် သူမတို့မိသားစု၏ လုံခြုံရေးအတွက် သူကြီးအပေါ်၌သာ ပုံအပ်မထားချင်ပေ။ ပစ္စည်းပို့ရမည့် နောက်တစ်ရက်တွင် ယိုကျင့်သည် အနောက်ဈေး၌ အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ခွေးပေါက်စလေးများအား ရောင်းချနေသော လူတစ်ယောက်ကို တွေ့လိုက်သည်။ သူမသည် ယွမ်နှစ်ဆယ်ကို သုံးကာ တောက်ပြောင်သည့် အမည်းရောင်အမွေးကွက်များနှင့် နားရွက်ချွန် ခွေးလေးလေးကောင်ကို ၀ယ်ယူလိုက်သည်။

“ကလေးမ ဒီခွေးတွေကို သေးတယ်ဆိုပြီး အထင်မသေးနဲ့နော်။ အိမ်မှာ နှစ်လသုံးလလောက် မွေးထားပြီးရင် သူတို့ကို အိမ်စောင့်ခိုင်းလို့ရပြီ။ ဦးလေးတို့အိမ်ကခွေးတွေက တအား သစ္စာရှိတာ”

ထိုလူကြီးသည် ယွမ်နှစ်ဆယ်ဖြင့် ခွေးပေါက်များ ရောင်းထွက်သွားခြင်းကြောင့် ‌၀မ်းသာကာ ယိုကျင့်အား ခဏကြာ စကားပြောနေခဲ့သည်။

ယိုကျင့်သည် ထိုအရာကို သဘောတူပေသည်။ ထိုခွေးလေးများသည် ယခုအခါ၌ ချစ်ဖို့ကောင်းနေသေးသော်လည်း သူမသာ သေချာလေ့ကျင့်ပေးပါက အနာဂတ်၌ အိမ်ကို ကောင်းကောင်းစောင့်ရှောက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။ သူမသည် ထိုလူကြီးအား ကျေးဇူးတင်ကြောင်း ပြောပြီး ခွေးလေးများကို ခြင်းထဲသို့ထည့်လိုက်သည်။ ထို့နောက် အိမ်သို့ သီချင်းသည်းတွားရင်း ပြန်လာခဲ့သည်။

ခွေးများသည် အမှန်ပင်ချစ်ဖို့ကောင်းနေကာ ချစ်စရာကောင်းမှုကပင် မိန်းကလေးများ၏ အသည်းနှလုံးကို သိမ်းပိုက်နိုင်သည့်သော့ချက်ဖြစ်သည်။ စုအိမ်သို့ သူတို့ပြန်ရောက်သည်နှင့် အိမ်ရှိညီအစ်မခြောက်ယောက်၏ ကြောက်မက်ဖွယ် လက်စွယ်များက စောင့်ကြိုနေခဲ့သည်။

လွန်ခဲ့သည့်နှစ်ရက်က သုံးနှစ်ပြည့်ခဲ့သော ယိုချောင်သည်ပင် ခွေးတစ်ကောင်ကို တင်းကျပ်စွာ ဖက်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။ “မမကြီး ဒါသမီးဖို့ ၀ယ်လာတာမလား”

ယိုကျင့်သည် အိုးအဟောင်းတစ်လုံးကိုရှာကာ ရေတစ်ခွက်ထည့်လိုက်သည်။ ဖက်ခေါင်းအုံးသဖွယ် အနိုင်ကျင့်ခံနေရသော ခွေးလေးကို တွေ့သည့်အခါ ယိုကျင့်သည် ယိုချောင်၏တင်ပါးကို ဒေါသတကြီးဖြင့် ရိုက်လိုက်လေသည်။ “မဆော့နဲ့။ သူတို့ကို အိမ်စောင့်ခိုင်းဖို့ ၀ယ်လာတာ” လူအုပ်ထဲမှ ခွေးလေးကောင်ကို ကယ်တင်ပြီးနောက် ထိုခွေးလေးများအား ရေတိုက်လေသည်။

ညီအစ်မများသည် ဆူပူခံရပြီးနောက် ထိုနေရာ၌သာ ရပ်နေ‌ကာ လျှာဖျားလေးဖြင့် ရေကိုလျက်ကာ ရေသောက်နေသည့် ခွေးလေးများကို ကြည့်နေကြလေသည်။ ကလေးများ၏ မျက်၀န်းသည် တောက်ပနေခဲ့သည်။ “မမကြီး သူတို့မှာ နာမည်ရှိလား”

“မရှိသေးဘူး။ ညီမလေး‌တို့ မှည့်ပေးလိုက်ပါလား” ယိုကျင့်သည် အာဏာကို ကလေးများထဲသို့ လွှဲပြောင်းလိုက်သည်။ ထိုကလေးများသည် အချိန်ကြာမြင့်သွာ ခေါင်းချင်းဆိုင်ရင်း စဉ်းစားနေခဲ့ကြသည်။ ဆွေးနွေးပြီးသည့်နောက်တွင် ခွေးလေးများ၏ နာမည်များကို အတည်တကျ သတ်မှတ်ပေးလိုက်သည်။ ၀မ်ချိုက်၊ ရှောင်ဟဲ၊ ဟဲပိုင်နဲ့ တာ့ဟွမ်…

ယိုကျင့်သည် သက်ပြင်းချမိသွားသည်။ နာမည်များသည် ရွာအလေ့အထများ ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူမသည် ညီမငယ်များ၏ တက်ကြွမှုကို မလွန်ဆန်နိုင်သောကြောင့် ခွေးလေးများကိုသာ အနစ်နာခံစေလိုက်သည်။

ထိုနေ့မှစ၍ စုမိသားစု၏ကိစ္စအ၀၀၌ ခွေးလေးများ ပါ၀င်လာခဲ့သည်။ မနက်တိုင်းတွင် မြစ်၏ အနောက်ဘက်ခြမ်း၌ စုမိသားစုမှကလေးများ ခွေးများနှင့်အတူ ပြေးလွှားနေခြင်းသည် ဝူလီချောင်၏ ထူးခြားလှသော မြင်ကွင်းတစ်ခုဖြစ်လာခဲ့သည်။

………….

ဧပြီလ ရှစ်ရက်နေ့သည် ယိုကျင့်၏ အသက် ဆယ့်နှစ်နှစ်ပြည့်မွေးနေ့ ဖြစ်ပေသည်။ စုမိသားစုသည် သူမတို့ မထွက်ခင်အချိန်က အမျိုးသမီးဟန် ပေးခဲ့သည့် အ၀တ်များကို ယိုကျင့်၏ အသက်ဆယ့်နှစ်နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပျော်ရွှင်စွာ ပေးအပ်ခဲ့သည်။

မနက်ခင်းတွင် ယိုရင်နှင့် ယိုလော့သည် ယိုချောင်ကို ခေါ်ကာ အိမ်နောက်၌ပေါက်နေသော ပန်းပင်ရိုင်းများကို ခူးယူပြီး အိမ်ရှေ့ခြံ၀င်း၌ အလှဆင်ရန် ပြင်ဆင်ကြလေသည်။ စုမိသားစုသည် သက်ရှည်ခေါက်ဆွဲကို ဂရုတစိုက် ပြင်ဆင်ပေးခဲ့သည်။ ယိုကျင့်ဈေးမှ ပြန်လာသည်နှင့် သူမ၏မိသားစုသည် ဆယ့်နှစ်နှစ်ပြည့်မွေးနေ့အတွက် ပျော်ပျော်ရွှင်ရွှင် ကျင်းပပေးခဲ့သည်။ သက်ရှည်ခေါက်ဆွဲပန်းကန်နှင့် ပန်းရိုင်းများသာ ရှိသော်လည်း ထိုမွေးနေ့ပွဲသည် သူမ ကူးပြောင်းပြီးနောက် ပထမဆုံး ကျင်းပသည့်ပွဲဖြစ်ပေသည်။ ထို့အပြင် ယခင်ဘ၀၌ သူမအတွက် ထိုသို့ ကျင်းပပေးမည့်သူ မရှိခဲ့သည့်အတွက် စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် လိမ်ရာကျပေမည်။

အချိန်သည် ကုန်လွန်လာကာ ဧပြီလလယ်သိူ့ ရောက်လေပြီ။ စုမိသားစု စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များမှာ စားသုံးနိုင်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ယိုကျင့်စိုက်ပျိုးထားသည့် ကြက်သွန်မြိတ်ရိုင်းများသည် အပါအ၀င်ဖြစ်သည်။

အသက်ဆယ့်နှစ်နှစ်ပြည့်ပြီး နှစ်ရက်ကျော် ကြာသည့်အချိန်၌ ယိုကျင့်သည် ကြက်သွန်မြိတ်ရိုင်းများအား ခြင်းအပြည့် ခူးယူလိုက်ကာ မြို့ပေါ်သို့ဦးတည်လိုက်သည်။ ယခုအခါ၌ ကြက်သွန်မြိတ်များသည် ၀ူလီချောင်၌ပင် မရှိသေးသည့်အတွက် လော့ဟယ်မြို့၌ ရှိရန် မဖြစ်နိုင်ချေ။ ကြက်သွန်မြိတ်များသည် သူမတစ်ယောက်တည်း ပိုင်ဆိုင်ထားသောအရာ ဖြစ်သည်။

ဒုတိယသခင်ဟွမ်သည် နှစ်ပေါင်းများစွာ လှည့်လည်ခရီးသွားလာသောကြောင့် ကြက်သွန်မြိတ်ကို စားဖူးပေသည်။ ထို့ကြောင့် ယိုကျင့်သည် သူ့အား ဆွဲဆောင်စရာမလိုခဲ့ချေ။ ထို့အပြင် သခင်ဟွမ်သည် လူကြီးလူကောင်းဆန်စွာ ကတိပေးခဲ့သည်။ “ဒီနှစ် စုမိသားစု စိုက်သမျှ ကြက်သွန်မြိတ်တွေက ယွင်ဝေ့ရွှမ်းကိုပဲ ပို့ရမယ်”

သခင်ဟွမ် ပေးသည့် ငွေပမာဏသည် သင့်တော်ပေသည်။ ငြင်းဆိုစရာ မရှိသည့်အတွက် ယိုကျင့်လည်း သဘောတူလိုက်သည်။ ထိုသို့ဖြင့် ကြက်သွန်မြိတ်များကို ဖြတ်ကာ ယွင်ဝေ့ရွှမ်းသို့ နှစ်ရက်ခြားတစ်ခါ ပေးပို့ရသည်။ ပစ္စည်းပို့ပြီးသည့်နေရက်များ၌ ပိုက်ဆံများ စုမိလေသည်။

ထိုငွေများနှင့် လယ်ဧကများ ၀ယ်ရန် လုံလောက်လှသည်။ သို့သော် စုမိသားစု၌ အသက်ကြီးကာ အားနည်းသည့် အမျိုးသမီးနှင့် ကလေးငယ်များသာ ရှိသည့်အတွက် အထွက်နှုန်းများသည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းကသာ သင့်တော်ပေသည်။ ယိုကျင့်သည် ညအချိန်၌ အမျိုးသမီးစုနှင့် ဆွေးနွေးသည့်အခါ သူမသည်လည်း ထိုအကြံကို မငြင်းပယ်ခဲ့ပေ။

