အပိုင်း (၁၅)
သည်အခိုက်တွင် ကျန်းမိသားစုသည် အရိုးစွပ်ပြုတ်ကို ပြုတ်ပြီးသွားကာ ဂျုံနှယ်ထားပြီး ဖြစ်သည်။ သူတို့သည် မနက်ဖြန်မနက်အထိစောင့်ပြီးမှ စွပ်ပြုတ်ချက်ရန် ပါဝင်ပစ္စည်းများကို ထည့်ကာ ယိုမော့ထိုကို ကြော်ရမည်။
ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရ၏။
“ တစ်ယောက်ယောက်က တံခါးလာခေါက်နေတာလား”
အမျိုးသမီးချန်သည် နားကြားမှားသည်ဟု သံသယဖြစ်နေလေသည်။ ဒီလိုအချိန်ကြီးကျမှ ဘယ်သူက တံခါးလာခေါက်လာတာလဲ။
တံခါးခေါက်သံက အလျင်မလိုနေသဖြင့် အရေးတကြီးတော့ ဟုတ်ဟန်မတူချေ။
“ အမေ ဧကန္တ…..”
ကျန်းယွင်ရွှယ်သည် မဝံ့မရဲ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည်။ သူမ ပြောချင်သည်က ‘သရဲများလားလို့’။ တောင်ပေါ်ရွာတွေမှာ သရဲတစ္ဆေအကြောင်း ဒဏ္ဍာရီအများကြီး ရှိတယ်တဲ့။ ဒီလိုအချိန်ကြီးကျမှ တံခါးလာခေါက်တာဆိုတော့ တကယ်များ ဖြစ်နေပြီလား… သူမသည် ထိုစကားကို ထုတ်မပြောရဲတော့ချေ။ ညရောက်ရင် သရဲတစ္ဆေတွေအကြောင်း မပြောရဘူးတဲ့။
အမျိုးသမီးချန်က လက်ထဲတွင် ရေခပ်သည့်ယောက်မကြီးကို ဆုပ်ကိုင်ထားလေသည်။ တကယ် မဟုတ်လောက်ပါဘူး….
“ ငါ တစ်ချက်လောက်သွား ကြည့်လိုက်မယ်”
ကျန်းချိန်က ချက်ချင်း ပြောလိုက်သည်။ သူသည် သည်လောကတွင် သရဲတစ္ဆေများရှိသည်ကို မယုံကြည်ပေ။ သရဲတစ္ဆေများရှိခဲ့လျှင်တောင် သူသည် သူ့မိသားစုကို ကာကွယ်ပေးရမည်။
“ အဖေ ဒါကိုယူသွား”
ကျန်းယွင်ကျူးက စည်ပိုင်းမ,ရာတွင်သုံးသည့် သစ်သားတုတ်တစ်ချောင်းကို ကျန်းချိန်အား လှမ်းပေးလိုက်၏။
ကျန်းချိန်က တုတ်ကိုယူလိုက်ပြီး လျှောက်ကာ ထွက်လာလေသည်။
စိုးရိမ်စိတ်ဖြင့် ကျန်းယွင်ကျူးက စားဖိုဆောင်ဓားကို လက်ထဲတွင် ဆုပ်ထားပြီး နောက်က လိုက်သွားလိုက်သည်။ သူမသည် သရဲတစ္ဆေများကို မကြောက်ပေ။ သူခိုးဓားပြများကိုသာ ကြောက်လေသည်။
တံခါးခေါက်နေသူသည် ခြံဝင်းထဲက ခြေသံများကို ကြားလိုက်သယောင် တံခါးခေါက်နေသည်ကို ရပ်လိုက်၏။
“ ဘယ်သူလဲ”
ကျန်းချိန်က ခြံဝင်ထဲတွင်ရပ်ကာ မေးလိုက်၏။
“ ဒီနေရာကို ဖြတ်သွားတဲ့ ကုန်သည်တွေပါခင်ဗျာ၊ ကျွန်တော်တို့ လမ်းပျောက်သွားလို့ တောင်ပေါ်တက်လာခဲ့တာ၊ ညလည်း နက်နေပြီး နှင်းတွေကလည်း အရမ်းကျနေလို့ပါ၊ ကျွန်တော်တို့တွေကို တညလောက် တည်းခိုဖို့နေရာလေး ငှားပေးပြီး အစားအသောက်လေး ပြင်ပေးစေချင်ပါတယ်၊ ကျွန်တော်တို့တွေ ခင်များတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို အပြစ်ပြုရပါတော့မယ်”
ယန်ရှန့်က အလွန်ယဥ်ယဥ်ကျေးကျေး ပြောလိုက်လေသည်။
ကျန်းချိန်သည် ကြောင်းအရင်းကို ကြားလိုက်ရသောအခါ စိတ်အေးသွားပြီး တံခါးဖွင့်ပေးရန် ပြင်လိုက်လေသည်။
သို့သော် ကျန်းယွင်ကျူးက သူ့ကို တားလိုက်ပြီး အပြင်ကလူများကို မေးလိုက်၏။
“ ကုန်သည်ကြီးတို့က ဘယ်ကနေလာပြီး ဘယ်ကိုသွားမှာလဲ သိချင်ပါတယ်ရှင်”
ထိုသို့မေးလိုက်ပြီးနောက် သည်စကားများကို ရင်းနှီးနေသလို ရုတ်တရက် ခံစားလိုက်ရလေသည်။ ဟုတ်တာပေါ့။ အပြင်မှာ ဆရာတစ်ယောက်နဲ့ တပည့်သုံးယောက် ရှိနေတာဆိုရင် အဖြေက ‘ ဆင်းရဲတဲ့ဘုန်းကြီးက အရှေ့ဘက်ထန်မင်းဆက်က လာတာ’လို့ ဖြေရင် ပိုပြီးရင်းနှီးနေမှာပဲ။
ယန်ရှန့်သည် ပြင်ဆင်ထားပြီးဖြစ်လေသည်။
“ ကျွန်တော်တို့တွေ ချန်ဖုန်းစီရင်စုမြို့က လာတာပါ၊ ချန်ဖုန်းက ကပ်ဘေးဆိုက်ပြီး ဆန်စျေးတွေက မတရားတက်နေလို့ ကျွန်တော်တို့တွေက လုစီရင်စုပြည်နယ်မှာ ဆန်နည်းနည်းပါးပါး ဝယ်ပြီး ပြန်ရောင်းချင်လို့ပါ”
သူတို့သည် ချန်ဖုန်းမှ လာသည်ဟု ကြားလိုက်ရသောအခါ ကျန်းချိန်သည် အလွန်ရင်းနှီးသလို ခံစားလိုက်ရတော့သည်။
ကျန်းယွင်ကျူးက မေးလိုက်ပြန်သည်။
“ ကုန်သည်ကြီးက ချန်ဖုန်းမြို့သားလားရှင်”
“မဟုတ်ပါဘူး”
သူတို့သည် မြို့တော်က လေယူလေသိမ်းသံဖြင့် ပြောခဲ့လေသည်။
“ ကျွန်တော်တို့က ချန်ဖုန်းမှာ စီးပွားရေးလုပ်ရုံပါ”
“ လင်ချန်း စီရင်စုမြို့က ချန်းဖုန်းနယ်ထဲမှာနော်၊ ကုန်သည်ကြီးတို့ သိကြသလား”
“ ကျွန်တော်တို့ သိတာပေါ့၊ ကျွန်တော်တို့တွေ အစားအသောက်ရောင်းဖို့ အဲဒီကို ရောက်ဖူးတယ်”
“ ဪ ကျွန်မက လင်ချန်းမြို့မှာနေတဲ့ ကျွန်မရဲ့ဆွေမျိုးတွေကို အရမ်းစိတ်ပူနေလို့ပါ၊ အဲဒီမှာ မိုးခေါင်တာက အရမ်းပြင်းထန်တယ်လို့ ကြားတယ်၊ လင်ချန်းမြို့က ချန်းရွှေမြစ်ရေ ကျန်သေးလား မသိဘူးနော်” ကျန်းယွင်ကျူးက မေးလိုက်လေသည်။
အပြင်ဘက်က ယန်ရှန့်မှာ အော်ရယ်ချင်သွားတော့သည်။ အထဲက မိန်းကလေးက တကယ့် ထက်မြက်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။ လင်ချန်းမြို့မှာ ချန်းရွှေမြစ်မှ မရှိဘဲ။ ချန်းရှန်းတောင် တစ်လုံးပဲ ရှိတာကို။ သူတို့တွေ လင်ချန်းမြို့ကို မရောက်ဖူးခဲ့ရင် သူမရဲ့မေးခွန်းကို အမှန်အတိုင်း ဖြေနိုင်မှာ မဟုတ်ဘူး။
ထိုအခိုက်အတန့်လေးတွင် သူသည် အထဲက မိန်းကလေးကို ရုတ်တရက် စ,နောက်ချင်စိတ်ဖြစ်သွားပြီး သူမ၏တုံ့ပြန်မှုကို တွေ့ရရန် ချန်းရွှေမြစ်ရေ ခမ်းသွားပြီဟု ပြောချင်သွားတော့သည်။
ဒါပေမဲ့ ရှိပါစေတော့လေ။ အခု သူ ဗိုက်ဆာပြီး အေးနေပြီ။ ပြဿနာမဖြစ်တာပဲ ပိုကောင်းပါတယ်။
“ မိန်းကလေး အမှတ်မှားနေသလား၊ လင်ချန်းမြို့မှ မြစ်မရှိဘူးဗျ၊ ချန်းရှန်းတောင် တစ်ခုပဲ ရှိတယ်လေ”
သူက ပြန်ပြောလိုက်၏။
ကျန်းယွင်ကျူးသည် သူမ အလိမ်ပေါ်သွားချိန်တွင် ရှက်မသွားချေ။ သူမက သည်အတိုင်း ပြောလိုက်လေသည်။
“ ဟုတ်လား၊ ကျွန်မ အဲဒီကို မရောက်တာ အရမ်းကြာနေပြီဆိုတော့ ကျွန်မ အမှတ်မှားတာ ဖြစ်မှာပါ၊ စကားမစပ် အခု ချန်ဖုန်းက အစားအသောက်စျေးတွေက ဘယ်လိုရှိလဲရှင်”
“ ဆန်ကောင်းဆိုရင် တစ်ပိဿာ ၃၅ ဝမ်၊ ဆန်လုံးညိုဆိုရင် တစ်ပိဿာ ၁၈ ဝမ် ၊ အရမ်းစျေးကြီးတယ်ဗျ”
ယန်ရှန့်က ပြောလိုက်လေသည်။
ကျန်းချိန်မှာ ဆွံ့အသွားတော့သည်။ ဆန်က အဲလောက်တောင် စျေးကြီးသွားသလား။ သူသည် ချန်ဖုန်းမှ စောစောစီးစီး ပြောင်းရွှေ့လာသည်မှာ ပိုပြီးကံကောင်းသွားသည်ဟု ခံစားလိုက်ရတော့သည်။
“ ဒါပေမဲ့ ဆန်စျေးတွေက ကျနေပြီလို့ ကြားတာပဲ၊ တော်ဝင်ညီလာခံက ချန်ဖုန်းက အရာရှိအများကြီးကို သ-တ်ဖို့ အာဏာရှိတဲ့လူတချို့ကို လွှတ်ခဲ့ပြီး ကပ်ဘေးကယ်ဆယ်ရေးအတွက် ဆန်တွေအများကြီး ဝေပေးခဲ့တယ်တဲ့ ၊ အခုတော့ ကပ်ဘေးအခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာပါပြီ”
ယန်ရှန့်က ရှန်ဖုန်းမင်ကို ပြုံးဖြီးကာ ကြည့်ရင်း သတင်းပေးလိုက်လေသည်။
အထဲက မိန်းကလေးက ချန်ဖုန်းက အခြေအနေကို ကြားချင်နေတာမလား။ ဒီတော့ သူကလည်း သူတို့တွေက တကယ်ပဲ ချန်ဖုန်းကလာတာဆိုတာကို သူမကို ရိုးရိုးသားသား ပြောပြရမှာပေါ့။
အာဏာရှိတဲ့လူဆိုကတော့ သူက ရှန်ဖုန်းမင်အကြောင်း ပြောနေတာလေ။ ဒါကြောင့် သူ့စကားလုံးတွေက စနောက်နေတဲ့ အငွေ့အသက်တွေ ပါနေတာပေါ့။
ကျန်းယွင်ကျူးသည် အာဏာရှိတဲ့လူတစ်ယောက်ဟု ပြောလိုက်သံကြားလိုက်ချိန်တွင် ရှန်ဖုန်းမင်ကို ချက်ချင်း တွေးမိသွားတော့သည်။ သူမက စဥ်းစားမိလိုက်လေသည်။ လူသ-တ်နတ်ဘုရားက ချန်ဖုန်းကို သွားခဲ့တာလို့ ပြောရင် ချန်ဖုန်းကရော အန္တရာယ်ကင်းပါ့မလား။
“ မိန်းကလေး မေးချင်တာများ ရှိသေးပါသေးသလား၊ ကျွန်တော်တို့တွေက တကယ် ချန်ဖုန်းက ကုန်သည်တွေပါ၊ ချန်ဖုန်းက အစားအသောက်စျေးက ကျသွားပြီဆိုရင်တောင် လုပြည်နယ်ထပ်တော့ အများကြီး စျေးကြီးနေတုန်းပဲလေ၊ ကျွန်တော်တို့လည်း ဒီခရီးက အကျိုးအမြတ်ရမယ်ထင်လို့ ဒီကို လာခဲ့ကြတာပါ။
ကျွန်တော်တို့တွေ လမ်းပျောက်သွားလိမ့်မယ် ဘယ်ထင်မိပါ့မလဲ။
“မိန်းကလေး ကျွန်တော်တို့တွေ ဘာမှ မစားမသောက်ရသေးဘူး ခင်ဗျ၊ ကျွန်တော်တို့ ငွေပေးပါ့မယ်”
သူက စိတ်ရင်းအတိုင်းပြောလိုက်လေသည်။
သည်အချိန်တွင် ကျန်းချိန်သည် ဆက်မကြည့်ရက်နိုင်တော့ဘဲ ပြန်ဖြေလိုက်တော့သည်။
“ ပေး စရာမလိုပါဘူး၊ အပြင်က လူတွေအတွက်လည်း လွယ်ကူတာမဟုတ်ဘူး” ပြောရင်းဆိုရင်းနှင့် သူက တံခါးဖွင့်ပေးလိုက်တော့သည်။
သည်တစ်ကြိမ်တွင်တော့ ကျန်းယွင်ကျူးက သူ့ကို မတားတော့ချေ။ သည်နေရာက ဝူလင်မိုင်းတွင်းနှင့် မဝေးသည်ကို သတိရသွားလေသည်။ ဝူလင်မိုင်းတွင်းမှာ စစ်တပ်ကြီးတစ်ခု ရှိတာပဲ။ ဒီနေရာကို လာပြီး ဓားပြတိုက်ရဲတဲ့သူတွေက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။
အပြင်ကလူတွေက တကယ်လမ်းပျောက်နေတဲ့သူတွေ နေမှာပါလေ။
“ကျွီ” တံခါးပွင့်သွား၏။
“ ဘယ်သူ တဲ့လဲ”
အမျိုးသမီးချန်က စိတ်ပူသွားကာ တံခါး၏ အတွင်းနှင့် အပြင်ဘက် လူများ၏ပုံရိပ်ကို ထင်နေစေသည့် မီးအိမ်တစ်ခုနှင့် ထွက်လာခဲ့သည်။
ယန်ရှန့်သည် အံ့ဩသွားတော့သည်။ သူသည် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကို ဘယ်လိုမှ သဘောမထားချေ။ သို့သော် ဖယောင်းတိုင်မီးရောင်ထဲတွင် ယိမ်းနွဲ့နေသည့် မိန်းကလေး ကျန်းယွင်ကျူးကိုတော့ သူသည် အမှန်ပင် မှတ်မိနေလေသည်။
“မင်း မဟုတ်…..”
ပြုံးနေသည့်ကျားက တစ်နေ့တွင် အံ့ဩသည့်မျက်နှာတစ်ခု ဖြစ်သွားသည်ကို မြင်ရခဲလေသည်။
ရှန်ဖုန်းမင်လည်း ကျန်းယွင်ကျူး၏ အသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး အနည်းငယ် အံ့ဩသွားတော့သည်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကလည်း သူတို့နှစ်ယောက်ကို မှတ်မိသွားပြီး အလွန် အံ့ဩသွားတော့သည်။ သူတို့တွေ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ။ ဪ ဟုတ်သား။ သူတို့နောက် လိုက်လာတဲ့ သူတွေရော ဘာဖြစ်သွားပြီလဲ။
တစ်ဖက်တွင်တော့ ကျန်းယွင်ကျူးမှာ မိုးကြိုးပစ်သလို ခံစားလိုက်ရတော့သည်။ သူမ၏ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ လူသ-တ်နတ်ဘုရားက အိမ်တံခါးလာခေါက်နေတာပဲ။
အခုလေးတင် ယန်ရှန့်ပြောခဲ့တဲ့ ကုန်သည်တွေပါဆိုတဲ့ စကားတွေက ဟာသတစ်ခုပဲ။ သူတို့ ချီလင်ကိုယ်ရံတော်တွေက ဘယ်တုန်းက စားသောက်ကုန် သယ်ယူပို့ဆောင်ရေး စလုပ်ခဲ့တာလဲ။ ပြီးတော့ သေစမ်း။ ချီလင်ကိုယ်ရံတော်တွေက ကြီးမားတဲ့ ရှမင်းဆက်ထဲက ဘယ်မြေ ဘယ်လမ်းကို မသိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
သေလိုက်ပါတော့လား။
“ ခင်များတို့တွေက ကုန်သည်တွေလား”
ကျန်းချိန်က မေးလိုက်၏။ သူတို့တွေ ကုန်သည်တွေ မဟုတ်ဘူးလို့ ဘာလို့ ခံစားမိနေတာလဲ။ အထူးသဖြင့် သူတို့တွေက အနက်ရောင်ကိုယ်ရံတော် အဝတ်အစားနဲ့တစ်ဖွဲ့လုံးက ထွားကျိုင်းတဲ့မြင်းတွေ စီးလာကြတာလေ။
ယန်ရှန့်၏နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားတော့သည်။ ပါးချခံလိုက်ရတဲ့ ခံစားချက်ကြီးပါလား။ ဒါပေမဲ့ စကားက ပြောပြီးသွားပြီလေ။ ဒီတော့ သူ ဒီလိုပဲ ပြောရတော့တာပေါ့။
“ ဟုတ်ပါတယ်၊ ကျွန်တော်တို့တွေက တကယ် ကုန်သည်တွေပါ၊ ကျွန်တော်တို့တွေက မြို့တော်က လာခဲ့တာ၊ ချန်းဖုန်းမှာ စီးပွားရေးလုပ်ချင်လို့လေ၊ ချန်ဖုန်းက မလုံခြုံဘူးလို့ ကြားထားလို့ ကျွန်တော်တို့တွေ သက်တော်စောင့်တွေ ငှားလာခဲ့တာ။ အခု ကျွန်တော်တို့တွေ ချန်ဖုန်းက ထွက်လာပြီဆိုတော့ အဲဒီလူတွေကို မလိုတော့ဘူးလေ”
ကျန်းချိန်က သူတို့နှစ်ယောက်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်လေသည်။ သူတို့နှစ်ယောက်လုံးမှာ အထက်တန်းကျပြီး ခမ်းနားတဲ့အရောင်အဝါတစ်ခု ရှိတာပဲ။ သူတို့တွေက ကုန်သည်တွေဆိုရင်တောင် မြို့တော်က လူချမ်းသာကုန်သည်တွေရဲ့ သားတွေ ဖြစ်ရမယ်။
ထိုသို့ တွေးလိုက်ပြီးနောက် သူက မြန်မြန်ပြောလိုက်လေသည်။
“ ဒါဆို မြန်မြန်ဝင်လာကြလေ၊ အပြင်မှာ အေးတယ်”
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် ခြံဝင်းသို့ လှမ်းဝင်လိုက်လေသည်။
ကျန်းချိန်က တံခါးကို ပိတ်လိုက်ပြီး သူတို့နှစ်ယောက်ကို အိမ်ထဲသို့ ခေါ်ဝင်လာခဲ့သည်။
ထိုအခါမှ ကျန်းယွင်ကျူးက သတိပြန်ဝင်လာခဲ့သည်။ တားဖို့ကလည်း အရမ်းနောက်ကျသွားပါပြီ။ ပြီးတော့ သူမ ဒါကို တားနိုင်မှာလည်း မဟုတ်ပါဘူး။
“ သရဲ မဟုတ်ဘူးဆိုရင် ဟုတ်ပါပြီ”
အမျိုးသမီးချန်က နောက်မှ လိုက်လျှောက်လာပြီး တီးတိုးရေရွတ်လိုက်လေသည်။ သူမသည် သရဲတစ္ဆေနှင့် မိစ္ဆာများကို အကြောက်ဆုံးပင်။
ကျန်းယွင်ကျူးက ထိုစကားကို ကြားလိုက်သောအခါ မဲ့ကာ ပြုံးလိုက်လေသည်။ ဒီနှစ်ယောက်က သရဲတစ္ဆေတွေထက် ပိုကြောက်ဖို့ကောင်းတယ်လေ။ သူတို့ သွားလိုက်တဲ့ နေရာတိုင်းမှာ လူ မသေတာ မရှိဘူး။ အခု သူတို့တွေ ဘာအတွက် ချန်ရှီရွာကို ရောက်လာပြန်တာလဲ။
သေကြတယ်…. ရုတ်တရက်ဆိုသလို လုမြို့တွင် ဖြစ်သွားသည့် ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုကို သတိရသွားတော့သည်။
ကုယန်ကျိုး။ ဟုတ်တယ်။ အဲဒီနာမည်ပဲ။ အဲဒီနာမည်ကြားတုန်းက နည်းနည်းရင်းနှီးတယ်လို့ ပြောခဲ့သားပဲ။ သူဖြစ်နေတာကိုး။
ပြီးတော့ အရင်းက သူမ စဥ်းစားခဲ့ပါသေးတယ်။ ရွှီချင်ရှန့်က အိပ်မက်ထဲမှာ ချင်းဟယ်ရွာကို ရောက်နေတာ မဟုတ်ဘူးလား။ သူက အခု ဘာလို့ ချန်ရှီရွာကို ရောက်နေတာလဲ။ မဟုတ်သေးဘူးမလား။
သူမစိတ်ထဲက သည်ဆက်စပ်မှုများကြောင့် ကျန်းယွင်ကျူးသည် ရေခဲသိုလှောင်ခန်းတစ်ခု အတွင်းသို့ ကျသွားသလို ခံစားလိုက်ရလေတော့သည်။
…