EJYZ အပိုင်း ၄၉

အပိုင်း (၄၉)

သည်အခိုက်တွင် နှင်းများ ရပ်သွားတော့သည်။ ရှန်ဖုန်းမင်က မြင်းပေါ်က ဆင်းလိုက်ပြီး

“ မိန်းကလေးကျန်း လမ်းလျှောက်ချင်လား”

အဝေးတွင် ဖြူဖွေးပြီး မဆုံးနိုင်သည့် တောင်များနှင့် မြစ်များရှိကာ အနီးနားတွင် အဖြူရောင်ခေါင်မိုးနှင့် ရွာများရှိနေသည်။ သည်အချိန်တွင် လောကကြီးက ပြောင်းလဲသွားသယောင်။ တိတ်ဆိတ်ငြိမ်သက်ပြီး လှပနေသည်။

သည်လိုလှပသည် ရှုခင်းကို တွေ့လိုက်ရပြီး ကျန်းယွင်ကျူးသည် အမှန်ပင် တစ်ချက်လောက် သွားကြည့်ချင်မိသည်။ ရှန်ဖုန်းမင်နှင့်ဆိုလျှင် အနည်းငယ်ထူးဆန်းနေခြင်းသာ။ သို့သော် သည်နေ့ သူ့အဝတ်အစားများကို ပြောင်းဝတ်ထားပြီး ဖိနှိပ်သည့်ခံစားချက် မရှိသောကြောင့် သူမက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။

လှည်းပေါ်က ဆင်းလိုက်ပြီးနောက် သူမ၏ပတ်ဝန်းကျင်တွင် လှိုင်းထနေသည့် များစွာသောတောင်များကို တွေ့လိုက်ရလေသည်။ ချက်ချင်းဆိုသလို သူမသည် တောင်ပေါ်တက်ပြီး နှင်းလွှမ်းနေသည့်ရှုခင်းကို ကြည့်ချင်သွားတော့သည်။ ထို့ကြောင့် သူမက ရှန်ဖုန်းမင်ကို စူးစမ်းသလို ကြည့်လိုက်၏။

“မိန်းကလေးကျန်း လုပ်ချင်တာ လုပ်လို့ရပါတယ်”

ရှန်ဖုန်းမင်က ပြောလိုက်သည်။

ကျန်းယွင်ကျူးက တော်တော်လေးနိမ့်သည့်တောင်တစ်လုံးကို ရွေးလိုက်ပြီး တောင်ပေါ်သို့ လမ်းလျှောက်တက်သွားလိုက်သည်။

ရှန်ဖုန်းမင်က သူမဘေးတွင် ပါလာ၏။ နှစ်ယောက်သားက အချင်းချင်းကြားတွင် နီးလည်းမနီးသလို ဝေးလည်းမနေချေ။

ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်ရင်း လမ်းလျှောက်လာလေသည်။ တောင်ထိပ်အရောက်တွင် သူမသည် ဘေးနှစ်ဘက်က မြင့်မားသည့်တောင်များ ဝန်းရံထားသည့် ရေကန်တစ်ခုနှင့်တူနေသည့် ချန်ရှီရွာကို တွေ့လိုက်ရတော့သည်။ တောင်ပေါ်လမ်းလေးက တစ်ဖက်က ဝင်လာပြီး တစ်ဖက်က ပြန်ထွက်လာသည်။ ထွက်လာသည့်လမ်းလေးက ဝင်လာသည့်လမ်းလေးထက် အနည်းငယ် နိမ့်နေသည်။ ရေစီးနေသလိုပင်။

“မိန်းကလေးကျန်း ဘာတွေ စဥ်းစားနေတာလဲ”

သူမ အတွေးထဲနစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်ဖုန်းမင်က မေးလိုက်လေသည်။

ကျန်းယွင်ကျူးက ချန်ရှီရွာလမ်းလေးကို ညွှန်ပြလိုက်ပြီး

“ ကျွန်မ စဥ်းစားနေတာ၊ လွန်ခဲ့တဲ့ နှစ်သန်းရာချီလောက်တုန်းက ဒီနေရာက တစ်ချိန်က ကျယ်ပြောတဲ့သမုဒ္ဒရာတစ်ခု ဖြစ်နေမလားလို့လေ”

ရှန်ဖုန်းမင်သည် သူမက ဤမျှဝေးကွာသည့် ကာလတစ်ခုကို စဥ်းစားခဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သို့သော် ‘ တစ်ချိန်က ပင်လယ်ဖြစ်ခဲ့ဖူးတဲ့အရာက အခုအချိန်မှာ ပိုးစာခင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ၊ လောကကြီးက တစ်ချိန်လုံးပြောင်းလဲနေတယ်’ ဆိုသည်က အမှန်ပင်။ သူသည် ရုတ်တရက် ရပ်လိုက်ပြီး အဝေးက လှပသည့်ရှုခင်းကို ကြည့်ကာ အတွေးများသွားတော့သည်။

သူ ဘာကိုစဥ်းစားနေမှန်းတော့ ကျန်းယွင်ကျူး မသိပေ။ သူမ၏စိတ်ကလည်း ပင်လယ်တစ်ခုဖြစ်မလား၊ မြစ်တစ်စင်းဖြစ်မလား၊ ဘာငါးတွေများ ရှိနေလိမ့်မလဲဟု စဥ်းစားမိနေလေသည်။

ရုတ်တရက် အဝေးတစ်နေရာက တစ်ခုခုလှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။

“ယုန်ပဲ”

သူမက ဝမ်းသာစွာ ပြောလိုက်၏။ မီးခိုးရောင် တောယုန်တစ်ကောင်ဖြစ်ပြီး အလွန်မှသန်စွမ်းပုံရသည်။

ရှန်ဖုန်းမင်သည် သူ့ဘေးက ကျောက်ဆောင်ကြီးပေါ်က ကျောက်စတချို့ကို သတိထားမိသွားပြီး တစ်လုံးကို ကောက်လိုက်ကာ တောယုန်ရှိရာဖက်သို့ ပစ်လိုက်လေသည်။

၁၀မီတာအကွာခန့်တွင် တောယုန်သည် မြေကြီးပေါ် လဲကျသွားတော့သည်။

သည်နေ့ရာတွင် တောင်များစွာရှိလေသည်။ တောယုန်များက မကြာခဏဆိုသလို လာရောက်တတ်သည်။ ကျန်းယွင်ကျူးသည် အရင်က တွေ့ခဲ့ဖူးသော်လည်း ယုန်မှာ အပြေးမြန်လွန်းသဖြင့် လုံး ဝဖမ်းမမိလေရာ မမြင်သလိုသာ ဟန်ဆောင်ခဲ့ရသည်။

မျှော်လင့်မထားဘဲ ရှန်ဖုန်းမင်က ကျောက်ခဲလေးတစ်လုံးနှင့် ဖမ်းနိုင်ခဲ့သည်။

သူမက အလွန်ပျော်သွားပြီး ထိုနေရာသို့ မြန်မြန်ပြေးသွားလိုက်၏။

နီးကပ်လာချိန်တွင် …. ယုန်၏ဦးခေါင်းက ကွဲနေသည်ကို တွေ့လိုက်ရတော့သည်။ သေဆုံးမှုက အမှန်ပင် သနားစရာကောင်းလှသည်။

အနည်းဆုံးတော့ သူ မခံစားခဲ့ရပါဘူးလေ။ ကျန်းယွင်ကျူးက သူမကိုယ်သူမ ဤသို့သာ နှစ်သိမ့်နိုင်တော့သည်။

သူမ၏အမူအရာကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်သည် သူမက ညစ်ပတ်သွားမှာ စိုးရိမ်နေသည်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူက ယုန်ကို ကောက်ယူရန်လက်လှမ်းလိုက်တော့သည်။

သူသည် အစွန်းထင်းကင်းသည့် အဖြူရောင်သားမွေးဝတ်စုံကို ဝတ်ထားသည်။ ထိုအရာကို မြင်လိုက်ပြီး ကျန်းယွင်ကျူးက မြန်မြန်ပြောလိုက်၏။

“ ကျွန်မလုပ်ပါ့မယ်”