မနက်ခင်းအစော၌ ယိုကျင့်သည် ငွေစများကို ကိုင်ကာ ဟဲဟောက်၏အိမ်သို့ သွားခဲ့သည်။

“ဘာ မင်းက မြစ်အနောက်ပိုင်းက မြေနိမ့်ပိုင်းလယ်ကို ၀ယ်မလို့လား” ဟဲဟောက်သည် ယိုကျင့်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ချေ။ “ယိုကျင့် အဲ့မြေတွေက ရေမြှုပ်သွားရင် ဘယ်အပင်မှ မဖြစ်ထွန်းတော့ဘူး။ ဘာလို့ အဲ့လယ်တွေကို ၀ယ်နေမှာလဲ”

ယိုကျင့်သည် အားငယ်သည့် အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ “အိမ်မှာက ငွေမလောက်တော့ မြေကောင်းတွေ မ၀ယ်နိုင်ဘူး။ အဲ့လို စွန့်ပစ်မြေတွေပဲ ၀ယ်ဖို့ တတ်နိုင်တယ်”

“မင်းစွန့်ပစ်မြေ ၀ယ်မယ်ဆိုလည်း ဒီထက်ကောင်းတဲ့ မြေမြင့်ပိုင်းက လယ်တွေ ရှိတယ်လေ။ ဘာလို့ ဒါကိုပဲ သေချာပေါက်၀ယ်ချင်နေရတာလဲ” ဟဲဟောက်သည် လယ်ယာလုပ်ငန်း လုပ်ကိုင်လာသည်မှာ သက်တမ်းကြာပြီဖြစ်၍ စိမ့်တောလယ်များ၌ ရေမြှုပ်တတ်ကာ သီးနှံဖြစ်ထွန်းရန် အခက်တွေ့တတ်ကြောင်း သိပေသည်။ သို့သော် ယိုကျင့်၏ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် မတတ်သာဘဲ အကြံဉာဏ်ပေးလိုက်သည်။

“ဒီလိုဆိုရင်ရော မင်းသာ စွန့်ပစ်မြေကောင်းကို ၀ယ်မယ်ဆို မင်းလိုချင်တဲ့ လယ်ဧကကလည်း မင်းအပိုင်ပဲ အဆင်ပြေလား”

ဆိုလိုသည်က ထိုရေ၀ပ်နေသည့်လယ်ဧကများအား အပိုအဖြစ်ရနိုင်သည်ပင်။ ထိုအရာသည် ကောင်းကင်ပေါ်မှ ရွှေထုပ်ကြီး ပြုတ်ကျလာသည်ဟု သတ်မှတ်နိုင်သည့်အတွက် ယိုကျင့်၌ သဘောမတူဖွယ်ရာ အကြောင်းအရင်းမရှိပေ။ သို့သော်လည်း သူမသည် အလကား မယူချင်ခဲ့ပေ။ ထို့ကြောင့် စွန့်ပစ်မြေကောင်း သုံးဧကအတွက် တစ်ဧကကို ငွေနှစ်လျန်ပေးချေကာ ရေ၀ပ်နေသည့် လယ်လေးဧကအတွက် တစ်ဧကကို ယွမ်နှစ်ရာစီကျ တစ်၀က်ပေးချေကာ တစ်၀က်ကို အပိုအဖြစ်ယူလိုက်သည်။ အခွန်ခနှင့် မူပိုင်ခွင့် အမည်ပြောင်းလဲခပါ ပေါင်းထည့်လျှင် စုစုပေါင်း အပြီးအစီး ခုနှစ်လျန်နှင့် ငွေလေးပြား ကျသင့်ပေသည်။ယခု၌ စုယိုကျင့်ဟူသော အမည်အောက်တွင် စွန့်ပစ်မြေကောင်း သုံးဧကအပြင် ရေ၀ပ်နေသည့် လယ်လေးဧကပါ ပိုင်ဆိုင်ထားပြီဖြစ်သည်။

