EJYZ အပိုင်း ၆

‌အပိုင်း (၆.၁)

သည်အခိုက်တွင် ဆိုင်ရှင်က လက်ဖက်ရည်လုပ်ပြီးသွားပြီး ယူထွက်လာခဲ့သည်။

ချက်ချင်းပင် လက်ဖက်ခြောက်၏ နူးညံ့သိမ်မွေ့သည့် ရနံ့တစ်ခုက လွှင့်ပျံလာလေသည်။

ထိပ်တန်းအရည်အသွေး စာကလေးလျှာလက်ဖက်ခြောက်ပင်။ ဆိုင်၏လက်ဖက်နှပ်သည့် နည်းလမ်းက မှားယွင်းပြီး သည်လက်ဖက်၏ရနံ့ကို ပျက်စီးသွားစေသည်ကတော့ နှမြောစရာပင်။ ကျန်းယွင်ကျူးက အိပ်မက်ထဲတွင် အန်းဖင်နယ်စားအိမ်တော်၌ ထိုလက်ဖက်ခြောက်ကို အရသာ မြည်းကြည့်ခဲ့ဖူးသည်။ ထို့ကြောင့် လက်ဖက်ခြောက်နံ့ကို ရလိုက်ချိန်၌ ချက်ချင်း ကောက်ချက်ချနိုင်ခဲ့ခြင်းပင်။

ယန်ရှန့်က မျက်မှောင်ကျုံ့လိုက်၏။ သို့သော် အခုတော့ သူသည် အလွန်မှ ရေငတ်နေပြီဖြစ်ဖြင့် သိပ်အာရုံမစိုက်နိုင်တော့ပေ။

သူက လက်ဖက်ရည်အိုးကို ယူလိုက်ပြီး ရှန်ဖုန်းမင်ထံ ယူသွားလိုက်ကာ သူ့အတွက် တစ်ခွက် အရင်ဆုံးငှဲ့ပေးလိုက်လေသည်။ ထို့နောက် သူကိုယ်တိုင်အတွက် လောင်းထည့်လိုက်၏။ ပူလောင်နေသည့် အပူချိန်ကို ဂရုမစိုက်အားတော့ဘဲ သောက်လိုက်လေသည်။

သူ၏ သည်ပုံစံကို မြင်လိုက်ရသဖြင့် အခုလေးတင် ကျန်းယွင်ကျူးတို့ အုပ်စုနှင့် အာလာပ သလာပစကားပြောရုံလောက်သာ ဖြစ်ပြီး သူတို့ကို ဘာမှလုပ်မည်မဟုတ်ဟု ထင်ရသည်။

လွတ်လပ်သွားသည့်နှယ် ကျန်းယွင်ကျူးက ကျန်းချိန်ဘက် လှည့်လိုက်ပြီး

“အဖေ ကျွန်မတို့လည်း ခရီးဆက်ဖို့ အချိန်ကျပြီ”

ကျန်းချိန်က ချက်ချင်းထလိုက်ပြီး ငွေချေရန် သူဌေးထံသို့ သွားလိုက်လေသည်။ ပေါက်စီနှင့် အရံများကတော့ ယန်ရှန့်က ကျွေးလိုက်ခြင်းပင်။ သူတို့က လက်ဖက်ရည်ဖိုးနှင့် ရေဖိုးသာ ပေးရသည်။

ဆိုင်ရှင်က ကျန်းယွင်ကျူး၏ ရေသန့်စင်သည့်နည်းလမ်းကို ဝယ်ယူချင်သည်ဟု အကြံပြုလာသည်။

ကျန်းချိန်က ကျန်းယွင်ကျူးကို လှမ်းခေါ်လိုက်ပြီး သူမ၏သဘောထားကို မေးလိုက်၏။

အမှန်ပင်။ ကျန်းယွင်ကျူးကတော့ ဆန္ဒရှိလေသည်။ သာမန်လူများက သည်နည်းလမ်းကို သုံးရန် သတ္တိမရှိကြသည်တွင် သူဌေးများကလည်း သုံးကြမည် မဟုတ်ပေ။ ဆိုင်ရှင်က ထိုနည်းကို ဝယ်ယူရန်ဆန္ဒ ရှိလေသည်။ ဒါသည် ရှားပါးသည့်အခွင့်အရေးတစ်ခုပင်။

ဆိုင်ရှင်က အများကြီးလည်း မပေးလိုပြန်ချေ။ တစ်ချက်မှာ နည်းလမ်းက တော်တော်ရိုးရှင်းသည်ဟု ထင်သည်။ သူက ခုနက သေချာမတွေ့လိုက်ရသောကြောင့်သာ။ ထို့ကြောင့် သူက ကျန်းယွင်ကျူးထံမှ သီးသန့် ဝယ်ခဲ့ခြင်းပင်။ ဒုတိယအချက်မှာ အလွန်စျေးကြီးနေလျှင် သူ မသုံးရသည်နှင့် အတူတူပင်။ မည်သို့ဆိုစေ သူ့ဆိုင်သို့ လာသူများသည် သာမန်လူများ ဖြစ်ကြလေသည်။ သူတို့သည် ယန်ရှန့်တို့လို လူများနှင့် ဘယ်အချိန်မှ ထပ်တွေ့မည်ကိုတော့ မည်သူက သိပါမည်နည်း။

စကားနည်းနည်းလောက် ပြောလိုက်ကြပြီး ဆိုင်ရှင်က နောက်ဆုံးတွင် ပေါက်စီ သုံးပေါင်း၊ ရေနှစ်ပုံးနှင့် သူတို့၏စားစရိတ်ကို အလကားပေးလိုက်ပြီး ရေစစ်နည်းကို ဝယ်ယူလိုက်လေသည်။

သည်လိုနှင့် ကျန်းချိန်တို့အဖွဲ့သည် သူတို့သည် အလကားရသည်ဟု ခံစားလိုက်ရပြီး အတိုင်းမသိ ဝမ်းသာသွားကြတော့သည်။

ကောင်းလိုက်တာ။ ကျန်းယွင်ကျူး၏ မျက်ခုံးများသည်လည်း ဆန်းသစ်စလလေးကို ကွေးသွားလေသည်။ အနည်းဆုံးတော့ ဒီနေ့ည အသားပေါက်စီ စားရအုံးမှာပဲ။

သူတို့ထွက်သွားပြီးနောက် ယန်ရှန့်က ကျန်းယွင်ကျူး၏ နောက်ကျောကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။

“ နှမြောစရာပဲ”

ရှန်ဖုန်းမင်က သူ့ကို မော့ကြည့်လိုက်လေသည်။

ယန်ရှန့်က ရယ်မောလိုက်ပြီး

“ ဆိုရိုးစကားထဲက အတိုင်းပဲလေ၊ တော်တဲ့မိန်းမတွေက နမော်နမဲ့နိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ပဲ ကံဆုံလေ့ရှိတတ်တယ်တဲ့၊ ဒီကောင်မလေးက နိမ့်ကျတဲ့ မိသားစုနောက်ခံက လာတာ၊ နောက်ဆိုရင် ဘယ်နမော်နမဲ့နိုင်တဲ့ယောက်ျားကို သူလက်ထပ်ရမလဲ မသိဘူး၊ နှမြောစရာ မကောင်းဘူးလား”

သူသည် စစ်သူကြီးယန်၏ သားဖြစ်ပြီး ရှန်ဖုန်းမင်၏ လက်ထောက်ဖြစ်သလို သူငယ်ချင်းလည်း ဖြစ်လေသည်။ ထို့ကြောင့် သူသည် ရှန်ဖုန်းမင်ကို သည်လို စကားပြောရဲသူ အနည်းငယ်များထဲက တစ်ယောက်ဖြစ်သည်။

ရှန်ဖုန်းမင်က သူ့ကို ပြန်မဖြေလိုပေ။

သို့သော် ယန်ရှန့်က ရုတ်တရက် ထပြောလိုက်၏။

“ ငါ သူ့ကို ငါနဲ့ ခေါ်သွားမယ်ဆိုရင်ကော ဘယ်လိုလဲ”

ယန်ရှန့်သည် မေတ္တာကရုဏာ ကြီးမားသည့် ယောက်ျားတစ်ယောက်ဖြစ်လေသည်။ သူ့အိမ်တော်တွင် မရေမတွက်နိုင်သည့် မိန်းမလှလေးများစွာရှိလေသည်။

“ ငါတို့အလုပ်ကိုပဲ ဦးစားပေးရမယ်” ရှန်ဖုန်းမင်က ပြောလိုက်၏။

ယန်ရှန့်က သူ့အပြုံးကို ပြန်သိမ်းလိုက်ပြီး ညည်းညူတော့သည်။

“ မင်းက အဲလိုပဲ၊ မိန်းကလေးတွေကိုဆို အကောင်းကိုမမြင်ဘူး၊ ငါ့အဘွားကြီးက သံသယဝင်နေတာ မင်း မသိဘူးလား၊ မင်းက မိန်းမတွေကို မကြိုက်ဘဲ ငါ့အပေါ် စိတ်တစ်ခုခုရှိနေတာတဲ့ကွ”

“တကယ်လား”

ရှန်ဖုန်းမင်၏လေသံသည် ဆောင်းတွင်းအရိပ်အောက်က ရေခဲများနှယ် အေးစက်လို့နေသည်။

ယန်ရှန့်က မြန်မြန်ခေါင်းခါလိုက်ပြီး အလုပ်အကြောင်းသာ ပြောလိုက်တော့သည်။

ပေါက်စီဆိုင်က ထွက်လာပြီးနောက်တွင် ကျန်းယွင်ကျူးသည် အားလုံးကို မြန်မြန်သွားရန် လောဆော်လာခဲ့သည်။ သူမသည် ဆိုင်က မြင်ကွင်းထဲမှာ ပျောက်မသွားခင်အထိ စိတ်မအေးနိုင်ခဲ့ပေ။

“ ခုနတုန်းက လူတွေက ဘယ်သူတွေလဲ၊ ငါတို့ပြောခဲ့တာတွေက ဘာမှမထိခိုက်လောက်ပါဘူးနော် ဟုတ်တယ်မလား”

အဖေရွှီမှာ ယန်ရှန့်နှင့် စကားအများကြီးပြောခဲ့မိသည်ဟု အခုမှ စဥ်းစားမိလိုက်တော့သည်။