သွေးများက သူ့ကိုအင်္ကျီကိုစွန်းသွားပြီး မြင်မကောင်းဖြစ်သွားမှာ စိုးမိသည်။

“ကျွန်တော်လုပ်ပါ့မယ်”

ရှန်ဖုန်းမင်က ပြောလိုက်သည်။ သူသည် ကျန်းယွင်ကျူး၏လက်ကို သွေးများ မစွန်းစေချင်ပေ။

နှစ်ယောက်လုံးက သူတို့ လုပ်ကိုလုပ်ရမည့် အတွေးကိုယ်စီ ရှိနေကြသည်။ နောက်ဆုံးတွင် ရှန်ဖုန်းမင်က ခြေတစ်လှမ်း အမြန်လှမ်းလိုက်ပြီး ကုပ်မှနေ၍ ယုန်ကို လှမ်းကိုင်လိုက်တော့သည်။ ကျန်းယွင်ကျူးက နောက်ကျသွားပြီး သူ့လက်ကို သွားကိုင်မိတော့သည်။

သူ့လက်မနှင့် လက်ညှိုးကြားနေရာတွင် အသားမာပါးပါးလေး တက်နေသည်။ သို့သော် သူ့လက်ခုံကတော့ ဖြူပြီးနူးညံ့သော်လည်း နေလောင်ဒဏ်ခံထားရသည်။

ကျန်းယွင်ကျူး : … သူ ဒါကို တမင်လုပ်တာ မဟုတ်ပါဘူးလို့ ပြောချင်လိုက်တာ။ သူက ယုံပါ့မလား။

သူမက ရှက်ရှက်နှင့်လက်ကို ပြန်ရုတ်သိမ်းလိုက်တော့သည်။

ရှန်ဖုန်းမင်က ယုန်ကို ကိုင်ထားပြီး သူမကို ကြည့်လိုက်လေသည်။

သူ့မျက်လုံးများက မည်းနက်နေ၏။ သူ့မျက်လုံးအစွန်းတွင် အနီရောင်ဖြင့်စွန်းနေလေသည်။

မျက်ထောင့်နီနှင့် အဖြူရောင်သားမွေးတို့ကြောင့် ကျန်းယွင်ကျူးသည် ထိုအခိုက်တွင် သူသည် တစ်ကိုယ်တည်း စွဲမက်ဖွယ် ဖြစ်နေသည်ဟု ခံစားလိုက်ရတော့သည်။

သွေးက တစ်စက်စက်ကျနေ၏။ ရှန်ဖုန်းမင်က ပြောလိုက်သည်။

“ ကျွန်တော် လုပ်လိုက်ပါ့မယ်၊ မင်းရဲ့လက်တွေ ညစ်ပတ်သွားလိမ့်မယ်”

ဒါဆိုလည်း ဟုတ်ပါပြီလေ။ ကျန်းယွင်ကျူးက မငြင်းတော့ပေ။

“ မင်း နည်းနည်းလောက်ထပ်ပြီး အမဲလိုက်ချင်သေးလား”

ရှန်ဖုန်းမင်က မေးလိုက်၏။

ကျန်ယွင်ကျူးသည် သူ့မေးခွန်းက အဆင်ပြေသည်ဟု ခံစားမိလိုက်သည်။ သူ အဆင်ပြေတယ်ဆိုသ၍ပေါ့လေ။

ဒီလိုဆိုတော့ ဒီနေ့ တောင်ပေါ်က တိရိစ္ဆာန်တွေတော့ ဒုက္ခနဲ့တွေ့ပြီပေါ့။ အချိန်တိုအတွင်းတွင် ရှန်ဖုန်းမင်သည် သူ့လက်ထဲတွင် တောယုန်နှစ်ကောင် နှင့်ရစ်ငှက်နှစ်ကောင် ကိုင်ထားလေသည်။

“ ညနေစာအတွက် ဟင်းပွဲအပိုရပြီ၊ ယုန်သားကို ကင်ပြီး ကြက်သားအိုးကြီးချက်ရအောင်”

ကျန်းယွင်ကျူးက ရယ်မောလိုက်သည်။

“ကောင်းပြီ”

ရှန်ဖုန်းမင်က သဘောတူလိုက်၏။

သူတို့နှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့် လျှောက်ကာ ပြန်လာခဲ့ကြသည်။ အနောက်ဘက်က နေက တိမ်များကို ထိုးဖောက်ပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။ အလင်းရောင်က ကျယ်ပြောလှသည့် နှင်းဖုံးနေသည့်ရှုခင်းနှင့် လိုက်ဖက်နေသည်။ ရှုမြင်ရသည်မှာ အလွန်မှ လှပနေတော့သည်။

ကျန်းချိန်က အိမ်ပြန်ရောက်လာပြီး သည်နေ့ဖြစ်ပျက်သမျှအကြောင်းကို အမျိုးသမီးချန်အား ပြောပြလိုက်လေသည်။

အမျိုးသမီးချန်က ပြင်းစွာ သက်ပြင်းချလိုက်၏။

ညပိုင်းတွင် လင်မယားနှစ်ယောက်က အိပ်ဖို့ရန် လဲလျောင်းလိုက်ကြသည်။ အခန်းက တိတ်ဆိတ်နေသည်။ ကျန်းချိန်က ရုတ်တရက်ထပြောလိုက်၏။

“ ငါ ဒီရက်ပိုင်း ငွေတချို့ရှာနိုင်ခဲ့တယ်၊ ပြီးတော့ ယွင်ကျူးပြောတဲ့ နည်းလမ်းကို သုံးနေတာ၊ ထင်ထားတဲ့အတိုင်း လူအများကြီးက ကြိုပေးကြတယ်၊ ပေါင်းလိုက်ရင်း ၃လျန်လောက်ရှိတယ်”

အမျိုးသမီးချန်သည် သူနှင့် နှစ်ပေါင်းများစွာ ပေါင်းလာသူဖြစ်လေသည်။ ထို့ကြောင့် သူဘာကို စဥ်းစားနေမှန်း သူမက အလိုလိုသိလိုက်သည်။ အမှန်တွင်တော့ သူမလည်း ထိုသို့တွေးလေသည်။ ပြီးခဲ့သည့် အခေါက်က အာမခံဌာနခေါင်းဆောင်လီက သူတို့အား လားကို စျေးချိုချိုနဲ့ ရောင်းပေးခဲ့ပြီး တောင်းပန်သည့်သဘောဟု ဆိုခဲ့သည်။ သူတို့နှစ်ယောက်က အခုထိ အားနာနေမိလေသည်။ တစ်ဖက်လူကလည်း ရည်ရွယ်ချက်နှင့် လုပ်ခဲ့ခြင်းမဟုတ်ပေ။

အခုတော့ မိသားစုထဲက ကလေးက အသည်းအသန်နေမကောင်းဖြစ်နေပြီး ငွေလိုသည့် အချိန်ဖြစ်သည်။ သူတို့သည် လားကို အသုံးပြုဖို့ ပိုလို့ပင် စိတ်မကောင်းနိုင် ခံစားမိတော့သည်။

လူသားတစ်ယောက်အနေနဲ့ ဘာမဆိုဆုံးရှုံးလို့ရပေမဲ့ သူတို့ရဲ့ဆင်ခြင်ဉာဏ်ကိုတော့ ဆုံးရှုံးလိုက်လို့ မဖြစ်လေဘူး။ ဘာမဆိုအကြွေးတင်လို့ရပေမဲ့ ကျေးဇူးကြွေးကိုတော့ မတင်မခံသင့်လေဘူး။ မဟုတ်ရင် သူတို့လို ဖြစ်နေလိမ့်မယ်။၊ အမြဲတမ်း အဲဒီအကြောင်းကိုပဲ စဥ်းစားမိနေတယ်လေ။

“ကျွန်မမှာ ၁လျန်ရှိသေးတယ်၊ ရှင်း ၃လျန်ရယ် စောစောကပေးထားတဲ့ ၉လျန်နဲ့ပေါင်းလိုက်ရင်တော့ ဒီလားဖိုးနီးပါး ရှိလိမ့်မယ်” အမျိုးသမီးချန်က ပြောလိုက်သည်။

ကျန်းချိန်သည် အမျိုးသမီးချန်က သဘောတူလိုက်ကြောင်း နားလည်လိုက်လေသည်။ ထို့ကြောင့် သူက သူမလက်ကို လှမ်းကိုင်လိုက်၏။

နောက်တစ်နေ့တွင် ကျန်းချိန်သည် အာမခံဌာနခေါင်းဆောင်လီဆီ သွားပြီး လားဖိုးကျန်သည့်ငွေကို ပေးမည့်အကြောင်း ကျန်းယွင်ကျူးကို ပြောပြလိုက်လေသည်။ သူ့ငွေသည် သူကိုယ်ပိုင် ရှာထားခဲ့သည် ဖြစ်သော်လည်း ငွေအရင်းအနှီးက ကျန်းယွင်ကျူး ထုတ်ပေးခဲ့ခြင်းပင်။ သူသည် သည်ကိစ္စကို သူမနှင့် တိုင်ပင်ဖို့ရန် လိုအပ်လေသည်။

ကျန်းယွင်ကျူးက လက်ခံလိုက်သည်။ သို့သော် ငွေ၄လျန်လောက်က အာမခံဌာနခေါင်းဆောင်လီအတွက်တော့ လိုအပ်မည်မဟုတ်ပေ။

“ အဖေ သမီးလိုက်ခဲ့မယ်၊ နေ့လယ်အတွက် ချက်ပြုတ်ဖို့ စျေးထဲမှာ ဘာရှိမလဲ သိရအောင်”

ဟုတ်ပါသည်။ ကျန်းယွင်ကျူးက နောက်ဆုံးစကားကို အဘိုးကြီးဝူ ကြားအောင် ပြောလိုက်ခြင်း ဖြစ်ကြောင်း ဝန်ခံရမည်။

သူမသည် ကြိုးများကို ဆက်ဖို့ ကြိုးစားပေးလိုက်ခြင်းပင်။ နောက်ဆုံးရလဒ်ကတော့ ကံတရားကိုလက်ခံထားရမည်။

သေချာပါသည်။ အဘိုးကြီးဝူသည် အစားအသောက်ကို ထုတ်ပြောသံကြားလိုက်ရချိန်တွင် ချက်ချင်း စိတ်ဝင်စားသွားတော့သည်။ အထူးသဖြင့် မနေ့က ငါးကင်အကြောင်း စဥ်းစားမိလိုက်လေသည်။

ထို့ကြောင့် သုံးယောက်သားက လှည်းပေါ်တက်သွားပြီး စီရင်စုမြို့သို့ ထွက်ခွာသွားလိုက်တော့သည်။

မနေ့က နှင်းကျထားသဖြင့် မြေကြီးက အနည်းငယ်ချော်နေသည်။ ကျန်းချန်က ဂရုတစိုက် မောင်းလာပြီးနောက် ဘာအန္တရာယ်မှမဖြစ်ဘဲ နောက်ဆုံးတော့ စီရင်စုမြို့သို့ ရောက်လာခဲ့သည်။

သူတို့က ဖုန်းယွမ်အာမခံဌာန တည်နေရာကို စုံစမ်းလိုက်ကြသည်။

ဖုန်းယွင်အာမခံဌာနသည် စီရင်စုတွင် နာမည်ကျော်ကြားသည်။ ပတ်ဝန်းကျင်ကို သည်အတိုင်း မေးလိုက်ရုံနှင့် သူတို့သုံးယောက်သည် နေရာကို ရှာတွေ့သွားတော့သည်။

စီရင်စုမြို့၏ အစည်ကားဆုံးလမ်းပေါ်တွင် အလွန်ကျယ်ဝန်းသည့်ခြံဝင်းတစ်ခုရှိပြီး အထဲတွင် လှည်းများနှင့်လူများက ဝင်ထွက်သွားလာနေကြသည်။ တော်တော်လေးကို စည်ကားလှသည်။ ခြံဝင်းတံခါးပေါ်တွင် ‘ဖုန်းယွမ်အာမခံဌာန’ ဟူသည့် စာလုံးရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။

သည်ခေတ်တွင် လူဦးရေ အများကြီးမရှိပေ။ စီရင်စုပြည်နယ်ကလွဲလျှင် သာမန်ပြည်သူများနေကြသည့် မြို့နယ်နှင့်ရွာများတွင် အကြမ်းဖက်မှုများစွာရှိကြသည်။ တောပုန်းဓားပြများကလည်း မကြာခဏဆိုလို ပတ်ဝန်းကျင်တွင် ခြောက်လန့်တတ်ကြသည်။ စီးပွားရေးလုပ်ချင်သည့် ကုန်သည်များနှင့်၊ ကုန်ပစ္စည်းပို့ချင်သည့် ကုန်သည်များက လုံခြုံရေးအတွက် အစောင့်များကို ငှားရမ်းကြသည်။

ဝူလင်စီရင်စုတွင် နာမည်ကြီးအာမခံဌာနမှာ ဖုန်းယွင်အာမခံဌာနဖြစ်လေသည်။ ထို့ကြောင့် သူတို့၏လုပ်ငန်းသည် အလွန်မှကောင်းမွန်လေသည်။

ဖုန်းယွမ်အာမခံဌာနက တကယ်ထူးခြားတာပဲ။ အဲဒီအရပ်မြင့်မြင့် ထွားကြိုင်းကြတဲ့ အစောင့်တွေကို ကြည့်ပါအုံး။ အားလုံးက ကြွက်သားအပြည့်နဲ့ သူတို့ရဲ့မျက်လုံးတွေက တောက်ပနေတာပဲ။ သူတို့တွေက ရှင်းမပြတတ်တဲ့လုံခြုံတဲ့ခံစားချက်တစ်ခုကို ပေးနေတာကိုး။

“မိန်းကလေး ဒီကို ဘာလို့ရောက်လာတာလဲ”

လူထွားကြီးတစ်ယောက်က ပစ္စည်းများကို မြန်မြန်ချရင် လူများကို အော်ဟစ်နေလေသည်။ သူသည် ကျန်းယွင်ကျူးနှင့် ကျန်းချိန်တို့ကို ရုတ်တရက်တွေ့လိုက်ရသောအခါ ချက်ချင်း ရောက်လာခဲ့သည်။ သူသည် ပြီးခဲ့သည့်တစ်ခေါက်က လီယန် ငွေညှစ်ခံရပုံကို ကျန်းယွင်ကျူးအား ပြောခဲ့သည့်တစ်ယောက် ဖြစ်လေသည်။ သူက ကျန်းယွင်ကျူးကို မှတ်မိနေသေးသည်။

ကျန်းချိန်က သူ့လာရင်း ကိစ္စကို ချက်ချင်းရှင်းပြလိုက်၏။

ထိုလူထွားကြီးက ဆုံးဖြတ်ချက် မချနိုင်သဖြင့် အာမခံဌာနခေါင်းဆောင်လီကို မြန်မြန် သွားရှာလိုက်တော့သည်။

ထိုအချိန်တွင် အာမခံဌာနခေါင်းဆောင်လီက အနောက်ဘက်ခြံဝင်းထဲတွင်ရှိနေသည်။ လီယန်သည် မနေ့က နှစ်ခါလောက်သွားအန်ခဲ့ပြီး သတိလစ်နေခဲ့သည်။ မိသားစုတစ်ခုလုံးသည် အိုးပူပေါ်က ပုရွက်ဆိတ်များလို စိုးရိမ်နေကြတော့သည်။ သည်အချိန်တွင် သူတို့အားလုံးက အနောက်ဘက်ခြံကို စောင့်ကြည့်နေကြလေသည်။

ကျန်းချိန်၏ လာရင်းကိစ္စကို ကြားလိုက်ချိန်တွင် သူက လားကို ၉လျန်နှင့် ရောင်းပြီးသားဖြစ်ရာ ဘာမှပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြန်ပြောခိုင်းလိုက်ချင်သည်။

ထို့နောက်မှ သူတို့သည် အဝေးကြီးက လာခဲ့ရသဖြင့် မကောင်းတတ်မှန်း ခံစားမိလိုက်သည်။

ထို့ကြောင့် သူက လူထွားကြီးကို ကျန်းချိန်တို့သုံးယောက်အား အရှေ့ဘက်ခြံက ဧည့်ခန်းသို့ ဖိတ်ခိုင်းလိုက်တော့သည်။

ကျန်းချိန်တို့သုံးယောက်က အရှေ့ဖက်ခြံတွင် ပတ်လျှောက်လာပြီး တော်တော်လေး ဆိတ်ငြိမ်သည့်အခန်းတစ်ခုသို့ ရောက်လာကြကာ ထိုနရာတွင် အာမခံဌာနခေါင်းဆောင်လီက စောင့်ဆိုင်းနေလေသည်။ သူနှင့်အတူ သူ့သားကြီးသုံးယောက်က ထိုင်နေကြသည်။

သည်သားသုံးယောက်သည် သူနှင့်ဆင်တူသည့် မျက်ခုံး မျက်လုံးများ ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်များကပင် ဆင်တူကြသည်။ ထိုနေရာတွင်ထိုင်နေသည်က သံထည်မျှော်စင်ကြီးသုံးခုနှင့် တူနေတော့သည်။

သူတို့သုံးယောက်ကလည်း အာမခံဌာနခေါင်းဆောင်လီကဲ့သို့ပင် ညိုးငယ်နေကြသည်။

ညီငယ်လေးက ငယ်ငယ်ကတည်း အားနည်းပြီးချူုချာသဖြင့် သူတို့အားလုံးက သူ့ကို အလွန်ချစ်ကြလေသည်။

“ မြန်မြန်ထိုင်ကြပါ”

အာမခံဌာနခေါင်းဆောင်လီက ကျန်းချိန်နှင့် တခြားသူများကို နှုတ်ဆက်လိုက်၏။ သူသည် အဘိုးကြီးဝူကလည်း အမှန်ပင် မြင်လိုက်လေသည်။ သို့သော် အဘိုးကြီးဝူက သာမန်လူကြီးတစ်ယောက်နှင့် တူနေသည်။ သူ့ကို ကျန်းမိသားစုဝင်တစ်ယောက်ဟု ထင်လိုက်ပြီး စိတ်မဝင်စားမိခဲ့ချေ။

ကျန်းချိန်တို့က ထိုင်ချလိုက်၏။ လူတစ်ယောက်က လက်ဖက်ရည်များ ဧည့်ခံပေးသည်။

ကျန်းချိန်က မသောက်တော့ဘဲ သူ့လာရင်းကိစ္စကို ချက်ချင်းရှင်းပြလိုက်လေသည်။ ထို့နောက် သူက ငွေ၄လျန်ကို အာမခံဌာနခေါင်းဆောင်လီအား လှမ်းပေးလိုက်သည်။

သူ့ငွေ၄လျန်ထဲတွင် တစ်ဝက်ကျော်လောက်က ဝမ်ကြေးပြားများ ပါနေသည်။ ကျန်သည့် လျန်ငွေတချို့က သနားစဖွယ်သေးငယ်လှသည်။ ကြိုးကြိုးစားစား ရှာဖွေထားရသည့် ငွေနှင့်တူလေသည်။

သို့တိုင် သူသည် ငွေကို အာမခံဌာနခေါင်းဆောင်လီအား ပေးချင်သေးသည်။ အာမခံဌာနခေါင်းဆောင်လီက ကျန်းချိန်ကို လေးစားသွားပြီး သူထွက်လာတွေ့လိုက်သည်က ကံကောင်းသွားသည်ဟု ခံစားလိုက်ရတော့သည်။ မဟုတ်လျှင် သူသည် တခြားသူ၏ ရည်ရွယ်ချက်ကို အထင်မှားမိတော့မည်။

သူက ငွေအိတ်ကို လက်မခံလိုက်ဘဲ ချက်ချင်းပြန်ပြောလိုက်၏။

“ ကျုပ်က ၉လျန်လို့ ပြောပြီးပြီဆိုတော့ ၉လျန်ပဲ ပေါ့ဗျ”

“ ဒီငွေ၄လျန်က ခင်ဗျားအတွက် ဘာမှမဟုတ်မှန်း ကျွန်တော်သိပါတယ် ဒါပေမဲ့ ကျွန်တော်က….”

နှစ်ယောက်ထဲကတစ်ယောက်က ငွေကို ပေးချင်နေပြီး ကျန်တစ်ယောက်က မလိုချင်ပေ။ သူတို့သည် အငြင်းအခုံဖြစ်နေကြတော့သည်။

ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ယောက်၏ ငိုကြွေးမြည်တမ်းသံတစ်ခု ထွက်လာခဲ့သည်။

“သား”

အာမခံဌာနခေါင်းဆောင်လီနှင့် လူထွားကြီးလေးယောက်တို့၏အမူအရာကို တစ်ချိန်ထဲတွင် ပြောင်းသွားပြီး ကျန်းချိန်တို့သုံးယောက်ကို ဂရုမစိုက်နိုင်တော့ဘဲ အနောက်ဘက်သို့ ပြန်ပြေးဝင်သွားကြလေသည်။

ငွေအိတ်ကို ကိုင်ထားရင်း ကျန်းချိန်က အနည်းငယ်စိတ်ပူနေသလို အနည်းငယ်လည်း ဆွံ့အသွားတော့သည်။ ခုနက အသံကို ကြားလိုက်ရတာ လီယန်များ…. သူ တကယ်ပဲ လာတဲ့အချိန် မှားသွားခဲ့တာပဲ။

ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်ပြီး အနောက်ဘက်ခြံထဲကို လှမ်းကြည့်လိုက်သည်။

အခန်းထဲတွင် အလွန်တိတ်ဆိတ်နေ၏။

အခန်း (၄၉) (ခ)

အဘိုးကြီးဝူသည် လက်ဖက်ရည်တစ်ငုံသော က်လိုက်ပြီး ကျန်းယွင်ကျူးက ခဏတော့ ပြန်သေးမည် မဟုတ်သည်ကို သိလိုက်လေသည်။ သူက မျက်နှာကျက်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက်ထရပ်လိုက်ကာ အနောက်ဘက်ခြံသို့ လျှောက်သွားလိုက်တော့သည်။

ကျန်းချိန်က ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ အဘိုးကြီးက လုပ်မလို့ပါလိမ့်။

ကျန်းယွင်ကျူး၏ မျက်လုံးများက လင်းလက်သွားသည်။ အဘိုးကြီး ၊ ဒါက…အင်း…

လီမိသားစု၏အနောက်ဖက်ခြံတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ လီယန်က ပါးစပ်အပြည့် နှစ်ခါလောက် သွေးအန်ခဲ့သည်။ အခုတော့ သူ့အသားအရေမှာ ခြောက်ကပ်ညှိုးနွမ်းနေလေသည်။ အသက်ရှူမြန်နေ၏။ အာမခံဌာနခေါင်းဆောင်လီက သူ့ကို မြန်မြန်ကယ်ပေးရန် သမားတော်ကျင်းကို တောင်းပန်နေသော်လည်း သမားတော်မှာ မတတ်နိုင်တော့ပေ။ ဘေးတွင် သခင်မလီက ခံစားရလွန်းသဖြင့် သတိလစ်သွားတော့သည်။ တစ်ယောက်ယောက်က သူမအပေါ် ရေလောင်းပေးလိုက်မှ သတိပြန်လည်လာတော့သည်။

ထိုအချိန်တွင် အဘိုးကြီးဝူက ဝင်လာခဲ့သည်။ ဘယ်သူကမှ သူ့ကိုလုံးဝ ဂရုမစိုက်ကြပေ။

သူက လီယန်၏လူနာခုတင်နား လျှောက်လာလိုက်ပြီး သူ့မျက်ခွံကို ဖွင့်ကြည့်ကာ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ မင်း ဘာလို့ အော်နေတာလဲ၊ သူ မသေပါဘူး”

သူက ပြောရင်းဆိုရင်း သူ့အင်္ကျီလက်ထဲက အပ်အိတ်ကို ထုတ်လိုက်၏။ သူက သမားတော်ကျင်းကို ညွှန်ကြားလိုက်သည်။

“မင်း သူ့အဝတ်အစားတွေကို ချွတ်လိုက်”

သမားတော်ကျင်းသည် မြို့တော်က ပြန်ရောက်လာသည့် နာမည်ကြီးသမားတော်တစ်ယောက် ဖြစ်လေသည်။ ပုံမှန်ဆိုရင် သူကပဲ တခြားသူကို အမိန့်ပေးခဲ့တာလေ။ ဒါပေမဲ့ အခုကျတော့ သာမန်လူကြီးတစ်ယောက်က အမိန့်ပေးနေတာကို ခံနေရတာတဲ့လား။

သူက ဒေါသထွက်မလိုဖြစ်သွားပြီး ရုတ်တရက်ဆိုလို နတ်ဆေးသမားတော်ဝူ၏ လက်ထဲက အပ်အိတ်ကို တွေ့လိုက်ရလေသည်။ သူ့မှာ နှလုံးခုန်နှုန်းမြန်သွားတော့သည်။ အပြင်းအထန်ကို မနားတမ်း ခုန်နေတော့သည်။

သမားတော်အများစုက အပ်ကိုးချောင်းသာ သုံးလေသည်။ အပ်ရှည်၊ အဖြူရောင်သတ္တုအပ်နှင့် လုံးဝန်းသည့်အပ် ဟုခေါ်သည်။ သို့သော် အဘိုးကြီးဝူ၏လက်ထဲတွင် အပ် ဆယ့်ငါးချောင်းရှိနေသည်။ ဒါက….။ သူသည် ချက်ချင်းဆိုသလို အဘိုးကြီးဝူ ခိုင်းသည့်အတိုင်း လီယန်၏ အပေါ်ဝတ်အင်္ကျီကို ချွတ်ပေးလိုက်ပြီး သူ့ကို အနေအထားမှန်အောင် ထားပေးလိုက်သည်။

အဘိုးကြီးဝူက အပ်များကို ချက်ချင်း စ,စိုက်တော့သည်။ အပ်စိုက်ပြီး ခဏအကြာတွင် လီယန်၏ အသက်ရှူနှုန်းက သိသိသာသာ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။

နောက်ဆုံးအပ် စိုက်ပြီးသွားသည့်နောက်တွင် လီယန်သည် ရုတ်တရက် ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင် သွေးမည်းများ ဖြစ်လေသည်။

သွေးများကို အန်ထုတ်လိုက်ပြီး သူ့ကို ပြန်လဲခိုင်းထားလိုက်သည်။ သူ့အသားအရေက အများကြီး တိုးတက်လာသယောင်။

“သား”

အမျိူးသမီးလီက ထိုအချိန်တွင် နိုးလာပြီး လီယန်ဆီ ပေးဝင်သွားကာ ထပ်ငိုတော့မည် ပြင်လိုက်သည်။ ချက်ချင်းပင် တစ်ခုခု လွဲနေသည်ကို သိလိုက်ရလေသည်။ လီယန်က ဘာလို့ အများကြီး ပိုသက်သာလာတဲ့ပုံ ဖြစ်နေတာလဲ။

“သူ့အသက်အန္တရာယ် ကင်းသွားပါပြီ” သမားတော်ကျင်းက ပြောလိုက်၏။

အဘိုးကြီးဝူက သူ့ကို လှမ်းကြည့်လိုက်ပြီး

“ ဒါက သူ့အမေဝမ်းထဲက ပါလာတဲ့ အအေးမိတဲ့လက္ခဏာပဲ၊ စိတ်လှုပ်ရှားတာဖြစ်ဖြစ်၊ အအေးမိတာဖြစ်ဖြစ် အချိန်မရွေး ဖျားနာနိုင်တယ်၊ သူ့အသက် အန္တရာယ်ကင်းသွားပြီဆိုတာ မင်က ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ”

သမားတော်ကျင်းက မြောက်ပင့်ကာ ပြုံးလိုက်ပြီး အဘိုးကြီး၏လေသံကို ဆိုးရွားသည်ဟု မခံစားရခေ။ သူသည် သင်ကြားမှုကို လက်ခံနေသည့်အသွင် ပေါ်လေသည်။

ဘေးက အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများက အဘိုးကြီးဝူ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သွားတော့သည်။ သူတို့၏ တည်ငြိမ်သွားသည့်နှလုံးက တစ်ဖန် ပြန်ခုန်လာတော့သည်။

သူတို့က ချက်ချင်းဆိုသလို အဘိုးကြီးဝူထံမှ အကူအညီတောင်းကြလေသည်။

အဘိုးကြီးဝူသည် သမားတော်ကျင်း ဆေးညွှန်းရေးရန် သုံးသည့် စာရွက်အထပ်ပေါ်တွင် ဆေးညွှန်းတစ်ခုကို ရေးပေးလိုက်လေသည်။

“ဒီဆေးကို သောက်လိုက်၊ ပြီးရင် မနက်ခင်းနဲ့ ညခင်းတိုင်း အပ်စိုက်ရမယ်၊ ခုနှစ်ရက်ပြီးတော့ သူ အသက်ရှင်ဖို့ အာမခံချက် ရှိသွားပြီး ပြေးလွှားနိုင်မှာပါ” သူက ပြောလိုက်လေသည်။

အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများသည် ထိုကိစ္စကို မယုံနိုင်အောင်ဖြစ်သွားကြတော့သည်။ လီယန်က ကလေးဘဝကတည်းက ချူချာခဲ့တာလေ။ တခြားသူတွေရဲ့ကလေးတွေ ပြေးလွှားနေတဲ့အချိန်မှာ သူက ထိုင်နေရတယ်။ တခြားလူရဲ့ကလေးတွေ ကစားနေတဲ့အချိန်မှာ သူက လဲလျောင်းနေရတယ်။ နောက်ဆုံး အဲဒီနဲ့မှာ လားနဲ့ ထွက်လည်မှပဲသေမလိုဖြစ်ခဲ့ရတယ်။

ခုနှစ်ရက်တဲ့။ ခုနှစ်ရက်နေရင် သူခုန်နိုင်ပြီတဲ့လား။

“ ဆရာကြီးက ပြောမှတော့ သူ သေချာပေါက် လုပ်နိုင်လိမ့်မယါ”

သမားတော်ကျင်းက ဝမ်းနည်းသလို ပြန်ဖြေလိုက်လေသည်။ သူသည် အဘိုးကြီးဝူ၏သရုပ်မှန်ကို ခန့်မှန်းမိပြီးသား ဖြစ်လေသည်။ သူသည် မြို့တော်တွင် ရှိစဥ်က အဘိုးကြီးဝူ၏ ဆေးညွှန်းနှစ်ခုကို မရေမတွက်နိုင်အောင် ဖတ်ပြီး လေ့လာခဲ့သည်ကို မှတ်မိနေသည်။ အဘိုးကြီးဝူ သုံးခဲ့သည့် စုတ်တံနှင့် စာရွက်ကို ဗီဒိုထဲတွင် သိမ်းထားပြီး နောက်ပိုင်းတွင် ထိုအရာများကို ရတနာလို တန်ဖိုးထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထိုအခါမှ အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများက လီယန်၏ရောဂါကို အမှန်တကယ် ကုသပြီးခဲ့ကြောင်း ယုံကြည်သွားကြတော့သည်။ သူတို့သည် အဘိုးကြီးဝူရှေ့တွင် ဒူးထောက်ပြီး သူ့အသက်ကို ကယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ချင်လိုက်သည်။

“ဆရာကြီး ဆရာကြီးကို အလုပ်အကျွေး အပြုပြီး အဖော်ပြုပေးဖို့ တစ်ယောက်ယောက်များ လိုအပ်ပါသလား” သမားတော်ကျင်းက မေးလိုက်၏။

“ငါ့နောက် မလိုက်ခဲ့နဲ့”

အဘိုးကြီးက စိတ်မရှည်စွာနှင့် ပြောလိုက်သည်။ သူသည် ပြောရင်းဆိုရင်း လမ်းလျှောက်ကာ ထွက်သွားတော့သည်။

သူက သည်နေရာသို့ ဝင်လာသည့် ကျန်းချိန်နှင့် ကျန်းယွင်ကျူးတို့ကို မမျှော်လင့်ဘဲ တွေ့လိုက်လေသည်။

ကျန်းယွင်ကျူးက အခန်းထဲတွင် ဖြစ်နေသည်များကို ဝိုးတဝါးမြင်လိုက်ပြီး ခန့်မှန်းမိလိုက်သည်။

“ ငါတို့တွေ ပြန်ရောက်ရင် မင်းအဘိုးရဲ့မျက်လုံးကို ကုပေးမယ်”

အဘိုးကြီးဝူက ပြောရင်း ဆိုရင်း သူမကို ဖြတ်သွားကာ အပြင်သို့ ဆက်ထွက်သွားလိုက်လေသည်။

ကျန်းယွင်ကျူး၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း ဝိုင်းစက်လာလေသည်။ ထို့နောက်တွင် သူမက နောက်လှန်ကြည့်လိုက်သည်။

အဘိုးကြီးဝူက ဒီနေ့ စကားအရမ်းများတာကို သတိထားမိသားပဲ။ သူ့စိတ်ကို ဘာလို့ ပြောင်းလိုက်ပါလိမ့်။

အဘိုးကြီးဝူက သူ့စိတ်ကို ပြောင်းလိုက်ခြင်း မဟုတ်ပေ။ မနေ့က တစ်ခုခုကို ရုတ်တရက် နားလည်သွားသောကြောင့်ပင်။ ရှန်ဖုန်းမင်ကို ပြဿနာရှာချင်တာနဲ့ အဘိုးချန်နဲ့ ကျန်းယွင်ကျူးကို အနေခက်အောင် လုပ်နေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ။

မနေ့က နှင်းတွေကျတော့ ကျန်းချိန်နဲ့ ကျန်းယွင်ကျူးတို့ အချိန်တော်တော်ကြာတဲ့အထိ ပြန်မလာခဲ့ဘူး။ အမျိုးသမီးချန်မှာ စိတ်ပူလွန်းလို့ အပြင်ဘက်ကိုပဲ ကြည့်နေတယ်။ အဘိုးချန်ကလည်း မမြင်ရတာနဲ့ အမျိုးသမီးချန်ကိုပဲ အခါခါ မေးနေရတယ်။ “သူတို့ပြန်လာပြီလားတဲ့”

အဲဒီအချိန်မှာပဲ အဘိုးချန်ကို ကုသပေးဖို့ သူဆုံးဖြတ်လိုက်တာပဲ။

သင့်တော်တဲ့အခွင့်အရေး ရောက်မလာသေးတာပဲရှိတယ်။

ဒီနေ့တော့ ပြီးပြည့်စုံတဲ့အချိန်ကောင်းပဲလေ။

ကုန်စိမ်းများ ဝယ်ခြမ်းပြီးနောက် ကျန်းချိန်တို့သုံးယောက်သည် အိမ်ပြန်လာကြတော့သည်။ အဘိုးကြီးဝူက အဘိုးချန်၏သွေးခုန်နှုန်းကို ချက်ချင်း စစ်ပေးလိုက်သည်။

“ကုသမှု အောင်မြင်ဖို့က ၅၀%ပဲရှိတယ်” အဘိုးကြီးဝူက ပြောလိုက်သည်။

၅၀%။ ဖြစ်နိုင်ခြေက အရမ်းကိုမြင့်ပြီးသားပဲ။ ကျန်းယွင်ကျူးက အဘိုးကြီးဝူအား ဆေးကုသပေးထို့ ချက်ချင်းတောင်းဆိုလိုက်သည်။

“ လောစရာမလိုပါဘူး၊ ငါ သူ့ကို အရင်ဆုံး အပ်စိုက်လိုက်မယ်”

အဘိုးကြီးဝူက ပြောလိုက်ပြီး အပ်ထည့်ထားသည့်အိတ်ကို ထုတ်ကာ အဘိုးချန်အား အပ်စိုက်ပေးလိုက်လေသည်။

သည်တစ်ကြိမ်တွင် သူစိုက်လိုက်သည့် အပ်နေရာအားလုံးနီးပါးက ခေါင်းပေါ်တွင် ဖြစ်သည်။ နည်းနည်းလေး သတိလွတ်သွားသည်နှင့် ပြင်းထန်သည့်နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူ့အပ်စိုက်နှုန်းက သိသိသာသာ နှေးသွားလေသည်။ အထူးသဖြင့် နောက်ဆုံးကျန်သည့် နေရာတချို့ကို အပ်စိုက်နေစဥ်တွင် သူသည် မောဟိုက်နေတော့သည်။

ခဏအတွင်း သူ့နဖူးပေါ်တွင် ချွေးများ စီးကျလာတော့သည်။

ကျန်းမိသားစုဝင်အားလုံးက စောင့်ကြည့်နေကြ၏။ သူ့ကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် မည်သူကမှ စကားမပြောရဲကြပေ။

နောက်ဆုံး အပ်စိုက်ခြင်း ပြီးသွားချိန်တွင် သူက ကျန်းယွင်ကျူးဆီ ရေတွေးတံဘက်ကို လက်ခံလိုက်လေသည်။ ထိုအခါမှ အပန်းပြေသွားတော့သည်။ သူက အိုလာပြီး သူ့အင်အားတွေကလည်း တကယ်ပဲ အရင်လို မကောင်းတော့ဘူးလေ။

“အဘိုး ပင်ပန်းသွားခဲ့ပါပြီ”

ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် သည်အချိန်အထိ အဘိုးကြီးဝူကို နာမည်ကြီး နတ်ဆေးသမားတော်မှန်း မသိသော်လည်း သူတို့သည် အဘိုးချန်၏ရောဂါကို ကုသပေးခဲ့သည့်အတွက် သူ့ကို အလွန်မှကျေးဇူးတင်နေလေသည်။

အဘိုးကြီးဝူက ထိုင်ချလိုက်ပြီး နောက်ထပ်ဆေးညွှန်းနှစ်ခုကို ရေးပေးလိုက်၏။

“ဒီတစ်ခုက လိမ်းဖို့နဲ့ ဒီတစ်ခုက သောက်ဖို့၊ နောက်ရက်နည်းနည်းကြာရင် မျက်လုံးက နည်းနည်း နေရခက်လာလိမ့်မယ်။

အလင်းနဲ့ မထိစေနဲ့၊ မပွတ်နဲ့၊ ငါး ရက်လောက်နေပြီးရင်တော့ အခြေအနေကို သိရပါပြီ”

သူက ညွှန်ကြားလိုက်လေသည်။

ကျန်းမိသားစုသည် ချက်ချင်းဆိုသလို အလုပ်များသွားတော့သည်။

နေ့လယ်ခင်းတွင် အာမခံဌာနခေါင်းဆောင်လီက လူများကို ဦးဆောင်လာပြီး လှည်းတစ်စီးနှင့် လီယန်ကို ခေါ်လာခဲ့လေသည်။ လီယန်သည် သည်တစ်ကြိမ်တွင် သတိရနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က အားမရှိရုံသာ။

အာမခံဌာနခေါင်းဆောင်လီသည် အဘိုးကြီးဝူကို သာမန်လူတစ်ယောက် မဟုတ်လောက်ဟု ခံစားမိသဖြင့် သမားတော်ကျင်းနားတွင် တစ်ချိန်လုံး တွယ်ကပ်ပြီး မေးခဲ့ရသည်။ သမားတော်ကျင်းက မတတ်သာတော့ဘဲ လေသံဖြင့် အဘိုးကြီးဝူ၏ သရုပ်မှန်ကို ပြောပြလိုက်ပြီး ထိုအကြောင်းကို အပြင်သို့ မပျံ့နှံ့စေရန် ပြောထားလိုက်သည်။ မဟုတ်လျှင် ဆရာကြီးက စိတ်ဆိုးရုံသာမက အားလုံးလည်း ပြီးဆုံးသွားလိမ့်မည်။

ဒီပုဂ္ဂိုလ်က တကယ့်နတ်ဆေးသမားတော်ဖြစ်နေတာကိုး။ သူ လီယန်ရဲ့ရောဂါကို ကုသပေးနိုင်တာလည်း မဆန်းတော့ဘူး။ အာမခံဌာနခေါင်းဆောင်လီသည် အလန့်တကြားဖြစ်သွားပြီးနောက် ဝမ်းသာ ပျော်ရွှင်သွားတော့သည်။ ဒါပေါ့။ ဆရာကြီးဝူက လီယန်ကို အပ်စိုက်ပေးဖို့ သူတို့ဆီ လာခိုင်းရလောင်အောင် အတင့်မရဲပါဘူး။ ဒီတော့ သူကပဲ ဒီနေရာကို လာရမှာပေါ့။

နောက် ခုနှစ်ရက်တွင်း ပြဿနာမဖြစ်ရစေရန် လီယန်ကို ချန်ရှီရွာတွင် ထားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။

ငါးရက်ကြာပြီးနောက် အဘိုးကြီးဝူက အဘိုးချန်ကို နောက်ဆုံးအကြိမ် အပ်စိုက်ပေးလိုက်သည်။ သူက ကြေညာလိုက်၏။

“ မျက်လုံးက ပေါ်က အဝတ်စကို ဖယ်လို့ရပြီ၊ အလုပ်ဖြစ်ရင်တော့ အလုပ်ဖြစ်လို့ပေါ့၊ မဟုတ်ရင်တော့….”

သူ့မှာလည်း တခြားအဖြေ မရှိတော့ဘူး။ တခြားလူတွေက သူ့ကို နတ်ဆေးသမားတော်လို့ ခေါ်ကြပေမဲ့ သူကလည်း သေမျိုုးတစ်ယောက်ပဲလေ။ သူ့သမီးအရင်းကိုတောင် မကယ်ပေးနိုင်ခဲ့တဲ့ သေမျိုးတစ်ယောက်ပေါ့။

သူက ထိုသို့ပြောလိုက်ချိန်တွင် ကျန်းချိန်နှင့် တခြားသူများက စိတ်လှုပ်ရှားကာ ပူပန်လာကြတော့သည်။ အမျိုးသမီးချန်၏လက်တို့သည် အဝတ်စကို ဖြည်နေချိန်တွင် တုန်ယင်နေတော့သည်။

အဘိုးချန်က တော်တော်လေး တည်ငြိမ်နေပြီး အမျိုးသမီးချန်ကို ပြောလိုက်လေသည်။

“ နှစ်ပေါင်းများစွာ ဒီလိုနေလာခဲ့တာပဲ….”

သူသည် ပြောရင်းနှင့်မှ ရုတ်တရက် ရပ်သွားလေသည်။ သူ့မျက်လုံးရှေ့တွင် အဖြူရောင်အလင်း ရှိနေသည်။ သူ့လက်များနှင့် မျက်လုံးများကို ကာထားရသည်။

“အဖေ”

“အဘိုး”

ကျန်းချိန်နှင့် ကျန်လူများကို အတူတူ ခေါ်လိုက်ကြ၏။။ အဘိုးချန်၏တုံ့ပြန်မှု အဓိပ္ပာယ်က….

အဘိုးချန်က ခက်ခက်ခဲခဲ မျက်တောင်ခတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များရှိနေလေသည်။ သူ့မှာ မျက်ရည်များကို သုတ်ပစ်ဖို့ အချိန်ပင် မရပေ။ ထို့အစား သူသည် အမျိုးသမီးချန်ကို ကြည့်လိုက်လေသည်။ ထို့နောက် ကျန်းချိန်၊ ကျန်းယွင်ကျူး၊ ကျန်းလင်၊ ကျန်းယွင်ရွှယ်နှင့် ကျန်းဝူ တို့ကို ကြည့်လိုက်သည်။

“ ငါ မြင်ရပြီ”

သူက ရေရွတ်လိုက်၏။ ထို့နောက် သူသည် တုန်ရီနေသည့် အမျိုးသမီးချန်၏ နှုတ်ခမ်းများကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ သမီးက အများကြီး ပြောင်းလဲသွားတာလဲ”

“ အသက်ကြီးလာပြီလေ”

အမျိုးသမီးချန်၏ မျက်လုံးများသည် မျက်ရည်များနှင့် ဖုံးနေတော့သည်။ သည်နှစ်တွေ ဖြတ်ကျော်လာပြီးနောက်မှ သူမက ဘယ်လိုလုပ်ပြီး မအိုဘဲ ရှိမှာလဲလေ။

“အဖေ”

ကျန်းချိန်က ပြောလိုက်၏။

“ မင်းလည်း အများကြီး ပြောင်းလဲသွားတာပဲ”

အဘိုးချန်က သူ့ကို ကြည့်ရင်း မှတ်ချက်ပေးလေသည်။

“ ဟုတ်ပါတယ်” ကျန်းချိန်၏မျက်လုံးများသည် နီရဲလာတော့သည်။

အဘိုးချန်က ကျန်းယွင်ကျူးကို ထပ်ကြည့်လိုက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ သူသည် သူမ ချောမောသည်ကို အမြဲတမ်း သိထားခဲ့သော်လည်း အလွန်မှချောမောနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ကျန်းလင်က အနည်းငယ်လူကြီးဖြစ်လာသည်။ ကျန်းယွင်ရွှယ်က အရွယ်ရောက်တော့မည့် မိန်းကလေးတစ်ယောက်ဖြစ်လာသည်။ ကျန်းဝူပင် အရပ်ရှည်ကာ ထွားလာလေသည်။

“ကောင်းတယ် ကောင်းတယ်”

အဘိုးချန်က တစ်ယောက်ချင်း လိုက်ကြည့်လိုက်၏။ မျက်ရည်များက လုံးဝမရပ်တန့်နိုင်ခဲ့ပေ။ သို့သော် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုက ရှိနေလေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးတွင် သူသည် သူတို့မည်သည့်ပုံစံ ဖြစ်နေသည်ကို မြင်ရတော့သည်။ သူက သူတို့ကို သေသေချာချာ ကြည့်ထားချင်ပြီး တစ်ယောက်ချင်းစီကို စိတ်ထဲတွင် သိမ်းထားချင်လေသည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ”

သူသည် အဘိုးကြီးဝူကို မြင်လိုက်သောအခါ ကျေးဇူးမတင်ဘဲ မနေအောင်ဖြစ်ရသည်။ သူ့ဘဝတွင် အရာဝတ္ထုများကို သူ့ကျေးဇူးကြောင့် ပြန်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

အဘိုးကြီးဝူက စိတ်ကောင်းဝင်နေလေသည်။ နောက်ဆုံးတော့ သူ မကျရှုံးခဲ့ပေ။ မဟုတ်လျှင် ကျန်းယွင်ကျူး ချက်ပေးသည့် အစားအသောက်ကို စားပြီး အရှက်ရလိမ့်အုံးမည်။

အားလုံးက အလွန်ပျော်နေကြလေသည်။ အာမခံဌာနခေါင်းဆောင်လီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားလွန်းသဖြင့် တောက်ပနေသည်။ နောက်နှစ်ရက်နေရင် လီယန်များ….

နှစ်ရက်ကြာပြီးနောက် အဘိုးကြီးဝူက လီယန်၏ သွေးခုန်နှုန်းကို စမ်းလိုက်ပြီး ပြောလိုက်သည်။

“ မဆိုးဘူး၊ ဒါပေမဲ့ အရိုးတွေက အရမ်းအားနည်းနေသေးတယ်၊ နောက်ပိုင်း ဖြည်းဖြည်းချင်း သန်မာလာအောင် ပြုစုလိုက်”

“ဆရာကြီး ဘာအဓိပ္ပာယ်ပါလဲရှင်”

အမျိုးသမီးလီသည် သည်နေ့ရောက်လာခဲ့သည်။ သူမ၏ပါးစပ်ကို အုပ်ထားလိုက်ပြီး မယုံနိုင်စွာဖြင့် အဘိုးကြီးဝူကို မေးလိုက်တော့သည်။

“ရောဂါ ပျောက်သွားပြီ”

သည်စကားတစ်ခွန်းနှင့်ပင် အမျိုးသမီးလီသည် ငိုကြွေးမိပြီး အာမခံဌာနခေါင်းဆောင်လီ၏ ရင်ခွင်ထဲသို့ တိုးဝင်မိတော့သည်။ သူမသည် လီယန်ကို ကိုယ်ဝန်ရှိစဥ်က အလွန် အမှုမဲ့အမှတ်မဲ့နိုင်ခဲ့ပြီး သူ့ကို မွေးကတည်း နာကျင်ခံစားရအောင် လုပ်မိသည့် နေ့ရက်တိုင်းအတွက် နောင်တရနေလေသည်။

နောက်ဆုံးတော့ သူမ၏ကလေးက ပုံမှန်ဘဝတစ်ခုတွင် နေနိုင်လေပြီ။

အာမခံဌာနခေါင်းဆောင်လီက သူမ၏ကျောကို ပုတ်ပေးလိုက်၏။ သူ့မျက်လုံးများက တောက်ပနေလေသည်။

“ဝမ်းသာလိုက်တာ”

လီယန်၏ အစ်ကိုသုံးယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြသည်။

ချက်ချင်းဆိုသလို သူတို့သည် ဒူးထောက်ချလိုက်ပြီး သူ့အသက်ကို ကယ်ပေးခဲ့သည့်အတွက် အဘိုးကြီးဝူကို ကျေးဇူးတင်စကားပြောလိုက်ကြလေသည်။

နောက်က လူထွားကြီးတချို့က ချက်ချင်း ပစ္စည်းများကို သယ်လာခဲ့ကြသည်။ ဒါသည် သူတို့ ပြင်ဆင်ထားခဲ့သည့် ကျေးဇူးတင်လက်ဆောင်တစ်ခု ဖြစ်လေသည်။

ဆေးကုသစားရိတ်အတွက်တော့ အဘိုးကြီးဝူ၏ သဘောပင်။ သူတို့သည် စုဆောင်းဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မည်။

အဘိုးကြီးဝူက ငွေကို ဘယ်တော့မှ မကြိုက်ခဲ့ပေ။ သူက ထိုပစ္စည်းများကို ကြည့်လိုက်ပြိး ပထမဗန်းထဲက ရွှေနှစ်တုံးကိုယူကာ ပြောလိုက်လေသည်။

“ အားလုံး ပြန်ယူသွားလိုက်တော့”

ထိုရွှေတုံးနှစ်တုံးက တစ်ခုလျှင် ငွေတုံး ၁၀တုံးတန်သည်။ ရွှေတုံးနှစ်ခုဆိုတော့ ငွေတုံး အတုံး၂၀။ လျန်ငွေ၂၀၀နှင့် ညီမျှသည်။

အများကြီးတဲ့လား။ သာမန်လူတွေအတွက်တော့ ဒါက တကယ့်ကို အများကြီးပါ။ ဒီငွေနဲ့ သူတို့ တစ်ဘဝလုံး နေနိုင်တယ်။ ဒါပေမဲ့ လီမိသားစုအတွက်တော့ ဒါက လုံးဝမများတာပါ။

“ဆရာကြီးရယ် ဘယ်ဖြစ်မလဲ”

အာမခံဌာနခေါင်းဆောင်လီက ပြန်ပြောလိုက်သည်။ အသက်ကယ်ပေးတဲ့လုပ်ရပ်က ပြန်လည်မွေးဖွားပေးခဲ့တာပဲ။

“ဒီမှာ ပွစိပွစိ လာလုပ်မနေနဲ့၊ သွား သွား၊ ငါ ခဏလောက် အေးအေးဆေးဆေးနေချင်တယ်”

အဘိုးကြီးဝူက ပြောလိုက်၏။

အာမခံဌာနခေါင်းဆောင်လီ၏ ခံစားချက်များ လျှံထွက်နေသည့်အခြေအနေသည် နှောင့်ယှက်ခံလိုက်ရတော့သည်။ သူက ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။ ကျန်းအိမ်တွင် ရက်တော်တော်ကြာအောင် နေလာခဲ့ပြီးနောက် အဘိုးကြီးဝူက သူမကို အချစ်ဆုံးမှန်း သတိထားမိခဲ့သည်။

အဘိုးကြီးဝူ၏ စိတ်ကို သိထားသဖြင့် ကျန်းယွင်ကျူးက အာမခံဌာနခေါင်းဆောင်လီကို ခေါင်းညိတ်ပြလိုက်လေသည်။

အာမခံဌာနခေါင်းဆောင်လီသည် လူများအား အခန်းထဲက ပစ္စည်းများကို သယ်ထုတ်သွားခိုင်းလိုက်တော့သည်။ သို့သော် သူတို့သည် ထွက်မသွားကြပေ။ သူတို့သည် ကျန်းယွင်ကျူးကို ကျေးဇူးတင်စကားပြောဖို့ စောင့်ဆိုင်းနေကြလေသည်။ သူမကြောင့်သာ မဟုတ်လျှင် သူသည် အစောကြီးကတည်း နတ်ဆေးသမားတော်အတု၏ အလိမ်ခံခဲ့ရပြီး နောက်ပိုင်းတွင် နတ်ဆေးသမားတော်အစစ်နှင့် တွေ့ရဖို့ပင် အခွင့်အရေးမရှိသလောက်ပင်။

ကျန်းယွင်ကျူးက လက်ခါပြလိုက်၏။ သူမက ဘာမှလုပ်ပေးခဲ့တာ မဟုတ်ဘူးလေ။

အချိန်တော်တော်အောင် အချိန်ဆွဲလာခဲ့ပြီးနောက်တွင် အာမခံဌာနခေါင်းဆောင်လီက လက်ဆောင်တချို့ကို ထားခဲ့လိုက်ပြီး ကျန်းချိန်ကိုလည်း လားဖိုးပေးရန် ဆက်မပြောခိုင်းတောပေ။ နောက်ပိုင်း အကူအညီတစ်ခုခု လိုလာလျှင် သူက သူတို့ဆီ အရောက်လာခဲ့မည်ဟု အခါခါ ပြောသွားလေသည်။

အာမခံဌာနခေါင်းဆောင်လီက ကျန်းမိသားစုကို အသိအမှတ်ပြုလိုက်သည်။ သည်မိသားစုသည် ရင်းနှီးသည့် မိတ်ဆွေဖြစ်ရန် ထိုက်တန်လေသည်။

အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများကို လိုက်ပို့ပေးလိုက်ပြီးနောက် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် ခြံဝင်းတံခါးနားတွင် ရပ်နေပြီး ခံစားချက်များ အနည်းငယ်တက်လာသလို ခံစားလိုက်ရတော့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က အာမခံဌာနခေါင်းဆောင်လီက ရွာထဲတွင် အိမ်ငှားနေခဲ့သည်။ သူသည် တဲ့တိုးသမားဖြစ်လေသည်။ သူတို့က သူနှင့် ဆက်ဆံရသည်ကို သဘောကျကြသည်။ သူတို့နှင့် ရက်ပေါင်းများစွာ အပြန်အလှန် ဆက်ဆံလာခဲ့ပြီးနောက် အခုတော့ ရုတ်တရက် ပြန်သွားကြသည်။ သူတို့၏စိတ်ထဲတွင် အနည်းငယ် ဟာသွားသလို ခံစားလိုက်ရတော့သည်။

ကျန်းယွင်ကျူးကတော့ သည်လောကတွက် ထာဝရတည်ရှိနေမည့် စားသောက်ပွဲမျိုး မရှိမှန်း သိထားလေသည်။ အားလုံးက စိတ်ထဲတွင် ခံစားချက်များ ရှိနေကြသဖြင့် သူမသည် သည်နေ့ညအတွက် ဆန်ဖက်ထုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သ်ည။ ချိုပြီး နွေးထွေးနေပေမည်။

သို့သော် သူမသည် ကိုယ်ကိုလှည့်လိုက်ချိန်တွင် အပြင်မှ ပြန်လာသည့် ရှန်ဖုန်းမင်ကို တွေ့လိုက်ရ၏။ သူ့လက်ထဲတွင် တောယုန်နှစ်ကောင်လည်း ပါလာလေသည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset