အပိုင်း ( ၁၈)
“ယွင်ကျူး ဒါ ဒါက….”
အမျိုးသမီးချန်သည် ငွေတုံးများကို လက်ညှိုးထိုးရင်း အထစ်ထစ်အငေါ့ငေ့ါ ပြောလိုက်လေသည်။
“ အရင်ဆုံး စရန်အနေနဲ့ပဲ ထားခဲ့တာပါ”
ကျန်းယွင်ကျူးက အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး ငွေက သူတို့ဟာ မဟုတ်သေးကြောင့် သွယ်ဝိုက်ပြောလိုက်လေသည်။
အမျိုးသမီးချန်သည် အလွန်ဝမ်းသာနေဆဲ ဖြစ်ပြီး ငွေတုံးများကို ထိကိုင်ရင်း ချိန်ဆကြည့်နေလေသည်။ ငွေတုံးက အေးမြနေသော်လည်း သူမ၏နှလုံးသားကတော့ ပူနေ၏။
မနက် ၇နာရီ ထိုးတော့မည့်အချိန်တွင် စျေးထဲ၌ လူများ တစ်စတစ်စ ပိုနည်းပါးလာတော့သည်.
“ အဒေါ်ချန်၊ ယွင်ကျူး “ ရွှီချင်ရှန့်က တောင်ခြေဖက်မှ မြည်းလှည်းတစ်စီးကို မောင်းလာခဲ့သည်။
‘ ချင်ရှန့်ပါလား၊ ဘာလို့ ဒီကိုရောက်လာတာလဲ” အမျိုးသမီးချန်က အံ့ဩသွား၏။
ရွှီချင်ရှန့်က သူ၏သယ်ယူပို့ဆောင်ရေးအလုပ်အကြောင်း မြန်မြန်ပြောပြလိုက်လေသည်။ ထိုနေ့က ကျန်းယွင်ကျူး၏ အကြံပြုချက်ကို လက်ခံလိုက်ပြီး သူသည် ချက်ချင်း အနီးအနားသို့ သွားစုံစမ်းလိုက်ပြီးနောက် အငှားလိုက်ရန် သင့်တော်သည့် မနီးလွန်း မဝေးလွန်းလှသည့် နေရာတချို့ကို တွေ့ရှိခဲ့လေသည်။
မနေ့က သူ့ပထမဆုံး အလုပ်စလုပ်သည့်နေ့ ဖြစ်ပြီး အတွေ့အကြုံလည်း မရှိသေးချေ။ သူသည် မနက် ညခင်း တစ်ခေါက်စီ အငှားလိုက်ပြီး ငွေ ၂၆ဝမ် ရှာဖွေနိုင်ခဲ့သည်။ သည်နေ့ သူသည်အတွေ့အကြုံ ရခဲ့ပြီး ဖြစ်သည်။ သည်မနက်တွင် အငှား သုံးခေါက်လိုက်ပြီး ငွေ ဝမ်၂၀ ရခဲ့သည်။ ညနေခင်းတွင်လည်း ထိုပမာဏလောက် ရလိမ့်မည်ဟု ခန့်မှန်းရသည်။
သည်နှုန်းအတိုင်းသွားလျှင် သူသည် တစ်လျှင် တစ်လျန် နှစ်လျန်လောက် ရှာနိုင်လိမ့််မည်။ ဒါသည် မိုင်းတွင်းတွင် လုပ်ရသည်ထက် နှစ်ဆလောက် ဝင်ငွေရှိလေသည်။
“ကျွန်တော့်အဖေက ဒါအတွက် စိတ်ဆင်းရဲနေတာ၊ နေ့ဆိုရင် ကျွန်တော့်ကို အများကြီး ပေးမလိုက်ချင်ဘူး၊ ကျွန်တော်ကတော့ ငွေစုပြီးရင် မြည်းဖြစ်ဖြစ် မြင်းဖြစ်ဖြစ် တစ်ကောင်လောက် ဝယ်အုံးမယ်၊ နှစ်ကောင်နဲ့ အလှည့်ကျ ဆွဲနိုင်ရင် ငွေပိုရှာနိုင်မှာပဲ”
