အပိုင်း (၇.၁)
တိုက်ဆိုင်လိုက်ပါပေ့။ ကျန်းချိန်သည် အဖေကြီးရွှီ အခုလေးတင်ဝင် သွားသည့် အိမ်ကြီးမှာ မိန်းမကြီးပြောသည့် ရွာသူကြီးအိမ်ဖြစ်နေမှန်း မှတ်မိသွားတော့သည်။ စိတ်ထဲတွင် အစီအစဥ်တစ်ခုချလိုက်ပြီး သူက မိန်းမကြီးဆီ သွားလိုက်ပြီး သူတို့ကို အချိန်တစ်ခုပေးဖို့ တောင်းဆိုလိုက်သည်။ သူက သည်အချိန်လောက်ဆိုလျှင် ရွာသူကြီးက အဖေကြီးရွှီနှင့် ပြန်ဆုံစည်းနေရပြီ ဖြစ်သောကြောင့် သူ့ကို မနှောင့်ယှက်လိုကြောင်း ရှင်းပြလိုက်လေသည်။
“ ဒါလည်း အဓိပ္ပာယ်ရှိပါတယ်လေ”
မိန်းမကြီးက သူတို့သည် ရွာသူကြီး၏ဆွေမျိုးများနှင့်အတူ ကပ်ဘေးရှောင်လာသည်ဟု ကြားလိုက်သဖြင့် စိတ်အေးသွားလေသည်။
“ လာကြ၊ ကျွန်မ ရှင်တို့ကို အရင်ဆုံးအိမ်လိုက်ပြမယ်”
သူမသည် လက်ထဲက ခြင်းတောင်းကို ကိုင်ရင်း ပြောလိုက်လေသည်။
သူမက ရှေ့က လျှောက်သွားလိုက်ပြီး ကျန်းချိန်တို့အဖွဲ့က နောက်မှ မြန်မြန်လိုက်သွားလိုက်သည်။
ရွာထိပ်တွင် ခြံဝင်းတစ်ခုရှိပြီး ဘေးတွင် တောင်များနှင့် မြစ်များ ရှိလေသည်။ ခြံဝင်းက အလွန်ကျယ်ဝန်းလှသည်။ ပင်မဆောင်လေးခန်းနှင့် အခန်းပို သုံးခန်းပါရှိသည်။ မီးဖို၊ မြေအောက်ခန်း စသည်ဖြင့်လည်း ရှိသည်။ ပရိဘောဂ တချို့လည်း ရှိသေးသည်။
အိမ်ကတော့ အသစ်မဟုတ်တော့ပေ။ သို့တိုင် အရင်က ကျန်းမိသားစုနေခဲ့သည့်အိမ်ထက် အများကြီး ပိုကောင်းလေသည်။ ကျယ်ဝန်းပြီး ခိုင်ခန့်လှသည်။
“ ဒါက ကျွန်မတို့နေခဲ့တဲ့ အိမ်လေ၊ နောက်ဆုံး ကျွန်မတို့လည်း အိမ်သစ်ဆောက်ပြီးသွားပြီမလား”
အိမ်အသစ်အကြောင်းပြောရင်း မိန်းမကြီး၏မျက်နှာမှာ ပျော်ရွှင်မှုအပြည့်ဖြစ်နေလေသည်။
ကျန်းချိန်သည် သူမ၏အိမ်အသစ်လေးကို အခုလေးတင် တွေ့ခဲ့ရသည်။ ပင်မဆောင် ငါးခန်းပါပြီး ခြံဝင်းနှစ်ခုဖြစ်သည်။ အမှန်ပင် ခမ်းနားလှပေသည်။ အားကျစိတ်များက သူ့စိတ်ထဲတွင် ပေါက်ဖွားလာခဲ့သည်။ သူရော ဘယ်အချိန်ကျမှ ဒီလိုအိမ်မျိုး ပိုင်ဆိုင်ရမှာလဲ။ အဲဒီအချိန်ကျရင်တော့ သူလည်း ကျေနပ်ပျော်ရွှင်မိမှာပဲ။
ရှိလာလိမ့်မှာပါလေ။ သူ မိုင်းတွင်းထဲ ဝင်တာနဲ့ အားလုံးရလာလိမ့်မယ်။ သူသည် အနာဂတ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ အပြည့်ဖြစ်နေတော့သည်။
နှစ်ယောက်သားသည် စျေးတစ်ခု ညှိနှိုင်းလိုက်ကြပြီး တစ်နှစ်လျှင် တစ်လျန် ဟုသတ်မှတ်လိုက်သည်။ ကျန်းချိန်က မနက်ဖြန် ရွာသူကြီးကို သွားရှာပြီး မြို့တွင် သတင်းသွားပို့ပြီးမှ စာချုပ် ချုပ်ရန် စောင့်ဆိုင်းဖို့သာ လိုတော့သည်။
အခုတော့ ကျန်းမိသားစုသည် သည်နေ့ည ထိုနေရာတွင် နေနိုင်လေသည်။
မိန်းမကြီးက ဒေသခံတစ်ယောက်ဖြစ်သည်။ သူမသည် ကျန်းမိသားစုလို အပြင်လူက လိမ်လည်သွားမည်ကို မစိုးရိမ်ပေ။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကလည်း အလွန်မှ ကျေးဇူးတင်နေကြသည်။ သူတို့သည် လူကောင်းတစ်ယောက်နှင့် တွေ့လိုက်သည်နှင့် ကျေးဇူးတင်စကား ပြောတတ်ကြသည်။ သည်လိုအိမ်ကောင်းတစ်လုံးကို တစ်နှစ်လျှင် ငွေ တစ်လျန် သာ ပေးရသည်တဲ့။
သူတို့သည် အလွန်ယဥ်ကျေးပျူငှာသည်ကို တွေ့လိုက်ရသဖြင့် မိန်းမကြီးက ဝမ်းသာသွားတော့သည်။ သူမသည် သည်အိမ်တွင် ဆယ်နှစ်ကျော်လောက် နေလာခဲ့သည်။ အမှန်ပင် သည်အိမ်ကို သံယောဇဥ် ဖြစ်မိခဲ့သည်။ သည်လိုမိသားစုတစ်ခုကို ငှားပေးရသည့်အတွက် စိတ်အေးရလေသည်။ မဟုတ်လျှင်တော့ တခြားလူက သူမ၏အိမ်ကို ဖျက်ဆီးသွားမည့်အရေးကြောင့် ထိုငွေနည်းနည်းပါးပါးကို လက်ခံလိမ့်မယ်မဟုတ်ပေ။
“ ကောင်းပါပြီ၊ ရှင်တို့တွေ ပင်ပန်းနေကြမှာပဲ၊ သန့်ရှင်းရေးလုပ်ပြီး အနားယူလိုက်ကြအုံး” မိန်းမကြီးက ဝမ်းသာအားရဖြင့် ထွက်သွားတော့သည်။
တံခါးပိတ်လိုက်ပြီးနောက် အမျိုးသမီးချန်က တောက်ပနေသည့်အိမ်ကို ကြည့်ရှုလိုက်၏။ ထို့နောက် သူမက ကျန်းချိန်နှင့် တခြားသူများဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများက တစ်ဖန် နီရဲလာပြန်သည်။ နောက်ဆုံးတော့ သူတို့တွေ နေစရာ နေရာတစ်ခု ရှိလာပြီလေ။
ကျန်းချိန်လည်း ခံစားချက်တက်လာတော့သည်။ သူမ၏လက်ကို ကိုင်ထားရင်း ပြောလိုက်၏။
“ အဆင်ပြေလာတော့မှာပါ”
အမျိုးသမီးချန်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၏။ သူမသည် ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ရာ သည်စကားကို ပြောလေ့ရှိတတ်သော်လည်း အခုတော့ သူမ ယုံကြည်မိလေသည်။ ဟုတ်တယ်။ အခြေအနေ ကောင်းလာတော့မှာပါ။
မိသားစုက အိမ်ကို စတင် သိမ်းဆည်းလိုက်ကြသည်။
အိမ်ကို ကောင်းကောင်း မွန်မွန် ထိန်းသိမ်းထားခဲ့သည်။ အနည်းငယ် သန့်ရှင်းရေး လုပ်သည်နှင့် နေထိုင်လို့ရသွားတော့သည်။
ကျန်းယွင်ကျူးက သူမ၏အခန်းကို သန့်ရှင်းရေးလုပ်ရင်း အလုပ်များနေသည်။ နောက်ဆုံးတော့ ငါ အိပ်ရာတစ်ခုနဲ့ ပြန်အိပ်နိုင်သွားပြီ။ အဖေကြီးရွှီရဲ့ ဆွေမျိုးတွေကို သွားရှာတဲ့ ခရီးက ဒီလောက်ချောမွေ့နေမယ်လို့ မထင်ထားခဲ့ဘူး။ သူတို့တောင် အကျိုးအမြတ်ရခဲ့သေးတယ်။
ကျန်းဝူက စိတ်လှုပ်ရှားကာဖြင့် ဟိုပြေး သည်ပြေးလုပ်ကာ ဟိုနားသွားကြည့်လိုက် သည်နားလာကြည့်လိုက် လုပ်နေသည်။ မကြာခဏဆိုသလို သူက အပြုံးလေးဖြင့် အမျိုးသမီးချန်နှင့် တခြားသူများကို မေးတတ်သေးသည်။
“ အမေ သားတို့ နောက်ဆို ဒီမှာ တကယ်နေလို့ရသလား”
“ဒါပေါ့”
အမျိုးသမီးချန်နှင့် တခြားသူများကလည်း မမောနိုင် မပန်းနိုင် သူ့ကို ပြန်ဖြေပေးကြသည်။ ကြီးမားသည့် ခြံဝင်းကြီးသည် တစ်ဖန် အသက်ဝင်လာခဲ့လေသည်။
ညနေခင်းတွင် လူတစ်ယောက်က တံခါးလာခေါက်သည်။ မိန်းမကြီးက ကျန်းမိသားစုသည် အခုမှ သည်နေရာသို့ ရောက်လာပြီး စားစရာမရှိသည်ကို တွေးမိသဖြင့် စွပ်ပြုတ်ပူပူတစ်အိုးနှင့် ဂျုံဖြူများ ရောထားသည့် မုန့်ခြောက်အနည်းငယ်ကို ယူလာပေးခြင်းဖြစ်နေလေသည်။
“ ဘယ်ဖြစ်မလဲ၊ ကျွန်မတို့ လက်မခံပါရစေနဲ့ရှင်” အမျိုးသမီးချန်က မြန်မြန် ပြန်ပြောလိုက်လေသည်. ဂျုံဖြူများ ရောထားသည့် မုန့်ခြောက်က အထူးပွဲတော်များတွင်မှ စားရသည့် မုန့်ခြောက်မျိုးဖြစ်သည်။
အမျိုးသမီးကြီးက စိတ်မဆိုးချေ။ ဝူလင်မြို့က လူများသည် ချမ်းသာကြလေသည်။ သည်လိုမုန့်ခြောက်မျိုးက သူတို့၏ နေ့စဥ်စားနေကျအစားအစာပင်။
မုန့်ခြောက်ကို ထားခဲ့ပြီး သူမက ထွက်သွားတော့သည်။
သည်နေ့ညတွင် ကျန်းမိသားစုသည် စွပ်ပြုတ်ပူပူလေးနှင့် မုန့်ခြောက်တို့ကို စားသောက်ခဲ့ရသည်။ သူတို့၏စိတ်ထဲတွင် နွေးထွေးသွားသည်ကို ခံစားလိုက်ရလေသည်။
ဆိုင်းမဆင့် ဗုံမဆင့် အတွေးတစ်ခုက ကျန်းချိန်၏စိတ်ထဲ ဖျတ်ခနဲရောက်လာတော့သည်။ သူတို့တွေ ဒီတစ်ခါ ထွက်ပြေးလာပြီး လက်ထဲမှာလည်း ငွေ ၆လျန်ပဲ ရှိတာ။ အဖေကြီးရွှီတို့ သားအဖနဲ့ တွေ့လို့ ခရီးက ချောမွေ့ခဲ့ရတယ်။ မဟုတ်ရင် ဘယ်လောက်များ ခက်ခဲလိမ့်မလဲ စဥ်းတောင် မစဥ်းစားရဲဘူး။
ကံကောင်းလို့။ ကံကောင်းပေလို့ပဲ။
သာယာသည့် ညချမ်းတစ်ခု ကုန်ဆုံးသွားပြီးနောက် ကျန်းချိန်သည် နောက်တစ်နေ့မနက် စောစောထပြီး၊ ကိုယ်လက်သန့်စင်ကာ ရွာသူကြီး ကုယုံသယ်ကို သွားရှာလိုက်တော့သည်။
ကုယုံသယ်က သူ့ကို မသိသော်လည်း အဖေကြီးရွှီက သူ့ကို ကောင်းကောင်းသိလေသည်။ သူသည် ကျန်းချိန်က သူခိုးကို ကူမောင်းထုတ်ပေးခဲ့သည့်အကြောင်းနှင့် မိသားစုနှစ်ခုက အချင်းချင်း ထောက်ပံ့ကာ ချန်းရှီရွာသို့ ချောချောမောမော ရောက်လာခဲ့သည့်အကြောင်းကို ချက်ချင်း ပြောပြလိုက်လေသည်။ သူ့စကားလုံးများက ကျန်းချိန်ကို ချီးမွှမ်းထားခြင်းပင်။
“ ဒီလို ကိစ္စမျိုး ရှိခဲ့တာကိုး၊ ဒီကိစ္စက လုပ်ရတာလွယ်ပါတယ်”
ကုယုံသယ်က အဖေကြီးရွှီကို ယုံကြည်လေသည်။ ဝူလင်မြို့သည် လက်ရှိတွင် လူဦးရေ နည်းပါးနေလေသည်။ သူ ပြောပေးထားသရွေ့ အဆင်ပြေနိုင်သည်။
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်မျာ” ကျန်းချိန်က ကုယုံသယ်ကို ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် အဖေကြီးကိုလည်း ကျေးဇူးတင်စကားပြောလိုက်လေသည်။
“ ဪ ကျုပ်တို့မိသားစု နှစ်ခုကြားမှာ ဘာကျေးဇူးတင်စရာမှ မလိုပါဘူး” အဖေကြီးရွှီ၏စကားလုံးက လေးနက်သည့်အဓိပ္ပာယ် ရှိနေသယောင်။
အမှန်တွင်တော့ ကျန်းချိန်သည်လည်း ရွှီချင်ရှန့်ကို သဘောကျလေသည်။ ရွှီမိသားစု၏လူဦးရေက ရိုးရှင်းလှသည်။ ကျန်းယွင်ကျူးသာ လက်ထပ်လိုက်လျှင် ဒုက္ခများလိမ့်မည် မဟုတ်ပေ။ သို့သော် သည်ကိစ္စကို ကျန်းယွင်ကျူးနှင့် တိုင်ပင်ရအုံးမည်။ အခုတော့ သည်အကြောင်းပြောရန် အချိန်ကောင်းမဟုတ်သေးချေ။ ထို့ကြောင့် သူက နားမလည်သလို ဟန်ဆောင်နေလိုက်တော့သည်။
ကုယုံသယ်က လက်တွေ့သမားဖြစ်သည်။ အချိန်ကိုက်ပဲ။ အဖေကြီးရွှီနဲ့ ရွှီချင်ရှန့်တို့ကလည်း ဒီမှာ အမြဲနေချင်တာဆိုတော့ ဒီကိစ္စကို လုပ်ရမှာပဲ။
သုံးယောက်သားက မြို့က ရုံးတော်သို့ အတူတူသွားလိုက်ကြသည်။
နှစ်နာရီမပြည့်ခင်မှာပင် ကျန်းချိန်က ဝမ်းသာပျော်ရွှင်သည့်မျက်နှာဖြင့် ပြန်ရောက်လာခဲ့သည်.
“ ပြီးသွားပြီလား”
အမျိုးသမီးချန်က တံခါးနားတွင် ရပ်စောင့်နေ၏။
ကျန်းချိန်က သူ့လက်ထဲက အိမ်ထောင်စုဇယားစာရွက်ကို ပြလိုက်ပြီး
“ ငါတို့တွေ ရွာသူကြီးနဲ့ ရွှီမိသားစုကို ကျေးဇူးကြွေးကြီးတစ်ခု တင်သွားပြန်ပြီ”
ကိစ္စ အဆင်ပြေပြေ ဖြစ်သွားစေရန် ကုယုံသယ်က ရုံးတော်လက်ထဲ ထည့်ပေးခဲ့လိုက်သည့် လက်ဖက်ခြောက်အိတ်ကြီးက အရေးကြီးသည့်အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့ရသည်။
သူတို့တွေက ဘယ်လိုလုပ်ပြီး တခြားသူဆီက တစ်ခုခုကို တောင်းဆိုခဲ့ပြီး သူတို့ကို ကုန်ကျခိုင်းလို့ ဘယ်ဖြစ်မလဲ။ ငွေသည် သူ့အတွက် အရေးမပါလျှင်တောင် ကျန်းချန်သည် တစ်ဖက်လူအပေါ် အများကြီးအကြွေးတင်မိသည်ဟု ခံစားနေရလေသည်။ နောက်ပိုင်း သူ့တွင် ငွေရှိလျှင် နှစ်ဆပြန်ပေးမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားလိုက်တော့သည်။ အမျိုးသမီးချန်က အိမ်ထောင်စုစာရင်းစာရွက်ကို ကိုင်ပြီး ဝမ်းသာစွာ ကြည့်နေလေသည်။ ထို့နောက်မှ သူမက သေသေချာချာ သိမ်းထားလိုက်တော့သည်။ သည်လိုဆိုလျှင် သူတို့သည် ဝူလင်မြို့သားဟု မှတ်ယူနိုင်လေသည်။ ဒုက္ခသည်အဖြစ် အာဏာပိုင်အစိုးရ၏ ဖမ်းဆီးခံရမည်ကို စိုးရိမ်စရာ မလိုတော့သလို မူလနေရာသို့ ပြန်မောင်းထုတ်ခံရမည်ကိုလည်း စိုးရိမ်စရာမလိုတော့ချေ။
“ ငါ အိမ်ငှား စာချုပ်ချုပ်ဖို့ အဒေါ်ကျောက်ဆီ သွားလိုက်အုံးမယ်”
ကျန်းချိန်က သည်ကိစ္စများကို တစ်ခါတည်း စီစဥ်ရန် ဆုံးဖြတ်လိုက်လေသည်။
“ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်” အမျိုးသမီးချန်က ပြန်ပြောလိုက်၏။
သိပ်မကြာခင်မှာပင် နှစ်ယောက်သားသည် စာချုပ်တစ်ခုဖြင့် ပြန်လာရောက်လာခဲ့သည်။ အားလုံးကို အစီစဥ်တကျလုပ်ပြီးသွားလေသည်။
သူတို့လက်ထဲတွင် ငွေ တစ်လျန်တောင် မပြည့်တော့ချေ။ အမျိုးသမီးချန်က ပြောလိုက်၏။
“ ကျွန်မ မြို့တက်ပြီး စားစရာတချို့နဲ့ အသုံးအဆောင်ပစ္စည်းတွေ သွားဝယ်လိုက်အုံးမယ်”
ငွေ တစ်လျန်က သုံးလို့လောက်ပါ့မလားဟု စဥ်းစားလိုက်လေသည်။ တကယ်လို့ မလောက်ရင်လည်း အမေထားခဲ့တဲ့ ဆံထိုးကို အပေါင်ထားလိုက်ပါမယ်လေ။ သိပ်တော့မလုပ်ချင်ပေမဲ့ သူတို့တွေက အိမ်အသစ်မှာ အားလုံးကို အသစ်ပြန်လုပ်ရမှာမလား။ ပြီးတော့ ရာသီဥတုကလည်း ပိုပြီး အေးလာပြီ။ အနှေးနဲ့ အမြန်တော့ ဂွမ်းစောင်တွေ ရှိထားမှ ရတာ့မှာပဲ။ နေ့တိုင်းနီးပါး အဝတ်အစားတွေလည်း တိုးလာတော့မှာ။ ငွေသုံးရမဲ့နေရာတွေအများကြီးပဲ။
“ နေ့လယ်ကျရင်တော့ မိုင်းတွင်းမှာ အလုပ်ဘယ်လိုရနိုင်မလဲ မေးကြည့်လိုက်မယ်”
ကျန်းချိန်က အိမ်၏အခက်အခဲများကို သိထားသဖြင့် ချက်ချင်း ပြောလိုက်တော့သည်။
နေ့လယ်ခင်းတွင် တစ်ခုခုကို အလောတကြီးစားသောက်လိုက်ပြီး လင်မယားနှစ်ယောက်က တစ်လမ်းစီ သွားလိုက်ကြသည်။
ကျန်းယွင်ကျူးက အမျိုးသမီးချန် မြို့ထဲသွားမည်ဟု ကြားလိုက်ချိန်တွင် သူမလည်း လိုက်သွားဖို့ရာ ချက်ချင်း တောင်းဆိုလိုက်သည်။ သူမသည် သည်နေရာက စျေးနှုန်းများကို စုံစမ်းပြီး ငွေရှာရန် နည်းလမ်းတစ်ခု စဥ်းစားချင်ခဲ့သည်။ ကျန်းချိန်ကတော့ မိုင်းတွင်းမှာ အလုပ်လုပ်မဲ့ကိစ္စက သူ မလုပ်နိုင်ရင် မသွားတာ ပိုကောင်းသေးတယ်လေ။ အရမ်းအန္တရာယ်များတယ်မလား။
ကျန်းလင်နှင့် ကျန်လူများကလည်း ထိုအကြောင်းကို ကြားလိုက်ချိန်တွင် သူတို့လည်း ချက်ချင်း လိုက်ချင်သွားတော့သည်။
အမျိုးသမီးချန်က သူမသည် နောက်ပိုင်းတွင် ဝယ်စရာအများအပြား ရှိသဖြင့် သူတို့လိုက်လာကာ ပစ္စည်းများကို သယ်ကူလည်း အဆင်ပြေသည်ဟု စဥ်းစားလိုက်လေသည်။
လူတချို့က မြို့သို့ အတူတူ သွားလိုက်ကြသည်။
ဟုန်ယဲ့မြို့သည် မြို့ငယ်လေးတစ်ခု ဖြစ်သော်လည်း လူများသည် ချမ်းသာကြသဖြင့် လမ်းများသည် ကျန်းယွင်ကျူး၏ မြို့ဟောင်းလေးထက် အများကြီး စည်ကားလေသည်။ အဝတ်အစား၊ အစားအသောက်၊ ပရိဘောဂ ၊ လား နှင့် မြင်းများရောင်းသူများလည်း ရှိကြသည်။
အမျိုးသမီးချန်က နေရာအနှံ့ စျေးဝယ်ထွက်လိုက်သည်
ကျန်းယွင်ကျူးက ဘယ်ညာကြည့်ရင်း လိုက်လာခဲ့သည်။
လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ အသားအစာသွပ်နှမ်းမုန့်က ၃ ဝမ်၊ အမွေးအကြိုင်ငါးမျိုးနဲ့က တစ်ခုကို ၁ ဝမ်။ အဆီပြည့်အသားမုန့်က တစ်ခုကို ၅ ဝမ်။ တစ်ခုဝယ်ရင် ပြောင်းဆန် ဆန်ပြုတ်တစ်ပွဲနဲ့ အချဥ်ကို အလားပေးတယ်။ အဝေးကနေတောင် သိုးသားစွပ်ပြုတ်ရဲ့အနံ့ကို ရနေတယ်။ တစ်ပွဲ ၁၀ ဝမ်။ ၂ ဝမ် တန် မုန့်ခြောက်နဲ့တွဲလိုက်ရင် ဗိုက်ပြည့်နေမှာပဲ…
ကျန်းယွင်ကျူးက အစားအသောက်ရောင်းသူများကို အထူးတလည် စစ်ဆေးကြည့်လိုက်လေသည်။ သူမသည် ထိုအကြောင်းကို သေသေချာချာ စဥ်းစားထားပြီးဖြစ်လေသည်။ ငါ့မှာ အရင်းအနှီးမရှိ၊ အဆက်အသွယ်မရှိဆိုတော့ တခြားစီးပွားရေး လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဒါဆိုရင်တော့ အစားအစာလုပ်ဖို့ပဲ ရှိတော့တယ်။ ပင်ပန်းတဲ့အလုပ်ဆိုပေမဲ့ အရင်းအနှီးနည်းတယ်။ အဆင်ပြေသွားတာနဲ့ ငွေရှာနိုင်လိမ့်မယ်။
ခေတ်သစ်မှာတုန်းကတော့ ငါက ချက်ပြုတ်ရတာ သဘောကျတယ်လေ။ အိပ်မက်ထဲမှာတုန်းကလည်း အန်းဖင်နယ်သားအိမ်တော်ရဲ့ စားဖိုဆောင်မှာ နှစ်နှစ်လောက်နေခဲ့ပြီး ဟင်းချက်နည်းတွေကို လေ့လာခဲ့ရတယ်။ နေရာကောင်းတစ်ခု ရှာနိုင်သ၍တော့ အဆာပြေမုန့်တချို့ ရောက်ဖို့က မခက်ခဲလောက်ဘူး။
ဘာလုပ်ရောင်းရမယ်ဆိုတာကိုပဲ မဆုံးနိုင်ဖြစ်နေတာ။
ညနေခင်းတွင် သူတို့အဖွဲ့သည် ပစ္စည်းအပြည့်ဖြင့် ပြန်ရောက်လာကြတော့သည်။
အိုးခွက်ပန်းကန်၊ အစားအသောက်၊ ဆီ၊ဆားနှင့် ဂွမ်းစောင်တစ်ခုချုပ်ရန် ပိတ်စနှစ်အုပ်တို့ကို ဝယ်လာခဲ့သည်။ နောက်ဆုံးတော့ နေနိုင်သွားလောက်ပါပြီလေ။
ကျန်းချိန်က အိမ်တွင် စောင့်နေလေသည်။
“ အလုပ်ခေါ်တဲ့သူနဲ့ သဘောတူညီမှုရခဲ့ပြီးပြီ၊ ငါ မနက်ဖြန် မိုင်းတွင်းမှာ အလုပ်သွားလုပ်ရမယ်၊ တစ်လကို ငွေ၆လျန်တဲ့၊ လုပ်အားခ တစ်လစာ ကြိုယူလို့ရတယ်”
စိတ်လှုပ်ရှားကာဖြင့် သူသည် စကားကို အဆုံးသတ်လိုက်ပြီး အမျိုးသမီးချန်ကို ငွေ ဝမ်တစ်တွဲ လှမ်းပေးလိုက်လေသည်။
အပိုင်း (၇.၂)
လေးလံသည့်ငွေအတွဲတစ်ခုက ငွေတစ်တုံး၏အစွန်းထက် ပိုပြီး အကျိုးရှိနေယောင်။ ထို့အပြင် မိသားစုက လက်ရှိတွင် ငွေပြတ်လပ်နေလေသည်။
“ လစာကို ကြိုထုတ်ထားလို့ ရတယ်တဲ့လား” အမျိုးသမီးချန်က ငွေကို ဝမ်းသာအားရ လက်ခံလိုက်ရင်း မေးလိုက်လေသည်။
“ အလုပ်ခေါ်တဲ့သူက ပြောတယ်၊ အခုတလော မိုင်းတွင်းမှာ လူတွေလိုနေတာတဲ့၊ ဒါကြောင့် ဒီစည်းမျဥ်းကို ထည့်လိုက်တာတဲ့” ကျန်းချိန်က ပြန်ပြောလိုက်သည်။ သူသည် အချိန်ကိုက် ရောက်လာခြင်းပင်။
“ လူတွေအများကြီး သွားကြတာတောင် လူလိုနေသေးတယ်ဟုတ်လား၊ ဒီလောက်ကောင်းတဲ့ လစာနဲ့တောင်လေ….”
အမျိုးသမီးချန်သည် ဝမ်းသာမိသော်လည်း ရုတ်တရက် စိတ်ပူသွားပြန်သည်။
“ ရပါတယ်ကွာ၊ ငါ ကြည့်ခဲ့ပြီးပြီ၊ ငါ ဒီအလုပ်ကို လုပ်နိုင်ပါတယ်၊ ပြီးတော့ မြို့ကလူ အားလုံးကလည်း အဲမှာပဲ အလုပ်လုပ်နေကြတာ၊ အားလုံးက အဆင်ပြေနေတာပဲ၊ ငါ့ကျမှ ဘာဖြစ်နိုင်မှာလဲ” ကျန်းချိန်က သူမကို နှစ်သိမ့်ပေးလိုက်လေသည်။
အမျိုးသမီးချန်ကလည်း ကျိုးကြောင်းသင့်သည်ဟု စဥ်းစားလိုက်လေသည်။ သူမသည် သူ စောစောစီးစီး အနားယူနိုင်ရန် မြန်မြန်ချက်ပြုတ်ပေးလိုက်၏။
ကျန်းယွင်ကျူးက နားထောင်နေရင်းမှာ ရုတ်တရက် သူမ၏ခေါင်းကို ရိုက်လိုက်တော့သည်။ အမြတ်အများဆုံးရမဲ့နေရာကို ဘယ်လိုလုပ်ပြီး မေ့နေနိုင်တာတဲ့လဲ။
မိုင်းတွင်းမှာ လူတွေအများကြီး အလုပ်လုပ်တာဆိုတော့ စျေးကွက်အလားအလာကလည်း ကြီးမှာပဲ။
သူမသည် ကျန်းချိန်အား မိုင်းတွင်းအကြောင်း အသေးစိတ်မေးမြန်းလိုက်ကာ အစားအသောက်နှင့် နေရာထိုင်ခင်းကို အဓကဦးစားပေးမေးလိုက်လေသည်။
ကျန်းချိန်သည် သည်နေ့တွင် မိုင်းတွင်းသို့ သွားရောက်ကြည့်ခဲ့ပြီးဖြစ်ရာ ထိုအကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်လေသည်။ အစားအသောက်နှင့် ပတ်သက်လျှင် အလုပ်သမားများသည် မနက်ခင်းနှင့် ညနေခင်းအတွက် အိမ်မှာ စားသောက်ကြပြီး နေ့လယ်စာအတွက် ကိုယ်ပိုင်တနပ်စာကို ဝယ်စားကြသည်။ မိုင်းတွင် စားသောက်ဆိုင်တစ်ခု ရှိသည်ဟုဆိုသော်လည်း ထိုနေရာတွင် နေထိုင်ကြသည့် အရာရှိစစ်သားများနှင့် တချို့သော အတွေ့အကြုံရင့် လက်မှုပညာသည်များအတွက် ဖြစ်လေသည်။
နေရာထိုင်ခင်းအတွက်တော့ မိုင်းတွင်းနားတွင် ကြီးမားသည့် ရွက်ဖျင်တဲ့များရှိပြီး အတူတူနေကြရသည့် အဆောင်များနှင့် ပြည့်နေလေသည်။ မိုင်းတွင်းနှင့် အဝေးက အလုပ်သမားရှိလျှင် ထိုနေရာတွင် နေနိုင်သည်။ တစ်လလျှင် ဝမ် ၄၀ သာပေးရသည်။
နေထိုင်ရသည့်အနေအထားမှာ ဆင်းရဲပြီး ငွေအကုန်အကျများသည်။ မိုင်းတွင်းနားက လူအများစုက ငွေသုံးသည်ထက် အိမ်ပြန်ပြီးနေကြသည်။
ကျန်းချိန်သည် တောင်ခြေတွင် စျေးတစ်ခုကိုလည်း တွေ့ခဲ့သေးသည်။ သူ ထိုနေရာသို့ သွားချိန်က အလုပ်လုပ်ချိန်နှင့် ကြုံနေသဖြင့် လူများမရှိပေ။ အလုပ်တက်ချိန်နှင့် အလုပ်ဆင်းချိန်က အလွန်စည်ကားလောက်သည်။
ဒါပဲလေ။ အဲဒီစျေးက ကျန်းယွင်ကျူး လိုချင်တဲ့နေရာပဲ။ သူမသည် မနက်ဖြန်ကျန်းချိန်နှင့် လိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ချန်းရှီရွာသည် မိုင်းတွင်းနှင့် နီးသည်။ နောက်တစ်နေ့တွင် ကျန်းချိန်က မနက်စာစားပြီးနောက် ထိုနေရာသို့ အပြေးအလွှားရောက်လာခဲ့သည်။
ကျန်းယွင်ကျူးကလည်း သူ့ဘေးက လိုက်လာခဲ့သည်။
သူတို့နှစ်ယောက် ရွာက ထွက်မလာခင်တွင် သူတို့သည် မိုင်းတွင်းသို့သွားသည့် လူများနှင့် တွေ့ခဲ့လေသည်။ သူတို့သည် မိုင်းတွင်းနှင့် ပိုနီးလာလေလေ သူတို့ဘေးတွင် လူများ ပိုများလာတော့သည်။
တောင်ခြေသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် အဝေးမှ မီးနှင့် မိးခိုးများထွက်နေသည့် နေရာကြီးတစခုကို တွေ့လိုက်ရသည်။ ပိုနီးလာချိန်တွင်တော့ သူတို့သည် စျေးကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ ဆိုင်အများစုက အစားအသောက်သာ ရောင်းချကြသည်။ အနံ့မျိုးစုံက ပတ်ဝန်းကျင်တွင် လွင့်ပျံနေလေသည်။ မနက်စာသာ မစားလာခဲ့လျှင် မြေကြီးတွင် ကပ်နေအောင် ဆွဲဆောင်ခံရပေလိမ့်မည်။
သည်အချိန်တွင် စျေးသည် အလွန်မှ စည်းကားပေသည်။ အလုပ်သမားများနှင့် တာဝန်ကျစစ်သည်များက အစားအသောက်ဝယ်ရန် သည်နေရာသို့ ရောက်လာကြသည်။ လူများ ပြည့်သိပ်ကြပ်ညပ်နေတော့သည်။
“ ချန်း အချိန်ဆိုရင် မိုင်းတွင်းဂိတ်ကို ပိတ်လိမ့်မယ်၊ အဲဒီအချိန်ကျရင်တော့ ဒီမှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး” ကျန်းချိန်က ရှင်းပြလိုက်၏။
ချန်းအချိန်သည် မနက်ခင်း ၇ နာရီဖြစ်သည်။ သည်မိုင်းတူးသမားများသည် မနက် ၇နာရီတွင် အလုပ်စဝင်ကြသည်။ နေ့ခင်း တစ်နာရီ အနားပေးသည်။ ညခင်း ၇နာရီမှ အလုပ်သိမ်းလေသည်။ ကျန်းယွင်ကျူးက သူတို့သည် တစ်နေ့လျှင် ၁၁နာရီအလုပ်လုပ်ရသည်ကို တွက်ချက်မိလိုက်သည်။ ထို့အပြင် သူတို့သည် ကိုယ်ကာယအပင်ပန်းဆုံး အလုပ်ကို လုပ်နေခြင်းပင်။ အမှန်ပင် ခါးသီးလှသည့်အလုပ်ဖြစ်လေသည်။
ကျန်းချိန်က သည်အချက်ကို မခံစားမိပေ။ အားလုံးက အလုပ်ပင်။ သည်လို လုပ်အားခ ကောင်းကောင်း ပေးသည်ကိုပင် သူက အလွန်ကျေနပ်နေတော့သည်။
နှစ်ယောက်သားသည် တစ်လမ်းလုံး ဆက်လျှောက်လာခဲ့လိုက်သည်။ ကျန်းယွီကျူး ရောင်းသင့်သည့် အစားအစာများကို ချင့်ချိန်စဥ်းစားလာခဲ့သည်။
သည်အခိုက်တွင် သိသိသာသာ ကွဲပြားနေသည့် အဝတ်အစားတစ်စုံဝတ်ထားသည့် မုတ်ဆိတ်မွေးကြီးတစ်ခုနှင့် လူတစ်ယောက်က သူဘေးမှ ဖြတ်သွားလေသည်။ သူ့နောက်တွင် စစ်သားနှစ်ယောက်က လိုက်လာခဲ့သည်။
“ ဒုစစ်သူကြီးကြီး ဒီနေ့ ဘာစားချက်လဲ၊ ကျွန်တော် သွားဝယ်ပေးမယ်” စစ်သားတစ်ယောက်က မုတ်ဆိတ်မွေးနှင့်လူကို မေးလိုက်လေသ်။
“ ဘာအရသာရှိတာ ရှိလဲ၊ တစ်ချိန်လုံး ဒါတွေပဲ စားနေရတာ၊ ငါ့ပါးစပ်တောင် အရသာပျက်နေပြီ” မုတ်ဆိတ်မွေးနှင့်လူက ညည်းညူးလိုက်၏။
သူတို့သည် မကြာမ ဖြတ်သွားလိုက်ကြတော့သည်။
သို့သော် ကျန်းယွင်ကျူးကတော့ သူမ၏လမ်းကို ရပ်လိုက်လေသည်။ ရုတ်တရက်ဆိုသလို သူမ ရောင်းနိုင်မည့်အရာကို စဥ်းစားမိသွားလေတော့သည်။
…