အပိုင်း (၁၃)
သည်ဘက်တွင် ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့သည် ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီး အိမ်ပြန်လာကြ၏။
မနက် ၉နာရီတွင် သူတို့သည် နေ့လယ်အတွက် ပစ္စည်းများဝယ်ရန် မြို့သို့ တက်ခဲ့ကြသည်။
“ ဒီနေ့ အသားက တကယ်ကောင်းတာနော်”
အမျိုးသမီးချန်က ဝက်ဗိုက်သားတစ်ပိုင်းကို ကြည့်ကာ ကျေနပ်စွာ မှတ်ချက် ပေးလိုက်လေသည်။ သူမသည် သည်အပိုင်းက မနက်ဖြန် ဒုစစ်သူကြီးကျောက်နှင့် တခြားသူများအတွက် လုံလောက်လိမ့်မည်ဟု ထင်လိုက်မိသည်။
သို့သော် ကျန်းယွင်ကျူးက အသားဆိုင်ထဲက တခြားအသားတုံးကို ငေးကြည့်ရင်း သူမ၏စိတ်ထဲတွင် အဖန်ဖန်စဥ်းစားနေလေသည်။
“ သူဌေး ဒါက အမဲသားလား” သူမက မေးလိုက်၏။
“ အေး ဘာလို့လဲ၊ မင်းလိုချင်လို့လား”
အစပိုင်းတွင် အသားဆိုင်ပိုင်ရှင်က အံ့ဩသွားလေသည်။ ထို့နောက် သူက ဝမ်းသာအားရဖြင့် မေးလိုက်၏။
ရှမင်းဆက်သည် မွေးမြူရေးကို အရေးတယူ ချုပ်ကိုင်ထားပြီး လူများအား ကျွဲနွားများကို သီးခြားသ-တ်ခွင့် မပေးထားချေ။ ထို့ကြောင့် စျေးကွက်ထဲက အမဲသားအများစုမှာ ကျွဲနွားအိုများ၏ အသားများ ဖြစ်လေသည်။ ဝက်သားထက် ၂ဆလောက်စျေးကြီးသည်က ပြောရန်ပင်မလိုချေ။ ချက်ပြုတ်ရန်လည်း ခက်ခဲလေသည်။ ထို့ကြောင့် စားသောက်ဆိုင်များကလွဲလျှင် သာမန်လူများက တော်ရုံနှင့်မဝယ်ကြပေ။
ကျန်းယွင်ကျူးက တစ်ပိုင်းလောက် ဝယ်ချင်သဖြင့် စျေးမေးလိုက်လေသည်။
အသားဆိုင်ပိုင်ရှင်က အလွန်သင့်တင့်သည့်စျေးတစ်ခု ပေးလိုက်သည်။
ကျန်းယွင်ကျူးက ၂ပိဿာခန့် ဝယ်ရန် ချက်ချင်းဆုံးဖြတ်လိုက်လေသည်။
အမျိုးသမီးချန်သည် ဘေးမှ ကြည့်နေလေသည်။ သူမသည် ကျန်းယွင်ကျူး ဘာလုပ်နေသည်ကို မသိသော်လည်း အခုတော့ သူမကို ယုံထားဖို့သာ ရွေးချယ်လိုက်သည်။
“ဒါဆိုရင် ဒီဝက်သားကရော” သူမက မေးလိုက်၏။
“ ၂ ပိဿာလောက် ဝယ်မလား” ကျန်းယွင်ကျူးက ပြောလိုက်၏။
“ ၂ပိဿာက လောက်ပါ့မလား”
အမျိုးသမီးချန်မှာ အံ့ဩသွားလေသည်။ ဒုစစ်သူကြီးကျောက်တို့ သုံးယောက်က ဒီမနက်တုန်း အသား တစ်ပိဿာလောက် စားသွားတာလေ။ တခြားလူတွေလည်း နည်းနည်းပါးပါးတော့ စားချင်မှာပေါ့။ မနေ့တုန်းက အရေအတွက်ကိုကြည့်ရင် သူတို့တွေ သုံးပိဿာလောက် ဝယ်သင့်တာ။ ဘယ်လိုဖြစ်ပြီး ၂ပိဿာဖြစ်သွားတာလဲ။
“ မနက်ဖြန် အသားပန်ကိတ် မရောင်းတော့ဘူး” ကျန်းယွင်ကျူးက ဖြေလိုက်၏။
“ အရင်က အသားပန်ကိတ်ရောင်းခဲ့တာက အသားနှပ်အနံ့နဲ့ ဧည့်သည်တွေကို ဆွဲဆောင်ပြီး စွပ်ပြုတ် ပိုရောင်းကောင်းချင်လို့လေ၊ သမီးတို့နေရာက လူချမ်းသာတွေ နည်းနည်းပါးပါးပဲ ရှိတာ၊ အသားပန်ကိတ်ရောင်းဖို့ မသင့်တော်ဘူး၊ အမေလည်း တွေ့တာပဲ ဒီနေ့မနက်ဆိုရင် လူသုံးယောက်က လွဲရင် ဒီရက်ပိုင်း အသားပန်ကိတ်ဝယ်တဲ့သူက နည်းနည်းပဲရှိတယ်၊
အခု သမီးတို့မှ ဧည်သည်တွေ ပိုများလာပြီဆိုတော့ အသားနှပ်လုပ်စရာမလိုတော့ဘူး”
“ ဒါဆို မနက်တုန်းက ဧည့်သည်သုံးယောက်ကရော…”
အမျိုးသမီးချန်သည် စိတ်ပူသွားတော့သည်။ သူမသည် ထိုဧည့်သည်သုံးယောက်ကို လက်မလွှတ်ချင်ပေ။
“ သူတို့တွေ ဒီမနက် အသားပန်ကိတ်တွေအများကြီး စားခဲ့တာဆိုတော့ မနက်ဖြန်ကျရင်ကော စားချင်ပါအုံးမလား” ကျန်းယွင်ကျူးက မေးလိုက်၏။
အမျိုးသမီးချန်သည် ငိုင်သွားတော့သည်။ ဟုတ်တာပဲ။ ဘယ်လောက်ပဲ အရသာရှိရှိလေ လူတစ်ယောက်နေ့တိုင်းတော့ ဘယ်စားနိုင်ပါ့မလဲ။
“ ဒါဆို အမေတို့ ဘာလုပ်ကြမလဲ” သူမက အလောတကြီး မေးလိုက်လေသည်။
ကျန်းယွင်ကျူးက လက်ထဲက အမဲသားကို ခါပြလိုက်ပြီး
“ မနက်ဖြန် ဒါလုပ်မယ်လေ”
သူမ၏ယုံကြည်ချက်ရှိသည့် အသွင်ပြင်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးချန်မှာ အနည်းငယ် စိတ်အေးသွားတော့သည်။ မကြာလိုက်ပေ အတွေးတစ်ခု ဝင်လာလေသည်။ နေပါအုံး။ သူတို့တွေ မနက်ဖြန် အသားပန်ကိတ် မလုပ်တော့ဘူးဆိုပြီး ဘာလို့ အသားဝယ်နေသေးတာလဲ။
“အမေ သမီးတို့မိသားစုတွေလည်း အသားစားရမဲ့ အချိန်တန်ပြီလေ”
ကျန်းယွင်ကျူးက အမျိုးသမီးချန်၏လက်ကို ကိုင်လိုက်ပြီး အားတက်သရော ပြောလိုက်လေသည်။
သူတို့သည် သည်ရက်ပိုင်းတွင် နေ့တိုင်းအသားနှပ် ၊ အရိုးပြုတ်ခဲ့ကြသော်လည်း မိသားစုဝင်ထဲက ဘယ်သူမှ တစ်ကိုက်ပင် မစားခဲ့ရပေ။ ကျန်းဝူနှင့် တခြားသူများသည် သိတတ်ပြီး ပြဿနာ မရှာကြသော်လည်း နေ့တိုင်း ကျန်းယွင်ကျူးကို တက်ကြွသည့်မျက်လုံးဝိုင်းလေးများနှင့် ကြည့်နေတတ်လေသည်။ ကျန်းယွင်ကျူးမှာ ထပ်ပြီး သည်းမခံနိုင်တော့ပေ။
ထို့အပြင် သူမသည်လည်း အသားစားချင်နေမိသည်။
အမှန်ပင်။ အမျိုးသမီးချန်သည်လည်း သူမ၏မိသားစုကို အသားစားနိုင်စေချင်လေသည်။ ကလေးများ၏ မျှော်လင့်တကြီး မျက်လုံးများကို တွေ့ရချိန်တိုင်း သူမ၏နှလုံးသားက အက်စစ်ရေဖြင့် လောင်းခံရသလို ခံစားရလေသည်။ သို့သော် အသားသည် ရောင်းရန်ပစ္စည်းဖြစ်လေသည်။ ထို့ကြောင့် သူမက စိတ်ကို တင်းထားကာ မမြင်သလိုသာ နေရတော့သည်။
ကျန်းယွင်ကျူးက ဒီနေ့ ထုတ်ပြောလိုက်သဖြင့် သူမသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“ ဟုတ်ပြီ အသားနှပ်စားကြမယ်”
ခဏအကြာတွင် သူမသည် ကိုယ့်ကိုယ်ကို ဖျောင်းဖျလိုက်ပြီး ထပ်ပြောလိုက်လေသည်။
“ အမေတို့တွေ ဒီနေ့ ငွေအများကြီးရှာ ထားတာဆိုတော့ စားဖို့တော့ လောက်ပါတယ်”
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ သူမသည် အမျိုးသမီးချန်က သူတို့ကို ချစ်မှန်း သိလေသ်။
သည်အခိုက်တွင် အမျိုးသမီးချန်က ပြောလိုက်လေသည်။
“ အမေတို့တွေ သူကြီး ၊ အဖေကြီးရွှီနဲ့ အဒေါ်ဖုန်းတို့လည်း ဖိတ်ရအောင်၊ အမေတို့မိသားစု ဒီမှာ အန္တရာယ်ကင်းကင်းနေနိုင်တာ သူတို့ရဲ့အကူအညီတွေကြောင့်ပဲလေ”
သူ့မိသားစုအတွက် အိမ်ထောင်စုစာရင်း သွင်းရန် သူကြီးက လက်ဖက်ခြောက်တစ်ထုပ် ကိုယ်တိုင် ထောက်ပံ့ပေးခဲ့သည်။ အမျိုးသမီးဖုန်းက စျေးသက်သက်သာသာဖြင့် သူတို့ကို လိုလိုလားလား အိမ်ငှားပေးသည်။ ပြီးခဲ့သည့်အခေါက် သူမက စွပ်ပြုတ်သွားပို့စဥ်ကလည်း အကောင်းစားမန်ထိုများကို ပေးခဲ့သေးသည်။ ဖို့အပြင် အဖေကြီးရွှီနှင့် ရွှီချင်ရှန့်တို့သည် သူတို့ကို ခရီးတစ်လျှောက်လုံး ကူညီပေးခဲ့သည်။ သူတို့သည် ချန်ရှီရွာသို့ ရောက်လာတော့လည်း သူသည် ရွာသူကြီးထံတွင် သူတို့အတွက် စကားကောင်းပြောပေးခဲ့သေးသည်။ ထိုကြောင့်ပင် သူတို့သည် ချောချောမောမော အခြေချနိုင်ခဲ့လေသည်။
ကိစ္စတစ်ခုစီတိုင်းကို အမျိုးသမီးချန်သည် စိတ်ထဲတွင် မှတ်ထားလေသည်။
“ အမေတို့တွေ အိမ်သစ်ပြောင်းလာတာဆိုတော့ အားလုံးကို ဖိတ်ပြီး တစ်နပ်လောက်ကျွေးပြီး စည်စည်ကားကားလေး ဖြစ်အောင်လုပ်သင့်တာပေါ့” သူမက ပြောလိုက်၏။
ကျန်းယွင်ကျူးကလည်း မငြင်းပေ။
“ ဟုတ်ပြီ ဒါဆို ကုန်ခြောက်တွေ ထပ်ဝယ်ကြရအောင်” အမျိုးသမီးချန်သည် သည်တစ်ကြိမ်တွင်တော့ ငွေကို ဂရုမစိုက်တော့ချေ။
ပစ္စည်းအပြည့်ဖြင့် အိမ်ပြန်လာကြပြီးနောက် မိသားစုတစ်ခုလုံးက နောက်နေ့ရောင်းရန် အစားအသောက်အပြင် ညစာကိုပါ ပြင်ဆင်လိုက်ကြလေသည်။
သူတို့မိသားစု သည်နေရာတွင် လူများများ မသိပေ။ ထို့ပြင် ဒါက ငှားထားသည့်အိမ်ဖြစ်လေသည်။ အမျိုးသမီးချန်က ကြီးကြီးကျယ်ကျယ် မလုပ်လိုပေ။ သည်အခွင့်အရေးကို အသုံးချကာ အားယူခြင်းသာ ဖြစ်လေသည်။
ခဏအနားယူလိုက်ပြီးနောက် သူမက သူကြီးအိမ်နှင့် အမျိုးသမီးဖုန်းအိမ်ကို သွားကာ ဖိတ်ကြားလိုက်သည်။
ကုယုံသယ်နှင့် အဖေကြီးရွှီတို့က မငြင်းပေ။ သူတို့သည် ညနေခင်းမှ လာခဲ့မည်ဟုသာ ပြောလိုက်လေသည်။
အမျိုးသမီးဖုန်းအိမ်တွင်တော့ အမျိုးသမီးချန်က အထပ်ထပ် အခါခါ မှာကြားလိုက်ရသည်။
“ အားလုံး ဒီည လာပေးကြပါနော်၊ ရှင်တို့တွေ မလာရင် ကျွန်မ ရှင်တို့ကို လာခေါ်မယ်”
အမျိုးသမီးဖုန်းတွင် သားနှစ်ယောက်ရှိ၏။ နှစ်ယောက်လုံးက မိသားစုကိုယ်စီရှိကြသည်။ သူတို့မိသားစု လူခြောက်ယောက်ရှိလေသည်။
အမျိုးသမီးဖုန်းက သဘောတူလိုက်၏။
အမျိုးသမီးချန် ထွက်သွားပြီးနောက်တွင် သူမက ချွေးမနှစ်ယောက်ကို မျက်စပစ်ပြလိုက်ပြီး
“ နင်တို့တွေ ဘယ်လိုထင်လဲ”
ထိုစဥ်က အမျိုးသမီးချန်နှင့် မိသားစုသည် သနားစရာကောင်းသည်ဟု ခံစားမိပြီး သူတို့ကို စျေးနည်းနည်းဖြင့် အိမ်ငှားပေးလိုက်ခြင်းပင်။ သူမ၏ချွေးမနှစ်ယောက်က ထုတ်မပြောကြသော်လည်း သူတို့သည် အခွင့်အရေးဆုံးရှုံးရသည်ဟု ခံစားခဲ့ရသည်။
အခုကျတော့ကော။
ကျန်းမိသားစုက သဘောကောင်းပြီး နှိမ့်ချတတ်ပုံပေါ်ပါတယ်။ အားလုံးမှာ ခက်ခဲတဲ့အချိန်ဆိုတာ ရှိတာပဲလေ။ သူတို့တွေ ကူညီနိုင်မယ်ဆိုရင် ကူညီလိုက်တာ ပိုကောင်းတာပေါ့။
ချွေးမနှစ်ယောက်မှာ ရှက်မိလေေသည်။
“ ဒါဆို ကျွန်မတို့ မိသားစုတစ်ခုလုံး တကယ်သွားကြမှာလား”
ဒုတိယချွေးမက မေးလိုက်၏။ လူအများကြီးသွားရတာ ရှက်စရာကောင်းတယ်။
“ သွားတာပေါ့၊ သူတို့တွေက ငါတို့မိသားစုကို စိတ်ရင်းနဲ့ ဖိတ်နေတာ မြင်နေတာပဲလေ၊ ငါတို့မိသားစု ကြက်နှစ်ကောင်လည်း ယူသွားမယ်” အမျိုးသမီးချန်က ပြန်ဖြေလိုက်လေသည်။
ကြက်နှစ်ကောင်က လုံးဝ စျေးမပေါတော့ဘူးလေ။ ချွေးမနှစ်ယောက်က ကိုယ်စီ တွေးလိုက်ကြလေသည်။ သို့သော် သူတို့သည် ကျန်းအိမ်သို့ ရောက်သွားပြီး အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့ ပြင်ဆင်ထားသည့် အစားအသောက်ကို မြင်လိုက်ရသောအခါ သူတို့ယူလာသည့် ကြက်က တော်တော်နည်းနေသည်ဟု ခံစားလိုက်ရတော့သည်။
ထိုအခါမှ သူတို့သည် အမျိုးသမီးဖုန်း၏ မျက်လုံးကို အမှန်တကယ်ယုံကြည်သွားကြတော့သည်။ ကျန်းမိသားစုသည် လူကောင်းများ ဖြစ်ကြပြီး သူတို့က ကျန်းမိသားစုကို လျှော့တွက်ခဲ့မိလေသည်။
ဒီမိသားစုနဲ့ ခင်မင်ရတာ တန်တာပဲ။
သည်နေ့ညတွင် အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့သည် စားပွဲနှစ်လုံးစာ စားသောက်ဖွယ်ရာများကို ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားလေသည်။
အမျိုးသမီးချန် ဝယ်လာခဲ့သည့် ပါဝင်ပစ္စည်းများထဲတွင် ကြက်နှင့် ငါးလည်း ပါလေသည်။ ကျန်းယွင်ကျူ၏ အရည်အချင်းရှိသည့် လက်ရာနှင့် ချက်ပြုတ်ပေးခဲ့ပြီးနောက် စားပွဲနှစ်လုံးစာ အစားအသောက်များက အစားကြိုက်သည့် ကုယုံသယ်ကို ဆွံ့အသွားစေတော့သည်။
ဒီကြက်သားကို ဘယ်လိုလုပ်ထားတာလဲ။ အရမ်းကို အရသာရှိလိုက်တာ။ ပြီးတော့ အဲဒီမြစိမ်းရောင် စွပ်ပြုတ်။ စွပ်ပြုတ်ထဲက မုန်လာဥဖြူက ပုံဖော်ထားတာမလား။
ကျန်းယွင်ကျူး ပြင်ဆင်ထားသည့် စားပွဲနှစ်လုံးစာ အစားအသောက်များသည် အမှန်တွင် သာမန်အဆင့်မျှသာ ဖြစ်လေသည်။ အိပ်မက်ထဲတွင် အန်းဖင်နယ်စားအိမ်က အစားအစာများကို မငြီးငွေ့နိုင်သည့် နူးညံ့မှုနှင့် ကောင်းမွန်သည့်အစားအသောက်ဟု ခေါ်လေသည်။
“ ဒါက ဘယ်သူ့လက်ရာလဲ”
ကုယုံသယ်က အံ့ဩတကြီးမေးလိုက်၏။
“ ယွင်ကျူး လက်ရာလေ၊ ကျွန်မက ကူပဲ ကူပေးရတာ” အမျိုးသမီးချန်က အပြုံးလေးတစ်ခုဖြင့် ပြန်ဖြေလေသည်။
“ ညီမလေးမှာ ဒီလောက်ကောင်းတဲ့ အရည်အချင်းတွေ ရှိနေတာပါလား၊ ဘယ်ကနေ သင်ခဲ့တာလဲဟင်”
အမျိုးသမီးဖုန်း၏ ဒုတိယချွေးမက မေးလိုက်၏။
“ ကျွန်မတို့တွေက သာမန်လူတွေပဲလေ၊ ဘာအရည်အချင်းတွေ ရှိမှာလဲ၊ ပိုလုပ်ရင်း လေ့လာရင်းပဲပေါ့ရှင်”
အမျိုးသမီးချန်၏စကားမှာ အမှန်ပင်။ ဘယ်သာမန်လူများက အပြင်ထွက်ပြီး ဟင်းချည်နည်း သင်ပါမည်နည်း။ သူတို့သည် နေ့တိုင်း ချက်ပြုတ်လာလျှင် နားလည်လာပေလိမ့်မည်။
အမှန်ပင်။ ကျန်းယွင်ကျူး၏ အချက်အပြုတ်အဆင့်ကလည်း နည်းနည်းမြန်မြန် တိုးတက်လာခဲ့လေသည်။ ထို့အပြင် ဒါသည် သူမ၏တမင် ထိန်းချုပ်ထားခဲ့ခြင်း၏ ရလဒ်သာ ဖြစ်လေသည်။
“ ဪ ဒါကလည်း အချက်အပြုတ်တစ်မျိုးပဲလေ၊ တချို့လူတွေ ချက်ပြုတ်လိုက်တယ်၊ အရသာရှိနေတယ်၊ အသီးအရွက်တွေကို ရောထားတဲ့ ပန်းကန်လုံးတစ်ခွက်ထဲနဲ့တောင် သူတို့တွေက အရသာကို ဆွဲထုတ်နိုင်တယ်၊ တချို့လူတွေကျတော့ မလုပ်နိုင်ဘူး၊ ပစ္စည်းတွေ အလကားဖြစ်တာပဲ အဖတ်တင်တယ်လေ” ကုယုံသယ်က ပြောလိုက်လေသည်။
“ ရှင်က ဘာပြောချင်တာလဲ၊ ကျွန်မက ပစ္စည်းတွေကို ဖျက်ဆီးတယ်လို့ ပြောချင်တာလား” သူ့ဇနီးက ချက်ချင်း နှာခေါင်းရှုံ့ကာ ဟာသပြောလိုက်တော့သည်။
“ ငါက အဲလို မဆိုလိုပါဘူးကွာ”
အားလုံးက ရယ်မောလိုက်ကြပြီး ထိုကိစ္စကို ကျော်သွားလိုက်ကြတော့သည်။ သို့တိုင် အားလုံးက ကျန်းမိသားစု၏မိန်းကလေးမှာ မဆိုးလှဘူးဟု ထင်မိကြလေသည်။ သူမသည် ရုပ်ရည်ချောမောပြီး အရည်အချင်းလည်း ရှိလေသည်။
“ မြန်မြန် စားကြပါ၊ မဟုတ်လို့ အေးသွားရင် အရသာမကောင်းတော့ဘူး” ကျန်းချိန်က ပြောလိုက်သည်။
“ ဟုတ်တယ် ဟုတ်တယ် မြန်မြန်စားကြပါ” အမျိုးသမီးချန်က နောက်က ထောက်ခံပေးလိုက်ပြီး နွေးနွေးထွေးထွေး တိုက်တွန်းလိုက်လေသည်။
အားလုံးက တစ်ယောက်ပြီးတစ်ယောက် ဝင်ထိုင်လိုက်ကြ၏။ တစ်ဖက်တွင် ကုယုံသယ်၊ အဘိုးချန်၊ အဖေကြီးရွှီ၊ ကျန်းချိန်နှင့် အမျိုးသမီးဖုန်း၏ သားသုံးယောက်တို့သည် ခွက်ချင်းလဲကြပြီး စိတ်ပြေလက်ပျောက် သောက်လိုက်ကြသည်။ သည်ဖက်တွင်တော့ အမျိုးသမီးဖုန်းနှင့် ကျန်လူများက ချီးကျူးရင်း စားသောက်လိုက်ကြသည်။
အားလုံးက စားလိုက်၊ သောက်လိုက်နှင့် စကားပြောလိုက်ကြလေသည်။ ဆက်ဆံရေးက ရုတ်တရက် ပိုပြီး ရင်းနှီးသွားကြတော့သည်။
ဘဝဟူသည် သည်လိုသာ ဖြစ်နေသင့်သည်။ အသက်ဝင် စည်ကားလို့နေသည်။
ညစာစားပြီးနောက်တွင် အမျိုးသမီးဖုန်း၏ ချွေးမနှစ်ယောက်က နေခဲ့ကာ သန့်ရှင်းရေးလုပ်ကူရန် ကမ်းလှမ်းကြသည်။ သူတို့သည် မိသားစုကြီးတစ်ခု ဖြစ်ပြီး သည်လိုအရသာရှိသည့် အစားအသောက်ကို စားခဲ့ရသည့်အတွက် အားနာစိတ်ဖြစ်နေကြသည်။
ထို့အပြင် အခုလေးတင် အမျိုးသမီးချန်နှင့် စကားပြောခဲ့ကြပြီးနောက် သူတို့အားလုံးက သူမကို လူကောင်းတစ်ယောက်မှန်း ခံစားမိလိုက်ကြပြီး သူမကို ကူညီပေးချင်စိတ်ဖြစ်သွားတော့သည်။
“ ရှင်တို့တွေက ဧည့်သည်တွေလေ၊ ဘယ်လိုလုပ်ပြီး ဒါတွေလုပ်လို့ဖြစ်မှာလဲ”
အမျိုးသမီးချန်က ကတိုက်ကရိုက် ပြန်ပြောလိုက်၏။
“ သူတို့ကို ပေးကူလိုက်ပါ၊ မဟုတ်ရင် ကျွန်မတို့လည်း စိတ်အေးရမှာမဟုတ်ဘူး၊ ရှင်တို့တွေ မနက်ဖြန် ဆိုင်လည်းဖွင့်ရအုံးမယ်၊ ဒီတော့ အရေးကြီးကိစ္စကို မနှောင့်နှေးပါစေနဲ့လေ” အမျိုးသမီးချန်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။
လူတွေရဲ့နှလုံးသားက အသွေးအသားနဲ့ လုပ်ထားတာလေ။ ရှင်တို့က ကျွန်မကို ကောင်းကောင်း ဆက်ဆံရင် ကျွန်မကလည်း ကောင်းကောင်းပြန်ဆက်ဆံတာ သဘာဝပါပဲ။
အမျိုးသမီးဖုန်း၏ ချွေးမနှစ်ယောက်သည် လက်သွက်ကြလေသည်။ မကြာလိုက်ပေ သူတို့သည် အားလုံးကို သန့်ရှင်းရေးလုပ်ပြီးသွားတော့သည်။
“နောက်ဆို ကိစ္စတစ်ခုခုရှိလာရင် ကျွန်မတို့ကိုသာ လှမ်းခေါ်လိုက်နော်” အမျိုးသမီးဖုန်းက ပြောပြီး ထွက်သွားတော့သည်။
သူမ၏သားနှစ်ယောက်နှင့် ချွေးမနှစ်ယောက်ကလည်း ခေါင်းညိတ်နှုတ်ဆက်လိုက်လေသည်။
အမျိုးသမီးချန်က ဝမ်းပန်းတသာ လက်ခံလိုက်၏။
အားလုံးက လူစုခွဲလိုက်ကြလေသည်။
ညပိုင်းတွင် အမျိုးသမီးချန်က သည်နေ့သုံးခဲ့သည့် ငွေကို တွက်ချက်နေလေသည်။ တွက်ချက်ပြီးသွားသည့်နောက် သူမသည် ငွေပိုရှာရန် ပိုပြီး စိတ်အားတက်လာတော့သည်။ ကျန်းယွင်ကျူး ပင်ပန်းမှာ စိုးရိမ်နေ၍သာ မဟုတ်လျှင် သူမသည် အခုချက်ချင်း ထကာ ချက်ပြုတ်ချင်လိုက်တော့သည်။
ဪ ဟုတ်သားပဲ။ အရမ်းအရေးကြီးတဲ့ဟာတစ်ခုကို သတိရပြီ။ ကျန်းယွင်ကျူးက မနက်ဖြန် ချမ်းသာခြင်းနတ်ဘုရား ဒုစစ်သူကြီးကျောက်ကို ဆွဲထားဖို့ ဘာအစီအစဥ်လုပ်ထားတယ်ဆိုတာ သူမကို မပြောပြသေးဘူး။
အမှန်တွင်တော့ ကျန်းယွင်ကျူးသည် အားလုံးကို စီစဥ်ထားပြီးဖြစ်လေတော့သည်။
…