ရွှီချင်ရှန့်က ပြီးခဲ့သည့်နှစ်ရက်အတွင်း သယ်ယူပို့ဆောင်ရေး အခြေအနေအားလုံးကို အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့ကို ဝမ်းသာအားရ ပြောပြလိုက်လေသည်။ ထို့နောက် သူက သူ့မြည်းကို ပုတ်လိုက်ပြီး မှတ်ချက်ပေးလိုက်လေသည်။
သူ့မိသားစုရဲ့မြည်းက အလုပ်ကြီးအကိုင်ကြီးတစ်ခု လုပ်ခဲ့တာလေ။ သူတို့တွေ ကပ်ဘေးရှောင်တုန်းကလည်း တစ်လမ်းလုံး သူ့ကို အားကိုးရင်း ဒီနေရာကို အန္တရာယ်ကင်းကင်းနဲ့ ရောက်လာခဲ့တယ်။ သူတို့တွေ သူ့ကိုအားကိုးပြီး ငွေလည်းရှာနိုင်သေးတယ်လေ။ အခုတော့ မိသားစုထဲမှာ သူ့အဆင့်က သူ့ထက်တောင် ပိုမြင့်သေးတဘ်။
အမျိုးသမီးချန်သည် ထိုအကြောင်းကို ကြားလိုက်ချိန်တွင် အားကျသွားသော်လည်း မနာလိုတော့ မဖြစ်မိချေ။ သူမသည် သူ့အတွက် ဝမ်းသာမိရုံသာ။
“ ယွင်ကျူး ကျေးဇူးတင်ပါတယ်နော်”
ရွှီချင်ရှန့်က ထိုသို့ ပြောလိုက်ချိန်တွင် ကျန်းယွင်ကျူးကို ရှက်ရှက်နှင့်ကြည့်လိုက်လေသည်. သူမ၏ထောက်ခံချက်နှင့် လမ်းပြမှုကြောင့်သာ သူသည် သည်အလုပ်ကို လုပ်ရန် ဆုံးဖြတ်ချက် ချနိုင်ခဲ့လေသည်။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူက အသံကို နိမ့်လိုက်ကာ အမျိုးသမီးချန်ကို ပြောလိုက်၏။
“အဒေါ် ကျွန်တော် ဒီနေ့ စိတ်ထဲမှာ လမ်းကြောင်းနှစ်ခု စဥ်းစားမိထားတယ်၊ ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲ လုပ်လို့မရဘူး၊ အဒေါ်က ဦးလေးကျန်းကို လုပ်ပေးဖို့ ပြောကြည့်ပါလား၊ မိုင်းတွင်းမှာ လုပ်ရတာက အရမ်းပင်ပန်းတယ်လေ၊ ပြီးတော့ ဒီအလုပ်လောက်လဲ အကျိုးအမြတ်မများဘူး။ ကျွန်တော် အဒေါ့်ကို မလိမ်ပါဘူး၊ တကယ်ပါ”
သူက အမျိုးသမီးချန် ထိုအကြောင်းကို မယုံမည်စိုးသဖြင့် စိုးရိမ်တကြီး ပြောလိုက်၏။
အမျိုးသမီးချန်က သူ့ကို အမှန်ပင် ယုံကြည်လေသည်။ သူသည် စကားအများကြီး ပြောခဲ့ပြီးလေပြီ။ သူမကလည်း မတုံးအပေ။သူက သူတို့ကို အမှန်တကယ်ကူညီချင်သည်ကို သူမက အဘယ်မှာ မမြင်နိုင်ဘဲ ရှိပါမည်နည်း။ အမှန်တွင်တော့ ကျန်းယွင်ကျူးက သူ့ကို အကြံပေးသူ ဖြစ်ခဲ့သည်မှာ အကြောင်းအရင်း ရှိလေသည်။ သို့သော် သူတို့သည် သည်လောကတွင် သွေးအေးကာ ရက်စက်သူများ မဟုတ်ကြသေးသည် မဟုတ်ပါလား။
သူသည် လူကောင်းတစ်ယောက်ပင်။
“ အဒေါ်ပြန်ရောက်ရင် မင်းရဲ့ဦးလေးကျန်းနဲ့ တိုင်ပင်လိုက်ပါမယ်”
အမျိုးသမီးချန်က ပြန်ပြောလိုက်၏။ သူမ ပြောလိုက်သည့်စကားမှာ လှီးလွှဲပြောလိုက်ခြင်းပင်။ အမှန်စကားဆိုလည်း ဟုတ်ပေသည်။ ကျန်းချိန်သည် လက်တလောတွင် နေ့ခင်းဘက်၌ မိုင်းတွင်းတွင် အလုပ်လုပ်ပြီး မနက်ခင်းနှင်း ညပိုင်းတွင် သူတို့ကိုအလုပ်ကို ကူညီပေးနေရသည်။ သူသည် တစ်နေ့လျှင် ၃နာရီ ၄နာရီလောက်သာ အိပ်ရသည်။ သူမ၏စိတ်နှလုံးမှာလည်း သူ့အတွက် ဝမ်းနည်းရပြီး သူ ခံနိုင်ရည်မရှိတော့မည်ကို စိုးရိမ်နေခဲ့မိသည်။
သူတို့သည် ရွှီချင်ရှန့်နှင့်အတူ အမှန်ပင် အငှားလိုက်နိုင်လျှင် အများကြီး ပိုလွယ်ကူသွားလိမ့်မယ်။ ငွေလည်း ပိုရှာနိုင်လိမ့်မည်။
သို့သော်ငြား အငှားလိုက်ဖို့ရန်က တိရိစ္ဆာန်တစ်ကောင်နှင့် လှည်းတစ်စီး လိုအပ်သည်။ အရွယ်ရောက်ပြီးသား မြည်းတစ်ကောင်သည် အနည်းဆုံး ၇လျန် ၈လျန်လောက် ပေးရလိမ့်မည်။ လားတစ်ကောင်က ပိုစျေးကြီးလေရာ မြင်းတစ်ကောင် အကြောင်းတော့ စဥ်းစားစရာပင် မလိုချေ။ လှည်းတစ်စီးကလည်း ၄-၅လျန်လောက် လိုအပ်သည်။ စုစုပေါင်း ငွေသား ၁၂လျန်လောက် လိုလေသည်။
သူတို့မိသားစု သည်ရက်ပိုင်းများတွင် ငွေတချို့ ရှာနိုင်ခဲ့သော်လည်း မြည်းတစ်ကောင်နှင့် လှည်းတစ်စီး ဝယ်နိုင်ဖို့ အလွန်ဝေးကွာနေသေးသည်။
“ အဒေါ် ငွေမရှိသေးရင်လည်း ကျွန်တော့်မှာ ငွေတချို့ရှိပါသေးတယ်” ရှီချင်ရှန့်က ပြောလက်စကို ခဏလောက်ရပ်လိုက်ပြီးမှ
“ မဟုတ်ဘူး၊ ကျွန်တော့်ဝမ်းကွဲ ဦးလေးဆီကနေ ငွေနည်းနည်းပါးပါး ချေးလိုက်လို့ရပါတယ်”
အမျိုးသမီးချန်က မြန်မြန်ခေါင်းခါပြလိုက်၏။ ချေးမယ်ဆိုရင်တောင် သူတို့တွေ ဘယ်လောက် ချေးရမှာလဲ။ ၁လျန် ၂လျန်ဆိုရင်တော့ သူမက ချေးချင် ချေးအုံးမယ်။ အခုတော့ ကွာခြားချက်က အရမ်းကြီးနေတာလေ။ ပြီးတော့ သူတို့တွေက တိရိစ္ဆာန်ဝယ်ဖို့ သူ့ဝမ်းကွဲဦးလေးဆီက ငွေချေးနိုင်ပြီး နေ့တိုင်း ငွေလေးနည်းနည်းပါးပါး ပိုရှာနိုင်ရင် ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့တွေကရော ဘာအကြောင်းနဲ့ သူတို့ကို ကူညီပေးရမှာလဲ။
ဒီလိုကျေးဇူးမျိုးက အရမ်းကြီးတယ်။ သူမ မလုပ်ရဲသလို လက်ခံဖို့ရာလည်း သူမက အရှက်ရှိပါသေးတယ်။
“ လိမ္မာလိုက်တဲ့ကလေး၊ အဒေါ်က မင်းရဲ့စေတနာတွေကို သိပါတယ်၊ ဒီကိစ္စကို မင်းရဲ့ဦးလေးကျန်းကို ပြောပြလိုက်ပါ့မယ်” သူမက ပြောလိုက်လေသည်။
“ အင်း” ရွှီချင်ရှန့်က ခေါင်းညိတ်ပြလိုက်၏။
အမျိုးသမီးချန်သည် ရွှီချင်ရှန့်ကို ကြည့်လေလေ ပိုပြီး သဘောကျလာလေလေ ဖြစ်နေတော့သည်။ ကျန်းယွင်ကျူးကသာ သူနဲ့ တကယ်ပဲ လက်ထပ်နိုင်ပြီး လင်မယားနှစ်ယောက် အတူတူ အလုပ်ကြိုးစားကြရင် ဘဝက ဆိုးနိုင်ပါအုံးမလားနော်။
“ မစားရသေးဘူးမလား” သူမက ရွှီချင်ရှန့်ကို မေးရင်း စွပ်ပြုတ်ပုံးအဖုံးကို ဖွင့်လိုက်လေသည်။
ရွှီချင်ရှန့်သည် သူမက သူ့ကို တစ်ခုခု ချကျွေးတော့မည်ကို မြင်လိုက်သဖြင့် မြန်မြန် ခေါင်းခါပြလိုက်ပြီး သူ ဗိုက်မဆာကြောင်း ကြိုးစား ပြောပြလိုက်လေသည်။ သို့သော်ငြား သူ့ဝမ်းဗိုက်က အလိုမတူဘဲ တဂွီဂွီ မြည်လာတော့သည်။
သူသည် ရှက်သွားကာ မျက်နှာမှာ နီရဲသွားလေသည်။ အမျိုးသမီးချန်က ပြုံးလိုက်ပြီး သူ့အတွက် ဟူလထန်းပွဲကြီးတစ်ပွဲ ထည့်ပေးလိုက်၏။ ထို့နောက် သူ့အတွက် စားပွဲပေါ်တွင် ယိုမော့ထို ၇ခု ၈ခုလောက် ချပေးလိုက်ပြီး သူ့ကို စားခိုင်းလိုက်တော့သည်။
ရွှီချင်ရှန့်မှာ ထိုင်ပြီး စားလိုက်ရုံသာ တတ်နိုင်တော့သ်ည။
စားသောက်ပြီးနောက် သူက အမျိုးသမီးချန်ကို ငွေပေးချင်ခဲ့သော်လည်း အမျိုးသမီးချန်က လက်မခံလိုပေ။
နှစ်ယောက်သားက ခဏလောက် အပြန်အလှန် ငြင်းခုန်ပြီး နောက်ဆုံးတော့ အမျိုးသမီးချန်က သည်တစ်ကြိမ် သူ့ကို ကျွေးလိုက်သည်ဟု ဆုံးဖြတ်လိုက်၏။ နောက်တစ်ကြိမ် သူလာလျှင် သူက ဝယ်စားပေလိမ့်မည်။
သည်အချိန်အတောအတွင်း ကျန်းယွင်ကျူးက ဟူလထန်း သုံးပွဲထပ်ရောင်းခဲ့ရသည်။ နောက်ဆုံး ဧည့်သည် ရောက်လာချိန်တွင် ယိုမော့ထိုက ၆ခုသာကျန်တော့သည်။ နဂိုက စွပ်ပြုတ်တစ်ပွဲတွင် ယိုမော့ထို ၅ခု လက်ဆောင်ပေးရသည်။ သူမက သူ့ကို ၆ခုလုံးပေးလိုက်တော့သည်။ ဧည့်သည်က အလွန်ဝမ်းသာသွားပြီး မနက်ဖြန် ထပ်လာမည်ဟု ချက်ချင်း ပြောလိုက်လေသည်။
သည်နေ့အလုပ် ပြီးသွားလေပြီ။
ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့သည် သိမ်းဆည်းလိုက်ကြ၏။ ရွှီချင်ရှန့်က ကူသိမ်းပေးလိုက်သည်။ အစောပိုင်းတွင် သူတို့သည် ပစ္စည်းများထည့်ပြန်ရန် နေ့တိုင်း လှည်းကလေးတစ်စီးကို သုံးကာ တွန်းပြန်ကြရသည်။ သည်နေ့တွင်တော့ ရွှီချင်ရှန့်က ပစ္စည်းများနှင့် လှည်းကလေးကို မြည်းလှည်းပေါ် တန်းတင်လိုက်ရာ တော်တော်သက်သာသွားတော့သည်။
အမျိုးသမီးချန်သည် မြည်းလှည်းတစ်စီးတော့ အမှန်တကယ်ဝယ်ချင်ခဲ့သည်။ အစက သူမသည် ကျန်းချိန်နှင့် အတွေးအတူတူပင်။ သူတို့သည့် ငွေရှာပြီးသည်နှင့် အိမ်တစ်လုံး ဆောက်ရလိမ့်မည်။ သူတို့တွင် ကိုယ်ပိုင်အိမ်ရှိနိုင်မှ စိတ်အေးရလိမ့်မည်။ သို့သော် အခုတော့ မြည်းလှည်းက ပိုအရေးတကြီး လိုအပ်နေသည်ဟု ခံစားမိနေသည်။
ရွှီချင်ရှန့်က မြည်းလှည်းကို မောင်းပြန်လာခဲ့၏။ လမ်းတွင် သူက အမျိုးသမီးချန်ကို မေးလိုက်သည်။
“အဒေါ် ခဏနေ မြို့တက်အုံးမှာလား၊ ကျွန်တော့်အဖေက ဒီနေ့ အပြန်လမ်းမှာ မြည်းအတွက် ပဲပိစပ် နည်းနည်းပါးပါး ဝယ်ခိုင်းလိုက်တယ်၊ အဒေါ်တို့သွားမယ်ဆိုရင် ကျွန်တော့်လှည်းနဲ့ လိုက်ခဲ့လို့ရတယ်”
အရင်က အမျိုးသမီးချန်နှင့် ကျန်လူများသည် အလုပ်ပြီးကြလျှင် တစ်ခုခုစားပြီး အိပ်လိုက်ကြကာ ပြန်နိုးလာမှ မြို့တက်ပြီး စျေးဝယ်ကြလေသည်။
သည်နေ့တွင်တော့…
“ ယွင်ကျူး အမေတို့တွေ တစ်ခုခုစားပြီးရင် မြို့အရင် တက်ကြရအောင်” အမျိုးသမီးချန်က ပြောလိုက်၏။
တစ်ချက်က သူတို့တွေ လမ်းကြုံလိုက်စီးလို့ရတယ်လေ။ မဟုတ်ရင် သူတို့တွေ မြို့တက်ပြီး ပစ္စည်းသွားဝယ်ရတိုင်း ၃ကီလိုမီတာနီးပါးလောက် လမ်းလျှောက်ပြီး ပစ္စည်းတွေကိုလည်း သုံးကီလိုမီတာနီးပါးလောက် လမ်းလျှောက်သယ်ပြန်လာရတာ။ တကယ်ပင် ပင်ပန်းတယ်လေ။
ဒုတိယတစ်ချက်တော့ သူမမှာ ကိုယ်ပိုင်အစီအစဥ် ရှိထားပြီးသား။
ကျန်းယွင်ကျူးသည် ပြန်အိပ်ချင်လိုက်လေသည်။ သို့သော် သည်နေ့တွင်တော့ သူမသည် အမှန်ပင် အရင်ဆုံး မြို့တက်ရအုံးမည်။ ဒုစစ်သူကြီးကျောက်တို့သုံးယောက်ကို နေ့လယ်စာ ပို့ပေးမည်ဟု ကတိပေးထားခဲ့သသည်။ မြို့ထဲသို့ စောစောသွားပြီး ပစ္စည်းများ ဝယ်ရအုံးမည်။
“ ဟုတ်ကဲ့၊ ဒါဆို ကျွန်မတို့တွေ အစ်ကိုကြီးရွှီကိုပဲ ဒုက္ခပေး ရအုံးမယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
‘အစ်ကိုကြီးရွှီ’ ဟူသည့်စကားက ရွှီချင်ရှန့်ကို တစ်ဖန် ရှက်သွားစေတော့သည်။ အမျိုးသမီးချန်သည် အတွေ့အကြုံရှိသူပီပီ ရွှီချင်ရှန့်၏စိတ်ကူးကို နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ သူမ၏ စိတ်ထဲတွင် ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာတော့သည်။
ခဏကြာပြီးနောက် မြည်းလှည်းသည် ကျန်းအိမ်တံခါးသို့ ရောက်လာခဲ့သည်။
ရွှီချင်ရှန့်က ပစ္စည်းများကို ကူချပေးလိုက်ပြီး မနက်ခင်းတွင် အားလပ်ကြောင်း ပြောလိုက်ကာ အမျိုးသမီးချန်တို့က စားသောက်ပြီးလျှင် သူ့ကို လှမ်းခေါ်လိုက်ဖို့ ပြောလိုက်လေသည်။
“ စားဖို့ အချိန် ရှိသေးရဲ့လား၊ ယွင်ကျူး သမီးက နေ့လယ်စာနဲ့ ညနေစာပါ ရောင်းမှာဆိုတော့ မြို့ထဲမှာ ကုန်ပစ္စည်းစျေး အရင် သွားကြည့်ကြည့်လိုက်ပါလား၊ ပြီးတော့ နေ့လယ်စာကိုလည်း ဝယ်စားလိုက်ပေါ့၊ အချိန်ဆွဲလို့ မဖြစ်ဘူးလေ။
ဒီလိုလုပ်ပါလား၊ သမီး ချင်ရှန့်နဲ့ မြို့တက်လိုက်၊ ဗိုက်ဆာရင် တစ်ခုခု ဝယ်စားလိုက်ပေါ့။
အမေက အိမ်မှာနေခဲ့ပြီး ကျန်းလင်နဲ့ တခြားသူတွေအတွက် ချက်ပြုတ်ပြီး မီးဖိုဆောင် သန့်ရှင်းရေးလုပ်ဖို့ နေခဲ့လိုက်မယ်၊ အမေတို့နှစ်ယောက်လုံးရဲ့ တစ်စီခွဲစီစဥ်လိုက်ပြီး ဧည့်သည်သုံးယောက်ကို ကျေနပ်သွားအောင် လုပ်ပေးလိုက်ကြမယ်လေ၊ ဒါဆိုရင် နောက်ပိုင်းကျတော့ အလုပ် ပိုကောင်းလာနိုင်တယ် ဟုတ်တယ်မလား” အမျိုးသမီးချန်၏ စကားလုံးများက အခြေအမြစ် ရှိနေတော့သည်။
ကျန်းယွင်ကျူးကလည်း ကျိုးကြောင်းသင့်သည်ဟု ထင်လေသည်။ ဒီမန်က အရမ်းကို အလုပ်များတာပဲ။
သူတို့သည် တံခါးနားတွင် စကားပြောနေကြ၏။ ဘေးအခန်းထဲတွင် ယန်ရှန့်က ကျန်းယွင်ကျူး ပြန်လာတာကို တွေ့လိုက်ရလေသည်။
သူသည် သူမဘေးတွင် လူငယ်လေးတစ်ယောက် ရပ်နေသည်ကိုလည်း တွေ့လိုက်ရသည်။ လူငယ်လေးသည် အလုပ်များနေ၏။ သို့တိုင် သူသည် ကျန်းယွင်ကျူးကို မကြာခဏဆိုသလို လှမ်းကြည့်နေလေသည်။ သူက သက်ပြင်းချလိုက်ပြီး
“ ဟုတ်တော့နေပါပြီ၊ အဲဒီနမော်နမဲ့ခင်ပွန်းကတော့ ပေါ်လာပြီ”
သူ သည်လိုပြောလိုက်ရသည့်အကြောင်းအရင်းမှာ သူသည် ကျန်းယွင်ကျူးကို ပထမဆုံးအကြိမ် မြင်ခဲ့ချိန်က ‘ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်က နမော်နမဲ့နိုင်တဲ့ ခင်ပွန်းတစ်ယောက်နဲ့ မကြာခဏဆိုသလို ပေါင်းဖက်မိကြသတဲ့’ ဟူသည့် စကားစုကြောင့်ပင်။ ထိုအချိန်က ကျန်းယွင်ကျူးတွင် ထက်မြက်သည့်စိတ်ဓာတ်တစ်ခု ရှိသော်လည်း သူမ၏နောက်ခံက နိမ့်ကျနေသည်ဟု သူ ပြောခဲ့ဖူးသည်။ သူမသည် အနာဂတ်တွင် သာမန်လယ်သမားတစ်ယောက်ကိုသာ လက်ထပ်နိုင်လိမ့်မယ်ဟု ခန့်မှန်းခဲ့သည်။ နှမြောစရာ မကောင်းပေဘူးလား။
အခုပဲ ကြည့်လိုက်ပါအုံး။ တကယ်ဖြစ်တော့မယ် ထင်တယ်။
သည်လိုတော်သည့် မိန်းကလေးတစ်ယောက်က သူမ၏ဘဝတစ်ခုလုံးကို တောင်ပေါ်တွင် ကုန်ဆုံးရင်း၊ နေ့တိုင်း ထင်းကောက်၊ ထမင်းဟင်းချက်ရင်း နေရသည်မှာ ပုလဲတစ်လုံးသည် ဖုန်များတက်နေသလို မြင်လိုက်ရသဖြင့် ယန်ရှန့်သည် အလိုလို သက်ပြင်းချမိတော့သည်။
ရှန်ဖုန်းမင်က သူ့စကားကြောင့် အပြင်ကို လှမ်းကြည့်လိုက်၏။ မနက်ခင်း နေရောင်ခြည်ထဲတွင် ကျန်းယွင်ကျူးသည် သူမ၏နက်မှောင်လှသည့် ဆံပင်များကို လက်ဖြင့်သပ်ရင်း ရပ်နေလေသည်။ နွေးထွေးသည့် ရွှေနေခြည်က သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဖြာကျနေ၏။ ပုလဲလုံးလေးများနှင့် ကျောက်စိမ်းနှယ် လှပမှုက တောက်ပလို့နေသည်။ သူ့ဘေးက အရာအားလုံးမှာ မှေးမှိန်သွားသယောင်။
…