ထိခိုက်တာပေါ့လေ။ ချန်ဖုန်းက အမှုထမ်းတွေကတော့ ဒုက္ခရောက်တော့မယ်။ ကျန်းယွင်ကျူးက စိတ်ထဲမှ ပြန်ဖြေလိုက်သည်။ သို့သော် ဘာမှ ပြောစရာက ရှိမနေပေ။ တကယ်လို့ အဲဒီအမှုထမ်းအရာရှိတွေက အပြစ်ကင်းတယ်ဆိုရင် ရှန်ဖုန်းမင်ကို ကြောက်စရာမလိုပါဘူး။ မဟုတ်ရင်တော့ ပြည်သူတွေရဲ့အသက်ကို မငဲ့ကွက်တဲ့အတွက် ရှန်ဖုန်းမင် သ-တ်တာခံလိုက်ရင်တောင် သူတို့ထိုက်နဲ့ သူတို့ကံပဲ။

“အဆင်ပြေမှာပါ၊ ကျွန်မတို့တွေ လုစီရင်စုပြည်နယ်ကို မြန်မြန်သွားမှ ဖြစ်မယ်”

ကျန်းယွင်ကျူးက အဖေကြီးရွှီကို နှစ်သိမ့်ပေးလိုက်ပြီး မမေ့မလျော့ လောဆော်လိုက်လေသည်။

ချန်ဖုန်းမှာ ပြဿနာဖြစ်နေလောက်ပြီ။ သူတို့တွေ စောစောထွက်လာခဲ့တာ ပိုကောင်းမှာ။

ဆယ်ရက်ကြာပြီးနောက် ချန်ဖုန်းရုံးတော်ရှေ့။ ၁၂ခုမကသည့် လူခေါင်းများသည် မြေကြီးပေါ်တွင် လှိမ့်သွားပြီး သွေးများကလည်း နေရာတိုင်းသို့ လွင့်စဉ်သွားလေသည်။

ရှန်ဖုန်းမင်သည် သွေးအိုင်ထဲတွင် ရပ်နေ၏။ သူသည် အနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူ၏ ချောမောလှသည့်မျက်နှာပေါ်တွင် သွေးများ လွင့်စဉ်လာပြီး သားသတ်ရုံထဲက နတ်ဘုရားတစ်ပါးနှယ်။

ဘယ်သူကမှ သူ့ကို မော်မကြည့်ရဲပေ။ သူတို့စိတ်ထဲတွင်ရှိသည့် တစ်ခုတည်းသောအတွေးမှာ သူသည် ရှန်ငရဲမင်းဟူသည့် ဂုဏ်သတင်းဖြင့် ကျော်စောသည့်နာမည်နှင့် ထိုက်တန်လွန်းလှသည်ဟူ၍။ ယန်ရှန့်ကတော့ သူ့မျက်နှာပေါ်တွင် ပူပန်နေသည့်အမူအရာတစ်ခု ရှိနေသည်။ သူသည် ရှန်ဖုန်းမင်အတွက် စိတ်ပူနေမိသည်။ ချန်ဖုန်းက ဒီအရာရှိတွေက ကပ်ဘေးကယ်ဆယ်ရေးကို သေသေချာချာ မလုပ်ဘဲ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ သူတို့အိတ်ထဲ ထည့်ခဲ့ကြလို့ သ-တ်ပစ်သင့်ပါတယ်။

ဒါပေမဲ့ မသ-တ်သင့်တဲ့သူတွေလည်း ရှိသေးတယ်။

ဒါပေမဲ့ ရှန်ဖုန်းမင်က အားလုံးကို သ-တ်ပစ်ပြီး အခွင့်အရေးလေးတောင် မပေးခဲ့ဘူး။

သံမဏိဆိုတာက ကျိုးပဲ့လွယ်တာ သူမသိဘူးလား။ အားလုံးက သူ့ကို ကြောက်ရွံ့နေကြပြီ။ နောက်တစ်ဆင့်က အားလုံးက သူသေဆုံးဖို့ကိုပဲ မျှော်လင့်နေကြတော့မှာ။

သမိုင်းစာအုပ်ကို ကြည့်လိုက်ရင်လည်း အကြမ်းအားဖြင့် ဒီလိုလူတွေက ဇာတ်သိမ်း မကောင်းကြဘူးလေ။ အဲလိုအခြေအနေသာ တကယ်ရောက်သွားရင် ဘုရင်မင်းမြတ်ကတောင် သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး။

ယန်ရှန့်သည် သူ့သူငယ်ချင်းကို အမှန်ပင် နားချချင်ပါသော်လည်း သူ့ကို နားချလို့မရနိုင်မှန်းလည်း သိနေသည်။ တကယ် ဝမ်းနည်းစရာကောင်းတဲ့ကောင်ပဲ။

သည်အချိန်တွင် ကျန်းယွင်ကျူးတို့အဖွဲ့သည် နောက်ဆုံးတော့ ချန်ဖုန်းနယ်နိမိတ်ကို ကျော်ဖြတ်လာပြီး လုစီရင်စုပြည်နယ်သို့ ရောက်လာကြလေသည်။

