အပိုင်း (၁၇)
နောက်တစ်နေ့ မနက် ၃နာရီ။ ၃နာရီ တိတိတွင် ကျန်းမိသားစုက အိပ်ရာထကြပြီး အလုပ်များနေကြတော့သည်။
သူတို့သည် တစ်ည လာတည်းခိုနေသည့် ကုန်သည်များကို နှောင့်ယှက်မိမည်စိုးသဖြင့် ညင်ညင်သာသာ လှုပ်ရှားလိုက်ကြလေသည်။ ဒါပေမဲ့ ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့က ဘယ်သူတွေမလို့လဲ။ မိသားစုက နိုးလာသည်နှင့် တစ်ပြိုင်နက် သူတို့လည်း နိုးလာကြတော့သည်။
ယန်ရှန့်က အပြင်ဘက်က ကောင်းကင်ကို ကြည့်လိုက်၏။ အစောကြီးပါလားဟ။
ခြံဝင်းထဲကို ပြန်ကြည့်လိုက်သောအခါ နွေးထွေးသည့်အဝါရောင် မီးအလင်များကြားတွင် လူရိပ် လေး ငါးခုလောက်က မီးဖိုဆောင်ထဲတွင် အလုပ်များနေသည်ကို တွေ့လိုက်ရလေသည်။ ဟူလထန်းနှင့် ယိုမော့ထို၏အနံ့က လေးထဲတွင် လွင့်ပျံနေ၏။
“ ငါတို့ ချီလင်ကိုယ်ရံတော်တွေနဲ့ ယှဥ်လို့ရတယ်”
ယန်ရှန့်သည် ရှန်ဖုန်းမင်လည်း နိုးနေသည်ကို သတိထားမိသဖြင့် ရေရွတ်လိုက်၏။ သူတို့တွေက ကြက်တွေထက် စောထပြီး ခွေးတွေထက် နောက်ကျမှ အိပ်ရတယ်လေ။
မနက် ၅နာရီတွင် ကျန်းယွင်ကျူး၏ဆိုင်လေး ခင်းပြီးသည်နှင့်တစ်ပြိုင်နက် မျှော်လင့်မထားသည့် ဧည့်သည်သုံးယောက်က ရောက်လာလေသည်။
သူမသည် ဒုစစ်သူကြီးကျောက်ကို မှတ်မိသော်လည်း သူ့ဘေးက ဒုစစ်သူကြီးနှစ်ယောက်ကိုတော့ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
“ ဧည်သည်ကြီးက ဘာလို့ ဒီနေ့မှ အစောကြီးရောက်လာတာလဲ” သူမက တအံ့တဩ မေးလိုက်လေသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က ဒုစစ်သူကြီးကျောက်သည် မနက်၇နာရီကျော်မှသာ သည်နေရာသို့ ရောက်လာတတ်သည်။
“ ဒီနေ့ မိုင်းမှာ ကိစ္စလေးတွေ ဖြစ်သွားလို့… ဟော ကျုပ်မင်းရဲ့ မြေအိုးကို ယူလာဖို့မေ့သွားတယ်”
ဒုစစ်သူကြီးကျောက်က အသေးစိတ် ဘာမှ မပြောခဲ့ချေ။ ကျန်းယွင်ကျူး၏ဆိုင်ရှေ့က အငွေ့တထောင်းထောင်း ထနေသည့် မြေအိုးကြီးကို တွေ့လိုက်ရမှ ရုတ်တရက် သတိရသွားတော့သည်။
“ ရပါတယ်ရှင်၊ ဧည်သည်ကြီး အဆင်ပြေတဲ့အချိန်ကျမှ ပြန်ယူလာခဲ့ပေးပါ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။
“ မင်းတို့နှစ်ယောက်ကလည်း ဘာလဲကွာ၊ ငါက မင်းတို့အတွက် ဆန်ပြုတ်ယူလာပေးခဲ့ပြီးပြီကို မင်းတို့က တခြားလူအတွက် မြေအိုးကို ပြန်ယူလာပေးဖို့ မစဥ်းစားဘူး”
ဒုစစ်သူကြီးကျောက်က သူ့ဘေးက လူနှစ်ယောက်ကို ဝေဖန်ပြစ်တင်လိုက်တော့သည်။
“ ငါလည်း စဥ်းစားခဲ့ပါသေးတယ်ကွာ၊ ဒီနေ့ နောက်ထပ် အမဲသားဆန်ပြုတ် နောက်တစ်ပွဲ ထပ်သောက်ချင်လို့ မြေအိုးကို တစ်ခါထဲ ယူလိုက်မယ်ပေါ့၊ စစ်သူကြီးဝမ် ညကြီးမင်းကြီး ဂိုဒေါင်ကပစ္စည်းတွေကို စာရင်းလုပ်ချင်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒါနဲ့ ငါလည်း လုံးဝမေ့သွားတာပေါ့” ပိန်ပိန်ပါးပါး ဒုစစ်သူကြီး လီက သူ့ခေါင်းကို ပုတ်ကာ ပြန်ဖြေလိုက်လေသည်။
“ ဘာအတွက်လဲ၊ ရုတ်တရက်ကြီး ဘာလို့ ဂိုဒေါင်က ပစ္စည်းတွေကို ထုတ်သွားတာလဲ” မျက်နှာမည်းမည်း ဒုစစ်သူကြီး ပေါင်က မေးလိုက်၏။
“ ဘယ်သိမှာလဲ” ဒုစစ်သူကြီးလီက ပြောလိုက်လေသည်။
“ ငါတို့ အလုပ် မဟုတ်ပါဘူးကွာ၊ ဆန်ပြုတ်သာ သောက်စမ်းပါ၊ မနေ့က ဆန်ပြုတ် ဝအောင်တောင် မသောက်လိုက်ရဘူး” ဒုစစ်သူကြီးပေါင်က သူ့လက်များကို ပွတ်သပ်လိုက်လေသည်။
“ အမဲသားဆန်ပြုတ် သုံးပွဲ”
ဒုစစ်သူကြီးကျောက် ခဏလောက် စဥ်းစားလိုက်သော်လည်း အမဲသားဆန်ပြုတ်၏ နာမည်အပြည့်အစုံကို မမှတ်သေးချေ။ ထို့ကြောင့် သူက အမဲသားဆန်ပြုတ်ဟုသာ ပြောလိုက်တော့သည်။
“ ဧည်သည်ကြီးတို့ မနေ့က ရှင်တို့တွေ အမဲသားစိမ်း ဆန်ပြုတ် သောက်ခဲ့ကြတာလေ၊ ဒီနေ့ ကျွန်မက အမဲသားကြက်ဥမွှေ ဆန်ပြုတ် ပြင်ဆင်လာခဲ့တယ်၊ ရှင်တို့များ….”
ကျန်းယွင်ကျူး၏ စကားမဆုံးခင်မှာပင် ဒုစစ်သူကြီးပေါင်က ပြောလိုက်လေသည်။
“ ကျုပ် အမဲသား ကြက်ဥမွှေဆန်ပြုတ် စားမဘ်၊ ဆန်ပြုတ်ထဲမှာ ကြက်ဥထည့်ထားတယ်ဆိုတဲ့ အသံကြားလိုက်တော့ မနေ့ကထက် သေချာပေါက် ပိုကောင်းရမယ်”
“ ဒါပဲလေ”
ဒုစစ်သူကြီးလီကလည်း ထိုစကားကို ကြားလိုက်ရချိန်တွင် အော်ရယ်လိုက်လေသည်။
အနားက အမျိုးသမီးချန်က မထိန်းနိုင်တော့ဘဲ တဟင်းဟင်း ရယ်မောမိလေသည်။ သည်လူသုံးယောက်သည် ကြောက်စရာကောင်းသည်ဟု မြင်ရသော်လည်း တခြားအရာရှိများလို မမောက်မာကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် တော်တော်စိတ်ဝင်စားစရာကောင်းလေသည်။
ကျန်းယွင်ကျူးက အမဲသားကြက်ဥမွှေ ဆန်ပြုတ်ကို မြန်မြန်လုပ်လိုက်တော့သည်။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် မနေ့က သူတို့ဝယ်ခဲ့သည့် အမဲသားတချို့ကို စားခဲ့ကြသည်။ ကံအားလျော်စွာ သည်လူသုံးယောက်သည် သည်နေ့ စောစောစီးစီး ရောက်လာခဲ့သည်။ သို့မဟုတ်လျှင် သူတို့သည် သည်အမဲသားဆန်ပြုတ်ကို စားနိုင်လိမ့်မည်မဟုတ်ချေ။
သူမက သတိထားမိလိုက်၏။ ဒီဒုစစ်သူကြီးက အခုလေးတင် ပြောလိုက်တယ်လေ။ စစ်သူကြီးဝမ်က ညကြီးမင်းကြီး ဂိုဒေါင်ထဲက ပစ္စည်းတွေကို စာရင်းလုပ်ခဲ့တယ်ဆိုလား။
စစ်သူကြီးဝမ်။ ဒီနေရာက အစောင့်တွေထဲက ရာထူးအမြင့်ဆုံးက စစ်သူကြီးပေါ့။ သူ့မျိုးရိုးနာမည်က ဝမ် လို့ ကြားလိုက်တယ်။
သူက ညကြီးမင်းကြီး ဂိုဒေါင်ကို စစ်ဆေးခဲ့တယ်တဲ့…
အချက်အလက်တွေက အရမ်းနည်းနေလေသည်။ ကျန်းယွင်ကျူးတွင် ဆက်တွေးစရာလမ်းစ မရှိတော့ပေ။ သို့သော် ရုတ်တရက်ဆိုသလို မိုင်းတွင်း၊ သံရိုင်းနှင့် သံအကြောင်းကို စဥ်းစားမိသွားတော့သည်။ သူတို့သည် လက်နက်အေး (ယမ်းမီးများ မပါသည့်လက်နက်) ထုတ်လုပ်သည့် ခေတ်ကာလတွင် အလွန်မှ အတိမ်းစောင်းမခံကာ အရေးကြီးသည့်ပစ္စည်းများ ဖြစ်လေသည်။
ဒါဆို ရှန်ဖုန်းမင်က ဒီကိုလာခဲ့တာ သတ္တုမိုင်းတွင်း ကြောင့်လား။
ကျန်းယွင်ကျူးသည် တစ်ခုခုကို နားလည်သွားသလို ခံစားလိုက်ရတော့သည်။
သူမ၏စိတ်တို့သည် ပြေးလွှားနေသော်လည်း သူမလက်၏လှုပ်ရှားမှုက လုံးဝရပ်မသွားချေ။ အချိန်တိုအတွင်းတွင် အမဲသားကြက်ဥမွှေဆန်ပြုတ် သုံးပွဲကို ပြင်ဆင်ပြီးသွားတော့သည်။
မြေအိုးသုံးလုံးထဲတွင် ပွက်ပွက်ဆူကာ အငွေ့တထောင်းထောင်းထ နေလေသည်။
“ ငါ ပြောခဲ့တဲ့အတိုင်းပဲ ကြက်ဥပါတဲ့ဟာက မနေ့ကဟာထက် အများကြီးပိုကောင်းမှာပါလို့” မြေအိုးထဲ ဆန်ပြုတ်ကို လက်ညှိုးထိုးရင်း ဒုဗိုလ်ချုပေါင်က မှတ်ချက်ပြုလိုက်လေသည်။
“ မင်းက မြည်းတောင်မကြည့်ရသေးဘဲနဲ့၊ ဘယ်လိုလုပ်ပြီး သိသွားတာလဲ” ဒုစစ်သူကြီးလီက ပြန်လည်ချေပချင်သယောင် ချက်ချင်း ပြန်မေးလိုက်တော့သည်။
“ မြည်းကြည့်စရာလိုသေးလို့လားကွ၊ ကြည့်ရုံနဲ့ သိတာကို” ဒုစစ်သူကြီးပေါင်က “ မင်း လောကကြီးကိုမှ မမြင်ဖူးသေးပဲကိုး၊ ငါတော့ မင်းကို နားမလည်တော့ဘူး’ ဟူသည့် မျက်နှာပေးနှင့် သူ့နှုတ်ခမ်းများကို ကွေးထားလိုက်လေသည်။
ကြက်ဥများကို သည်နေ့၏ အမဲသားကြက်ဥမွှဆန်ပြုတ်ထဲတွင် ထည့်ပေးထားသည်။ ရွှေရောင် ဥအသားများသည် အိစက်နူးညံ့နေသည့် အမဲသားနှင့် ကြည်လင်တောက်ပနေသည့် ဆန်ပြုတ်ကြားထဲတွင် ပုန်းကွယ်နေလေသည်။ မနေ့ကထက် အရသာများစွာပိုရှိပုံ မြင်ရသည်။
“ ကျုပ် မြည်းကြည့်လိုက်မယ်”
ဒုစစ်သူကြီးကျောက်က တစ်ငုံသောက်လိုက်၏။ အရမ်းအရသာရှိတာပဲ။
ကျန်လူများကလည်း စကားဆက်မပြောကြတော့ပေ။ တစ်ယောက်စီက ဇွန်းကို ကောက်ကိုင်လိုက်ကာ ဆန်ပြုတ် သောက်ကြတော့သည်။
ကျန်းယွင်ကျူးက မည်သို့လုပ်လိုက်သည်မသိပေ။ ဥများသည် အလွန်မှနူးညံ့အိစက်နေကာ အမဲသားက အလွန်မွှေးပျံ့နေပြီး အရသာက စွဲကျန်နေလေသည်။ အဖြူရောင်ဆန်ပြုတ်ကပင် အရသာရှိနေသယောင်။
မြေအိုးဆန်ပြုတ်တစ်အိုးသည် သူတို့အစာအိမ်ထဲသို့ ဒရောသောပါးပြေးဝင်သွားသယောင်။
ခဏကြာပြီးနောက် သုံးယောက်သားသည် ဆန်ပြုတ်အားလုံးကို သောက်ပြီးသွားကာ သက်သောင့်သက်သာရှိသွားသည်နှယ့် သူတို့၏ဗိုက်ကို ပုတ်လိုက်ကြလေသည်။
“ အရသာရှိလိုက်တာ၊ သူဌေး နေ့လယ်ခင်းရော ရောင်းသလား”
ဒုစစ်သူကြီးပေါင်က မေးလိုက်၏။ သူတို့တွေ ရောင်းခဲ့ရင် သူ ဒီမှာ လာစားမလို့လေ။
“ အားနာလိုက်တာရှင်၊ ဧည့်သည်ကြီး ကျွန်မတို့က နေ့လယ်ခင်း ဆိုင်မဖွင့်ဘူးရှင့်”
ဒုစစ်သူကြီးပေါင်ထံမှ စိတ်ပျက်သွားသည့်အမူအရာ ထွက်မလာခင် ကျန်းယွင်ကျူးက စကားလမ်းလွှဲလိုက်တော့သည်။
“ ဒါပေမဲ့ ကျွန်မတို့တွေ ရှင့်အတွက် တောင်ခြေကိုပဲဖြစ်ဖြစ်၊ တောင်ပေါ်ကိုပဲဖြစ်ဖြစ် လာပို့ပေးလို့ရပါတယ်”
“ မင်း ဘာပြောချင်တာလဲ” ဒုစစ်သူကြီးကျောက်က အသစ်အဆန်းဖြစ်သွားတော့သည်။
အမျိုးသမီးချန်ကပင် ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။ သူမရဲ့ ဒီသမီးက ဘာတွေပြောနေတာလဲ။
အမှန်တွင်တော့ မနေ့က ဒုစစ်သူကြီးကျောက်က အမဲသားဆန်ပြုတ်နှစ်ပွဲ ထုပ်သွားချင်သည်ဟု ပြောလိုက်ချိန်က ကျန်းယွင်ကျူးတွင် သည်စိတ်ကူးရသွားခြင်းပင်။ ပါဆယ်ထုပ်ပေးတာက လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးပဲလေ။
အမြဲတမ်း မနက်စာရောင်းဖို့က ခက်ပါတယ်။ အနှေးနဲ့အမြန် ပြုပြင်ပြောင်းလဲမှုက လိုအပ်တာပဲ။
နောက်ဆိုရင် သူမက နေ့လယ်စာနဲ့ ညစာအတွက် ပါဆယ်ထုပ်ပေးတာကို လုပ်ချင်ခဲ့တာလေ။ အသားတစ်မျိုးနဲ့ အရွက်တစ်မျိုး ၊ အသားနှစ်မျိုးနဲ့ အရွက်တစ်မျိုး ဒါမှမဟုတ် ရုံးထမင်းဘူးလို အသားနှစ်မျိုးနဲ့ အရွက်နှစ်မျိုးပဲ လုပ်လို့ရတယ်။ ဒါပေါ့ ငွေနည်းနည်းပိုပေးတာနဲ့ မွှေကြော်ကိုလည်း မှာလို့ရတယ်လေ။
အခုချိန်မှ မနက်စာရောင်းတာက တောင်ပေါ်က မိုင်းလုပ်သားတွေအတွက်လေ။
ထမင်းဘူးကတော့ တောင်ပေါ်က လစာတော်တော်မြင့်တဲ့ စစ်သားတွေနဲ့ လက်မှုပညာရှင်တွေကို အဓိကထားပြီး လုပ်ရမှာပေါ့။
တောင်ပေါ်မှာ လုံခြုံရေးနဲ့ လက်မှုပညာသည်တွေအတွက် လုပ်ထားပေးတဲ့ ဆိုင်လေးတစ်ခုရှိတယ်တဲ့ ပြီးတော့ အလကားကျွေးတာတဲ့။ ပြီးတော့ အဆင့်အတန်းက။ ကျန်းယွင်ကျူးသည် ထိုနေရာတွင် တစ်ခါမှ မစားသောက်ခဲ့ဖူးသော်လည်း စစ်သားများနှင့် ဒုစစ်သူကြီးကျောက်တို့ကို စျေးထဲတွင် မြင်ရသည်ကိုကြည့်လျှင် သိနိုင်လေသည်။ အလကားတစ်နပ် စားမည့်အစား သူတို့သည် စျေးကြီးသည့်အရာကို စားရန် တောင်အောက်သို့ ဆင်းခဲ့ကြသည်။ အလကားကျွေးသည့် အစားအစာက လုံးဝ မကောင်းလောက်သည်ကို သိနိုင်လေသည်။
ဒါက စျေးတစ်ခုလေ။ အဲဒါထက် စျေးကွက်ကြီးတစ်ခုရှိတဲ့ စျေးတစ်ခု။
ယိုမော့ထို ထည့်ထားတဲ့ ဟူလထန်းတစ်ပွဲကို သုံးဝမ်နဲ့ ရောင်းထားတာ။ ရုံးထမင်းဘူးတစ်ဘူးဆိုရင် ဘယ်လောက်နဲ့ ရောင်းနိုင်မှာလဲ။ မွှေကြော်အသေးတစ်ပွဲကို ဘယ်လောက်နဲ့ ရောင်းရမလဲ။ စျေးက အဆတိုးပြီး တက်သွားမှာ။ ရှာနိုင်တဲ့ ငွေကလည်း ပိုပြီးများလာမှာ အမှန်ပဲ။
အရေးအကြီးဆုံးက ပါဆယ်လုပ်ဖို့ ဆိုင်ခန်းအတွက် ငွေသုံးစရာမလိုတော့ဘူး။
ကျန်းယွင်ကျူးက ဒုစစ်သူကြီးကျောက်အား သူမ၏အတွေးကိုများကို ပြောလိုက်လေသည်။ သူသည် အစားအသောက် သို့မဟုတ် တစ်နပ်စာကို မှာယူနိုင်လေသည်။ ထို့နောက် အချိန်တစ်ခု သတ်မှတ်ပြီး နေ့လယ်ခင်းတွင် သူတို့က ချိန်းဆိုထားသည့်နေရာသို့ အစားအသောက်ကို လာပို့ပေးလိမ့်မည်။
ဒုစစ်သူကြီးကျောက်သည် ထိုအကြောင်းအရာကို ကြားလိုက်ချိန်တွင် အလွန်အံ့ဩသွားတော့သည်။
“ ဒီလို လုပ်လို့ရလား”
“ ကျုပ်တကယ်ပဲ အစားအသောက်မှာလို့ရလား၊ ကျုပ် အဆီများများနဲ့ ကလီစာ စားချင်တယ်၊ ဒါကို စားချင်နေတာ တော်တော်ကြာသွားပြီ၊ မိန်းကလေး ကျုပ် မင်းရဲ့လက်ရာကို ယုံတယ်”
ဒုစစ်သူကြီးပေါင်က အလောတကြီး ပြောလိုက်တော့သည်။
“ ရှင်တို့ စားချင်တဲ့ ဟင်းပွဲကို ကြည့်လိုက်ပါ…”
ဒုစစ်သူကြီးလီက ရွံ့သလို ဖြစ်သွားလေသည်။ ထို့နောက် သူက ကျန်းယွင်ကျူးကို မျှော်လင့်တကြီးနှင့် မေးလိုက်တော့သည်။
“ မင်း ငါးဟင်းရော လုပ်ပေးလို့ရလား၊ ဘာငါးပဲ ဖြစ်ဖြစ်ရတယ်၊ ကျုပ်တို့တွေ မီးဖိုဆောင်ထဲမှာ လုပ်နေတာတွေကိုလည်း ငါးလို့ ခေါ်တာပဲ” ထိုအကြောင်းအရာကို ပြန်စဥ်းစားလိုက်မိပြီး ဒုစစ်သူကြီးလီမှာ စိတ်ပျက်သွားသလို ခံစားလိုက်ရတော့သည်။
စားသောက်ဆိုင်က လုပ်ပေးတဲ့ ငါးက အရမ်းညီပြီး ပျော့အိပျော့ဖက်နဲ့လေ။ ကြောင်တွေတောင် မစားဘူး။ သူ့လို ငါးကြိုက်တဲ့သူတစ်ယောက်အတွက် အရမ်းကို ခံစားရခက်တဲ့ကိစ္စကြီး။
ကျန်းယွင်ကျူးက မျက်ခုံးများကို ပင့်ပြလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမသည် ငါးဟင်းချက်ပြုတ်ရာတွင် အကောင်းဆုံးဖြစ်လေသည်။
“ မင်းတို့ နှစ်ယောက်ကတော့” ဒုစစ်သူကြီးကျောက်၏ နွားမျက်လုံးများသည် သူတို့၏ မျှော်လင့်ချက်မဲ့သည့် တုံ့ပြန်မှုကို ဒေါသတကြီး ဝါးစားတော့မတတ် ကြည့်လိုက်လေသည်။ သူတို့တွေက ဘာအတွက်နဲ့များ လုပြောနေရတာတုံး။ သူတောင် မမှာရသေးဘူး။
“ ဧည့်သည်ကရော ဘာစားချင်လဲရှင်” ကျန်းယွင်ကျူးက သူ့ကို မေးလိုက်၏။
ဒုစစ်သူကြီးကျောက်သည်လည်း ငါးနှင့် အဆီပြည့်ပြည့်ကလီစာများ စားချင်နေခဲ့သည်။ ဒုစစ်သူကြီးပေါင်နှင့် ကျန်တစ်ယောက်က ထိုအကြောင်း ပြောလိုက်သောအခါ သူ့ပါးစပ်မှာ သွားရည်များ ထွက်လာတော့သည်။ သို့သော် သူတို့နှစ်ယောက်က မှာလိုက်ကြပြီးဖြစ်ရာ သူ့မှာ ထပ်မှာလို့ မရနိုင်တော့ပေ။
အချိန်တိုအတွင်း ဘာတစ်ခုမှ စဥ်းစားမရနိုင်ဖြစ်သွားပြီး သူသည် ငွေတုံး တစ်စကို သည်အတိုင်း ထုတ်လိုက်ကာ ကျန်းယွင်ကျူးထံ လှမ်းပေးလိုက်ပြီး
“ မင်း ဘာဟင်းပဲ ချက်ချက် ကိစ္စမရှိပါဘူး၊ စပ်လေ ပိုကောင်းလေပဲ” သူသည် အစပ်အစားအစာများကို ကြိုက်လေသည်။ နောက်ဆုံး စားသောက်ဆိုင်က လုပ်ပေးသည့်အရာများမှာ အရသာမရှိလှပေ။
“ ကောင်းပါပြီရှင်”
ကျန်းယွင်ကျူးက ငွေကို ယူလိုက်၏။ ငွေစကို ချိန်ဆကြည့်လိုက်ပြီး တစ်လျန်ခွဲလောက် ရှိလိမ့်မည်။
“ ကျွန်မ နေ့လယ်ခင်းကျရင် ရှင်တို့အတွက် အစားအသောက် ယူလာတဲ့အခါ ပြန်အမ်းပေးပါမယ်နော်”
သူမသည် သူ့အတွက် ဘယ်လိုဟင်းမျိုး ချက်ပြုတ်ပေးရမည်ကို မစဥ်းစားရသေးချေ။ ရနိုင်မည့် ဟင်းအမယ်များကို သိရရန် မြို့သို့ သွားရမည်။ အခုချိန်တွင် စျေးသတ်မှတ်ဖို့ရာ မဖြစ်နိုင်သေးပေ။
“ ပြန်အမ်းစရာ မလိုပါဘူး၊ အခုလောလောဆယ် မင်းပဲ သိမ်းထားလိုက်၊ နောက်ဆိုလည်း ကျုပ်က မင်းဆီက အစားအသောက် ဝယ်မှာပဲလေ၊ ဒီနေ့ ကျုပ် ဒီလောက်ပဲ ယူလာခဲ့လို့၊ ကျုပ် ဒါနဲ့ အရင်စားထားလိုက်မယ်၊ ကုန်သွားပြီဆိုမှ ကျုပ်ထပ်ပေးမယ်လေ” ဒုစစ်သူကြီးကျောက်က ဂရုမစိုက်သလို ပြောလိုက်လေသည်။ ကျန်းယွင်ကျူးက ထွက်ပြေးသွားမည်ကို သူ မစိုးရိမ်ပေ။
ထို့အပြင် သူမ ထွက်ပြေးသွားခဲ့လျှင်တောင် တစ်လျန်ခွဲသာ ရှိလေသည်။ များများစားစား မဟုတ်။
သူက ရှေ့မှာ ငွေကြိုရှင်းလိုက်သဖြင့် ဒုစစ်သူကြီးလီနှင့် ဒုစစ်သူကြီးပေါင်တို့ နှစ်ယောက်လုံးကလည်း ငွေတုံး တစ်စကို ထုတ်ယူလိုက်ပြီး ကျန်းယွင်ကျူးကို လှမ်းပေးလိုက်ကာ ထိုနည်းတူစွာ ပြောလိုက်ကြသည်။
ကျန်းယွင်ကျူးက တစ်ယောက်ချင်း လက်ခံလိုက်ပြီး ဘယ်သူက ငွေဘယ်နှစ်စ ပေးခဲ့ကြောင်း မှတ်ထားလိုက်လေသည်။ သူမသည် အမှားလုပ်မိမည်စိုးသဖြင့် အိမ်ပြန်ရောက်လျှင် စာရင်းစာအုပ်တစ်ခု လုပ်ရတော့မည်။
သူတို့ထွက်သွားပြီးနောက် အမျိုးသမီးချန်က ငွေတုံး သုံးစကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေတော့သည်။ သူတို့တွေ ဒီလိုနဲ့ပဲ လျန်နှစ်စနီးပါး ရခဲ့တာတဲ့လား။ ဘယ်သူက ဒါကို ယုံပါ့မလဲဟင်။
…
မှတ်ချက်
ခန့်မှန်းချေ
၁ လျန် – ၁၀၀ ဝမ်
ငွေတုံး အငယ် ၁ စ – ၁လျန် – ၅လျန်ကြားတန်ဖိုး
ငွေတုံး အလတ် ၁ စ – ၁၀လျန် – ၃၀လျန် ကြားတန်ဖိုး
ငွေတုံး အကြီး ၁ စ – ၃၀လျန် – ၅၀လျန် ကြားတန်ဖိုး
…