အပိုင်း (၄၈)
နေ့လယ် ၁နာရီတွင် လူတစ်ယောက်က ရုတ်တရက် တံခါးလာခေါက်လေသည်။ အမျိုးသမီးချန်က တံခါးသွားဖွင့်ပေးလိုက်ပြီး ရဲမက်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူက အရင်အမှု၏ အဓိကတရားခံကို ရှာတွေ့ပြီဖြစ်ကြောင်း ပြောပြလိုက်သ်ည။ အခုတော့ အမှုကို ပိတ်တော့မည် ဖြစ်သဖြင့် ကျန်းမိသားစုကို စီရင်စုရုံးတော်သို့ လာရောက်ခိုင်းခြင်းဖြစ်လေသည်။
“သူ့ကို မိပြီလား”
အမျိုးသမီးချန်က တအံ့တဩ မေးလိုက်သည်။ သူမက ဒီအကြောင်းကိုပဲ တစ်ချိန်လုံး စဥ်းစားနေခဲ့တာလေ။
ရဲမက်က ဇဝေဇဝါဖြစ်သွားတော့သည်။ ဖမ်းမိတာလား။ ဖမ်းမိတယ်လို့ ပြောလို့လည်း မရဘူး။ တစ်ယောက်ယောက်က ဝေ့ခမ်းဖျင်ရဲ့အလောင်းကို ရုံးတော်တံခါးရှေ့မှာ လာပစ်သွားတာလေ။
ပြီးခဲ့တဲ့တစ်ခေါကတုန်းကလည်း အတူတူပဲ။ ရာဇဝတ်သားနှစ်ယောက်က အရင်ဆုံးတောင် ရောက်လာပြီး သူတို့ကို ဖမ်းခိုင်းခဲ့တာ… ဘာပဲဖြစ်ဖြစ် အမှုကတော့ ထူးဆန်းမှုအပြည့်ပဲ။ ဒါပေမဲ့ တရားသူကြီးရဲ့ မျက်နှာက မပြောင်းလဲဘူး။ ဒီတော့ အမှုကို ပိတ်လိုက်တော့တာပေါ့။
အမျိုးသမီးချန်၏ အံ့ဩတကြီးအော်သံက မိသားစုဝင်အားလုံးကို အလန့်တကြား ဖြစ်သွားစေတော့သည်။
ကျန်းချိန်သည် အပြင်သို့ထွက်လာချိန်တွင် ဝေ့ခမ်းဖျင်ကို ဖမ်းမိသည့်အကြောင်းနှင့် ရုံးတော်သို့ ချက်ချင်းသွားရမည့်အကြောင်းကို ကြားလိုက်ရသည်။
ကျန်းယွင်ကျူး လိုက်ထွက်လာချိန်တွင်တော့ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ထွက်လာသည်နှင့် သွားကြုံနေသည်။ သူမ၏အကြည့်က သူတို့နှစ်ယောက်ဆီ ရောက်သွားပြီး သည်ကိစ္စက သူတို့နှင့် တစ်ခုခု ပတ်သက်နေမလားဟု စဥ်းစားနေမိတော့သည်။
“အဖေ သမီးလည်း လိုက်မယ်”
သူမက ကျန်းချိန်ကို ပြောလိုက်သည်။ ဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့ သူမ ရုံးတော်ကို သွားချင်တယ်လေ။
“ကောင်းပြီလေ”
ကျန်းချိန်က လှည်းကို ပြင်ဆင်လိုက်လေသည်။
မကြာခင်မှာပင် သူတို့နှစ်ယောက်သည် ရုံးတော်ဝင်ပေါက်သို့ ရောက်လာခဲ့ကြသည်။ ထိုနေရာတွင် လူတစ်ယောက် ရောက်နှင့်နေသည်။ အမျိုးသမီးလျို ဖြစ်လေသည်။
“အဒေါ်လည်း ရောက်နေတာပဲ”
ကျန်းယွင်ကျူးက သူမကို နှုတ်ဆက်လိုက်၏။
“အင်း”
အမျိုးသမီးလျိုသည် အနည်းငယ် စိတ်နှင့်ကိုယ်မကပ် ဖြစ်နေပြီး ရုံးတော်ထဲကို ငေးကြည့်ရင်း အပေါ်ယံသာသာ ပြန်ဖြေလိုက်လေသည်။
သူမ၏စိတ်တို့က သေချာပေါက် ဂနာမငြိမ်ဖြစ်နေမည်ကို ကျန်းယွင်ကျူးက သိနေသဖြင့် သူမကို မနှောင့်ယှက်လိုက်တော့ပေ။ သူမသည် ထိုနေရာတွင် ကျန်းချိန်နှင့်အတူတူ ရပ်နေပြီး တရားသူကြီးမုန့်က သူတို့ကို ဆင့်ခေါ်လာမည်ကို စောင့်နေလိုက်သည်။
သည်အခိုက်တွင် လမ်းအဆုံး၌ နောက်ထပ်လူနှစ်ယောက် ပေါ်လာလေသည်။ ရှေ့ကတစ်ယောက်သည် မုတ်ဆိတ်မွေးငုတ်တိုနှင့် မျက်လုံးများနီနေသည်။ အာမခံဌာနခေါင်းဆောင်လီဖြစ်သည်။ သူသည် ပြီးခဲ့သည့်အခေါက် တွေ့စဥ်ကထက် အများကြီး ပိန်ကျသွားသည်။ အစောပိုင်းက သန်မာတုတ်ခိုင်သည့် ယောက်ျားသည် အခုတော့ အလွန်မှပင်ပန်းနေဟန်တူသည်။
သူ့ဘေးတွင် မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းယောက်ျားတစ်ယောက်ပါလာသည်။ အာမခံဌာနခေါင်းဆောင်လီနှင့် အမီလိုက်ရန် ခြေလှမ်းသွက်သွက် လျှောက်လာရင်း သူက မြောက်ပင့်ကာ ပြောလိုက်လေသည်။
“ အာမခံဌာနခေါင်းဆောင်လီ အဲဒီဆိုင်ကို ကျွန်တော့်ကိုပဲ ဆက်ငှားထားလို့ရပါတယ်၊ ကျွန်တော် ကတိပေးတယ်၊ ဒီတစ်ခါ ငှားခအကြွေးမကျန်စေရဘူး။
ကျွန်တော့်အမေ နေမကောင်းဖြစ်ပြီး နေ့စဥ်ဆေးဖိုးကလည်း အများကြီး ကုန်ကျတာ ခင်ဗျားသိပါတယ်၊ မိသားစုမှာ ကလေးသုံးယောက်ရှိပြီး ကျွန်တော့်မိန်းမကလည်း မကျန်းမာဘူး၊ ကျွန်တော့်မှာ တကယ် ငွေမရှိလို့ပါ ဒါကြောင့် ကျွန်တော်….”
“ထွက်သွားစမ်း၊ မင်း မယုံချင်ယုံ မယုံချင်နေ ငါမင်းကို အသေရိုက်ပစ်မယ်”
အာမခံဌာနခေါင်းဆောင်လီက ထိုသက်လက်ပိုင်းယောကျ်ားကို ထိုးမည့်ဟန်ဖြင့် သူ့လက်သီးကြီးကို ဝေ့ယမ်းလိုက်လေသည်။
ထိုသက်လက်ပိုင်းယောက်ျားက ဘုတ်ခနဲ ဒူးထောက်ချလိုက်ပြီး မျက်ရည်နှင့် နှာရည်များ တရွှဲရွှဲနှင့် တောင်းပန်တော့သည်။
“အာခံဌာနခေါင်းဆောင်လီရယ်၊ အိမ်မှာတကယ်ခက်ခဲနေလို့ပါ၊ မဟုတ်ရင် ကျွန်တော် မတောင်းပန်ပါဘူး။
အဲဒီဆိုင်က ကျွန်တော့်မိသားစုရဲ့အသက်ပါ၊ ခေါင်းဆောင်လီ ပြန်ယူသွားရင် ကျွန်တော်တို့မိသားစု….”
အာမခံဌာနခေါင်းဆောင်လီသည် သူ့ကို အမှန်ပင် သေအောင်ကန်ကျောက်ပစ်ချင်တော့သည်။ အရင်က ဒီလူရဲ့ပေါက်ကရစကားတွေကို ယုံခဲ့ပြီး ဆိုင်ကို သူ့ကို စျေးသက်သက်သာသာနဲ့ ငှားရမ်းပေးခဲ့တယ်လေ။ အိမ်မှာခက်ခဲနေရင် အရင်ဆုံး ဆိုင်ခန်းငှားခကို အကြွေးထားလို့ ရတယ်လို့တောင် ပြောခဲ့သေးတယ်။
ရလဒ်ကျတော့ရော။ လွန်ခဲ့တဲ့ရက်က လူတစ်ယောက်က သူ့ကို လာပြောပြခဲ့တယ်။ သူ့အမေက လုံး ဝဖျားနာမနေဘူးတဲ့လေ။
“မင်း မထွက်သွားသေးဘူးလား၊ မဟုတ်ရင် ငါမင်းကို တကယ်ကန်တော့မယ်”
အာမခံခေါင်းဆောင်လီက ဒေါသတကြီးနှင့် ပြောလိုက်တော့သည်။ သူ့လက်သီးသည် တင်းနေအောင် ဆုပ်ထား၏။
သူက တကယ်လုပ်တော့မည်ကို တွေ့လိုက်ရသဖြင့် ကောရွေ့က ဆက်ပြီးမငိုရဲတော့ဘဲ သူ့မျက်နှာကို အင်္ကျီလက်နှင့် ကွယ်ထားကာ အာမခံဌာနခေါင်းဆောင်လီကို ဂရုတစိုက် လေ့လာကြည့်လိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီက သူ့ကို လျစ်လျူရှုထားလိုက်ပြီး စီရင်စုရုံးတောင်သို့ ဆက်လျှောက်လာခဲ့လိုက်သည်။
သူ အဝေးသို့ ရောက်သွားသည်နှင့် ကောရွေ့က မြေကြီးပေါ် တံတွေးထွေးလိုက်တော့သည်။ သူ့မျက်လုံးများက ဟိုဝေ့သည်ဝေ့ကြည့်လိုက်၏။ သူသည် ရပ်နေလိုက်ပြီး အနောက်ဘက်က လမ်းဆီသို့ လျှောက်သွားလိုက်တော့သည်။
“အာမခံဌာနခေါင်းဆောင်လီ ခင်ဗျား ဘယ်လို”
ကျန်းချိန်သည် အာမခံဌာနခေါင်းဆောင်လီ၏ပုံစံကို မြင်လိုက်ရသောအခါ တအံ့တဩနှင့် ပြောလိုက်လေသည်။ သူ့ကို မတွေ့က သိပ်တောင်မကြာသေးဘူးလေ သူက ဒီလို ပိန်ချုံးကျသွားသတဲ့လား။
ထိုအကြောင်းကို ပြောလျှင် အာမခံဌာနခေါင်းဆောင်လီသည် ဒေါသထွက်ပြီး စိတ်ဆိုးလာတော့သည်။ လီယန်သည် ထိုအချိန်က ကြောက်လန့်သွားပြီး ကတည်းက သူ့ကျန်းမာရေးက ကောင်းမလာတော့ချေ။ လွန်ခဲ့သည့်ရက်အနည်းက သူသည် ချောင်းပြန်ဆိုးလာပြီး နေ့တိုင်း သတိလစ်လာသည်။ မိသားစုက လုပြည်နယ်က သမားတော်များအားလုံး အပါအဝင် နေရာတိုင်းက သမားတော်များကို ပင့်ဖိတ်ခဲ့သည်။ သို့တိုင် သူ့ရောဂါက လုံးဝတိုးတက်မလာခဲ့ပေ။
လီယန်က အဆုတ်နာရောဂါဖြစ်နေသည်ဟု တချို့က ပြောကြသည်။ တချို့ကတော့ သူ့အတွက် ဈာပနာ ပြင်ဆင်ထားဖို့ ပြောကြသည်…
အာမခံဌာနခေါင်းဆောင်လီသည် ဝေ့ခမ်းဖျင်ကို သ-တ်ပစ်ချင်တော့သည်။
သူက ကျန်းချိန်ကို ကြည့်လိုက်ပြီး ချိနဲ့စွာ ပြောလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူးဗျာ”
သူသည် ကျန်းချိန်နှင့် တွေ့ဖူးသည်မှာ နှစ်ကြိမ်တည်း ရှိသေးရာ သူ့ကို သည်အကြောင်း ပြောပြဖို့ရန် အကြောင်း မရှိပေ။
ကျန်းချိန်သည် အာမခံဌာနခေါင်းဆောင်လီက လားကို စျေးပေါပေါနှင့်ရောင်းခဲ့ပေးသည်ကို သတိရသွားပြီး အားသနာလိုခံစားမိလေသည်။
သည်အချိန်တွင် ရဲမက်တစ်ယောက်က စီရင်စုရုံးတော်မှ ထွက်လာခဲ့သည်။ တရားသူကြီးမုန့်က သူတို့ကို အထဲဝင်ဖို့ ခေါ်ခိုင်းလိုက်သည်။
တရားသူကြီးမုန့်က ခန်းမထဲတွင် ထိုင်နေပြီး အမျိုးသမီးလျိုနှင့် တခြားသူများအား ဘေးက အဖြူရောင်ပိတ်စအောက်က လူမှာ ဝေ့ခမ်းဖျင် ဟုတ်မဟုတ် အတည်ပြုခိုင်းတော့သည်။
ဆောင်းရာသီတွင် အေးစိမ့်နေသည်။ ဝေ့ခမ်းဖျင် သေဆုံးသွားသည်မှာ ရက်တော်တော်ကြာပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က မပျက်စီးသေးချေ။ သူမသေခင်က ရုပ်အတိုင်း ရှိနေသေးသည်။
သူ့မျက်နှာ်သည် နာကျင်မှုကြောင်း လုံးဝပျက်စီးနေလေသည်။ မျက်လုံးနှစ်လုံးကလည်း ပြူးကျယ်ကာ ပွင့်နေ၏။ သူမသေခင် ကြောက်စရာကောင်းသည့်အရာကို မြင်ခဲ့ရသည့်နှယ်။
“အမလေး”
အမျိုးသမီးလျိုသည် ထိုမျက်နှာကို မြင်သွားပြီး ထိတ်လန့်သွားတော့သည်။ မကြာမီ သူမသည် ပြန်တည်ငြိမ်သွားတော့သည်။ သူမ၏နှုတ်ခမ်းကို ကိုက်ထားပြီး သူမရင်ထဲက ခံစားချက်အားလုံးကို ဖောက်ချချင်လိုက်သည့်နှယ် ထိုမျက်နှာကို စိုက်ကြည့်နေလေသည်။
ကျန်းချိန်လည်း အံ့ဩသွားတောသည်။
အာမခံဌာနခေါင်းဆောင်လီကတော့ ဝေ့ခမ်းဖျင်၏ အလောင်းကို တံတွေးထွေးလိုက်၏။ ဒါနဲ့ပဲတန်တယ်။
သူတို့သုံးယောက်က သည်အလောင်းသည် ဝေ့ခမ်းဖျင်ဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။
တရားသူကြီးမုန့်က ရုံးတော်တွင် စီရင်ချက်ကို ကြေညာလိုက်ပြီး အမှုပိတ်ကို ပိတ်လိုက်တော့သည်။
အားလုံးက စီရင်စုရုံးတော်မှ ထွက်လာချိန်တွင် ကိုယ်စီ၏အပြုအမူများက ကွဲပြားနေလေသည်။ ကျန်းချိန်က ဝမ်းသာနေသည်။ မကောင်းတာလုပ်ရင် မကောင်းတာပဲဖြစ်မှာပဲ။ အမျိုးသမီးလျိုကတော့ စိတ်အေးသွားသလို အနည်းငယ်လည်း ပြတ်သားလာခဲ့သည်။ အာမခံဌာနခေါင်းဆောင်လီတစ်ယောက်သာ ညိုးနွမ်းနေလေသည်။
သူက ကျန်းချိန်နှင့် တခြားသူများကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်ပြီး ပြန်တော့မည်ပြင်လိုက်၏။
ထိုအခိုက်တွင် ကောရွေ့က လူကြီးတစ်ယောက်နှင့် ရောက်လာပြန်သည်။ လူကြီးက ဆံပင်ဖြူနှင့် ကလေးဆန်ဆန် မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ တောက်ဝတ်ရုံအသစ်ကို ဝတ်ထားပြီး တော်တော်လေးကို သန့်ပြန့်လေသည်။
“အာမခံဌာနခေါင်းဆောင်လီ ခေါင်းဆောင်အိမ်က သခင်လေး နေမကောင်းဘူးလို့ ကျွန်တော် ကြားထားတယ်၊ ခုနက ကျွန်တော် ဘယ်သူနဲ့တွေ့ခဲ့လဲ မှန်းကြည့်ပါလား”
ကောရွေ့က ဝမ်းသာအားရနှင့် အာမခံဌာနခေါင်းဆောင်လီကို ပြောလေသည်။
“ မင်း ပြန်လာရဲသေးတယ်နော်”
အာမခံဌာနခေါင်းဆောင်လီက သူ့ကို လက်သီးဖြင့် ထိုးမည်ပြင်လိုက်လေသည်။
ကောရွေ့က မြန်မြန်ပြောလိုက်၏။
“ ဒါက နတ်ဆေးသမားတော်ဝူ ဗျ၊ နတ်ဆေးသမားတော်ဝူက ဒီနေရာကို ခရီးထွက်လာခဲ့တာတဲ့”
ပုံသဏ္ဌာန်မှာ သစ်တစ်ပင်နှင့်တူပြီး ဂုဏ်သတင်းမှာ အရိပ်တစ်ခုပမာ။ အာမခံဌာနခေါင်းဆောင်လီသည် သည်ရက်ပိုင်းတွင် နေရာတိုင်းက သမားတော်များကို ရှာဖွေနေခဲ့လေသည်။ သူသည်လည်း နတ်ဆေးသမားတော်ဝူ၏နာမည်ကို ကြားခဲ့ဖူးသည်။ ကောလာဟလသတင်းအရဆိုလျှင် သူသည် ဆေးပညာ၌ အင်မတန် တော်ပြီး သေသူကိုပင် ပြန်ရှင်အောင်လုပ်နိုင်သည်တဲ့။ သူသည် လီယန်၏ရောဂါကို ကုပေးဖို့ တောင်းဆိုချင်ခဲ့သော်လည်း နတ်ဆေးသမားတော်၏ တည်နေရာက လျှို့ဝှက်လွန်းလှသည်။ ထို့ကြောင့် သူမှာ အင်အားမရှိပေ။
အာမခံဌာနခေါင်းဆောင်လီ၏နှလုံးသည် အကြီးအကျယ် ခုန်သွားတော့သည်။ ဘုရားသခင်က သူတို့မိသားစုကို တကယ်ပဲ သနားညှာတာခဲ့တာလား။
သူသည် တောက်ဝတ်စုံနှင့် လူကြီးကို ကြည့်လိုက်လေသည်။
တောက်ဝတ်စုံနှင့် လူကြီးက သူ့ကို ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှ မပြောချေ။
နတ်ဆေးသမားတော်ဝူတွင် ထူးဆန်းသည့် အကျင့်စရိုက်တစ်ခုရှိသည်ဟု ဆိုကြလေသည်။
ခပ်လှမ်းလှမ်းတွင် ကျန်းယွင်ကျူးက လားလှည်းပေါ် ရောက်နေပြီဖြစ်သည်။ နတ်ဆေးသမားတော်ဝူ ဟူသည့် စကားကို ရုတ်တရက် ကြားလိုက်ရချိန်တွင် သူမက ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ လှမ်းကြည့်လိုက်ပြီးနောက်မှ သူမက ပြုံးလိုက်လေသည်။
“ ခင်ဗျားက တကယ်ပဲ နတ်ဆေးသမားတော်ဝူလား”
အာမခံဌာနခေါင်းဆောင်လီက တောက်ဝတ်စုံဝတ်ထားသည့် လူကြီးကို ဂရုတစိုက်မေးလိုက်လေသည်။
“ကျုပ် ဒီနေရာကို လှည့်ပတ်သွားလာခဲ့တာ၊ တာဝန်ခံကောနဲ့ ရေစက်တချို့ ရှိခဲ့တော့ ကျုပ်သူ့ကို လာကြည့်တာ”
တောက်ဝတ်စုံနှင့်လူကြီးက ပြောလိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီသည် စိတ်လှုပ်ရှားကာ တုန်ယင်သွားပြီး မြန်မြန်ပြောလိုက်တော့သည်။
“နတ်ဆေးသမားတော်ဝူရယ် ကျေးဇူးပြုပြီး ကျွန်တော့်သားလေးကို ကယ်ပေးပါ၊ သူက ငယ်ပါသေးတယ်…”
ရောဂါကို ကြည့်ပေးဖို့ လျန်၅၀၀ ကျမယ်”
တောက်ဝတ်စုံနှင့်လူကြီးက သူ့စကားကို ဖြတ်ပြောလိုက်လေသည်။
လျန်၅၀၀ က နည်းတဲ့ပမာဏတော့မဟုတ်ဘူး။ ဒါပေမဲ့ သူ့သားကို ကယ်ဖို့ဆိုရင်…
အာမခံဌာနခေါင်းဆောင်လီက သဘောတူတော့မည်ပြင်လိုက်စဥ် ကြည်လင်သည့်အမျိုးသမီး အသံတစ်ခုကို ရုတ်တရက်ထွက်လာလေသည်။
“ နတ်ဆေးသမားတော်ဝူက ရွှေသားတစ်ထောင်ပေးတောင် မကုသခဲ့ဘူးလို့ ပြောကြတယ်၊ ဘာလို့ လျန်၅၀၀ပဲလဲ”
ကျန်းယွင်ကျူးပင်။ သူမက လားလှည်းပေါ်က ဆင်းလာခဲ့သည်။ ဒီ ‘နတ်ဆေးသမားတော်ဝူ’လို့ ပြောနေတဲ့လူက တကယ့်ကို လူလိမ်တစ်ယောက်ပဲ။
တောက်ဝတ်စုံနှင့်လူကြီးက နှာခေါင်းရှုံ့လိုက်၏။
“ကောင်းပြီလေ၊ ဒါဆို ရွှေသားတစ်ထောင်၊ ရွှေသားတစ်ထောင်မှ မရရင် ကျုပ်မကုဘူး”
ထိုသို့ပြောလိုက်ပြီးနောက် သူက လှည့်ထွက်သွားရန် ပြင်လိုက်လေသည်။
…
အပိုင်း (၄၈) (ခ)
ကောရွေ့က သူ့ကို မြန်မြန် ပြန်ဆွဲထားလိုက်ပြီး
“ နတ်ဆေးသမားတော်ဝူရယ် မသွားပါနဲ့၊ ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်”
တောက်ဝတ်စုံနှင့်လူကြီးက ရပ်လိုက်ပြီး အာမခံဌာနခေါင်းဆောင်လီကို ကြည့်လိုက်လေသည်။
ရွှေသားတစ်ထောင်… အာမခံဌာနခေါင်းဆောင်လီသည် မူးနောက်သွားတော့သည်။ သူက ရွှေသားလျန် တစ်ထောင်ကို ဘယ်နားသွားရှာနိုင်မှာလဲ။
ကောရွေ့က ဆက်ပြောလိုက်၏။
“နတ်ဆေးသမားတော်ဝူရယ် စိတ်မဆိုးပါနဲ့၊ ကျွန်တော့်မျက်နှာကို ထောက်ပါအုံး၊ အာမခံဌာနခေါင်းဆောင်လီကို အခက်တွေ့အောင်မလုပ်ပါနဲ့ဗျာ”
ထို့နောက် သူက အာမခံဌာနခေါင်းဆောင်လီဖက် လှည့်လိုက်ပြီး
“အာမခံဌာနခေါင်းဆောင်လီ ခေါင်းဆောင်မှာလည်း မလွယ်ကူတဲ့အကြောင်း နတ်ဆေးသမားတော်ဝူကို မြန်မြန်ပြောပြလိုက်ပါ”
အာမခံဌာနခေါင်းဆောင်လီသည် နောက်ဆုံးကောက်ရိုးကို ဖမ်းဆုပ်ရတော့မည့်သယောင် ရှေ့သို့ တစ်လှမ်းတိုးမည် ပြင်လိုက်လေသည်။
“ အာမခံဌာနခေါင်းဆောင်လီ ဒါက တကယ်ပဲ နတ်ဆေးသမားတော်ဝူ ဟုတ်ရဲ့လား၊ ရှင် စဥ်းစားကြည့်နော်၊ ရုံးတော်က ရှေ့နားလေးတင်၊ တရားသူကြီးကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုကြည့်ပါလား၊ တကယ်လို့ နတ်ဆေးသမားတော်အစစ်ဆိုရင် တရားသူကြီးလည်း ဝမ်းသာနေလိမ့်မယ်”
ကျန်းယွင်ကျူးက ဖြတ်ပြောလိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီက စိတ်ပူနေမှန်း သူမ သိလေသည်။ သို့မဟုတ်လျှင် သူသည် ဒီလူလိမ်ကို အလွယ်တကူ ယုံကြည်လိမ့်မည်မဟုတ်ပေ။
သေချာပါသည်။ သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီးနောက် အာမခံဌာနေခေါင်းဆောင်လီသည် သတိပြန်ဝင်လာတော့သည်။ ဟုတ်သားပဲ။ ခုနက အပျော်လွန်သွားပြီး ဒီလူကြီးက အတု ဖြစ်နေမလားဆိုတာကို မစဥ်းစားခဲ့မိဘူး။
သူက လူကြီးကို မသင်္ကာသလိုကြည့်လိုက်လေသည်။
လူကြီးရဲ့အသွင်ပြင်ကို ကြည့်ရတာ ပညာရှင်တစ်ယောက်လိုပါပဲ။ ဒါပေမဲ့ ပညာရှင်တစ်ယောက်က ကောရွေ့လိုလူနဲ့ ရေစက်ပါတယ်တဲ့လား။
အာမခံဌာနခေါင်းဆောင်လီသည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ချက်ချင်းအာရုံခံမိသွားပြီး ကောရွေ့ကို စိုက်ကြည့်လိုက်တော့သည်။
ကောရွေ့သည် ကျန်းယွင်ကျူးကို အသေမုန်းသွားတော့သည်။ အောင်မြင်တော့မဲ့ ဟာကိုကွာ။ သူက ကျန်းယွင်ကျူးကို ဝါးစားမတတ်ကြည့်လိုက်ပြီး
“မင်းက မိန်းမတစ်ယောက်ပဲ၊ မင်းက ဘာနားလည်လို့လဲ”
“ကျွန်မ နားမလည်ပါဘူး၊ ဒါကြောင့် အာမခံဌာနခေါင်းဆောင်လီကို စီရင်စုတရားသူကြီးဆီ သွားမေးဖို့ ပြောခဲ့တာပေါ့” ကျန်းယွင်ကျူးက ပြန်ချေပလိုက်တော့သည်။
တောက်ဝတ်စုံနှင့်လူကြီးက အစပိုင်းတွင် မဆိုင်သလိုနေလိုက်သေးသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် သူက ဒေါသတကြီး ချက်ချင်း ထပြောတော့သည်။
“ မင်းက ငါ့ကို ဘာများထင်နေတာလဲ၊ ရွှေသားတစ်ထောင်မပြောနဲ့ ရွှေသားတစ်သောင်းဆိုရင်ရင် ငါမကုဘူး”
ထိုပြောလိုက်ပြီး သူက ဘေးကလမ်းကြားထဲ ထွက်သွားတော့သည်။
“အာမခံဌာနခေါင်းဆောင်လီ ခင်ဗျား”
ကောရွေ့က သူ့မျက်နှာပေါ်တွင် မုန်းတီးသည့်အကြည့်တစ်ခုနှင့် လူကြီးနောက် လိုက်သွားတော့သည်။
“အာမခံဌာနခေါင်းဆောင်လီ သတိထားနော်၊ သူတို့ကို ထွက်မပြေးစေနဲ့”
ကျန်းယွင်ကျူးက သတိပေးလိုက်၏။
အာမခံဌာနခေါင်းဆောင်လီက သတိပြန်ဝင်လာခဲ့သည်။
“ရပ်စမ်း” သူ အော်လိုက်လေသည်။
တောက်ဝတ်စုံနှင့် လူကြီးက ပိုပြီး မြန်မြန်လျှောက်သွားလိုက်သည်။ အပြစ်လုပ်ထားသည်မှာ သိသာလေသ်ည။ အခုတော့ သူ့တွင် ပြဿနာရှိနေမှန်း အားလုံးက သိလိုက်ကြသည်။
အာမခံဌာနခေါင်းဆောင်လီက သူ့နောက်သို့ ခြေလှမ်းကျဲများနှင့် လိုက်သွားလိုက်သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် သွေးများပင် အန်ထွက်တော့မည်။ ခုနက သူ့သားကို ကယ်တင်နိုင်တော့မယ်လို့ တကယ်ကြီး ထင်ခဲ့မိတာလေ။ ဘယ်သူက ထင်ထားမှာလဲ….
သည်အချိန်တွင် ကျန်းချိန်သည် ဖြစ်ပျက်နေသည်များကို နားလည်သွားပြီး ချက်ချင်း သွားရောက် ကူညီပေးတော့သည်။
သူက သူတို့ကို ကူညီတားဆီးပေးလိုက်၏။ အာမခံဌာနခေါင်းဆောင်လီက တောက်ဝတ်စုံနှင့်လူကြီးနှင့် ကောရွေ့တို့ကို လက်တစ်ဖက်စီတွင် ဖမ်းထားလိုက်ပြီး သူတို့ကို ရုံးတော်သို့ ချက်ချင်း ပို့လိုက်တော့သည်။
တရားသူကြီးမုန့်က မပြန်သေးချေ။ ထို့ကြောင့် အမှုကို ချက်ချင်းစတင်လိုက်တော့သည်။
အစပိုင်းတွင် လူကြီးက သူ့ကိုယ်သူ နတ်ဆေးသမားတော်ဝူဟု ဆိုသည်။ မေးခွန်းများ မေးခံလိုက်ရပြီး ဘာမှမပြောနိုင်တော့မှ သူသည် အမှန်ပင် နတ်ဆေးသမားတော်ဝူဖြစ်ကြောင်းနှင့် သူ့မျိုးရိုးနာမည်မှာ ဝူဖြစ်ပြီး နာမည်မှာ နတ်ဆေးသမားတော် ဖြစ်ကြောင်း ရှင်းပြလေသည်။
ဒီလိုနာမည်နဲ့ လူရှိလို့လား။ ကြည့်လိုက်တာနဲ့ ဒါက လှိမ့်လုံးမှန်း သိနေတာပဲ။
တရားသူကြီးမုန့်၏ အရိုက်ခံလိုက်ရပြီးမှ သူသည် နတ်ဆေးသမားတော်ဝူ၏ နာမည်ကို သုံးကာ ငွေလိမ်လေ့ရှိကြောင်း ဝန်ခံတော့သည်။ သည်တစ်ကြိမ်တွင် ကောရွေ့ကြောင့် အာမခံဌာနခေါင်းဆောင်လီထံ ချဥ်းကပ်ခဲ့ခြင်းဖြစ်သည်။
သူနှင့် ကောရွေ့နှစ်ယောက်လုံးကို အကျဥ်းချထားလိုက်တော့သည်။
အမှုက မရှုပ်ထွေးသော်လည်း အချိန်တော့ ပေးလိုက်ရသေးသည်။ ကျန်းချိန်နှင့် တခြားသူများသည် စီရင်စုရုံးတော်မှ ထွက်လာချ်ိန်တွင် အပြင်ဘက်က ကောင်းကင်က အုံ့မှိုင်းနေပြီး နှင်းများကျ ဆင်းနေလေသည်။
“ ကျုပ်ကို သတိပေးတဲ့အတွက် မိန်းကလေးကို ကျေးဇူးတင်ပါတယ်၊ ကျုပ် အလိမ်ခံလိုက်ရတော့မလို့”
အာမခံဌာနခေါင်းဆောင်လီက ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ကျန်းချိန်အား သူတို့ကို ကူညီဖမ်းပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
ကျန်းချိန်သည် သူ့ကလေးက နေမကောင်းဖြစ်နေပြီး စိုးရိမ်ရသဖြင့် သူက လက်ခါပြလိုက်သည်။
သူသည် လိယန်ကို မှတ်မိနေသေးသည်။ သူသည် တော်တော်လေး လိမ္မာသည့်ကလေးတစ်ယောက်ပင်။
“ သူက ငယ်ငယ်လေးကတည်းက ကျန်းမာရေး မကောင်းဘူးဗျာ”
အာမခံဌာနခေါင်းဆောင်လီက သူ့လက်သီးများကို တင်းနေအောင်ဆုပ်ထားလိုက်သည်။
အားလုံးက လမ်းခွဲလိုက်ကြ၏။ ကောင်းကင်က နှင်းများကလည်း သဲလာသည်။ ကျန်းချိန်က ကျန်းယွင်ကျူးကို သေချာထိုင်ခိုင်းလိုက်ပြီး သူက မြန်မြန်မောင်းပြန်လာခဲ့တော့သည်။ ဝူလင်စီရင်စုတွင် တောင်များစွာ ရှိလေသည်။ နှင်းများ ထူထပ်ချိန်တွင် တောင်ပေါ်လမ်းများက ချော်လေသည်။ ခရီးသွားဖို့ရန် ခက်ခဲလိမ့်မည်။
“သိပါပြီ အဖေ၊ ဂရုစိုက်ပါ့မယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။
သားအဖနှစ်ယောက်သည် ခဏအကြာတွင် မြို့မှ ထွက်လာခဲ့တော့သည်။ အလျင်လိုခြင်းတစ်ဝက် သတိတစ်ဝက်နှင့် မောင်းလာပြီး နောက်ဆုံးတွင် သူတို့သည် အန္တရာယ်ကင်းကင်းနှင့်် ပြန်ရောက်လာပြီး ရင်းနှီးပြီးသား ရွာလေးနှင့် လူတစ်ယောက်ကို တွေ့လိုက်ရတော့သည်။
သည်အချိန်တွင် ကောင်းကင်နှင့် မြေကြီးတို့သည် အဖြူရောင်အတိဖြစ်နေလေသည်။ ချန်ရှီရွာလမ်းဆုံတွင် လူတစ်ယောက် ရှိနေ၏။ သူသည် အဖြူရောင် သားမွေးဝတ်စုံကို ဝတ်ထားပြီး လောကကြီးနှင့် တသားတည်းဖြစ်နေသယောင်။ သူ့တွင် အထီးကျန်နေသည့် ဝံပုလွေတစ်ကောင်လို အထီးကျန်မှုအာရုံတစ်ခု ရှိနေပြီး လောကကြီးတွင် သူတစ်ယောက်တည်းရှိနေသည့်နှယ်။
ဖီးနစ်မျက်လုံးများနှင့် နီရဲနေသည့်နှုတ်ခမ်းများ။ မျက်လုံးများက မည်းနက်နေပြီး နှုတ်ခမ်းများက နီရဲနေသည်။ ဒါကပင် သည်လောကထဲက တစ်ခုတည်းသော အရောင်များဖြစ်နေသည့်နှယ်။
ကျန်းယွင်ကျူးသည် တဒင်္ဂအတွင်း မှင်တက်သွားလေသည်။ ရှန်ဖုန်းမင်ပဲ။ သူ အဖြူရောင်ဝတ်ထားတာ ပထမဆုံးတွေ့ဖူးတာပဲ။ သူအနက်ရောင်ဝတ်ထားတုန်းက အမြဲတမ်း ဓားတစ်လက်ကို အေးစက်နေပြီး လူတွေက သူ့ကို တိုက်ရိုက်မကြည့်အောင်ပဲ။ သူ အဖြူရောင်ဝတ်လိုက်တော့ တောင်ထိပ်က နှင်းပွင့်လိုပဲ။ အေးစက်နေသေးပေမဲ့ သူ့ရဲ့အင်မတန်ချောမောလွန်းတဲ့ အသွင်ကြောင့် လူတွေကို မကြည့်မလွှဲချင်တဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ပေးနေတယ်။
ရှန်ဖုန်းမင်က သူမကို တွေ့သွား၏။ သူ၏အသက်မပါသည့်အကြည့်က လှုပ်ရှားသွားပြီး မြင်းကို သူတို့ဘေးသို့ စီးလာလိုက်လေသည်။
သူ့လှုပ်ရှားမှုကြောင့် ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာတော့သည်။ ထို့နောက် သူမသည် မနေနိုင်တော့ဘဲ သူ့ကို လှမ်းကြည့်လိုက်လေသည်။ သူမသည် အမြဲတမ်း အလှအပများကို ကြည့်ရသည်ကို နှစ်သက်ခဲ့သည်။
ထပ်ကြည့်လိုက်၏။ ပန်းချီကားတစ်ချပ်နှင့် တူနေသည်။
ရှန်ဖုန်းမင်က သူမနားသို့ ရောက်လာခဲ့သည်။ ကျန်းယွင်ကျူးက ပြုံးပြလိုက်ပြီး
“ လူကြီးမင်းရှန်”
“နှင်းကျနေတယ်”
ရှန်ဖုန်းမင်၏ မျက်လုံးများက မသိမသာ မြင့်တက်သွားသည်။ သူ့အသံက အေးမြသည့် စမ်းချောင်းတစ်ခုလို တလွင့်လွင့်ထွက်လာလေသည်။
“အင်း”
ကျန်းယွင်ကျူက လှည်းပေါ်ကဆင်းလိုက်ပြီး ရှားပါးလှသည့် နှင်းကျနေသည့်မြင်ကွင်းကို ကြည့်ဖို့ရန် ကိုယ်ကို လှည့်လိုက်လေသည်။ အစောပိုင်းက နှစ်ကြိမ်လောက်ကျခဲ့သော်လည်း သည်လောက်မကြီးပေ။ သည်တစ်ကြိမ်တွင် နေရာတိုင်းကို နှင်းများ ဖုံးလွှမ်းထားလေသည်။ ထောင်ချီသည့် သစ်တော်ပန်းပွင့်များက ပွင့်လန်းနေသလိုပင်။
…