အပိုင်း (၅၄) အချက်အပြုတ်သင်ယူခြင်းနှင့် ငါးများအတွက်ဆေး
“အမေက ယွဲ့ချန်လုလိုလူကိုမှ ဘာလို့ လက်ထပ်ခဲ့တာလဲ၊ အမေ့ရဲ့ ထူးချွန်တဲ့ ဟင်းချက်အရည်အချင်းနဲ့ဆိုရင် အစားအသောက် လုပ်ရောင်းပြီး နေသွားလို့တောင် ရတယ်လေ ဟုတ်တယ်မလား”
ယိုကျင့်သည် အမျိုးသမီးစုတွင် ဤသို့သော နောက်ခံရှိသည်ကို မသိခဲ့ချေ။ သူမက တော်ဝင်စားတော်ကဲဟောင်းတစ်ယောက်ရဲ့ မြစ်မလေးတဲ့လေ။ ဘယ်သူက ယုံနိုင်မှာလဲ။ တော်ဝင်စားတော်ကဲဟောင်းတစ်ယောက်ရဲ့ မြစ်မလေးက ဝေးလံတဲ့ကျေးရွာလေးကို ရောက်လာပြီး အိမ်တွင်းအကြမ်းဖက်တတ်တဲ့လူနဲ့ လက်ထပ်ပြီး ၁၅နှစ်လောက်ကြာမှ လွတ်မြောက်ခဲ့ရတာပဲ။
အမျိုးသမီးစုသည် ဆုံးပါးသွားပြီဖြစ်သည့် သူမ၏မိဘများအကြောင်း စဥ်းစားလိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။ သူမမိသားစုနှင့် အမြဲလိုလို သဟဇာတဖြစ်သည့် အကြီးဆုံးဦးလေးက အမှန်တွင်တော့ လမ်းဆုံးနေသည့်အိမ်ထောင်တစ်ခုကို အမြတ်ထုတ်ချင်ကာ မိသားစုသံယောဇဥ်ကို မျက်ကွယ်ပြုခဲ့လေသည်။ သူသည် သူတို့ ညီအစ်မသုံးယောက်ကို တစ်ဝက်အခပေး တစ်ဝက်လက်ဆောင်နှုန်းဖြင့် လက်ထပ်ပေးခဲ့သည်။ အမျိုးသမီးစု၏ ချောမောသည့်ရုပ်ရည်ကြောင့် သူမကို ယွဲ့မိသားစုထံ စျေးကောင်းတစ်ခုဖြင့် ရောင်းခဲ့သည်။ သူမ၏အစ်မနှစ်ယောက်ကိုတော့ ဘယ်ကို ရောင်းလိုက်မှန်းပင် မသိရချေ။ သည်လောကတွင် သူတို့သည် ဆယ်နှစ်ကျော်ထက်မနည်း ကွဲကွာခဲ့ရလေသည်။
အမျိုးသမီး၏ ဝမ်းနည်းအမူအရာနှင့် နှုတ်ဆိတ်နေပုံကို ကြည့်လိုက်ပြီး သူမ၏ ဝမ်းနည်းစရာ အတိတ်ဟောင်းကို ပြန်သတိရသွားမှန်း ယိုကျင့်က သိလိုက်၏။ ယိုကျင့်သည် မြန်မြန်ဆန်ဆန်ပင် စကားလမ်းကြောင်းလွဲလိုက်တော့သည်။
“အမေက အချက်အပြုတ်အရမ်းတော်တယ်ဆိုတော့ သမီးတို့တွေ ငွေရှိလာရင် စားသောက်ဆိုင်လေးတစ်ခု ဖွင့်ကြမလား”
အမျိုးသမီးစုသည် ပြုံးကာ ဝေဖန်လိုက်လေသည်။
“ အမေ့ရဲ့ခန္ဓာကိုယ်နဲ့ သမီးတို့ညီအစ်မတွေအတွက် ချက်ပြုတ်ပေးနိုင်ရုံလောက်ပဲ ရှိတာလေ၊ စားသောက်ဆိုင်တစ်ခုကို ဘယ်လိုကိုင်တွယ်နိုင်ပါ့မလဲ”
“အမေ သမီးကို သင်ပေး”
ယိုကျူးက တောက်ပသည့် မျက်လုံးများဖြင့် အမျိုးသမီးစုကို ကြည့်လိုက်ပြီး
“ သမီး တတ်သွားရင် မြို့ထဲမှာ စားသောက်ဆိုင်တစ်ခု ဖွင့်နိုင်တယ်”
ဒါသည် စိတ်ကူးကောင်းတစ်ခုပင်။
“ ဒါပေမဲ့ စန်းကျဲ နင်က ထမင်းတောင် မချက်တတ်ဘူးလေ….”
အခုတော့ ယိုပေါင်တစ်ယောက်ထဲ မဟုတ်တော့ချေ။ ယိုလင်နှင့် ယိုလော့တို့ကပင် သူမ၏ အားနည်းချက်ကို ထုတ်ပြောလာကြတော့သည်။
“ မသိရင် သင်မှာပေါ့”
ယိုကျူးသည် လက်ဖြင့် စားပွဲကို ဝုန်းခနဲရိုက်လိုက်၏။ သူမ၏အကြည့်က အမျိုးသမီးစုကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေလေသည်။
“ အမေ သမီးကိုသင်ပေးပါ၊ သမီး သေချာပေါ့ သင်နိုင်ပါတယ်”
သူမက အလွန်ပြတ်သားနေသည်ကို မြင်လိုက်ပြီးနောက် တတိယသမီးဖြစ်သူ၏ အချက်အပြုတ် စွမ်းရည်မှာ အလွန်ဆိုးရွားသည်ကို သိထားသဖြင့် အမျိုးသမီးစုသည် ယိုကျင့်ကို အသနားခံသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ယိုကျင့်က တူကို ဖြည်းဖြည်းချင်း ချထားလိုက်ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။
“ ယိုကျူးမှာ ဒီလိုစိတ်ရှိတာ ဝမ်းသာစရာပဲပေ့ါ၊ ဇွဲရှိရင် နမော်နမဲ့နိုင်တာတွေကို ဖာထေးနိုင်ပါတယ်၊ နေ့တိုင်း အမေ့နောက်ကို ပေးလိုက်ထားပြီး အစပိုင်းတော့ ကူညီခိုင်းလိုက်ပေါ့၊ သူ မတတ်ဘူးဆိုရင်တောင် ဝန်ထုပ်ကိုတော့ ပေါ့သွားအောင် ကူညီနိုင်မှာပါ မဟုတ်ဘူးလား”
မကြီး၏ ထောက်ခံချက်ကြောင့် ယိုကျူးသည် သူမကို ဝေဖန်ခဲ့သည့် ညီမလေးများကို ဝင့်ကြွားစွာ လှမ်းကြည့်လိုက်လေသည်။
“ နင်တို့တွေ စောင့်ကြည့်နေပါ၊ ငါက နင်တို့စားဖို့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာကို သေချာပေါက် လုပ်ပေးအုံးမှာ”
အားလုံးသည့် ယိုကျူး၏ ကြေညာချက်ကြောင့် ရယ်မောလိုက်ကြလေသည်။ ညီအစ်မများသည် ပျော်ပျော်ရွှင်ရွှင် ပတ်ကစားနေကြ၏။ ထိုအချိန်တွင် မီးဖိုထဲတွင် မီးသာမွှေးတတ်သည့် ‘အဖျက်သမား’လေးတစ်ယောက်က အချက်အပြုတ် လာသင်လိမ့်မည်ကိုတော့ မည်သူမှ မတွေးထားခဲ့ကြပေ။
ယိုကျင့်သည် သည်ကိစ္စနှင့် ပတ်သက်ပြီး အလွန်အကောင်းမြင်ခဲ့လေသည်။ ယိုကျူးက အရည်အချင်း မမီလျှင်တောင် တော်ဝင်စားတော်ကဲ၏ ဟင်းအမယ်များကို မှတ်မိသည်ကလည်း ကောင်းသည့်ကိစ္စပင်။ ယခုတော့ ဤသို့သာ မှတ်ယူထားလေသည်။ အနာဂတ်တွင် အမျိုးသမီးစု မှတ်မိသမျှ ဟင်းအမယ်များအားလုံးကို ချရေးထားဖို့လိမ့်မည်။ ဒါကို မိသားစုအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။
***
ယိုကျူးသည် လေးနက်သော်ငြား စိတ်မရှည်သူတစ်ယောက် ဖြစ်လေသည်။ သူမသည် အချက်အပြုတ် သင်လိုသည်ဟု ပြောလိုက်ပြီး အမျိုးသမီးစုထံမှ သင်ထားသမျှကို ချရေးထားလေသည်။
သို့သော် စိတ်ကူးနှင့် လက်တွေ့ အမြဲတမ်းကွာခြားလေသည်။ တတိယအကြိမ်မြောက် ကြော်သည့်အချိန်တွင် မမှတ်မိနိုင်လောက်အောင် မည်းတူးနေသည့် ငါးကို အိုးထဲမှ ခတ်ထုတ်လိုက်ချိန်တွင် မူလက အားပေးနေသည့် ယိုကျင့်မှာ ခေါင်းကိုက်သွားတော့သည်။
“ဒါက….”
ယိုကျင့်ရဲ့အချက်အပြုတ်က အမျိုးသမီးစုကို မမီပေမဲ့ စားလို့ရသေးတယ်လေ ဟုတ်တယ်မလား။ ယိုကျူးက ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ခဲ့တာတဲ့လဲ။ သူမနဲ့ အမျိုးသမီးစုတို့ရဲ့ မမှိတ်မသုန် အကြည့်အောက်မှာ သူမက ငါးတစ်ကောင်ကို မဲနက်နေတဲ့မီးသွေးခဲဖြစ်အောင် တကယ်ပဲ ပြောင်းခဲ့တာတဲ့လား။
အမျိုးသမီးမှာ ငိုချင်သွားသော်လည်း မျက်ရည်က မထွက်ချေ။ အရည်အချင်း မရှိသဖြင့် သူမအဘိုး၏အထင်သေးခံခဲ့ရသည့် သူမအဖေကပင် ယိုကျူး၏လက်ရာထက် အများကြီး သာသေးသည်။ ဒါက သုံးကောင်မြောက် အလကားဖြစ်သွားတဲ့ ငါးပဲ။
ယိုကျူးသည် ‘ငါး’ကို မီးဖိုအပြင်ဘက် ခြံထဲသို့ မျက်နှာသေဖြင့် လွှင့်ပစ်လိုက်လေသည်။ ခွေးလေးကောင်မှာ စားစရာတစ်ခုခု ရတော့မည်ဟု တွေးကာ ယိုကျူးနားသို့ ဝမ်းသာအားရ ဝိုင်းလာကြလေသည်။ သို့သော် သူတို့သည် ထိုအရာကို မြင်လိုက်ချိန်၌ နောက်ထပ်မီးသွေးခဲတစ်ခုမှန်း သိလိုက်ပြီး အားလုံးက ချက်ချင်း ပြန်လှည့်သွားကြတော့သည်။
“ အဟိ ဟား ဟား ဟား ဟား”
ယိုကျင့်သည် ထပ်ပြီး မအောင့်နိုင်တော့ချေ။ ယိုကျူးရဲ့ ဟင်းချက်အရည်အချင်းက ဘယ်လောက် ဆိုးဝါးနေလို့လဲ။ အစားလုံးဝမရွေးတဲ့ ခွေးလေးတွေကတောင် မကြိုက်ကြဘူးတဲ့လေ။
ခြံထဲမှ ကြည့်နေကြသည့် ညီမငယ်လေးများကလည်း ခေါင်းမော့ကာ အော်ရယ်ကြတော့သည်။ မျက်ရည်ထွက်သည်အထိ ရယ်မိသည့် ယိုပေါင်က မျက်လုံးထောင့်က မျက်ရည်များကို သုတ်လိုက်ပြီး နားချလိုက်လေသည်။
“စန်းကျဲရယ် ငါတို့တွေ အလုပ်ပြောင်းကြရအောင်ပါ”
ထိုသို့ဖြစ်လေလော ယိုကျူးမှာ အရှုံးကို ဝန်မခံချင်လေလေ ဖြစ်နေတော့သည်။ သူမက ဒေါသတကြီး ခြေဆောင့်လိုက်ပြီး
“ ငါကောင်းကောင်း မလုပ်နိုင်တာ မယုံဘူး”
ပြင်းပြသည့်စိတ်ဖြင့် သူမသည် မီးဖိုထဲ ပြန်ဝင်သွားလိုက်ပြီး နောက်ထပ်ငါးတစ်ကောင်ကို ဖျက်ဆီးရန် ဆက်လုပ်လိုက်တော့သည်။
မောဟိုက်လွန်းသဖြင့် တံခါးဘောင်ကို မှီထားသည့် ယိုကျင့်က ရယ်ရလွန်းသဖြင့် နာနေသည့် သူမ၏ဗိုက်ကို ပွတ်သပ်လိုက်တော့သည်။ သူမ ဒီလိုလွတ်လွတ်လပ်လပ် မရယ်မောရတာ ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူမသည် မီးဖိုဆောင်ထဲ ပြန်ဝင်သွားကာ အံကျိတ်ရင်း ငါးများကို ခုတ်ထစ်နေသည့် ယိုကျူးဘေးတွင် ရပ်လိုက်လေသည်။ ယိုကျင့်က လေသံပျော့ပျော့ဖြင့် ပြောလိုက်၏။
“ ယိုကျူးရယ် နင်က အခုမှ ငါးကြော်လေးသုံးကောင်ကို ဖျက်ဆီးရသေးတယ်၊ အခုကတည်းက ဒေါသထွက်နေပြီ၊ အမေ့ဆီက ဟင်းချက်သင်မယ်ဆိုရင် နောက်ပိုင်း ဒီထက် ခက်ခဲတာတွေ တွေ့ရအုံးမှာ၊ နင့်ရှေ့က ဒီအခက်အခဲသေးသေးလေးကိုတောင် သည်းမခံနိုင်ရင် အခုပဲ လက်လျှော့လိုက်သင့်တယ်”
ငါးကြေးခွံခွာနေသည့် ယိုကျူ၏လက်ထဲကဓားသည် အခိုက်တန့် တုံ့ဆိုင်းသွားတော့သည်။ ထို့နောက် အံကြတ်လိုက်၏။ သူမသည် ငါးမြီးကို ခုတ်လိုက်ပြီး
“ မလုပ်ဘူး၊ မကြီး ၊ ညီမလေး လုပ်နိုင်တယ်”
ညီမငယ်အားလုံးက တစ်ခုခုကို သင်ယူနိုင်ဖို့ ယိုကျင့် မျှော်လင့်မိလေသည်။ ယိုကျူးသည် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် သူမကို မတားတော့ချေ။ သူမက ဝမ်းသာစွာ ချီးကျူးပေးလိုက်၏။
“ အနည်းဆုံးတော့ အရင်ကထက်စာရင် အခု ငါးကောင်းကောင်း ကိုင်တတ်သွားပြီလေ၊ ဒါက တိုးတက်မှုကြီးတစ်ခုပဲပေါ့”
အမျိုးသမီးစုက သက်ပြင်းချရင်း မီးဖိုဆောင်ထဲကထွက်လာသည့် ယိုကျင့်ကို လေသံဖြင့် ပြောလိုက်တော့သည်။
“ တော်သေးတာပေါ့ အိမ်က ငါးနဲ့အသီးအရွက်တွေက ငွေနဲ့ဝယ်စရာမလိုလို့ပဲ၊ မဟုတ်ရင် နေတိုင်း ငွေတွေ ဘယ်လောက်တောင် အလဟဿဖြစ်သွားမယ်မလဲတောင် မသိဘူး”
“ရပါတယ် ယိုကျူးမှာ လုပ်ချင်စိတ်ရှိတယ်ဆိုတော့ သမီးတို့က အားပေးရမှာပေါ့၊ ဒါတွေက ပင်လယ်ကိုကျော် တောင်တွေကိုဖြတ်ပြီး ရလာတဲ့ပစ္စည်းတွေမှမဟုတ်တာ၊ တောင်တွေနဲ့ ရေထဲမှာ နေရာတိုင်းမှာ ရနိုင်တဲ့ ငါးနဲ့ မျှစ်တွေပဲလေ”
ယိုကျင့်က ယိုကျူးအတွက် ဝမ်းသာအားရ ပြောပေးလိုက်လသေည်။
ဝါးတောထဲက ယိုကျူးတူးလာခဲ့သည့် ယွမ့်ဟွားပင်များကို အခြောက်လှမ်းပြီး အမှုန့်ကြိတ်ထားလိုက်၏။ သူမလည်း နေရာသေးသေးလေးတစ်ခုတွင် ငါးများကို မေ့မျောသွားအောင် လုပ်နိုင်သည့် ဆေးကို စမ်းသပ်ခဲ့သည်။ အကျိုးသက်ရောက်မှုက မဆိုးပေ။ ထို့ကြောင့် သူက တောင်ပေါ်တက်သည့်အချိန်တိုင်း ယွမ့်ဟွားပင်များကို တူးပြန်လာခဲ့လေသည်။ အမျိုးသမီးစုက သည်တောင်ပေါ်က ယွမ့်ဟွားပင်များကတော့ သူမကြောင့် မျိုးသုဥ်းတော့မည်ဟုပင် ရယ်စရာအဖြစ် ပြောနေတော့သည်။
***
သူမ၏ကျောပေါ်တွင် ဝါးခြင်းတောင်းကြီးတစ်ခုကို လွယ်လိုက်ပြီး လက်ထဲတွင် တောင်ပိုင်က ကုန်သည်တစ်ဦး ရောင်းပေးခဲ့သည့် ပိုက်ကွန်တစ်ခုနှင့် ငါးထည့်သည့် ပိုက်ကွန်အိတ်တို့ကို ကိုင်ထားလိုက်သည်။ တိတ်ဆိတ်ငြိမ်သက်သည့်ညကို အသုံးချကာ ယိုကျင့်၊ ယိုရင် ၊ ယိုကျူးတို့ ညီအစ်မသုံးယောက်သည် ထွားလာသည့်ခွေးကလေးများကို ခေါ်ကာ မီးအိမ်တစ်လုံးဖြင့် ဝူလီချောင်ရွာ၏အပေါ်ဘက်ရှိ ရေကန်လေးတစ်ခုသို့ တိတ်တိတ်လေး သွားလိုက်ကြလေသည်။
ရေကန်ငယ်လေးသည် ဝါးတောနှစ်ခု၏အလယ်တွင် ရှိ၏။ ဝူလီချောင်မြစ်ရေများသည် တခြားနေရာမှ သည်နေရာသို့ စီးလာပြီး ကွေ့ပတ်သွားကာ ဝူလီချောင်ရွာဘက်သို့ စီးဆင်းသွားလေသည်။ အိုင်းလေးတစ်ခုဟု ဆိုရအောင်လည်း ထိုမျှလောက်မကြီးချေ။ ဧကဝက်အရွယ်အစားထက်ပင် ငယ်သေးသည်။ အနီးနားကရွာသားများက ဒီရေကန်ငယ်လေးကို ရေအိုင်လေးတစ်ခုဟု ခေါ်ကြလေသည်။
မှောင်မိုက်သည့်ညက ကမ္ဘာမြေကို လွှမ်းခြုံထား၏။ ယိုရင်နှင့် ယိုကျူးတို့နောက်တွင် ခွေးတစ်ကောင်စီ ပါလာလေသည်။ မီးအိမ်လေးကို ကိုင်ရင်း သူတို့၏သေးငယ်လှသည့်နှလုံးတို့က သတိဖြင့် ခုန်နေတော့သည်။ သူတို့သည် အနည်းငယ်ကြောက်ရွံ့နေကြ၏။
“ မကြီး ညီမလေးတို့တွေ ငါးကို ညပိုင်းမှပဲ ဖမ်းမှဖြစ်မှာလား”
ရှေ့ကသွားနေသည့် ယိုကျင့်က ‘အွန်း’ဟုသာ သာမန်ကာလျှံကာ ပြောလိုက်၏။
“ နေ့လယ်ဆိုရင် ငါးတွေအများကြီး သယ်ပြန်လာတာက ငါတို့ကို အရမ်းအာရုံစိုက်လာစေနိုင်တယ်လေ”
ညပိုင်းတွင် ကွက်တိပင်။ အရေးပေါ်အခြေအနေအတွက် ယိုကျင့်က သူမ၏ခါးတွင် ရဲတင်းတစ်ခုကို ချိတ်ထားလိုက်သည်။ တစ်စုံတစ်ခုသာ အမှန်တကယ်ဖြစ်ပွားခဲ့လျှင် အသုံးဝင်လာလိမ့်မည်။
၄လပိုင်း၏ စီးနေသည့်ရေက ညပိုင်းတွင် အနည်းငယ်အေးမြနေဆဲ။ ယိုကျင့်က ပိုက်ကွန်အစွန်းတစ်ဖက်ကို ယိုရင်နှင့် ယိုကျူးတို့ဆီ လှမ်းပေးလိုက်လေသည်။ ထို့နောက် သူမက အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ပြီး ကျန်သည့်ပိုက်ကွန်အစွန်းတစ်ဖက်ကို ယူကာ သူမတကိုယ်စာ နစ်နိုင်သည့် မြစ်တစ်ဖက်ကို ကူးသွားလိုက်လေသည်။ တဖက်ကမ်းကိုရောက်သည်နှင့် ကြိုးအနားကို မြစ်ဘေးက ကျောက်တုံးကြီးတွင် တင်းနေအောင်ချည်ထားလိုက်လေသည်။
ညသည် အလွန်မဲမှောင်လေရာ မီးအိမ်လေး၏အလင်းရောင်က ပတ်ဝန်းကျင်ကို မထိုးဖောက်နိုင်ချေ။ ယိုကျင့်သည် သစ်ကိုင်းခြောက်များကို ရှာလိုက်ပြီး မီးပုံတစ်ခု လုပ်လိုက်၏။ ခြောက်သွေ့နေသည့်ဝါးများက မီးလောင်လွယ်လေသည်။ မီးတောက်ကြောင့် ညီအစ်မသုံးယောက်၏ မျက်နှာများအားလုံး နီရဲသွားတော့သည်။ ရေအိုင်လေးပတ်ဝန်းကျင်သည် မြင်ကွင်းထဲတွင် ရှင်းလင်းလာတော့သည်။
ရေအိုင်လေး၏ စီးထွက်သွားသည့်ရေနေရာကို ငါးဖမ်းပိုက်ဖြင့် ပိတ်ထားလိုက်ပြီး ယိုကျင့်က မီးအိမ်တစ်ခုကို ကိုင်ကာ ရေအိုင်ထဲ စီးဝင်လာသည့်လမ်းကြောင်းကို ပတ်ကြည့်လိုက်တော့သည်။ သူမသည် သည်ကာလအတွင်း စုဆောင်းထားသည့် ယွမ့်ဟွားအမှုန့်များအားလုံးကို လောင်းချလိုက်၏။ ညီအစ်မသုံးယောက်သည် ဆေးအာနိသင်ပြလာမည့်အချိန်ကို ငြိမ်ငြိမ်လေး စောင့်နေလိုက်ကြတော့သည်။
“ မကြီး ရေအိုင်ကြီးက အဲလောက်ကြီးတာ ဒီမေ့မျောနိုင်တဲ့ဆေးက တကယ်ပဲ အလုပ်လုပ်ပါ့မလားဟင်”
ယိုကျူးသည် အသက်မဲ့နေသည့် ရေမျက်နှာပြင်ကို ကြည့်နေလိုက်၏။ ဆေးပင်က အလုပ်မဖြစ်မှာကို အနည်းငယ်စိုးရိမ်နေလေသည်။
သည်လိုနေရာကြီးတစ်ခုတွင် ငါးများအပေါ် ဆေးသုံးခြင်းမှာ ယိုကျင့်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက ဆေးအာနိသင်မလုံလောက်မှာစိုးသဖြင့် ယွမ့်ဟွားအမှုန့်များကို နှစ်ဆ ထည့်လိုက်လေသည်။ တည်တည်ငြိမ်ငြိမ်မျက်လုံးများဖြင့် ရေကိုကြည့်ရင်း သူမက ပြောလိုက်၏။
“ ခဏပဲစောင့် ဆေးအာနိသင်က အဲလောက်မမြန်ဘူး”
ညီအစ်မသုံးယောက်သည် ၁၅မိနစ်ခန့် စောင့်လိုက်ကြပြီးနောက် မျက်လုံးကြီး မျက်လုံးသေးများ ပေါ်လာတော့သည်။ မူလက တည်ငြိမ်နေသည့်ရေမျက်နှာပြင်ပေါ်တွင် ငါးများ၏ဝမ်းဗိုက်များ ပေါ်လာတော့သည်။ ညီအစ်မသုံးယောက်၏မျက်လုံးများသည် တစ်ပြိုင်ထဲ လင်းလက်သွားတော့သည်။ ယိုရင်နှင့် ယိုကျူးတို့သည် ငါးများကို သစ်သားတုတ်ဖြင့် ချည်ထားသည့် ငါးဖမ်းပိုက်လေးနှင့် တစ်ကြိမ်ပြီးတစ်ကြိမ်ဆယ်ယူကာ ကျောပေါ်က ခြင်းတောင်းထဲ ထည့်လိုက်လေသည်။ ယိုကျင့်က ရေထဲဆင်းသွားပြီး ရေအိုင်လေးစီးထွက်နေသည့်ရေစီးကြောင့်ဖက်တွင် ချည်ထားသည့် ပိုက်ကွန်ဆီသို့ တန်းသွားလိုက်ပြီး တစ်ပိဿအထက်လေးသည့် ငါးများကို ရွေးထုတ်လိုက်လေသည်။
ရေအိုင်လေးသည့် တစ်နှစ်ပတ်လုံး ရေမခမ်းချေ။ ပုံမှန်အားဖြင့် ရွာသားများက သည်နေရာသို့လာပြီး ငါးမဖမ်းကြပေ။ ထို့ကြောင့် ရေကန်၏အောက်ခြေတွင် ငါးကြီးများဖြင့် ပြည့်နေတော့သည်။ ၅ပိဿာ ၆ပိဿာရှိသည့် ငါးကြင်းနှင့် မြက်စားငါးကြင်းများကို နေရာတိုင်းတွင် တွေ့နိုင်လေသည်။ ယိုကျင့်သည် သည်လောက်ပေါများလှမည်ကို လုံးဝမမျှော်လင့်ထားခဲ့ချေ။ မိနစ်အနည်းအငယ်အတွင်း ညီအစ်မသုံးယောက်၏ ခြင်းများအားလုံး ပြည့်သွားတော့သည်။ သို့သော် ရေထဲတွင် ပေါလောပေါ်နေသည့် ငါးကြီးများစွာကျန်နေသေးသည်။ ထိုလောက်များသည့် ငါးများကို သည်အတိုင်းထားကာ ဘယ်သူမှ အိမ်မပြန်ချင်ကြချေ။ သူတို့သည် ကုန်းပေါ်က ကျူရိုးများကို သုံးပြီး ငါးကြီးများကို သီကာ လက်ထဲတွင် ကိုင်လာကြသေးသည်။
မတတ်သာတော့ဘဲ ယိုကျင့်က သက်ပြင်းချလိုက်ပြီး
“ အကောင်ငယ်တာတွေကို ပြန်လွှတ်ပေးလိုက်၊ ငါတို့တွေ ဒီနေ့ အကောင်ကြီးတွေကိုပဲ လိုတာ၊ နောက်တစ်ခါမှ ပြန်လာကြတာပေါ့”
နောက်ဆုံးတွင် ညီအစ်မသုံးယောက်သည် ကျောပေါ်တွင် လေးလံလှသည့်ဝန်များကို သယ်ကာ အိမ်သို့ပြန်လာကြလေသည်။ ငါးများ ရေငတ်ပြီး မသေသွားရန် သူတို့သည် ပိတ်စအစိုတစ်ထည်ကို ခြင်းပေါ်တွင် အုပ်ထားလိုက်လေသည်။
အမျိုးသမီးစုသည် ကလေးများကို ချော့သိပ်ရင်း ပြန်လာကြမည့် သမီးဖြစ်သူများကို စိုးရိမ်စွာ စောင့်စားနေလေသည်။ ယွမ့်ဟွားအမှုန့်က ငါးများကို မေ့မျောသွားစေတတ်ကြောင်း အရင်က ကြားဖူးသည်။ သမီးအကြီးဆုံးက ငါးများတွင် ဆေးသုံးမည်ဟု သူမစိတ်ထဲတွင် တစ်ခါမှာ အတွေးမပေါ်ခဲ့ဖူးချေ။ သူမသည် အလွန်အားနည်းပြီး ဘာမှလည်း မကူညီနိုင်ခဲ့ပေ။ အိမ်တွင် အလုပ်ရှုပ်ရင်းသာ လောကကို စိတ်ပျက်နေမိလေသည်။ နောက်ဆုံးတော့ အပြင်ဘက်မှ လှုပ်ရှားသံကို ကြားလိုက်ရပြီး
“အမေ သမီးတို့ပြန်ရောက်ပြီ”
သမီးဖြစ်သူများ၏ တံခါးမှ ဝမ်းသာအားရခေါ်သံကို ကြားလိုက်သဖြင့် အမျိုးသမီးစုမှာ စိတ်အေးသွားတော့သည်။ သူမသည် တံခါးဖွင့်ပေးရန် မြန်မြန်လျှောက်သွားလိုက်တော့သည်။
“ ဒီကလေးတွေဟာလေ အရမ်းရဲတင်းကြတာပဲ”
ထိုသို့ပြောလိုက်သော်လည်း သူမသည် သမီးများ၏ကျောပေါ်ကခြင်းများကို ကူချပေးလိုက်ပြီး ရေနွေးဖြင့် ရေချိုးဖို့ လောဆော်လိုက်တော့သည်။
“ အားလုံးကလည်း ရေတွေရွှဲလို့၊ လူတွေကတော့ မြစ်ထဲကျခဲ့တယ်လို့ ထင်နေကြတော့မှာပဲ”
ယိုကျူးက မလုံမလဲဖြင့် လျှာလေးထုတ်ပြလိုက်လေသည်။ သူမသည် ခြင်းတောင်းကို ချလိုက်ပြီး အစ်မနှစ်ယောက်နှင့် ရေသွားချိုးလိုက်တော့သည်။ အမျိုးသမီးစု သမီးသုံးယောက်ကို လွှတ်လိုက်ပြီးမှ သူတို့ ယူပြန်လာသည့် အငယ်ဆုံးငါးများသည် ၃ပိဿာ ၄ပိဿာခန့်ရှိကြောင်း သတိထားမိသွားတော့သည်။ အကြီးဆုံးငါးများသည် အနည်းဆုံး ၇ပိဿာ ၈ပိဿာလောက်ရှိလေသည်။
ဆေးအာနိသင် ပြယ်သွားပုံရ၏။ အမျိုးသမီးစု ပြင်ဆင်ထားပေးသည့် သစ်သားဇလုံကြီးထဲတွင် ငါးကြီးများ ပြည့်နက်နေသည်ကို ကြည့်ရင်း အမျိုးသမီးစုမှာ မနေနိုင်တော့ဘဲ တစ်ယောက်ထဲ တီးတိုးရွတ်လိုက်လေသည်။
“ဒီငါးတွေက အကြီးကြီးပါလား”
ရေချိုးပြီးထွက်လာသည့် ယိုကျင့်က အမျိုးသမီးစု၏မျက်နှာပေါ်က အံ့ဩနေသည့်ပုံကို တွေ့လိုက်ရပြီး သွားဖြီးပြလိုက်လေသည်။
“အမေ ရေအိုင်ထဲမှာလေ ငါးအကြီးကြီးတွေအများကြီး ရှိသေးတယ်၊ သမီးစဥ်းစားနေတာ တစ်ရက်လောက် ရွာထဲသွားပြီး တစ်ယောက်ယောက်ဆီမှာ လှေလေး သွားရှာမယ်လို့၊ ပြီးရင် လှေငှားပြီး ရေအိုင်ထဲက ငါးတွေတစ်ပုံလုံးကို သယ်လာခဲ့မယ်”
သည်နေ့တွင် ယိုကျင့်တို့ ညီအစ်မများသည် နှစ်ဒါဇင်လောက်ရှိသည့် ငါးများကို ဖမ်းပြန်လာခဲ့လေသည်။ ဒါသည် ရေကန်ထဲက ငါးများ၏ ၅ပုံ၁ပုံစာသာရှိလေသည်။ နောက်တစ်သုတ်အတွက် လှေတစ်စင်း ငှားမည့်စိတ်ကူးမှာ အလိုလိုပေါ်လာတော့သည်။ လရောင်အောက်တွင် ပက်လက်လန်ပြီးဖြူဖွေးနေသည့် ငါးများကို စဥ်းစားမိလိုက်တော့ အားလုံးက ငွေများသာ ဖြစ်လေတော့သည်။
…