လုမြို့ကိုရောက်တော့ ကျန်းယွင်ကျူးသည် ရုတ်ခြည်းဆိုသလို အနည်းငယ် ခံစားချက် တက်လာတော့သည်။ နယ်စားအန်းဖင်အိမ်တော်က လုမြို့မှာပဲ။ ငါ့အိပ်မက်ထဲမှာလည်း ငါက လုမြို့မှာ နေခဲ့တာ။ ကျန်းချိန်နဲ့ တခြားသူတွေက လုမြို့ဆီ ထွက်ပြေးလာပေမဲ့ နှစ်အနည်းငယ်ကြာတဲ့အထိ အချင်းချင်း ပြန်မတွေ့ခဲ့ကြဘူး။ ငါ လုမြို့ကို ထပ်ရောက်လာခဲ့ပြီ။ ကျန်းယွင်ရှို့လည်း ရောက်နေသင့်ပြီ။ သူတို့တွေက ဒီလုမြို့နဲ့ ကြိုတင်ရေစက်ပါတယ်လို့ ပြောလို့ရတယ်။

လဝက်ကျော်ခန့် ပြေးလွှားလာခဲ့ပြီးနောက်တွင် အမျိုးသမီးချန်နှင့် တခြားသူများ ပြင်ဆင်လာခဲ့သည့် ပေါင်၅၀စာ ပြောင်းနှံမုန့်ခြောက်များသည် ကုန်သွားတော့သည်။ အားလုံးသည် ညစ်ပတ်ပေရေနေပြီး ဖရိုဖရဲဖြစ်နေကြလေသည်။

လုမြို့သားတို့က နေထိုင်မှုပုံစံက ချန်ဖုန်းထက် အများကြီးသာလေသည်။ အစားအသောက်စျေးနှုန်းက တည်ငြိမ်ပြီး ရေရင်းမြစ်ကလည်း ပေါများသည်။ နောက်ဆုံးတွင် လူများသည် ရေကို ဝယ်သောက်စရာ မလိုပေ။ ငွေအများကြီး သက်သာသွားတော့သည်။

သူတို့သည် ခရီးဆက်လာခဲ့၏။ တတိယမြောက်နေ့တွင် မိုးက ရုတ်တရက်ရွာချလေသည်။ ဆီများလို လျှောကျလာပြီး နေလို့ကောင်းလေစွ။

သူတို့သည် မိုးကို မမြင်ရသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီ။ ကျန်းချိန်က မျက်နှာပေါ်က မိုးစက်များကို လက်ဖြင့်သုတ်လိုက်ပြီး အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားသွားတော့သည်။ လုပြည်နယ်သို့ သွားမည်ဟု ဆုံးဖြတ်လိုက်သည်က မှန်နေသယောင်။

“ ကျွန်တော် စုံစမ်းလာပြီးပြီ၊ ဝူလင်စီရင်စုမြို့နယ်ကို ရောက်ဖို့ ငါးရက်ကြာမယ်တဲ့”

ရွှီချင်ရှန့်က ခပ်သုတ်သုတ်လျှောက်လာပြီး အားလုံးကို ပြောပြလိုက်၏။

ငါးရက်။ နောက်ထပ်သတင်းကောင်းပဲ။ အားလုံးက အင်အားများ ပြန်လည်ရရှိလာသည့်နှယ်။

ဝူလင်စီရင်စုမြို့နယ်တွင် ကြီးမားကျယ်ပြန့်ကာ စိမ်းလန်းသည့်တောင်ကုန်းများကို အဝေးက မြင်နေရသည်။ မျက်စိတဆုံး အဆုံးမရှိသည့်နှယ်။ ထိုအရာက ဝူလင်တောင် ဖြစ်လေသည်။

သည်နေရာက မြို့ခံများနှင့် ဘဝက အလွန်မှ ချမ်းသာကြွယ်ဝကြသည်။ စုံစမ်းလိုက်ပြီးနောက်တွင် ဝူလင်တောင်တွင် သတ္တုတွင်းများရှိသည်ကို သိလိုက်ရလေသည်။

အစောပိုင်းနှစ်များတွင် အနီးနားက ရွာသားများသည် တောင်ပေါ်တက်ခဲ့ချိန်က အမဲရောင်ကျောက်တုံးတချို့ကို မကြာခဏ သယ်ပြန်လာတတ်ကြသည်။ အိမ်သို့ ယူလာပြီးနောက်တွင် ကုန်သည်များက ထိုကျောက်များကို ဝယ်ကြသည်။ အစပိုင်းတွင်တော့ ထိုကျောက်များကို ဘာမှန်းမသိခဲ့ကြပေ။ နောက်ပိုင်းမှာ အာဏာပိုင်အစိုးရက လူလွှတ်ခဲ့သည်။ ထို့အခါမှ ထိုကျောက်များမှာ သတ္တုရိုင်းများဖြစ်နေသည်ကို သိလိုက်ရလေသည်။

ရှမင်းဆက်သည် ဆားနှင့် သံရိုင်းကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားခဲ့သည်။ မကြာခင်မှာပင် စစ်တပ်ကြီးတစ်ခုက သတ္တုတူးဖော်ပြီး သံရည်ကျိုရန် တောင်ပေါ်သို့ တက်သွားကြတော့သည်။

ထိုလုပ်ငန်းအားသည် လူအင်အား လိုအပ်လေသည်။ ထို့ကြောင့် ဝူလင်မြို့ရှိ လူတစ်ဝက်ကျော်လောက်က တောင်ပေါ်တွင် အလုပ်လုပ်ကြသည်။ အာဏာပိုင်အစိုးရပေးသည့် လုပ်အားခကလည်း မနိမ့်ချေ။ ဝူလင်မြို့က လူအားလုံးသည် ကောင်းကောင်းမွန်မွန်နေထိုင်ရလေသည်။

ကျန်းချိန်သည် ထိုအကြောင်းကို ကြားလိုက်ရသောအခါ ဆွဲဆောင်ခံလိုက်ရတော့သည်။ အခုလောလောဆယ် သူတို့မှာ မြေမရှိ၊ ပိုင်ဆိုင်မှုမရှိနဲ့ လက်ထဲမှာလည်း ငွေ၂လျန်လောက်ပဲ ရှိတော့တာလေ။ ဒီလိုမိသားစုကြီးတစ်ခုက ဘယ်လိုအသက်ရှင်နိုင်မှာလဲ။ သူတို့သာ တောင်ပေါ်သွားပြီး အလုပ်လုပ်နိုင်ခဲ့ရင် တစ်နေ့ကို ဝမ်၂၀ ရှာနိုင်မှာ။ တစ်လဆို လျန် ၆ပြား။ နှစ်နည်းနည်းလောက်နေရင် ကိုယ်ပိုင်ငွေနဲ့ လယ်နဲ့တွေ ပိုင်ဆိုင်နိုင်လိမ့်မယ်။

ရွှီချင်ရှန့်လည်း ထိုအကြောင်းကို ကြားလိုက်တော့ အလွန်စိတ်လှုပ်ရှားသွားလေသည်။ တစ်လလျှင် ၆လျန်က တော်တော်များသည့် ပမာဏပင်။

“လုပ်အားခက မြင့်မှာပေါ့၊ လူတိုင်းလုပ်နိုင်တဲ့ အလုပ်မှမဟုတ်တာ၊ မင်းမှာ ခွန်အားတွေ ရှိဖို့လိုသေးတယ်”

စကားပြောနေသည့် အဘိုးကြီးက ကျန်းချိန်နှင့် ရွှီချင်ရှန့်တို့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်လေသည်။ သူတို့နှစ်ယောက်လုံးက အရမ်းကို သန်မာတဲ့ရုပ်ပါပဲ။ သူတို့တွေ အဆင်ပြေကြမှာပါ။

“ ပြီးတော့ တောင်ပေါ်မှာ မကြာခဏဆိုသလို မတော်တဆတွေလည်း ဖြစ်တတ်တယ်လေ ဟင်း”

အဘိုးကြီးက သက်ပြင်းချလိုက်၏။ ဝူလင်မြို့၏ အောင်မြင်မှုနှင့် ကျရှုံးမှုတို့သည် သည်သတ္တုတူးဖော်သည့် တောင်ကြီးပင်။ ထိုရှည်လျားသည့် သတ္တုကြောထဲတွင် ဝူလင်မြို့၏ မရေမတွက်နိုင်သည့် ငယ်ရွယ်ပြီး သန်မာသူများကို မြှုပ်နှံထားလေသည်။

အပိုင်း (၆.၂)

ကျန်းချိန်သည် အခုလောလောဆယ်၌ ထိုအကြောင်းကို သိပ်ဂရုမစိုက်အားပေ။ သူသည် ငွေရှာနိုင်မှ ဇနီးနှင့် ကလေးများက လုံလုံလောက်လောက် စားသောက်နိုင်လိမ့်မယ်။ သူသည် တောင်ပေါ်တက်ပြီး အလုပ်မလုပ်ခဲ့လျှင် ငတ်မွတ်ခြင်းမဟုတ်လျှင် အအေးဒဏ်ကို ခံစားရမည့်ဒုက္ခများ တွေ့ကြုံလာနိုင်သည်။

ဆွဲစရာ ကောက်ရိုးတစ်မျှင် ရှိနေသဖြင့် သူသည် တောင်ဘက်သို့ မသွားတော့ဘဲ အချိန်တစ်ခုအထိ ဝူလင်မြို့တွင် နေဖို့ဆုံးဖြတ်လိုက်တော့သည်။

အဖေကြီးရွှီကတော့ ထိုအကြောင်းကို ကြားလိုက်ချိန်တွင် အမှန်ပင် ပျော်ရွှင်သွားတော့သည်။ သူတို့သည် ကျန်းမိသားစုနှင့် နေ့ပေါင်းများစွာ ချမ်းသာဆင်းရဲ မျှဝေလာခဲ့ကြသည်။ သူတို့၏ စိတ်နေသဘောထားကို သိထားပြီးဖြစ်ရာ သူတို့နှင့် မခွဲခွာချင်ဖြစ်နေတော့သည်။

အားလုံးက အစီအစဥ်မချခင် ချန်းရှီရွာသို့ အတူတူသွားကြည့်ကြရန် ဆုံးဖြတ်လိုက်ကြလေသည်။

ချန်းရှီရွာသည် ဝူလင်တောင်နှင့် မဝေးလှချေ။ ရွာကို ဖြတ်စီးဆင်းနေသည့် မြစ်ငယ်လေးတစ်ခုရှိပြီး မြစ်ရေက ကြည်လင်လေသည်။ ရွာက မိသားစုများသည် အပြာရောင်အုတ်နှင့် ကြွေပြားများသုံးကာ အိမ်အသစ်များကို ဆောက်ထားကြသည်။ ရွှေရောင်ပျိုးစ အချိန်ရောက်နေပြီဖြစ်သည်။ ချက်ပြုတ်နေသည့် မီးခိုးငွေ့များက ကွေးကောက်ကာ တက်လာသည်။ အတော်စည်ကားလှသည့် မြင်ကွင်းတစ်ခုပင်။

ရွှီချင်ရှန့်က ဖြတ်သွားသည့် ရွာသားတစ်ယောက်ထံတွင် စုံစမ်းလိုက်ပြီး သူနှင့် အမျိုးဝေးသည့် ဝမ်းကွဲဦးလေး ကုယုံသယ်၏ လိပ်စာကို သိလိုက်ရလေသည်။

ရွာထဲက အကြီးဆုံးနှင့်အကောင်းဆုံးဆောက်ထာသည့် အိမ်ဖြစ်သည်။

ကြီးကျယ်ခမ်းနားသည့်အိမ်ကို ကြည့်ရင်း အဖေကြီးရွှီနှင့် ရွှီချင်ရှန့်တို့သည် မသက်မသာ ခံစားလိုက်ရတော့သည်။ သူတို့တွေက အဆက်အသွယ်လည်း မရှိဘဲနဲ့ ရုတ်တရက်ကြီး တံခါးလာခေါက်တာဆိုတော့ တစ်ဖက်လူက ဘယ်လိုစဥ်းစားကြမလဲမသိဘူး။ ဒီအပြင် သူတို့တွေက အရမ်းချမ်းသာပြီး ကိုယ်တွေက အရမ်းကို ဆင်းရဲကြတဲ့သူတွေ…။

သူတို့ တံခါးမခေါက်ရသေးခင်မှာပင် လူငယ်တစ်ယောက်က ခြံထဲမှာ ထွက်လာခဲ့သည်။

လူငယ်လေးသည် အပြာရောင်ဝတ်ရုံကို ဝတ်စားထား၏။ သူ့ဆံပင်များကို ခပ်မြင့်မြင့် စည်းနှောင်ထားသည်။ သူ့မျက်နှာသွင်ပြင်က ချောမောပြီး သူ့အရောင်အဝါသည် စာဂျပိုး ဖြစ်ဟန်တူသည်။ တော်တော်အဆင့်တန့်မြင့်ပြီး တင့်တယ်လှသည်။ သူသည် လူချမ်းသာမိသားစုတစ်ခု၏ အထက်တန်းစားတစ်ယောက်နှင့် အမှန်ပင် ဆင်တူလေသည်။

“ ဘယ်သူတွေလဲ မသိဘူး”

လူငယ်လေး၏အသံက ယဥ်ကျေးပြီး နားထောင်ကောင်းနေသည်။

အဖေကြီးရွှီက သူမိသားစု၏နာမည်ကို ပြောပြလိုက်ု၏။

“ ဝမ်းကွဲဦးလေးနဲ့ ဝမ်းကွဲအစ်ကိုတို့ကိုး၊ ကျေးဇူးပြုပြီး ဝင်လာပါခင်ဗျာ”

လူငယ်လေးက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။ ထို့နောက် သူက ခြံဝင်းထဲသို့ အော်ပြောလိုက်၏။

“ အဖေ၊ အမေ ဝမ်းကွဲဦးလေးနဲ့ ဝမ်းအစ်ကိုတို့ ရောက်နေတယ်”

ထိုစကားတစ်ခွန်းတည်နှင့် အဖေကြီးရွှီနှင့် ရွှီချင်ရှန့်တို့သည် မျက်ရည်များ ကျမတတ် ဖြစ်သွားတော့သည်။ ‘ စကားကောင်းတစ်ခွန်းက ဆောင်းတွင်းကို နွေးထွေးစေပြီး စကားဆိုးတစ်ခွန်းက လူကို နာကျင်ရစေကာ ၆လပိုင်းကိုပင် အေးခဲ့စေသည်’ ဟူသည့်ဆိုရိုးစကားက အမှန်ပင်။

အတွင်းဘက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ မကြာမီတွင် သက်လတ်ပိုင်းအရွယ် စုံတွဲတစ်တွဲ ထွက်လာသည်။ အဖေကြီးရွှီတို့ သားအဖကို တွေ့လိုက်ရပြီး သူတို့သည် ဆွေမျိုးတော်စပ်သည်ဟု ခံစားလိုက်ရသည်။ သူတို့ကို ခြံထဲ ဖိတ်ခေါ်လိုက်ရင်း ပြီးခဲ့သည့်နှစ်များက အကြောင်း သတင်းမေးလိုက်ကြလေသည်။