လယ်ဧကများ ၀ယ်ယူပြီးချိန်၌ ‌မြေယာများကို ကောင်းမွန်အောင် အဆင့်မြှင့်တင်ရန်အချိန်ဖြစ်သည်။ ပြဿနာမှာ ထိုစွန့်ပစ်မြေများ၌ ပေါင်းပင်များ ပေါများခွန်းလှသည်။ ထို့အတွက် ယိုကျင့်သည် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။ ညီမများအား ပေါင်းပင်အနည်းငယ်ကို မီးစာအဖြစ် ခုတ်ခိုင်းကာ နေသာသည့်နေ့၌ လယ်ကွင်းထဲရှိ ပေါင်းပင်များကို မီးလောင်တိုက်သွင်းတော့သည်။

ထူထဲလှသည့် မီးခိုးမှိုင်းများသည် အထက်သို့ ပျံတက်ကာ ပြာမှုန်များသည်လည်း လေထဲ၌ ဝေ့ဝဲနေသည်။ ပေါင်းပင် များလွန်းသဖြင့် နှစ်ရက်သုံးရက်ကြာ မီးလောင်တိုက်သွင်းမှသာ လယ်ကွင်းအား ရှင်းလင်းနိုင်မည်ဖြစ်သည်။ ရွာသားများသည် မီးခိုးများမြင်သည့်အခါ တောမီးလောင်သည်ဟု ထင်မှတ်ကြသည်။ လာရောက် စစ်ဆေးသည့်အခါမှသာ စုမိသားစုမှ ကလေးများ ပေါင်းပင်ရှင်းနေကြောင်း သိလိုက်ရသည်။ ရွာသားများသည် စုမိသားစုအား ရူးမိုက်လွန်းသည်ဟု သမုတ်ကြသည်။

“ဒီမြေတွေက ဘယ်နှနှစ်တောင် ပစ်ထားတဲ့မြေတွေလည်း ဘယ်သူသိမှာလဲ”

ယိုကျင့်သည် အခြားလူများ၏ စကားကို ဂရုမစိုက်တတ်ပေ။ ဝါး‌ရိပ်ရသည့် ဝါးတောဘက်မှ အိမ်သို့ပြန်လာရင်း ယိုကျင့်၌ အကြံတစ်ခုပေါ်လာလေသည်။ မိုးရွာလျှင် မြေကြီးများသည် စိုစွတ် သိပ်သည်းသွားတတ်ကြကာ မြေဆွေးမြေဩဇာဖြစ်လာသည်။

စုမိသားစု၌ မြေဆွေးများမရှိသောလည်း ရေ၀ပ်ထားသည့် လယ်ဧကများ ရှိနေသေးသည်။ အဲဒါကိုက မြေဆွေးပဲ မဟုတ်လား။ မြစ်မှ ကျန်ခဲ့သည့် နုန်းမြေများသည် ယိုကျင့်အား မြေဆွေးပြုလုပ်ရန် စောင့်ဆိုင်းနေသလိုပင် ဖြစ်နေသည်။

မြေဆွေးမြေဩဇာ ပြုလုပ်ရသည်မှာ လွယ်ကူပေသည်။ ယိုကျင့်သည် ဈေးမှ ပြန်လာသည့်နေ့တိုင်း၌ ညီမများကို ဝါးပင်ခုတ်ရန် ခေါ်သွားလေ့ရှိသည်။ ခုတ်ယူလာသည့် ဝါးများအား မြေဆွေးလုပ်မည့် လယ်ဧက၌ ဖြန့်ကျဲထားလေသည်။ ကြီးမားသည့် ဝါးများကို ထင်းမီးအဖြစ် အသုံးပြုရန် အခြောက်လှမ်းထားသည်။ ထိုသို့ဖြင့် စုအိမ်၏ အရှေ့နှင့် အနောက်၌ ဝါးခြောက်များ ပြည့်နှက်နေတော့သည်။

ကောက်ရိုးခြောက်များ ၀ယ်ယူရန် နှစ်ယွမ် ကုန်ကျခဲ့ကာ တစ်စည်းကို အနည်းငယ်ဖြတ်ယူကာ အိုးကြီးထဲ၌ မြေဩဇာလုပ်ယူရန် ပြင်ဆင်လိုက်သည်။ မြေဩဇာလုပ်ရန် မီးဖိုချောင်မှ အသုံးပြုထားသော ပြာများနှင့် ဝါးတောမှ ယိုကျူးတို့ ကောက်ယူခဲ့သော တီကောင်များကို ရောနယ်လိုက်သည်။ ထိုသို့ဖြင့် လိုအပ်သည့် ပစ္စည်းများအား ပြင်ဆင်ပြီးဖြစ်သည်။

ဝူလီချောင်မြစ်ထဲမှ တူးမြောင်းနှင့် ရေသွယ်ပြီးသောအခါ မြေဩဇာများကို ရေနှင့်ရောကာ ပျော်၀င်စေလိုက်သည်။ ရေထဲတွင် မွှေပြီးချိန်၌ ယိုကျင့်သည် လယ်ဧကများအား ထိုပုံစံအတိုင်း ထားခဲ့လေသည်။ ထို့နောက် ညီမဖြစ်သူများကို ရေမမြုပ်သည့် စွန့်ပစ်မြေသုံးဧကဆီသို့ ခေါ်ဆောင်သွားလေသည်။

ယိုရင်သည် သူမ၏လက်စကို ခေါက်တင်ကာ နဖူးမှ ချွေးများကို သုတ်နေ‌သည်။ တစ်စုံတစ်ခုပေါ်၌ အမှီပြုကာ နားနေရင်း မေးလိုက်သည်။ “မမကြီး ဒီမှာဘာစိုက်မလို့လဲ” နွေရာသီပျိုးကျဲချိန်က ပြီးသွားပြီလေ။ အခုမှ စစိုက်ရင် နောက်ကျမနေဘူးလား”

ယိုကျင့်သည် တဖြည်းဖြည်း မြင့်တက်လာသော နေလုံးကြီးကို ကြည့်ကာ ခြောက်သွေ့နေသည့် သူမ နှုတ်ခမ်းကို သပ်ရင်း ခေါင်းခါလိုက်သည်။

“ဒီနွေမှာ စိုက်ဖို့ နောက်ကျသွားပြီ။ အဲ့တော့ မြေတွေကိုပဲ အာဟာရဖြည့်ရမယ်။ နောက်နွေကျမှ မျို့စေ့ကျဲပြီး စိုက်ရင် ‌အထွက်နှုန်း ကောင်းလောက်တယ်”

လယ်ဧကများ မြေဆီဩဇာပြည့်၀သည်နှင့် အထွက်နှုန်းကောင်းမွန်မည်မှာ သေချာပေသည်။ ထို့အပြင် စုမိသားစု၌ လုပ်သားအားမှာ အခြားသူများ၏ တစ်၀က်သာရှိပေသည်။ ယခုနွေ၌ စိုက်ပျိုးရန် တွန်းအားပေးလိုက်ပါက သူမတို့၌ ဆိုးကျိုးများပေလိမ့်မည်။

ယိုရင်ဘေးရှိ မြက်ပင်များ ဆွဲနှူတ်နေသော ယိုကျူးသည် မြေကြီး၌ လက်မှိုင်ချကာ သက်ပြင်းချလေသည်။

“မမကြီး အခြားအလုပ်တွေပဲ လုပ်လို့မရဘူးလား။ တကယ်လို့ အလုပ်မဖြစ်ရင်တောင် ကောက်ညှင်းထုပ်လေးတွေ ပေါင်းရောင်းတာမှ လယ်စိုက်တာထက် မသာဘူးလား”

“စန်းကျဲက ကောက်ညှင်းပေါင်းတတ်လို့လား။ စန်းကျဲက ထမင်းတောင် ကောင်းကောင်း မချက်တတ်ဘဲနဲ့” ယိုပေါင်သည် ယိုကျူးအား မသိမသာ ခနဲ့လိုက်သည်။

ထိုစကားကိုကြားသည့်အခါ ယိုကျူးသည် ယိုပေါင်အား မျက်စောင်းထိုးကာ စိုက်ကြည့်လိုက်သည်။

“စကားများလွန်းတယ်”

ယိုကျင့်သည် ညီအစ်မနှစ်ယောက်ကြားရှိ ရန်ပွဲအသေးစားလေး၌ ၀င်မပါတော့ချေ။ သူမသည် ညီမဖြစ်သူများအား စိတ်အေးလက်အေး ရှင်းပြလေသည်။

“ဒီလောကမှာ မင်းတို့ ဘာပဲလုပ်ကိုင်ပြီး နေထိုင်ပါစေ လိုအပ်တာ နှစ်ခုရှိတယ်။ တစ်ခုက အရင်းအနှီးပဲ။ အရင်းအနှီးမရှိဘဲ မင်းတို့ ဘယ်လို ဆိုင်တွေဖွင့်ကြမလဲ။ ဒုတိယတစ်ခုက အရည်အချင်းပဲ။ အရည်အချင်း မရှိဘဲ လုပ်နေလဲ ပိုက်ဆံကုန်တာပဲ အဖက်တင်မှာ” ယိုကျင့်သည် လယ်ကွင်းအဆုံးသို့ လျှောက်သွားလိုက်ကာ အုန်းမုတ်ခွက်ဖြင့် ရေတစ်ခွက်ခပ်ကာ သောက်လိုက်ပြီး ဆက်ပြောလေသည်။

“အိမ်မှာဘာရှိလဲ။ ဘာမှမရှိဘူးမလား။ အစ်မတို့က လယ်သမားမျိုးရိုးလေ။ လယ်စိုက်တာကလွဲပြီး ဘာမှမလုပ်တတ်ဘူး။ အဲတော့ စိုက်ပျိုးရေးလုပ်တာက အကောင်းဆုံးပဲ”

ယိုကျင့်သည် စကားဝိုင်းကို အဆုံးသတ်လိုက်သည့်အခါ ယိုကျူးသည် တောက်ပသည့် မျက်၀န်းများဖြင့် ခေါင်းညိတ်လေသည်။ “မမကြီး သမီးသိပါပြီ”

ညီအစ်မများသည် အချိန်အတော်ကြာ စကားပြောနေခဲ့ကြပြီး အလုပ်ဆက်လုပ်ကြသည်။ အမျိုးသမီးစုမှ ယိုလော့ကို လွှတ်ကာ မခေါ်ခိုင်းခင်အထိ လုပ်ကိုင်နေကြသည်။ ထို့နောက် ပစ္စည်းများ သိမ်းကာ အိမ်သို့ပြန်ကြသည်။

စုမိသားစုတွင် လတ်တလော၌ မျှစ်ကိုသာ အများဆုံး စားဖြစ်ကြသည်။ ယနေ့၌ အမျိုးသမီးစုသည် ဝါးပိုးကြွက်နှင့်မျှစ်ကို ရောချက်ပေးပြီး ပန်ကိတ်ကြီးသုံးချပ် ဖုတ်ပေးလေသည်။ အမျိုးသမီးစု၏ ဟင်းချက်လက်ရာမှာ အကောင်းဆုံးဖြစ်သည်။ ပန်ကိတ်များသည်လည်း အရသာရှိလှသည်။ မျှစ်တစ်ကိုက် ပန်ကိတ်တစ်ကိုက်စာဖြင့် စားရသည်မှာ နိဗ္ဗာန်သဖွယ်ပင်ဖြစ်သည်။ ညီအစ်မများသည် အမျိုးသမီးစုအား ချီးကျူးဖို့ ‌မမေ့ခဲ့ပေ။

“အမေ့လက်ရာက တဖြည်းဖြည်း ပိုပိုကောင်းလာတာပဲ”

အမျိုးသမီးစုသည် ပျော်ရွှင်စွာဖြင့် အငယ်ဆုံးလေးအတွက် အသားတစ်ဖက်ထည့်ပေးလိုက်သည်။

“အမေက ဟင်းချက်စွမ်းရည် အကောင်းဆုံးဆိုတာ ဘယ်ဟုတ်မလဲ။ ကောင်းမဲ့ကောင်း အမေ့ရဲ့ဘိုးဘေးကြီးက ဟင်းချက်စွမ်းရည် အကောင်းဆုံးပဲ” အမျိုးသမီးစုတို့ မွေးရပ်မြေ၌ အဘိုးဖြစ်သူ၏အဖေကို ဘိုးဘေးကြီးဟု ခေါ်လေ့ရှိသည်။

အမျိုးသမီးစုသည် သူမ၏မိခင်ဖြစ်သူ မိသားစုအကြောင်းကို ထုတ်ပြောသည်မှာ ပထမဆုံး ဖြစ်သည့်အတွက် ယိုကျင့်လည်း သိချင်စိတ် ဖြစ်မိသည်။ “ဘိုးဘေးက စားတော်ကဲလား”

“အမေငယ်ငယ်တုန်းက ဘိုးဘေးတွေပြောဖူးတာက ဘိုးဘေးကြီးက နန်းတော်က စားတော်ကဲတဲ့။ အရင်မင်းဆက် ပျက်သုဉ်းတော့ တောင်ပိုင်းကနေ မြောက်ပိုင်းကို ပြောင်းလာပြီး ရှောင်ဟွေ့တောင်ပေါ်မှာပဲ အခြေချခဲ့တာ” အမျိုးသမီးစုပြောသည့်နေရာမှာ သူမ၏မိသားစုနေထိုင်ရာ ရွာငယ်လေး ရှိသည့် တောင်ကုန်းငယ်အား ရှောင်ဟွေ့တောင်ကုန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။

“မင်းတို့အဘိုးက တစ်ဦးတည်းသောသားလေ။ မင်းတို့အဘိုးနဲ့ ၀မ်းကွဲတွေက ဟင်းချက်စွမ်းရည်ပါရမီ မပါတော့ အဘိုးစွမ်းရည်ရဲ့ တစ်၀က်တောင် မမှီဘူး”

“အမေ့ ဟင်းချက်နည်းတွေက ဘိုးဘေးကြီးဆီက သင်ခဲ့တာလား” ကလေးများသည် လူကြီးများထံမှ ရှေးဟောင်းပုံပြင်များ နားထောင်ရခြင်းကို ကြိုက်နှစ်သက်ကြသည်။ ထို့ကြောင့် အမျိုးသမီးစု ရပ်တန့်သွားသည့်အခါ မေးခွန်းများ ဆက်တိုက် မေးကြခြင်းဖြစ်သည်။

အမျိုးသမီးစုက အပြုံးလေးဖြင့် ပြောလေသည်။ “ဟုတ်တယ်။ မင်းတို့ဘိုးဘေးကြီးက အမေတို့ ညီမသုံးယောက်ကို နည်းလမ်းတွေ ပြောပြခဲ့တာ။ အမေက ဘိုးဘေးကြီးကို ဟင်း‌ချက်ကောင်းလို့ သဘောကျဆုံးဖြစ်ခဲ့တာ။ အဲဒါကြောင့် အဘိုးကလည်း အမေ့ကို မီးဖိုချောင်ထဲခေါ်ပြီး ခဏခဏ လိုက်ပြပေးတာပေါ့” သူမ၏ငယ်ဘ၀ကို ပြောပြနေစဉ်အတွင်း အမျိုးသမီးစု၏ မျက်၀န်းများသည် လင်းလက်နေ‌ကာ ပျော်ရွှင်မှုများပြည့်နှက်နေခဲ့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset