အပိုင်း (၁၄)
ဒုတိယနေ့ မနက် ၇နာရီတွင် ဒုစစ်သူကြီးကျောက်က စစ်သားနှစ်ယောက်ကို ဦးဆောင်က အလျင်မလိုဘဲ မိုင်းတူးသည့် တောင်ပေါ်က ဆင်းလားခဲ့လေသည်။
“ ဧည့်သည်ကြီး ကျွန်မ ဒီနေ့ သိုးလျှာ လုပ်လာခဲ့တယ်၊ တစ်ပွဲလောက် လာစားပါအုံး”
အမျိုးသမီးဆွန်းက ပြုံးကာ နှုတ်ဆက်လိုက်၏။ သူမ၏အတွေးအရ ဒုစစ်သူကြီးကျောက်သည် မနေ့က သိုးလျှာ လာမစားခဲ့သဖြင့် သည်နေ့တော့ လာစားလိမ့်မည်ဟု တွေးထားလေသည်။
ဒုစစ်သူကြီးကျောက်က မျက်မှောင်ကျုံ့လိုက်၏။ သူ မနေ့မနက်က အသားပန်ကိတ်တွေ အများကြီး စားခဲ့ပြီး ညနေကျတော့လည်း သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်တွေ အများကြီး သောက်ခဲ့တယ်။ သူ အခုလောလောဆယ် အစားစားချင်စိတ် ဖြစ်မနေဘူး။
“ လာထိုင်ပါအုံး၊ ရှင် ကျွန်မတို့ရဲ့ သိုးသားစွပ်ပြုတ် လာမစားတာ ရက်တော်တော်ကြာသွားပြီလေ၊ ကျွန်မတို့ရဲ့ စီးပွားရေးသေးသေးလေးကလည်း လွယ်တာ မဟုတ်ဘူးရှင့်”
အမျိုးသမီးကျောက်က သူတို့သုံးယောက်ကို ဆိုင်အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။
သူမက အလွန်မှ စိတ်အားထက်သန်နေပြီး သူကလည်း တော်တော်ကြာအောင် သိုးလျှာ မစားရသည်ဖြစ်ရာ ဒုစစ်သူကြီးကျောက်က နှစ်လှမ်းခန့် လျှောက်သွားလိုက်သည်။
သည်အခိုက်မှာပင် သူ့နောက်က မျက်နှာရှည်ရှည်နှင့် စစ်သားက ရုတ်တရက် ထပြောလိုက်လေသည်။
“ ဟာ ဟိုအမျိုးသမီးလေး မိသားစုက တကယ်တော့ ဒီနေ့ ဆန်ပြုတ်လုပ်ထားတာပဲ”
အမျိုးသမီးဆွန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုစစ်သား၏ပါးစပ်ကို အပ်ဖြင့် ချုပ်လိုက်ချင်စိတ် ပေါက်သွားတော့သည်။
ထိုစစ်သားကလည်း အမှတ်မထင်တွေ့လိုက်ပြီး သာမန်ကာလျှံကာ ပြောပြလိုက်ခြင်းပင်။
ဒုစစ်သူကြီးကျောက်က အံ့ဩသွား၏။ ဆန်ပြုတ်တဲ့လား။ ဘာဆန်ပြုတ်လဲ။
သူက ခေါင်းကိုလှည့်လိုက်ကာ လှမ်းကြည့်လိုက်လေသည်။ ထိုမြေအိုးကြီးက သူ့မြင်ကွင်းထဲ ဝင်လာသည်။ သို့သော် သည်နေ့တွင် မြေအိုးထဲက ဟင်းရည်မှာ အသားမဟုတ်ဘဲ ဆန်ပြုတ်အိုးဖြစ်နေတော့သည်။
ဆန်ပြုတ်သည် တပွက်ပွက်ဆူနေလေသည်။ ဆန်ထဲက အဆီဓာတ်များကပင် ဆူပွက်လာနေသယောင်။ အလွန်မှ ပေါ့ပါးဟန်တူသော်လည်း ဖြူအောင်ဖွတ်ထားသည့် ဆန်တွင်သာ ရှိသည့်အနံက လေထဲတွင် ဝေ့တက်လာလေသည်။ စိတ်နှလုံးနှင့်အဆုတ်တို့ကို အလွန်လန်းဆန်းသွားစေတော့သည်။
ဒုစစ်သူကြီးကျောက် မတုံ့ပြန်ရသေးခင်မှာပင် သူ့ခြေထောက်များက ကျန်းယွင်ကျူးဆိုင်သို့ ထွက်ခွာသွားနှင့်ပြီး ဖြစ်တော့သည်။
“ ဧည့်သည်ကြီး မသွားနဲ့လေ ကျွန်မ ရှင့်အတွက် အခုပဲ သိုးလျှာ ဆယ်ပေးနေတာ ဧည့်သည်ကြီး”
ဒုစစ်သူကြီးကျောက်သည် စူးရှသည့်မျက်လုံးများဖြင့် ရပ်ကြည့်ရန်သာ တတ်နိုင်တော့သည့် အမျိုးသမီးဆွန်းထံမှ ထွက်ခွာသွားပြီး ဖြစ်တော့သည်။
ခဏကြာပြီးနောက် သူမသည် ဒေါသများကို ပုံချရင်း အိုးထဲသို့ သိုးလျှာကို ပြန်ပစ်ထည့်လိုက်လေသည်။ ဒီအလုပ်ကတော့ ဆက်လုပ်လို့ မဖြစ်တော့ပါဘူး။
အမျိုးသမီးချန်သည် ဒုစစ်သူကြီးကျောက်ကို စောင့်ကြည့်နေဆဲ။ ဒီမနက်တုန်းက ကျန်းယွင်ကျူးက ဆန်ပြုတ်ရောင်းချင်တယ်လို့ ပြောလိုက်တုန်းက သူမမှာ ရင်တောင် တုန်သွားခဲ့တယ်လေ။ ဆန်ပြုတ်က ဘာတွေအဲလောက် ကောင်းနေလို့တုံး။ ဝက်ဝက်ကွဲ ရောင်းရမှာမလို့လား။
ရလဒ်မှာတော့ ကျန်းယွင်ကျူး၏ဆန်ပြုတ်သည် အိုးထဲက ထွက်လာသည်နှင့် ဆန်ပြုတ်ဝယ်စားသူ တော်တော်များများ ရှိနေလေသည်။ ရောင်းအားက အသားပန်ကိတ်ထက် မနိမ့်သယောင်။
သို့တိုင် သူမသည် ဒုစစ်သူကြီးကျောက်က ဝယ်စားပါ့မလားဟု အလွန်စိုးရိမ်နေမိသေးသည်။ သူက အစားကြီးသည့် ဧည့်သည်တစ်ယောက်ပေကိုး။
ခုနက ဒုစစ်သူကြီးကျောက်က အမျိုးသမီးဆွန်း၏ ဆိုင်သို့ သွားတော့မည့်ဟန် ပြင်လိုက်တော့ သူမသည် စိတ်ဓာတ်ကျသွားလုနီးနီးပင်။
သည်အခိုက်မှာပင် ဒုစစ်သူကြီးကျောက်က ရောက်လာတော့သည်။ သူမ၏မျက်နှာပေါ်က အမူအရာကို မပြင်ရသေးချေ။ သူမက အနည်းငယ် ကသိကအောက်နိုင်သည့်ဟန်ဖြင့် မေးလိုက်လေသည်။
“ ဧည့်သည်ကြီး ဒီနေ့ အမဲသားအစိမ်းပြုတ် ဆန်ပြုတ်ရပါတယ်၊ စားကြည့်မလား”
“အမဲသားအစိမ်း ဆန်ပြုတ် ဟုတ်လား” ထိုစကားကိုကြားလိုက်ရသည်က သူ့ကို ဆန်ပြုတ်သောက်ချင်စိတ် ဖြစ်သွားစေတော့သည်။
“ ဟုတ်ပါတယ်၊ ဒီလိုဆန်ပြုတ်မျိုးက အစာအိမ်ကို နွေးအောင်လုပ်ပေးပြီး လူတွေကို အာဟာရ ဖြစ်စေတဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းပဲလေ”
အမျိုးသမီးချန်က ကျန်းယွင်ကျူးထံမှ လေ့လာထားလေသည်။
“ ကောင်းပြီလေ တစ်ပွဲပေးပါ” ဒုစစ်သူကြီးကျောက်က သည်အတိုင်းပြန်ဖြေလိုက်လေသည်။
‘ ကျုပ်လည်း တစ်ပွဲ “
မျက်နှာရှည်နှင့် စစ်သားက ရိုးရိုးဆန်ပြုတ်ဆိုလျှင် သူ မသောက်တော့ဘူးဟု စဥ်းစားထားလေသည်။ မျှော်လင့်မထားဘဲ အမဲသားဆန်ပြုတ်ဖြစ်နေသည်။ ထို့ကြောင့် သူလည်း စမ်းသောက်ကြည့်လိုက်သည်။
“ ကျုပ်ကိုလည်း တစ်ပွဲ” နောက်စစ်သားတစ်ယောက်က နောက်က လိုက်ပြောလိုက်၏။
“ ကောင်းပါပြီရှင်၊ အမဲသားစိမ်းဆန်ပြုတ် သုံးပွဲ”
အမျိုးသမီးချန်က ဝမ်းသာအားရဖြင့် ကျန်းယွင်ကျူးကို လှမ်းအော်ပြောလိုက်၏။
“ ဟုတ်ပြီ၊ ခဏလေးနော်၊ အခုပဲ ရမယ်”
ကျန်းယွင်ကျူးက တိုပြတ်ပြတ် ပြန်ဖြေလိုက်လေသည်။
ထို့နောက် သူမက မြေခွက်ငယ်လေး သုံးလုံးကို မြန်မြန်ထုတ်ယူလိုက်ပြီး မီးဖိုပေါ်တင်လိုက်လေသည်။ သူမသည် မြေခွက်ငယ်လေးများထဲသို့ ဆန်ပြုတ်များကို ခပ်ထည့်လိုက်၏။ ဆန်ပြုတ်များ ပွက်ပွက်ဆူလာသည်နှင့် ဆီ၊ ဆားနှင့် တခြားဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်လေသည်။ ထို့နောက် ပြင်ဆင်ထားသည့် အမဲသားကို အပေါ်က ဖြူးလိုက်ပြီး ရောမွှေလိုက်လေသည်။
ငါးမိနစ်အတွင်း အမဲသားမှာ အရောင်ပြောင်းသွားတော့သည်။ လှီးထားသည့် ကြက်သွန်မြိတ်များကို အပေါ်က ဖြူးလိုက်ပြီး အမဲသားစိမ်းဆန်ပြုတ်သုံးပွဲ အသင့်ဖြစ်သွားလေသည်။
လုပ်ငန်းစဥ်တစ်ခုလုံးက တိမ်များ လွင့်မျောကာ ရေများ စီးဆင်းနေသလို ချောမွေ့နေတော့သည်။
ဒုစစ်သူကြီးကျောက်နှင့် တခြားသူများသည် သူမက ဆန်ပြုတ်ပြင်ပေးနေသည်ကို စောင့်ကြည့်ရင်း ဆန်ပြုတ်၏ အမွှေးနံ့ကို ရှူရှိုက်မိလိုက်ကြသည်။ သူတို့သည် ဆန်ပြုတ်မှာ သေချာပေါက် အရသာရှိမည်ကို ခံစားမိလိုက်ကြတော့သည်။ ဆန်ပြုတ်ကို လာချပေးချိန်တွင် ပွက်ပွက်ဆူနေဆဲဖြစ်ပြီး ဆန်စေ့များအားလုံးကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည်။ အမဲသားနံ့သည် ကြက်သွန်မြိတ်နှင့် ဆန်တို့၏ ရနံ့နှင့် ရောသွားလေသည်။ သူတို့အားလုံးက သွားရည်များကို မျိုချလိုက်မိတော့သည်။
ဇွန်းတစ်ချောင်းနှင့် သူတို့သည် ဆန်ပြုတ်တစ်ဇွန်းအပြည့် ခပ်လိုက်ကြ၏။ ဆန်ပြုတ်သည် စပါးနံ့တစ်မျိုးနှင့် ပျော့ပြောင်း စေးထန်းနေလေသည်။
သူတို့သည် အမဲသားတစ်တုံးကို ဝါးလိုက်ကြသည်။ အမဲသားသည် နူးညံ့ပြီး ဖော်ပြလို့မတတ်အောင် အရသာရှိနေသည်။
ဆန်ပြုတ်က အလွန်ပူနေဖြင့် သူတို့သည် တငုံးချင်း ဖြည်းဖြည်းလေး သောက်နေကြ၏။ ဤနည်းဖြင့်သာ ဆန်ပြုတ်အရသာကို ဖြည်းဖြည်းချင်း အရသာခံနိုင်သယောင်။
ဆန်ပြုတ်သုံးပွဲ ကုန်သွားပြီးနောက်တွင် သူတို့သုံးယောက်သည် တကိုယ်လုံး နွေးသွားသလို ခံစားလိုက်ရတော့သည်။ ဟူလထန်းက တကိုယ်လုံး လွှမ်းခြုံသွားပြီး လူကို ခဏလောက် စွမ်းအင် ပြည့်လာစေသည်ဟု ဆိုလျှင် သည်အမဲသားစိမ်း ဆန်ပြုတ်က နွေဦးရာသီတစ်ခုနှင့်တူကာ လူကို အတွင်းအပြင် နေသာထိုင်သာ ရှိသွားစေတော့သည်။
“ ဒါက အစားသောက်ကောင်းပဲ၊ နောက်တစ်ခါကြရင် ထပ်စားကြည့်ရမယ်
ဒုစစ်သူကြီးကျောက်က နှုတ်ခမ်းသပ်လိုက်လေသည်။ သူသည် သူ့လောက် ကောင်းကောင်း မသောက်နိုင်သည့် လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ပြောလိုက်လေသည်။ သူတို့သည် ထိုအခိုက်တွင် မူးဝေနေသေးပုံ ပေါ်သည်။ သူတို့တွေ ဆန်ပြုတ်နောက်တစ်ပွဲသာ ထပ်သောက်လိုက်ရင်…
မဟုတ်သေးပါဘူး။ ဘာလို့ နောက်တစ်ခေါက်အထိ စောင့်မှာလဲ။
“တောင်ပေါ်ကို ယူသွားလို့ရအောင် ကျုပ်အတွက် ဒီဆန်ပြုတ်နှစ်ပွဲလုပ်ပေးလို့ရမလား”
သူက ကျန်းယွင်ကျူးကို မေးလိုက်၏။
“ ရတာပေါ့ရှင့်”
ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။ သူက ငွေပေးချင်စိတ်သာရှိရင် သူမကလည်း တောင်ပေါ်ကို သွားပို့ပေးဖို့ လူတောင် ရှာပေးလိုက်အုံးမယ်။
ထုပ်သွားမလို့တဲ့လား။ သူမ လုပ်ပေးနိုင်တာပေါ့။
“ ဟီး ဟီး အခုတော့ သူတို့တွေ ငါ့ကို ကျေးဇူးရတော့မယ်”
ဒုစစ်သူကြီးကျောက်က သူ့ပေါင်ကို ရိုက်လိုက်ပြီး သွားများပေါ်သည်အထိ ပြုံးဖြီးလိုက်လေသည်။
ကျန်းယွင်ကျူးက ချက်ချင်း ဆန်ပြုတ် ပြုတ်ပေးလိုက်၏။ ဆန်ပြုတ်နံ့များ လမ်းတွင် ကျန်ရစ်နေမည်စိုးသဖြင့် သူမက မြေအိုးကို ဒုစစ်သူကြီးကျောက်ဆီ ကမ်းပေးလိုက်လေသည်။
ဒုစစ်သူကြီးကျောက်က သူ့နောက်က စစ်သားများကို မသယ်ခိုင်းတော့ဘဲ မြေအိုးနှစ်လုံးကို သူကိုယ်တိုင် သယ်သွားလေတော့သည်။ သူ့လက်များသည် ထန်းရွက်ယပ်တောင်များကဲ့သို့ ကြီးမားလေရာ သူ့အတွက် မြေအိုးနှစ်လုံးသယ်ဖို့က အားမစိုက်ရပေ။
မျက်နှာရှည်နှင့် စစ်သားက ငွေချေလိုက်လေသည်။ သူသည် ခြေတံရှည်များနှင့် တောင်ပေါ်သို့ လမ်းလျှောက်တက်သွားတော့သည်။
သူသည် အလွန်မြန်ဆန်လေသည်။ တောင်ပေါ်သို့ ရောက်သွားချိန်တွင် မြေအိုးအဖုံးကို ဖွင့်လိုက်သောအခါ အထဲကဆန်ပြုတ်များသည် ပွက်ပွက်ထနေဆဲ။
“ ဒီဆန်ပြုတ်ကို ဘယ်ကရခဲ့တာလဲ” လီမျိုးရိုး ပိန်ပိန်ပါးပါး ဒုစစ်သူကြီးက မေးလိုက်၏။
“ သေချာတာတော့ ငါတို့စားဖိုဆောင်က ချက်ထားတာ မဟုတ်ဘူး၊ ငါတို့စားဖိုဆောင်က လုပ်ထားတာတွေကို ခွေးတွေတောင် မစားဘူး” ပေါင် မျိုးရိုး မျက်နှာမည်း ဒုစစ်သူကြီးက ပြောလိုက်လေသည်။
“ ဒါဆို မင်းက နေ့တိုင်း စားဖိုဆောင်က ချက်ထားတဲ့ အစားအသောက်ကို စားနေတာလေ၊ မင်းက ခွေးလား” ပိန်ပိန်ပါးပါး ဒုစစ်သူကြီးလီက ဟာသနှောကာ မေးလိုက်လေသည်။
ထိုစကားလုံး ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် သူတို့သုံးယောက်လုံးက တဟားဟား အော်ရယ်လိုက်ကြတော့သည်။ ထို့နောက် ရုတ်တရက် ရပ်သွားပြန်သည်။ သူတို့ရဲ့ခေါင်းတွေ။ မနေ့ညက သောက်တာ နည်းနည်းများသွားတယ်။ အခုထိ ခေါင်းကိုက်နေတုန်းပဲ။
“ ဆန်ပြုတ်သောက် ၊ဆန်ပြုတ်သောက်လိုက်” ဒုစစ်သူကြီးလီက တိုက်တွန်းလိုက်လေသည်။
ဇွန်းတစ်ချောင်းနှင့် ဆန်ပြုတ်တငုံသောက်လိုက်အပြီးတွင်
“ အစ်ကိုကြီးကျောက် ၊ ဒီဆန်ပြုတ်က ကောင်းလိုက်တာ၊ ဒီတစ်ခါတော့ ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရတော့မဲ့ပုံပဲ၊ ခင်ဗျားက ကျုပ်တို့အတွက် ဆန်ပြုတ်ယူလာပေးဖို့ သိသေးတယ်နော်”
“စားကောင်း သောက်ကောင်းရှိရင် ငါက ဘယ်တုန်းက မင်းတို့ကို မစဥ်းစားခဲ့ဖူးလို့လဲ”
ဒုစစ်သူကြီးကျောက်က မျက်လုံးများကို ပင့်ကာ ပြောလိုက်ပြီး သူ့မျက်နှာတွင် ကိုယ့်ဟာကိုယ် ကျေနပ်မှု အပြည့်ဖြစ်နေတော့သည်။
ခဏအတွင်း ဆန်ပြုတ်နှစ်ပွဲမှာ ကုန်သွားတော့သည်။ ဒုစစ်သူကြီးလီနှင့် ဒုစစ်သူကြီးပေါင် တို့သည် နေသာထိုင်သာရှိသွားကြပြီး အိုးအောက်ခြေကို ဇွန်းနှင့် ခြစ်ချုတ်နေကြလေသည်။ အရသာရှိလွန်းလွန်း စားလို့တောင်မဝဘူးလေ။
အမျိုးသမီးချန်က မျက်နှာရှည်နှင့် စစ်သားထံမှ ငွေများ လက်ခံလိုက်လေသည်။ သူမ၏မျက်နှာမှာ အပြုံးများဖြင့် ပြည့်နေတော့သည်။
သိမ်းဆည်းရင်း သူမက ကျန်းယွင်ကျူးကို ပြောလိုက်၏။
“ အမေတို့တွေ ဒီနေ့ ဆန်ပြုတ်အများကြီး လုပ်ခဲ့တာဆိုတော့လေ၊ အကျန်တွေ ယူပြန်ရမယ်လို့ ထင်ထားတာ၊ ဧည့်သည်က တစ်ယောက်ထဲ သုံးပွဲစားပြီး နှစ်ပွဲ ထုပ်သွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
သူမ၏စကားလုံးမှာ ဘာမှအလဟဿ မဖြစ်ဘဲ ငွေရှာနိုင်သဖြင့် ပျော်ရွှင်သည့်ခံစားချက်များ ပါရှိနေလေသည်။
ကျန်းယွင်ကျူးသည်လည်း အမှန်တွင်တော့ သည်ပိုနေသည့်နှစ်ပွဲကို ကျန်းမိသားစုအတွက် လုပ်ထားခြင်း ဖြစ်သည်ဟု ပြောပြချင်ခဲ့သည်။ မနေ့ညက သူတို့မိသားတွေ ညဥ့်သန်းခေါင်အထိ အလုပ်များနေခဲ့ပြီး ဒီမနက်လည်း အစောကြီး ထခဲ့ရတာလေ။ အားလုံးက သုံးနာရီကျော်လောက်ပဲ အိပ်ခဲ့ရတာ။ သူတို့တွေလည်း အဟာဖြည့်ဖို့ အမဲသားဆန်ပြုတ်တစ်ခွက်လောက် စားသင့်တာပေါ့။
ထားလိုက်ပါလေ။ ရောင်းပြီးသွားပြီဆိုတော့လည်း ရောင်းလိုက်တယ်ပေါ့။
သည်အခိုက်တွင် အမျိုးသမီးချန်က ထပ်မေးလေသည်။
“ မနက်ဖြန်မနက် အမေတို့ ဘာရောင်းကြမလဲ၊ အမဲသားဆန်ပြုတ်၊ အသားပန်ကိတ် ဒါမှမဟုတ် တခြားတခုခုလား”
အခုတော့ သူမသည် ကျန်းယွင်ကျူး စကားကို နားထောင်လိုက်တော့သည်။
“ မြို့ထဲမှာ အမဲသားရရင်တော့ အမဲသားဆန်ပြုတ် ရောင်းကြမယ်လေ”
ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ သူမလည်း အမဲသားဆန်ပြုတ် သောက်ချင်လေသည်။
အခုတော့ သူမတွင် လုပ်ငန်းလမ်းကြောင်းတစ်ခု ရှိလာပြီဖြစ်သည်။ ဟူလထန်းနဲ့ ယိုမော့ထိုက အကြာကြီး ရောင်းလာရပြီ။ ဒါတွေက သာမန်လူတွေကို အဓိက ရောင်းပေးဖို့။ အသားပန်ကိတ်၊ အမဲသားဆန်ပြုတ် ဒါမှမဟုတ် တခြားဟာကိုတော့ တစ်လှည့်စီပြောင်းပြီး ရောင်းလို့ရနိုင်တယ်။ သူမလုပ်ချင်တာ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်လေ။ ဒီလိုနည်းနဲ့ စိတ်ဝင်စားလာအောင် လုပ်ပြီး စားသုံးသူတွေကလည်း အသစ်အဆန်းဖြစ်တာပေါ့။ ဘာလို့ မလုပ်နိုင်ရမှာလဲ။
သည်နေ့ သူတို့ ကံကောင်းသွားခြင်းပင်။ မြို့ထဲက အသားဆိုင်တွင် အမဲသားရခဲ့သည်။ ကျန်းယွင်ကျူးက ၂ပိဿာခန့် ဝယ်ပြီး ဆုံးဖြတချက်ချလိုက်၏။ အင်း။ အမဲသားစိမ်း ဆန်ပြုတ်မလုပ်တော့ဘူး။ ရုတ်တရက်ကြီး အမဲသားဆန်ပြုတ်ထဲ ကြက်ဥမွှေထည့်ပြီး သောက်ချင်သွားပြီ။
ညသည် အလွန်နက်လို့နေပြီ။ ရွာထိပ်က ကျန်းအိမ်မှလွဲလျှင် ချန်ရှီရွာရှိ အရာအားလုံးက တိတ်ဆိတ်လို့နေသည်။ မီးလင်းနေသေးပြီး မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့တို့က ထွက်လာနေသည်။
သိပ်မဝေးလှသည့် လမ်းပေါ်တွင် မြင်းနှစ်ကောင်က ဘယ်ကမှန်းမသိ ဒုန်းစိုင်းပြေးလာခဲ့သည်။ မြင်းပေါ်တွင် လူနှစ်ယောက်ပါလာ၏။ သူတို့သည် တကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး ညအမှောင်နှင့် ရောနှောနေသယောင်။
မကြာမီတွင် သူတို့သည် ချန်ရှီရွာထိပ်သို့ ရောက်လာပြီး ကျန်းအိမ်က မီးအလင်းရောင်ကို တွေ့လိုက်ရတော့သည်။
“ အနံ့က အရမ်းမွှေးတာပဲ”
ယန်ရှန့်က နှာခေါင်းပင့်လိုက်ပြီး ကျန်းခြံဝင်းထဲသို့ ကြည့်လိုက်လေသည်။ သူ့အစာအိမ်က တဂွီဂွီ မြည်နေတော့သည်။
ရှန်ဖုန်းမင်သည်လည်း ကျန်းခြံဝင်းထဲ လှမ်းကြည့်လိုက်သည်။
“ ငါတို့တွေ ဝူလင်မိုင်းတွင်းကို ရောက်လာပြီ၊ ဒီမှာ တည်းပြီး သတင်းကို ဖြည်းဖြည်းချင်း စုံစမ်းကြမလား”
ယန်ရှန့်က အကြံပြုလိုက်၏။
“ ငါ့အထင်တော့ မင်းက တခြားလူတွေရဲ့ အစားအသောက်ကို စားချင်နေတာပါ”
ရှန်ဖုန်းမင်က သူ့အတွေးကို ရက်ရက်စက်စက် ဖော်ထုတ်လိုက်လေသည်။
ယန်ရှန့်က တဟင်းဟင်း ရယ်လိုက်ပြီး မြင်းပေါ်က ဆင်းကာ ကျန်းအိမ်တံခါးကို သွားခေါက်လိုက်လေတော့သည်။
…