အပိုင်း (၂၄)
ရှန်ဖုန်းမင်သည် အရပ်မြင့်မြင့် မားမားမတ်မတ် ပုံရိပ်တစ်ခုနှင့် ခံ့ညားသည့်မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ သူ့ပတ်ဝန်းကျင်တွင် ဖိနှိပ်ထားသည့် အရောင်အဝါတစ်ခု မသိမသာ ရှိနေသယောင် လူများက သူ့ကို အနီးကပ်မကြည့်ရဲအောင် ဖြစ်နေစေသည်။
ယန်ရှန့်သည်လည်း သူ့ထက် မနိမ့်ချေ။ သူ့မျက်လုံးများက မက်မွန်ပွင့်များလုံးထက် မသိမသာပိုရှည်လေသည်။ သူတို့သည် မျက်နှာသေနှင့် ရှိနေချိန်မှာပင် ဆွဲဆောင်မှုရှိနေလေသည်။
ရွှီချင်ရှန့်သည် သူတို့ကပ်ဘေးရှောင်လာသည့် လမ်းပေါ်က ဆိုင်လေးထဲတွင် တွေ့ခဲ့ရသည့် လူနှစ်ယောက်ကို မှတ်မိသွားပြီး အလွန်အံ့ဩသွားတော့သည်။ သူတို့တွေ ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။
သူတို့က ကျန်းယွင်ကျူးကို မြို့ထဲခေါ်သွားပေးမလို့တဲ့လား။ သူတို့နဲ့ ကျန်းယွင်ကျူးက….
“ ဒီနှစ်ယောက်က ဆန်းရောင်းဝယ်တဲ့ ကုန်သည်တွေလေ၊ ပြီးတော့ အိမ်မှာ ငှားနေကြတာ”
အမျိုးသမီးချန်က မြန်မြန်ရှင်းပြလိုက်၏။
အဲလိုဖြစ်နေတာကိုး။ ရွှီချင်ရှန့်သည် မနေ့က အမျိုးသမီးချန်က ကုယုံသယ်ဆီကို လာပြီး သူမ၏အိမ်တွင် ဆန်ကုန်သည်များရှိကြောင်း ပြောခဲ့သည်ကို သိထားလေသည်။ သူ ထင်မထားသည်က ထိုဆန်ကုန်သည်များမှာ သည်လူနှစ်ယောက်ဖြစ်နေသည်ကိုပင်။
ယန်ရှန့်က သူ့မြင်းပေါ်က ဆင်းလိုက်ပြီး ကျန်းယွင်ကျူးကို ကြည့်လိုက်၏။
“မိန်းကလေးကျန်း မြို့တက်မလို့လား”
ကျန်းယွင်ကျူးသည် မသွားပါဘူးဟု ပြောလိုက်ချင်လေသည်။ သူမ မသွားဘူးဆိုရင် ဟုတ်ပါပြီ။ ဒါပေမဲ့ သူမ မသွားရင် အလုပ်ကိစ္စကရော။ လူတစ်ယောက်က အလုပ်သစ်စလုပ်ရင် သိက္ခာကျရမှာ အကြောက်ဆုံးပဲလေ။
သူမက ‘အင်း’ ဟုဆိုကာ ခေါင်းညိတ်ပြလိုက်ရတော့သည်။
“ ကျွန်တော်တို့လည်း မြို့ထဲသွားမလို့ ၊ ကျွန်တော်တို့ မင်းကိုခေါ်သွားပေးမယ်လေ”
“လူကြီးမင်းရယ် ဒါက မသင့်တော်မှာ စိုးမိပါတယ်၊ ရှင်တို့မှာ မြင်းနှစ်ကောင်ပဲ ရှိတာလေ….”
အမျိုးသမီးချန်က သူမ၏စကားကို အဆုံးထိဆက်မပြောလိုက်သော်လည်း အားလုံးက အဓိပ္ပာယ်ကို နားလည်လိုက်လေသည်။ ကျန်းယွင်ကျူးက မိန်းကလေးလေ။ ယောက်ျားနှစ်ယောက်နဲ့ မြင်းနှစ်ကောင်ပဲရှိတာ။ သူတို့တွေ သူမကို ဘယ်လိုခေါ်သွားမှာလဲ။
အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ အတူတူစီးရမှာလား။ ကျန်းယွင်ကျူးမှာ အနည်းငယ်နားမလည်နိုင်ဖြစ်သွားတော့သည်။ လူတွေမြင်ရင် သူမကို ဘယ်လိုထင်ကြလိမ့်မလဲ။
အမျိုးသားနှစ်ယောက်က တစ်ကောင်စီးပြီး ကျန်းယွင်ကျူးက နောက်တစ်ကောင်ကို စီးမယ်ဆိုရင်ကော။
ဘယ်လိုပဲ ကြည့်ကြည့်ပါ မဟုတ်သေးပါဘူး။
ယန်ရှန့်မှာ တံတွေးသီးသွားတော့သည်။ သူက ဒီကိစ္စကို တကယ်မစဥ်းစားခဲ့မိတာပဲ။ ရွှီချင်ရှန့်က ကျန်းယွင်ကျူးကို ထပ်ခေါ်သွားတော့မှာ တွေ့လိုက်တာနဲ့ လွှတ်ခနဲ ပြောလိုက်မိတာ။
အခုမှ သူက ရှန်ဖုန်းမင်းကို ကြည့်လိုက်၏။ သူနဲ့ မြင်းတစ်ကောင်ထဲ အတူတူစီးရင်ကော။
ရှန်ဖုန်းမင်က သူ့ကို ဘာမှမပြောဘဲ ကြည့်နေလေသည်။
ယန်ရှန့်မှာ ဇက်ပုသွားတော့သည်။ ဒီကိစ္စလေးက သူ့ကို ဒုက္ခမရောက်စေနိုင်ပါဘူး။ သူက အမျိုးသမီးချန်ကို ပြန်ပြောလိုက်၏။
“ကျွန်တော်တို့ထဲက တစ်ယောက်ပဲ သွားရင်ရပါပြီ၊ ဒီလိုဆိုရင်ကော၊ မိန်းကလေးကျန်းက ကျွန်တော့်မြင်းကို စီးသွားလိုက်၊ ကျွန်တော်က အိမ်မှာ အနားယူလို့ရတာပေါ့”
“ဒါပေမဲ့ ယွင်ကျူးက မြင်းမစီးတတ်ဘူးလေ”
အမျိုးသမီးချန်မှာ စိတ်ပူသွားတော့သည်။ သူမက ရှန်ဖုန်းမင်ကိုလည်း ကောင်းကောင်းမသိဘူးလေ။ ဘယ်လိုလုပ်ပြီး ကျန်းယွင်ကျူးလို မိန်းကလေးတစ်ယောက်ထဲကို သူနဲ့ လွှတ်လိုက်နိုင်မှာလဲ။
“ ယွင်ကျူးကို မြည်းလှည်းပဲ စီးခိုင်းလိုက်ပါ၊ ဒါမှ အန္တရာယ်ကင်းမှာ၊ လူကြီးမင်းတို့ကို ဒုက္ခပေးဖို့ မလိုတော့ပါဘူး”
“ ဟုတ်တယ်၊ ကျွန်တော့်မြည်းလှည်းမှာ ထိုင်ပြီးလိုက်လို့ရပါတယ်” ရွှီချင်ရှန့်က ဝင်ပြောလိုက်၏။
“ ဒုက္ခမဖြစ်ပါဘူး၊ မြည်းလှည်းက နှေးတယ်လေ၊ ကျွန်တော့်မြင်းက တနေ့ကို ကီလိုမီတာ ၄၀၀ လောက် ခရီးသွားနိုင်တယ်၊ အချိန်တိုအတွင်း မြို့ထဲ ရောက်သွားလိမ့်မယ်၊ မိန်းကလေးကျန်း မြင်းမစီးတတ်လည်း အရေးမကြီးပါဘူး၊ ကျွန်တော့်မြင်းက ဉာဏ်ကောင်းပြီး ယဥ်ပါးပါတယ်၊ ဘယ်သူ့ကိုမှ လုံးဝအန္တရာယ်မပြုဘူး။
ကျွန်တော့်ကို မယုံရင် ဒီမှာကြည့်လိုက်”
ယန်ရှန့်က ကြေညာလိုက်လေသည်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး သူ့မြင်းနက်လေးကို လေချွန်လိုက်ကာ အော်ပြောလိုက်လေသည်။
“ယွဲ့ရင်း”
မြင်းနက်လေးက သူ့ကိုခေါ်နေမှန်း သိဟန်တူသည်။ ခုန်ဆွခုန်ဆွ လျှောက်လာပြီး သူ့ခေါင်းကို ယန်ရှန့်၏ လက်နား လာပွတ်သပ်လိုက်သည်။
မြင်းလိမ္မာလေးပဲ။ အားလုံးက စိတ်ထဲမှ အထင်ကြီးကာ မှတ်ချက်ပေးလိုက်၏။
မိနစ်များစွာ ကြာပြီးနောက်တွင် ကျန်းယွင်ကျူးသည် မြင်းပေါ်တွင် ထိုင်နေ၏။ သူမသည် ထိုအဖြစ်ကို လက်တွေ့မကျသလို အူကြောင်ကြောင်နိုင်သည်ဟု ထင်မိနေဆဲပင်။
ယန်ရှန့်က သူမကို သူ့မြင်းကို စီးဖို့ တိုက်တွန်းနေသည်။ အမျိုးသမီးချန်က စိတ်ပူနေ၏။ ရွှီချင်ရှန့်ကလည်း မြို့တက် ရမည်။
နောက်ဆုံးတွင်တော့ သူမသည် ယန်ရှန့်၏မြင်းကို စီးလာပြီး ရွှီချင်ရှန့်က နောက်တွင် မြည်းလှည်းမောင်းရင်း လိုက်လာကာ ယန်ရှန့်က မြည်းလှည်းပေါ်တွင် ထိုင်နေသည်တဲ့လား။
ကျန်းယွင်ကျူးက နောက်လှည့်လိုက်ရာ ယန်ရှန့်သည် ဘရိုကိတ်သား ဝတ်ရုံတစ်ခုနှင့် ခြေချိတ်ထိုင်ရင်း မြည်းလှည်း စီးလာလေသည်။ ဘယ်လိုပင် ကြည့်ကြည့် လိုက်ဖက်မနေချေ။
ကျန်းယွင်ကျူးက သူ့ကို ကြည့်နေသည်ကို အာရုံခံမိသဖြင့် ယန်ရှန့်က ပြုံးပြလိုက်ပြီး သူ၏ ဖြူဖွေးနေသည့် သွားများကို ထုတ်ပြလိုက်လေသည်။
ကျန်းယွင်ကျူးက နှုတ်ဆိတ်ရင်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဘေးကို ကြည့်လိုက်၏။
ဘေးတွင် ကျန်းယွိနန် ပါလာ၏။ ယန်ရှန့်က မြင်းသည် ယဥ်ပါးသော်လည်း လန့်ပြီး အန္တရာယ် ဖြစ်တတ်သည်ဟု ရှင်းပြထားသည်။ ထို့ကြောင့် သူက မြင်းဇက်ကြိုးကို ရှန်ဖုန်းမင်၏လက်ထဲ ထိုးထည့်လိုက်ပြီး သူ့ကို ထိန်းပေးရန် ပြောလိုက်လေသည်။ သည်လိုမှ အန္တရာယ်ကင်းလိမ့်မည်။
ရှန်ဖုန်းမင်က သူမအတွက်မြင်းကို ထိန်းပေးထားသဖြင့် နှစ်ယောက်သားက ဘေးချင်းယှဥ် သွားနေလေသည်။ မြင်းဇက်ကြိုးက ရှည်ရုံလောက်သာရှိသဖြင့် ကျန်းယွင်ကျူးသည် သူနှင့် အလွန်နီးနီးကပ်ကပ် ရှိနေတော့သည်။ အလွန်နီးကပ်လွန်းသဖြင့် တခါတရံ သူတို့ဆံပင်များသည် လေထဲတွင် ရောယှက်သွားတော့သည်။
“ ကျွန်မ ကိုယ့်ဟာကိုယ် လုပ်ကြည့်မယ်လေ၊ ဒီမြင်းက တကယ် ယဥ်ပါတယ်”
ကျန်းယွင်ကျူးသည် သူနှင့် မတော်တဆတိုက်မိမည် စိုးသဖြင့် ဘေးသို့ ရွှေ့လိုက်၏။
ရှန်ဖုန်းမင်က သူမကို ကြည့်လိုက်သည်။ သူမ၏အရပ်ကြောင့် သူမသည် ရေလှိုင်းဟန်မျက်ခုံး၊ နီစွေးစွေးနှုတ်ခမ်းများနှင့် သူ့ကို မော့ကြည့်ရလေသည်။
“ ကျွန်တော် လုပ်လိုက်ပါ့မယ်” သူသည် ကိုယ်တိုင်ပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။
သူတို့သည် မြို့ထဲရောက်သည်နှင့် ကျန်းယွင်ကျူးက သည်နေ့အတွက် ဝယ်စရာအများအပြား ရှိနေသည်။ ယန်ရှန့်နှင့် ရှန်ဖုန်းမင်က နောက်မှလိုက်လာ၏။ သူမသည် စာမတတ်ချင်ဟန်ဆောင်ပြီး မှတ်စုထဲက ဟင်းပွဲနာမည်များကို သူတို့ ကူဖတ်ခိုင်းလိုက်ရသည်။ ထို့နောက် သူမက စျေးထဲသို့ တန်းဝင်သွားတော့သည်။
ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက်တွင် ရွှီချင်ရှန့်၊ ယန်ရှန့်နှင့် ရှန်ဖုန်းမင်ကပင် နောက်မှ လိုက်လာသည်ကို ရုတ်တရက် သတိထားမိသွားတော့သည်။
သူတို့တွေ အလုပ်သွား မလုပ်ကြတော့ဘူးလား။ သူမက သူတို့ကို လှည့်ကြည့်လိုက်၏။
“ ငါက ဆေးလိပ်ကြီးရွက် နည်းနည်းပါးပါး ဝယ်ဖို့ပဲလိုတာ၊ အပြန်ကျမှာ ဆေးရွက်ကြီးရောင်းတဲ့ဆိုင်ကို ဖြတ်ရင် ဝယ်လိုက်မယ်” ရွှီချင်ရှန့်က ပြောလိုက်၏။
“ ကျွန်တော်တို့လည်း လုပ်စရာသိပ်မရှိပါဘူး” ယန်ရှန့်က ပြုံးကာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက ရပ်လိုက်ပြီး ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။
“အစ်ကိုရွှီ ရှင် ဒီနားလာလို့ရလား” သူမက ရွှီချင်ရှန့်ဘက်သို့ ကြည့်လိုက်၏။
ရွှီချင်ရှန့်က တစ်လှမ်း နှစ်လှမ်းလောက် လျှောက်ကာ သူမနားသို့ သွားလိုက်လေသည်။
ကျန်းယွင်ကျူးက ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်လိုက်ပြီး လူမရှိသည့် ထောင့်တစ်ခုကို တွေ့လိုက်ရ၏။ စိတ်ထဲတွင် အချိန်ခဏလောက် စကားစီလိုက်ပြီးနောက် သူမက သူ့ကို ပြောလိုက်တော့သည်။
“အစ်ကိုရွှီ ကျွန်မကို စောင့်စရာမလိုပါဘူး၊ ရှင့်ဟာရှင် အရင်ပြန်လို့ရပါတယ်၊ ပြီးတော့ မနက်ဖြန်မနက် ရှင် ဟူလထန်းသောက်ချင်ရင် ကျွန်မတို့ဆိုင်ကို လာခဲ့လေ၊ ကျွန်မ ရှင့်အတွက် တစ်ပွဲချန်ထားပေးမယ်။ ကျွန်မတို့ကို ပစ္စည်းတွေ ကူသယ်ပေးဖို့တော့ မလိုပါဘူး၊ ကျွန်မ ရှင့်ကို ဒုက္ခအများကြီးမပေးချင်ဘူး”
“မဟုတ်ပါဘူး…”
ရွှီချင်ရှန့်က ဒုက္ခမများပါဘူး၊ သူက သူမကို ကူညီချင်တာပါဟု ပြောချင်လိုက်လေသည်။ သို့သော် ရုတ်တရက်ဆိုသလို သူသည် တစ်ခုခုကို သဘောပေါက်သွားတော့သည်။
သူက သူမကို ငေးကြောင်ကြောင်ဖြင့် ကြည့်နေမိသည်။ သူမ ပြောချင်တာ အဲဒီသဘောလား။
“ ကျွန်မက အခု ငွေရှာဖို့ပဲ အာရုံစိုက်ချင်တယ်၊ တခြားဘာကိုမှ မလုပ်ချင်သေးဘူး” ကျန်းယွင်ကျူးသည် သူမ၏စကားက လုံလောက်အောင် ရှင်းလင်းသည်ဟု ခံစားမိလိုက်သည်။
ရွှီချင်ရှန့်မှာ တုတ်တစ်ချောင်းနှင့် ခေါင်းရိုက်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ သူ့စိတ်တို့သည် ဗလာအတိ ဖြစ်သွားတော့သည်။ ခဏကြာပြီးမှ သူက ခပ်နွမ်းနွမ်း ပြုံးပြလိုက်၏။ ကျန်းယွင်ကျူးက လှပပြီး ဉာဏ်ကောင်းတယ်လေ။ သူ့အတွက်တော့ သူမက ကောင်းကင်ပေါ်က လတစ်စင်းလိုပဲ။ သူက သူမအတွက် မသင့်တော်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ မျှော်လင့်ချက် သေးသေးလေးတစ်ခု အမြဲရှိနေခဲ့တာ။ တကယ်လို့များ ဆိုပြီးတော့ပေါ့။
အခုတော့ သူမက ဒီကိစ္စကို ရှင်းလင်းအောင် လုပ်လိုက်ပြီး။ တစ်လျှောက်လုံး လွင့်မျောလာတဲ့ သူ့နှလုံးသားကလည်း မြေကြီးပေါ် ကျသွားပြီ။
“ အဲဒီနှစ်ယောက်ကြောင့်…..”
သူသည် ယန်ရှန့်နှင့် ရှန်ဖုန်းမင်ကြောင့်လားဟု မေးလိုက်ချင်တော့သည်။
“ မဟုတ်ပါဘူး” ကျန်းယွင်ကျူးက အတိအလင်း ကြေညာလိုက်၏။
အမှန်တွင်တော့ ရွှီချင်ရှန့်တွင် ပြောစရာစကားအများကြီး ရှိနေသည်။ ဥပမာ အဲဒီလူနှစ်ယောက်ရဲ့ နောက်ကြောင်းက မရှင်းလင်းဘူး။ ဥပမာ သူမ လှည့်စားခံလိုက်ရမှာ စိုးတယ်။ စသည်ဖြင့်ပေါ့။
ကျန်းယွင်ကျူးက သူ့ကို ကြည်လင်သည့်မျက်လုံးများဖြင့် ကြည့်နေ၏။
ရွှီချင်ရှန့်သည် ရုတ်တရက် ဘာတစ်ခွန်းမှ မပြောနိုင်တော့ချေ။ သူမလို ဉာဏ်ကောင်းတဲ့ မိန်းကလေးက နားလည်ပြီးသား ဖြစ်မှာပါ။
“ ငါ နားလည်ပါပြီ” သူက ထိုသို့သာ ရေရွတ်လိုက်တော့သည်။
ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။ ဒါဆိုရင်တော့ အဆင်ပြေသွားပြီ။
သူမက ယန်ရှန့်နှင့် ရှန်ဖုန်းမင်ကို ထပ်ကြည့်လိုက်သည်။ အမှန်တွင်တော့ အဓိကက ယန်ရှန့်ပင်။ သူမကို မြို့ခေါ်လာဖို့ စိတ်ကူးထုတ်ခဲ့သူမှာ သူဖြစ်ပြီး သူမနောက်လာသူမှာလည်း သူပင်။ သူ ဘာလုပ်ချင်နေမှန်း သူမ နားမလည်တော့ပေ။
သူမကို သဘောကျနေတာလား။ အဲလိုလည်း မထင်ရပါဘူး။
ယန်ရှန့်သည် ကျန်းယွင်ကျူးနှင့် ရွှီချင်ရှန့်တို့ကို အတူတူ ရှိမနေစေချင်ရုံသာ။ ကျန်းယွင်ကျူးသည် ခုနက ခပ်လှမ်းလှမ်းတွင် ရွှီချင်ရှန်းနှင့် စကားပြောနေခဲ့လေသည်။ သူမ ပြောလိုက်သည့်စကားကို သူ သေချာမကြားလိုက်သော်လည်း နှစ်ယောက်သား အမူအရာမှတစ်ဆင့် တစ်ခုခုကို ခန့်မှန်းမိခဲ့သည်။ အထူးသဖြင့် ရွှီချင်ရှန့်ပင်။
ရွှီချင်ရှန့်သာ ကျန်းယွင်ကျူးနောက် လိုက်မလာလျှင် သူ ဂရုမစိုက်ပေ။
“ လက်ဖက်ရည်ဆိုင်ကိုသွားပြီး မနက်စာ သွားစားကြရအောင်” ယန်ရှန့်က ပြုံးလိုက်ပြီး
“ မင်း မနက်စာ မစားရသေးဘူးလေ၊ အတူတူသွားကြမယ်၊ ဒီနှစ်ရက်အတွင်းမှာ မင်း ငါတို့အတွက် မနက်စာ ချက်ပေးနေရတာ၊ အခု ကျွန်တော့်အလှည့်ပေါ့ မင်းကို ထမင်းတစ်နပ်ကျွေးမယ်လေ”
“ကျေးဇူးတင်ပါတယ် မလိုပါဘူးရှင်၊ ရှင်တို့တွေ သွားကြပါ၊ ကျွန်မ လုပ်စရာလေးတွေ ရှိသေးတယ်၊ ရှင်တို့က ရှင်တို့အတွက် ချက်ပြုတ်ပေးဖို့ ငွေပေးထားတာပဲရှင့်”
ကျန်းယွင်ကျူးက အလွန်ယဥ်ယဥ်ကျေးကျေး ပြောလိုက်ပြီး ငြင်းပယ်သည့်အဓိပ္ပာယ်က ထင်ရှားနေသည်။
ယန်ရှန့်လည်း အတင်းမတိုက်တွန်းဘဲ သူမ ထွက်သွားသည်ကို အပြုံးနှင့် စောင့်ကြည့်နေလိုက်တော့သည်။
ကျန်းယွင်ကျူးက သည်နေ့ သူမ ဝယ်ရမည့်ပစ္စည်းများကို မြန်မြန်ဝယ်လိုက်၏။ သူမသည် အိမ်ပြန်ရန် မြည်းလှည်းတစ်စီးငှားဖို့ အေးအေးဆေးဆေး စဥ်းစားလိုက်တော့သည်။
ပစ္စည်းတွေက အများကြီးပဲ။ သူမ အားလုံးကို မသယ်နိုင်ဘူးလေ။
ကြည့်ရတာ ငွေစုပြီးရင်တော့ မြည်းလှည်းတစ်စီး အရင်ဆုံး ဝယ်ရတော့မယ်ထင်တယ်။
သူမသည် ထိုသို့စဥ်းစားနေဆဲမှာပင် ကြီးမားသည့်လက်တစ်ဖက်က သူမ၏လက်ထဲက ပစ္စည်းများကို ယူလိုက်လေသည်။
ကျန်းယွင်ကျူးက မော့ကြည့်လိုက်၏။ ရွှီချင်ရှန့်။ သူ အခုထိ မပြန်သေးဘူးလား။
ရွှီချင်ရှန့်က ပြုံးပြလိုက်ပြီး
“ ငါ ခုနက အများကြီး စဥ်းစားပြီးသွားပြီ”
ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူက ဆက်ပြောလိုက်၏။
“ မင်းက ငါ့ကို အစ်ကိုရွှီလို့ ခေါ်မှတော့ အခုချိန်ကစပြီး ငါက မင်းကို ငါ့ညီမလေးလို သဘောထားရလိမ့်မယ်။ ငါတို့တွေ အတူတူ ကပ်ဘေးရှောင်လာခဲ့ကြတာပဲ၊ ဒီတော့ ငါတို့တွေ သူစိမ်းတွေလို မနေသင့်ဘူးလေ။ နောက်ဆိုရင် ငါက ဦးလေးကျန်းနဲ့လည်း အတူတူအလုပ်လုပ် ရအုံးမှာ။ နင်က အရမ်းဉာဏ်ကောင်းတာပဲလေ နင် စိတ်ကူးကောင်းတစ်ခုတော့ သေချာပေါက် စဥ်းစားနိုင်မှာပဲ၊ နောက်ဆိုရင် ငါ ဦးလေးကျန်းနဲ့အတူတူ ငွေအများကြီး ရှာရင် ရှာနိုင်အုံးမှာ”
နောက်ဆုံးစကားကို သူက ရယ်စရာအဖြစ် ပြောလိုက်ခြင်းပင်။
ကျန်းယွင်ကျူးသည် အနည်းငယ် တောင့်တင်းသွားပြီး သူ့ကို ငေးကြည့်နေမိတော့သည်။
အစပိုင်းတွင် ရွှီချင်ရှန့်က သူမ၏အကြည့်ကို ရှောင်ချင်နေခဲ့သည်။ ထို့နောက်တော့ သူက မျက်လုံးများကို ပင့်ကာ စိတ်ရင်းနှင့် သူမကို ပြန်ကြည့်လိုက်လေသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်တော့သည်။
သူမ၏အပြုံးကို မြင်လိုက်သည်တွင် ရွှီချင်ရှန့်ကလည်း လိုက်ပြုံးလေသည်။ သူ့နှလုံးသားထဲက နောက်ဆုံးသံသယမျှင်လေးမှာ ပျောက်ကွယ်သွားတော့သည်။
“ တက်လေ၊ ငါ နင့်ကို အိမ်ပြန်ခေါ်သွားပေးမယ်၊ ဒီနေ့ ငါ နင့်ကို အလကားပေးစီးမယ်၊ မနက်ဖြန်ကျရင်တော့ ရချင်မှ ရတော့မှာနော်၊ မနက်ဖြန် ငါ လူတွေအများကြီးတင်ပြီး မြည်းတစ်ကောင် မြန်မြန် ထပ်ဝယ်နိုင်ဖို့ ငွေစုရအုံးမယ်” ရွှီချင်ရှန့်က အသံကျယ်ကျယ်ဖြင့်ပြောလိုက်လေသည်။
“ ဟုတ်ပါပြီ” ကျန်းယွင်ကျူးက ပြုံးကာ သဘောတူလိုက်ပြီး မြည်းလှည်းပေါ် တက်လိုက်တော့သည်။
မကြာမီတွင် သူတို့သည် ချန်ရှီရွာသို့ ရောက်လာကြတော့သည်။
အမျိုးသမီးချန်က တံခါးနားတွင် ပူပင်စွာ ထိုင်ရင်း အသီးအရွက်ရွေးနေတော့သည်။ ကျန်းယွင်ကျူးက ရွှီချင်ရှန့်၏ မြည်းလှည်းနှင့် ပြန်လာသည်ကို တွေ့လိုက်ရမှ ချက်ချင်းဆိုသလို စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။
ပစ္စည်းများကို ချပေးလိုက်ပြီးနောက် ရွှီချင်ရှန့်သည် အိမ်ပြန်သွားတော့သည်။
သူ အိမ်တံခါးသို့ အရောက်တွင် လူတစ်ယောက် ထွက်လာသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရလေသည်။ ထိုလူက လက်ထဲတွင် ပန်းချီလိပ်တစ်ခုကို ကိုင်ထားသည်။ သူ့မျက်ခုံးများက တောင်လိုမြင့်မားပြီး သူ့မျက်လုံးများက မြစ်များလို့ ရှိကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တိမ်များလို အရောင်တောက်နေပြီး သူ့လှုပ်ရှားမှုများက ရေအသွင် ရှိနေလေသည်။ သူသည် ဖော်မပြတတ်လောက်အောင် ချောမောကာ တင့်တယ်လှပေသည်။
ထိုလူမှာ အခြားမဟုတ် သူ့ဝမ်းကွဲညီလေး ကုယန်ကျိုးပင်။
သူ့ကို ကြည့်နေရင်းမှ ရွှီချင်ရှန့်သည် ရုတ်တရက်ဆိုသလို ယန်ရှန့်၊ ရှန်ဖုန်းမင်နှင့်…. ကျန်းယွင်ကျူးကိုလည်း တွေးမိသွားလေတော့သည်။
…