EJYZ အပိုင်း ၂၂

အပိုင်း (၂၂)

ချယ်ရီအသားမှာ တထုတ်ထုတ်နှင့် အိစက်ချိုမြိန်လေသည်။ ရှန်ဖုန်းမင်က တစ်ကိုက် ကိုက်လိုက်ပြီး ရုတ်တရက်ဆိုသလို ထပ်မနှိုက်တော့ပေ။ သူက အရသာစပ်စပ်နှင့် ခံတွင်းမြိန်သည့် ဝက်ဆာတေးကို စားလိုက်သည်။

မကြာခဏဆိုသလို သူသည်လည်း နူးညံ့ကာ အရသာရှိလှသည့် အသားလုံးတစ်လုံးယူစားလိုက် ခံတွင်းရှင်းကာ လန်းဆန်းစေသည့် ဖြူဖျော့ဖျော့ ကျောက်ဖရုံသီးတစ်စိတ်ကို စားလိုက်နှင့် အရသာတွေ့နေတော့သည်။

ယန်ရှန့်က ချယ်ရီအသားဟင်းပွဲကို ပိုသဘောကျလေသည်။ ထိုဟင်းပွဲလေးကို မိန်းမလှလေးတစ်ယောက်လို ခံစားနေရတော့သည်။ အရသာရှိပြီး နူးညံ့နေတာပဲ။ ဒါက…. ဟ နေပါအုံး၊ ဝက်ဆာတေးပန်းကန်က ဘာလို့ တစ်ဝက်ပဲ ကျန်တာလဲ။ ပြီးတော့ ကျောက်ဖရုံသီးအသားလုံးဟင်းရည်ကရော ဘယ်ရောက်သွားတာလဲ။

သူ့မှာ ကဗျာစာသားကိုပင် စဥ်းစားချိန် မရလိုက်ဘဲ အလောတကြီး စားလိုက်ရတော့သည်။

ကျန်းလင်သည် အလွန်မြန်ဆန်လွန်းလှသည်။ သိပ်မကြာလိုက်ခင်မှာပင် သူသည် တောင်ခြေသို့ ပြေးသွားလိုက်တော့သည်။

မျက်နှာရှည်နှင့် စစ်သားတစ်ယောက်က ထိုနေရာတွင် စောင့်နေ၏။ ကျန်းလင်က သူ့ကို သိပါသည်။ သူသည် နေ့တိုင်း ဒုစစ်သူကြီးကျောက်နောက်က လိုက်လာခဲ့သူ ပင်။

“ ဒါက ငါတို့ ဒုစစ်သူကြီး၊ ဒုစစ်သူကြီးပေါင်နဲ့ ဒုစစ်သူကြီးလီတို့ရဲ့ ထမင်းဘူးလား”

မျက်နှာရှည်ရှည်နှင့် စစ်သားက မေးလိုက်၏။ အနံ့ထွက်လာရာဘက်သို့ လိုက်ရှူကြည့်လိုက်မိသည်။ အနံ့ကလည်း မွှေးနေတာပဲ။

“ဟုတ်ကဲ့ အသားပြုတ်အတွက် ဝမ်၂၀၊ ကလီစာမွှေကြော်အတွက် ၁၈ ဝမ်၊ ငါးအခြောက်ကြော်အတွက်က ၃၈ ဝမ်ပါ၊ ထမင်းသုံးပန်းကန်လည်း ပါပါတယ်၊ တစ်ပန်းကန်ကို ၂ ဝမ်ပါ”

ကျန်းလင်က ချောမွေ့စွာ ပြန်ရွတ်ပြလိုက်လေသည်။

မျက်နှာရှည်ရှည်နှင့်စစ်သားက ထမင်းဘူးကို လက်ခံလိုက်၏။ အသားပြုတ်တဲ့လား။ အသားကို ဘာမှမပါတဲ့ရေထဲမှာ ပြုတ်ထားတာလား။ အဲဒါက အရသာရှိပါ့မလား။ ဒါပေမဲ့ အနံ့က ဘာလို့ အဲလောက်မွှေးနေတာလဲ။ သူသည် နားထောင်လိုက်ပြီးနောက် အသားပြုတ်ဆီသာ အာရုံရောက်နေပြီး ကျန်သည့်စကားကိုများကို မေ့သွားတော့သည်။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ ဒုစစ်သူကြီးကျောက်နဲ့ ကျန်တဲ့သူတွေက ဒီဟင်းတွေ ဘယ်လောက်ကျလဲလို့ မေးမှာ မဟုတ်ဘူး။

“ ကောင်းပြီ”

သူက သဘောတူလိုက်ပြီး သူ့လက်ထဲက မြေအိုးများကို ကျန်းလင်အား ပေးလိုက်ကာ

“ မင်းရဲ့မြေအိုးတွေကို ဆေးထားပြီးပြီ”

ကျန်းလင်က မြေအိုးကို ယူလိုက်သည်။ နှစ်ယောက်ကြားက အရောင်းအဝယ်ပြီးသွားလေသည်။ တစ်ယောက်က တောင်ပေါ်သို့တက်သွားပြီး ကျန်တစ်ယောက်က အိမ်ပြန်သွားသည်။

တောင်ပေါ်က ခန်းမတစ်ခုထဲတွင် သံချပ်ကာဝတ်စုံ ဝတ်ထားသည့် စစ်သူကြီးတစ်ယောက်က မျက်မှောင်ကျုံ့နေလေသည်။ သူ့မျက်နှာက ရေကဲ့သို့ နက်ရှိုင်းနေ၏။ သူသည် မိုင်းတွင်းကို စောင့်ကြပ်ဖို့ တာဝန်ယူထားသည့် ဝမ်ပင်းဖြစ်လေသည်။ မနေ့ညက သူရခဲ့သည့် စာအကြောင်းကို စဥ်းစားလိုက်ပြီးနောက်တွင် သူ့ခေါင်းပေါ်၌ မရေမတွက်နိုင်သည့် ဓားများကို ချိတ်ဆွဲထားသလို ခံစားလိုက်ရလေသည်။ သူသည် အချိန်မရွေး မသင်္ဂြိုဟ်လိုက်ရဘဲ သေသွားနိုင်လေသည်။

ချီလင်ကိုယ်ရံတော်တပ်တဲ့။ ရှန်ဖုန်းမင်။ အဲဒီသေမင်းနတ်ဘုရား…. သူသည် ထိုကိစ္စကို မင်းသားခြောက်နှင့် သဘောတူညီခဲ့သည့်အပေါ် အမှန်ပင်နောင်တရသွားတော့သည်။

သို့သော် ကိစ္စများက သည်အခြေနေအထိ ရောက်လာခဲ့ချေပြီ။ သူသည် အမှောင်လမ်းသို့ ဆက်လျှောက်ရုံသာ ရှိတော့သည်။

“လတ်တလော ငါတို့တွေ မိုင်းတွင်းဆီကို လူတွေထပ်ပို့ဖို့ လိုတယ်၊ သံသယရှိသူ ဘယ်သူ့ကိုမဆို ဖမ်းရလိမ့်မယ်၊ သူတို့ကို စုံစမ်းစစ်ဆေးစရာမလိုဘူး၊ သူတို့ကို ကျူးလျန့် လက်ထဲသာအပ်လိုက်” သူက ပြောလိုက်၏။

ကျူးလျန့်သည် သူ့စစ်တပ်၏ အဖွဲ့ဝင်လည်းဟုတ်သလို သူ့ဦးနှောက်လည်း ဖြစ်သည်။ သူသည် တော်တော်ပိန်ပါးသည့် ယောက်ျားတစ်ယောက် ဖြစ်လေသည်။

ထိုစကားကို ကြားလိုက်ပြီးနောက် စစ်သားအားလုံးသည် အူကြောင်ကြောင်အံ့ဩဟန်ဖြင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။ ဒီအမိန့်က အရမ်းထူးဆန်းတာပဲ။ သို့တိုင် စစ်သားများသည့် အမိန့်ကို နာခံလိုက်ပြီး ဘာကိုမှ မငြင်းလိုက်ကြပေ။

ဝမ်ပင်းက စကားအများကြီး ပြောလိုက်၏။ သူသည် နေ့လယ်ရောက်သည်အထိ ၂နာရီတိုင်တိုင် မထတမ်းပြောလိုက်ပြီးမှ ပြန်သွားတော့သည်။

ဗိုက်ဆာလွန်းသဖြင့် စစ်သားအားလုံးသည် တန်းဖြုတ်လိုက်ကြပြီး ထမင်းစားခန်းသို့ မြန်မြန် ပြေးသွားကြလေသည်။

မျက်နှာရှည်နှင့်စစ်သားက ဖြတ်အသွားတွင် စစ်သားတစ်ယောက်က နှာခေါင်းကို ပင့်လိုက်၏။ ဘာက အဲလောက်တောင် မွှေးနေတာလဲ။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရချေ။

နောက်စစ်သားတစ်ယောက်က သွားနေရင်းမှ ရပ်လိုက်ပြီး ခေါင်းပြန်လှည့်ကာ လှမ်းကြည့်လိုက်လေသည်။

“ အခုထိ မလာသေးဘူးလား”

ဒုစစ်သူကြီးကျောက်သည် မျက်နှာရှည် စစ်သားကို တွေ့လိုက်ပြီး သူ့ကို လှမ်းနှုတ်ဆက်လိုက်၏။

မျက်နှာရှည်နှင့်စစ်သားက နောက်လှည့်ကြည့်လိုက်ပြီး ထမင်းဘူးကို ကောက်ကိုင်လိုက်ကာ လူကြားထဲပတ်သွားလိုက်ပြီး ဒုစစ်သူကြီးကျောက်ရှေ့သို့ ရောက်လာတော့သည်။

“ ထမင်းစားခန်းကို မသွားနဲ့၊ အဲမှာ လူတွေအများကြီးပဲ၊ လက်ဖက်ရည်ခန်းကို သွားလိုက်ပါ၊ အဲမှာ အခုချိန်ဆိုရင် လူ မရှိလောက်ဘူး” ဒုစစ်သူကြီးလီက ထမင်းဘူးထဲက မွှေးပျံ့သည့်အနံ့ကို ရှူရင်း မြန်မြန်ပြောလိုက်လေသည်။

လူတချို့က လက်ဖက်ရည်ခန်းဆီသို့ သွားလိုက်ကြသည်။ ဟုတ်ပါသည်။ အခန်းထဲတွင် လူတစ်ယောက်မှ မရှိပေ။

မျက်နှာရှည်နှင့် စစ်သားက ထမင်းဘူးကိုဖွင့်လိုက်ပြီး ဟင်းများကို ဖုံးထားသည့် ပန်ကန်းများကို ဖယ်လိုက်တော့သည်။ ရုတ်ခြည်းဆိုသလို တထောင်းထောင်းထနေသည့် အငွေ့နှင့် ရနံ့တို့က သူ့မျက်နှာကို လာရိုက်တော့သည်။

ဆွဲဆောင်မှုအရှိဆုံးအရာမှာ အဖြူရောင်ကြွေပန်းကန်လုံးထဲက နီရဲတောက်ပပြီး ဆီရွှဲနေသည့်အရာပင် ဖြစ်လေသည်။ နူးညံ့သည့် အသားလွှာများက အနီရောင်စွပ်ပြုတ်ရည်ထဲတွင် ဖုံးကွယ်နေ၏။ အပေါ်တွင် အနီတောက်တောက် ငရုတ်ပွနှင့် မြစိမ်းရောင်ကြက်သွန်မြိတ်တို့ကို တင်ထားသည်။ အရသာအားလုံးက အတူတူရောနှောနေပြီး အဆုတ်ထဲသို့ တစ်ကန့်ချင်းစီ တန်းဝင်သွားတော့သည်။

ဒီအသားပြုတ်။ ဟားးး။ မြင်လိုက်ချိန်တွင် မျက်နှာရှည်နှင့်စစ်သားက စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။ အသားပြုတ်က ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ သိချင်လိုက်တာ။

“ဒါက ငါ့အတွက်၊ ဖြတ်လုဖို့ မစဥ်းစားနဲ့”

ဒုစစ်သူကြီးကျောက်က သေချာတွေ့လိုက်ရပြီး တခြားလူများက သူ့ဆီက လုသွားမည်စိုးသဖြင့် ပန်းကန်လုံးကြီးတစ်ခုကို ကောက်ယူလိုက်ပြီး သူ့ရှေ့တွင် ချထားလိုက်လေသည်။ သူသည် ပိုက်နှမြော၍ မဟုတ်ချေ။ သည်ဟင်းပွဲက အလွန်မှမွှေးပျံ့လွန်းသဖြင့် တခြားသူများကို ကျွေးဖို့ရာ တွန့်ဆုတ်နေမိသောကြောင့်ပင်။

ဒုစစ်သူကြီးပေါင်က အားကျသွား၏။ သို့သော် သူ့အဆီများများနှင့် ကလီစာကလည်း မဆိုးလှချေ။

“ အစ်ကိုကျောက်၊ မင်းဟာ ငါ့ဟာတွေက ဘာလဲဗျ၊ ကျုပ်ရဲ့ ငါးဟင်းက အရသာရှိတဲ့ပုံ မပေါက်ဘူးလား”

ဒုစစ်သူကြီးလီသည်လည်း အသားပန်းကန်အတွက် သွားရည်ကျနေတော့သည်။ ထို့ကြောင့် သူက သူ့ကိုယ်ပိုင်ငါးဟင်းကို ထုတ်လိုက်ပြီး ဒုစစ်သူကြီးကျောက်အား ပြလိုက်လေသည်။

ငါးအခြောက်ချက်။ ဝက်ဗိုက်သားကို ငါးကြင်းတစ်ကောင်လုံးနဲ့ တွဲချက်ထားတာ အနံ့ကတော့ မွှေးနေတာပဲ။

သုံးယောက်သားသည့် အချင်းချင်းကြည့်လိုက်၏။ ဘာ မင်းတွေ ငါတွေလုပ်နေတာလဲ။ ဒီအတိုင်းသာ စားလိုက်။ ဟုတ်တယ်။ စားတော့။

သုံးယောက်သားသည် ကိုယ်စီ တူကို ကောက်ကိုင်လိုက်ကြပြီး စ,စားတော့မည်ပြင်လိုက်စဥ် ခေါင်းတစ်လုံးက ရုတ်တရက် တိုးဝင်လာပြီး

“ ဒါက ဘာဟင်းလဲ၊ အနံ့က မွှေးလှချည်လား”

တစ်ချက်အကြည့်တွင် တံခါးနားတွင် စစ်သား ၄-၅ယောက် ရပ်နေပြီး အားလုံးက သူတို့နှင့် ရင်းနှီးသည့်ဆက်ဆံရေး ရှိကြသူများ ဖြစ်နေတော့သည်။

ဒုစစ်သူကြီးလီက သူ့နဖူးကိုသာ ရိုက်ပစ်လိုက်တော့သည်။ သူ ထမင်းစားခန်းကို မသွားတာက သူတို့တွေကို မမြင်စေချင်လို့လေ။ မထင်ထားဘဲ သူတို့တွေက တွေ့သွားရတယ်လို့ကွာ။

ဒုစစ်သူကြီးက လူတချို့ကို တံတွေးလှမ်းထွေးလိုက်ပြီး

“ မင်းတို့ကောင်တွေ ခွေးတွေလား၊ နှာခေါင်းကလည်း ကောင်းလိုက်ကြတာ”

စစ်သားတချို့က အော်ရယ်ကြတော့သည်။ မတတ်နိုင်ဘူးလေ။ အဲဟင်းက အရမ်းမွှေးတာကိုး။ အရင်ဆုံး သူတို့ကို ပေးမြည်းလိုက်ပေါ့။ နောက်တစ်ခါကျရင် သူတို့တွေက နည်းနည်းပါးပါးပြန်ဝယ်ပြီး သူတို့ကို ပြန်ကျွေးလိုက်ပါမယ်။

စားသောက်ပြီးနောက်တွင် ကျန်းယွင်ကျူးက မြို့ထဲသို့ ထပ်သွားလိုက်လေသည်။ ပထမတစ်ချက်မှာ ညစာအတွက် ပါဝင်ပစ္စည်းများကို ဝယ်ရန်နှင့် အသားတချို့ပြန်ဖြည့်ရန်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ကျန်းလင်တို့ သုံးယောက်က ရှန်ဖုန်းမင်ထံမှ စာသင်တော့မည်ဆိုသဖြင့် သေသေချာချာ သင်ယူသင့်လေသည်။ ရှန်ဖုန်းမင်က မည်သို့စဥ်းစားသည်ဖြစ်စေ ဒါသည် ကျန်းလင်နှင့် တခြားသူများအတွက် ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

သူတို့သည် နောက်ပိုင်းတွင် ငွေရှိလာလျှင်တောင် စာသင်ဖို့ရာ သည်လိုဆရာတစ်ယောက်ကို ငှားရမ်းချင်မှ ငှားရမ်းနိုင်လိမ့်မည်။

သူမသည် စုတ်တံနှင့် စာရွက် နောက်ထပ်လေးစုံ ဝယ်လိုက်၏။ တစ်စုံမှာ ရှန်ဖုန်းမင်အတွက်ဖြစ်သည်။ စျေးကတော့ အနည်းငယ်ပိုကြီး၏။ ကျန်သုံးစုံမှာ ကျန်းလင်နှင့် တခြားသူများအတွက်ဖြစ်သည်။ သူမအတွက်ကတော့ ရှိတာလေး သုံးလိုက်ရုံသာ။ မနက်က ဝယ်ခဲ့သည့်တစ်ခုနှင့် လုံလောက်လေသည်။

နေ့လယ် ၁နာရီတွင် ကျန်းမိသားစု ဧည့်ခန်းထဲ၌ ကျန်းလင်က အိမ်တွင်ရှိသည့် တစ်ခုတည်းသော လေးထောင့်စားပွဲလေးကို သန့်ရှင်းရေးလုပ်ထားလိုက်သည်။ ကျန်းယွင်ရွှယ်က ကုလားထိုင်တစ်လုံးနှင့် အနိမ့်အမြင့်တူသည့် ခွေးခြေခုံ သုံးလုံးကို ရှာထားလိုက်သည်။

လက်ရှိ ကျန်းမိသားစုသုံးနေသည့် ပရိဘောဂများမှာ အဘွားဖုန်းတို့ ပြောင်းသွားစဥ်က ထားခဲ့သည့် များဖြစ်လေသည်။ အပြည့်အစုံရှိသည့်အရာ တစ်ခုမှ မရှိချေ။

စားပွဲတစ်လုံးသာ ရှိလေသည်။ ရှန်ဖုန်းမင်က စားပွဲနောက်တွင် ထိုင်လိုက်၏။ ကျန်းယွင်ကျူးက သူ့ညာဖက်တွင် ထိုင်လိုက်သည်။ ကျန်းလင်က သူ့ဘယ်ဖက်တွင် ရှိပြီး မျက်နှာချင်းဆိုင်တွင် ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့ရှိလေသည်။

“ ကျွန်တော်လည်း နားထောင်မယ်” ယန်ရှန့်က ဘေးမှ အကြာကြီးငေးကြည့်နေခဲ့သည်။ နေရာအတည်တကျဖြစ်သွားသည်ကို မြင်လိုက်သည်နှင့် သူက တစ်နေရာရာမှာ ရှာထားသည့် ခုံကျိုးလေးတစ်လုံးကိုယူကို ကျန်းဝူနောက်တွင် ချက်ချင်းထိုင်ချလိုက်လေသည်။

“ ဦးလေး ဒီမှာ ထိုင်ပါ” ကျန်းဝူက ယန်ရှန့် တကယ်နားထောင်ချင်သည်ဟု ထင်လိုက်သဖြင့် သူ့ထိုင်ခုံကို ဘေးသို့ရွှေ့လိုက်ပြီး သူနှင့်ကပ်ထိုင်လိုက်လေသည်။

ယန်ရှန့်၏မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားတော့မတတ်ပင်။

“ဦးလေးတဲ့”

သူ့ကို ဦးလေးလို့ ခေါ်တယ်။ ကျန်းယွင်ကျူးကိုကျတော့ အစ်မလို့ခေါ်တယ်။ ဒီတော့ သူက ကျန်းယွင်ကျူးက မျိုးဆက်တစ်ခုစာ ပိုကြီးနေလို့လား။ ပြီးတော့ သူက အဲလောက်တောင် အိုနေလို့လား။

“ ငါ့ကို အစ်ကိုလို့ပဲ ခေါ်ပါ၊ အစ်ကိုယန် ပေါ့” သူက ပြောလိုက်၏။

“အစ်ကိုယန်” ကျန်းဝူက လိုက်ပြောလိုက်လေသည်။

ထိုအခါမှ ယန်ရှန့်သည် ပြန်ပျော်ရွှင်လာပြီး ကျန်းဝူ၏ခေါင်းကို ပုတ်လိုက်၏။ ဒီကလေးကတော့ ကြီးပွားအုံးမှာပဲ။

ရှန်ဖုန်းမင်သည် သူ့လှုပ်ရှားမှုသေးသေးလေးကို သတိထားမိဟန်မတူဘဲ စုတ်တံကို ကောက်ကိုင်လိုက်ကာ စာရွက်ပေါ်တွင် စ,ရေးလိုက်တော့သည်။

“ တစ်၊ နှစ်၊ သုံး….ကိုး… တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း” စာရင်းမှတ်မည်ဖြစ်သည့်အတွက် သူက သူတို့ကို ဂဏန်းများ အရင်သင်ပေးလိုက်လေသည်။

ဂဏန်းတွေလား။ ကျန်းလင်နှင့် တခြားသူများက ‘တစ်၊ နှစ်’ ဂဏန်းများ လိုက်ရွတ်နေသည်ကို နားထောင်ရင်း ကျန်းယွင်ကျူးသည် မူကြိုကျောင်းသို့ ရုတ်တရက် ပြန်ရောက်သွားသလို ခံစားလိုက်ရတော့သည်။

အဲဒီတုန်းက သူမက အရေးကို သင်ခဲ့တာလေ။ စာအုပ်ထဲမှာ အကွက်တွေ ပါပေမဲ့ သပ်သပ်ရပ်ရပ် မရေးတတ်ခဲ့ဘူး။ ဒါကြောင့် သူမက ပေတံတစ်ချောင်းကို သုံးပြီး အောက်ခြေကို ပိတ်ထားရတယ်။ ရေးထားတဲ့ စာလုံးတွေရဲ့ အောက်ခြေဆိုရင် ပြားချပ်နေပြီး အသေရုပ်ဆိုးတာပဲ။

အခုတော့ ရှန်ဖုန်းမင်ကို ကြည့်ပါအုံး။ ဒီလိုစာရွက်အကြီးကြီးတစ်ရွက်ပေါ်မှာတောင် ဘာမျဥ်းကြောင်းမှ မပါဘူး။ ဒါတောင် သူက အလျားလိုက်ရော ဒေါင်လိုက်ရော ဖြောင့်နေအောင် ရေးထားတယ်။ စားလုံးတိုင်းနဲ့ တစ်လုံးစီကြားက အကွာအဝေးကလည်း တစ်ထပ်ထဲ။ ပေတံနဲ့ တိုင်းထားတဲ့အတိုင်းပဲ။

ကျန်းယွင်ကျူးသည်လည်း စာသင်သားများစွာနှင့် တွေ့ခဲ့ဖူးလေသည်။ သို့သော် သူ့လိုမျိုးကတော့ မရှိသလောက်ပင်။ သူမသည် သူက အနည်းငယ် OCD (စိတ်ရောဂါတစ်မျိုး) များဖြစ်နေသလားဟု စဥ်းစားမိသွားတော့သည်။

သူ့လက်တွေက တော်တော်လှတာပဲ။ ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ ပေါ်လွင်တဲ့အရိုးအဆစ်တွေ။ လက်ညှိုးနဲ့ လက်မကြားနေရာနဲ့ လက်ထိပ်တွေမှာ အသားမာနုနုလေးတွေ အများကြီးပဲ။ ဒါက ဓားကိုင်တဲ့ လက်တစ်စုံဆိုတာကို သက်သေပြနေတာပဲ။ ဒီလက်ထဲမှ လူတွေမရေမတွက်နိုင်အောင် သေခဲ့ကြတယ်။

ကျန်းယွင်ကျူးက သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်အား ကြည့်နေသည်ကို ရပ်လိုက်တော့သည်။

ဆောင်းဦးနေ့ရက်များသည် သိမ်မွေ့လွန်းလှသည်။ ငှက်များက ပြတင်းပေါက်အပြင်ဘက်တွင် တေးဆိုနေကြ၏။ ယန်ရှန့်သည် အစကတည်း နားထောင်ရင်း စိတ်ဝင်တစား ရှိနေခဲ့သည်။ တစ်ခုခုကို ရှာတွေ့ချင်သယောင် ဘယ်ညာကို ကြည့်လိုက်၏။ သို့သော် ရှန်ဖုန်းမင်က အမှန်တကယ် စာပေပိုင်းကို သင်ကြားနေသည်ကို တွေ့လိုက်ရလေသည်။ သူသည် ချက်ချင်း စိတ်ဝင်စားမှု ပျောက်သွားတော့သည်။

ခဏအကြာတွင် သူသည် နောက်ဆုတ်ချင်လိုက်လေသည်။ သူ့မှာ အချိန်ရှိရင် အိပ်ရာထဲသွားပြီး အိပ်လိုက်တာ ပိုမကောင်းဘူးလား။

သည်အခိုက်တွင် ကျန်းယွင်ကျူး၏အခြေအနေက ပုံမှန်မဟုတ်မှန်း သတိထားမိသွားတော့သည်။

သေသေချာချာ ကြည့်လိုက်တော့ သဲလွန်စကို ရှာတွေ့သွားသည်။ သူမသည် စာကို သေချာနားထောင်နေသယောင် ထင်ရသော်လည်း အမှန်တွင်တော့ အိပ်မက်နယ်ထဲ ရောက်နေခြင်းပင်။ ဒါက သူ့ကို အံ့ဩမဆုံး ဖြစ်သွားစေတော့သည်။ ရှန်ဖုန်းမင်ဘေးမှာ ထိုင်ပြီး သူမက တကယ်ကြီး အိပ်မောကျနေနိုင်သတဲ့လား။ ပြီးတော့ သူမက အရမ်းတတ်နိုင်တာပဲ။ စာထဲ စိတ်ဝင်စားနေတဲ့ပုံတောင် ဟန်ဆောင်နေလိုက်သေးတယ်။ သူသာ သေသေချာချာ မကြည့်ခဲ့ရင် သူမ အိပ်မောကျနေတာကို သိလိုက်မှာတောင် မဟုတ်ဘူး။

သူကတော့ သူမနဲ့ စောစောကတည်းက တွေ့ပြီး ဒီအရည်အချင်းကို သူ့ကိုပဲ သင်ခိုင်းလိုက်ချင်တော့တယ်။ သူ အတန်းထဲမှာတုန်းကဆိုရင် နေ့တိုင်း ဆရာကြီး လိုက်ရိုက်တာ ခံခဲ့ရတာလေ။

ယန်ရှန့်မသိခဲ့သည့် ကျန်းယွင်ကျူးသည် သည်လိုလုပ်နိုင်ဖို့အရေး ခေတ်သစ်တွင် နှစ်နှစ်ဆယ်ကျော် စာသင်ခန်းထဲ၌ လေ့ကျင့်လာခဲ့ရသည်ကိုပင်။ သူက သင်ချင်ပါသည်ဆိုတိုင်း မည်သို့ သင်နိုင်ပါမည်နည်း။

ရှန်ဖုန်းမင်၏အသံက ပြောင်းမသွားချေ။ ကျန်းယွင်ကျူးမှာ အလွန်ပင်ပန်းနေမှန်း သိလိုက်လေသည်။

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset