အပိုင်း (၂၅)
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် သံသယဝင်စရာမလိုလောက်အောင် ထူးခြားပြီး ကောင်းကင်က တဖိတ်ဖိတ် တောက်နေသည့် နေတစ်စင်းနှင့် တူလေသည်။ ရွှီချင်ရှန်သည် သူက သူတို့နှင့် မယှဥ်နိုင်မှန်း ဝန်ခံလိုက်၏။ သို့သော် ကုယန်ကျိုးကတော့ မတူပေ။ သူသည် ရုပ်ချောပြီး စာပေတွင် ထူးချွန်ကာ အကျင့်စရိုက်လည်း ကောင်းမွန်သည်။ သူသာ ရာထူးတစ်ခု ခန့်အပ်ခံရခဲ့လျှင် သူ့အနာဂတ်သည်လည်း ကောင်းမွန်နေလိမ့်မည်။
အဘက်ဘက်က တော်တယ်လေ။ ပြီးတော့ သူတို့တွေက သူ့ကို ကောင်းကောင်းသိကြတယ်။ ယန်ရှန့်တို့အတွဲနဲ့ မတူဘူး။ သူတို့တွေက ဆန်ကုန်သည်တွေလို့ ပြောကြပေမဲ့ အဲလိုလူတွေ လုံးဝမဟုတ်ဘူးဆိုတာ သူ ခံစားမိနေတယ်။
ပုံပြောသူတွေက ပြောခဲ့ကြတယ်မလား။ ယောက်ျားတချို့က မိန်းကလေးတွေကို လှည့်စားဖို့ လူချမ်းသာတွေလို ဟန်ဆောင်ပြီးရင် သူတို့တွေကို ရောင်းစားကြတာတဲ့။ မဟုတ်ရင်လည်း အဲလိုလုပ်ငန်းမျိုးမှာ အတင်းအကြပ်ခိုင်းစေကြတာတဲ့။
အို ဟုတ်သားပဲ။ စာအုပ်နာမည်က ဘာပါလိမ့်။ တစ်ခုခုကို ကယ်ပါဆိုလားပဲ။ သူ မမှတ်မိတော့ဘူး။
သူသည် ထိုအကြောင်းကို စဥ်းစားလေလေ ကျန်းယွင်ကျူးအတွက် ပိုပြီး စိတ်ပူလာလေလေ ဖြစ်နေတော့သည်။ သူမက ပါးနပ်ပေမဲ့ ယောက်ျားနှစ်ယောက်နဲ့ ယှဥ်လာရင်တော့ သူမပဲ ဒုက္ခရောက်လိမ့်မယ်။
ဒါပေမဲ့ သူ့ဝမ်းကွဲညီလေးကတော့။ သူ ဒီအကြောင်းကို အရင်က မစဥ်းစားခဲ့ဖူးဘူး။ ဒါပေမဲ့ အခု သူ့ကိုကြည့်လိုက်တော့ သူနဲ့ ကျန်းယွင်ကျူးက ကောင်းကင်က စုံဖက်ပေးထားတဲ့ စုံတွဲတစ်တွဲ မဟုတ်ဘူးလား။
သူတို့နှစ်ယောက်လုံးက ပန်းချီကားထဲ့ လူတွေနဲ့တူတယ်လေ။ တစ်ယောက်က သစ်ခွကိုင်းလေးတစ်ခု၊ ကျောက်စိမ်းသစ်ပင်နဲ့ တူပြီး နောက်တစ်ယောက်က တောက်ပတဲ့လမင်းလေးနဲ့ တူတယ်။ ဒီထက်ကောင်းတဲ့ မင်္ဂလာပွဲမျိုး ရှိတော့မှာမဟုတ်ဘူး။
ပြီးတော့ ဝမ်းကွဲဦးလေးနဲ့ ဝမ်းကွဲအဒေါ်တို့ကလည်း ကျန်းယွင်ကျူးကို အရမ်းသဘောကျတာလေ။
“ ဝမ်းကွဲအစ်ကို ပြန်လာပြီပေါ့၊ ဘာတွေ စဥ်းစားနေတာလဲ” ရွှီချင်ရှန့်က သူ့ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကုယန်ကျိုးက အပြုံးလေးတစ်ခုနှင့် မေးလိုက်လေသည်။
“ ဘာမှ မစဥ်းစားပါဘူး၊ မင်း အပြင်သွားမလို့လား” ရွှီချင်ရှန့်က မေးလိုက်၏။
ကုယန်ကျိုးက သူ့လက်ထဲက ပန်းချီကားကို လှုပ်ယမ်းပြလိုက်ပြီး
“ ကျွန်တော် ဒီနေ့ ပန်းချီတစ်ချပ် ဆွဲခဲ့တာ၊ ဆရာ့ဆီသွားပြီး မှတ်ချက်လေးတွေ တောင်းမလို့”
ကုယန်ကျိုးသည် လက်ရှိတွင် စီရင်စုမြို့ရှိ ဝမ်ယွင်ကျောင်းတော်တွင် ကျောင်းတက်နေပြီး အတော်ဆုံးကျောင်းသားများထဲက တစ်ယောက်ဖြစ်သည်။
ဝူလင်စီရင်စုမြို့တွင် တခြားနေရာများထပ် ပညာသင်ကျောင်းသားများ ပိုများသည်။ သည်နေရာက အထူးအခြေအနေတစ်ရပ်ကြောင့်လည်း ဖြစ်လေသည်။
မိဘများက ငွေရှာဖို့ အလုပ်ကြိုးစားကြသည်။ မိုင်းတွင်းတွင် ငွေရှာရသည်မှာ မလွယ်ကူသည်ကို သိကြသဖြင့် သူတို့သည် သူတို့၏ကလေးများကို ငွေရှာရန် သူတို့၏အသက်ကို မစွန်းလွှတ်စေချင်ကြပေ။ စစ်သားများ၊ လယ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ။ စာလေ့လာပြီး စာမေးပွဲဖြေခြင်းကသာ ထိပ်ဆုံးသို့ ရောက်နိုင်ပြီး မိသားစုအတွက် ဂုဏ်အရောင်အဝါကို ယူဆောင်ပေးနိုင်လေသည်။ ထို့ကြောင့် အားလုံးက ငွေကို တစ်ပြားမှမချန်ဘဲ သူတို့ကလေးများကို စာသင်ခိုင်းကြပြီး သူတို့ကလေးများက နဂါးများဖြစ်လာမည့်အချိန်ကို မျှော်လင့်နေကြလေသည်။
“မင်း ဘာဆွဲထားတာလဲ၊ ငါ တစ်ခါလောက် ကြည့်လိုက်ရမလား” ရွှီချင်ရှန့်က မေးလိုက်၏။
ကုယန်ကျိုးသည် ရွှီချင်ရှန့်က သည်နေ့မှ အလွန်ထူးဆန်းနေသည်ဟု ခံစားမိလေသည်။ အရင်က ရွှီချင်ရှန့်သည် သူ စာလေ့လာနေသည်ကို လုံးဝဂရုမစိုက်ပေ။ သို့သော် သူက ဖွင့်ပြောလာသဖြင့် ပန်းချီကို ဖွင့်ပြလိုက်တော့သည်။
ရွှီချင်ရှန့်က ပန်းချီကို ကြည့်လိုက်သော်လည်း သူ့စိတ်တို့က တင်းကြပ်နေလေသည်။
ပန်းချီကားထဲတွင် ကျူရိုးတစ်ပင်နှင့် ရေလှိုင်းကြီးများ ဆွဲထားသည်ကို တွေ့လိုက်ရသည်။ လိပ်ထားသည့်ပန်းချီကားကို ဖွင့်ချလိုက်သဖြင့် ပြင်းထန်သည့်လှိုင်းများသည် ကမ်းခြေကို လာရိုက်ခတ်သွားသယောင် လူတို့ကို နှလုံးတုန်သွားစေတော့သည်။
“ ဒါ မင်း ဆွဲခဲ့တာလား” ရွှီချင်ရှန့်က မေးလိုက်၏။
“ အင်း ကျွန်တော် ဒီနေ့ ဆရာစုရှီရဲ့ ‘ ကောင်းကင်ကို ထိုးဖောက်မဲ့ ကျောက်ဆောင်များ၊ ကမ်းခြေကို ရိုက်ခတ်မဲ့ လှိုင်းလုံးများ၊ နှင်းထုထောင်ချီ လိမ့်လာပြီ’ စာအုပ်ကိုဖတ်ပြီး ရုတ်တရက် စိတ်ကူးပေါက်လာလို့ ဒီပန်းချီကားကို ဆွဲခဲ့တာ”
ရွှီချင်ရှန့်သည် ကဗျာစာပေကို နားမလည်ချေ။ သို့သော် နှင်းထု ထောင်ချီ ဆိုသည်ကို နားထောင်ရသည်မှာ သာယာဖွယ်ကောင်းသည်ဟု ခံစားရလေသည်။ ထို့နောက် သည်ပန်းချီကားနှင့် ဆက်စပ်ကြည့်လျှင် လှိုင်းလုံးများက နှင်းထုများကဲ့သို့ လှပလေသည်။
“ မင်း ဆွဲထားတာ တကယ်ကောင်းတာပဲ” သူက ချီးကျူးစကား ပြောလိုက်၏။
ကုယန်ကျိုးက ခေါင်းခါပြလိုက်ပြီး
“စိတ်ကူးသက်သက်ပါဗျာ၊ အခွင့်အရေးတစ်ခါလောက် ရခဲ့ရင်တော့ ကျွန်တော်လေ ချီပိချောက်ကမ်းပါးထိပ်ကို ကိုယ်တိုင်သွားကြည့်ချင်သေးတယ်”
“ အခွင့်အရေး ရလာမှာပါ” ရွှီချင်ရှန့်က သည်အတိုင်း ပြန်ပြောလိုက်ပြီးနောက် မေးလိုက်လေသည်။
“ မင်း ဒီနေ့လယ် လုပ်စရာရှိလား”
“ မရှိလောက်ဘူး ထင်ပါတယ်၊ ဝမ်းကွဲအစ်ကိုက ကိစ္စများရှိလို့လား”
“ မင်း အရင်သွားလုပ်လိုက်ပါ၊ မင်း ပြန်လာမှ ငါ မင်းကို ပြောပြမယ်” ရွှီချင်ရှန့်က ပြောလိုက်သည်။
ကုယန်ကျိုးက ပြန်ပြောလိုက်ပြီးနောက် ထွက်သွားတော့သည်။
သည်အချိန်တွင် ကျန်းအိမ်၌ အမျိုးသမီးချန်က ကျန်းယွင်ကျူးကို ပစ္စည်းများ အိမ်ထဲသယ်ကူရင်း သူမကို ကြည့်နေလေသည်။ သွားတုန်းက လူလေးယောက်လေ ဘယ်လိုလုပ်ပြီး နှစ်ယောက်ပဲ ပြန်လာတာလဲ။ ပြီးတော့ အဲဒီကုန်သည်နှစ်ယောက် ကျန်းယွင်ကျူးကို သူတို့နဲ့အတူတူ မြို့ကိုသွား အတင်းပြောခဲ့သေးတယ်။ သူတို့တွေက လူငယ်နှစ်ယောက်လေ။ ကျန်းယွင်ကျူးက မိန်းမလှလေးတစ်ယောက်။ သူမစိတ်တွေက လျှောက်မစဥ်းစားဘဲ မနေနိုင်ဘူးလေ။
“အမေ မေးစရာရှိရင် မေးလိုက်ပါ” ကျန်းယွင်ကျူးက တည့်တည့်သာ ပြောလိုက်တော့သည်။
အမျိုးသမီးချန်က ရှက်သွားပြီး
“ အဲဒီ အဲဒီကုန်သည်နှစ်ယောက်ကော”
“ သမီးတို့ မြို့ထဲကို ရောက်တာနဲ့ လမ်းခွဲခဲ့ကြတာ၊ သူတို့ ဘယ်သွားလဲ သမီးမသိဘူး”
အမျိုးသမီးချန်က ရွှီချင်ရှန့်အကြောင်း မေးချင်လေသည်။ သို့သော် ကျန်းယွင်ကျူးက ထိုကိစ္စအကြောင်း ပြောလျှင် မကြိုက်သည်ကို စဥ်းစားမိလိုက်သဖြင့် ထိုအကြောင်းကို ချန်ထားလိုက်ပြီး မနက်စာ စားခဲ့ရဲ့လားဟု မေးလိုက်လေသည်။
“ ဟင့်အင်း”
ကျန်းယွင်ကျူးက အစက မနက်စာ မစားတော့ဘဲ အိမ်ပြန်ဖို့ မြည်းလှည်းငှားရန် ငွေကို ချွေတာလိုက်လေသည်။
အမျိုးသမီးချန်၏စိတ်နှလုံးသည် ချက်ချင်း ဝမ်းနည်းသွားတော့သည်။ အချိန်အကြာကြီး အလုပ်လုပ်ပြီးတာတောင် အခုထိ ဘာမှမစားရသေးဘူးတဲ့လား။ သူမသည် ကျန်းယွင်ကျူးအတွက် ထမင်းဟင်း နွေးပေးရန် မီးဖိုထဲသို့ ဝင်လာပြီး သူမက ပြောလိုက်လေသည်။
“ နောက်တစ်ခါ မြို့ထဲမှာ ဘယ်လောက်ပဲ အလုပ်များနေပါစေ မသွားခင် ဟူလထန်းတစ်ပွဲနဲ့ ပန်ကိတ်တော့ စားသွားနော်”
“အဲဒါတွေက ရောင်းဖို့လေ”
ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။ အဓိကအကြောင်းအရင်းမှာ သူမ စားလိုက်လျှင် အမျိုးသမီးဟန်က စားတော့မှာ မဟုတ်သောကြောင့်ပင်။ သို့မဟုတ်လျှင်လည်း သူမသည် ကျန်းလင်နှင့် တခြားသူများအတွက်သာ ချန်ထားပေလိမ့်မည်။ သူမ တစ်ယောက်တည်း စားရက်နိုင်မည် မဟုတ်ပေ။
အမျိုးသမီးချန်က တစ်ခုခုထပ်ပြောမည် စိုးသဖြင့် သူမက ဆက်ပြောလိုက်၏။
“ မနက်ဖြန်ကျရင် မနက်စာ စားပြီးမှ မြို့တက်ပါ့မယ်”
အဓိကအကြောင်းအရင်းက ဒီနှစ်ရက်မှာ ထူးခြားနေတာလေ။ မနေ့က အမျိုးသမီးချန်က သူမကို မြို့တက်ဖို့ လောဆော်ခဲ့တယ်။ ဒီနေ့ကျတော့လည်း ယန်ရှန့်က သူမကို တိုက်တွန်းပြန်တယ်။
မနက်ဖြန်တော့ ဒီလို မဖြစ်လောက်တော့ပါဘူး။
ထိုစကားကို ကြားလိုက်ပြီးနောက် အမျိုးသမီးချန်သည် ရုတ်တရက် သတိရသွားတော့သည်။ ခဏအကြာတွင် သူမက ကျန်းယွင်ကျူးအတွက် မနက်စာ ယူလာပေးလိုက်၏။ ပန်ကိတ်နှင့် ဆန်ပြုတ် ဖြစ်နေဆဲ။ သို့သော် ပန်းရောင်ကြက်ဥပြုတ်လုံးလုံးလေးတစ်လုံး ပါနေသည်။ ကြည့်လျှင်ပင် ချစ်စရာကောင်းနေတော့သည်။
“ အမေ ဒီဥက….” ကျန်းယွင်ကျူးက အံ့ဩသွား၏။
“ ပြီးခဲ့တဲ့ရက်တုန်းက အမေတို့တွေ အဒေါ်ဖုန်းနဲ့ တခြားလူတွေကို ထမင်းဖိတ်ကျွေးခဲ့တယ်လေ၊ ဒါကြောင့် သူတို့က ကြက်နှစ်ကောင် ပြန်ယူလာပေးတာ၊ အမေ ကြက်တွေကို ခြံအနောက်ဘက်မှ မွေးထားတယ်လေ၊ ဒီနေ့ အမေ ကြက်တွေကို အစာကျွေးတော့ ဘယ်သူ ထင်ထားမှာလဲ၊ ကြက်ဥတစ်လုံး တွေ့လိုက်ရတယ်လေ”
သည်ဥအကြောင်းပြောရင်း အမျိုးသမီးချန်က ပြုံးလိုက်တော့သည်။
ကျန်းယွင်ကျူးလည်း အလွန်အပျော်သွားတော့သည်။
“မြန်မြန်စားလိုက်”
အမျိုးသမီးချန်က တိုက်တွန်းလိုက်သည်။ သူမသည် မူလကကတော့ သည်ဥကို ရောင်းဖို့အတွက် စုထားချင်ခဲ့သေးသည်။ သို့သော် ခုနက ကျန်းယွင်ကျူး မနက်စာ မစားရသေးသည်ကို ကြားလိုက်ရချိန်တွင် အလွန်ဝမ်းနည်းသွားခဲ့သည်။ ထို့ကြောင့် သူမက ဥကို ပြုတ်ပေးလိုက်တော့သည်။
“ ဒါကို ချန်ထားပြီး….” ကျန်းယွင်ကျူးက အဘိုးချန်နှင့် ကျန်းချိန်တို့အတွက် ပြောပေးချင်သည်။ သူတို့သည် သူမထက်စာလျှင် အကြီးဆုံး သို့မဟုတ် ပိုပင်ပန်းသူများ ဖြစ်လေသည်.
“ သမီး စားပါ၊ ဒါက သမီးအတွက်”
အမျိုးသမီးချန်က ကြက်ဥခွံကို ချက်ချင်းခွာပေးလိုက်ပြီး ကျန်းယွင်ကျူး၏ပန်ကန်းလုံးထဲ ထည့်ပေးလိုက်၏။
အဖြူရောင်ဥလေးက နူးညံ့အိစက်နေသည်။ အထဲက အဝါရောင်တောက်တောက် အနှစ်ကို အပြင်က ကြည်လင်နသည့်အဖြူရောက်ကို ဖောက်ပြီးမြင်နေရသည်။
ကျန်းယွင်ကျူးက ကြက်ဥကို ပန်ကိတ်နှင့် ဆန်ပြုတ်နှင့် တွဲစားလိုက်သည်။ သည်မနက်သည် တော်တော် စိတ်ကျေနပ်ဖွယ်ဖြစ်တော့သည်။
စားသောက်ပြီးနောက် သည်နေ့၏အချိန်သည် မနေ့ကထက် ပိုစောနေ၏။ ကျန်းယွင်ကျူးက အခန်းထဲပြန်သွားပြီး ခဏလောက် တစ်မှေးအိပ်လိုက်လေသည်။
သူမ နိုးလာချိန်တွင် ခြံထဲက ဆူညံ့သံကို ကြားလိုက်ရသည်။ အပြင်ဘက်ကို ကြည့်လိုက်တော့ အပြင်က ပြန်ရောက်လာကြသည့် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ ဖြစ်နေသည်။
သူမသည် သူတို့ ဘေးအခန်းထဲ ဝင်သွားသည်ကို ကြည့်လိုက်ပြီးနောက် ချက်ပြုတ်ရန် ထလာခဲ့လိုက်သည်။
ဝက်ဒူးဆစ်သားနှင့် အသားကင်က သူမအတွက် မခက်ခဲပေ။ အချိန်နည်းနည်းပေးရသည်သာ ရှိသည်။ ဝက်ကျောက်ကပ် ဆာတေးလို ဟင်းမျိုးက ကျောက်ကပ်များကို မှန်ကန်သည့်အပူအချိန်တွင် ချက်ပေးရခြင်းဖြစ်သည်။ ချက်ပြုတ်နေရင်း သူမက ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ ရှိနေတုန်း သူတို့အတွက် နေ့လယ်စာ ပြုလုပ်ပေးလိုက်သည်။
ကျန်းလင်သည် ထိုနေရာတွင် အချိန်အကြာကြီး စောင့်နေခဲ့ရသည်။ သည်နေ့ အစားအသောက်အများကြီး ချက်ပြုတ်ရသဖြင့် သူတစ်ယောက်တည်း မနိုင်ဖြစ်နေသည်။ အမျိုးသမီးချန်က တောင်ခြေသို့ အစားအသောက်များ သွားပို့ပေးရန် သူနှင့် လိုက်သွားလိုက်သည်။
နောက်ဆိုလျှင် ထမင်းဘူးမှာ ပိုများလာလိမ့်မည်။ အစားအသောက်ပို့ရခြင်းက ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။ ကျန်းယွင်ကျူးက သူတို့၏ကျောပြင်ကို ကြည့်ရင်း စဥ်းစားလိုက်လေသည်။
ဒါပေမဲ့ ဒါက ပြဿနာတော့ မဟုတ်ပါဘူးလေ။ အချိန်တန်ရင် အဖြေတစ်ခု အလိုလိုထွက်လာလိမ့်မယ်။
လက်ဆေးပြီးနောက် သူမက ယန်ရှင့်နှင့် ရှန်ဖုန်းမင်တို့၏ နေ့လယ်စာကို ဘေးအခန်းသို့ ယူသွားပေးလိုက်သည်။
သည်နေ့ သူမသည် သူတို့အတွက် ဝက်သားလုံးကြော်ချက်၊ ဝဥမွှေကြော် မာပိုတိုဟူးဟင်း တို့ကို ချက်ပေးခဲ့သည်။
လက်သီးဆုပ်အရွယ် ဝက်သားလုံးများသည် ကြီးကျယ်ခမ်းနားလေသည်။ ဝဥကြော်က အဖြူသန့်သန့်လေး ဖြစ်နေ၏။ ကြွေပန်းကန်ပြားဖြူတစ်ချပ်ပေါ်တွင် ထည့်ထားရာ အဖြူရောက်ကျောက်စိမ်းနှင့် တူနေတော့သည်။ ပူစပ်ပြီးအရသာရှိလှသည့် မာပိုတိုဟူးသည် လိုချင်သည်အရသာအတိုင်း ရှိနေသည်။
“မိန်းကလေးကျန်း ကျွန်တော်တို့တွေ မင်းကို ဒုက္ခပေးမိပါပြီ” ယန်ရှန့်က အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“ ဒုက္ခမဟုတ်ပါဘူးရှင်၊ ပူတုန်းလေး စားလိုက်ကြပါ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်လေသည်။
“ ကောင်းပါပြီ”
ယန်ရှန့်က ထိုင်ချလိုက်ပြီး ဝက်သားလုံးကို တစ်ကိုက် ကိုက်လိုက်လေသည်။ အိစက်ပြီးအရသာ ရှိလှ၏။ ထို့နောက် သူက မာပိုတိုဟူးကို တစ်ကိုက်ကိုက်လိုက်ပြန်သည်။ အင်း။ အရသာရှိလိုက်တာ။
“နောက်ဆိုရင် ငါ ဒီလိုအရသာရှိတာတွေ မစားရတော့ရင် ဘယ်လိုလုပ်ရမလဲ” သူက ရေရွတ်လိုက်လေသည်။
အစားအစာကို တူဖြင့်လှမ်းညှပ်နေသည့် ရှန်ဖုန်းမင်၏လက်က တုံ့ဆိုင်းသွားလေသည်။
နေ့လယ်ခင်းတွင် စာသင်ရမည့်အချိန် ရောက်ရှိလာ၏။ ကျန်းယွင်ကျူးသည် သည်မနက်ခင်းက ခဏလောက်အိပ်လိုက်ရသည်။ အခုတော့ သူမသည် စိတ်ကြည်လင်နေပြီး စာလုံးရေးနည်းကို သေသေချာချာ သင်မည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။
…