အဖေကြီးရွှီက အဆင်ပြေကြောင်း ထပ်တလဲလဲ ပြောပြလိုက်၏။ သူတို့သည် တံခါးထဲသို့ ဝင်မည်ပြင်လိုက်စဥ် ကျန်းချိန်တို့မိသားစုကို ရုတ်တရက် သတိရသွားတော့သည်။ သူတို့တွေ နေရာတစ်ခု မရှာရသေးဘူးပဲ။

အပြင်ဘက်ကို ကြည့်လိုက်သည်တွင် ကျန်းချိန်တို့ ခုနက ရပ်နေသည့်နေရာမှာ လစ်လပ်နေလေသည်။

သည်နေရာတွင် ဖြစ်ခဲ့သည်မှာ အဖေကြီးရွှီနှင့် သူ့သားက ဆွေမျိုးများကို ရှာတွေ့ခဲ့ပြီး သူတို့ဆွေမျိုးများကလည်း အလွန်မှာ ဖော်ရွေနေသဖြင့် ကျန်းချိန်မှာ စိတ်အေးသွားလေသည်။ သူသည် အဖေကြီးရွှီအား တခြားလူများကို သူတို့အတွက် တောင်းဆိုပေးကာ အနှောင့်အယှက်ဖြစ်မည်ကို မလိုလားပေ။ အမျိုးသမီးချန်နှင့် တခြားလူများကို ခေါ်လာခဲ့ပြီး တိတ်တိတ်လေး ထွက်လာခဲ့လိုက်တော့သည်။

အဖေကြီးရွှီက စိတ်ထဲတွင် ချီးကျူးလိုက်လေသည်။ ကျန်းမိသားစုက တကယ့်ကို အကောင်းဆုံးပဲ။

ရုတ်တရက်ဆိုသလို ရွှီချင်ရှန့်၏ စိတ်ပျက်သွားသည့် တုံ့ပြန်မှုကို သတိထားမိလိုက်ပြီး နားလည်သွားတော့သည်။ ရွှီချင်ရှန့်က ကျန်းမိသားစုမှ ထိုမိန်းကလေးကို တိတ်တခိုးမေတ္တာရှိနေမှန်း သူသိလေသည်။ သူသည်လည်း ထိုမိန်းကလေးကို သဘောကျသည်။ သူမကို လက်ထပ်နိုင်ခဲ့လျှင်တော့ ဝမ်းသာစရာပင်။

ကျန်းမိသားစုက ဒီမှာပဲ နေဖို့ဆုံးဖြတ်ထားတာဆိုတော့ လောစရာတော့ မလိုပါဘူးလေ။

ကျန်းချိန်က အမျိုးသမီးစုနှင့် တခြားလူများကို ဦးဆောင်ကာ လမ်းတစ်ခု ဖြတ်လာပြီး အသက်ကြီးကြီးမိန်းမတစ်ယောက်က တံခါးနားတွင် ပဲသီးခူးနေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းမကြီးသည် ပင်ကိုစိတ် ပျော့ပြောင်းဟန်တူသည်။ ထို့ကြောင့် အမျိုးသမီးချန်က အနားသို့ သွားကာ ရွာထဲတွင် အိမ်ငှားချင်သူ ရှိမရှိ သွားမေးလိုက်လေသည်။

အသွင်အပြင်က ဆင်ခြင်ဉာဏ်ရှီပြီး အမျိုးသမီးချန်သည် သိမ်မွေ့ဟန်ရှိသည်။ သူမ၏စကားများက နားထောင်ရသူအဖို့ သာယာနာပျော်ဖွယ်ဖြစ်လေသည်။ မိန်းမကြီးက သူတို့သည် ကပ်ဘေးမှ ရှောင်လာသူများ ဖြစ်ပြီး လူကြီး လူငယ်အားလုံးက ဖြူဖပ်ဖြူရော်နှင့် ပိန်လှီခြောက်ကပ်နေသည်ကို ကိုယ်ချင်းစာမိသွားပြီး သူတို့ကို သနားသွားတော့သည်။

“ ငါ့မိသားစုမှာ ရွာထိပ်က ခြံလေးတစ်ခုတော့ ရှိတယ်၊ ငါတို့တွေ အရင်တုန်းက အဲမှာနေခဲ့တာ၊ နောက်ပိုင်းမှာ ဒီအိမ်အသစ်ကို ဆောက်ခဲ့တာဆိုတော့ ဟိုနေရာက လွတ်နေတာလေ၊ နင်တို့တွေ ငှားချင်ရင် ငါနင်တို့ ငှားပေးလို့ရတယ်”

ထိုစကားကို ကြားလိုက်သည်တွင် အမျိုးသမီးချန်မှာ အလွန်ပျော်သွားတော့သည်။

“ ကျေးဇူးတင်ပါတယ် အဒေါ်ရယ်”

သို့သော် ထိုမိန်းမကြီးက ဖြတ်ပြောလိုက်သည်။

“ ကျေးဇူးအတင်မစောနဲ့အုံး၊ အိမ်ကိုတော့ နင်တို့ ငှားလို့ရပါတယ်၊ ငွေကိုလည်း ညှိနှိုင်းလို့ရတယ်၊ နင်တို့တွေက ဒေသခံတွေ မဟုတ်ဘူးလေ၊ နင်တွေ ဒီနေရာမှာ အိမ်ငှားပြီး နေချင်တယ်ဆိုရင် ရွာသူကြီး ထောက်ခံချက်နဲ့ အာဏာပိုင်အစိုးရကိုလည်း သတင်းပို့ဖို့လိုတယ်”

ဒီအချက်က လူဆိုးတွေ အတွက်ရည်ရွယ်တာပဲ။ နောက်တစ်ချက် ရွာသူကြီး။ သူက သူတို့လို သူစိမ်းတွေကို ရွာမှာနေဖို့ ဘာလို့ သဘောတူပေးမှာလဲ။ ပြီးတော့ လူကို အာမခံထားပေးဖို့ အာဏာပိုင်ရုံးတော်ကို အကြောင်းကြားဖို့လိုတယ်တဲ့။

အမျိုးသမီးချန်၏နှလုံးသည် တစ်ဖန် ခုန်ထွက်လာတော့သည်။

“ ရွာသူကြီးက ဘယ်သူလဲ ပြောပြလို့ရမလားရှင်”

ထိုမိန်းမကြီးက ရွာထဲက အကောင်းဆုံးအိမ်ကို လက်ညှိုးထိုးပြလိုက်လေသည်။

“ ဟိုးနားမှာ၊ ရွာသူကြီးရဲ့ မျိုးရိုးနာမည်က ကု တဲ့၊ သူ့နာမည်က ကုယုံသယ်”

ejyz
Author: ejyz
ကြမ္မာဖလှယ်ပြီးလေသော်

ကြမ္မာဖလှယ်ပြီးလေသော်

换命后的美好生活
Score 7
Status: Ongoing Type: Author: Artist: Released: 2022 Native Language: Chinese
Wonderful Life After Exchanging Fate Author 独恋一枝花 MM Translator YuuKi ဇာတ်လိုက် ကျန်းယွင်ကျူး (code EJYZ) ကြမ္မာဖလှယ်ပြီးလေသော် ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေး သမီးတွေထဲက တစ်ယောက်ကို ရောင်းမှဖြစ်မယ့် အခြေအနေရောက်လာတော့တယ်။ ကျန်းယွင်ကျူးက တုတ်ချောင်းအတိုတစ်ခုကို ရွေးမိသွားပြီး လူပွဲစားတစ်ယောက်နောက် လိုက်သွားခဲ့ရတယ်။ ခုနှစ်နှစ်ကြာပြီးနောက်မှာတော့ ကျန်းယွင်ကျူးရဲ့မျက်နှာလေးက ပိုပြီးတော့ ဝင်းပလာလေရဲ့။ သူမက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး အချွေအရံတွေ ဝန်းရံလို့ပေါ့။ ဒီအချိန်မှာ သူမက နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်သွားပြီ။ သူမက အင်မတန် ဂုဏ်ကျက်သရေနဲ့ ပြည့်စုံနေမှာတော့ ပြောစရာတောင်မလိုတော့လေဘူး။ ဟိုတုန်းက အဲဒီလူပွဲစားက သူမကို နယ်စားကြီးအန်းဖင်အိမ်တော်ကို ရောင်းခဲ့တာ ဖြစ်နေတာကိုး။ တစ်ချိန်ထဲမှာပဲ ကျန်းယွင်ရှို့ရဲ့မျက်နှာကတော့ လေဒဏ် နှင်းဒဏ်တွေကြောင့် ချုံးချုံးကျလို့ပေါ့။ နေ့တိုင်း ထင်းနဲ့ဆန် အတွက်စိတ်ပူနေခဲ့ရတယ်။ အစ်မဖြစ်သူ ကျန်းယွင်ကျူးပေးတဲ့ ဘရိုကိတ်ပိတ်စကို လက်ခံခဲ့ရပြီးနောက်မှာတော့ ကျန်းယွင်ရှို့က သွေးတွေထွက်လာတဲ့အထိ အံတင်းတင်း ကြိတ်ထားလိုက်တော့တယ်။ တကယ်လို့များ သူမသာ လူပွဲစား ခေါ်သွားခံခဲ့ရတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင်.... မဲနှိုက်ခဲ့တဲ့နေ့ကို တစ်ခါ ပြန်ရောက်သွားလေရဲ့။ ကျန်းယွင်ရှို့က တုတ်ချောင်းအတိုတစ်ခုကို ဦးအောင် လုထားလိုက်တယ်။ ဒီတစ်ခါတော့ သူမက တခြားလူတွေရဲ့အထက်မှာ ရှိနေချင်တယ်တဲ့လေ။ ကျန်းယွင်ကျူးကတော့ တုတ်ချောင်းအရှည်တစ်ခုကိုပဲ ပြုံးပြီး ယူထားလိုက်တယ်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်းလွယ်တယ်လို့ သူမက ထင်နေတာတဲ့လား။ မှတ်ချက် : အဓိကဇာတ်လိုက်ရဲ့ အိပ်မက်ထဲက ချမ်းသာမှုနဲ့ ဂုဏ်သရေတွေက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာပါ။ အရောင်းခံလိုက်ရလို့ မဟုတ်ပါဘူး။ အရောင်းမခံရစေနဲ့နော်။ ပိုကောင်းတဲ့ဘဝမှာ နေကြပါ။ ...  

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset