အပိုင်း (၃၃)
ညနေပိုင်း ရှန်မိသားစု၏ ထမင်းစားခန်းထဲတွင်
“ သခင်ကြီး ၊ သခင်မ ဒီဝက်အူချောင်းကို စားကြည့်ပါအုံး၊ သခင်လေးက သခင်ကြီးတို့အတွက် ယူပြန်လာခဲ့တာပါ”
အချွေအရံယွီက အပြုံးတစ်ခုနှင့် ပြောလိုက်၏။
ရှန်ဖုန်းမင်သည် အခန်းထဲသို့ဝင်လာပြီး ထိုင်လိုက်ချိန်တွင် ထိုစကားကို ကြားလိုက်ရပြီး စားပွဲကို ကြည့်လိုက်လေသည်။ မရမတွက်နိုင်သည့် ရသာစုံဟင်းပွဲများကြားတွင် တင့်တယ်လှသည့် အဖြူရောင် ကြွေပန်းကန်းပြားတစ်ချပ် ရှိနေသည်။ ပန်းကန်ပြားပေါ်တွင် ဝက်အူချောင်းပန်းကန်တစ်ချပ်ကို ပန်းများပွင့်နေသည့်အလား တည်ခင်းထားသည်။
ထိုအရာများက သူယူပြန်လာခဲ့သည့်ပစ္စည်းများ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သို့သော် ထိုအရာများက စားပွဲပေါ်သို့ မည်သို့ရောက်နေကြောင်းကိုတော့ မသိပေ။
သူသည် ရေးချို အဝတ်စားလဲနေချိန်တွင် သူ့ကို ကူညီပေးရန် စောင့်နေသည့် အစေခံကောင်လေးက သူ့အထုပ်များကို ဖြည်လိုက်ရာ သည်ဝက်အူချောင်းများကို တွေ့လိုက်ရခြင်းပင်။ ရွှေနှင့်ကျောက်စိမ်းလို ချောမောလှတဲ့ သခင်လေးက သူ့အိတ်ထဲမှာ ဒီလိုပစ္စည်းမျိုးထည့်လာတာ မစဥ်းတတ်လောက်အောင်ပဲ။
စဥ်းစားကြည့်လိုက်တော့ ဒါက သခင်ကြီးနဲ့ သခင်မတို့အတွက်ပဲ ဖြစ်ရမယ်။
ထို့ကြောင့် သူက သခင်ကြီးနှင့် သခင်မကို အံ့ဩသွားစေရန် မီးဖိုဆောင်ဆီသို့ ဝက်အူချောင်းများကို သွားပို့လိုက်တော့သည်။
ရှန်မိသားစုသည် အိမ်တော်ကြီးတစ်ခု ဖြစ်လေသည်။ အိမ်တော်က စားဖိုမှူးက အချက်အပြုတ်တွင် အလွန်တော်သည်။ သူ့တွင် ဝက်အူချောင်းလုပ်နည်း ပေါင်းစုံရှိလေသည်။ သို့သော် သည်ပစ္စည်းကို သခင်လေး ယူပြန်လာမှန်း သိလိုက်ရသဖြင့် သူသည် အမှားမလုပ်ရဲချေ။ ဝက်အူချောင်းများကို ဓားတစ်ချောင်းဖြင့် သည်အတိုင်းပါးပါးလေး လှီးလိုက်ပြီး ပေါင်းကာ တည်ခင်းပေးလိုက်သည်။
သည်နည်းလမ်းက ဝက်အူချောင်း၏မူလအရသာကို အများကြီးထိန်းသိမ်းပေးနိုင်လေသည်။
ပေါင်းထားသည့်ဝက်အူချောင်းတစ်ချပ်ချင်းစီက အထူအပါးညီကြသည်။ နီရဲတောက်ပနေ၏။ ထူးခြားသည့် အစပ်အရသာနံ့က စားပွဲပေါ်က တခြားဟင်းပွဲများ၏အနံ့ကို လွှမ်းခြုံသွားလုနီးနီးပင်။
ကျန်းယွင်းကျူးက ဝက်အူချောင်း နှစ်မျိုးလုပ်ခဲ့လေသည်။ တစ်ခုမှာ မူရင်းအရသာဖြစ်ပြီး ကျန်တစ်ခုမှ အစပ်အရသာဖြစ်သည်။ သည်နေ့တွင် စားဖိုမှူးက အစပ်အရသာကို လှီးဖြတ်မိရက်သား ဖြစ်သွားခဲ့သည်။
“ ဝက်အူချောင်းဟုတ်လား”
မင်းသမီးတန့်ယန့်မှာ သွားများပေါ်သည်အထိ အရင်ဆုံး ပြုံးမိသွားတော့သည်။ ရှန်ဖုန်းမင်က သူမအတွက် စဥ်းစားပေးသည်မှာ ခပ်ရှားရှားပင်။ သူမသည် ဝက်အူချောင်းကို ကြည့်လိုက်ပြီးနောက် ရှန်ဖုန်းမင်၏ ပိုပြီး စိုပြည်လာသည့် မျက်နှာကို ကြည့်လိုက်မိချိန်တွင် သူမသည် ရုတ်တရက် တခုခုကို ခန့်မှန်းမိသွားတော့သည်။ သူ့အပြုအမူက ဝက်အူချောင်း လုပ်ပေးတဲ့သူနဲ့များ တစ်ခုခု ပတ်သက်နေတာလား။
ဘယ်စားဖိုမှူးက ဒီလိုအရည်အချင်းမျိုး ရှိနေတာလဲ။ သူမရဲ့ဒီကလေးက လျှာအရသာကို ဘယ်တော့မှ အလိုမလိုက်ဘူးဆိုတာ လူတိုင်းသိတယ်လေ။
အစားအသောက်က ကောင်းတယ်ဆိုမှတော့ သူဘာလို့ စားဖိုမှူးကို ခေါ်ပြန်မလာခဲ့တာလဲ။ အိမ်တော်က ငွေမတတ်နိုင်တာလည်း မဟုတ်ဘဲနဲ့။
“ဒါဆို ကျွန်မ စားကြည့်လိုက်မယ်” မင်းသမီးတန့်ယန်းက ပြောလိုက်၏။
အချွေအရံယွီက ဝက်အူးချောင်းတစ်ဖက်ကို ညှပ်ကာ သူမရှေ့က ပန်းကန်ထဲတွင် ထည့်ပေးလိုက်လေသည်။
မင်းသမီးတန့်ယန်းက ဝက်အူချောင်းကို ယူကာ သူမ၏ပါးစပ်ထဲ ထည့်လိုက်လေသည်။ စပ်စပ်လေးနဲ့ အရသာရှိသားပဲ။ လျှာပေါ်မှာ ဦးရေပြားအထိ အရာအားလုံး ထုံကျဥ်သွားသလို ခံစားလိုက်ရလေသည်။ မင်းသမီးတန့်ယန်းမှာ မှင်တက်အံ့ဩသွားတော့သည်။ အရသာက အရမ်းပြင်းတာပဲ။
အရမ်းပြင်းတယ်ဆိုပေမဲ့ သဘောကျစရာလည်းကောင်းတယ်။ ခြောက်ပြီး စပ်နေတာမျိုး မဟုတ်ဘဲ အရည်ရွှမ်းပြီး ပူစပ်စပ်ဖြစ်နေတာ။ အစပ်အရသာကုန်သွားတော့ ပါးစပ်ထဲမှာ အရသာတွေ ပြည့်သွားတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စိတ်ထဲမှာ တစ်ခုခုဖြစ်နေတာနဲ့ နေ့တိုင်း စားချင် သောက်ချင်စိတ်မရှိ ဖြစ်နေတာလေ။ ဒီနေ့ ဒီဝက်အူချောင်းကို စားလိုက်ပြီးတော့ သူမရဲ့စိတ်အခြေအနေက ချက်ချင်း ပိုပြီးတည်ငြိမ်လာတယ်လို့ ခံစားလိုက်ရတယ်။ သူမ ထမင်းတစ်ပန်းကန်လုံး စားနိုင်မယ်လို့တောင် ခံစားရတယ်။
တစ်ယောက်ကလည်း တော်ဝင်ပညာရှင်ရှန်အတွက် ဝက်အူချောင်းတစ်ဖက် ညှပ်ထည့်ပေးလိုက်လေသည်။ အစပိုင်းတွင်တော့ တော်ဝင်ပညာရှင်ရှန်က သိပ်ဂရုမစိုက်ပေ။ သို့သော် တစ်ကိုက် ကိုက်လိုက်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးထသွားသလို ခံစားလိုက်ရတော့သည်။ ဒီအရသာက…..
“လူတွေကို အကျင့်စရိုက်ကြည့်ပြီး သိနိုင်တယ်၊ အရာဝတ္ထုတွေကို ကြည့်ပြီး ထူးခြားတဲ့သဘာဝကို သိနိုင်တယ်တဲ့၊ ဒီဝက်အူချောင်းလုပ်တဲ့သူက စိတ်ထားဖြူစင်တဲ့သူတစ်ယောက်ပဲ ဖြစ်မယ်” သူက မှတ်ချက်ပေးလိုက်၏။
မင်းသမီးတန့်ယန်းက နှာခေါင်းရှုံ့လိုက်၏။ သူ့မှာပဲ တခမ်းတနား အကြောင်းပြချက်တွေ အများကြီးရှိတယ်။
တော်ဝင်ပညာရှင်ရှန်က သူမနှင့် အငြင်းမပွားလိုချေ။ ချက်ပြုတ်တာကလည်း ဆောင်းပါးတစ်ပုဒ် ရေးသလိုပဲလေ။ ပါဝင်ပစ္စည်းအတူတူနဲ့ တိကျတဲ့ ချက်ပြုတ်ပုံအဆင့်ဆင့်တွေကို သိရင်တောင် တချို့လူတွေက အရသာရှိတဲ့ ဟင်းပွဲတွေချက်နိုင်ပြီး တချို့ကတော့ မချက်နိုင်ဘူးလေ။ ဒါတွေအားလုံးက လူတစ်ယောက်ရဲ့စိတ်နှလုံးအပေါ်ပဲ မူတည်တာ။
ရှန်ဖုန်းမင်က သူ့မျက်လုံးများကို အနည်းငယ်အောက်ချထားလိုက်သည်။ သူမက စိတ်ထားဖြူစင်တဲ့သူ တစ်ယောက်လား။
သည်နေ့ သည်ဝက်အူးချောင်းကြောင့် ရှန်မိသားစု သုံးယောက်သည် ပိုပြီးထမင်းစားမြိန်ခဲ့ကြသည်မှာ သိသာလေသည်။
စားသောက်ပြီးနောက် ရှန်ဖုန်းမင်က အခန်းဆီသို့ ပြန်လာချင်ခဲ့သည်။ မင်းသမီးတန့်ယန့်က သူမဘေးက လူကို ညွှန်ကြားလိုက်၏။
“ ရန်ရှု နင် သခင်လေးကို ခစားလိုက်”
သူမဘေးက အမျိုးသမီးက ချက်ချင်း ရှက်သွေးဖြာသွားပြီး ပျော့ပြောင်းစွာ ပြန်ဖြေလိုက်၏။
“အင်း”
အသံမှာ ၃လပိုင်း၏ တေးသီငှက် သီကျူးသံနှင့် တူလေသည်။
တုရန်ရှုသည် အံ့ဩရလောက်အောင် လှပလေသည်။ သူမ၏မျက်နှာက နှစ်လိုဖွယ်ညို့ဓာတ်ရှိသည်။ မင်းသမီးတန့်ယန်းက ငွေအများကြီးသုံးကာ သေးသွယ်ပိန်းပါးသည့် မိန်းကလေးအသစ်တစ်ယောက်ကို ထပ်ဝယ်ခဲ့လေသည်။ သူမသည် ဆောင်ကြာမြိုင်မယ်သန့်သန့်တစ်ယောက်ဖြစ်သော်လည်း သူမ၏အရည်အချင်းများက အထူးကောင်းမွန်သည်။ သူမက သည်မိန်းမကို ရှန်ဖုန်းမင်အား ခစားခိုင်းပြီး မိန်းမတို့၏အကျိုးတရားကို သူ့အား သိစေချင်လေသည်။
တုရှန်ရှုက ရှန်ဖုန်းမင်ကို တစ်ညတာ ခစားနိုင်သည်နှင့် သူမကို အိမ်တော်တွင် ကိုယ်လုပ်တော်တစ်ယောက်အဖြ စ်ခေါ် ထားမည်ဟု ကတိပေးခဲ့သည်။
ရှန်မိသားစုသည် အင်အားကြီးလေသည်။ တုရန်ရှုမှာ အစောကြီးကတည်းက စိတ်ကူးဖြင့်မှန်းဆ ထားပြီးဖြစ်သည်။ အခုတော့ သူမသည် မီးရောင်အောက်က ရှန်ဖုန်းမင်၏ မြင့်မားဖြောင့်မတ်သည့် အသွင်သဏ္ဌာန်ကို မြင်လိုက်ရပြီး သူမ၏မျက်လုံးများက ပိုပြီး ရွှန်းလဲ့လာကာ သူမ၏ခန္ဓာကိုယ်ကလည်း ပိုပြီးနွဲ့နှောင်းသွားတော့သည်။ ထိုအသွင်က လူများကို သူမအား ဖက်ပြီး အိပ်ရာထဲ ချက်ချင်းဆွဲခေါ်က သူတို့အလိုရှိသမျှ လုပ်ချင်လိုသည့်စိတ်ဆန္ဒကို ဖြစ်စေလေသည်။
တော်ဝင်ပညာရှင်ရှန်က ပြန်တော့မည့်ဆဲဆဲတွင် သည်မြင်ကွင်းကို မြင်လိုက်ရလေသည်။ သူက ဆုံးမဩဝါဒချွေရန် ပါးစပ်ဟလိုက်သေးသည်။ ရုတ်တရက် သားဖြစ်သူမှာ သည်အရွယ် ရောက်ပြီးသည်တွင် မိန်းမများနှင့် အမြဲတမ်း ခပ်ကင်းကင်းနေနေသည်ကို သတိရသွားတော့သည်။ မြို့တော်တွင်လည်း ကောလာဟလများက ပျံ့နေသည်။ သားဖြစ်သူက အလွန်ရက်စက်ပြီး လမ်းလွဲသွားမည်ကိုလည်း အလွန်စိုးရိမ်မိသည်။
ထားလိုက်ပါတော့လေ။ မမြင်ရတော့ စိတ်ထဲမရောက်ဘူးပေါ့။ သူက လှည့်ထွက်ကာ အခန်းသို့ ပြန်လာခဲ့တော့သည်။
ရှန်ဖုန်းမင်၏မျက်နှာက အေးစက်သွားတော့သည်။
“အမေ ကျွန်တော် အမေ့ကို ပြောပြီးပြီလေ၊ ဒီကိစ္စကို အမေ ဝင်ပါစရာမလိုပါဘူးလို့”
မင်းသမီးတန့်ယန်းမှာ စိတ်ပျက်သွားတော့သည်။ သူမက ဘယ်လိုလုပ်ပြီး ဝင်မပါဘဲ နေနိုင်မှာလဲ။ သူ့မှာ အရည်အချင်း ရှိတယ်ဆိုရင် တစ်ယောက်လောက် သူမဆီခေါ်လာခဲ့ပေါ့။ ဒါဆိုရင်တော့ သူမက သူ့ကို လွှတ်ထားပေးလိုက်အုံးမယ်။
ရှန်ဖုန်းမင်သည် သူမနှင့် စကားပြောဖို့ရာ လေကုန်မခံလိုတော့ချေ။ ထို့ကြောင့် သူက လှည့်ထွက်ကာ အခန်းသို့ ပြန်သွားတော့သည်။
ရှန်ဖုန်းမင် သေမင်းနတ်ဘုရား မြို့တော်ကို ပြန်လာပြီတဲ့။ သတင်းမှာ လေပွေတစ်ခုနှယ် မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ တချို့လူတွေက မနက်ဖြန်စပြီး အပြင်မထွက်တော့ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
ဥပမာ မင်းသားခြောက်လိုလူ။ နောက်ဥပမာ အိမ်ရှေ့မင်းသားလိုလူ….
ရှန်မိသားစု ထိုသို့ဖြစ်နေစဥ် နှစ်လမ်းသာခြားသည့် မဟာစစ်သူကြီး ကျိန်းကော်၏ ယန်အိမ်တော်တွင်လည်း ပွဲတစ်ခုဖြစ်နေလေသည်။
ခန်းမအလယ်တွင် သခင်မယန်က မိန်းမလှလေးတချို့နှင့် မာကျောက်ကစားနေစဥ် ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ဝင်လာပြီး သတင်းပို့လေသည်။
“ အကြီးဆုံးသခင်လေး ပြန်လာပြီ”
မိန်းကလေးများသည် ထိုစကားကို ကြားလိုက်ရသောအခါ သူတို့၏မျက်နှာများသည် ပျော်ရွှင်မှုကြောင့် ချက်ချင်း ဝင်းပသွားကြတော့သည်။ သခင်မယန်လည်း ဝမ်းသာသွားတော့သည်။ သို့သော် သူမက မျက်နှာတည်နှင့် ပြောလိုက်သေးသည်။
“ သူ ပြန်လာတယ်ဆိုတော့လည်း ပြန်လာတယ်ပေါ့၊ ဒါနဲ့ ဒီတစ်ခါရော သူ ဘယ်နှစ်ယောက် ခေါ်ပြန်လာသေးလဲ”
သူမက ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ထိုမိန်းကလေးများ၏မျက်နှာများသည် ပြောင်းလဲသွားတော့သည်။
ယန်ရှန့်တွင် အကျင့်တစ်ခုရှိလေသည်။ သူ အပြင်ထွက်တိုင်း အမြဲလိုလို မိန်းကလေးများကို အိမ်ခေါ်ပြန်လာတတ်သည်။ ထိုမိန်းကလေးများသည် မိဘများက ဆောင်ကြာမြိုင်သို့ ရောင်းစားခံလိုက်ရသူ မဟုတ်လျှင် မုဆိုးဖိုကြီးများနှင့် အတင်းလက်ထပ်ခိုင်းခံရသူများ ဖြစ်ကြလေသည်။ အခြေအအနေက မတူကြသော်လည်း သူတို့ကို အခြေအခံအားဖြင့် ယန်ရှန့်က ကယ်တင်ပေးခဲ့ခြင်းပင်။
သတင်းလာပို့သူက သူ့မိသားစု၏ အကြီးဆုံးသခင်လေးတွင် သနားတတ်ကာ နှစ်လိုဖွယ်ကျောက်စိမ်း အကျင့်စရိုက်ရှိမှန်း သိထားလေသည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူသည် ဘယ်သူ့ကိုမှ ခေါ်ပြန်မလာခဲ့သည်က အမှန်။
“ ဘယ်သူမှ မပါဘူးဟုတ်လား”
သခင်မယန်မှာ တော်တော်အံ့ဩသွားတော့သည်။
“ဒါဆို သူ ဘာယူပြန်လာခဲ့လဲ”
“ ယူတော့ ယူပြန်လာတယ်၊ ဝက်အူချောင်းတွေလားပဲ”
သတင်းလာပို့သူက မရေမရာ ပြန်ဖြေလိုက်လေသည်။
ညနေခင်းတွင် ယန်မိသားစုကလည်း ဝက်အူချောင်းများ စားကြလိုက်သည်။
အသက် ၇-၈နှစ်အရွယ် မိန်းကလေးက တူဖြင့် ဝက်အူချောင်းတစ်ဖက်ကို ညှပ်ကာ ယန်ရှန့်ကို ချက်ချင်း ပြောလိုက်လေသည်။
“ကိုကြီး အရသာရှိတယ်”
“ ကိုကြီးက အရသာရှိတာ မဟုတ်ဘူးနော်၊ ဝက်အူချောင်းက အရသာရှိတာ”
ကောင်မလေးဘေးက ၁၃-၁၄နှစ်အရွယ်ကောင်လေးက အမှန်ပြင်ပေးလိုက်သည်။ တစ်ချိန်ထဲတွင် သူက တူဖြင့် နောက်ထပ်ဝက်အူချောင်းကို မြန်မြန်ညှပ်ကာ သူ့ပန်းကန်လုံးထဲ ထည့်လိုက်လေသည်။
ယန်မိသားစုသည် စားသောက်ချိန်တွင် လက်မြန်သူက စားက ပိုစားရပြီး လက်နှေးသူက ပန်းကန်ဆေးရလေသည်။
သခင်မယန်က ဆယ်ကျော်သက်လူငယ်လေးကို စိုက်ကြည့်လိုက်၏။ အကြီးကို လေးစားပြီး အငယ်ကို ချစ်ခင်ရကောင်းမှန်း မသိကြဘူးလား။
စစ်သူကြီးယန်သည် နယ်စပ်တွင် တာဝန်ကျနေသည်။ သူသည် အိမ်တွင် မရှိချေ။ အိမ်တွင် သခင်မယန်နှင့် ကလေးသုံးယောက်သာ ရှိသည်။ သူတို့သည် အတူတူထိုင်ကာ စားသောက်နေကြသည်။ ယန်ရှန့်ခေါ်လာသည့် မိန်းကလေးများကိုတော့ ယန်ရှန့်က သူတို့ကို လက်မထပ်ခဲ့ပေ။ ထို့ကြောင့် သူတို့ကို ယန်မိသားစုဝင်များဟု မသတ်မှတ်ချေ။ သူတို့သည် ယန်အိမ်တော်တွင် နေနေခြင်းသာ ဖြစ်လေသည်။
လူငယ်လေးက သခင်မယန်အတွက် ဝက်အူချောင်းတစ်ဖတ်ကို မြန်မြန်ထည့်ပေးလိုက်ပြီး နောက်တစ်ဖတ်ကို ညီမလေးအတွက် ထည့်ပေးလိုက်လေသည်။ ထို့နောက် သူကိုယ်တိုင် တစ်ခု စားလိုက်သည်။
“ဒီလိုမှပေါ့” သခင်မယန်က ပြုံးလိုက်၏။ ထိုနောက် သူမက ယန်ရှန့်ဘက် လှည့်လိုက်လေသည်။
“မဆိုးဘူး၊ ကိုယ်အမေ့ကို ဘယ်လိုစဥ်းစားပေးရမယ်ဆိုတာ သိသားပဲ”
ယန်ရှန့်က မြန်မြန်ပြန်ပြောလိုက်၏။
“ဒါပေါ့ ကျွန်တော့်စိတ်ထဲမှာ အမေအမြဲတမ်းရှိပါတယ်ဗျ”
“ မင်းက ငါ့ကို သတိရလို့ ဝက်အူချောင်းတွေ ယူပြန်လာပေးတယ်လား၊ ဒီတစ်နပ် စားပြီးရင်ကော မင်းဘာလုပ်အုံးမှာလဲ” သခင်မယန်က ရှုံ့မဲ့ကာပြောလိုက်လေသည်။
ယန်ရှန့်က ချက်ချင်း ကတိပေးလိုက်၏။
“ အမေရယ် စိတ်မပူပါနဲ့၊ အမေ စားချင်တယ်ဆိုရင်လေ ကျွန်တော်က အမေ့အတွက် သေချာပေါက် ယူလာပေးမှာ”
သခင်မယန်ကတော့ ထိုစကားကို အတည်မမှတ်ချေ။
“ အပြင်ထပ်ထွက်ဖို့ စဥ်းစားနေပြန်ပြီလား၊ လူတွေက ပြောနေကြတယ် ရှန်ဖုန်းမင်က မိန်းမတွေနဲ့ မရင်းနှီးဘူးတဲ့၊ မင်း ကျတော့ရော၊ ငါတို့အိမ်မှာ မိန်းမတွေအများကြီးရှိရက်နဲ့ ဥကျတော့ တစ်လုံးမှတောင် မရှိဘူး၊ မင်း အိမ်မှာနေပြီး မိန်းမတစ်ယောက် သတ်သတ်မှတ်မှတ်ယူပြီး ငါ့အတွက် မြေးလေးတစ်ယောက်လောက် ချီခွင့်ပေးစမ်းပါ”
ယန့်ရှန်း…..
“ မင်းနဲ့ ရှန်ဖုန်းမင်လား၊ ငါ မင်းကို ပြောလိုက်မယ်၊ သဘောမတူဘူးနော်၊ သဘောမတူဘူး နားလည်လား၊ မင်းအဖေသာသိရင် မင်းခြေထောက်ကို ရိုက်ချိုးလိမ့်မယ်” သခင်မယန်က တစ်ခုခုကို သတိရသွားပြီး ပြောတော့သည်။
ယန်ရှန့် :….
နောက်တစ်နေ့ တပ်ခွဲထဲသို့ ရှန်ဖုန်းမင် ဝင်လာချိန်၌ ယန်ရှန့်က ထိုင်ခုံတစ်လုံးပေါ်တွင် ပစ်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
သူရောက်လာသဖြင့် ယန်ရှန့်မှာ ချက်ချင်း စိတ်အားတက်ကြွသွားပြီး မေးလိုက်လေတော့သည်။
“ငါတို့တွေ ဘယ်တော့ မြို့တော်ကနေ ထွက်မှာလဲ”
…