EJYZ အပိုင်း ၄၁

အပိုင်း (၄၁)

ကျန်းယွင်ကျူးတို့အဖွဲ့သည့် အိမ်သို့ပြန်လာပြပြီး နေ့လယ်စာချက်ပြုတ်ရန် ချက်ချင်း ပြင်ဆင်လိုက်ကြသည်။ ဖန်းလောင်စစ်နှင့် သူ့မိန်းမတို့သည်လည်း သွက်သွက်လက်လက် ရှိလှသည်။ သူတို့သည် အလုပ်တိုင်းကို အားတက်သရာ သဲကြီးမဲကြီးလုပ်ကြလေသည်။ ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့သည် ပိုပြီးသက်သာလာတော့သည်။

ချက်ပြုတ်နေစဥ် ထိုလူငယ်လေး ကုချီဖုန်းက ထပ်ရောက်လာပြန်သည်။ သူသည် ခြံထဲက ဟင်းရနံ့များကို ရှူရှိုက်လိုက်ပြီး မီးဖိုဆောင်ထဲတွင် အလုပ်များသည့် ကျန်းယွင်ကျူးကို သွားရည်တမြားမြားနှင့် ပြောလိုက်တော့သည်။

“ အစ်မ ကျွန်တော့်ကို ငှားလို့ရပါတယ်၊ ကျွန်တော် လခအများကြီး မလိုချင်ပါဘူး၊ ကျွန်တော့်ကို တစ်လ ၂လျန်ပဲပေးပါ၊ မဟုတ်ဘူး၊ ၁လျန်ပဲပေး”

ကျန်းယွင်ကျူးက သူ့ကို အချိန်ပေးကာ ပြည့်လိုက်ပြီး တွေဝေမနေဘဲ ငြင်းလိုက်တော့သည်။

“မငှားဘူး”

သူ့အသက်အရွယ်လေးနဲ့ ကလေးအလုပ်သမား ဖြစ်သွားမှာပေါ့။ ပြီးတော့ သူ့မိသားစုက သူ့ကို စာလေ့လာပြီး တော်ဝင်စာမေးပွဲ ဖြေစေချင်နေတာကို။ သူ့ကို ငှားလိုက်ရင် ပြဿနာရှာသလို ဖြစ်သွားမှာပေါ့။

“ဒါဆို ကျွန်တော် တစ်ပြားမှမလိုဘူး၊ ဟုတ်ပြီလား၊ အစ်မက ကျွန်တော့်ကို တစ်ရက် သုံးနပ်ကျွေးရင် ရပြီ” ကုချီဖုန်းက ပြောလိုက်သည်။

“ ဒါလည်း မရဘူး” ကျန်းယွင်ကျူးက ပြောလိုက်၏။

ကုချီဖုန်းသည် သူမက သူ့ကို မငှားဖို့ရာ ဆုံးဖြတ်ထားမှန်း နားလည်သွားတော့သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ့မျက်လုံးများက ဝေ့သွားပြီး တစ်ချက်အကြည့်တွင် ရုတ်တရက်ဆိုသလို ကျန်းလင်ကို သတိထားမိသွားတော့သည်။ သူက ချက်ချင်း ထိုနေရာသို့ ရောက်သွားတော့သ်ည။

သူသည် ကျန်းလင်နှင့် ရွယ်တူနီးပါး ဖြစ်လေသည်။ မကြာလိုက်ပေ နှစ်ယောက်သားက ခင်မင်သွားကြပြီး သူငယ်ချင်းလို စကားဖောင်ဖွဲ့နေကြတော့သည်။

ကျန်းလင်က အစားအသောက်များ ပြင်ဆင်ပေးရင် အလုပ်များနေစဥ် သူက ကူညီပေးသည်။ ကျန်းလင်နှင့် ဖန်းလောင်စစ်တို့က လှည်းကိုတွန်းပြီး အစားအသောက်သွားပို့ချိန်တွင် သူက နောက်မှ လိုက်သွားသည်။

ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်ပြီး အမျိုးသမီးချန်ကို ကြည့်လိုက်လေသည်။

“ ဒီလိုလုပ်မယ်လေ၊ သူတို့မိသားစုကို နောက်မှ သွားပြောပြီး သူတို့ကို လာခေါ်ခိုင်းလိုက်မယ်”

“အင်း” အမျိုးသမီးချန်က သဘောတူလိုက်၏။

ကျန်းယွင်ကျူးက သူ့ကို ဆက်ပြီး အာရုံမစိုက်တော့ပေ။ သူက ဆယ်ကျော်သက်လေး တစ်ယောက်ပဲလေ။ နှစ်ရက်လောက်နေရင် ငြီးငွေ့သွားပြီး သူ့ဟာသူ ထွက်သွားမှာပါ။

နေ့တိုင်း ကျန်းအိမ်၏ အချက်အပြုတ်နှင့် အစားအသောက်ပို့ခြင်းအလုပ်က စစ်ပွဲတစ်ခု တိုက်နေရသည့်နှယ်။ သည့်နေ့ ဖန်းလောင်စစ်နှင့် သူ့မိန်းမတို့ရှိနေ၍သာ ပိုပြီးလွယ်ကူလာခဲ့သည်။ အမျိုးသမီးချန်သည် ကျန်းယွင်ကျူးက သူမ လုပ်သည့်အရာတိုင်းတွင် အကျိုးအကြောင်းသင့်သည်ကို ပိုပိုပြီး ခံစားမိလာခဲ့သည်။

ကျန်းယွင်ကျူးက ပိုပြီးအေးဆေးသက်သာ ဖြစ်ချင်ခဲ့သည်။ စားသောက်ပြီးနောက် သူမက ကျန်းချိန်ကို ပြောလိုက်၏။

“ အဖေ စီရင်စုမြို့ကို ခဏလောက်သွားပြီး လှည်းတစ်စီးလောက် သွားဝယ်ကြရအောင်၊ ပြီးတော့ သမီးလည်း မြို့မှာ သင့်တော်တဲ့ စာဖိုမှူးတစ်ယောက်လောက် ရှာချင်သေးတယ်၊ မြို့ရောက်တုန်းက ဝက်အူနဲ့ ဝက်သားနည်းနည်းလောက် ဝယ်ကြမယ်”

ဝက်အူချောင်းလုပ်ရန်အတွက် ဖြစ်သည်။

ဝက်အူချောင်းက စားလို့မရသေးခင် ရက်အနည်းငယ်လောက် အခြောက်ခံထားဖို့ရန် လိုအပ်သည်။ ဒါကို ကြိုပြီးလုပ်ထားမှရမည်။

ယန်ရှန့်၏ အမှာစာအတွက် လျန်၂၀တွင် ကျန်းယွင်ကျူးက ပုံမှန်စျေးနှင့် ၇-၈လျန်လောက် ရှာနိုင်သည်။ သူနှင့် ရှန်ဖုန်းမင်တို့က ဝေ့ခမ်းဖျင် ကိစ္စကို ကူညီပေးခဲ့သည်ဟု ကျန်းယွင်ကျူးက သေချာမသိသော်လည်း သူမက သူ့ကို ပိုကောင်းသည့်အရောင်းအဝယ်တစ်ခု လုပ်ပေးဖို့ ဆုံးဖြတ်ထားသည်။

သည်နည်းဖြင့် သူတို့သည် ၄-၅လျန်လောက် ရှာနိုင်မည်။ လှည်းတစ်စီးဝယ်ဖို့ရန်အတွင် လိုတာထက်တောင် ပိုသေးသည်။

ကျန်းချိန်၏ မျက်နှာသည် အံ့ဩမှုအပြည့်ဖြစ်သွား၏။ လှည်တစ်စီးသာရှိရင် သူ လုပ်ငန်းကြီးတစ်ခုကို လုပ်နိုင်တော့မှာပဲ။

“ ဪ ဟုတ်သားပဲ တစ်ရှိသေးတယ်၊ ခဏနေကျရင် အဘိုးကိုလည်း သမီးတို့နဲ့အတူခေါ်သွားကြမယ်၊ သူ့မျက်လုံးကို သမားတော်နဲ့ ပြကြည့်ချင်တယ်”

ကျန်းယွင်ကျူးသည် သည်ကိစ္စကို သူမ၏စိတ်ထဲတွင် အမြဲထည့်ထားခဲ့သည်။ သို့သော် သူမ၏မိသားစုသည် အရင်က ခက်ခဲခဲ့သဖြင့် သူမမှာ ဒီစကားကို မပြောနိုင်ခဲ့ပေ။

အခုတော့ ဒီကိစ္စကို လုပ်ရမည့်အစီအစဥ်ထဲ ထည့်ထားသင့်သည်။

ထိုစကားကို ကြားလိုက်ရပြီးနောက် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် နှစ်သိမ့်မှုရသွားသလို တစ်ချိန်ထဲတွင် မလုံမလဲ ဖြစ်သွားတော့သည်။ သူတို့တွေ ဘာလို့ ဒီကိစ္စကို မတွေးခဲ့မိကြပါလိမ့်နော်။ လူတစ်ယောက်ရဲ့သားသမီးအနေနဲ့ သူတို့တွေ လျစ်လျူရှုထားခဲ့မိတယ်။

အမှန်တွင်တော့ သူတို့ကို အပြစ်ဆိုလို့မရပေ။ သူတို့သည် အစောပိုင်းနှစ်များက သမားတော်တစ်ယောက်နှင့် အဘိုးကို ပြခဲ့ကြသေးသည်။ သို့သော် ဆေးသောက်ပြီးနောက်တွင်ပင် ပြန်မကောင်းလာခဲ့ချေ။

နောက်ပိုင်း အဘိုးချန်က ကုသမှု မခံယူချင်တော့ပေ။ ထို့ကြောင့် သူက လွှတ်ထားလိုက်တော့သည်။

အခုတော့ ဘဝက ပိုကောင်းသည်ထက် ပိုကောင်းလာခဲ့ပြီ။ အမျိုးသမီးချန်က အဘိုးချန်အတွက် သမားတော်ကောင်းတစ်ယောက် ရှာပေးရန် အမှန်တကယ်အချိန်ကျလာပြီဟု ခံစားလိုက်မိသည်။

သူတို့သုံးယောက်က အဘိုးချန်ဆီ အတူတူသွားလိုက်ကြပြီး သူ့ကို သည်အကြောင်း ပြောပြလိုက်လေသည်။

သူ့အတွက် သူတို့က အများအပြားစဥ်းစားပေးသည်ကို သိလိုက်ရသဖြင့် အဘိုးချန်က နှလုံးသားထဲတွင် နွေးထွေးသွာတော့သည်။ သို့သော် သူက လက်ယမ်းပြလိုက်၏။ နှစ်တွေအကြားကြီးနေလာပြီးပြီလေ။ သူ ဒါကို နေသားကျနေပါပြီ။ သူနေနိုင်ရင်လည်း နောက်နှစ်နည်းနည်းပါးပါးပေါ့။ ဒီတော့ အဲဒီငွေတွေကို ဘာလို့ အလကားအကုန်ခံနေမှာလဲ။

အမှန်ပင်။ ကျန်းချိန်တို့သုံးယောက်က လက်မခံကြပေ။ သူတို့သည် အဘိုးချန်ကို အတူတူ ဆွဲခေါ်လာခဲ့ကြတော့သည်။

အရင်ဆုံး လှည်းတစ်စီး သွားဝယ်ကြမယ်။ လူတစ်ယောက်မှာ ငွေရှိရင် ကိစ္စတွေက ဖြေရှင်းရ ပိုလွယ်တာပဲ။ တော်တော်ကြီးမားသည့် ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ကြသည်။ ကျန်းချိန်က လှည်းတစ်စီးကို ချက်ချင်း သဘောကျသွားသည်။ သူတို့တွင် တိုက်တိုက်ဆိုင်ဆိုင် လားလည်းပါလာခဲ့ကြသည်။ လှည်းကို စမ်းဆင်ကြည့်လိုက်ကြသည်။ ကွက်တိပင်။

“ဒါဆို ဒီလှည်းပဲ ယူလိုက်မလား”

ကျန်းချိန်က ကျန်းယွင်ကျူးကို စုံးစမ်းသလိုမေးလိုက်၏။

ကျန်းယွင်ကျူးကလည်း အဆင်ပြေသဖြင့် သူတို့က ဆိုင်ရှင်ကို ၄လျန်ပေးလိုက်လေသည်။

ဒီတစ်ခါတော့ သူတို့သည် လားလှည်းတစ်စီး ပိုင်သွားကြပြီ။ ကျန်းချိန်က လားလှည်းကို မောင်းလာခဲ့သည်။ ကျန်းယွင်ကျူးနှင့် အဘိုးချန်တို့က လှည်းထဲတွင် လိုက်ပါလာပြီး မြို့တောင်ဘက်သို့ ဝမ်းသာအားရ ထွက်လာခဲ့လိုက်ကြသည်။

သူတို့သည် ခုနက ဆိုင်ရှင်းထံတွင် စုံစမ်းခဲ့ပြီး မြို့၏အကောင်းဆုံးသမားတော့မှာ ထာဝရသက်ရှည်ဆေးခန်းက သမားတော်ကျင်း ဖြစ်လေသည်။ သူသည် မြို့တော်က ပြန်လာပြီး သူ့ဆေးပညာကလည်း ထူးခြားသည့်ဟု ကြားခဲ့ရသည်။

ကျန်းယွင်ကျူးက သည်တစ်ခေါက်သွားလျှင် သမားတော်နှင့်တွေ့ရဖို့ မျှော်လင့်ထားလေသည်။ အဘိုးချန်က နားထောင်နေလိုက်ပြီး သူ့စိတ်တို့က အနည်းငယ် လှုပ်ရှားသွားလေသည်။ မျက်လုံးမြင်နေရာမှ ရုတ်တရက် မမြင်ရတော့ခြင်းမှာ သာမန်လူနားလည်နိုင်စွမ်းထက် ကျော်လွန်သည့် နာကျင်မှုတစ်ခုပင်။

သူသည် မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး လောကကြီးကို တစ်ဖန်ပြန်ကြည့်နိုင်လျှင် သူသည် နောင်တကင်းကင်းနှင့် သေနိုင်ပြီဟု ခံစားမိသည်။

မြို့၏ အကောင်းဆုံးသမားတော်ဆိုသည့်အတိုင်း သမားတော်နှင့်တွေ့ရဖို့ ငွေ ၁လျန်ပေးရသည်။ ထို့အတွက် လူတန်းရှည်ကြီးတစ်ခုကလည်း ရှိနေသည်။

“ မပြတော့ဘဲ ပြန်ကြစို့လေ” အဘိုးချန်က နောက်ဆုတ်ချင်သည်။

“အဖေ ကျွန်တော်တို့ ဒီအထိတောင် ရောက်လာခဲ့ပြီးပြီလေ”

ကျန်းချိန်က ရှေ့နှင့်နောက်ကလူများကို ကြည့်လိုက်ပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။

“ အဖေ ဒီမှာ တန်းစီနေလိုက်မယ်၊ သမီးက အဘိုးကို လှည်းဆီခေါ်သွားပြီး ခဏသွားနားလိုက်၊ အဖေတို့အလှည့် ရောက်ရင် သမီးကို ခေါ်လိုက်မယ်”

သူသည် လက်ရှိတွင် ပျော်ရွှင်ဖွယ်ကိစ္စများကြောင့် စိတ်အားတက်ကြွနေပြီး တစ်ယောက်ထဲ စကားပြောလိုက်လေသည်။

ဆောင်းတွင်းဆိုရင် လမ်းပေါ်မှာက အေးပြီး လေကလည်း ကြမ်းတယ်လေ။ ဒီနေရာမှာ မလှုပ်မရှားဘဲ ရပ်နေရင် ခဏလောက်နေတာနဲ့ အအေးမိသွားလိမ့်မယ်။ ကျန်းချိန်သည် သူ့ကိုယ်သူ ကျန်းမာသည်ဟု ခံစားမိပြီး မစိုးရိမ်ပေ။ သို့သော် ကျန်းယွင်ကျူးနှင့် အဘိုးချန်တို့က ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

ကျန်းယွင်ကျူးက လက်ခံလိုက်ပြီး အဘိုးချန်ကို တွဲကာ လှည်းဆီသို့ပြန်လာခဲ့ကြသည်။

သူတို့နှစ်ယောက်သည် လှည်းပေါ်တွင် ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ထပ်လှည်းတစ်စီး ရောက်လာပြီး သူတို့ဘေးတွင် ရပ်လိုက်လေသည်။

လှည်း၏ခန်းဆီက မြင့်တက်သွားပြီး မိန်းမလှလေးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ထိုမိန်းမလှလေးသည် အသက်၂၀လောက်သာ ရှိသေးပြီး တိမ်စိုင်ဆံထုံးနှင့် နဖူးကျယ်ကာ သွယ်လျလျမျက်ခုံးများ ပိုင်ဆိုင်ထားသည်။ နူးညံ့သိမ်မွေ့သည့် အလှမယ်လေးတစ်ယောက်ပင်။ သူမသည် ကုရှီနတ်သမီးနှင့် တူလှသည်။ အထူးသဖြင့် သူမသည် အဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး ခေါင်းတွင် အဖြူရောင်ပန်းများကို ပန်ထားလေသည်။ သူမသည် တစ်စုံတစ်ယောက်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် လုပ်ပေးနေသယောင်။ သူမသည် ပိုပြီးမြင့်မြတ်ထူးခြားဖွယ် စိတ်ခွန်းအားပေးနေသည့်နှယ်။

ရှုထောင့်ကြောင့် ကျန်းယွင်ကျူးသည် သူမ၏မျက်နှာကို မြင်လိုက်ရလေသည်။ သူမသည် နှစ်ခါပြန်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ နောက်ဆုံး အားလုံးက ချောမောသည့် လူများကို မြင်ရသည်ကို သဘောကျကြလေသည်။

ကျီစန်းညန်ကလည်း ကျန်းယွင်ကျူးကို တွေ့လိုက်သည်။ သူမသည် အခိုက်တန့် အေးခဲသွားပြီးနောက် ကျန်းယွင်ကျူးကို ခေါင်းညိတ်ပြလိုက်ကာ ခပ်ရေးရေးအပြုံးတစ်ခု ပြုံးပြလိုက်လေသည်။

ကျန်းယွင်ကျူးက အနည်းငယ် အံ့ဩသွားတော့သည်။ သူမကို ကြည့်ရတာ ရင်းနှီးလို့ မလွယ်တဲ့ပုံပါပဲ။ သူမက သူ့(မ)ကို အဲလော က်သဘောကောင်းပြလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။

သူ(မ)ကလည်း သူမကို နေရောင်အောက်က စမ်းချောင်းပမာ ပြန်ပြုံးပြလိုက်လေသည်။

ကျီစန်းညန်က မျက်နှာလွဲလိုက်ပြီး ဆေးညွှန်းကို ထုတ်လိုက်ကာ လှည်းမောင်းသမားကို လှမ်းပေးလိုက်ပြီး

“စုန့်လီ ဆေးသွားယူလာခဲ့”

“ဟုတ်ကဲ့ပါ သခင်မ” စုန့်လီက ဆေးညွှန်းကို ယူလိုက်ပြီး ထာဝရသက်ရည်ခန်းမထဲ ဝင်သွားလိုက်သည်။

ထို့နောက်တွင် လှည်းခန်းဆီးက ပြန်ကျသွားလေသည်။

ကျန်းယွင်ကျူးက သည်ကိစ္စကို စိတ်ထဲမထားလိုက်ချေ။ သည်အတိုင်း လမ်းကြုံတွေ့လိုက်ခြင်းပင်။

လှည်းထဲတွင် ထိုင်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လမ်းတစ်ဖက်က ဖက်ထုပ်ပြုတ်ဆိုင်ကို သတိထားမိသွားသည်။ ဖက်ထုပ်ရောင်းသူမှာ ငယ်ရွယ်သည့် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အလွန်ဖြူစင်ပြီးသိမ်မွှေ့လှသည်။ ဖြူဖွေးသည့်အသားအရေနှင့် တော်တော်လည်းလှသည်။

ဖက်ထုပ်ပြုတ်စားနေသူများနှင့် ဖြတ်သွားဖြတ်လာများက သူမကို မကြာခဏဆိုသလို ကြည့်တတ်ကြသည်။

ကျန်းယွင်ကျူးက အံ့ဩသွားသည်။ ဒီနေ့ဘာဖြစ်နေတာပါလိမ့်။ ချောမောတဲ့သူတွေနဲ့ပဲ တွေ့နေရတာပဲ။

သူမသည် အလုပ်များနေသည့် အမျိုးသမီးငယ်လေးနှင့် အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်အိုး ကြည့်ရင်း သူမသည် နောက်ထပ်တိုးချဲ့ရန် စီရင်စုမြို့သို့ လာလျှင်ကောင်းမလားဟု စဥ်းစားလိုက်လေသည်။ မိုင်းတွင်းနားက လုပ်ငန်းကလည်း အဲလိုပဲ။ တောင်ခြေမှာ စားသောက်ဆိုင်တစ်ခု ဆောက်နိုင်ရင် ပိုကောင်းတယ်။ သူမ စုံစမ်းကြည့်လိုက်တော့ တောင်ခြေက မြေတွေအားလုံးက နန်းတော်ပိုင်မြေတွေတဲ့။ လူတွေကို သီးသန့်ပိုင်ဆိုင်ခွင့် မပေးထားဘူး။ ဒါကြောင့် သူတို့လည်း ထမင်းဘူးလုပ်ငန်းကိုပဲ လုပ်နိုင်ခဲ့တာ။

စီရင်စုမြို့ကိုလာရင်တော့…. တစ်ချက်က အရင်းအနှီးလိုတယ်။ နှစ်အချက်က ဘာလုပ်ငန်း လုပ်မယ်ဆိုတာကို စဥ်းစားရမယ်။

တကယ်တော့ စီရင်စုမြို့ကို လာတာက အကျိုးပိုရှိတယ်။ အနည်းဆုံး ပစ္စည်းတွေဝယ်ရတာ အဆင်ပြေတယ်လေ။

ကျန်းယွင်ကျူး၏စိတ်တို့သည် ပျံ့လွင့်နေပြီး ဖက်ထုပ်ဆိုင်ထောင့်က ယောက်ျားတစ်ယောက်သည် ခေါင်းကို ဘေးဘီလှည့်ကြည့်လိုက်ပြီး သူ့လက်များနှင့် သူခန္ဓာကိုယ်ကို ပုတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။ မကြာမီ သူသည် ပန်းကန်လုံးထဲသို့ တစ်ခုခုကို ထည့်လိုက်တော့သည်။

ထို့နောက် သူက စားပွဲကိုပုတ်လိုက်ပြီး အော်ဟစ်တော့သည်။

“သူဌေး ခင်ဗျားရဲ့ဖက်ထုပ်က မသန့်ရှင်းပါလား”

ဖက်ထုပ်ရောင်းသော အမျိုးသမီးငယ်လေးမှာ အလန့်တကြားဖြစ်သွားတော့သည်။ သူမက မြန်မြန် ရောက်လာပြီး သူ့ရှေ့က ပန်းကန်လုံးကို ကြည့်လိုက်၏။ ပန်းကန်လုံးထဲတွင် လက်တစ်ချောင်း အရှည်ရှိသည့် ဆံပင်တစ်ချောင်းကိုတွေ့လိုက်ရပြီး ချက်ချင်းဆိုသလို ပျော့ပျော့ပြောင်းပြောင်းနှင့် ပြန်ပြောလိုက်လေသည်။

“ကျွန်မ တောင်းပန်ပါတယ်ရှင် တောင်းပန်ပါတယ်၊ ကျွန်မ အသစ်တစ်ပန်းကန် လဲပေးပါ့မယ်”

“လဲပေးမယ်ဟုတ်လား၊ ကျုပ်မှာ စားပြီးတဲ့အထိ ဆံပင်ပါမှန်းတောင် မသိခဲ့မိဘူး၊ အခု ကျုပ် ဖျားချင်သလိုဖြစ်လာပြီး အန်တောင်အန်ချင်တယ်၊ လဲပေးတော့ရော ကျုပ်က စားနိုင်ပါအုံးမလား”

ထိုယောက်ျားက အော်ပြောလိုက်လေသည်။

အမျိုးသမီးငယ်လေ၏မျက်နှာသည် ဖြူဆုတ်သွားတော့သည်။

“ ဒါဆို ကျွန်မ ရှင့်ဆီက ငွေမယူတော့ပါဘူး”

“ ငွေမယူတာနဲ့ ပြီးသွားရောလား၊ ကျုပ်အခု ဖျားချင်လို့ အန်တောင်အန်တယ်လို့ ပြောခဲ့တယ်လေ၊ ခင်ဗျားဖက်ထုပ်ထဲမှာ တစ်ခုခုပါနေမလား ဘယ်သူသိမှာလဲ”

ပြောပြီးသည်နှင့် သူက အမှန်ပင် စူးစူးဝါးဝါး အော်လိုက်တော့သ်ည။

“အားလုံးပဲ လာကြည့်ကြပါ၊ ဖက်ထုပ်ထဲမှာ တစ်ခုခုပါနေတယ်။

ဒီဆိုင်က မသန့်ရှင်းဘူး၊ ခင်ဗျားတို့ ပန်းကန်ကိုလည်း တစ်ချက်လောက် စစ်ကြည့်လိုက်ကြအုံး၊ ပိုးဟပ်တွေ ပိုးကောင်တွေပါနေမလား သေချာကြည့်ကြအုံး၊ တဝက်တောင်မစားရသေးဘူး၊ ပန်းကန်ထဲမှာ တစ်ဝက်ချန်ထားရတော့မယ်၊ ရွံ့စရာကောင်းလိုက်တာ။

ကျုပ်ကတော့ သူတို့ကြောင့် နစ်နာခဲ့ရပြီ၊ အခုတော့ ကျုပ်လုံးဝ နေလို့မကောင်းဘူး”

သူပြောတဲ့စကားကလည်း ရွံ့ဖို့ကောင်းလိုက်တာ။ ဘာ’ တစ်ဝက်စားပြီး တစ်ဝက်ကျန်’တာလဲ။ ဆိုင်ထဲက စားသောက်နေသူအားလုံးက သူတို့၏ပန်းကန်လုံးများကို ကြည့်လိုက်ကြလေသည်။ သူတို့သည် ဘာမှမတွေ့ကြသော်လည်း ဆက်မစားနိုင်တော့ပေ။

အမျိုးသမီးငယ်လေးမှာ အလွန်မှစိုးရိမ်ပူပင်သွားပြီး သူမ၏မျက်နှာပေါတွင် ချွေးများထွက်နေကာ လေသံတိုးတိုးနှင့် တောင်းပန်လိုက်လေသည်။

“ ဧည့်သည်ရယ် ကျွန်မ အမှားပါ”

“ခင်ဗျားက ခင်ဗျားအမှားကို သိတယ်ဆိုတော့ ကောင်းတာပေါ့၊ လျော်ကြေးပေး”

“ဘယ်လောက် လျော်ပေးရမှာလဲ”

အမျိုးသမီးငယ်လေး၏ မျက်လုံးထဲတွင် မျက်ရည်များစို့လာတော့သည်။ အတန်ပင် ချစ်စဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုပင်။

ထိုယောက်ျားက အစပိုင်းတွင် ခြိမ်းခြောက်ငွေညစ်ချင်ရုံသာဖြစ်လေသည်။ သို့သော် သူသည် သည်မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့လက်ကို ဆန့်လိုက်ပြီး အမျိုးသမီးငယ်လေး၏ လက်မောင်းကို ဖမ်းဆွဲလိုက်တော့သည်။

“ စီရင်စုလူကြီးမင်းက ဘယ်လောက်လျော်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးလိုက်မယ်၊ လာခဲ့၊ ကျုပ်နောက် လိုက်ခဲ့ပြီး အရာရှိမင်းနဲ့ လိုက်တွေ့”

ဒါပေါ့ သူ အရာရှိကြီးတွေဆီလည်း မသွားရဲပါဘူး။ သူက ဒီအမျိုးသမီးငယ်လေးကို အသားယူချင်တာ သက်သက်ပဲလေ။ ဒီအမျိုးသမီးငယ်လေးသာ ပိုအားနည်းပြီး အနိုင်ကျင့်ဖို့ ပိုလွယ်ခဲ့ရင် သူက သူမကို ဘယ်သူမှ မရှိတဲ့နေရာကို လိမ်ခေါ်သွားရမယ်။ ဟဲ ဟဲ….

လမ်းတစ်ဖက်တွင် ကျန်းယွင်ကျူးသည် သူမ၏မျက်လုံးနှင့် အားလုံးကို မြင်ခဲ့လေသည်။ သူမ၏ စိတ်ထဲတွင် ဒေါသထွက်လာတော့သည်။ သူမက အစားအသောက်ရောင်းတဲ့သူ တစ်ယောက်လေ။ ဒီလိုလူမျိုးကို သူမ အမုန်းဆုံးပဲ။

အခန်း (၄၁.၂)

“ ရှင်ဘာလုပ်နေတာလဲ” သူမက ပြောလိုက်သည်။

သူမ၏ရုတ်တရက်ခေါ်သံက လိချွမ်းကို လန့်ဖျပ်သွားစေတော့သည်။ သူက မျက်လုံးကို ပင့်ကြည့်လိုက်ချိန်တွင် မျက်နှာချင်းဆိုင်က မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။ သူသည် ချက်ချင်းဆိုသလို တစ်ဖန်ဝင့်ကြွားလာတော့သည်။

“ ဖက်ထုပ်ထဲမှာ တစ်ခုခုပါလို့၊ ကျုပ် သူ့ကို တိုင်လို့ရမဲ့နေရာတစ်ခုကို ခေါ်သွားမလို့”

လိချွမ်းက ပြောရင်း မိန်းမငယ်လေး၏လက်မောင်းကို ထပ်ဆွဲလိုက်လေသည်။

ကျန်းယွင်ကျူးက မိန်းမငယ်လေးကို သူမဘေးသို့ ဆွဲကာ အေးတိအေးစက်ပြောလိုက်တော့သည်။

“ တိုင်လို့ရမဲ့နေရာဟုတ်လား၊ ကျွန်မ ရှင်နဲ့ စီရင်စုရုံးတော်ကို လိုက်ခဲ့မယ်၊ ရှင် သွားရဲလား၊ ကျွန်မ ခုနက လမ်းတစ်ဖက်က အားလုံးကို သေသေချာချာ မြင်ခဲ့တယ်နော်၊ ရှင် ဆံပင်ကို ဆွဲထုတ်လိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်တာ၊ ဒါဆိုင် ဆိုင်ရှင်ကို နာမည်ဖျက်နေသေးတယ်ဟုတ်လား”

လိချွမ်း၏မျက်နှာသည် ချက်ချင်းပြောင်းသွားတော့သည်။

“ မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ”

“ကျွန်မ ပေါက်ကရတွေ ပြောနေတာဟုတ်လား”

ကျန်းယွင်ကျူးက ဖက်ထုပ်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး အထဲက ဖက်ထုပ်များကို ပြောင်စင်နေအောင် စားထားသည်ကို တွေ့လိုက်ရလေသည်။ စွပ်ပြုတ်ရည်တစ်ဝက်သာ ကျန်ခဲ့သည်။ အနက်ရောင် ဆံပင်တစ်ချောင်းက အလွန်သိသိသာသာ အပေါ်တွင် ပေါလာပေါ်နေသည်။

ချက်ချင်းဆိုသလို သူမက ပိုပြီးယုံကြည်ချက်ရှိလာပြီး အားလုံးကို အလေးအနက်ပြောလိုက်တော့သည်။

“အားလုံးပဲ တစ်ချက်လောက် ကြည့်လိုက်ပါ၊ စွပ်ပြုတ်ပေါ်မှာ မျောနေတဲ့ ဆံပင်တစ်ချောင်းရှိတယ်၊ တကယ်လို့ ဒါကို တကယ်ပဲ ဆိုင်ရှင်ကလုပ်ထားတာဆိုရင် ဒီလူက သူဖက်ထုပ်ပန်းကန်လုံးကို ရကတည်းက မြင်ရမှာပေါ့၊ သူက ဘာလို့အခုမှ ထုတ်ပြောတာလဲ။

ပြီးတော့ ကျွန်မက ဒီဆိုင်ရှင်နဲ့ ဘာမှမပတ်သက်ပါဘူး၊ သူ့အတွက်လည်း ပြောပေးစရာမလိုဘူး။

ဒီလု သူ့ဆံပင်ကို ပန်းကန်လုံးထဲ သူ့ဆံပင်ကိုထည့်ပြီး ခြိမ်းခြောက်ငွေညစ်ဖို့ ကြိုးစားနေတာ တကယ်ပါ၊ ဒါကြောင့် ကျွန်မက ထုတ်ပြောခဲ့တာ။

အားလုံးမှာ ဇနီးနဲ့ သမီးတွေ ရှိကြမှာပဲ၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ဒီလိုအနိုင်ကျင့်နေတာ သူ ဘာလုပ်ဖို့ စဥ်းစားတာဖြစ်မလဲ”

အလိမ်ပေါ်သွားသဖြင့် လိချွမ်းသည် ကျန်းယွင်ကျူးကို ဒေါသတကြီး ဝါးစားမတတ် စိုက်ကြည့်လိုက်လေသည်။

“မင်း”

ထိုဧည့်သည်များလည်း သတိဝင်သွားကြသည်။ တချို့က ထလာပြီး ပန်းကန်လုံးထဲကို ကြည့်လိုက်ကြသည်။ ကျန်းယွင်ကျူး ပြောသကဲ့သို့ပင်။ လိချွမ်းက လူတွေကို တမင်ခြိမ်းခြောက် ငွေညှစ်နေတာကို သူတို့ဘာလို့များ နားမလည်နိုင်ခဲ့တာလဲ။

“ယွင်ကျူး”

ကျန်းချိန်သည် ဘေးတွင် တန်းစီနေလေသည်။ တစ်ဖက် ဆူညံသံကို ရုတ်တရက်ကြားလိုက်ပြီး သူက မြန်မြန် ရောက်လာခဲ့တော့သသည်။

အခြေအနေက ပိုဆိုးသည့်ဘက်ကို ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် လိချွမ်းက သူ့ဘေးက လမ်းကြားထဲသို့ ငါးတစ်ကောင်လို သုတ်သုတ်ပြာပြာ ပြေးဝင်သွားတော့သည်။ ပြေးရင်း သူက ပြောသွားသေးသည်။

“ ဘာမှ အကြောင်းပြစရာမလိုဘူး၊ မင်း စောင့်နေလိုက်၊ အနှေးအနဲ့အမြန် ကျုပ်မင်းကို လက်တွေ့ပြမယ်”

ကျန်းချိန်က ရောက်လာပြီး နောက်က လိုက်ပြေးသွားချင်သော်လည်း လိချွမ်း၏အရိပ်အရောင်ကို မမြင်ရတော့ချေ။

သူက ဒေါသထွက်ထွက်ဖြင့် ပြန်လာပြီး ကျန်းယွင်ကျူးကို စိုးရိမ်တကြီးမေးလိုက်တော့သည်။

“ ဘာဖြစ်သွားသေးလဲ”

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ သူမ ဘာမှမဖြစ်ပါဘူး။ ဒီအမျိုးသမီးလေးပဲ…. သူမက အမျိုးသမီးငယ်လေးကို ကြည့်လိုက်လေသည်။ သူမက အရမ်းအားနည်းတာပဲ။ အစားအသောက် ရောင်းဖို့ ဆိုင်ဖွင့်ရင် အလွယ်တကူ အနိုင်ကျင့်ခံလိုက်ရတယ်။

“ ဒီဆိုင်က ကျွန်မယောက်ျားရဲ့ဆိုင်ပါ၊ သူ နေမကောင်းလို့”

အမျိုးသမီးရွမ်သည် စိုးရိမ်နေသလို တစ်ချိန်ထဲတွင် ကျေးဇူးတင်မိလေသည်။ ဆို့နင့်နေရင်း သူမက ကျန်းယွင်ကျူးကို ရှင်းပြလိုက်သည်။

မထူးဆန်းတော့ပါဘူးလေ။ ကျန်းယွင်ကျူးသည် နားလည်သွားပြီး

“ ဒါဆို နောက်ဆိုရင် ရှင် ပိုပြီးသတိထားမှရမယ်”

နောက်ဆိုရင် ခုနက လူလို လူမျိုးတွေက သေချာပေါက်ရှိနေအုံးမှာပဲလေ။ အဲလိုဆိုတော့လည်း မိုင်းတွင်း ပတ်ဝန်းကျင်က အလုပ်က တော်တော်ကောင်းတာပဲ။ လိချွမ်းလို လူပျင်းတွေ မရှိဘူး။

အမျိုးသမီးရွမ်က မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး သူမကို ကျေးဇူးတင်မဆုံးဖြစ်နေတော့သည်။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ သူမက သူ့ကို ဒီလောက်ပဲ အများဆုံးကူညီပေးနိုင်တာလေ။

သူမနှင့် ကျန်းချိန်တို့ ထွက်သွားတော့မည်ပြင်လိုက်စဥ် အမျိုးသားတစ်ယောက်က မေးလာသည်။

“ဘာဖြစ်တာလဲ”

ကျန်းယွင်ကျူးက တစ်ချက်လောက်ကြည့်လိုက်ပြီး သူ့ကို မှတ်မိသွားသည်။ ဒီလူက လှည်းထဲက မိန်းမလှလေးရဲ့ လှည်းသမားပဲ။ သူ့နာမည်က စုန့်လီဆိုလား။ သူ့လက်ထဲမှာ ဆေးထုပ်တစ်ခု ကိုင်ထားတယ်။ ကြည့်ရတာ သူ ထာဝရသက်ရှည်ခန်းမက ဆေးတွေရခဲ့တာဖြစ်မယ်။

သည်အချိန်တွင် ပတ်ဝန်းကျင်၌ လူနည်းနည်းပါးပါးသာ ရှိတော့သည်။ မခံမရပ်နိုင် ဖြစ်သွားသည့် အခိုက်တွင် ထိုလူများက စုန့်လီထံသွားပြီး ခုနဖြစ်ခဲ့သမျှကို အပြေးအလွှားသွားပြောပြလိုက်ကြသည်။

စုန့်လီက နားထောင်လိုက်ပြီး လှည့်ကာထွက်သွားသည်။

ထိုအဖြစ်အပျက်က အားလုံးကို အနည်းငယ် ဇဝေဇဝါဖြစ်သွားစေလေသည်။ သူကဘာလဲ။ ဇာတ်လမ်း လာနားထောင်တာလား။ သူ ဇာတ်လမ်းကို လာနားထောင်တာဆိုရင်တောင် ထွက်မသွားခင် တုံ့ပြန်မှုလေးတစ်ခုတော့ ပေးခဲ့အုံးမှပေါ့။

ကျန်းယွင်ကျူးလည်း တော်တော်အံ့ဩသွားတော့သည်။

ခဏအကြာတွင် စုန့်လီက ပြန်ရောက်လာပြီး ငွေတစ်စကို ထုတ်ကာ အမျိုးသမီးရွမ်ဆီ လှမ်းပေးလိုက်လေသည်။

“ ကျွန်တော့်သခင်မက ပြောတယ်၊ အခုလောလောဆယ် ဆိုင်မဖွင့်သေးပါနဲ့တဲ့၊ ခင်ဗျားရဲ့ယောက်ျားကို အရင်နေပြန်ကောင်းလာအောင် လုပ်ပေးလိုက်ပါတဲ့”

ထိုငွေစသည် ၅လျန် တန်လေသည်။ အလွန်မှတောက်ပနေရာ ဘေးကလူများကပင် အားကျသွားတော့သည်။

အမျိုးသမီးရွမ်က ပိုပြီး နေရခက်သွားပြီး

“ ဘယ်လိုလုပ်ဖြစ်မှာလဲရှင်၊ ကျွန်မ လက်မခံနိုင်ပါဘူး”

“သခင်မက ခင်ဗျားကို ပေးတာပါ၊ ယူလိုက်ပါ”

စုန့်လီက ငွေကို အမျိုးသမိးရွမ်ဆီ လှမ်းပေးလိုက်လေသည်။

အမျိုးသမီးရွမ်သည် သူမ သည်နေ့ လူကောင်းများနှင့် တွေ့ခဲ့သည်ကို သိလေသည်။ ထို့အပြင် နှစ်ယောက်ဖြစ်နေသည်။ ပထမတစ်ယောက်မှာ ကျန်းယွင်ကျူးဖြစ်ပြီး နောက်တစ်ယောက်မှာ သည်သခင် မဖြစ်သည်။ သူမက သည်သခင်မကို ကျေးဇူးတင်စကားပြောချင်လေသည်။ လူများက ထိုစကားကို ကြားဖို့ရာ မလိုအပ်သော်လည်း ဒါက သူမ တတ်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်နေသည်။

“ သခင်မက တခြားသူတွေ နှောင့်ယှက်တာကို မကြိုက်ဘူး”

စုန့်လီက အမျိုးသမီးရွမ်ကို ချက်ချင်းငြင်းလိုက်၏။

အမျိုးသမီးရွမ်သည် ငွေကို ကိုင်ရင်း ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။

သည်အခိုက်တွင် စုန့်လီက ကျန်းယွင်ကျူးဘက်သို့ ထပ်လှည့်လာပြီး

“ သခင်မက ပြောခိုင်းလိုက်တယ်၊ အခုချိန်ကစပြီး တခြားသူရဲ့ကိစ္စကို ဝင်မရှုပ်ပါနဲ့တဲ့၊ မဟုတ်ရင် တစ်ယောက်ယောက်က ညကြီးသန်ခေါင် မင်းအိမ်ကို ရောက်လာတဲ့အခါ မင်း ဘယ်လိုလုပ်မှာလဲ”

ထိုသို့ပြောလိုက်ပြီးနောက် သူက လှည့်ထွက်သွားတော့သည်။ ခဏအတွင်း သူသည် လှည်းပေါ် တက်သွားပြီး မောင်းထွက်သွားတော့သည်။

ကျန်းယွင်ကျူးက နေရာတွင် ရပ်နေပြီး တဖြည်းဖြည်း မျက်မှောင်ကျုံ့သွားတော့သည်။ သူ ခုနကပြောလိုက်တဲ့စကားထဲမှာ နောက်ကွယ်က အဓိပ္ပာယ်ပါနေတယ်လို့ ဘာလို့ခံစားနေရတာလဲ။

“ယွင်ကျူး မစိုးရိမ်နဲ့၊ အဖေရှိတယ်”

ကျန်းချိန်က ကျန်းယွင်ကျူး ကြောက်သွားသည် ထင်လိုက်သဖြင့် သူမကို နှစ်သိမ့်ပေးလိုက်လေသည်။

“ဟုတ်” ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။

အားလုံးက လူစုခွဲလိုက်ကြပြီး အမျိုးသမီးရွမ်က ထိုသခင်မ၏အကြံပေးချက်ကို နားထောင်လိုက်ကာ သည်နေ့ ဖက်ထုပ်ရောင်းပြီးလျှင် ဆိုင်ဖွင့်ဖို့ နားထားလိုက်လေသည်။ အနည်းဆုံးတော့ လိချွမ်းသည် တစ်ခါပြန်လာပြီး ပြဿနာရှာမည်မဟုတ်ပေ။

သူမ မသိလိုက်သည်က လိချွမ်းသည် ထိုအချိန်တွင် လမ်းကြားထဲတွင် ရှိနေခဲ့လေသည်။ သူ့ခြေထောက်များက ကျိုးနေသည်။ သူသည် အိပ်ရာပေါ်က လတော်တော်ကြာအောင် ထနိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းချိန်းက လူတန်းကြီးဆီ ပြန်သွားလိုက်သည်။ နာရီဝက်ကြာပြီးနောက် သမားတော်နှင့်ပြရန် သူတို့အလှည့် ရောက်လာခဲ့သည်။

သမားတော်ကျင်းက အဘိုးချန်၏မျက်လုံးများကို သေသေချာချာ စစ်ပေးလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။ အဘိုးကြီးက အရွယ်အိုနေပြီ။ နေမကောင်းသည်နှင့် သူ့ဆီလာခဲ့လျှင် သူ့ကို ကုပေးနိုင်မည့် အခွင့်အရေး ၅၀%လောက်ရှိသည်။ အခုချိန်ထိ အချိန်ဆွဲထားခဲ့သဖြင့် ကုသလို့မရတော့ပေ။

“ ကျွန်တော် ဆေးညွှန်းနည်းနည်းလောက် ရေးပေးလိုက်မယ်၊ ပြန်သွားရင် စမ်းသောက်ကြည့်လိုက်ပါ၊ အလုပ်မဖြစ်ဘူးဆိုရင်တော့ ငွေကို အလကားဖြုန်းစရာ မလိုတော့ပါဘူး”

ကျန်းချိန်နှင့် တခြားသူများ၏ အဝတ်အစားကိုကြည့်လိုက်ပြီး သူတို့မိသားစုက မချမ်းသာကြမှန်း သူသိလိုက်သည်။ ထို့ကြောင့် သူက ဤသို့ပြောလိုက်လေသည်။

အဘိုးချန်က စိတ်ထဲတွင် စိတ်ပျက်သွားသော်လည်း ထုတ်မပြခဲ့ချေ။ သူ အစောကြီးကတည်း မျှော်လင့်ထားခဲ့ပြီးသားပဲလေ။ မဟုတ်ဘူးလား။

ကျန်းချိန်သည် အလွန်စိတ်ပျက်သွားတော့သည်။

ကျန်းယွင်ကျူးကတော့ လက်လျှော့ချင်စိတ် မရှိနေချေ။ သူမသည် ငွေရှာပြီး ပိုကောင်းသည့် သမားတော်တစ်ယောက်ကို ရှာဖို့ စဥ်းစားထားလိုက်သည်။ သို့သော်ငြား သူမက ဘာမှမပြောလိုက်ချေ။

သမားတော်က အများကြီး ယူလိုက်သည်ကို တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးက သည်နေ့ ပွဲစားထံမသွားတော့ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူတို့သည် ဝက်အူနှင့် ဝက်သားများကို ဝယ်ပြီး အရင်ဆုံး အိမ်ပြန်လာခဲ့ကြသည်။

လမ်းတွင် လားက လှည်းကို ဆွဲလာသည်ကို မြင်လိုက်ချိန်၌ သူမသည် ရုတ်တရက်ဆိုသလို စုန့်လီ၏စကားကို သတိရသွားတော့သည်။ သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာလေသည်။ ဝေ့ခမ်းဖျင်။ ဝေ့ခမ်းဖျင်ကို မမိသေးဘူး။ သူက ငါတို့အိမ်ကို ညသန်းခေါင်ကြီး လာပြီး ငါတို့ကို လက်စားလာချေမှာလား။

သည်သံသယက အခြေအမြစ်မရှိသော်လည်း သူမသည် ထိုအကြောင်းကို မစဥ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

သူ လာခဲ့ရင် သူတို့ဘာလုပ်ကြမလဲ။

ကျန်းယွင်ကျူးသည် အိမ်ပြန်ရောက်လာချိန်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က မြင်းများနှင့် အပြင်ထွက်မည်ပြင်နေသည်ကို တွေ့လိုက်ရလေသည်။ သူမက မော့ကြည့်လိုက်ကာ သူတို့ကို တွေ့လိုက်ရသည်။ ရှန်ဖုန်းမင်းသည် ပြတ်သားသည့်မျက်ခုံး၊ မျက်လုံးများနှင့် မြင်းပေါ်တွင် ထိုင်နေသည်။ ယန်ရှန့်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူက သေစေနိုင်သည့် ခံစားချက်တစ်ခုကို ဆောင်ထားသည်။

ရုတ်တရက်ဆိုသလို သူမသည် ရှင်းမပြတတ်သည့် စိတ်လုံခြုံမှုတစ်ခု ရသွားတော့သည်။ ဒီနှစ်ယောက် ရှိနေမှတော့ ဝေ့ခမ်းဖျင် အယောက်တစ်ရာလာလည်း ကိစ္စမရှိတော့ပါဘူး။

ထိုသို့စဥ်းစားလိုက်ပြီး သူမက ပါးစပ်ဖွင့်ကာ မေးလိုက်လေသည်။

“ ရှင်တို့ ဘယ်အချိန်ပြန်လာကြမှာလဲဟင်”

သူမက ထိုသို့ပြောလိုက်သဖြင့် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့နှစ်ယောက်လုံးသည် အံ့ဩသွားကြတော့သည်။ အရင်ကဆိုရင် သူမက သူတို့ဘယ်သွားမယ်၊ ဘယ်အချိန်ပြန်လာမယ်ဆိုတာကို တစ်ခါမှ ဂရုမစိုက်ခဲ့ဘူးလေ။ ဒီနေ့ ဘာဖြစ်သွားတာလဲ။

ယန်ရှန့်က ရှန်ဖုန်းမင်းကို ကျီစယ်သလို ကြည့်လိုက်လေသည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ကြည့်လိုက်၏။ သူ့မျက်လုံးအောက်ခြေတွင် တစ်ခုခု စီးကျလာသယောင်။

“ ညကျမှာ ပြန်ရောက်မယ်ထင်တယ်”

သူက ပြန်ဖြေလိုက်သည်။

“အင်း”

ကျန်းယွင်ကျူးသည် ‘စောစောပြန်လာနော်’ဟု ထည့်ပြောလိုက်သင့်သည်ဟု ခံစားလိုက်ရလေသည်။ သို့သော် တစ်ဖက်လူအကြောင်းကို စဥ်းစားလိုက်မိချိန်တွင် သည်အတိုင်း ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ညပိုင်းတွင် ရှန်ဖုန်းမင်နှင့််ယန်ရှန့်တို့ ပြန်ရောက်လာချိန်တွင် အမျိုးသမီးချန်က အဘိုးချန်အတွက် ဆေးကြိုပေးနေသည်။ ခြံထဲတွင် ဆေးနံ့တစ်ခု ရှိနေသည်။

ညဥ့်နက်နေပြီဖြစ်သည်။ ရှန်ဖုန်းမင်က ယန်ရှန့်ကို ရုတ်တရက်မေးလိုက်၏။

“ မနှစ်က နတ်ဆေးသမားတော်ဝူ ဟန်ကျိုးမှာ ပေါ်လာခဲ့တာမလား”

နတ်ဆေးသမားတော်ဝူ။ သူ့နာမည်အရင်းမှာ ဝူရှင်းဝေ။ သူ့ဆေးပညာအစွမ်းက အလွန်မှမြင့်မားပြီး သူရှိသည့်နေရာကို ရှာရခက်သဖြင့် အားလုံးက သူ့ကို နတ်ဆေးသမားတော်ဝူဟု ခေါ်ကြသည်။

ထိုစကားကို ကြားလိုက်သည်တွင် ယန်ရှန့်သည် အဘိုးချန်၏မျက်လုံးကို စဥ်းစားမိသွားပြီး ပြန်ပြောလိုက်လေသည်။

“ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီအဘိုးကြီးက မင်းကြီးကိုတောင် မျက်နှာသာမပေးဘူး၊ ဘာလဲ၊ မင်းက သူ့ကို ဒီကို ဖိတ်ချင်လို့လား”

သူ အမှတ်မမှားရင် အဘိုးကြီးက ချီလင်သက်တော်စောင့်တွေကို အရမ်းအမြင်ကပ်တာပဲ။ သူက ချီလင်သက်တော်စောင့်တွေက ကောင်းကင်ဘုံရဲ့ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာလို့ ထင်နေတာလေ။ အထူးသဖြင့် လူအများကြီးသ-တ်ခဲ့တဲ့ ရှန်ဖုန်းမင်ကိုပေါ့။

ရှန်ဖုန်းမင်က သူ့ကို ဖိတ်ချင်ပါတယ်။ မဖြစ်နိုင်မှာ စိုးရိမ်ရတယ်။

ဒါပေါ့ ဖိတ်စရာလည်း မလိုပါဘူး။ သူ့ကို ချည်တုတ်ပြီး ခေါ်လာလိုက်ရုံပဲ။

ဒါပေမဲ့ ဒီကိုရောက်လာပြီးရင်ကော။ သူတို့တွေက သူ့ကို အဘိုးချန်ကို ကြည့်ပေးဖို့ အတင်းလုပ်လို့မရဘူးလေ။

အဲဒီအဘိုးကြီးက အရမ်းထူးဆန်းတဲ့အကျင့်ရှိတယ်။

ရုတ်တရက်ဆိုသလို သူက ပြုံးဖြီးသွားလေသည်။

“ အဲဒီအဘိုးကြီးက အစားသရဲပဲ၊ ကစားရတာလည်းကြိုက်တယ်၊ မိန်းကလေးကျန်းက ပါးနပ်ပြီးတော့ အစားအသောက်လည်း အရသာရှိအောင် ချက်တတ်တယ်၊ ကြည့်ရတာ အလုပ်ဖြစ်လောက်ပါတယ်”

သည်အချိန်တွင် သူသည် ကျန်းယွင်ကျူး၏ နတ်သမီး ပေါ်လာသည့်ကိစ္စအကြောင်းကို စဥ်းစားမိလိုက်လေသည်။ သူ အဲဒီအကြောင်းလည်း သိချင်နေတာ။ ဒါပေမဲ့ မေးဖို့ရာ သင့်တော်တဲ့ အခွင့်အရေးတစ်ခု ရှာမတွေ့သေးဘူး။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset