EJYZ အပိုင်း ၄၇

အပိုင်း (၄၇)

“ဖုန်းမင်”

ယန်ရှန့်က မြန်မြန် တစ်လှမ်းနှစ်လှမ်းလောက် တိုးသွားလိုက်ပြီး ရှန်ဖုန်းမင်၏ဘေးသို့ ရောက်သွားက တီးတိုးပြောလိုက်လေသည်။

“ မင်း တကယ်ပဲ ဒီလိုလုပ်ချင်တာလား”

ရှောင်းချီစုန့်ကို သ-တ်လိုက်ရင် ပြဿနာကြီးဖြစ်မှာလေ။

“ သူ့ကို မသ-တ်သင့်ဘူးလား”

ရှန်ဖုန်းမင်က သူ့ကို မေးလိုက်၏။

ဒါပေါ။ သ-တ်သင့်တာပေါ့။ ဒါပေမဲ့ ကိစ္စက သူ့သဘောနဲ့ လုပ်လို့မရတာလေ။

“ သူ့ကို သ-တ်ဖို့က မလွယ်ဘူးမလား”

မြို့တော်ကို ပြန်တဲ့လမ်းမှာ သူတို့သည် ပုံမှန်အတိုင်း နည်းလမ်းမျိုးစုံသုံးလိုက်ရတယ်။ ဘယ်သူမှ သတိမထားလိုက်ဘဲ ရှောင်းချီစုန့်ကို လက်စတုံးလိုက်လို့ရတယ်။ ဒါဆို ဘယ်သူကမှ သူတို့ခေါင်းပေါ်ကို အပြစ်မပုံချတော့ဘူးပေါ့။

ရှန်ဖုန်းမင်က သူပြောချင်သည့်စကားကို နားလည်လေသည်။ ဒါပေမဲ့ သူတို့တွေ အဲလိုလုပ်လိုက်ရင် သူတို့နဲ့ အဲဒီအပြစ်သားတွေကြားမှာ ဘာကွာခြားသွားတော့မှာလဲ။

သူ မလုပ်ချင်တဲ့ ကိစ္စရှိတွေသလို သူ လုပ်ကိုလုပ်ရမဲ့ ကိစ္စတွေလည်းရှိတယ်။

သူ့ပုံစံကို တွေ့လိုက်ရချိန်တွင် ယန်ရှန့်သည် သူ့အတွေးကို သဘောပေါက်သွားတော့သည်။ သူက သက်ပြင်းချလိုက်ပြီး တစ်ချိန်ထဲတွင် ပျော်ရွှင်သွားတော့သည်။

သူ ဘာလို့ သူ့နောက်ကိုပဲ ဆက်လိုက်နေခဲ့တာလဲ။ နေ့တိုင်း ‘ရုံးတော်ရဲ့လက်ကိုင်တုတ်’ ဆိုပြီး အဆဲဆိုခံဖို့လား။ ဒါမှမဟုတ် နေ့တိုင်း မိုးတွေလေတွေထဲမှာ ဓားဖျားက သွေးတွေပေနေဖို့လား။ ဘာလို့လဲဆိုတော့ သူ မလုပ်ရဲတာကို ရှန်ဖုန်းမင်က လုပ်ရဲလို့ပဲ။ သူ လုပ်ချင်ပေမဲ့ မလုပ်နိုင်တဲ့ ကိစ္စတွေကို ရှန်ဖုန်းမင်က လုပ်ပေးခဲ့တယ်။ ပြီးတော့ သူက ရမ်းသမ်းပြီး သ-တ်ခဲ့တာမဟုတ်ဘူး။

အမှောင်ထဲမှာ နေနေပေမဲ့ နှလုံးသားကတော့ အလင်းရောင်ဘက်ကို မျက်နှာမူနေတာ။ နှလုံးသားနောက် လိုက်ပြီး လွတ်လပ်တဲ့ဘဝတစ်ခုမှာ နေနေတာ။

ပင့်သက်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ယန်ရှန့်က ပြုံးပြလိုက်လေသည်။

“ကောင်းပြီ သူ့ကိုသ-တ်မယ်”

ယောက်ျားတစ်ယောက်အနေနဲ့ ဒီလိုပဲ ဖြစ်သင့်တာလေ။

သို့သော် မကြာလိုက်ပေ သူက တစ်ခုခုကို သတိရသွားပြီး ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။

“ ပြောပါအုံး၊ မိန်းကလေးကျန်းဆီမှာ စားပွဲထိုးလေးများ လိုနေမလား”

သူသာ အလုပ်ပြုတ်ခဲ့ရင် အလုပ်တစ်ခုတော့ ရနိုင်ပါသေးတယ်။ သူ့မှာ တခြားအရည်အချင်းတွေ မရှိပေမဲ့ သူ့လက်နဲ့ခြေထောက်တွေက တော်တော်လေးကို မြန်တာလေ။ ပြီးတော့ သူ့မှာ အရသာကောင်းကောင်းခံတတ်တဲ့လျှာတစ်ခု ရှိတယ်။

ရှန်ဖုန်းမင်က မျက်ခုံးများကို ပင့်လိုက်ပြီး သူ့ကို ခေါင်းအစခြေအဆုံး ကြည့်ကာ ပြန်ပြောလိုက်လေသည်။

“မစိုးရိမ်ပါနဲ့ မင်းကြီးက မင်းကို ဘာမှမလုပ်ပါဘူး”

ယန်ရှန့်က အော်ရယ်လိုက်တော့သည်။ သူ သိသားပဲ။ သူ့လို အကြီးအကဲတစ်ယောက် ရထားတာ ကံကောင်းတယ်လို့ ပြောရမယ်။ ပြဿနာတွေလုပ်ပြီး ဖြစ်လာတဲ့ကိစ္စကိုလည်း ရင်ဆိုင်နိုင်တယ်။ သူက ရှေ့ကိုပဲ ဆက်တက်နေဖို့လိုတာ။ တခြားကိစ္စတွေကို စဥ်းစားစရာမလိုဘူးလေ။

ရှောင်းချီစုန့်၊ လီချွန်နှင့် အစောင့် အစေခံတော်တော်များများသည် ရှေ့တန်းသို့ တွန်းပို့ခံလိုက်ရတော့သည်။

ရှောင်းချီစုန့်အမှုကို ကျီစန်းညန်အမှုတစ်ခုတည်းနှင့် သတ်မှတ်လို့မရပေ။ သူသည် သည်နှစ်များတွင် ယောက်ျား၊ မိန်းမများကို အနိုင်ကျင့်ခဲ့ပြီး ပြစ်မှုမျိုးစုံကိုလည်း ကျူးလွန်ခဲ့သည်။

လီချွန်က သူ၏အကြီးဆုံးကြံရာပါဖြစ်သည်။ သူ့တစ်ယောက်တည်းနှင့်တင် အသက်နှစ်ချောင်း ရှိနေသည်။ သူသည်လည်း ချက်ချင်းခေါင်းဖြတ်သ-တ်ခံရမည်။

ထိုအစောင့်များနှင့် အစေခံများသည် အရင်ကတည်းက ရှောင်းချီစုန့်နောက် လိုက်သူများဖြစ်သည်။ သူတို့ထဲက တစ်ယောက်မှ မသန့်ရှင်းကြပေ။ ခေါင်းဖြတ်သ-တ်ရမည်။

သူ့နောက်လိုက်သည့် လူသစ်သုံးယောက်သာ ရှိသည်။ သူတို့ကို ကြိမ်ဒဏ်အချက်၄၀နှင့် ၁၀နှစ်ထောင်ချလိုက်သည်။

ရှောင်းချီစုန့်မှာ ကြောက်လန့်လွန်းသဖြင့် ချက်ချင်းပင် ဘောင်းဘီထဲ သေးပေါက်ချတော့သည်။ သူ့နှုတ်ခမ်းများက အချိန်အကြာကြီး လှုပ်ရှားနေသော်လည်း စကားတစ်ခွန်းပင် ပြီးအောင်မပြောနိုင်ပေ။

လီချွန်သည် အစပိုင်းက ထိုအဖြစ်ကို မယုံနိုင်ခဲ့ပေ။ သို့သော် ခေါင်းဖြတ်ဓားကို မ,လာသည်ကို မြင်လိုက်ချိန်တွင် ကြောက်လန့်ပြီး ဖြူဆုတ်သွားတော့သည်။

“ မင်းတို့ ကျုပ်ကို သ-တ်လို့မရဘူး၊ ကျုပ်မှာ မင်းကြီး ချီးမြှင့်ထားတဲ့ ရွှေနဂါးအမိန့်ပြားရှိတယ်”

“ မင်းကြိးက မင်းကို အပြစ်တင်ပြီး ဝမ်ရယ်က မင်းကို ပြဿနာရှာမှာမကြောက်ဘူးလား”

“အရာရှိရှန်၊ ကျုပ်က အမိန့်ကို လိုက်နာရုံပါ၊ အားလုံးက ရှောင်းချီစုန့်ရဲ့ စိတ်ကူးတွေပါ၊ ကျေးဇူးပြုပြီး ကျုပ်ကိုလွှတ်ပေးပါ”

“အရာရှိရှန်….”

ထိုနေရာတွင် ထိန်းချုပ်ခံထားရသည့် တချို့အစောင့်နှင့် အစေခံများသည် ကြောက်လန့်ပြီး သတိလစ်ကုန်ကြတော့သည်။ တချို့က မကျေနပ်ချက်များကို အော်ဟစ်နေကြသည်။ ဘာမှမပြောနိုင်ဘဲ စိတ်လွတ်သွားကြသူများလည်း ရှိလေသည်။

အရင်တုန်းက ရက်စက်လိုက်တာမှလွန်ရော။ အခုကျတော့လည်း ကြောက်တတ်နေလိုက်ကြတာ။ သူတို့လည်း ကြောက်ရမဲ့အချိန် ရှိသေးတာကိုး။

အရိုက်ခံခဲ့ရသူသုံးယောက်သည် ရှန်ဖုန်းမင်က သူတို့ကို သတိရသွားမည်စိုးပြီး သူတို့၏ဒေါသများကို မအော်ရဲကြပေ။

ဓားများကို အမြင့်ဆုံးထိ ဆွဲတင်လိုက်ပြီး တစ်ချက်အလွဲတွင် ပြန်ကျလာတော့သည်။ ခေါင်းများသည် မြေပေါ်သို့ လိမ့်ကျကုန်လေသည်။ သွေးများကလည်း မီတာအနည်းငယ်အထိ လွင့်စဉ်သွားတော့သည်။

“အားးး ဟား ဟား ဟား….”

ကျီစန်းညန်သည် ဘေးတွင်ရှိနေ၏။ သူမသည် လူအများကြီးကို သ-တ်ခဲ့သည်။ သူတို့အားလုံးသည် အကျင့်ပျက်အရာရှိများ ဖြစ်လျှင်တောင် ခွင့်မလွှတ်နိုင်သည့် ပြစ်မှုတစ်ခုပင်။

သို့သော် သူမက လုံးဝစိတ်မပူပေ။ ရှောင်းချီစုန့်၏သွေးများက သူမရှေ့က မြေကြီးပေါ်သို့ လာစင်လေသည်။ လောကတွင် အလှပဆုံးအရောင်တစ်ခုဟု တွေးမိလိုက်သည်။ အမှန်ပင် လှပသည့်ပန်းတစ်ပွင့်ပင်။

“အဖေ၊ ရှောင်ဇဲ့ တွေ့လိုက်လားဟင်၊ ဟား ဟား ဟား…”

သူမက ငိုရင်းမှ အော်ရယ်လိုက်လေသည်. ရုတ်တရက်ဆိုသလို သူမက မတ်မတ်ထိုင်လိုက်ပြီး ရှန်ဖုန်းမင်ရှိရာဘက်သို့ တရိုတသေဒူးထောက်လိုက်ပြီး မြေပေါ်မှောက်ကျသွားလေသည်။

“ကျေးဇူးတင်ပါတယ် အရာရှိမင်း”

ဒီလောကမှ တရားမျှမှုက ရှိနေသေးတာပဲ။ ဒါပေမဲ့ သူမ သူနဲ့ စောစောမတွေ့ခဲ့တာ နှမြောစရာကောင်းလိုက်တာ။

ယန်ရှန့်က သက်ပြင်းချလိုက်၏။ ဒီလောကမှာ မတရားမှုတွေ အများကြီးရှိနေသေးတယ်။ ချီလင်သက်တော်စောင့်ဌာနမှာ အချိန်အကြာကြီးနေလာပြီး ဒီလိုကိစ္စတွေကို အများကြီး မြင်ခဲ့ပြီးနောက်ပိုင်း သူ ဘဝဆိုတာကို စပြီး သံသယဖြစ်ခဲ့မိတယ်။ တကယ်တော့ သူတစ်ယောက်ထဲ မဟုတ်ပါဘူး။ ရုတ်တရက်ဝမ်းနည်းလာပြီး လမ်းတစ်ဝက်မှာတင် ရပ်လိုက်တဲ့ ချီလင်သက်တော်စောင့်တွေလည်း မကြာခဏဆိုသလိုရှိခဲ့တယ်။ လူ့နှလုံးသားက ဘယ်လောက်တောင် အကျည်းတန်လိုက်သလဲ။ ဒီလောကကြီးက တကယ်ပဲ ထိုက်တန်လို့လား။

သည်အချိန်တွင် သူသည် ခုနက ကျန်းယွင်ကျူး၏ စားပွဲထိုး လုပ်မည့်အကြောင်း ပြောခဲ့သည်ကို သတိရသွားလေသည်။ ဒါက ဟာသတစ်ခုဆိုပေမဲ့ သူမနဲ့ နေပြီး သူမချက်ထားတဲ့ အစားအသောက်တွေ စားနေရတာက ပျော်စရာကောင်းတယ်လို့ ခံစားရတယ်။

ရုတ်တရက်ဆိုသလို ယန်ရှန့်သည် တစ်ခုခုမူမမှန်သည်ကို သတိထားမိလိုက်တော့သည်။ ကျီစန်းညန်ရဲ့ ခန္ဓာကိုယ်က လဲနေတာ မဟုတ်ဘူးလား။

အဘိုးကြီးဝူကလည်း တစ်ခုခုလွဲနေမှန်း သတိထားမိလိုက်သည်။ သူက ကျီစန်းညန်ဆီ လျှောက်သွားလိုက်ပြီး သူမကို တွန်းလိုက်ရာ သူမ၏ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် သွေးများရွှဲနေသည်ကို တွေ့လိုက်ရတော့သည်။

သူသည် သူမ၏အသက်ရှူသံကို မြန်မြန် စစ်ဆေးလိုက်ပြီးနောက် သူ့ခေါင်းကိုခါပြလိုက်တော့သည်။

ကျီစန်းညန်သည် ဒဏ်ရာရထားသူ ဖြစ်သည်။ ထို့အပြင် သူမသည် အမျိုးသမီးတစ်ယောက်လည်း ဖြစ်သည်။ ချီလင်သက်တော်စောင့်များက သူမကို မချည်နှောင်ထားပေ။ သူမက တစ်ချိန်တည်းတွင် သူမ၏အင်္ကျီလက်ထဲ၌ ကတ်ကြေးတစ်လက်ကို ဝှက်ထားခဲ့သည်။ သည်အခိုက်မှာပင် သူမက သေဆုံးသွားတော့သည်။

သို့သော်ငြား သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေလေသည်။ သူမ၏အမူအရာက အေးချမ်းနေသည်။ သူမသည် မသေဆုံးဘဲ အိပ်ပျော်နေကာ အလွန်မှလှပသည့်အိပ်မက်တစ်ခုကို မက်နေသယောင်။

မှုန်ရီဝိုးတဝါးအနေအထားတွင် သူမသည် ဟန်ရှောင်ဇဲ့ကို တွေ့လိုက်ရသည်။ သူသည် သူမ မှတ်မိနေသည့်အတိုင်း သိမ်မွေ့ချောမောနေသည်။

သူက မြင်းတစ်ကောင်စီးပြီး ရောက်လာသည်။ ပြုံးပြရင်း သူ့လက်ကို သူမဆီသို့ ကမ်းပေးလိုက်သည်။

သူမက သူ့လက်ကို ကိုင်လိုက်ပြီး သူ့မြင်းပေါ် ထိုင်လိုက်လေသည်။

သူတို့သည် အတူတူ ရှေ့ဆက်သွားလိုက်ကြပြီး ဘယ်တော့မှ ထပ်မခွဲကြတော့ပေ။

“သခင်မ”

သည်အချိန်တွင် စုန့်လီသည် ကုသမှုခံယူပြီး နိုးလာခဲ့သည်။ ကျီစန်းညန်ကို ဤသို့တွေ့လိုက်ရသောအခါ သူသည် ငိုယိုပြီး သူမ၏ သေဆုံးပြီးသား ခန္ဓာကိုယ်ရှေ့တွင် မှောက်ချလိုက်တော့သည်။

သူသည် သူမ၏ခန္ဓာကိုယ်ကို မထိရဲပေ။ သူမသည် သူ့စိတ်ထဲတွင်တော့ အမြဲတမ်း ဖြူစင်ပြီး အပြစ်ကင်းလေသည်။

သူက မရပ်မနား ဦးချလိုက်ပြီး ရှန်ဖုန်းမင်အား သူမ၏အလောင်းကို သခင်လေးဟန်၏ အုတ်ဂူဘေးတွင် မြှုပ်နှံပေးဖို့ တောင်းဆိုနေတော့သည်။ ဒါသည် သူမ၏နောက်ဆုံး ဆန္ဒမှန်း သူ သိထားသည်။

“ကောင်းပြီ”

ရှန်ဖုန်းမင်က သဘောတူလိုက်၏။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် နောက်ဆက်တွဲကိစ္စများကို အများအပြား ဖြေရှင်းရအုံးမည်။ အဘိုးကြီးဝူက စကားတစ်ခွန်း နှစ်ခွန်းရေရွတ်လိုက်ပြီး အရင်ထွက်လာခဲ့လိုက်သည်။

သူသည် ရှန်ဖုန်းမင်နှင့် ချီလင်သက်တော်စောင့်များကို သဘောမကျသေးပေ။ ကျန်းယွင်ကျူးဘက်ကသာ ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။

နှစ်လမ်းလောက် ကျော်လာပြီးနောက်တွင် တခြားဖက်မှ လာနေသည့်လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။ ထိုလူက ဝါးစိမ်းရောင်းဝတ်ရုံတစ်ထည်းကို ဝတ်ထားသည်။ သည်လိုညိုးနွမ်းဖွယ် ဆောင်းရာသီတွင် သူသည် လရောင်ကဲ့သို့ တောက်ပနေသည်။ ကုယန်ကျိူးမှ မဟုတ်လျှင် မည်သူဖြစ်ပါအုံးမည်နည်း။

အဘိုးကြီးဝူက ထိုနေရာတွင် ရပ်လိုက်ပြီး ကုယန်ကျိုးက ခေါင်းအစ ခြေအဆုံးကြည့်နေလိုက်သည်။ မျက်နှာလေးက ကျောက်စိမ်းတစ်ခုလို၊ မျက်လုံးတွေကလည်း ကြယ်လေးတွေလိုပဲ။ တော်တော် ချောတာပဲ။ သူက အရပ်မြင့်မြင့်နဲ့ ပြီးပြည့်စုံတဲ့ အချိုးအစားတစ်ခု ရှိတယ်။ အထူးသဖြင့် အဲဒီသေးသွယ်တဲ့ ခါးနဲ့ ရှည်လျားတဲ့ခြေထောက်တွေပေါ့။ သူ့အတွေ့အကြုံအရဆိုရင် အဲဒီနယ်ပယ်က သူ့အရည်အချင်းက လုံးဝကို မှားနိုင်စရာမရှိဘူး။

တစ်ယောက်တည်းအမြင်အရဆိုရင် သူ့မှာ နှစ်လိုဖွယ်ကောင်းတဲ့အကျင့်စရိုက်တစ်ခု ရှိတယ်။ ဉာဏ်ကောင်းပြီး ပါးနပ်တယ်။ ကျောက်စိမ်းသခင်လေးတစ်ယောက်လိုပဲ။ ရေခဲတုံးတစ်ခုလို အေးအေးစက်စက်နဲ့ အဲဒီရှန်မျိုးနွယ်နဲ့ တခြားစီပဲ။ သူ့ကို ကြည့်လိုက်တာနဲ့ နွေရာသီမှာ ရေအေးလေးတောင် သောက်ဖို့မလိုဘူး။

အဘိုးကြီးဝူက ခေါင်းတွင်တွင် ညိတ်လိုက်လေသည်။ သူ့အမြင်အရဆိုလျှင် ကုယန်ကျိုးသည် နေရာတိုင်းတွင် ထူးချွန်သည်ဟု ဝန်ခံရလိမ့်မည်။

အပိုင်း (၄၇) (ခ)

ကုယန်ကျိုးက အဘိုးကြီးဝူကို တွေ့သွားပြီး အပြုံးတစ်ခုနှင့် မေးလိုက်လေသည်။

“အဘိုးဝူ ဒီကို ဘာလို့ရောက်နေတာလဲ”

သူ့အပြုံးက အဖြူရောင်ဆီးပန်းပွင့်နှင့် နှင်းများ ကျလာသကဲ့ပင်။ သူ့ချောမောမှုနှင့်တင့်တယ်မှုတို့ကို အားဖြည့်ထားလေသည်။

ကုယန်ကျိုးသည် ကျောင်းတော်သို့ သွားခဲ့ခြင်း ဖြစ်သည်။ အမှန်တွင်တော့ အခုချိန် ကျောင်းတွင် လေ့လာစရာ မရှိတော့ပေ။ သူက ဆရာနှင့် ရှေးဟောင်းစာအုပ်တချို့ကို လေ့လာနေခြင်းသာ။

အဘိုးဝူက သူ့လက်ကို ဖမ်းဆွဲလိုက်ပြီး

“ သွားစို့၊ ငါနဲ့လိုက်ပြန်ခဲ့”

“ ဟာ အဘိုး၊ ဘယ်သွားမလို့လဲ”

“ငါတို့တွေက ဘယ်သွားနိုင်အုံးမှာလဲ၊ မေးစရာမလိုသေးလို့လား၊ ငါ မြင်သလောက်တော့ မင်းက အဲလောက်တောင် မပါးနပ်ဘူး”

အဘိုးကြီးဝူက ညည်းညူလိုက်သည်။

ကုယန်ကျိူး : တစ်ယောက်ယောက်က သူ့ကို မပါးနပ်ဘူးလို့ပြောတာ ပထမဆုံးပဲ။

သည်အချိန်တွင် ကျန်းယွင်ကျူးက အားလုံးကို ပြင်ဆင်သွားပြီးခဲ့သည်။ ကံအားလျော်စွာ တစ်ချိန်က ချက်ပြုတ်ဖို့ရန် မီးဖိုချောင်သုံးပစ္စည်းများကို ဝယ်ထားခဲ့သည်။ သို့မဟုတ်လျှင် သူမသည် အသုံးပြုရန် သင့်တော်သည့်ပစ္စည်းများကို ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။

“သူဌေး နေ့လယ်စာ ငါးချက်မလို့လား”

ရွှယ်ကျင်းသည် ဇလုံထဲက လတ်လတ်ဆတ်ဆတ် ငါးကြင်းနှစ်ကောင်ကို ကြည့်လိုက်ပြီး တောက်ပသည့်မျက်လုံးများနှင့် ကျန်းယွင်ကျူးကို မေးလိုက်လေသည်။

“အင်း ဒီငါးက ကျွန်မတို့စားဖို့လေ၊ ရောင်းဖို့မဟုတ်ဘူး” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

“ ကျွန်တော် ဒီငါးနှစ်ကောင်ကို ကိုင်လို့ရမလား၊ သူဌေးက ကျွန်တော့်ကို သင်ပေးလို့ရပါတယ်”

ရွှယ်ကျင်းက ပြောလိုက်၏။

ကျန်းယွင်ကျူး :…. အရမ်းကို စိတ်အားထက်သန်လွန်းနေတဲ့ အလုပ်သမားတစ်ယောက် ရထားတာ ဘာနဲ့တူပါလိမ့်။ သူမသည် ခေါင်းသာ ညိတ်ပြနိုင်တော့သည်။

ရွှယ်ကျင်းက ငါးနှစ်ကောင်ကို ယူလိုက်ပြီး ပါးဟပ်ကို ဖယ်လိုက်ကာ ကြေးခွံခြစ်ပြီး ဝမ်းဗိုက်ကို ခွဲလိုက်ကာ ငါးဗိုက်ထဲက အနက်ရောင်အလွှာနှင့် ငါးပေါ်က ညှီနံ့အကြော ကျွမ်းကျွမ်းကျင်ကျင် ဖယ်လိုက်လေသည်။

ကျန်းယွင်ကျူးသည် ခုနက မေးခွန်းအတွက် အဖြေရသွားသလို ခံစားလိုက်ရတော့သည်။ အရမ်းမိုက်တာပဲ။ သူမကိုယ်တိုင် ဘာမှလုပ်စရာမလိုဘဲ အံ့ဩစရာကောင်းလောက်အောင် ပြီးသွားတယ်။

ဒီလိုဆိုရင်တော့ သူမက ရွှယ်ကျင်းကို သင်ပြပေးချင်သွားပြီ။

“နောက်တစ်ဆင့် ကျွန်တော်တို့ ဘာလုပ်ရမှာလဲ”

ရွှယ်ကျင်းက ငါးကို စင်းနှီးတုံးပေါ်တွင်တင်လိုက်ပြီး ကျန်းယွင်ကျူးကို လေးလေးစားစား မေးလိုက်လေသည်။

“ ကြက်သွန်မြိတ်နည်းနည်း၊ ချင်းနည်းနည်း၊ ကြက်သွန်ဖြူနဲ့ နံနံပင်ကို လှီးပြီး ဒီငါးနှစ်ကောင်ကို နှပ်ထားလိုက်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ”

ရွှယ်ကျင်းက ချက်ချင်း စတင် ခုတ်ဖြတ်လိုက်သည်။

ငါးကို နှပ်ပြီးနောက် ကျန်းယွင်ကျူးက ကောင်းပင်ကို ကြည့်လိုက်ပြီး အရင်ဆုံးနေ့လယ်ခင်း ထမင်းဘူးအများကို လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

“သူဌေး ကျွန်တော် ဘာလုပ်ရမလဲ”

သူမက တခြားဟင်းများကို လုပ်တော့မည်ဟု ကြားလိုက်ရသောအခါ ရွှယ်ကျင်းသည် ပိုလို့ပင် စိတ်လှုပ်ရှားလာတော့သည်။

ကျန်းယွင်ကျူးက ထိန်းမထားတော့ဘဲ သူ့ကို အသားကို ဆီထည့်ပြီး၊ အသီးအရွက်များကို ရေနွေးဖျောခိုင်းကာ တခြားအလုပ်များကို ခိုင်းလိုက်လေသည်။ သည်အလုပ်မျိုးက အရည်အချင်းတချို့ လိုအပ်သည်။ အသားကို မာသွားအောင်လုပ်လို့မရပေ။ အသီးအရွက်များကို အကျက်လွန်အောင် မချက်ရပေ။ ပုံမှန်ဆိုလျှင် ကျန်းယွင်ကျူးက လုပ်ခဲ့သော်လည်း အခုတော့ ထိုအလုပ်ကို ရွှယ်ကျင်းအား လွဲပေးလိုက်သည်။ သူမသည် အများကြီးပိုလွယ်ကူသွားတော့သည်။

ချက်ပြုတ်ရင်း သူမက ရွှယ်ကျင်းကို ဝက်ခေါက်ကို ပြီးနီရဲကာ ပျော့ပြောင်းနေအောင် ကြော်ချက်နည်း စသည်တို့လို ချက်ပြုတ်နည်း အကြံပြုချက်နှင့် ကြိုတင်သတိထားရမည့်အရာများကို ပြောပြလိုက်သည်။

ရွှယ်ကျင်းသည် ပထမတစ်ခွန်းကို ကြားလိုက်ချိန်တွင် သူ့စိတ်ထဲ၌ အကြိမ်ကြိမ် နှုတ်ဆိတ်ကာ ပြန်ရွတ်လိုက်ပြီး စိတ်ထဲတွင် မြန်မြန်မှတ်သားထားလိုက်လေသည်။ ဒုတိယစကားကို ကြားလိုက်ချိန်တွင် သူသည် ရတနာတစ်ခုကို တွေ့လိုက်ရသလို ခံစားလိုက်ရတော့သည်။ တတိယတစ်ခွန်းကို ကြားလိုက်ရချိန်တွင်တော့ ကျန်းယွင်ကျူးက သူ့ကို အမှန်ပင် သင်ပြပေးနေမှန်း သိလိုက်ရကာ စိတ်လှုပ်ရှားသွားတော့သည်။

ရှေးအခါက အရည်အချင်းတစ်ခုကို လေ့လာဖို့ရာ လုံးဝမလွယ်ကူပေ။ ရွှယ်ကျင်းကို ဥပမာပြုရလျှင် သူသည် သူ့ဆရာနောက် အသက် ၇နှစ်ကတည်းက လိုက်ခဲ့ရသည်။ သူသည် ဆရာအတွင် လက်ဖက်ရည်၊ ရေများကို ယူပေးရပြီး၊ အဝတ်အစားများကို လျှော်ဖွတ်ပေးရကာ ဆီးအိုးများကို သွန်ပေးရသည်။ သူ့ဆရာက သူ့ကို စတင်သင်ကြားပေးဖို့ရာ အချိန်သုံးနှစ်တိတိ ပေးခဲ့ရသည်။

ခြောက်နှစ်လောက် သင်ကြားခဲ့ပြီးနောက် သူက သူ့ဆရာအတွက် ခြောက်နှစ် အလုပ်လုပ်ပေးခဲ့ရသည်။

သည်လိုနှင့် သူ့ဆရာ၏ပညာများ၏ ခြောက်ဆယ်ရာခိုင်းနှုန်းကို သူ့ကို လက်ဆင့်ကမ်းပေးခဲ့သည်။ ကျန်တာကိုတော့ လုံးဝ မလွှဲပေးခဲ့ချေ။ တပည့်ကို အကုန်သင်ပေးလိုက်လျှင်ဆရာက ထမင်းငတ်သေလိမ့်မည်တဲ့။

ကျန်းယွင်ကျူးကတော့ မတူချေ။ သူမက လခလည်းပေးသလို ပညာများကိုလည်း သင်ကြားပေးသည်။ ရွှယ်ကျင်းသည် ကျေးဇူးမတင်ဘဲ အဘယ်မှာရှိပါမည်နည်း။ သူသည် အလုပ်မကြိုးစားဘဲ အဘယ်မှာရှိပါမည်နည်း။

သည်ဟင်းပွဲများထဲတွင် ရွှယ်ကျင်းသည် ဟင်းပွဲတချို့ကို တခါမှမကြားခဲ့ဖူးချေ။

သူသည် အလွန်စိတ်ဝင်တစားကြည့်နေပြီး ဟင်းနှစ်မျိုးကို ချက်ချင်း လေ့ကျင့်ချင်သွားတော့သည်။

သည်ဟင်းပွဲများကို ပြင်ဆင်ပြီးသွားသည့်နောက်တွင် အမျိုးသမီးချန်နှင့် တခြားသူများက တာဝန်ယူပြီး အစားအသောက်များကို ပို့ဆောင်ပေးလိုက်သည်။ ကျန်းယွင်ကျူးတွင် လုပ်စရာမရှိတော့ပေ။ သူမက ငါးနှစ်ကောင်ကို ကြည့်လိုက်ပြီး အဆင်သင့်တော့မည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက ငါးဟင်းကို စလုပ်ဖို့ ပြင်ဆင်လိုက်လေသည်။

သည်အချိန်တွင် အဘိုးကြီးဝူသည် ကုယန်ကျိူးနှင့် ပြန်ရောက်လာခဲ့သည်။

“အဘိုး”

ကျန်းယွင်ကျူးက သူသည် ကုယန်ကျိုးနှင့် ဘာကြောင့်ရှိနေရသနည်းဟု စဥ်းစားမိလေသည်။

“ ငါ ဒီကလေးကို သဘောကျတယ်၊ နောက်ဆိုရင် ငါ့နောက် လိုက်ခွင့်ပေးထားလိုက်”

အဘိုးကြီးဝူက ပြောလိုက်၏။

ကျန်းယွင်ကျူး: … သူမစဥ်းစားနေတာက အဘိုးကြီးဝူက ကုယန်ကျိုးကို ဉာဏ်ကောင်းတယ်လို့ ထင်ပြီး သူ့တပည့်အဖြစ် လက်ခံချင်တာလို့ ထင်တာလေ။

ကုယန်ကျိုး : အဘိုးကြီးဝူက ဘာတွေပြောနေလဲဆိုတာ နားမလည်တော့ဘူး။

“နေ့လယ်စာ ဒီမှာစားလိုက်၊ အရသာရှိတဲ့ဟင်းတွေရှိတယ်”

အဘိုးကြီးဝူက ကုယန်ကျိုး၏ပခုံးကို ပုတ်လိုက်သည်။

ကုယန်ကျိုးက လူကြီးနောက် လိုက်လာသည်မှာ ကောင်းသွားသည်ဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။

အားလုံးက ပျော်ရွှင်နေသယောင်။

အဘိုးကြီးဝူက မီးဖိုဆောင်သို့ ဝင်သွားလိုက်ပြီး နှပ်ထားသည့် ငါကြင်းနှစ်ကောင်ကို တွေ့သွားတော့သည်။

“ဒီလိုငါးမျိုးက လုံးဝ မနူးညံ့ဘူးနော်၊ မင်းဘယ်လို ချက်မှာလဲ”

“ငါးကင်မလို့ပါ”

ကျန်းယွင်ကျူးက စကားပြောရင်း စတင် အလုပ်လုပ်လိုက်တော့သည်။

“ငါးကင်ဟုတ်လား”

အဘိုးကြီးဝူနှင့် ရွှယ်ကျင်းတို့သည် မနေနိုင်တော့ဘဲ ရေရွတ်လိုက်ကြတော့သည်။ ငါးကြင်းကို ကင်တာ မကြားဖူးပါဘူး။ အားလုံးက ငါးကြင်းဖြူနဲ့ ကကတစ်ငါးကိုပဲ ကင်စားကြတာပါ။ ငါးကြင်းအသားက ထူတယ်လေ။ ကင်ပြီးသွားရင် အရသာရှိနိုင်ပါ့မလား။

“ လုပ်ပြီးသွားရင် သိလာပါလိမ့်မယ်”

ကျန်းယွင်ကျူး လုပ်ချင်သည့်အရာမှာ ခေတ်သစ်နာမည်ကြီး ငါးကင်စွပ်ပြုတ်ဖြစ်လေသည်။ ဒဏ္ဍာရီအရ သည်ဟင်းကို ဝမ်ချင်းယဲ့ မိသားစုက အမျိုးသမီးတစ်ယောက်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ အခုတော့ မရှိတော့ပေ။

ဒီလို ငါးကင်မျိုးက ဟော့ပေါ့နဲ့ တူတယ်လေ။ ဒီရာသီဥတုမှာ စားဖို့ အသင့်တော်ဆုံးပဲ။

သူမက ထိုသို့ပြောလိုက်ချိန်တွင် အဘိုးကြီးဝူနှင့် ရွှယ်ကျင်းတို့သည် အလွန်စိတ်ဝင်စားသွားပြီး ဘေးက စောင့်ကြည့်နေကြတော့သည်။

ကုယန်ကျိူးကပင် ‘ လူကြီးလူကောင်းတစ်ယောက်က မီးဖိုဆောင်နဲ့ ကင်းကင်းနေရမယ်’ ဟူသည့် နာမည်ကျော်အဆိုကို မေ့သွားသည့်နှယ် ဘေးကတန်းစီပြီး ကြည့်နေလေသည်။

အရင်ဆုံး ငါးကို ခြစ်ရပေးပြီး မီးသွေးမီးဖိုပေါ်မှာ ကင်လိုက်သည်။ တူးမသွားအောင် အပူချိန်ကို သေချာဂရုစိုက်ရသည်။ ကင်နေရင်း ငါးပေါ်တွင် ဆီလိမ်းပေးဖို့ စောင့်ကြည့်ရသည်။

အပြင်ဘက်တွင် မဲလားပြီး အတွင်းဖက်တွင် နူးညံ့လာသည်အထိ ငါ့ကို ကင်ရသည်မှာ အချိန်ဆယ်မိနစ်ခန့် ကြာသည်။ ပြီးလုနီးပါးဖြစ်လာသည်။

သည်အချိန်တွင် အိုးကို အပူပေးပြီး အိုးထဲတွင် ဆီပူလောင်းထည့်လိုက်သည်။ အိုးထဲသို့ ကြက်သွန်ဥနီ၊ ချင်း၊ ငရုတ်ပွ၊ ရေမုန်ညင်း နှင့် တခြားပါဝင်ပစ္စည်းများ ထည့်လိုက်သည်။

ကြော်ချက်နေရာမှာ တစ်စီစီမြည်သံထွက်နေ၏။ မီးတောက်တစ်ခုနှင့်အတူ အိုးထဲက လေပူတစ်ခု လှိုက်တက်လာလေသည်။ မွှေးရနံ့နှင့် အစပ်အရသာနံ့တစ်ခုက လူတိုင်း၏နှာခေါင်းထဲ တိုးဝင်သွားတော့သည်။

ကျန်းယွင်ကျူးက မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များကို ကြော်ချက်ကာ စွပ်ပြုတ်ကို လောင်းထည့်လိုက်သည်။

တစ်ချိန်ထဲတွင် ဘေး၌ မီးသွေးမီးဖိုနှစ်ခုကို တည်ထားလိုက်သည်။ မီးဖိုပေါ်တွင် သံပြားနှစ်ခုကို တင်ထားလိုက်သည်။

စွပ်ပြုတ် ဆူပွက်လာသည်နှင့် ငါးကင်များကို သံပြားပေါ်တွင် တင်လိုက်သည်။ တစ်ချိန်ထဲတွင် အာလူး၊ ကြာဆံ၊ မှို။ မုန်လာထုပ် စသည်များကို ထည့်လိုက်သည်။ ထို့နောက် သံပြားပေါ်တွင် ချက်ပြုတ်ပြီးသား စွပ်ပြုတ်ကို လောင်းချလိုက်သည်။ မွှေးရနံ့အပြည့်နှင့် ငါးကင်တစ်ကောင်…

“ ခဏလေးစောင့်နော်၊ အရသာက စိမ့်ဝင်ဖို့လိုသေးတယ်၊ ပြီးရင်တော့ စားလို့ရပါပြီ” ကျန်းယွင်ကျူးက ပြောလိုက်သည်။

အဘိုးဝူ၏ပါးစပ်ထဲတွင် သွားရည်များ ထွက်လာတော့သည်။ သည်လိုငါးကင်မျိုးကို ပထမဆုံး မြင်ဖူးခြင်းပင်။ ကင်ပြီး ဆူအောင် တည်ထားခြင်းဖြစ်သည်။ ဟော့ပေါ့နှင့်တူသလို ဟော့ပေါ့နှင့်လည်း မတူပေ။

ကုယန်ကျိုး၏မျက်လုံးထဲတွင် အံ့ဩရိပ်များ ထွက်လာတော့သည်။ ဒီလိုငါးကင်နည်းကို တကယ်ပဲ လုံးဝ မကြားဖူးဘူး။

ရွှယ်ကျင်းက အလွန်မှ စိတ်လှုပ်ရှားနေခဲ့သည်။ သူ့သူဌေးမှာ အမှတ်အသားဟင်းအမျိုးအစားပေါင်း ဘယ်လောက်တောင် ရှိတာလဲ။ ဘာလို့ တစ်ခုပြီးတစ်ခု ထွက်လာတာလဲ။ ကျန်းယွင်ကျူး၏ စားဖိုမှူးလုပ်ရန် သဘောတူလိုက်ခြင်းက သူ့ဘဝတွင် ဉာဏ်အရှိဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။

အဘိုးကြီးဝူက စားပွဲများကို ကူညီပြင်ဆင်ပေးလိုက်သည်။ သည်ဘက်တွင် ကျန်းယွင်ကျူးက ပဲနှစ်အရသာငါးကင်ကို လုပ်နေသည်။

ခဏအကြာတွင် ငါးကင်ဟင်းနှစ်မျိုးသည် စားပွဲပေါ် ရောက်နေပြီဖြစ်သည်။ စွပ်ပြုတ်လည်း စတင်ဆူပွက်လာသည်။

“ဘယ်လိုအရသာရှိတဲ့ဟာမျိုးလဲ”

ယန်ရှန့်က တံခါးက ဝင်လာချိန်တွင် စိုးရိမ်တကြီးနှင့် မေးလိုက်လေသည်။ သူသည် အဝေးကြီးကနေတောင် အနံ့ရနေပြီလေ။ အရမ်းမွှေးတာပဲ။

“ငါးကင် ထားတာ၊ လာမြည်းပါအုံး ကွေးနေသည့် မျက်ခုံးများနှင့် ကျန်းယွင်ကျူးက ပြောလိုက်လေသည်။

အစားအသောက်က ထူးဆန်းသည့်အနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ လေပူကြားထဲက သိပ်သည်းသည့် ပျော်ရွှင်မှုက ချက်ချင်းဆိုသလို အအေးဓာတ်နှင့် မြူနှင်းများကို မောင်းထုတ်လိုက်သည့်နှယ်။

ရှန်ဖုန်းမင်က အခန်းသည် အလွန်မှ နွေးထွေးနေသည်ဟုသာ ခံစားမိတော့သည်။ နွေးထွေးလွန်းသဖြင့် သူ့မျက်ခုံးနှင့် မျက်လုံးများသည် မသိမသာမြင့်တက်သွားတော့သည်။

ယန်ရှန့်က အံ့ဩတကြီးပြောလိုက်လေသည်။

“ ဒါက ငါးကင်လား၊ ဘာလို့ အဲလောက်တောင် အရသာရှိနေတာလား၊ မြန်မြန် စားရအောင်”

ဘဝကြီးက အလွန်မှလှပသွားသည်ဟု ခံစားလိုက်ရလေသည်။

စားသောက်ရန် အချိန်ကျလာပြီ။ အဘိုးကြီးဝူက ငါးဗိုက်သားကို ချက်ချင်း ညှပ်လိုက်လေသည်။ ငါးဗိုက်သားတွင် အရိုးကြီးတစ်ခုသာ ရှိသည်။ ထို့အပြင် အဆီအပြည့်ပါနေသည်။ ငါးတွင် အသားအကောင်းဆုံးအပိုင်းဖြစ်ဟု ဆိုနိုင်လေသည်။

သူ့ပါးစပ်ထဲ တန်းထည့်လိုက်ပြီး သူ့မျက်လုံးများက ချက်ချင်း ဝိုင်းစက်သွားတော့သည်။ တကယ်ဟ။ အရသာရှိလွန်းလို့ ပေါက်ထွက်သွားပြီ။

အဲဒီထွက်လာတဲ့အရည်ပူပူလေး။ အစပ်အရသာ။ ပြီးတော့ သူ့ပါးစပ်ထဲမှာ ပေါက်ထွက်သွားတဲ့ ငါးကင်အရသာ။

အထူးသဖြင့် ငါးအရေခွံ။ ပျော့ပြောင်း အိစက်ပြီး တင်းတင်းလေး။ ဟင်းရည်အရသာအပြည့်ပဲ။ ပုံမှန်ငါးကင်တွေနဲ့ ဒါကို နှိုင်းယှဥ်လို့မရဘူး။

“ဒီငါးကင်က အရသာရှိနေရောပဲ” သူက ချီးကျူးစကား ပြောလိုက်လေသည်။

ယန်ရှန့်က ငါးကို မြန်မြန် ညှပ်လိုက်၏။ သူ ယူလိုက်သည့်အရာမှာ ငါးအမြီးပိုင်း ဖြစ်နေသည်။ ငါးမြီးပိုင်း၏အသားမှာ နူးညံ့သောလည်း အရိုးများသည်။ သို့တိုင် ကျန်းယွင်ကျူး လုပ်ထားသည့် ငါးကင်ထဲတွင် အရိုးသေးသေးလေးတစ်ခုပင် မတွေ့ရပေ။ လတ်ဆတ်ပြီး နူးညံ့သည့်အရသာတစ်ခုသာ ကျန်ခဲ့လေသည်။

သူသည် စားလိုက်ပြီးနောက်တွင် နေသာထိုင်သာရှိသွားသလို သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ဒီလို အေးတဲ့နေ့မျိုးမှာ ငါးကင်တစ်အိုး စားရတာ။ ဒါက ဘဝပဲ။

ရှန်ဖုန်းမင်က ငါးကို စားလိုက်သည်။ တမူထူးခြားသည့် အရသာက သူ့ကို အနည်းငယ် မှင်တက်အံ့ဩသွားစေတော့သည်။

တစ်ကိုက်လောက် စားပြီးနောက် ကုယန်ကျိုးသည် အဘိုးကြီးဝူနှင့် လိုက်လာခဲ့သည်မှာ မှန်သွားသည်ဟု ခံစားလိုက်ရလေသည်။

ငါးကို စားရသည့်အပြင် တွဲဖက်ဟင်းများလည်း ရှိသေးသည်။ ဟင်းပွဲထဲတွင် တွဲဖက်ဟင်းတချို့ ရှိနေသည်။ ထို့အပြင် ကျန်းယွင်ကျူးက စားပွဲပေါ်တွင် အရံဟင်အမျိုးမျိုးကို ပြင်ဆင်ပေးထားသည်။ အားလုံးက သူတို့အကြိုက်အတိုင်း စားနိုင်သည်။ ဒါက အနည်းငယ် ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေတော့သည်။

တွဲဖက်ဟင်းကငါးကင်အရသာ ပါသည့်အပြင် သူတို့ကိုယ်ပိုင်အရသာများလည်း ရှိနေသည်။ လူများကို မနားတမ်းစားအောင် လုပ်နေတော့သည်။

ငါးနှစ်ကောင်နှင့် စားပွဲအပြည့်ဟင်းကို ပြောင်စင်အောင် စားလိုက်ကြသည်။ ထိုအခါမှ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် သည်လောက်အရသာရှိသည့် ငါးကို သာမန်ငါးကြင်းဖြင့် လုပ်ထားကြောင်း သိလိုက်ရတော့သည်။

“ဒီငါးကင် တစ်ခုထဲနဲ့တင် မိန်းကလေးကျန်း မြို့တော်မှာ စားသောက်ဆိုင်တစ်ခု ဖွင့်လို့ရနေပြီ”

ယန်ရှန့်က မှတ်ချက်ပေးလိုက်၏။

သူပြောလိုက်သည့်စကားက အနည်းငယ် ချဲ့ကားပြောခြင်းပင်။ သို့တိုင် ကျန်းယွင်ကျူးကတော့ သဘောကျလေသည်။ အစားအသောက် ချစ်သူများသည် စားဖိုမှူးများ၏ ရပ်တည်ချက်ပင်။

စားသောက်ပြီးနောက် အဘိုးကြီးဝူက ကုယန်ကျိုးကို အတူတူ စကားပြောဖို့ ဆွဲထားပြီး ကျန်းယွင်ကျူးကို မကြာခဏဆိုသလို စကားနည်းနည်း ပြောလေသည်။ သူက သူမကို ခဏလောက် အတူတူ ထိုင်ပြီး အနားယူဖို့ပြောလိုက်သည်။

အခန်းထဲတွင် ယန်ရှန့်သည် ရှန်ဖုန်းမင်နှင့် မြို့တော်ကို ပြန်မည့်ကိစ္စကို တိုင်ပင်နေသည်။ ဟုတ်ပါသည်။ မြို့တော်ကို ပြန်ရမည်။ ရှောင်းချီစုန့် သေဆုံးသွားသည့်သတင်းက မြို့တော်သို့ ပျံ့သွားလိမ့်မည်။ မင်းကြီးကလည်း ထိုကိစ္စကို ရှင်းပြရန် ရှန်ဖုန်းမင်နှင့်သူ့ကို မြို့တော်သို့ သေချာပေါ် ပြန်ခေါ်လာ မေးလိမ့်မည်။

သည်ကိစ္စကို ယန်ရှန့်က သိပ်မစိုးရိမ်ပေ။ ရှန်ဖုန်းမင်တွင် တန်ပြန်အစီအစဥ်များ ရှိပြီးသားပင်။

တစ်ခုက သည်နေရာတွင် ကျန်းယွင်ကျူး ရှိနေခဲ့ခြင်းပင်။ သူသည် ခြံထဲက လူသုံးယောက်ကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်လေသည်။

“ ဒီတစ်ခါတော့ ငါတို့တွေ ထပ်ပြီး ဒီအတိုင်း ထွက်သွားလို့မဖြစ်ဘူး”

သူသည် ရှန်ဖုန်းမင်အတွက် စိတ်ပူနေခြင်းပင်။ တစ်ဖက်လူက တစ်နေရာထဲမှာ စောင့်နေမှာ မဟုတ်ဘူးလေ။ တစ်နေ့ကျရင် သူမက တစ်ယောက်ယောက်နဲ့ လက်ထပ်သွားမှာပဲ။ အဲဒီအချိန်ကျမှတော့ သူက ဘာလုပ်မှာလဲ။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset