အပိုင်း (၁၆)
ဒီကိစ္စက ဘယ်လိုဖြစ်ပြီး ကုယန်ကျိုးနဲ့ သွားပတ်သက်နေတာလဲ။ ဒါက အိပ်မက်ထဲမှာ လေးနှစ်တာအတွင်း ပထမရ စာတမ်း ကျောင်းသားတစ်ယောက်ရဲ့ အမှုနဲ့ ပတ်သက်နေတာလေ။
အဲဒီနှစ်က ပြိုင်ပွဲအကြီးအကျယ် လုပ်ခဲ့တဲ့နှစ်ပဲ။ ကျောင်းသားတွေအားလုံး မြို့တော်ကို ရောက်လာခဲ့ကြတယ်။ သူတို့တွေ စာမေးပွဲအောင် သွားတာနဲ့ တစ်ပြိုင်ထဲ တကယ့်ကို ‘ နွေဦးလေပြေက မြင်းခွာအတွက် ဂုဏ်ယူခဲ့ရပြီး ကျုပ်ကလည်း တစ်နေ့ထဲမှာ ချန်အန်းက ပန်းလေးတွေကို ရှုစားနိုင်တယ်’ ဆိုတဲ့အတိုင်းပဲပေါ့။
ပြီးတော့ အဲဒီနှစ်ရဲ့ စာမေးပွဲက မန်ချူးတွေကို ပိုပြီး တုန်လှုပ်သွားစေခဲ့တယ်။
ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် စာမေးပွဲတစ်ခုပြီးသွားရင် ပထမရ စာတမ်းရဲ့ကျောင်းသား၊ ဒုတိယ ၊ တတိယ စာဆိုရှင်တို့ရဲ့ အဖြေလွှာတွေကို တစ်လောကလုံးက လူတွေမြင်နိုင်အောင် ကျင်းရွှေတံတားဘေးမှာ ကပ်ထားပေးတယ်။ တစ်ချက်ကာ တော်ဝင်စာမေးပွဲရဲ့ တရားမျှတမှုကို ပြသဖို့ပေါ့။ နောက်တစ်ချက်ကတော့ တလောကလုံးကလူတွေကို ကြိုးကြိုးစားစား လေ့လာဖို့ အားပေးချင်လို့။
ဒါပေမဲ့ အဲဒီနှစ်ရဲ့ ပထမရစာတမ်း ကျောင်းသားရဲ့ အဖြေလွှာထဲမှာ တစ်ခုခု ထူးခြားနေတာကို လူတစ်ယောက်က မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့တယ်။ အပေါ်ယံမှာတော့ မင်းဧကရာဇ်နဲ့ အာဇာနည်တွေအပေါ် သစ္စာရှိတဲ့အကြောင်း လှလှပပ ရေးဖွဲ့ထားတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ။ ဒါပေမဲ့ အဲဒီအထဲမှာ နောက်ကွယ်က လျှို့ဝှက်ထားတဲ့ အကြောင်းအရာတစ်ခု ပါနေတယ်။
ဝေဖန်ချက်ရဲ့ ပစ်မှတ်က ချီလင်ကိုယ်ရံတော်တပ်မှူး ရှန်ဖုန်းမင်ကို ရည်ရွယ်ထားခဲ့တာ။ သူရဲ့ တဦးတည်းလက်ဝေခံ အာဏာအပါအဝင် အပြစ်မဲ့တဲ့ လူတွေကို မဆင်မခြင်သ-တ်ဖြတ်မှုနဲ့ တခြား ပြင်းထန်တဲ့ ပြစ်မှုဆယ်ခုတို့ကို စာရင်း ပြုစုထားခဲ့တယ်။
တခြားဟာတွေ မပြောနဲ့အုံး။ အပြစ်မဲ့တဲ့သူတွေကို မဆင်မခြင်သ-တ်ခဲ့တာလေ။
လွန်ခဲ့တဲ့ လေးနှစ် ဆောင်းဝင်စ, ညမှာပေါ့ ပထမရ စာတမ်းပိုင်ရှင် ကျောင်းသားရဲ့မိသားစုနဲ့ တစ်ရွာလုံး အသ-တ်ခံလိုက်ရတော့တယ်။ အစိုးရကတော့ သူတို့ကို သ-တ်ခဲ့တာ ဓားပြတွေလို့ ပြောတာပဲ။ ဒါပေမဲ့ ပထမရစာတမ်းပိုင်ရှင် ကျောင်းသားကတော့ သူတို့ကို သ-တ်ခဲ့တာ ရှန်ဖုန်းမင်ပါလို့ အခိုင်အမာ ပြောခဲ့တယ်။
တစ်ရွာလုံး လူ၂၀၀ကျော် ယောက်ျား၊ မိန်းမ၊ လူအို ၊လူငယ်အားလုံးက အကြောင်းမရှိဘဲ ရှန်ဖုန်းမင် သတ်တာ ခံလိုက်ရတယ်တဲ့။
ခဏကြာလာတော့ အစိုးရနဲ့ လူထုက တုန်လှုပ်သွားတော့သည်။ တချို့လူတွေကတော့ ပထမရ စာတမ်းရှင်ကျောင်းသားကို ကွပ်မျက်သင့်တယ်လို့ ပြောကြတဘ်။
တချို့လူတွေကလည်း သူ့ကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြပြီး ရှန်ဖုန်းမင်ကို သေချာစုံစမ်းစစ်ဆေးဖို့ တောင်းဆိုကြပြီး ဒါက အခြေအမြစ်မရှိတာမဟုတ်ဘူး လို့ပြောခဲ့ကြတယ်။
တစ်နေ့ထဲမှာ ဧကရာဇ်ချင်းလုံက တော်ဝင်အမိန့်တော် သုံးခုကို ထုတ်ပြန်ခဲ့ရတယ်။
ဒီကိစ္စက ကြီးမားတဲ့ ဆူပူလှုပ်ရှားမှုတစ်ခုကို ဖြစ်သွားစေပေမဲ့ လူတော်တော်များများကတော့ ဒီအကြောင်းကို မသိခဲ့ကြဘူး။ ရုံးတော်ကနေပြီး လုံးဝ ဖိနှိပ်ထားခဲ့တာလေ။
ချင်းလုံဧကရာဇ်က ရှန်ဖုန်းမင်ကို အပြစ်မပေးခဲ့ပေမဲ့ သူ့ကို ဆန့်ကျင်တဲ့ လူတစ်စုကတော့ ညီလာခံမှာ ပေါ်ပေါက်လာခဲ့တယ်။ အောက်ပိုင်းမှာလည်း အခြေအနေက ပြင်းထန်နေခဲ့တယ်။
ကုယန်ကျိုးကတော့ သူ ရုတ်တရက် ပေါ်လာတုန်းကလိုပဲ ဘာအစအနမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်။
ကျန်းယွင်ကျူးက အဲဒီတုန်းက လင်ထင်အန်းရဲ့ အနီးကပ်အစေခံမလေး ဖြစ်နေပြီလေ။ လင်ထင်အန်းက ဒီကိစ္စကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုလို သဘောထားလို့ သူမကလည်း ဒါနဲ့ပတ်သက်ပြီး တချို့အကြောင်းအရာကို သိခဲ့ရတယ်။
ပထမရ စာတမ်းရှင် ကျောင်းသားက လုစီရင်စုပြည်နယ်က ကုယန်ကျိုး လို့ခေါ်တယ်တဲ့။
ကျန်းယွင်ကျူးကတော့ ဒီကုယန်ကျိုးက ဟိုကုယန်ကျိုး ဟုတ်မဟုတ် သေချာတော့ မသိလေဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက စကားနည်းနည်းပါးပါးကိုပဲ နည်းနည်းပါးပါး ကြားခဲ့တာဆိုတော့။
ဒါပေမဲ့ အခုတော့ ရှန်ဖုန်းမင်က ဒီကိုရောက်နေပြီ….
ရွှီချင်ရှန့်ရဲ့ဆွေမျိုးတွေဆီ အလည်အပတ်သွားတာ အောင်မြင်ခဲ့ပေမဲ့ ချင်းဟယ်ရွာကို သွားခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို စဥ်းစားကြည့်ရင် ဒါက လုံးဝနီးပါး မှန်တော့မယ်ထင်တယ်။
ရွှီချင်ရှန့်နဲ့ အဖေကြီးရွှီတို့က ချန်ရှီရွာက ဆွေမျိုးတွေဆီ အလည်အပတ်သွားခဲ့တယ်။ ရှန်ဖုန်းမင် ရောက်လာခဲ့တဲ့အခါကျတော့ ချန်ရှီတစ်ရွာလုံး အသ-တ်ခံလိုက်ရတယ်။ ရွှီချင်ရှန့်နဲ့ ကုယန်ကျိုးကတော့ လွှတ်သွားတယ်။ ဒါပေမဲ့ သူတို့တွေ လူချင်း ကွဲသွားခဲ့ကြတယ်။ ရှန်ဖုန်းမင်ရဲ့ ပြစ်မှုသက်သေတွေကို စုဆောင်းဖို့ ကုယန်ကျိုး ဘယ်မှာနေခဲ့တယ်ဆို မသိရဘူး။ လေးနှစ်ကြာပြီးတဲ့နောက်မှာ သူက စာမေးပွဲဝင်ဖြေခဲ့ပြီး ဒီလိုထိတ်လန့်စရာဖြစ်ရပ်တစ်ခုကို လုပ်ခဲ့တယ်။ ရွှီချင်ရှန့်ကတော့ ချင်းဟယ်ရွာကို သွားခဲ့ပြီး နောက်ပိုင်း အဲဒီမှာ ကျန်းမိသားစုနဲ့ တွေ့ခဲ့တယ်။
အခြေအနေက ကြောင်တောင်တောင်နိုင်တယ် ထင်ရပေမဲ့ လိုက်စရာ သဲလွန်စတော့ ရှိတာပဲ။
သူမသည် ထိုအကြောင်းကို စဥ်းစားမိလေလေ သည်လိုပဲ ဖြစ်နေမည်ဟု ခံစားရလေလေ ဖြစ်နေတော့သည်။ ကျန်းယွင်ကျူး၏ကျောပြင်မှာ စိမ့်ခနဲဖြစ်သွားတော့သည်။ ဟုတ်နေပါပြီ။ လူသ-တ်နတ်ဘုရားက အိမ်တံခါး လာခေါက်ရင် ကောင်းတာ ရှိလာမှာမဟုတ်ဘူး။ ရွာထဲက လူအားလုံးလည်း အသ-တ်ခံရတော့မှာလား။
ရှန်ဖုန်းမင် တကယ်ပဲ ဒီလိုလုပ်ခဲ့သလား သေချာမသိပေမယ့် သူမရှေ့က အကျပ်အတည်းကတော့ တကယ်ဖြစ်နေပြီ။
ဘာလုပ်ရမလဲ။ သူမက အကြောင်းအရင်းကို မရှင်းပြခဲ့ရင် ကျန်းချိန်နဲ့ တခြားသူတွေက သူမစကားကို သေချာပေါက် လက်ခံကြလိမ့်မှာမဟုတ်ဘူး။ ဒါပေမဲ့ အကြောင်းအရင်းကို ရှင်းပြပြီး ရုတ်တရက် ထွက်ပြေးသွားရင်တောင် ရှန်ဖုန်းမင်ရဲ့ သတိနဲ့ဆိုရင် သူ သူတို့ကို သေချာပေါက် သံသယဝင်သွားလိမ့်မယ်။ ဒါဆိုရင် အဲဒီအချိန်ကျရင် သေသေချာချာရှင်းပြဖို့ နည်းလမ်းမရှိတော့ဘူး။
ပြီးတော့ ကူးပြောင်းလာတဲ့ ကိစ္စလို နေမှာပဲ။ အိပ်မက်ထဲက အကြောင်းအရာတွေကလည်း သူမရဲ့ လျှို့ဝှက်ချက်တွေလေ။ ဘယ်သူ့ကို မပြောပြချင်ဘူး။
ပြီးတော့ အဖေကြီးရွှီ၊ ရွာသူကြီး၊ အဘွားဖုန်း နဲ့ တစ်ရွာလုံးက ရှိသေးတယ်။
ဒါပေမဲ့ သူတို့တွေ မထွက်ပြေးနိုင်ခဲ့ရင် သူမ ဘာလုပ်သင့်လဲ။
ဆောင်းည စတင်ခဲ့လေပြီ။ ဒီနှစ်ဆောင်းရာသီက ၁၁လပိုင်း ၇ ရက်နေ့မှာ စမှာတဲ့။ ဒီနေ့က ဆယ်လပိုင်း ၂၅ရက်နေ့။ သဘောက ၁၃ရက်ကျန်သေးတယ်….
“ ယွင်ကျူး ဘာတွေစဥ်းစားနေတာလဲ” ကျန်းယွင်ကျူးက နေရာတွင်ပင် ရပ်နေဆဲ အမျိုးသမီးချန်က အော်မေးလိုက်တော့သည်။
“ ဘာမှမဟုတ်ပါဘူး” ကျန်းယွင်ကျူးက မြန်မြန်ပြန်ပြောလိုက်၏။
“ အမေ့ကို ကူပါအုံး၊ သူတို့အတွက် စားစရာလေး နည်းနည်းပါးပါး လုပ်ပေးရအောင်” အမျိုးသမီးချန်က ပြောလိုက်၏။
“ ဟုတ်ကဲ့” ကျန်းယွင်ကျူးက မြန်မြန်ပြောလိုက်၏။
ဆူပွက်နေအောင်တည်ထားသည့် အရိုးစွပ်ပြုတ်နည်းနည်းကို ခပ်ယူလိုက်သည်။ အသီးအရွက်နှင့် တခြားပါဝင်ပစ္စည်းများကို ထည့်လိုက်သည်။ ချက်ချင်းပင် ပူပူစပ်စပ်စွပ်ပြုတ် နှစ်ပန်းကန် ရလာလေသည်။
ယိုမော့ထိုက လုပ်ရအနည်းငယ် လက်ဝင်သည်။ ဂျုံနှစ်ကို အခုမှ နှယ်ထားပြီးစဖြစ်နေပြီး အချိန်ခဏကြာအောင် နှပ်ထားပြီးမှ ကြော်လို့ရမည်။
“ ငါ ဘာလုပ်ပေးရမလဲ”
အချက်အပြုတ်နှင့် ပတ်သက်လာလျှင် အမျိုးသမီးချန်က ကျန်းယွင်ကျူးကို မေးလေ့ရှိသည်။ ကျန်းယွင်ကျူးတွင် အမြဲတမ်းနည်းလမ်းတစ်ခုတော့ ရှိသည်ဟု သူမ ခံစားမိလေသည်။
ဂျုံမှုန့်၊ အမဲသားတစ်တုံး ၊ မုန်လာဥဖြူ၊ ဟင်းနုနွယ်ရွယ်၊ ပဲပြား စသည့်အမယ်များ အိမ်တွင်ရှိနေသည်။ ကျန်းယွင်ကျူးသည် ချက်ချင်းဆိုသလို စိတ်ကူးတစ်ခု ရလာတော့သည်။
ခဏကြာပြီးနောက် အစားအသောက်များ အဆင်သင့်ဖြစ်သွားလေသည်။ သူမနှင့် အမျိုးသမီးချန်တို့သည် မီးဖိုဆောင်ဘေးက အခန်းဆီသို့ ယူလာပေးလိုက်ကြသည်။ ထိုအခန်းထဲတွင် ကျန်းချိန်က ရှန်ဖုန်းနှင့် တခြားလူများအတွက် ရေနွေးနှစ်ခွက် လောင်းထည့်ပေးလိုက်ပြီး လက်ဆေးရန် ရေနွေး ဇလုံတစ်ခု ယူလားပေလိုက်သည်။
ယန်ရှန့်သည် ကျန်းချိန်နှင့် တခြားသူများက သည်နေရာကို ရောက်ရှိလာပုံအကြောင်း အလွန်သိချင်နေလေသည်။
ကျန်းချိန်က သူတို့တွေ့ကြုံခဲ့ရသည်များကို ပြောပြလိုက်၏။
ကျန်းချိန်က ဝူလင်မိုင်းတွင်းတွင် မိုင်းတူးသမားအဖြစ် အလုပ်လုပ်နေဟု ကြားလိုက်ရသောအခါ ယန်ရှန့်သည် ချက်ချင်းစိတ်ဝင်စားသွားပြီး စကားစမြည်ပြောရန် သူ့ကို ဆွဲခေါ်ထိုင်လိုက်တော့သည်။
ကျန်းယွင်ကျူးက ဝင်လာချိန်၌ ကျန်းချိန်က မိုင်းတွင်းအကြောင်း ပြောပြနေသည်ကို ကြားလိုက်ရလေသည်။
သူမက မြန်မြန် စကားဖြတ်ပြောလိုက်ပြီး
“ အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီ၊ ကုန်သည်တို့နှစ်ယောက် ဗိုက်ဆာနေမှာပဲ၊ ပူတုန်း မြန်မြန်စားလိုက်ပါအုံး”
ကုန်သည်တို့နှစ်ယောက်ဟု ပြောလိုက်ချိန်တွင် သူမ၏နှုတ်ခမ်းထောင့်များမှာ တုန်ယင်သွားတော့သည်။ သူတို့နှစ်ယောက်က ဘယ်လိုလုပ်ပြီး ကုန်သည်တွေနဲ့ တူမှာလဲ။
ယန်ရှန့်မှာ အလွန်ဗိုက်ဆာနေသည်ဖြစ်ရာ ကျောနှင့်ရင် ကပ်နေလေသည်။ အခုတော့ သူသည် အစားအသောက်အနံ့ ရလိုက်ပြီးနောက် သူ့အာရုံသည် ချက်ချင်းဆွဲဆောင်ခံလိုက်ရတော့သည်။
“အဖေ အမေနဲ့ကျွန်မ မီးဖိုထဲက စွပ်ပြုတ်ပုံး မမ,နိုင်လို့၊ ကျွန်မတို့ကို ကူသယ်ပေးပါအုံး”
ကျန်းယွင်ကျူးက ကျန်းချိန်ကို ပြောလိုက်၏။
“ အေး အေး “ ကျန်းချိန်က ချက်ချင်းထရပ်လိုက်လေသည်။
“ ဘာစွပ်ပြုတ်ပုံးလဲ” ကျန်းချိန်က လှည့်ကြည့်လိုက်သော်လည်း သယ်ပေးရန် လိုနေသည့် စွပ်ပြုတ်ပုံးကို ရှာမတွေ့ချေ။
“အဖေ ဒီလူနှစ်ယောက်က ရိုးရှင်းတယ်လို့ သမီး မထင်ဘူး၊ အဖေ သူတို့ကို မိုင်းတွင်းအကြောင်း လျှော့ပြောသင့်တယ်”
ကျန်းယွင်ကျူးက ရှန်ဖုန်းမင်ကို သတိထားရန် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့အား အသိပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
“တကယ်လား”
မရိုးရှင်းဘူးတဲ့။ မြို့တော်က လူချမ်းသာစီးပွားရေးသမားတစ်ယောက်ရဲ့ သားဆိုတော့ အင်းပေါ့လေ သူတို့တွေ ဘယ်ရိုးရှင်းပါ့မလဲ။ မြို့တော်က လူချမ်းသာစီးပွားရေးသမားတစ်ယောက်၏ သရုပ်မှန်ကို စဥ်းစားဖို့ရာ ကျန်းချိန်အတွက် အမှန်ပင် မလွယ်ကူချေ။ မြို့နယ်အစိုးရ၏ အရာရှိများကို တစ်ခါမှ မမြင်ဖူးကြသည့် သာမန်လူများသည် ချီလင်ကိုယ်ရံတော်အဖွဲ့၏ တပ်မှူးကဲ့သို့သော အဆင့်မြင့် အရာရှိတစ်ယောက်ကို မည်သို့စဥ်းစားမိနိုင်ပါမည်နည်း။
အမှန်တွင်တော့ ကျန်းယွင်ကျူးသည် အိပ်မက်ထဲတွင် ရှန်ဖုန်းမင်ကို မမြင်ဖူးခဲ့လျှင် သူမသည်လည်း ထိုသို့ စဥ်းစားရဲလိမ့်မည်မဟုတ်ချေ။
“ ကျွန်မအမြင်မှာလည်း သူတို့တွေ စီးပွားရေးသမားတွေနဲ့မတူဘူး” အမျိုးသမီးချန်က ပြောလိုက်၏။
ကျန်းချိန်က အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့၏စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူတို့သုံးယောက်သည် မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် သူတို့အခန်းဆီ ပြန်လာကာ အိပ်လိုက်ကြတော့သည်။
ဘေးအခန်းတွင် ယန်ရှန့်က စားပွဲပေါ်ရှိ အစားအသောက်များကို သဘောကျနေလေသည်။
သူနှင့် ရှန်ဖုန်းမင်တို့သည် သူတို့ရှေ့က စွပ်ပြုတ်ပူပူတစ်ပန်းကန်နှင့် ပန်ကိတ်တစ်ပွဲကို စားသောက်လိုက်ကြသည်။ စွပ်ပြုတ်၏အနံ့မှာ စောစောက တံခါးအပြင်ဘက်တွင် သူရခဲ့သည့် အနံ့နှင့် တစ်ထပ်တည်းပင်။
စားပွဲအလယ်တွင် ဟင်းပွဲ ၅ပွဲ ၆ပွဲလောက် တည်ထားပြီး အမဲတောက်တောက်စင်း၊ မုန်လာဥဖြူပါးပါးလှီးထားသည့်ဟင်း၊ မြစိမ်းရောင်ဟင်းနုနွယ်၊ အဝါရောင်ပဲပြား၊ မှိုနက်နှင့် ပါးပါးလှီးထားသည့် အချဥ်ဟင်းပွဲလေးတစ်ခုတို့ ပါလေသည်။
သည်အရံဟင်းများချည်းသက်သက် အပြင်အဆင်နှင့် အရောင်အသွေးတို့က မျက်စိပသာဒ ဖြစ်လှပေသည်။
ယန်ရှန့်သည် သည်အရံဟင်းများက ပန်ကိတ်နှင့် တွဲစားရမည်ဖြစ်ကြောင်း ချက်ချင်း နားလည်သွားတော့သည်။
သူသည် ထိန်းထားမနေတော့ဘဲ အရင်ဆုံး စွပ်ပြုတ်တစ်ဇွန်းအပြည့် သောက်လိုက်၏။ ဒီစွပ်ပြုတ်က အရသာရှိတယ်ဟ။ သူသည် ပန်ကိတ်ကို မယူဘဲ မနေနိုင်ဖြစ်သွားပြီး ပန်ကိတ်ထဲတွင် သူ့အကြိုက်ဆုံးဟင်းကို ထည့်လိုက်ကာ သူ့ပါးစပ်ထဲ သွင်းလိုက်တော့သည်။
အနည်းငယ်စပ်ဖျဥ်းဖျဥ်းအမဲသား၊ လတ်ဆတ်သည့်မုန်လာဥ နှင့် မွှေးပျံ့နေသည့် ပဲပြားတို့သည် အရသာအပြည့်ဖြစ်နေတော့သည်။
သူ့ပါးစပ်က လုံးဝမရပ်ဘဲ လက်ဖြင့် ရှန်ဖုန်းမင်ကို အချက်ပြလိုက်ကာ မြန်မြန် မြည်းကြည့်ဖို့ ပြောလိုက်လေသည်။ ဒီအစားအစာတွေက တကယ်ကောင်းတာပဲ။
ရှန်ဖုန်းမင်က သူ့ကို ကြည့်လိုက်၏။ တကယ်ကြီးလား။ သူက ယန်မိသားစုရဲ့ သားလေ။ ပြီးတော့ နန်းတော်ထဲက တော်ဝင် စားတော်ပွဲတွေကို ရာချီစားခဲ့တဲ့သူ။
ထို့နောက် သူက ပန်ကိတ်ကို လိပ်လိုက်ပြီး မြည်းကြည့်လိုက်တော့သည်။ အနည်းငယ် အံ့ဩသွားပြီး သူက ပန်ကိတ်ကို ကြည့်လိုက်လေသည်။
“ အရသာ ရှိတယ်မလား” ယန်ရှန့်က လက်ထဲက ပန်ကိတ်အားလုံးကို မျိုချလိုက်ပြီး နောက်ဆုံးတော့ စကားပြောရန် အခွင့်အရေးရသွားတော့သည်။
“မဆိုးပါဘူး” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။
ယန်ရှန့်က စားပွဲကို ပုတ်လိုက်ပြီး
“ မင်းဆီကနေ ဒီစကားလေးလုံး ကြားရဖို့ကလည်း တကယ်မလွယ်တာပါကွာ”
သူသည် စကားပြောပြီးသွားသည်နှင့် နောက်ထပ်ပန်ကိတ်တစ်ခုကို ကောက်ယူလိုက်ကာ ဟင်းတချို့ ထည့်လိပ်လိုက်ပြီး ရှန်ဖုန်းမင်းကို ပြောလိုက်လေသည်။
“ ဒီမိန်းကလေးက တော်တော် တော်တယ်လို့ ပိုပြီး ခံစားလာမိတယ်၊ ဒီလိုရွာငယ်လေးမှာ နေနေတာက တကယ် သူ့အရည်အချင်းကို ဖုံးကွယ်ထားတာပဲ၊ သူ့ကို မင်းနောက်လိုက်ခိုင်းဖို့ မစဥ်းစားချင်ဘူးလား”
ရှန်ဖုန်းမင်းက သူ့ကို အေးတိအေးစက် ကြည့်လိုက်လေသည်။ သူဘာတွေပြောနေတာလဲ။
“ ဒါဆို သူ ငါ့နောက်လိုက်ချင်မလားလို့ မေးခွင့်ပြုမလား” ယန်ရှန့်က ပြောလိုက်လေသည်။
“ သူက ဒီတောင်ပေါ်ရွာမှာ တိမ်မြှုပ်နေတာလည်း ဟုတ်ချင်မှာ ဟုတ်မှာပါ” မျက်စိတစ်မှိတ်အတွင်းတွင် ရှန်ဖုန်းမင်သည် ပန်ကိတ်တစ်ချyf ကုန်သွားတော့သည်။
“ ဘာလို့ မတိမ်မြှုပ်ရမှာလဲ၊ မြို့တော်မှာ အဲလောက် သာယာဝပြောတာ….”
“စားစမ်းပါ” ရှန်ဖုန်းမင်က ပြောလိုက်၏။
ယန်ရှန့်က တစ်ဖန် ထပ်ငြင်းလိုက်ချင်လေသည်။ သူသည် ရှန်ဖုန်းမင်၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး တအိအိမြည်သံထွက်အောင် ဆက်စားနေလိုက်တော့သည်။
ခဏကြာပြီးနောက် သူတို့နှစ်ယောက်သည် ဗိုက်ပြည့်သည်အထိ စားသောက်လိုက်ကြတော့သည်။ ယန်ရှန့် အားရကျေနပ်စွာ ကုလားထိုင်နောက်ကို မှီချလိုက်ကာ ရေတစ်ငုံသောက်ပြီးနောက် ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။
“ မင်း တကယ်ပဲ မင်းသားခြောက်ကို အခက်တွေ့အောင် လုပ်မလို့လား”
လွန်ခဲ့သည့်ရက်အနည်းငယ်က ဒုဝန်ကြီးလီက စာတိုတစ်စောင်ပို့လာကာ တစ်ဆင့်ပို့လာခဲ့သည်။ စာထဲတွင် မင်းသားခြောက်က ကျောက်ဖင်း စီရင်စုမြို့တွင် လက်နက်များ ခိုးထုတ်နေသည်ဟု ပြောထားလေသည်။
လက်နက်ခိုးထုတ်ခြင်းက ပုန်ကန်မှုမြောက်သည်။
မင်းသားခြောက်အကြောင်း ပြောရမည်ဆိုလျှင် ရှမင်းဆက်၏ အိမ်ရှေ့စံ အခြေအနေကို ထည့်ပြောရလိမ့်မည်။
ရှမင်းဆက်တွင် အိမ်ရှေ့စံတစ်ပါး ရှိခဲ့သည်။ သို့သော် အိမ်ရှေ့စံ အသက်၇နှစ်အရွယ်တွင် အကြောင်းတချို့ကြောင့် နာမကျန်းဖြစ်ခဲ့ရသည်။ ကုသမှုခံယူပြီး အသက်အန္တရာယ် ကင်းသွားသော်လည်း သူ့ခန္ဓာကိုယ်က ပိုပိုပြီး ဝဖိုင့်လာခဲ့သည်။ အခုတော့ သူသည် လမ်းလျှောက်ရန်အတွက် အကူအညီပင် လိုအပ်လာတော့သည်။
မင်းသားခြောက်သည် ကိုယ်လုပ်တော်ဝူ၏ သားဖြစ်သည်။ သူသည် သိုင်းပညာတွင် ထူးချွန်ပြီး ဧကရာဇ်က သဘောအကျဆုံးသူဖြစ်ခဲ့သည်။ လူတော်တော်များများကလည်း သူ့ကို အိမ်ရှေ့စံနေရာအတွက် အကောင်းဆုံးအလောင်းအလျာဟု ထင်ကြလေသည်။
ဒါကို ညီလာခံက ဝါရင့်အမတ်များနှင့် အချို့သော လူကြီးမင်းများက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ သူတို့က အိမ်ရှေ့စံသည် ကောင်းကျိုးများ ဆောင်ရွက်နေပြီး သူ့အနေအထားကို အများက လက်ခံထားကြသည်။ ထို့ကြောင့် သူ့ကို အကြောင်းအရင်းမရှိဘဲ ဖယ်ရှားပစ်လို့ မရနိုင်ပေ။
သည်ကိစ္စကြောင့်ပင် ညီလာခံတွင် အငြင်းပွားစရာတစ်ခု ဖြစ်ခဲ့တော့သည်။
သည်တစ်ကြိမ်တွင် ဒုဝန်ကြီးလီ၏ စာထဲ၌ မင်းသားခြောက်၏ လုပ်ရပ်က ယမ်းမှုန့်ထည့်ထားသည့် စည်ပိုင်းတစ်ခုကို မီးငြိလိုက်ခြင်းပင်။
ချင်းလုံဧကရာဇ်က ရှန်ဖုန်းမင်အား ထိုကိစ္စကို လျှို့ဝှက်စုံစမ်းရန် အမိန့်ပေးခဲ့လေသည်။
အမိန့်ကို လက်ခံခဲ့ပြီးနောက် ရှန်ဖုန်းမင်းသည် လက်နက်များကို ခိုးထုတ်နေသည့်နေရာမှာ ကျောက်ဖင်းမြို့ ဖြစ်သော်လည်း သူတို့သည် ထိုနေရာသို့ရောက်လျှင် ဘာကိုမှ ရှာတွေ့မည် မဟုတ်ကြောင်း ခံစားမိနေသည်။ ထို့ကြောင့် ရင်းမြစ်ကို စတင်ရှာဖွေသည်က ပိုကောင်းလေသည်။ သူသည် သူ့တပ်စုကို အဖွဲ့နှစ်ဖွဲ့ခွဲဖို့ ဆုံးဖြတ်လိုက်ပြီး တစ်ဖွဲ့ကို ကျောက်ဖင်းမြို့သို့ သွားခိုင်းလိုက်ကာ ကျန်တစ်ဖွဲ့ကို ဝူလင်မိုင်းတွင်းသို့ လာခိုင်းလိုက်သည်။
သူနှင့် ယန်ရှန့်တို့၏မြင်းက အကောင်းဆုံးမြင်းများဖြစ်သည်။ သူတို့သည် ဝူလင်မိုင်းတွင်းသို့ အရင်ဆုံး ရောက်လာခဲ့ကြသည်။ ကျန်သည့် ချီလင်ကိုယ်ရံတော်များက နောက် နှစ်ရက် သုံးရက်လောက်နေမှ ရောက်လာကြလိမ့်မည်။
“ ငါ ဘယ်သူ့ကိုမှ အခက်တွေ့အောင် လုပ်မနေပါဘူး၊ ငါက အမှုကိုပဲ စုံစမ်းနေတာ” ရှန်ဖုန်းမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ယန်ရှန့်မှာ နှင်သွားတော့သည်။ စုံစမ်းစစ်ဆေးနေတာကိုက မင်းသားခြောက်ကို အခက်တွေ့အောင် လုပ်နေတာလေကွာ။ အဲနှစ်ခုကြားမှာ ဘာများကွာသေးလို့လဲ။
…